အခန်း ၃၅၃
Vol. 36 Ch. 353
အပိုင်း ၃၅၃
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
English name – World Destroying Demonic Emperor
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Shue
True Immortal Team
ဆိုလွန် အားနေသည့်လက်တစ်ဖက်ဖြင့်သူ၏ နဖူးမှ ချွေးများကိုသုတ်ကာ ဘုရင်မင်းမြတ်ကိုနှစ်သိမ့်လိုက်သည်။
“ဘုရင်မင်းမြတ်... စိတ်မပူပါနဲ့... ဦးနှောက်ထဲက သွေးခဲတွေကို အကုန်လုံး ရှင်းလင်းပေးပါ့မယ်”
နောက်ထပ် နှစ်နာရီခန့် ကြာမြင့်သွား၏။
နောက်ဆုံး၌ ဘုရင် ကျိပိုင်၏ ဦးနှောက်တွင်းရှိ သွေးခဲများအားလုံး အစအနမကျန် ဖယ်ရှားနိုင်သွားလေပြီ။
ဘုရင် ကျိပိုင်က ဆိုလွန်ကို အတန်ကြာ စိုက်ကြည့်နေပြီးနောက် ခက်ခဲစွာဖြင့် နှုတ်ခမ်းလှုပ်လာသည်။
“ဆိုလွန်... လွန်ခဲ့တဲ့ နှစ် ၃၀ တုန်းက မင်းအဖေ ငါ့အသက်ကို ကယ်ခဲ့ဖူးတယ်... ဒီနေ့တော့ ငါ့ကို ကယ်ဖို့ မင်းအလှည့် ရောက်လာခဲ့ပြီပဲ”
ဘုရင်မင်းမြတ်၏ အသံမှာ အနည်းငယ် နှေးကွေးနေပြီး စိတ်သွားတိုင်း ကိုယ်မပါနိုင်သကဲ့သို့ ဖြစ်နေသည်။ သို့သော် သူက ဖြည်းဖြည်းချင်းသာ ပြောဆိုနေသဖြင့် အသံထွက်မှာ အတော်လေး ရှင်းလင်းပြတ်သားလှသည်။
အမှန်တကယ်တော့ သူ၏ ရင်တွင်း၌ ထုတ်မပြောဖြစ်သော စကားအချို့ ရှိနေသေးသည်။
ဆိုလွန်တစ်ယောက် ဤမျှအံ့ဖွယ်နီးပါး ဖြစ်ရပ်များကို မည်သို့ လုပ်ဆောင်နိုင်ခဲ့သနည်း ဆိုသည်ကို သူ ကိုယ်တိုင်ပင် မယုံကြည်နိုင်အောင် ဖြစ်နေရသည်။
သူကိုယ်တိုင်ပင် ပြီးခဲ့သည့် လဝက်ခန့်အတွင်း မျှော်လင့်ချက်များကုန်ဆုံးကာ လက်လျှော့လုနီးပါးပင် ဖြစ်နေသည်မဟုတ်ပါလော။
လေဖြတ်သွားပြီးနောက် သူက မြင်နိုင်၊ ကြားနိုင်သေးသော်လည်း ခန္ဓာကိုယ် တစ်ခုလုံးကိုမူ လုံးဝ လှုပ်ရှား၍ မရခဲ့ချေ။ ထိုသို့သော ခံစားချက်မှာ ငရဲကျနေသည်ထက်ပင် ပို၍ နာကျင်ခံစားရ၏။
ဆိုလွန် သက်ပြင်းရှည်ကြီးချကာ ဘုရင်မင်းမြတ်၏ ခေါင်းနောက်ဘက်မှ သူ၏ လက်ချောင်းကို ဖယ်ခွာလိုက်သည်။ ထို့နောက် အလွန်အနံ့ပြင်းသော အရက်ပြန်ဖြင့် ဘုရင်မင်းမြတ်၏ ဒဏ်ရာကို သန့်စင်ပေးကာ အပ်နှင့်ချည်ကို အသုံးပြု၍ သေသပ်စွာ ပြန်လည် ချုပ်နှောင်ပေးလိုက်သည်။
ဤလောက၌ ပိုးသတ်ရန် ပဋိဇီဝဆေးများ မရှိသော်ငြား သေးငယ်သော ဒဏ်ရာလေးတစ်ခုအတွက် နန်းတော်တွင်းရှိ ဆေးဝါးများနှင့် လုံလောက်ပေသည်။
ဆိုလွန် ခါးညွှတ်အရိုအသေပေးလိုက်သည်။
“ဘုရင်မင်းမြတ်ရဲ့ ဘုန်းကံကြီးမားမှုကြောင့်ပါ... ကျွန်တော် ဆိုလွန်က ဂုဏ်မယူဝံ့ပါဘူး... မင်းသမီးကို အထဲဝင်လာခိုင်းလိုက်ရမလား”
ဘုရင်မင်းမြတ် ခေါင်းညိတ်လိုက်၏။
ဆိုလွန် တံခါးဖွင့်ပြီး အပြင်ဘက်ရှိ ကျိယန်ကို လှမ်းပြောလိုက်သည်။
“ဘုရင်မင်းမြတ်က ဝင်လာဖို့ ခေါ်နေပါတယ်”
ထိုအချိန်၌ အပြင်တွင် စောင့်ကြပ်နေသည့် အဘိုးလေး ကောင်းယွီ၏ ခန္ဓာကိုယ် အနည်းငယ် တုန်ရီသွား၏။ သို့သော် သူက ယခင်ကကဲ့သို့ ငြိမ်သက်စွာ ရပ်နေဆဲဖြစ်ပြီး မည်သည့်စကားမျှ ဖွင့်ဟမေးမြန်းခြင်း မပြုခဲ့ချေ။
သို့သော် သူ၏ စိတ်ဝိညာဉ် အငွေ့အသက်များမှတစ်ဆင့် ရင်တွင်း၌ လှိုင်းထန်နေသည့် အတိုင်းအဆမဲ့ ဝမ်းမြောက်ပျော်ရွှင်မှုများကို ဆိုလွန် သိသာထင်ရှားစွာ ခံစားနေရသည်။
ဆိုလွန်၏ စကားများက ဘုရင်မင်းမြတ် နိုးထလာပြီ ဖြစ်ကြောင်းကို အတိအလင်း သက်သေပြလိုက်သောကြောင့်ပင်။
မင်းသမီး ကျိယန် အခန်းတွင်းသို့ ဝင်ရောက်လာပြီး ဘုရင်မင်းမြတ် နိုးထနေသည်ကို မြင်လိုက်ရသောအခါ သူမ၏ မျက်ဝန်းများ အရောင်လင်းလက်သွားကာ အသက်ရှူသံများပင် မြန်ဆန်လာသည်။
သို့သော် သူမက အခြားသော မိန်းကလေးများကဲ့သို့ လွန်ကဲစွာ စိတ်လှုပ်ရှားပြီး မျက်ရည်ကျခြင်း၊ အော်ဟစ်ပျော်ရွှင်ခြင်းမျိုး လုံးဝ မပြသခဲ့ချေ။
သူမ ရှေ့သို့တက်လာကာ ဘုရင်မင်းမြတ်၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး စကားတစ်ခွန်းမျှပင် မဆိုခဲ့ပေ။
ထို့နောက် သူမ၏ လှပသော မျက်ဝန်းများက ဆိုလွန်ထံသို့ ရောက်ရှိသွားပြီး အဆုံးမဲ့သော ကျေးဇူးတင်မှုများ အပြည့်အဝ ထင်ဟပ်နေတော့သည်။
ဘုရင်မင်းမြတ်၏ ရောဂါကို မြင့်မြတ်နတ်နဂါးကျောင်းတော်မှ အတော်ဆုံး ဆေးပညာရှင်ကြီးများပင် လက်လျှော့ထားခဲ့ရသည် မဟုတ်ပါလော။ သို့ပါလျက် ဆိုလွန်က မထင်မှတ်ဘဲ သူ၏ အစွမ်းအစဖြင့် ဘုရင်မင်းမြတ်ကို ကယ်တင်ပေးနိုင်ခဲ့သည်။
သူမရှေ့မှ လူငယ်သည် အလွန် လျှို့ဝှက်ဆန်းကြယ်လှပြီး အရာအားလုံးကို လုပ်ဆောင်နိုင်စွမ်း ရှိနေဟန်ရသည်။
‘ဆိုလွန်... ငါ အရာအားလုံးကို ပေးဆပ်ပြီးတော့တောင် နင့်ကျေးဇူးကို ဆပ်ပါ့မယ်’
ကျိယန်က ဆိုလွန်ကို လေးနက်စွာ ကြည့်နေ၏။ ပါးစပ်မှ ဖွင့်ဟမပြောသော်လည်း သူမ၏ အကြည့်များက ထိုစကားများကို ဆိုနေသကဲ့သို့ပင်။
ဘုရင်မင်းမြတ် ကျိယန်ကို ကြည့်ကာ ပြုံးလိုက်သည်။
“ကလေးလေး... သမီးကို စိတ်ပူအောင် လုပ်မိပြီ”
ထိုစကားကြောင့် ဆိုလွန်တစ်ယောက် အံ့ဩသင့်သွားရ၏။ ဘုရင်မင်းမြတ်က သမီးဖြစ်သူအပေါ် မထင်မှတ်လောက်အောင် ကြင်နာယုယသည့် အသုံးအနှုန်းဖြင့် ခေါ်ဝေါ်လိုက်သောကြောင့်ပင်။
ကျိယန် ဘုရင်မင်းမြတ်၏စကားကိုမတုံ့ပြန်ဘဲ စိုးရိမ်ပူပန်မှုကိုထိန်းချုပ်ကာ မေးလိုက်သည်။
“ခမည်းတော်... အခု ဘယ်လိုခံစားနေရလဲ... အသိစိတ်တွေ အပြည့်အဝ ပြန်ရပြီလား”
ဘုရင် ကျိပိုင် အေးဆေးစွာ တုံ့ပြန်လိုက်၏။
“လည်ပင်းအောက်ကနေ ဘယ်ဘက် ခန္ဓာကိုယ် တစ်ခြမ်းလုံး ဘာအသိအာရုံမှ မရှိတော့ဘူး... ဒါပေမဲ့ ဒါတွေက အရေးမကြီးပါဘူး... ဘုရင်တစ်ပါးအနေနဲ့ ဦးနှောက် ကြည်လင်ကျန်းမာနေရင် လုံလောက်ပြီ”
ကျိယန် နားမလည်နိုင်စွာ မေးလိုက်သည်။
“ဘာလို့ ရုတ်တရက် လေဖြတ်သွားရတာလဲ... အရင်က ဘာလက္ခဏာမှ မပြခဲ့ဘူးလေ”
ဘုရင် ကျိပိုင် ခေါင်းရမ်းလိုက်သည်။
“မမေးနဲ့... ဆက်ပြီးလည်း မစုံစမ်းနဲ့... ဘာမှမဖြစ်ခဲ့သလိုပဲ သဘောထားလိုက်... လောလောဆယ် ပိုအရေးကြီးတဲ့ ကိစ္စတွေ ရှိနေတယ်”
“အခုချိန်မှာ ရန်သူက အင်အားကြီးပြီး ငါတို့က အားနည်းနေတယ်... ဒါကြောင့် တစ်ဖက်လူနဲ့ အသေအကြေ သွားမတိုက်ခိုက်နဲ့”
ကျိယန် ခေါင်းညိတ်လိုက်၏။
“ဟုတ်ကဲ့ပါ”
ဘုရင် ကျိပိုင် ဆိုလွန်ကို လှမ်းကြည့်ကာ မေးလိုက်သည်။
“မင်းရဲ့ ထျန်းရွှေမြို့ကရော အခြေအနေ ဘယ်လိုရှိလဲ”
ဆိုလွန် ရိုသေစွာ ပြန်ဖြေလိုက်၏။
“အပြည့်အဝ အနိုင်ရခဲ့ပါတယ်... ကျိနင်ရဲ့ သောင်းနဲ့ချီတဲ့ တပ်ပေါင်းစုတွေကို အမြစ်ပြတ် ချေမှုန်းနိုင်ခဲ့တယ်”
“ကောင်းတယ်”
ဘုရင် ကျိပိုင် ကျေနပ်သွားသည်။
“မင်းက ငါ ထင်ထားတာထက် အများကြီး ပိုပြီး ထူးချွန်တာပဲ... ဒါပေမဲ့ ငါ လဲကျသွားပြီးတဲ့နောက် ကျိဝေရဲ့ တပ်တွေက ထျန်းရွှေမြို့ဆီ သေချာပေါက် ချီတက်လာလိမ့်မယ်... “
“ပထမအချက်က ငါ တကယ် ဒုက္ခရောက်နေသလားဆိုတာ စမ်းသပ်ဖို့... ဒုတိယအချက်က ဒီရခဲတဲ့ အခွင့်အရေးကို ယူပြီး ထျန်းရွှေမြို့က ဆိုမိသားစုကို အမြစ်ပြတ် ဖျက်ဆီးပစ်ဖို့ပဲ”
ဘုရင်မြင်းမြတ်၏ စကားကိုကြားလျှင် ဆိုလွန် လေးစားစွာ တုံ့ပြန်လိုက်သည်။
“ဘုရင်မင်းမြတ်ရဲ့ တွေးခေါ်မြော်မြင်မှုက မှန်ကန်လှပါတယ်... ကျိဝေရဲ့ တပ်ဖွဲ့ဝင်တစ်သိန်းက ကျွန်တော့်ရဲ့ ထျန်းရွှေမြို့နဲ့ မိုင် ၂၀၀ တောင် မကွာတော့ဘူး... အချိန်မရွေး ဝင်ရောက်လာနိုင်တဲ့ အခြေအနေမှာရှိနေပါတယ်”
ထိုစကားကြားလျှင် ဘုရင်မင်းမြတ် ချက်ချင်းအမိန့်ပေးလိုက်၏။
“ကျိယန်... သမီး ညီလာခံတစ်ခုကို ချက်ချင်း စီစဉ်လိုက်... ငါ ခဏလောက် ထွက်လာမယ်... တစ်ချိန်တည်းမှာပဲ အဘိုးကောင်းကို မြင့်မြတ်နတ်နဂါး တော်ဝင်ရာဇလှံတံ ယူပြီး ဆိုလွန်နဲ့အတူ ထျန်းရွှေမြို့ကို အမြန်ဆုံး သွားခိုင်းလိုက်... ကျိဝေကို ဆုတ်ခွာအောင် ဖိအားပေးရမယ်”
“ဟုတ်ကဲ့ပါ ခမည်းတော်”
ထို့နောက် ကျိယန်က အရာအားလုံးကို စီစဉ်ရန် အပြင်သို့ ထွက်ခွာသွားသည်။
ဘုရင် ကျိပိုင် ဆိုလွန်ကို ရုတ်တရက် ထင်မထားသောမေးခွန်းတစ်ခု မေးလိုက်၏။
“ဆိုလွန်... ကျိယန်ကို မင်း ဘယ်လိုထင်လဲ”
ထိုမေးခွန်းကြောင့် ဆိုလွန်၏ နှလုံးသားတစ်ခုလုံး ပြင်းထန်စွာ ခုန်ပေါက်သွားရသည်။
“မင်းသမီးက အလွန် ပါးနပ်ထက်မြက်ပါတယ်... ကျွန်တော် တစ်သက်လုံး မြင်ဖူးသမျှထဲမှာ ပြိုင်ဘက်ကင်းပဲ”
ကျိပိုင် ထပ်မေးလာ၏။
“သူ့ရဲ့ရုပ်ရည်ကရော ဘယ်လိုနေလဲ”
ဆိုလွန် ရင်တွင်း၌ မြင်းအကောင်တစ်သောင်း ပြေးလွှားနေသည့်အလား ခံစားလိုက်ရသည်။
“ပြိုင်ဘက်ကင်းလောက်အောင် လှပပါတယ်... လောကမှာ ပြိုင်စံရှားပဲ”
ဘုရင်မင်းမြတ်က ရုတ်တရက်ကြီး ဤစကားကို မေးလာခြင်းမှာ မည်သည့် အဓိပ္ပာယ်နည်း။ လက်ထပ်ပေးမလို့များလား။
သို့သော် ဆိုလွန်က နိုင်အာကို ကတိပေးထားခဲ့လေပြီ။ ဝမ်းနည်းပူဆွေးရသည့် အချိန်ကာလ ကုန်လွန်သွားသည်နှင့် တပြိုင်နက် သူမကို လက်ထပ်မည်ဟုပင်။
နိုင်အာ၏ အချစ်က အလွန် အပြစ်ကင်းစင်ပြီး သူမနှင့်ရှိနေရခြင်းက အလွန် ပျော်ရွှင်ရသည်။ သူက သူမကို ထပ်မံ၍ စိတ်ပျက်အောင် လုပ်မည်မဟုတ်ချေ။
အကယ်၍ ဘုရင်မင်းမြတ်ကသာ မထင်မှတ်ဘဲ လက်ထပ်ပေးလာလျှင် မည်သို့ လုပ်ရမည်နည်း။ မည်သို့ ငြင်းပယ်ရမည်နည်း။
ဆိုလွန် စဉ်းစားမိသည်မှာ မူရင်း ဇာတ်လမ်းအရဆိုလျှင် နုလန်ဘုရင့်နိုင်ငံ ထူထောင်ခဲ့သည့် အချိန်မှစ၍ မင်းသမီးတစ်ပါးကို နယ်စားပိုင်ရှင်ထံ ထိမ်းမြားလက်ထပ်သည့် သာဓကမျိုး မရှိခဲ့ဖူးချေ။
မင်းသမီး ကျိနင်ကမူ သူမအား လက်ထပ်ရန် ပြောဆိုခြင်းကို စိတ်ကူးယဉ်အိမ်မက်သက်သက်ဟု သတ်မှတ်ခဲ့သော်လည်း ကျိယန်၏ အဆင့်အတန်းက ကျိနင်ထက်ပင် တစ်ဆင့် ပိုမို မြင့်မားနေသေးသည်။
ဘုရင်မင်းမြတ်က တိုက်ရိုက်ပင် မေးလိုက်၏။
“မင်း ကျိယန်ကို သဘောကျလား”
ဆိုလွန် ပြန်ဖြေလိုက်သည်။
“မင်းသမီးက မြင့်မြတ်လှပါတယ်... ကျွန်တော် ဆိုလွန်က လေးစားရုံသာ ရှိပြီး ရိုင်းစိုင်းတဲ့ စိတ်ကူးမျိုး နည်းနည်းမှ မတွေးဝံ့ပါဘူး”
ထိုအဖြေကို ကြားရသောအခါ ဘုရင်မင်းမြတ် ဆိုလွန်ကို အတန်ကြာ စိုက်ကြည့်လာသည်။
ထို့နောက် ထိုကိစ္စကို ထပ်မံ ပြောဆိုခြင်း မပြုတော့ဘဲ စကားလမ်းကြောင်းပြောင်းကာ အမိန့်ပေးလိုက်သည်။
“ထျန်းရွှေမြို့ရဲ့ ကိစ္စက အရေးကြီးတယ်... မင်း ချက်ချင်း ပြန်တော့”
ထိုအခါမှ ဆိုလွန် စိတ်သက်သာရာ ရသွား၏။
ဘုရင်မင်းမြတ် ဆက်လက် ဆိုလိုက်ပြန်သည်။
“နောက်နှစ်ရက်ကြာလို့ မင်း တော်ဝင်မြို့တော်ကို ပြန်လာတဲ့အခါ မင်းရဲ့ ဖခင်ကိစ္စအကြောင်း ငါ ပြောပြမယ်... လွန်ခဲ့တဲ့ နှစ် ၃၀ ကျော် ငါတို့ ငယ်စဉ်အခါက ကိစ္စတွေနဲ့ သူ့ရဲ့ သေဆုံးမှု အကြောင်းပေါ့...”
ဆိုလွန် ရုတ်တရက် အံ့ဩသွားရ၏။
မြို့စားကြီး ဆိုလုံ သေဆုံးသည့် ကိစ္စ။
သေဆုံးသွားသည့် အဖေအပေါ် ဆိုလွန် သိရှိထားသည်မှာ တစ်ချိန်က ထူလင်းထော် အဆင့်ရှိ စစ်နတ်ဘုရားတစ်ပါး ဖြစ်ခဲ့ပြီး နယ်စားပိုင်ရှင် ဖြစ်သော်လည်း နုလန်ဘုရင့်နိုင်ငံ တစ်ခွင်လုံးတွင် တိုက်ပွဲဝင်ခဲ့သူဟူ၍ပင်။
သို့သော် ထူလင်းထော်က နယ်စားပိုင်ရှင် မဟုတ်သဖြင့် မြို့စားကြီး ရာထူးအထိ တိုးမြှင့်ခံရခြင်း ဖြစ်၏။
ဆိုလုံကမူ နယ်စားပိုင်ရှင် ဖြစ်ရာ ရာထူး အရှိန်အဟုန်ဖြင့် မြင့်တက်သွားပါက အခြား နယ်စားပိုင်ရှင်များ၏ ခေါင်းပေါ်သို့ ဖိနှိပ်မိသွားပေလိမ့်မည်။ ထို့ကြောင့် နုလန်ဘုရင့်နိုင်ငံရှိ နယ်စားပိုင်ရှင် နှစ်ဆယ်ကျော်ထဲတွင် အသက်ရှင်စဉ် ရရှိခဲ့သည့် အမြင့်ဆုံး ရာထူးမှာ ရူရန်မြို့၏ မြို့စားကြီး အာရှီမိုတစ်ယောက်သာရှိသည်။
ဆိုလုံမှာမူ သေဆုံးပြီးမှသာ မြို့စားကြီး ရာထူးသို့ တိုးမြှင့်ခံခဲ့ရခြင်း ဖြစ်သည်။
မူလကိစ္စဆီ ပြန်သွားရလျှင် ဆိုလွန် ရရှိထားသော သတင်းအချက်အလက်များအရ မြို့စားကြီး ဆိုလုံမှာ စစ်ပွဲတွင် ဒဏ်ရာရခဲ့သဖြင့် ကုတင်ပေါ်၌ လေဖြတ်နေခဲ့ရခြင်း ဖြစ်၏။
သို့သော် ဘုရင်မင်းမြတ်၏ ပါးစပ်မှ ကြားရသည်ကို ကြည့်လျှင် မြို့စားကြီး ဆိုလုံ၏ သေဆုံးမှုက ထိုမျှမရိုးရှင်းတော့ချေ။
ဆိုလုံမှာ မူလဆိုလွန်၏ ဖခင်သာ ဖြစ်သော်လည်း မူလပိုင်ရှင် နေရာကို ဆက်ခံထားပြီး ဆိုမိသားစု၏ တာဝန်ကို ယူထားသည့်အတွက် မြို့စားကြီး ဆိုလုံ၏ သေဆုံးမှုကို စုံစမ်းရန်နှင့် တရားမျှတမှု ရှာဖွေပေးရန် သူ့၌ တာဝန် ရှိသည်။
ဆိုလွန်၏ နားလည်မှုအရ မြို့စားကြီး ဆိုလုံမှာ ပြည့်စုံလွန်းလှသော အထက်တန်းလွှာ တစ်ဦးပင်။
ရဲရင့်သည်၊ ရိုးသားသည်၊ စွန့်လွှတ်အနစ်နာခံတတ်သလို သစ္စာလည်းရှိသည်။ ထို့ကြောင့် သူက ဆိုလွန်ကဲ့သို့သော လူကို နှစ်သက်မည် မဟုတ်ဘဲ ဆိုဟန်ရီကိုသာ အလေးပေးခဲ့ခြင်း ဖြစ်သည်။
“ကောင်းပြီ... မင်း သွားတော့”
ဘုရင်မင်းမြတ် ထပ်မံ အမိန့်ပေးလိုက်၏။
ဆိုလွန် ဒူးထောက်ကာ ဂါရဝပြု နှုတ်ဆက်လိုက်သည်။
“အမိန့်တော်အတိုင်းပါ...”
“ဘုရင်မင်းမြတ် ခန္ဓာကိုယ် လှုပ်ရှားမရသေးတာက လေဖြတ်ခြင်းရဲ့ အကျိုးဆက် ဖြစ်ပါတယ်... အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာပါလိမ့်မယ်”
ဘုရင်မင်းမြတ် အားနည်းစွာဖြင့် ရယ်မောလိုက်၏။
“ဟားဟား...”
“ဘုရင်တစ်ပါးအနေနဲ့ ဦးနှောက် ကြည်လင်နေရင် လုံလောက်ပါပြီ... ခန္ဓာကိုယ် လှုပ်ရမရတာကို ဘာစိုးရိမ်စရာ ရှိလဲ... ငါလည်း အသက်ကြီးပြီ”
“အတိတ်က တိုက်ပွဲတွေမှာ ဒဏ်ရာရခဲ့တာဆိုတော့ အောက်ပိုင်းက အလုပ်မလုပ်တော့တာ ကြာပါပြီ... မိန်းမတွေနဲ့လည်း မပျော်ပါးနိုင်တော့ဘူး... ဒါကြောင့် လေဖြတ်နေရင်တောင် ဘာမှ အရေးမကြီးပါဘူး”
ဆိုလွန် အရိုအသေ ထပ်ပေးလိုက်ပြီးနောက် စကားအချို့ ဆိုချင်သော်လည်း စကားစရှာမရသဖြင့် နောက်ဆုံး၌ မမေးဖြစ်ဘဲ နှုတ်ဆက်ထွက်ခွာရန် ပြင်လိုက်၏။
“ပြောချင်တာရှိရင် ပြောလေ”
ဘုရင်မင်းမြတ် ဆိုလွန်၏အခြေအနေကိုရိပ်စားမိလျှင် သူမထွက်သွားခင် လှမ်းပြောလိုက်သည်။
ဆိုလွန် ထွက်ခွာရန်ပြင်နေရာမှ ရပ်သွားကာ ဘုရင်မင်းမြတ်ကို မျက်နှာမူ၍မေးလိုက်သည်။
“ဘုရင်မင်းမြတ်... ကျွန်တော် ကျိလီကို အရမ်း မုန်းပေမဲ့ သူက အထက်တန်းလွှာတွေနဲ့ မြေပိုင်ရှင်တွေရဲ့ လေးစားချစ်ခင်မှုကို ရထားပါတယ်... “
“ဒါ့အပြင် ထူးချွန်တဲ့ အစွမ်းအစနဲ့ ကြီးမားတဲ့ မျှော်မှန်းချက်တွေ ရှိတာမို့ ဘုရင်ကောင်းတစ်ပါး ဖြစ်လာနိုင်ပါတယ်... ဘာလို့ သူ့ကို ထီးနန်း ဆက်ခံခွင့် မပေးဘဲ မင်းသမီး ကျိယန်ကို ထီးနန်းတင်ဖို့ ခက်ခဲလွန်းတဲ့ လမ်းကြောင်းကို ရွေးချယ်ခဲ့တာလဲ”
ဆိုလွန် သူသိချင်နေသောမေးခွန်းကို နောက်ဆုံးတွင်မေးလိုက်လေပြီ။
အပိုင်း ၃၅၃ ပြီး။