← Chapters

အခန်း ၃၅၅

Vol. 36 Ch. 355

အခန်း ၃၅၅

Vol. 36 Ch. 355

အပိုင်း ၃၅၅

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

English name – World Destroying Demonic Emperor

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Shue

True Immortal Team

ထိုအချိန်၌။

ကောင်းယင် နှင့် ဆိုလွန်မှာ အမ်ဘာသားရဲကို စီးနင်းလာနေသော်လည်း ထျန်းရွှေမြို့နှင့် မိုင်ပေါင်း ၂၀၀၀ ကျော် ကွာဝေးနေပြီး ရောက်ရှိရန် နာရီပေါင်းများစွာ လိုအပ်နေသေးသည်။

မြို့စားကြီး ကျိဝေ၏ တပ်ဖွဲ့များမှာ ရူးသွပ်စွာ ခရီးနှင်ခဲ့ကြရာ လေးနာရီခန့် အကြာ၌ ပိုင်ယွင်ကောင်တီ နှင့် ထျန်းရွှေမြို့၏ နယ်နိမိတ်မျဉ်းဆီသို့ ရောက်ရှိလာကြ၏။

ထျန်းရွှေမြို့သို့ ဝင်ရောက်နိုင်သည့် တစ်ခုတည်းသော နယ်နိမိတ်မျဉ်းမှာ ကျောက်တံတား ဖြစ်ပြီး မိုင်ပေါင်း အတော်များများ အချင်းဝက်အတွင်း၌ ရှိသော တစ်ခုတည်းသော တံတားလည်း ဖြစ်သည်။

ယခင်က မြို့စားကြီး ကျိဝေသည် ဤတံတားကို စောင့်ကြပ်ရန် စစ်သည် ရာပေါင်းများစွာကို စေလွှတ်ထားခဲ့သည်။

သို့သော် ယခု တံတားဆီသို့ ရောက်ရှိလာသောအခါ စစ်သည် ၁၀၀၀ ကျော်မှာ မြေပြင်ပေါ်၌ အလောင်းများအဖြစ် လဲလျောင်းနေကြသည်ကို တွေ့လိုက်ရသည်။

ထို့အပြင် ကျောက်တံတားမှာလည်း အလယ်မှ ဖျက်ဆီးခံထားရပြီး ကျိုးပဲ့နေလေပြီ။

သာမန်အချိန်များ၌ တံတားအသစ် ထပ်မံ ဆောက်လုပ်ခြင်း သို့မဟုတ် မိုင်ပေါင်း အတော်များများကို ကွေ့ပတ်သွားခြင်း ပြုလုပ်နိုင်သည်။

သို့သော် ယခုမူ မြို့စားကြီး ကျိဝေသည် အချိန်နှင့်လု၍ တိုက်ပွဲဝင်နေရခြင်း ဖြစ်၏။ ဘုရင့်အမိန့်တော်ကို ယူဆောင်လာသူမှာ သေချာပေါက် အမ်ဘာသားရဲကို စီးနင်းလာမည် ဖြစ်ရာ နာရီအနည်းငယ် အကြာ၌ ရောက်ရှိလာတော့မည်။

ဘုရင့်အမိန့်တော် ရောက်ရှိလာပါက သူတို့ ဆုတ်ခွာရမည် သို့မဟုတ် ဘုရင်ကို ဆန့်ကျင်ရန် တိုက်ခိုက်ရ ပေတော့မည်။ သို့သော် ယခုအချိန်တွင် ကျိလီမှာ မီးလျံအင်ပါယာ၌ ရှိနေသေးရာ ဘုရင်ကို သတ်ဖြတ်၍ ထီးနန်းလုယူသည့် နာမည်ဆိုးကို ခံယူနိုင်မည် မဟုတ်ချေ။

ယခု အခြေအနေ၌ ဘုရင့်အမိန့်တော် မရောက်မီ ထျန်းရွှေမြို့တွင်းသို့ တပ်များ ဝင်ရောက်ကာ ဆိုမိသားစုကို အမြစ်ပြတ် သတ်ဖြတ်ပစ်ရန်မှာ တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။

သို့သော် ကျောက်တံတား ဖျက်ဆီးခံလိုက်ရမည်ဟု မထင်မှတ်ထားခဲ့ချေ။ မီတာ အနည်းငယ်သာ ကျယ်သော မြစ်ကြီးက တပ်ဖွဲ့ဝင် တစ်သိန်း၏ ရှေ့တွင် သဘာဝ အတားအဆီးကြီးတစ်ခုအဖြစ် ပိတ်ဆို့နေလေပြီ။

ဆိုလွန် ဟူသော လူရမ်းကားသည် အကွက်တိုင်းကို အသေးစိတ်တွက်ချက်ထားခဲ့၏။

ကျိနင်ကို အကွက်ဆင်ခဲ့သလို ကျိဝေကိုလည်း အကွက်ဆင်ခဲ့သည်။

သူက မိန်းမတစ်ယောက်နှင့် အတူနေခဲ့ပြီး ထျန်းရွှေမြို့ကို ကယ်တင်သွားခဲ့သည်။

ချက်ချင်းပင် မြို့စားကြီး ကျိဝေမှာ ဒေါသ မထိန်းနိုင်တော့ဘဲအော်ဟစ်ဟိန်းဟောက်၍ ဓားကြီးကို ဆွဲထုတ်ကာ တံတားကျိုးမှ ကျောက်တိုင်ကို ရူးသွပ်စွာ ခုတ်ချလိုက်သည်။

“ဆိုလွန်... ငါနဲ့ မင်းနဲ့က တစ်ယောက်မဟုတ်ရင် တစ်ယောက် သေရမယ်”

ထို့နောက် ကျိဝေ မထိန်းနိုင်တော့ဘဲ သွေးအန်လိုက်ရတော့သည်။

“မြို့စားကြီး...”

မြို့စားကြီးသွေးအန်သည်ကိုမြင်လျှင် အနောက်ဘက်ရှိ စစ်သည်တော်များက အသည်းအသန် ပြေးလာကြသည်။

သွေးအန်ပြီးနောက်မှ သူ၏စိတ်များ ပိုမို ကြည်လင်သွားသည်ဟု ကျိဝေခံစားလိုက်ရသည်။ ထို့နောက် စစ်သည်များကို လက်ပြကာ အဆင်ပြေကြောင်းပြသလိုက်ပြီး အော်ဟစ်အမိန့်ပေးလိုက်သည်။

“ငါ မသေသေးဘူး... တံတားအသစ်ကို အမြန်ဆုံး ဆောက်ကြ... နှစ်နာရီအတွင်း တံတား မပြီးရင် တံတားဆောက် တပ်စခန်းက လူတွေ အကုန်လုံးကို ခေါင်းဖြတ်သတ်ပစ်မယ်”

ဒေါသတကြီး ထွက်ပေါ်လာသော အမိန့်ကြောင့် တံတားဆောက် တပ်စခန်းမှ စစ်သည် ထောင်ပေါင်းများစွာမှာ တံတားအသစ်ကို အပြင်းအထန် စတင် ဆောက်လုပ်ကြတော့သည်။

အရာရှိများ၏ တိုက်တွန်းမှုကြောင့် စစ်သည် ရာပေါင်းများစွာမှာ နက်ရှိုင်းလှသော ထျန်းရွှေမြစ်ထဲသို့ အသက်ကိုပင် ပဓာနမထားဘဲ ခုန်ဆင်းကြကာ တံတားဆောက်လုပ်ကြလေပြီ။

ကြောက်စရာကောင်းသောဖိအားများကြား၌ လေးနာရီခန့် အကြာတွင် တံတားဆောက် စစ်သည်များမှာ မထင်မှတ်ဘဲ တံတားကိုးတံတားကို အမှန်တကယ်အပြီး ဆောက်လုပ်နိုင်ခဲ့ကြသည်။

ထို့နောက် တပ်ဖွဲ့ဝင် တစ်သိန်းမှာ တံတားများကို ဖြတ်သန်းကာ ထျန်းရွှေမြို့ ပိုင်နက်အတွင်းသို့ ဝင်ရောက်လာကြတော့သည်။

နောက်ထပ် လေးနာရီခန့် ကြာပြီးနောက် မြို့စားကြီး ကျိဝေသည် လက်ရွေးစင် တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို ဦးဆောင်ကာ မိုင်ပေါင်း အတော်များများ ဝေးကွာသော လေမိုးကြိုး ခံတပ်ဆီသို့ အပြင်းအထန် ချီတက်ရောက်ရှိလာသည်။

သူက တိုက်ခိုက်ရန် အမိန့်မပေးသေးဘဲ အနောက်ဘက်မှ တပ်ဖွဲ့များအားလုံး အပြည့်အဝရောက်ရှိလာသည်ကို စောင့်ဆိုင်းနေခဲ့သည်။

နောက်ထပ် လေးနာရီခန့် အကြာတွင် တပ်ဖွဲ့ဝင် တစ်သိန်းစလုံး လေမိုးကြိုး ခံတပ်အနီးသို့ ရောက်ရှိလာကြလေပြီ။

ကောင်းကင်ထက်မှ ကြည့်လျှင် လေမိုးကြိုး ခံတပ်မှာ သေးငယ်လှပြီး ကျိဝေ၏ တပ်ဖွဲ့ဝင် တစ်သိန်းမှာ မဟူရာ ပင်လယ်ကြီးအလား ခံတပ်ငယ်လေးကို အပြည့်အဝ ဝါးမျိုတော့မည့်အသွင် ရှိနေသည်။

ပျက်စီးလုနီးပါးဖြစ်နေသော လေမိုးကြိုး ခံတပ်ကို ကြည့်ကာ မြို့စားကြီး ကျိဝေ ခက်ထန်စွာ အမိန့်ပေးလိုက်သည်။

“တိုက်ကြ... ခံတပ်ထဲမှာရှိတဲ့ လူတစ်ယောက်၊ မြက်တစ်ပင်၊ သစ်သားတစ်စမှ မကျန်အောင် ဖျက်ဆီးပစ်ကြ”

အမိန့်သံအဆုံးတွင် တပ်ဖွဲ့ဝင် တစ်သိန်းမှာ ခံတပ်ဆီသို့ ရူးသွပ်စွာ ပြေးဝင်တိုက်ခိုက်ကြတော့သည်။

ယန်ယန်က ဒီရေအလား ရောက်ရှိလာနေသည့် တပ်ဖွဲ့များကို ကြည့်ကာ အံတင်းနေအောင်ကြိတ်လိုက်သည်။

ဆိုလွန် ဟူသော လူရမ်းကား သာ နောက်ကျပါက သူတို့၏ အလောင်းများသာကျန်ပေတော့မည်။

သို့သည်ပင်လျှင် ယန်ယန်သည်တုန်လှုပ်ခြင်းမရှိဘဲ လက်ရွေးစင် အနည်းငယ်ကို ဦးဆောင်ကာ ခံတပ်ထိပ်သို့ တက်သွားသည်။ ထို့‌နောက်ဓားကိုဆွဲထုတ်ကာ တိုက်ပွဲဝင်ရန်အသင့်ဖြစ်နေလေပြီ။

နိုင်အာမှာမူ ဝမ်းနည်းပူဆွေးမှုကို မြိုသိပ်ကာ ချပ်ဝတ်တန်ဆာကို လဲလှယ်ဝတ်ဆင်ပြီး ဆန်းကြယ်နဂါးရွှေ ဓားကို ဆွဲထုတ်လိုက်သည်။

သူမ၏ ရှေ့တွင် တပ်ဖွဲ့ဝင် တစ်သိန်း ရှိနေပြီး ပျက်စီးခြင်း ရလဒ်သာ ရှိနေသော်လည်း သူမ နောင်တမရခဲ့ချေ။ လူတစ်သောင်းကျော်ဖြင့် တပ်ဖွဲ့ဝင် တစ်သိန်းကို ရင်ဆိုင်ရတော့မည်။

ထို့အပြင် ပတ်ဝန်းကျင် တာရိုးများ ပျက်စီးနေသော ဤခံတပ်၌ အောင်ပွဲရရှိရန် မျှော်လင့်ချက် လုံးဝ မရှိပေ။

ပျက်စီးခြင်းနှင့် ရင်ဆိုင်နေရသည့် ထိုအချိန်၌ ကောင်းကင်ယံ မိုင်ပေါင်း သောင်းချီ အဝေးမှ အနက်ရောင် အစက်ကလေး တစ်စက် ပေါ်ထွက်လာပြီး တဖြည်းဖြည်း နီးကပ်လာနေသည်။

ဆိုလွန် ပြန်လာနေလေပြီ။ သူနှင့်အတူ ဘုရင့်အမိန့်တော်နှင့် နတ်နဂါး ရာဇလှံတံကိုပါ ယူဆောင်လာခဲ့၏။

ထို့အပြင် သူ၏နောက်ကျောပေါ်၌ အဝတ်လျှော်ပျဉ်ပြား တစ်ချပ်ကိုပါ သယ်ဆောင်လာသည်။ ထိုသည်မှာ အမ်ဘာသားရဲကျောပေါ်၌ အလျင်စလို ပြုလုပ်ထားခြင်း ဖြစ်သည်။

….

“ဘုရင်မင်းမြတ်ရဲ့ အမိန့်တော်... ထျန်းရွှေမြို့ရဲ့ ပုန်ကန်မှုကို နှိမ်နင်းပြီးပြီမို့ နိုင်ငံတော်ရဲ့ ဘယ်တပ်ဖွဲ့မဆို ထျန်းရွှေမြို့ပိုင်နက်ကနေ ချက်ချင်း ဆုတ်ခွာရမယ်... မဟုတ်ရင် ချွင်းချက်မရှိ သေဒဏ်ပေးမယ်”

မိုင်ပေါင်းများစွာ အကွာအဝေးမှလာသော်လည်း မိန်းမစိုးချုပ်ကြီး ကောင်းယင်၏ အသံမှာ စစ်မြေပြင် တစ်ခုလုံးသို့ ဟိန်းထွက်သွား၏။

ဆိုလွန်၏ နားထဲတွင်တော့ ထိုအသံမှာ အလွန်ကျယ်လောင်ခြင်း၊ တိုးခြင်း မရှိဘဲ ရှင်းလင်းပြတ်သားစွာ ကြားနေရသည်။

သို့သော် ကောင်းယင်နှင့် မိုင်ပေါင်းများစွာ ဝေးကွာသော နေရာရှိ နိုင်အာ၏ နားထဲတွင်လည်း ထိုအသံက အနားမှ ကပ်ပြောနေသကဲ့သို့ ရှင်းလင်းစွာ ပဲ့တင်ထပ်နေလေပြီ။

“ဘုရင်မင်းမြတ်ရဲ့ အမိန့်တော်... ထျန်းရွှေမြို့ရဲ့ ပုန်ကန်မှုကို နှိမ်နင်းပြီးပြီမို့ နိုင်ငံတော်ရဲ့ ဘယ်တပ်ဖွဲ့မဆို ထျန်းရွှေမြို့ပိုင်နက်ကနေ ချက်ချင်း ဆုတ်ခွာရမယ်... မဟုတ်ရင် ချွင်းချက်မရှိ သေဒဏ်ပေးမယ်”

ကောင်းယင်၏ အသံမှာ မရပ်မနား ပဲ့တင်ထပ်နေပြီး စစ်သည်တိုင်း၏ နားထဲသို့ ထိုးဖောက်ဝင်ရောက်သွား၏။

မြို့စားကြီး ကျိဝေမှာမူ ထိုအမိန့်ကို လုံးဝ ဂရုမစိုက်ချေ။ သူသည် ဘုရင့်အမိန့်ကို ဆန့်ကျင်ရမည်ဆိုလျှင်တောင်မှ ထျန်းရွှေမြို့ကို သိမ်းပိုက်ပြီး ဆိုမိသားစုကို အမြစ်ပြတ် ဖျက်ဆီးပစ်ရန် ဆုံးဖြတ်ထားသည်။

အကျိုးဆက်များလော။ အဆိုးဆုံးဖြစ်လာလျှင် အရှေ့တောင်ပိုင်းပြည်နယ် ဘုရင်ခံ ရာထူးမှ ဖယ်ရှားခံရမည် သို့မဟုတ် မြို့စားကြီး ရာထူးမှ မြို့စားအဆင့်သို့ လျှော့ချခံရမည်သာ။

ထို့ထက် ပိုဆိုးလျှင်ပင် ဘိုးဘေးစံအိမ်၌ အကျယ်ချုပ် ချခံရမည်သာဖြစ်သည်။

ချွင်းချက်မရှိ သေဒဏ် ဟူသည့် စကားမှာ တစ္ဆေများကိုသာ လှည့်စား၍ ရပေလိမ့်မည်။ သူက အဆင့်မြင့် မြို့စားကြီး တစ်ယောက်ဖြစ်ပြီး နတ်ရွာစံသွားသော ယခင်ဘုရင်၏ သွေးသားအရင်း ဖြစ်ရာ လက်ရှိ ဘုရင်မင်းမြတ်ကပင် သူ့ကို သတ်ရဲမည် မဟုတ်ချေ။

ထိုစဉ်က ဘုရင် ကျိပိုင် ထီးနန်းတက်လာစဉ် ထီးနန်းလုပွဲတွင် ပါဝင်ခဲ့သည့် မင်းသားများအားလုံးနီးပါး သဘာဝမကျစွာ သေဆုံးခဲ့ကြရသည်။ ထိုကိစ္စကြောင့် ကျိပိုင်အပေါ် ကြီးမားသည့် ဝေဖန်မှုများ ဖြစ်ပေါ်လာခဲ့ရာ ထီးနန်းတက်ပြီးနောက် သူ၏ အစ်ကိုဖြစ်သူ ကျိဝေကို ကြည့်မရသော်လည်း အဆင့်မြင့် ရာထူးများ ပေးအပ်ကာ နာမည်ကောင်း ပြန်လည်ရရှိအောင် ကြိုးပမ်းခဲ့ရ၏။

သို့သော် ယခုအခါ ဘုရင် ကျိပိုင်မှာ ကလေးမရှိသဖြင့် အမြင့်ဆုံး ဘုရင်တစ်ပါး ဖြစ်နေဆဲပင် ဖြစ်သော်လည်း ဩဇာအာဏာ ကျဆင်းနေပြီ ဖြစ်သည်။ ကျိလီကမူ ထွက်ပေါ်လာခါစ နံနက်ခင်း နေမင်းအလား တဖြည်းဖြည်း မြင့်တက်လာနေသည်။

ထို့ကြောင့် ယခုအချိန်၌ ဘုရင် ကျိပိုင်က သူ့ကို သတ်ရဲမည်ဟု ကျိဝေ လုံးဝ မယုံကြည်ချေ။

“တိုက်... ဆက်တိုက်ကြ...”

ကျိဝေ အသံကုန် အော်ဟစ်လိုက်သည်။

အခြေအနေ အရပ်ရပ်ကို ထည့်တွက်သည်ဖြစ်စေ၊ ရင်ထဲမှ ဒေါသကြောင့်ဖြစ်စေ ထျန်းရွှေမြို့ကို အမြစ်ပြတ် ချေမှုန်းပစ်ရမည်သာ။

သို့သော် သူက ဘုရင်မင်းမြတ်ကို ဂရုမစိုက်သော်လည်း လက်အောက်ရှိ စစ်သည်တော်များနှင့် တပ်သားများမှာမူ ဘုရင်မင်းမြတ်၏ အာဏာကို ကြောက်ရွံ့ကြရ၏။ ကောင်းယင်၏ ဘုရင့်အမိန့် ကြေညာသံကို ကြားပြီးနောက် သူတို့ တုံ့ဆိုင်းသွားကြလေပြီ။

ထိုသည်ကိုမြင်လျှင် ကျိဝေ ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ရပ်ပြီး ဘာလုပ်နေကြတာလဲ... ဆက်တိုက်ကြ... ထျန်းရွှေမြို့ကို မြေပြင်နဲ့ တစ်ပြေးတည်း ဖြစ်အောင် ဖျက်ဆီးပစ်ကြ”

“ဒါပေမဲ့... ဘုရင်မင်းမြတ်ရဲ့ အမိန့်တော် ရောက်လာပြီလေ...”

လူတစ်သောင်း တပ်မှူးတစ်ဦးက တုန်ယင်သော အသံဖြင့် ပြောလာသည်။

ကျိဝေက သူ၏ ဓားကြီးကို ဆွဲထုတ်ကာ ထိုတပ်မှူး၏ လည်ပင်းပေါ်သို့ တင်လိုက်ပြီး ခက်ထန်စွာ ဆိုလိုက်သည်။

“မင်း အမိန့်ဖီဆန်ရဲသလား... ဆက်တိုက်ကြ... ဆုတ်ခွာတဲ့သူ သေမယ်... သတ္တိကြောင်တဲ့သူ သေမယ်... ဘာအကျိုးဆက်ပဲ ဖြစ်ဖြစ် ငါ တာဝန်ယူတယ်”

သို့ဖြင့် လူတစ်သောင်း တပ်မှူး ဆယ်ဦးစလုံး ကျိဝေ၏ ဖိအားပေးမှုကြောင့် တပ်ဖွဲ့များကို ဆက်လက် တိုက်ခိုက်ရန် အမိန့်ပေးလိုက်ကြရသည်။

ထိုအခါ တပ်ဖွဲ့ဝင် တစ်သိန်းမှာ ယခင်ကကဲ့သို့ ဒီရေအလား လေမိုးကြိုး ခံတပ်ဆီသို့ ထပ်မံပြေးဝင်သွားကြပြန်သည်။

ကောင်းယင် ထိုမြင်ကွင်းကို မြင်သောအခါ ဒေါသတကြီး ဟိန်းဟောက်လိုက်၏။

“မြို့စားကြီး ကျိဝေ... မင်း ဘုရင့်အမိန့်ကို ဖီဆန်ချင်တာလား”

သူ၏ အသံမှာ ကောင်းကင်ယံထက်မှ မိုးကြိုးသံအလား စစ်မြေပြင် တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားပြီး လူတိုင်း၏ နားထဲသို့ စူးဝင်သွားသည်။

သို့သော် ကျိဝေကမူ ထိုအသံကို လုံးဝ မကြားသည့်အလား လျစ်လျူရှုထားသည်။

ကောင်းယင်သည် အမ်ဘာသားရဲကို စီးနင်းကာ တပ်ဖွဲ့ဝင် တစ်သိန်း၏ ရှေ့သို့ ပိတ်ရပ်လိုက်၏။ ထို့နောက် မိုးကြိုးပစ်ချသည့်အလား လျင်မြန်စွာ ဆင်းသက်လိုက်ကာ ကျိဝေ၏ အရှေ့ တစ်မီတာ အကွာသို့ ရောက်ရှိလာသည်။

“မြို့စားကြီး ကျိဝေ... မင်း ဘုရင့်အမိန့်ကို ဖီဆန်ချင်တာလား”

ကောင်းယင် အေးစက်စွာဖြင့် ထပ်မံ မေးလိုက်သည်။

ကျိဝေကလည်း အေးစက်စွာ တုံ့ပြန်လိုက်၏။

“မင်းလက်ထဲက အမိန့်တော်က အစစ်လား၊ အတုလား ဘယ်သူသိမှာလဲ... ဘုရင်မင်းမြတ် လူမြင်ကွင်းကို ထွက်မလာတာ ကြာပြီ... မင်းတို့လို နန်းတွင်းက ကောက်ကျစ်တဲ့ မိန်းမစိုးတွေက အမိန့်တော်ကို အတုလုပ်ထားတာလည်း ဖြစ်နိုင်တာပဲ”

ကောင်းယင် တင်းမာစွာဖြင့်ဆက်၍မေးမြန်း လိုက်သည်။

“ဘုရင့်အမိန့်အရ မင်း ချက်ချင်း ဆုတ်ခွာရမယ်... ဆုတ်မှာလား၊ မဆုတ်ဘူးလား”

“မဆုတ်ဘူး...”

ကျိဝေ ပြတ်သားစွာ ဖြေလိုက်သည်။

“ဘုရင်မင်းမြတ် ကိုယ်တိုင် လာပြီး အမိန့်ပေးမှပဲ ငါ ယုံမယ်”

ထိုစကားကြားလျှင် ကောင်းယင် မြင့်မြတ်နတ်နဂါး တော်ဝင်ရာဇလှံတံကို အထက်သို့ မြှောက်လိုက်ပြီး အေးစက်သော အသံဖြင့် ဆိုလိုက်သည်။

“ကောင်းပြီလေ”

“အခု ငါ့လက်ထဲမှာ နတ်နဂါး ရာဇလှံတံ ရှိတယ်... ဘုရင်မင်းမြတ် ကိုယ်တိုင် ရောက်လာသလိုပဲ...အမိန့်မနာခံသူကို အရင်သတ်ပြီးမှ ရှင်းပြခွင့် ရှိတယ်”

ထို့နောက် သူ၏ နဂါးစွမ်းအားများကို တော်ဝင်ရာဇလှံတံထဲသို့ အလုံးအရင်းဖြင့်စီးဝင်စေလိုက်သည်။

“ဝေါင်း...”

ချက်ချင်းပင် မြင့်မြတ်နတ်နဂါး တော်ဝင်ရာဇလှံတံမှ မျက်စိကျိန်းမတတ် အလင်းရောင်များ ထွက်ပေါ်လာပြီး ဂုဏ်သိက္ခာကြီးမားလှသော နဂါးဟိန်းသံကြီး ထွက်ပေါ်လာသည်။ ထို့နောက် ကြီးမားလှသော ဖိအားကြီးထွက်ပေါ်လာကာ စစ်မြေပြင် တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

ထိုဖိအားကြီးသည် စစ်မြေပြင်ရှိ လူတိုင်းကို ဒူးထောက် ရှိခိုးချင်စိတ်များပင် ပေါ်လာစေတော့သည်။

အပိုင်း ၃၅၅ ပြီး။

All Chapters