အခန်း ၃၅၆
Vol. 36 Ch. 356
အပိုင်း ၃၅၆
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
English name – World Destroying Demonic Emperor
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Shue
True Immortal Team
ထို့နောက် ကောင်းယင်က တော်ဝင်ရာဇလှံတံဖြင့် ကျိဝေ၏ ခေါင်းကို ဖြည်းညှင်းစွာ ညွှန်ပြလာကာ စကားလုံး တစ်လုံးချင်းစီ ပီသစွာ ထပ်မေးလိုက်၏။
“မြို့စားကြီး ကျိဝေ... မင်း ဆုတ်မှာလား၊ မဆုတ်ဘူးလား”
တော်ဝင်ရာဇလှံတံထဲမှ ထွက်ပေါ်လာသော နဂါးစွမ်းအားများက တဖြည်းဖြည်း ပိုမို အားကောင်းလာပြီး ကြောက်မက်ဖွယ် ကောင်းလာသည်။ ကျိဝေတစ်ယောက် ကြီးမားလှသော ဖိအားကြီးတစ်ခု သူ့အပေါ် ကျဆင်းလာသည်ကို ချက်ချင်း ခံစားလိုက်ရသည်။
သူကလည်း သူ၏ နဂါးစွမ်းအားများကို အသုံးပြု၍ အံကြိတ် တောင့်ခံနိုင်ရန် ကြိုးစားလိုက်သည်။ ထိုအခါ သူ၏တစ်ကိုယ်လုံးမှချွေးများ စီးကျလာပြီး မျက်နှာတစ်ခုလုံး သွေးဆုတ် ဖြူရော်သွား၏။
သူ၏ သိုင်းပညာ အဆင့်မှာ ကောင်းယင်နှင့် နှိုင်းယှဉ်လျှင် အလွန်အမင်း ကွာခြားလွန်းလှသည်။ ထို့အပြင် ဤသည်မှာ အရင်သတ်ပြီးမှ ရှင်းပြခွင့် ရှိသည့် အစစ်အမှန် တော်ဝင်ရာဇလှံတံ ဖြစ်ရာ အချိန်ခဏလေးအတွင်းမှာပင် သူ ဆက်၍ မတောင့်ခံနိုင်တော့ချေ။
“ဝေါင်း...”
ရုတ်တရက် တော်ဝင်ရာဇလှံတံမှ နဂါးဟိန်းသံ ထပ်မံ ထွက်ပေါ်လာပြီး မြို့စားကြီး ကျိဝေ၏ ခေါင်းပေါ်သို့ ပြင်းထန်သောဖိအားဖြင့် ဖိချလာပြန်သည်။
‘ငါ သေရတော့မှာလား’
ကျိဝေ အမှန်တကယ် လန့်ဖြန့်သွားရ၏။ သေခြင်းတရား ရောက်ရှိလာသည့် ထိုစက္ကန့်ပိုင်းအတွင်း သူ ချက်ချင်း အော်ဟစ်လိုက်လေပြီ။
“အဘိုးကောင်း ရပ်လိုက်ပါ... အမိန့်တော်ကို နာခံပါ့မယ်”
အမှန်တကယ် သေခြင်းတရား ရောက်ရှိလာချိန်၌ မြို့စားကြီးကျိဝေပင် တောင့်မခံနိုင်တော့ချေ။
ကောင်းယင်က သူ့ကို သတ်ရဲမည် မဟုတ်ဟု တွေးထားခဲ့သော်လည်း သူ လောင်းကြေး မထပ်ရဲခဲ့ပေ။
ထိုသို့ အော်ဟစ်လိုက်ပြီးနောက် မြို့စားကြီး ကျိဝေ၏ တိုက်ခိုက်လိုစိတ်များ အားလုံး အစအနမကျန် ပျောက်ကွယ်သွားရသည်။
သူ၏ စစ်မြင်းမှာမူ တော်ဝင်ရာဇလှံတံ၏ ဖိအားကို မခံနိုင်တော့ဘဲ မြေပြင်ပေါ်သို့ ယိုင်လဲကျသွားပြီဖြစ်သည်။
“မြို့စားကြီး ကျိဝေ... မင်း ဘာပြောလိုက်တာလဲ... ငါ မကြားရဘူး”
ကောင်းယင် တင်းမာသောအသံဖြင့် မေးလာသည်။
ကျိဝေ အံကြိတ်ကာ နာကြည်းစွာဖြင့် အော်ဟစ်လိုက်၏။
“ငါ အမိန့်တော်ကို နာခံပါ့မယ်... ဆုတ်ခွာမယ်”
ထိုအချိန်၌ အဆင့်မြင့် စစ်တပ်အရာရှိများလည်း ထိုစကားကို ကြားလိုက်ရသဖြင့် ချက်ချင်းပင် အလောတကြီး အော်ဟစ် အမိန့်ပေးလိုက်ကြသည်။
“တိုက်ခိုက်တာကို ရပ်လိုက်... အကုန်လုံး ရပ်လိုက်... ချက်ချင်း ဆုတ်ခွာကြ”
ဒီရေအလား ရူးသွပ်နေသော တပ်ဖွဲ့ဝင် တစ်သိန်းမှာ ချက်ချင်း ရပ်တန့်သွားကြပြီး သူတို့အားလုံး၏ ရင်ထဲမှ သက်ပြင်းရှည်ကြီး ချလိုက်မိကြသည်။
သူတို့၏ စိတ်ထဲတွင် ဘုရင်မင်းမြတ်အမိန့်ကို မဆန့်ကျင်လိုကြချေ။ အဘယ်ကြောင့်ဆိုသော် ပြီးခဲ့သည့် နှစ်များအတွင်း ဘုရင် ကျိပိုင်၏ ဩဇာအာဏာက သူတို့၏ ရင်ထဲ၌ နက်ရှိုင်းစွာ အမြစ်တွယ်နေသောကြောင့်ပင်။
ကောင်းယင် တင်းမာအေးစက်နေသောအသံဖြင့် ဆက်၍ဆိုလိုက်သည်။
“မြို့စားကြီး ကျိဝေ... မင်းက နယ်စားပိုင်ရှင်ရဲ့ နယ်မြေထဲကို အမိန့်မပါဘဲ တပ်တွေ စေလွှတ်ခဲ့တယ်... ဘုရင်မင်းမြတ်က မင်းကို ကျစ်တူးကို ဖမ်းခေါ်လာပြီး အပြစ်ပေးဖို့ အမိန့်ပေးလိုက်တယ်”
ထို့နောက် ကောင်းယင်က အဝါရောင် လက်ထိပ်ကို ထုတ်ယူကာ ကျိဝေ၏ လက်ကောက်ဝတ်တွင် ခတ်လိုက်၏။ ထိုလက်ထိပ်မှာ အတိတ်က မြို့စားကြီး ကျိထင်ကို ဖမ်းဆီးစဉ် အသုံးပြုခဲ့သည့် လက်ထိပ်မျိုးပင်။
မြို့စားကြီး ကျိဝေက လူတစ်သောင်း တပ်မှူး ဆယ်ဦးကို လှမ်းပြောလိုက်သည်။
“မင်းတို့ တပ်တွေကို ဦးဆောင်ပြီး ပိုင်ယွင်ကောင်တီကို ပြန်သွားကြ... ပြီးရင် ကိုယ့်စခန်း အသီးသီးစီ ပြန်ကြ”
“အမိန့်အတိုင်းပါ မြို့စားကြီး”
လူတစ်သောင်း တပ်မှူး ဆယ်ဦးက သံပြိုင် ဖြေကြားလိုက်သည်။
ထို့နောက် မြို့စားကြီး ကျိဝေက ဆိုလွန်ကို လှမ်းကြည့်လိုက်ရာ သူ၏ မျက်ဝန်းများထဲ၌ အရိုးထဲထိ စွဲနေသော အမုန်းတရားများ ထင်ဟပ်နေသည်။ သူက စကားလုံး တစ်လုံးချင်းစီ ပီသစွာ ဆိုလိုက်၏။
“ဆိုလွန်... မင်း ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်မလဲ ဆိုတာကိုသေချာ မှတ်ထား...”
ထို့နောက် သူက အမ်ဘာသားရဲပေါ်သို့ ခုန်တက်ကာ ကောင်းယင်ကို ပြောလိုက်သည်။ “မိန်းမစိုး ကောင်း... သွားကြစို့... အပြစ်ပေးခံဖို့ ငါ့ကို တော်ဝင်မြို့တော်ဆီ ခေါ်သွားလိုက်”
သူ၏ မောက်မာမှုမှာ ထိုစဉ်က မြို့စားကြီး ကျိထင် ထက်ပင် များစွာ သာလွန်နေသေးသည်။
……
ကောင်းယင် နှင့်အတူ ကျိဝေ ထွက်ခွာသွားသည်။ ထို့နောက်တွင်တော့ သူ၏ တပ်ဖွဲ့ဝင် တစ်သိန်းလည်း လုံးဝ ဆုတ်ခွာသွားကြလေပြီ။
ထျန်းရွှေမြို့၏ အကျပ်အတည်းမှာ နောက်ဆုံးတွင် အမှန်တကယ် ပြီးဆုံးသွားခဲ့၏။
ဆိုလွန်တစ်ယောက် ပျက်စီးလုနီးပါး အခြေအနေမှနေ၍ အရာအားလုံးကို ပြန်လည် ကယ်တင်နိုင်ခဲ့လေသည်။
လေမိုးကြိုး ခံတပ်အတွင်းရှိ စစ်သည်များမှာ သေဘေးမှ လွတ်မြောက်လာသည့် ခံစားချက်ကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။ လွန်ခဲ့သည့် စက္ကန့်ပိုင်းက သူတို့နှင့် သေခြင်းတရားမှာ တစ်လှမ်းသာ ကွာဝေးခဲ့သည် မဟုတ်ပါလော။
ယခုမူ သူတို့၏ သခင် ဆိုလွန်က ဒီရေကို ဆန်တက်ကာ အရာအားလုံးကို ပြန်လည် အသက်သွင်းပြီး လူတိုင်းကို ကယ်တင်ပေးခဲ့လေပြီ။
ဤတပ်ဖွဲ့များထဲတွင် ထျန်းရွှေမြို့စောင့်တပ်များ ပါဝင်သလို ငွေရောင်ဝံပုလွေ စစ်တပ်လည်း ပါဝင်သည်။ သူတို့က ဆိုလွန်နှင့် အချိန်တိုလေးသာ ရင်းနှီးခဲ့ရသော်လည်း ထိုအနည်းငယ်သောအချိန်လေးအတွင်းပင် သခင်ဆိုလွန်က အံ့ဖွယ်ဖြစ်ရပ်များကို အကြိမ်ကြိမ် ဖန်တီးပြခဲ့သည်။
ထိုသည်က သူတို့ကို ဆိုလွန်ထံ အပြည့်အဝ အညံ့ခံသွားစေခဲ့လေပြီ။
ဆိုလွန်တစ်ယောက် လေမိုးကြိုး ခံတပ်ထဲသို့ တစ်ကိုယ်တည်း ဝင်ရောက်လာသည်။
ထိုအချိန်တွင်။
“မြို့စားကြီး သက်တော်ရာကျော် ရှည်ပါစေ...”
မည်သူက စတင် အော်ဟစ်လိုက်သည် မသိ တဖြည်းဖြည်း ပိုမိုများပြားသော လူများက ဒူးထောက်ကာ အသံကုန် အော်ဟစ်ကြ တော့သည်။
“သခင် သက်တော်ရာကျော် ရှည်ပါစေ...”
“သခင် ဆိုလွန် သက်တော်ရာကျော် ရှည်ပါစေ...”
ထူထပ်များပြားလှသော စစ်သည်များက နေရာတိုင်းမှနေ၍ ဆိုလွန်ကို ဒူးထောက် အရိုအသေပေးနေကြလေပြီ။
……
နိုင်အာတစ်ယောက် ဒေါသထွက်နေဆဲပင်။ သေဘေးမှ လွတ်မြောက်လာပြီးနောက် သူမ၏ ဒေါသများက ပြေပျောက်မသွားသေးဘဲ လေမိုးကြိုး ခံတပ်ရှိ အခန်းတစ်ခန်းထဲ၌ ပုန်းအောင်းနေခဲ့သည်။
ဆိုလွန်က သူမ၏ အခန်းကို စုံစမ်းသိရှိပြီးနောက် အပေါ်ထပ်သို့ တက်လာခဲ့ရာ လှေကားထစ်များပေါ်တွင် ယန်ယန်က သူ့ကို ပိတ်ရပ်နေ၏။
“ယန်ယန်... သခင့်ကို ဂါရဝပြုပါတယ်”
ငွေရောင်ဝံပုလွေဘုရင် ယန်ယန်က ဆိုလွန်ကို ဒူးတစ်ဖက်ထောက်ကာ အရိုအသေပေးလာသည်။
သို့သော် သူက လှေကားထစ် အနည်းငယ် အထက်တွင် ရပ်နေသဖြင့် ဒူးထောက်လိုက်သော်လည်း ဆိုလွန်ထက် ပို၍ မြင့်နေသေးသည်။
“မလုပ်ပါနဲ့ ... ယောက္ခမကြီးက ကျွန်တော့်ကို အပြစ်ဖြစ်အောင် လုပ်နေတာလား”
ဆိုလွန် ရှေ့သို့ အလျင်အမြန်တက်ကာ ယန်ယန်ကို တွဲထူပေးလိုက်သည်။
“နိုင်အာ့အပေါ် မကောင်းတဲ့ကိစ္စ ဘာတွေ လုပ်ခဲ့သေးလဲ”
ယန်ယန်၏ အကြည့်များက လျှပ်စီးအလား ဆိုလွန်ကို စူးရဲစွာ စိုက်ကြည့်ကာ မေးလာသည်။
ဆိုလွန် ခေါင်းငုံ့ကာ ပြောလိုက်သည်။ “ကျွန်တော် ကျိနင်နဲ့ အတူအိပ်ခဲ့ပါတယ်”
ထို့နောက် ယန်ယန်၏ ဒေါသတကြီး ပေါက်ကွဲလာမှုကို သူ စောင့်ဆိုင်းနေလိုက်သည်။
သို့သော် ယန်ယန်၏ ဒေါသများ ထွက်ပေါ်မလာခဲ့ချေ။ သူက ဆိုလွန်ကို အတန်ကြာ စိုက်ကြည့်နေပြီးနောက် လမ်းဖယ်ပေးလိုက်သည်။
“နိုင်အာက ထပ်ခိုးပေါ်က အခန်းထဲမှာ... မင်း ဘယ်လို လုပ်ဖို့ စီစဉ်ထားလဲ”
ဆိုလွန် သူ၏ ကျောဘက်ရှိ အသစ်စက်စက် အဝတ်လျှော်ပျဉ်ပြားကို ပုတ်ပြကာ ပြောလိုက်သည်။
“လင်မယားကြားက လျှို့ဝှက်ချက်မို့ ယောက္ခမကြီးကို ပြောပြလို့ မဖြစ်ဘူးလေ”
“အကောင်းဆုံး ကြိုးစားပါ”
ယန်ယန်က ဆိုလွန်ကို စိုက်ကြည့်ကာလေးနက်စွာဆိုလိုက်သည်။
“သူ့ကို နောက်တစ်ခါ ထပ်နာကျင်အောင် လုပ်ရဲလုပ်ကြည့်... မင်းကို ငါ အပိုင်းပိုင်း ဆွဲဖြဲပစ်မယ် ဆိုတာ သိထားလိုက်”
ထို့နောက် ယန်ယန် လမ်းဖယ်ပေးလိုက်၏။
ဆိုလွန် ထပ်ခိုးပေါ်ရှိ အခန်းသို့ ရောက်ရှိလာသည်။ သူက တံခါးကို အလုံပိတ်ထားမည်ဟု ထင်ကာ မည်သို့ ဖွင့်ရမည်ကို စဉ်းစားနေခဲ့သော်လည်း မထင်မှတ်ဘဲ တံခါးမှာ အနည်းငယ်ပွင့်ဟနေသည်။
ယန်နိုင်အာက အခန်းဝ၌ ရပ်နေပြီး သူ့ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။ သူမ သည် နေရာ၌ ငြိမ်သက်စွာ ရပ်နေကာ ပြိုင်စံရှား လှပသော မျက်နှာလေးပေါ်တွင် လေးနက်မှုများ အပြည့်အဝ ထင်ဟပ်နေ၏။
“ဆိုလွန်... ကျိနင် ပြောတာ မင်း သူမနဲ့ အတူအိပ်ခဲ့တယ်ဆို... တကယ်ပဲလား”
နိုင်အာ အေးစက်စွာ မေးလိုက်သည်။
“တကယ်ပါ”
ဆိုလွန် ငြင်းပယ်ခြင်းမရှိဘဲ တိုက်ရိုက် ဝန်ခံလိုက်သည်။
ထိုစကားကြားလျှင် နိုင်အာ၏ မျက်လုံးလေးများ နီရဲသွား၏။
“ရှင်... ဘယ်လို လုပ်ရက်တာလဲ...ကျွန်မ... ကျွန်မ ရှင့်ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး”
ဆိုလွန်၏ မျက်နှာမှာ တည်ငြိမ်နေပြီး ကျောဘက်မှ အဝတ်လျှော်ပျဉ်ပြားကို ဆွဲထုတ်ကာ နိုင်အာ၏ အရှေ့သို့ ပစ်ချလိုက်သည်။
“ဒုန်း...”
နိုင်အာ မနေနိုင်ဘဲ နောက်သို့ တစ်လှမ်း ဆုတ်သွားမိသည်။ ဆိုလွန်၏ တည်ငြိမ်နေသော မျက်နှာကို ကြည့်ကာ သူမ နားမလည်နိုင်စွာ မေးလိုက်သည်။
“ရှင်... ဒါ..ဒါဘာသဘောလဲ...”
ဆိုလွန် တုံ့ဆိုင်းနေခြင်း မရှိဘဲ ဒူးနှစ်ဖက်ကို ကွေးကာ အဝတ်လျှော်ပျဉ်ပြားပေါ်သို့ ကျယ်လောင်သောအသံဖြင့် ဒူးထောက်ချလိုက်သည်။
“…”
နိုင်အာ လန့်ဖြန့်သွားပြီး အလောတကြီး မေးလိုက်၏။
“ရှင်... ဘာလုပ်တာလဲ”
“ကိုယ် မင်းအပေါ် မကောင်းတာ လုပ်ခဲ့မိတယ်... ကိုယ့်ကို ရိုက်သတ်ချင်ရင်လည်း မင်းသဘောပါပဲ”
ဆိုလွန် တည်ငြိမ်စွာ ပြောလိုက်သည်။
“ယောကျ်ားကောင်း ဆိုတာ ရဲရဲဝံ့ဝံ့ လုပ်ရဲရမယ်၊ တာဝန်ယူရဲရမယ်... မှားရင် မှားမှန်း ဝန်ခံရဲရမယ်... အခုမင်းကြိုက်သလို ကိုယ့်ကိုအပြစ်ပေးပါ”
နိုင်အာ တကယ်ကို ဒေါသထွက်နေခဲ့ခြင်း ဖြစ်ပြီး ဆိုလွန်ကို လုံးဝ ခွင့်မလွှတ်ရန် ခိုင်မာစွာ ဆုံးဖြတ်ထားခဲ့သည်။
သို့သော် ဆိုလွန်က မထင်မှတ်ဘဲ သူ၏ ဂုဏ်သိက္ခာကိုပင် ဂရုစိုက်ခြင်းမရှိ သူမရှေ့တွင် ဒူးထောက်ခဲ့သည်။
သူ ဒူးထောက်လိုက်သည့် ထိုစက္ကန့်ပိုင်းလေးအတွင်း သူမ၏ ခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်မတတ် ဖြစ်သွားရသည်။
သူမ၏ နှလုံးသားတစ်ခုလုံး ကယောင်ကတမ်း ဖြစ်သွားရခြင်းပင်။ ဤလောကသည် ယောင်္ကျားများကိုသာ လေးစားသည့် လောကဖြစ်ရာ မိန်းမတစ်ယောက်ကို ဒူးထောက်သည်ဆိုသည်မှာ လုံးဝ စိတ်ကူးယဉ်၍ပင် မရနိုင်ချေ။
“ရှင်... ရှင် ဘာလုပ်တာလဲ... မြန်မြန် ထပါ... တခြားလူတွေ မြင်သွားရင် ကျွန်မ ဘယ်လို နေရမလဲ”
နိုင်အာ အလောတကြီး ပြောလိုက်၏။
“မင်း ကိုယ့်ကို ခွင့်လွှတ်ပြီလား”
ဆိုလွန် ခေါင်းမော့ကာ မေးလာသည်။
“ကျွန်မ... ကျွန်မ...”
နိုင်အာ ရုတ်တရက် မည်သို့ ဖြေရမည်ကို မသိတော့ချေ။
“ကိုယ် မထဘူး”
ဆိုလွန် ခေါင်းယမ်းကာ ပြတ်သားခိုင်မာစွာ ပြောလိုက်သည်။
“ရှင်... ရှင်.. အရှက်မရှိလိုက်တာ”
နိုင်အာ တုန်ယင်သော အသံဖြင့် ဆိုလိုက်သည်။
“ကိုယ် အရှက်မရှိတာ မင်း မသိတာမှ မဟုတ်ဘဲ”
ဆိုလွန် အရေထူစွာပြောလိုက်ခြင်းပင်။
“မြန်မြန် ထပါ... တခြားလူတွေ မြင်သွားရင် ကျွန်မ ရှင့်အိမ်ကို လိုက်လာတော့မှာ မဟုတ်ဘူးနော်”
နိုင်အာ အသနားခံလာလေပြီ။
“မင်း ကိုယ့်ကို ခွင့်လွှတ်ပြီလား”
ဆိုလွန် ထပ်မေးလိုက်ပြန်သည်။
“ကောင်းပြီ... ရှင့်လို လူရမ်းကားကြီးကို ကျွန်မ ခွင့်လွှတ်တယ်...ခွင့်လွှတ်ပါတယ်... ...”
နိုင်အာ အသက်ရှူရပင် ခက်ခဲလာတော့၏။ သူမ တကယ်ကို အလောတကြီး ဖြစ်နေပြီ ဖြစ်သည်။
အခြားလူများသာ ဆိုလွန် သူမကို ဒူးထောက်နေသည်ကို မြင်သွားပါက ဆိုလွန်က မျက်နှာအရည်ထူသော်လည်း သူမသည်တော့ မျက်နှာပင် ပြရဲတော့မည် မဟုတ်ချေ။ ဤသတင်းသာ ဆိုနင်ပင်း နားထဲ ရောက်သွားပါက သူမကို သေချာပေါက် အမြင်စောင်းသွားနိုင်သည်။
ထို့အပြင် ဆိုမိသားစု၏ လက်အောက်ခံများကလည်း သူမကို မောက်မာရိုင်းစိုင်းသူဟု ထင်သွားကြပေလိမ့်မည်။
“ဒါဆို... ကိုယ့်ကို ထိခွင့်ပေးမှာလား”
ဆိုလွန်တစ်ယောက် နိုင်အာ အလွန်အမင်းထိတ်လန့်နေသည်ကိုမြင်လျှင် အခွင့်ကောင်းယူကာ မေးလိုက်သည်။
နိုင်အာ သေချာ မကြားလိုက်ဘဲ ကယောင်ကတမ်းဖြင့် ခေါင်းညိတ်လိုက်သည်။
“ပေးတယ် ၊ ပေးတယ်... မြန်မြန် ထပါ”
ဆိုလွန် အခွင့်အရေးကို ယူကာ ထပ်မံ တောင်းဆိုလိုက်ပြန်၏။
“အဝတ်အစားတွေထဲ လက်ထည့်ပြီး ထိမှာနော်... ရင်ဘတ်တင် မကဘူး..တင်ပါးကိုပါ ကိုင်မှာ”
ဤတစ်ကြိမ်တွင်မူ နိုင်အာ ရှင်းလင်းစွာ ကြားလိုက်ရသဖြင့် လုံးဝ သည်းမခံနိုင်တော့ဘဲ ဆိုလွန်ကို ဆွဲထူကာ တစ်ချက် ထိုးချလိုက်တော့သည်။
ဆိုလွန် ချက်ချင်းပင် အသံကုန် အော်ဟစ်လိုက်၏။ အမှန်တကယ် မနာကျင်သော်လည်း ကျယ်လောင်စွာ အော်ဟစ်လိုက်ခြင်းက နိုင်အာကို လန့်သွားစေပြီး သူမက သူ့ကို နာအောင် လုပ်မိသွားပြီဟု ထင်ကာ အမြန် ရပ်တန့်သွားစေခဲ့သည်။
နောက်တစ်စက္ကန့်တွင် ဆိုလွန်က သူမကို မြေပြင်ပေါ်သို့ လဲချလိုက်ပြီး သူ၏ လက်ကြီးများက သူမ၏ အဝတ်အစားများထဲသို့ ဝင်ရောက်သွားကာ တင်းကြပ်စွာ ဆုပ်နယ်လိုက်သည်။
“အသည်းလေး... ဒီနေ့တော့ မင်းကို ကိုယ် စားပစ်ရမယ်... မင်း လည်ချောင်းကွဲအောင် အော်လည်း ဘယ်သူမှ လာကယ်မှာ မဟုတ်ဘူး”
ဆိုလွန် မကောင်းဆိုးဝါး တစ်ကောင်လို ရယ်မောလိုက်ပြီးနောက် နိုင်အာ၏ ရင်ဘတ်ပေါ်ရှိ ကြီးမားလှသော တောင်တန်းများဆီသို့ တိုက်ရိုက်ပင် နမ်းရှိုက်လိုက်တော့သည်။
……
အပိုင်း ၃၅၆ ပြီး။