အခန်း ၃၅၈
Vol. 36 Ch. 358
အပိုင်း ၃၅၈
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
English name – World Destroying Demonic Emperor
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Shue
True Immortal Team
“ပိုက်ဆံဆိုတာ များလေ ပိုကောင်းလေပဲ”
“ဒါကြောင့် ထျန်းရွှေမြို့ရဲ့ အရင်းအမြစ်တွေကို မိစ္ဆာအရိပ် စီမံကိန်းထဲမှာ ရင်းနှီးမြှုပ်နှံရမယ်”
ဆိုလွန် အလေးအနက် ပြောလိုက်သည်။
မိစ္ဆာအရိပ် စီမံကိန်း ဟူသည်မှာ ဆိုလွန် အဆိုပြုထားသော စီမံကိန်း အသစ်စက်စက် ဖြစ်ပြီး ရည်ရွယ်ချက်မှာ ငွေရှာရန်ပင်။ ထိုမှ ရရှိလာမည့် ဧရာမ ငွေကြေးပမာဏမှာ ကျောက်စရစ်ကျွန်းမှ ရရှိသော ငွေကြေးထက် အနည်းငယ်မျှ လျော့နည်းမည် မဟုတ်ချေ။
ဆိုနင်ပင်း မေးလိုက်၏။
“ကျောက်စရစ်ကျွန်းက တည်ငြိမ်သွားတဲ့ အချိန်ကစပြီး နှစ်စဉ် ရွှေဒင်္ဂါး သိန်းနဲ့ချီ ဝင်ငွေ ရှာပေးနိုင်နေတာ... ဒါ့အပြင် နယ်မြေက အခွန်အခတွေလည်း ရနေသေးတာကို... မလောက်သေးဘူးလား”
“မလောက်ဘူး...”
ဆိုလွန် ခေါင်းယမ်းလိုက်သည်။
“အခု ထျန်းရွှေမြို့ရဲ့ တပ်ဖွဲ့အင်အားကို အနည်းဆုံး ၅ သောင်းကျော်အထိ တိုးချဲ့ရမယ်... ပြီးတော့ စစ်သည်တိုင်းကို အကောင်းဆုံး ချပ်ဝတ်တန်ဆာတွေ၊ အကောင်းဆုံး လက်နက်တွေနဲ့ တပ်ဆင်ပေးရမယ်”
“၅ သောင်း...”
“သခင်... ကျွန်တော်တို့ အဲ့ဒီလောက် အများကြီး လိုအပ်လို့လား”
ရဲ့ကျင်းယွီ စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်၏။
“လိုအပ်တယ်”
ဆိုလွန် ခေါင်းညိတ်လိုက်သည်။
“လွန်ခဲ့တဲ့ ရက်ပိုင်းက မြို့စားကြီး ကျိဝေရဲ့ တပ်ဖွဲ့ဝင် တစ်သိန်း နယ်စပ်ကို ချင်းနင်းဝင်ရောက်လာတော့... ငါတို့မှာ ပြန်တိုက်ဖို့ အင်အား မရှိခဲ့ဘူးလေ... အဲ့ဒီလို အခြေအနေမျိုး ဒုတိယအကြိမ် ထပ်မဖြစ်ချင်တော့ဘူး”
ဆိုလွန်အတွက်မူ တပ်ဖွဲ့ဝင် ၅ သောင်း ဆိုသည်ကပင် မလုံလောက်သေးချေ။ အမှန်တကယ် လိုအပ်နေသည်က တပ်ဖွဲ့ဝင် တစ်သိန်း သို့မဟုတ် ထိုထက်ပင် ပိုများပေသည်။
အဘယ်ကြောင့်ဆိုသော် နောင်လာမည့် အချိန်များတွင် နုလန်ဘုရင့်နိုင်ငံ၏ ပဋိပက္ခများက ပိုမိုပြင်းထန်လာတော့မည် ဖြစ်ပြီး ဘုရင်မင်းမြတ်မှာလည်း ခန္ဓာကိုယ် တစ်ခြမ်း လေဖြတ်သွားခဲ့ပြီ ဖြစ်ရာ ဩဇာအာဏာမှာ အားနည်းသွားပေတော့မည်။
ကျိလီသည် ထျန်းရွှေမြို့ ကိစ္စ၌ ယာယီအားဖြင့် အနည်းငယ် ရှုံးနိမ့်သွားခဲ့ရသည်။ သို့သော် သူ့အတွက်မူ ထျန်းရွှေမြို့ ဆိုသည်မှာ စစ်တုရင်ခုံပေါ်မှ သေးငယ်သော ထောင့်လေး တစ်ထောင့်သာ။
အမှန်တကယ်တော့ ဘုရင်မင်းမြတ် လေဖြတ်သွားသည်နှင့်အမျှ ကျိလီ၏ အင်အားက ပိုမို ကြီးထွားလာမည် ဖြစ်၏။
အနာဂတ် ကာလရှည်တစ်ခုတွင် ကျိယန်၏ အင်အားစု အနေဖြင့် အားကိုးစရာဟူ၍ ဆိုလွန်၏ ထျန်းရွှေမြို့စောင့်တပ် တစ်ခုတည်းသာ ရှိပေတော့မည်။
ထို့အပြင် ထျန်းရွှေမြို့သာ ဆိုးရွားသော အခြေအနေကို ရင်ဆိုင်ရပါက ကျိလီက လုံးဝ ကြည့်နေမည် မဟုတ်ချေ။ သူက ထျန်းရွှေမြို့ကို အနိုင်ယူချင်နေဆဲ ဖြစ်သည်။
ထို့ကြောင့် ဆိုလွန်က မိမိကိုယ်ကို အမြန်ဆုံး အစွမ်းထက်လာအောင် ကြိုးပမ်းရမည်သာ။
“ကျင်းယွီ... မင်းကို တာဝန်ပေးထားတဲ့ ကိစ္စ ပြီးပြီလား”
ဆိုလွန် တစ်စုံတစ်ခုကိုသတိရသွားကာ မေးလိုက်၏။
ဆိုလွန်သည် သူမကို ထျန်းရွှေမြို့ ကမ်းရိုးတန်းသို့ သွားရောက်ကာ လူသူကင်းမဲ့သော ကျွန်းတစ်ကျွန်းကို ရှာဖွေစေခဲ့ပြီး ထိုကျွန်းပေါ်၌ မြေအောက်ခံတပ် တစ်ခု တည်ဆောက်ရန် အမိန့်ပေးခဲ့သည်။ ထိုနေရာက ဆိုလွန်၏ ဒုတိယမြောက် လျှို့ဝှက်စခန်း ဖြစ်လာမည့် နေရာပင်။
မိစ္ဆာအရိပ် စီမံကိန်းကို ထိုလျှို့ဝှက်ကျွန်းပေါ်၌ လုပ်ဆောင်သွားမည် ဖြစ်သည်။
“ရည်မှန်းထားတဲ့ နေရာကို ရှာတွေ့ပါပြီ... လူတွေကိုလည်း အဲ့ဒီကို ပို့ထားပြီးပါပြီ”
ရဲ့ကျင်းယွီ ပြန်ဖြေလိုက်သည်။
“ဦးလေးထူအန်း... ဦးလေးကို ရှာခိုင်းထားတဲ့ လူတွေကို ရှာတွေ့ပြီလား”
ဆိုလွန် ထူအန်းဘက်လှည့်ကာ မေးလိုက်၏။
ထူအန်း လေးစားစွာပြန်ပြောဖြေသည်။
“ရှာတွေ့ပါပြီ... “
“ဒါပေမဲ့ အဲ့ဒီလောက် ဈေးကြီးပေးပြီး အဂ္ဂိရတ်ပညာရှင် အများကြီးကို ခေါ်ထားတာ အသုံးဝင်လို့လား”
မိစ္ဆာအရိပ် စီမံကိန်းအတွက် ပထမအသုတ် အနေဖြင့် ရွှေဒင်္ဂါး တစ်သောင်းကျော် အသုံးပြုခဲ့ရသည်။ ထိုငွေကြေးပမာဏမှာ ထျန်းရွှေမြို့ တစ်ခုလုံး၏ ခြောက်လစာ အခွန်ငွေနှင့် နီးပါး တူညီနေ၏။
“ဆိုလွန်... ဒီ မိစ္ဆာအရိပ် စီမံကိန်းက တကယ်ပဲ ရွှေဒင်္ဂါး သိန်းနဲ့ချီ ရနိုင်လို့လား”
နိုင်အာ မနေနိုင်ဘဲ မေးလိုက်သည်။
“သေချာပေါက်ပေါ့”
ဆိုလွန် ပြုံးကာ ဖြေလိုက်သည်။
“အချိန်ကျလာရင် မင်းအခန်းရဲ့ ထောင့်တိုင်းမှာ ရွှေဒင်္ဂါးတွေနဲ့ ပြည့်နေအောင် ပုံပေးထားမယ်”
……
“ငါ့ကို ခေါ်တာ ဘာကိစ္စလဲ”
ဓားသခင် ပိုင်ရှောင်း၏ မျက်နှာမှာ အတော်လေး ဆိုးရွားနေ၏။
“အာရှီလော့ရဲ့ လက်စားချေမှုက ရောက်လာပြီလား”
ဆိုလွန် မေးလိုက်သည်။
ဓားသခင် ပိုင်ရှောင်း ခေါင်းညိတ်လိုက်၏။
“ငါ့ရဲ့ တပည့်မလေး သုံးယောက်လုံး အသတ်ခံလိုက်ရတယ်... သူတို့ရဲ့ အလောင်းတွေကို ငါ့ရှေ့ လာပို့သွားတာ...”
“သေဆုံးနေတဲ့ ပုံစံက အရမ်းကို စက်ဆုပ်ဖို့ကောင်းတယ်... ပြီးတော့ တစ်ယောက်ချင်းစီရဲ့ သနားစရာကောင်းတဲ့ အခြေအနေက မတူကြဘူး... တချို့က ခန္ဓာကိုယ် အဖောက်ခံထားရတယ်၊ တချို့က တစ်ကိုယ်လုံး အပိုင်းပိုင်း ဆွဲဖြဲခံထားရတယ်”
ဆိုလွန်၏ မျက်ခုံးများ တွန့်ချိုးသွားရသည်။
“ခင်ဗျား ဘယ်လို လုပ်ဖို့ ပြင်ထားလဲ”
“ဘာမှ မလုပ်နိုင်ဘူး”
ပိုင်ရှောင်း သက်ပြင်းချလိုက်၏။
“ငါ သူ့ကို သွားမစနိုင်ဘူးလေ”
ထိုစကားကို ပြောချိန်၌ သူ၏ မျက်နှာအမူအရာမှာ အလွန်အမင်း စိတ်ပျက်အားငယ်နေပုံရသည်။
“ကျွန်တော့်ကို ယုံလား”
“ကိုယ်ကျင့်တရားအရ ပြောရရင်တော့ မင်းကို ငါ မယုံဘူး... ဒါပေမဲ့ အစွမ်းအစအရ ပြောရရင်တော့ ယုံတယ်”
“တစ်နေ့နေ့ကျရင် ခင်ဗျားအတွက် ဒီရန်ငြိုးကို ကျွန်တော် ဆပ်ပေးပါ့မယ်”
ဆိုလွန် ကတိပေးလိုက်သည်။
“မင်းနဲ့ သူနဲ့က မူလကတည်းက သေခန်းပြတ် ရန်သူတွေပဲလေ”
“ဒါကြောင့် မင်း လုပ်နိုင်မယ်လို့ ငါ ယုံပါတယ်... ဒါပေမဲ့ ၉၀ ရာခိုင်နှုန်းကတော့ မင်း သူ့လက်ချက်နဲ့ အရေခွံခွာ အကြောနုတ်ခံရပြီး အလောင်းကို ခွေးကျွေးခံရဖို့ များတယ်”
“ခင်ဗျားအတွက် ကျွန်တော် လက်စားချေပေးမယ် ဆိုတဲ့ အချက်ကို ထောက်ပြီး... ကျွန်တော်နဲ့အတူ ကိစ္စတစ်ခုလောက် လိုက်လုပ်ပေးပါ”
ဆိုလွန် ဖြတ်ပြောလိုက်သည်။
“ဘာကိစ္စလဲ”
“လူတစ်ယောက်ကို သွားတွေ့မယ်... ပြီးရင် အဲ့ဒီလူကို သတ်မယ်”
ဆိုလွန် ဖြေလိုက်သည်။
လူတစ်ယောက်ကို သွားတွေ့မည် ဆိုသည်မှာ သဘာဝကျစွာပင် ရဲ့ကျင်းယွီ၏ အမြွှာညီမ ဖြစ်သူ၊ ဆိုလွန်၏ အသက်သခင် ကျေးဇူးရှင်ကို သွားတွေ့မည် ဖြစ်၏။ ထိုစဉ်က ဆိုလွန် ရုပ်ဖျက်ရန် ငွေမလုံလောက်သဖြင့် ရဲ့ကျင်းဖုန်းက လျှို့ဝှက်ဆန်းကြယ်သော မှော်ဆရာထံတွင် သုံးနှစ်တိုင်တိုင် မိမိသဘောဖြင့် ကျန်ရစ်နေခဲ့သည်။
ယခုအခါ တစ်နှစ်ခန့် ကုန်လွန်သွားခဲ့ပြီး ဆိုလွန်လည်း ထျန်းရွှေမြို့ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ရာ ရဲ့ကျင်းဖုန်းကို ပြန်လည် ခေါ်ဆောင်လာရမည်သာ။
“ဘယ်သူ့ကို သတ်မှာလဲ”
ပိုင်ရှောင်း မေးလိုက်၏။
ဆိုလွန် အေးစက်တည်ငြိမ်သောအသံဖြင့် ပြန်ဖြေလာသည်။
“မှော်ဆရာကို...”
“လေလွင့် မှော်ဆရာကို သတ်မှာ”
မှန်ပေသည်။ ဆိုလွန်က သက်သေ တစ်ယောက်ကို နှုတ်ပိတ်ရမည် ဖြစ်၏။
ယခုအချိန်၌ သူ ဆိုလွန်အဖြစ် ဟန်ဆောင်ထားကြောင်းကို သိရှိသူမှာ လေးယောက်သာ ရှိသည်။ ရဲ့ကျင်းယွီ၊ ရဲ့ကျင်းဖုန်း၊ ဆိုနင်ပင်းနှင့် သူ့ကို ရုပ်ပြောင်းပေးခဲ့သော ထိုမှော်ဆရာ တို့သာ။
ပထမ သုံးယောက်မှာ ကိုယ့်လူများ ဖြစ်ရာ ဆိုလွန်ကို လုံးဝ သစ္စာဖောက်မည် မဟုတ်ချေ။ သို့သော် ရုပ်ပြောင်းပေးခဲ့သော မှော်ဆရာမှာမူ အန္တရာယ်ရှိသည့် အကြောင်းအရင်း တစ်ခု ဖြစ်နေသည်။
အဓိကအချက်မှာ မှော်ဆရာ အားလုံးက မိစ္ဆာကျွန်းမှ ဆင်းသက်လာကြခြင်း ဖြစ်ပြီး အာရှီလော့ကလည်း မိစ္ဆာကျွန်းမှ ဩဇာကြီးမားသူ တစ်ဦး ဖြစ်ရာ ဆိုလွန်အနေဖြင့် မည်သည့် အန္တရာယ်ကိုမှ မစွန့်စားနိုင်ချေ။
ဤ အန္တရာယ်ကို ပုခက်တွင်း၌ပင် အမြစ်ဖြတ်ရန်အတွက် ဆိုလွန်က မှော်ဆရာကို သတ်ဖြတ်ကာ အလားအလာရှိသော သတင်းပေးသူကို ရှင်းလင်းရန် ရည်ရွယ်ထားသည်။ ထို့အပြင် မှော်ဆရာတိုင်းနီးပါးမှာ ဆိုးသွမ်းကြပြီး လောက၌ အပြစ်ကင်းသော မှော်ဆရာဟူ၍ မရှိသလောက်ပင်။
သူတို့၏ တိုးတက်မှုများက မရေမတွက်နိုင်သော အသက်များစွာ ပျက်စီးရခြင်းကို ဆိုလိုပေသည်။
“ငါ မင်းကို ကူသတ်ပေးနိုင်တယ်...”
“ဒါပေမဲ့ မင်း တန်ကြေးရှိတဲ့ အရာတစ်ခုနဲ့ ပြန်လည် လဲလှယ်ပေးရမယ်”
“ခင်ဗျား ဘာလိုချင်လို့လဲ... ရွှေဒင်္ဂါးတွေလား”
“ငါ ရွှေဒင်္ဂါးတွေ မလိုဘူး”
ပိုင်ရှောင်း ငြင်းလိုက်၏။
ဆိုလွန် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။
“ကောင်းကင်သင်္ချိုင်း အသစ်တစ်ခုရဲ့ တည်နေရာ ဆိုရင်ရော... ဘယ်လိုလဲ”
ပိုင်ရှောင်း တစ်ကိုယ်လုံး တုန်ရီသွားပြီး အပြင်းအထန်ခေါင်းယမ်းလိုက်၏။
“မဖြစ်နိုင်တာ... ကောင်းကင်သင်္ချိုင်း ဆိုတာ မြင့်မြတ်နတ်နဂါးကျောင်းတော်ရဲ့ ထိပ်တန်း လျှို့ဝှက်ချက်ပဲ... မင်း သိဖို့ လုံးဝ မဖြစ်နိုင်ဘူး”
“ကျွန်တော် ဘယ်တော့မှ လိမ်မပြောဘူး...”
ဆိုလွန် ပြန်လည်ချေပလိုက်သည်။
“လောလောဆယ် သတင်းအချက်အလက်တွေက မပြည့်စုံသေးလို့ ပြန်စီစဉ်ဖို့ လိုသေးတယ်”
ပိုင်ရှောင်းက ဆိုလွန်ကို အတန်ကြာ စိုက်ကြည့်နေပြီးနောက် ခေါင်းညိတ်လိုက်၏။
“ကောင်းပြီ... ငါ မင်းကို ခြောက်လ အချိန်ပေးမယ်... ခြောက်လအတွင်း ကောင်းကင်သင်္ချိုင်း အသစ်ရဲ့ နေရာကို မင်း ငါ့ကို ပြောပြရမယ်... မဟုတ်ရင် အကျိုးဆက်ကို... မင်း နားလည်ပါတယ်”
“ပြောပြီးသား စကားပြန်မရုတ်သိမ်းဘူး”
ဆိုလွန် ပြောလိုက်သည်။
……
နောက်တစ်နေ့ မိုးမလင်းမီမှာပင် ဆိုလွန်နှင့် ဓားသခင် ပိုင်ရှောင်းတို့ ထျန်းရွှေမြို့မှ ထွက်ခွာလာကြပြီး အနောက်တောင်ဘက် နယ်စပ်ရှိ တောင်တန်းတစ်ခုဆီသို့ ဦးတည်သွားကြ၏။ ဆိုလွန်ကို ရုပ်ဖျက်ပေးခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် မှော်ဆရာ၏ အိမ်တော်မှာ ထိုတောင်တန်းထဲ၌ တည်ရှိနေသည်။
လူနှစ်ယောက်မှာ ခရီးမိုင်ပေါင်း ၅၀၀ ခန့်ကို အပြင်းနှင်လာခဲ့ကြသည်။
သုံးရက် ကြာပြီးနောက် ဆိုလွန်တို့ ခရီးဆုံးသို့ ရောက်ရှိလာသည်။
မြင့်မားလှပသော်လည်း အုံ့မှိုင်းပြီး ထူးဆန်းလှသော ထိုမှော်ဆရာ၏ အိမ်တော်ကြီးမှာ ယခုအခါ သူ၏ မျက်မှောက်သို့ထပ်မံ ရောက်ရှိလာလေပြီ။
ဆိုလွန် မှော်ဆရာ၏ အိမ်တော်ရှေ့သို့ လျှောက်သွားကာ အော်ဟစ်လိုက်သည်။
“မှော်ဆရာကြီး... အရင်က လူဟောင်း လာတွေ့တာပါ”
သူ၏ စကားပင် မဆုံးသေးမီ အတွင်းဘက်မှ လှပသော လူရိပ်လေးတစ်ခု လျင်မြန်စွာ ပြေးထွက်လာသည်ကို မြင်လိုက်ရသည်။
......
ဆိုလွန်တစ်ယောက် သူ့ကို ရုပ်ဖျက်ပေးခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် မှော်ဆရာ၏ အိမ်တော်ထဲသို့ ဝင်ရောက်လာ၏။
“သခင်...”
မွှေးပျံ့သော ရနံ့လေးနှင့်အတူ လေပြေလေးတစ်ခု ဖြတ်သန်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
နောက်တစ်စက္ကန့်တွင် ရဲ့ကျင်းဖုန်းက ဆိုလွန်၏ ရင်ခွင်ထဲသို့ ဝင်ရောက်လာပြီး သူမ၏ နွေးထွေးကျစ်လျစ်သော ခန္ဓာကိုယ်လေးဖြင့် တင်းကြပ်စွာ ဖက်တွယ်လိုက်လေပြီ။
သူမ၏ သိုင်းပညာက ဆိုလွန်ထက် ပိုမို မြင့်မားနေဆဲ ဖြစ်ရာ ထိုအရှိန်ကြောင့် ဆိုလွန်တစ်ယောက် နောက်သို့ပင် ယိုင်လဲမတတ်ဖြစ်သွားရသည်။
ရဲ့ကျင်းယွီနှင့် တစ်ထပ်တည်း တူညီသော မျက်နှာလေးကို မြင်လိုက်ရသော်လည်း ထိုမျက်နှာလေးပေါ်တွင် ရိုးသားဖြူစင်မှု၊ နူးညံ့မှုနှင့် ရူးသွပ်မှုများ အပြည့်အဝ ထင်ဟပ်နေသည်ကို မြင်သောအခါ ဆိုလွန်တစ်ယောက် ဖန်ဆင်းရှင်၏ အံ့ဖွယ် လက်ရာကို မချီးကျူးဘဲ မနေနိုင်တော့ချေ။
ထို့အပြင် သူမ၏ ခန္ဓာကိုယ် အချိုးအစားကလည်း ရဲ့ကျင်းယွီနှင့် အတိအကျ တူညီနေပြီး တင်းကျပ်သော သားရေအဝတ်အစားကို ဝတ်ဆင်ထားရာ သွယ်လျကျစ်လစ်သော ကိုယ်လုံးလေး၏ ကောက်ကြောင်းများက ဆွဲဆောင်မှု ရှိလွန်းလှသည်။
“သခင်... နောက်ဆုံးတော့ ကျွန်မကို လာကြည့်ပြီပေါ့... ကျွန်မ သခင့်ကို အရမ်း လွမ်းနေတာ... ကျွန်မတို့ ခွဲနေရတာ ၃၉၂ ရက်တောင် ရှိနေပြီ”
ရဲ့ကျင်းဖုန်းက လွမ်းဆွတ်သောအသံဖြင့်ဆိုလိုက်၏။
“ကျွန်မ အစ်မရော... အစ်မကော နေကောင်းရဲ့လား”
“မင်းအစ်မ အိမ်မှာ ရှိတယ်... နေကောင်းပါတယ်”
ဆိုလွန် ပြန်ဖြေလိုက်သည်။
ထိုအချိန်၌ အိမ်တော်အတွင်းမှ အက်ကွဲရှတသော အသံတစ်သံ ထွက်ပေါ်လာသည်။
“မိန်းကလေး... ငါ မင်းအပေါ် မကောင်းလို့လား... ဒီမှာ နေရတာ တစ်ရက်ကို တစ်နှစ်လောက် ကြာနေတယ်လို့ ခံစားရလို့လား”
ရဲ့ကျင်းဖုန်း လျှာလေးထုတ်ကာ ဆိုလိုက်သည်။
“မဟုတ်ပါဘူး အဖွား... အဖွားက ကျွန်မအပေါ် အရမ်း ကောင်းပါတယ်... ဒါပေမဲ့ ဒီမှာက အရမ်း ပျင်းစရာကောင်းတာပဲ... မြွေကြီး တစ်ကောင်တည်းကလွဲပြီး ကျွန်မနဲ့ ဆော့ပေးမယ့်သူမှ မရှိတာ”
ထို့နောက် ရဲ့ကျင်းဖုန်းက ဆိုလွန်၏ ရင်ခွင်ထဲမှ ထွက်လိုက်၏။
သူမက ရိုးသားဖြူစင်ပြီး ဖော်ရွေသော်လည်း သဘာဝအားဖြင့် ရှက်တတ်သူလေး ဖြစ်သည်။ အချိန်အတော်ကြာ ကွဲကွာနေသော မိသားစုဝင်ကို ပြန်တွေ့ရသဖြင့် လွန်ကဲစွာ စိတ်လှုပ်ရှားသွားခြင်းသာ။
“သခင်... သခင် ဘယ်လိုနေလဲ... သခင်မလေးရော၊ အစ်မရော...”
ရဲ့ကျင်းဖုန်းက ဆိုလွန်၏ လက်မောင်းကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီး ပါးစပ်လေး မပိတ်တမ်း မေးမြန်းနေတော့၏။
ထိုအချိန်၌ ဆိုလွန်တစ်ယောက် အလွန် စိုးရိမ်နေမိသည်။ ရဲ့ကျင်းဖုန်းက ဓားသခင် ပိုင်ရှောင်းရှေ့တွင် သူ့ကို လန်လင်း ဟု ခေါ်ကာ လျှို့ဝှက်ချက် ဖော်ထုတ်မိမည်ကို စိုးရိမ်နေခြင်းပင်။
သို့သော် မထင်မှတ်ဘဲ သူမက လုံးဝ အမှားအယွင်း မလုပ်ခဲ့ချေ။ သူမက ဆိုလွန်ကို သူမ၏ သခင်အဖြစ် အပြည့်အဝ မှတ်ယူထားပြီး ထိုအချက်မှာ ရဲ့ကျင်းယွီထက်ပင် သာလွန်နေသေးသည်။
“သူတို့ အားလုံး နေကောင်းကြပါတယ်...”
“မင်းရော... ဒီမှာ အဆင်ပြေရဲ့လား”
“အဆင်ပြေပါတယ်... ပျင်းဖို့ကောင်းတာကလွဲရင်ပေါ့”
ရဲ့ကျင်းဖုန်းက နှုတ်ခမ်းလေးဆူကာပြန်ဖြေလိုက်သည်။
ထို့နောက် သူမက ဤအိမ်တော်၏ အိမ်ရှင်အလား ဆိုလွန်ကို ဆွဲခေါ်ကာ အတွင်းသို့ ဝင်ရောက်သွားတော့သည်။ ဓားသခင် ပိုင်ရှောင်းကလည်း နောက်မှ လိုက်ပါလာ၏။
ထိုအခါမှ ရဲ့ကျင်းဖုန်းက ဆိုလွန်၏ နောက်တွင် ပိုင်ရှောင်း ပါလာသည်ကို သတိထားမိသွားပြီး မျက်နှာလေး နီရဲသွားကာ ဆိုလွန်၏ လက်မောင်းကို အလျင်အမြန် လွှတ်လိုက်သည်။ လူစိမ်းများရှေ့တွင် သူမက အလွန် ရှက်တတ်သူလေး ဖြစ်သည်။
……
အပိုင်း ၃၅၈ ပြီး။