← Chapters

အခန်း ၃၅၉

Vol. 36 Ch. 359

အခန်း ၃၅၉

Vol. 36 Ch. 359

အပိုင်း ၃၅၉

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

English name – World Destroying Demonic Emperor

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Shue

True Immortal Team

အိမ်တော်၏ ဧည့်ခန်းထဲတွင် လျှို့ဝှက်ဆန်းကြယ်သော မှော်ဆရာ စောင့်ဆိုင်းနေ၏။ သူမက ခါးကို ကုန်းထားဆဲဖြစ်ပြီး မျက်နှာမှာ ဖြူရော်ကာ အရေပြားများ တွန့်လိမ်နေပြီး ဆံပင်များ ဖြူဖွေးနေသည်။ အသက်အရွယ်ကို ခန့်မှန်း၍ မရနိုင်သလို လိင်ကိုပင် ခွဲခြား၍ မရနိုင်ချေ။

ရဲ့ကျင်းဖုန်းက ဆိုလွန်တို့အတွက် လက်ဖက်ရည် နှစ်ခွက် ယူဆောင်လာပေးသည်။

“ကျင်းဖုန်း... ဒီတစ်ခါ ကိုယ် မင်းကို အိမ်ပြန်ခေါ်သွားရင် ကောင်းမလား”

ဆိုလွန် ရဲ့ကျင်းဖုန်းကိုကြည့်ကာ မေးလိုက်သည်။

“ကောင်းတာပေါ့... အရမ်းကောင်းတာပေါ့”

ရဲ့ကျင်းဖုန်းက ပျော်ရွှင်စွာ ဆိုလိုက်သည်။

“ကျွန်မ အိမ်အရမ်းပြန်ချင်နေတာ... ဒီမှာက အရမ်း ပျင်းဖို့ကောင်းတယ်”

ထိုသို့ ပြောဆိုနေစဉ် ဆိုလွန်က လျှို့ဝှက်ဆန်းကြယ်သော မှော်ဆရာကို လှမ်းကြည့်လိုက်သော်လည်း တစ်ဖက်လူက လုံးဝ ဂရုမစိုက်သည့်အလား အေးတိအေးစက် ဖြစ်နေသည်။

“ကျင်းဖုန်း... မင်း အပြင်ကို အရင် ထွက်နေ... ကိုယ် အဖွားနဲ့ စကားနည်းနည်း ပြောစရာရှိလို့”

ဆိုလွန် ပြောလိုက်သည်။

မှော်ဆရာကလည်း ရဲ့ကျင်းဖုန်းကိုဆိုလိုက်၏။

“မိန်းကလေး... မင်း အဲ့ဒီ မြွေကို သွားအစာကျွေးလိုက်ဦး... သူ ဆာလို့ အော်နေပြီ”

“ဟုတ်ကဲ့ပါ”

ရဲ့ကျင်းဖုန် ခေါင်းညိတ်လိုက်သည်။

“အဖွား... ကျွန်မရဲ့ သခင့်ကို မရိုက်ရဘူးနော်”

“မရိုက်ပါဘူး”

လျှို့ဝှက်ဆန်းကြယ်သော မှော်ဆရာက ဖြေလိုက်၏။

ထို့နောက် ရဲ့ကျင်းဖုန်း အပြင်သို့ ထွက်ခွာသွားသည်။

သူမ လုံးဝ ထွက်သွားပြီးနောက် လျှို့ဝှက်ဆန်းကြယ်သော မှော်ဆရာက ဆိုလွန်ကိုမျက်လုံး ပင့်ကြည့်လာကာ တည်ငြိမ်စွာ မေးလိုက်သည်။

“သခင်လေး ဆိုလွန်... မင်းက ငါ့ကို လာသတ်တာလား”

ဆိုလွန် အံ့ဩသွားရလေပြီ။ သို့သော် ချက်ချင်းပြန်မဖြေချေ။

လျှို့ဝှက်ဆန်းကြယ်သော မှော်ဆရာက ဆက်ပြောလိုက်၏။

“မင်းနောက်က လူရဲ့ သိုင်းပညာက အတိုင်းအဆ မရှိအောင် နက်နဲတယ်... သူ့ရဲ့ သတ်ဖြတ်လိုစိတ်ကို သိုဝှက်ထားတာ အရမ်း နက်နဲပေမဲ့... ငါ အနံ့ခံမိတယ်”

ဆိုလွန် တိတ်ဆိတ်နေဆဲပင်။

မှော်ဆရာက ဆက်၍စကားပြောလာသည်။

“ဒီလို လုပ်... မင်း ကျင်းဖုန်းကို ခေါ်ပြီး ချက်ချင်း ထွက်သွား... ဒီဧည့်သည်တော်ကတော့ ငါ့ကို သတ်ဖို့ ကျန်ခဲ့ပေါ့... ဒါပေမဲ့ ကျင်းဖုန်းကိုတော့ မသိစေနဲ့”

မှော်ဆရာ၏ ထိုမျှ တည်ငြိမ်နေသော အမူအရာကြောင့် ဆိုလွန် တကယ်ကို အံ့ဩသွားရ၏။

သို့သော် သူက ဝင်ရောက် စွက်ဖက်ခြင်း မပြုတော့ဘဲ ခေါင်းညိတ်လိုက်ပြီးနောက် အပြင်သို့ ထွက်ကာ ရဲ့ကျင်းဖုန်းကို ခေါ်ဆောင်ရန် ပြင်လိုက်သည်။

မှော်ဆရာ ထက်မဲ သတိပေးလိုက်၏။

“ချက်ချင်း ထွက်သွား...တစ်စက္ကန့်‌တောင်မကြာစေနေနဲ့... ပြီးတော့ အနောက်ဘက် တောအုပ်ထဲကနေ ထွက်သွား... လာတုန်းက လမ်းကနေ လုံးဝ မပြန်နဲ့”

ထိုအချိန်၌ ဆိုလွန် မနေနိုင်တော့ဘဲ မေးလိုက်သည်။

“ခင်ဗျား... ဘာပြဿနာ ဖြစ်နေလို့လဲ”

“အသက်အန္တရာယ် ပေးနိုင်တဲ့ ရန်သူက လာသတ်တော့မှာ”

လျှို့ဝှက်ဆန်းကြယ်သော မှော်ဆရာက ဖြေလိုက်၏။

“ဒီကြောက်စရာကောင်းတဲ့ ရန်သူကို ရှောင်ဖို့ ငါ နာမည်ဝှက်ပြီး ရုပ်ဖျက်ထားခဲ့တာ... ဒါပေမဲ့ သူ ရှာတွေ့သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

စကားပြောနေစဉ် တစ်ချိန်တည်းမှာပင် လျှို့ဝှက်ဆန်းကြယ်သော မှော်ဆရာ၏ ကုန်းနေသော ခန္ဓာကိုယ်က မတ်မတ် ရပ်သွားပြီး တစ်ကိုယ်လုံး သွယ်လျလာ၏။

ပို၍ အံ့ဩစရာ ကောင်းသည်မှာ သူမ၏ မျက်နှာပင်။ တွန့်လိမ်နေသော မျက်နှာက မျက်စိရှေ့တွင်ပင် တဖြည်းဖြည်း နုပျိုပြီး ချောမွေ့ တောက်ပလာသည်။

နောက်ဆုံးတွင် ကြက်အရေခွံလို ဖြစ်နေသော သူမ၏ မျက်နှာမှာ ဖြူဝင်းနုဖတ်ပြီး ချောမွေ့သွားကာ အရေးအကြောင်း တစ်ခုမျှပင် မကျန်တော့ချေ။

ထို့အပြင် ကြက်ခြေထောက်လို ပိန်လှီနေသော သူမ၏ လက်များကလည်း ဖြူဝင်းသွယ်လျလာပြီး လှပသော လက်ချောင်းလေးများ အဖြစ်သို့ ပြောင်းလဲသွားသည်။

ခြောက်သွေ့ ဖြူရော်နေသော ဆံပင်များကလည်း ချက်ချင်း မည်းနက် တောက်ပသွား၏။ ပိန်လှီနေသော ခန္ဓာကိုယ်မှာလည်း ပြည့်ဖြိုး ဆွဲဆောင်မှု ရှိလာပြီး ခန္ဓာကိုယ် ကောက်ကြောင်းများ အပြည့်အဝ ပေါ်လွင်လာသည်။

သူမက အဘွားအို တစ်ဦးမှနေ၍ ညှို့ယူဖမ်းစားနိုင်စွမ်းရှိသော မိန်းမချောလေး တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားလေပြီ။ သူမ၏ အစစ်အမှန် အသက်ကို မသိရသော်လည်း ယခု ကြည့်ရသည်မှာ အသက် ၃၀ ခန့်သာ ရှိသေးပုံရသည်။

ထို့နောက် သူမ လှည့်ကာ သေတ္တာတစ်လုံးကို ယူလိုက်၏။ အတွင်း၌ မှတ်တမ်းများ ပြည့်နှက်နေပြီး ဆိုလွန်ထံသို့ ကမ်းပေးကာ ဆိုလိုက်သည်။

“ဒါက ငါ့ဘဝ တစ်သက်တာလုံး လေ့လာထားတဲ့ မှတ်တမ်းတွေပဲ... ငါ သေသွားတာနဲ့ ဒါတွေ အကုန်လုံး မြေမြှုပ်ခံလိုက်ရမှာကို မလိုလားဘူး”

ဆိုလွန် ရုတ်တရက် မေးလိုက်၏။

“ဒီရန်သူက... အရမ်း အစွမ်းထက်လား”

“အရမ်း အစွမ်းထက်တယ်”

မှော်ဆရာက ဖြေလိုက်ပြီးနောက် ပစ္စည်းတစ်ခုကို ထုတ်ပြကာ ဆိုလိုက်သည်။

“ဒါက သူမရဲ့ သင်္ကေတပဲ... အပြာရောင် နှင်းဆီ... လွန်ခဲ့တဲ့ နှစ်ရက်က အိမ်တော်ရဲ့ တံခါးမကြီးပေါ်မှာ ငါ တွေ့ခဲ့တာ... သူ ငါ့ကို ရှာတွေ့သွားပြီဆိုတာ ငါ သိလိုက်တယ်..”

“မကြာခင် ငါ သေချာပေါက် သေရတော့မှာ... အခု မင်းတို့ အချိန်ကိုက် ရောက်လာတာပဲ”

“ကျင်းဖုန်းကို ခေါ်သွားပေးပါ”

ဆိုလွန်က မှော်ဆရာ၏ လက်ဖဝါးပေါ်ရှိ အရာကို ကြည့်လိုက်ရာ အပြာရောင် နှင်းဆီပွင့်လေး တစ်ပွင့် ဖြစ်နေ၏။ သလင်းကျောက်ဖြင့် ထွင်းထုထားပြီး အလွန် လှပ ဆွဲဆောင်မှု ရှိနေသည်။

ထိုစဉ် ဆိုလွန် ရုတ်တရက် တစ်စုံတစ်ခုကိုတွေးမိသွား၏။

နိုင်အာ၏ နာမည်ဝှက်ကလည်း အပြာရောင် နှင်းဆီ မဟုတ်ပါလော။

“သူ ရောက်လာဖို့ အချိန် ဘယ်လောက် လိုသေးလဲ”

ဆိုလွန် မေးလိုက်သည်။

“ငါ ခန့်မှန်းတာ မမှားဘူးဆိုရင်... နောက်ထပ် နာရီအနည်းငယ်လောက်တော့ ကြာဦးမယ်”

မှော်ဆရာ အနည်းငယ်မျှစဉ်းစားကာ ပြန်ဖြေလိုက်သည်။

“မင်း ရန်သူရဲ့ သိုင်းပညာက... ငါ့ဘေးက လူနဲ့ ယှဉ်ရင် ဘယ်လိုနေလဲ... နုလန်ဘုရင့်နိုင်ငံမှာ သူ့ကို ယှဉ်နိုင်တဲ့သူ လက်ချိုးရေလို့ရတယ်”

မှော်ဆရာက ဓားသခင် ပိုင်ရှောင်းကို ခေတ္တမျှ စိုက်ကြည့်နေပြီးနောက် ခေါင်းရမ်းလိုက်၏။

“မသိဘူး”

ထို စကားကြောင့် ဆိုလွန် လန့်သွားရသည်။

သူမ၏စကားအရ ထိုရန်သူ၏ သိုင်းပညာနှင့် ပိုင်ရှောင်း၏ သိုင်းပညာမှာ ရင်ပေါင်တန်းနိုင်လောက်သည် ဟု ဆိုလိုခြင်း မဟုတ်ပါလော။

ထိုရန်သူက မည်သူနည်း။ ထိုမျှ အစွမ်းထက်သော သိုင်းပညာကို ပိုင်ဆိုင်ထားသူက ဘယ်သူများဖြစ်နိုင်မည်နည်း။

ဆိုလွန် အနည်းငယ်မျှ အလေးအနက်တွေးပြီးနောက် ဆက်မေးလိုက်၏။

“မင်းတို့ ဘယ်လို ရန်ငြိုးတွေရှိခဲ့တာလဲ”

မှော်ဆရာ အနည်းငယ်တုန့်ဆိုင်းနေပြီးမှ ပြန်ဖြေလာသည်။

“သူ့ရဲ့ ခင်ပွန်း သေလုမြောပါး ဖြစ်နေချိန်မှာ ငါ့ကို ကယ်ဖို့ လာပြောတယ်... ဒါပေမဲ့ ငါ မကယ်ခဲ့ဘူး...အဲ့‌နောက်သူရဲ့ ခင်ပွန်း သေသွားတယ်... သူ အရမ်း ဝမ်းနည်းသွားပြီး ငါ့ကို ရန်သူအဖြစ် သတ်မှတ်ခဲ့တယ်... “

“ဒါကြောင့် ငါ နာမည်ဝှက်ပြီး မိုင်ပေါင်း သောင်းချီဝေးတဲ့ ဒီနေရာအထိ ရှောင်ပုန်းနေခဲ့တာ”

ထိုစကားများကို ကြားသောအခါ ဆိုလွန်တစ်ယောက် ရင်းနှီးဖူးသော ခံစားချက်တစ်ခုကို ခံစားလိုက်ရ၏။ သူမ၏အတိတ်က ကောင်းကင်ဓားနှင့် နဂါးဓား ဇာတ်လမ်းထဲမှ အဖြစ်အပျက်နှင့် ဆင်တူနေသည် မဟုတ်ပါလော။

ဆိုလွန် သူမကို အတန်ကြာ စိုက်ကြည့်နေပြီးနောက် ထိုစကားများက အမှန်လော၊ အမှားလော ဆိုသည်ကို ရုတ်တရက် ခွဲခြား၍ မရတော့ချေ။

သို့သော် ခွဲခြားနေရန် မလိုအပ်ပေ။ မည်သို့ပင်ဖြစ်စေ ဤကိစ္စက သူ့အလုပ် မဟုတ်သောကြောင့်ပင်။

ထို့နောက် သူ မည်သည့်စကားမျှ မဆိုတော့ဘဲ အပြင်သို့ ထွက်လာခဲ့၏။

ထိုအချိန်၌ အိမ်တော် အပြင်ဘက်တွင် ရဲ့ကျင်းဖုန်းက ကြီးမားလှသော မြွေကြီး တစ်ကောင်ကို အစာကျွေးနေသည်။ ထိုမြွေကြီးမှာ အရှည် မီတာ သုံးဆယ်ခန့် ရှိပြီး လုံးပတ်မှာ တစ်မီတာကျော်ခန့် ရှိသည်။

ထိုမျှ ကြီးမားသော သတ္တဝါကြီးကို လူတစ်ယောက်က အစာကျွေးနေခြင်းမှာ တကယ်ကို အံ့ဩစရာပင်။

“ဖမ်း...”

ကျင်းဖုန်းက ဖရဲသီး တစ်လုံးကို လေထဲသို့ ပစ်တင်လိုက်သည်။

မြွေကြီးက ပါးစပ်ကြီးဟကာ လေထဲတွင်ပင် ဖမ်းယူပြီး တိုက်ရိုက် မြိုချလိုက်သည်။

“မြေပေါ်လှိမ့်လိုက်...”

ကျင်းဖုန်း အမိန့်ပေးလိုက်သည်။

ချက်ချင်းပင် မြွေကြီးက အိမ်မွေးခွေးလေး တစ်ကောင်အလား မြေပြင်ပေါ်၌ လူးလှိမ့်တော့သည်။ သို့သော် မြွေကြီး၏ ခန္ဓာကိုယ်က အလွန် ကြီးမားလှသဖြင့် ထိုသို့ လူးလှိမ့်လိုက်သောအခါ မြေကြီးတစ်ခုလုံး တုန်ခါသွားသကဲ့သို့ ဆိုလွန် ခံစားလိုက်ရသည်။

ထို့နောက် ရဲ့ကျင်းဖုန်းက အသားတုံးကြီး တစ်တုံးကို ပစ်ကျွေးလိုက်ပြန်ရာ မြွေကြီးက ပါးစပ်ဖြင့် ဖမ်းယူ မြိုချလိုက်၏။

အသားနှင့် အသီးအရွက် ရောနှောကျွေးခြင်းက အာဟာရ မျှတပေသည်။

“သခင်...”

ရဲ့ကျင်းဖုန်းက ဆိုလွန် ရောက်လာသည်ကို မြင်သောအခါ ဝမ်းသာအားရ ဆိုလိုက်၏။

“သခင် လာကြည့်... ဒါ ရှောင်ချင်း တဲ့... ဒီမှာ သူက ကျွန်မရဲ့ တစ်ဦးတည်းသော ကစားဖော်ပဲ... ဒါပေမဲ့ သူက နည်းနည်း တုံးတယ်”

ထို့နောက် သူမက အမိန့်ပေးလိုက်ပြန်သည်။

“ရှောင်ချင်း... အထုံး ထုံးလိုက်”

ထိုအခါ မြွေကြီးက သူ့ခန္ဓာကိုယ်ကို ရစ်ခွေကာ အထုံး ထုံးတော့၏။

ဆိုလွန်တစ်ယောက် မြွေကြီးကို လည်သည်ဟု ပြောရမည်လော၊ တုံးသည်ဟု ပြောရမည်လော မသိတော့ချေ။ တုံးသည်ဟု ပြောရအောင်လည်း အမိန့်ကို နားလည်ပြီး အထုံး ထုံးတတ်နေ၏။

လည်သည်ဟု ပြောရလျှင်လည်း မြွေတစ်ကောင်က မိမိကိုယ်ကို အထုံး ထုံးခြင်းက ပြန်ဖြေမရဖြစ်မည်ကို မကြောက်ဘူးလော။

ထိုအချိန်၌ ဆိုလွန် တစ်စုံတစ်ခုကို သဘောပေါက်သွားလေပြီ။

ရဲ့ကျင်းဖုန်းက မှော်ဆရာ၏ အိမ်တော်၌ သူ ထင်ထားသည်ထက် ပို၍ ကောင်းမွန်စွာ နေထိုင်ခဲ့ရဟန်ရှိသည်။ ထိုစဉ်က မှော်ဆရာက ကျင်းဖုန်းကို ချန်ထားခိုင်းခဲ့ခြင်းမှာ သူမကိုယ်တိုင် အထီးကျန်လွန်း၍ ဖြစ်နိုင်သလို ရဲ့ကျင်းဖုန်းကလည်း ရိုးသားဖြူစင်လွန်းသဖြင့် အဖော်အဖြစ် ထားရှိခြင်းလည်း ဖြစ်နိုင်သည်။

“မင်းရဲ့ မှော်ဆရာ အဖွားနဲ့ သဘောတူညီမှု ရခဲ့ပြီ... ငါတို့ အခု အိမ်ပြန်ကြမယ်”

ဆိုလွန် ပြောလိုက်သည်။

ရဲ့ကျင်းဖုန်း အံ့ဩစွာမေးလိုက်၏။

“အဖွားက သဘောတူလိုက်တာလား”

“ဟုတ်တယ်... သဘောတူတယ်.. မြန်မြန်သွားကြမယ်...”

အိမ်တော် အတွင်းမှ မှော်ဆရာ၏ အသံ ထွက်ပေါ်လာသည်။

“မင်းလို ပျင်းရိပြီး တုံးအတဲ့ ကောင်မလေးက ဒီမှာနေလည်း ဘာမှ အသုံးမဝင်ပါဘူး”

ထိုစကားကြားသောအခါ ရဲ့ကျင်းဖုန်း ဝမ်းသာအားရဖြင့် ခြင်းတောင်းထဲရှိ အသားများနှင့် သစ်သီးများ အားလုံးကို မြွေကြီးထံသို့ ပစ်ချပေးလိုက်ပြီး ဆိုလွန်နှင့်အတူ ထွက်ခွာရန် ပြင်လိုက်သည်။

သူမ၏ပုံစံအရ အမှန်တကယ်ကို အိမ်ပြန်ချင်နေပုံရကာ မှော်ဆရာ၏ အိမ်တော်ကို အနည်းငယ်မျှပင် သံယောဇဉ် ရှိမနေချေ။

ရဲ့ကျင်းဖုန်းက သစ်သီးများနှင့် အသားများ အားလုံး ပစ်ချပေးလာသည်ကို မြင်သောအခါ မြွေကြီးက အလွန် စိတ်လှုပ်ရှားသွားပြီး ချက်ချင်းပင် ခုန်ပျံကာ ဖမ်းယူစားသောက်ရန် ပြင်လိုက်သည်။

သို့သော် သူက မိမိကိုယ်ကို အထုံး ထုံးထားခဲ့သည်ကို မဖြေရသေးဘဲ ခုန်လိုက်ရာ ထိုအထုံးမှာ ပို၍ တင်းကျပ်သွား၏။

ထို့ကြောင့် မြွေကြီးမှာ စိုးရိမ်တကြီး စတင်အော်ဟစ်တော့သည်။

“တုံးလိုက်တာ... နင့်လောက် တုံးတဲ့မြွေ မတွေ့ဖူးသေးဘူး”

ရဲ့ကျင်းဖုန်းက ပြောလိုက်ပြီးနောက် ရှေ့သို့ တက်ကာ မြွေကြီး၏ တင်းကျပ်နေသော အထုံးကို အားသုံး၍ ဖြေပေးတော့သည်။

ဆိုလွန်တစ်ယောက် ရဲ့ကျင်းဖုန်းကို အမြန်ဆုံး ခေါ်ဆောင်သွားချင်သော်လည်း သူမက ထိုတုံးအသော မြွေကြီး၏ အထုံးကို ဖြေပေးနေသည်ကို မတတ်သာဘဲ စောင့်နေရ၏။

ထိုအချိန်တွင် ပတ်ဝန်းကျင်လေထုက ရုတ်တရက် အေးစက်သွားသည်။

ထိုသည်မှာ သူ၏စိတ်ကူးယဉ်မှု မဟုတ်ဘဲ အပူချိန်က ရုတ်တရက် အမှန်တကယ် ကျဆင်းသွားခြင်းပင်။

“ရွှီး...”

အပြာရောင် နှင်းဆီ တစ်ခုက လေထုကို ခွင်းကာ သူတို့ရှိရာသို့ လျင်မြန်စွာ ပျံသန်းလာ နေသည်။ ထိုအခါ ဆိုလွန်က သူ၏ကြီးမားသော စိတ်ဝိညာဉ် စွမ်းအားကို ထုတ်လွှတ်ကာ ပျံသန်းလာသော အပြာရောင် နှင်းဆီကို ပစ်မှတ်ထားလိုက်သည်။

ချက်ချင်းပင် ထိုနှင်းဆီက သူ၏ အာရုံထဲ၌ အဆပေါင်းများစွာ နှေးကွေးသွားသည်။

ထို့နောက် သူက လျှပ်စီးကဲ့သို့အမြန်နှုန်းဖြင့် အပြာရောင် နှင်းဆီကို ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။

သို့သော် ထိုလက်နက်မှာ အလွန်မြန်လွန်းလှ၏။ ဆိုလွန်က မြောက်မြားစွာသော စိတ်ဝိညာဉ် စွမ်းအားကို အသုံးပြု၍ အချိန်ကို နှေးကွေးစေခဲ့သော်လည်း ရှောင်တိမ်းရန် အချိန် မမီတော့ချေ။

“ရွှီး...”

ထို အပြာရောင် နှင်းဆီက သူ၏ ဂုတ်ပိုးကို တိုက်ရိုက် စိုက်ဝင်သွားပြီး ချက်ချင်း အရည်ပျော် ပျောက်ကွယ်သွားသည်။ ကြောက်စရာကောင်းသော အေးစက်သည့် စွမ်းအင်တစ်ခုက ဆိုလွန်၏ ခန္ဓာကိုယ်ကို ရေခဲအဖြစ် အေးခဲသွားစေပြီး အာရုံငါးပါးကို ခံစားမှုကင်းမဲ့သွားစေသည်။

ထို အပြာရောင် နှင်းဆီက ရေခဲဖြင့် ပြုလုပ်ထားခြင်းပင်။

“ရွှီး ရွှီး ရွှီး...”

တပြိုင်နက်တည်းမှာပင် ဆိုလွန် တစ်ယောက်တည်း သာမက ရဲ့ကျင်းဖုန်းနှင့် မြွေကြီးပါ ရေခဲအဖြစ် အေးခဲသွားပြီး သုံးဦးလုံး လုံးဝ လှုပ်ရှား၍ မရကြပါတော့ချေ။

အပိုင်း ၃၅၉ ပြီး။

All Chapters