အခန်း ၃၆၀
Vol. 36 Ch. 360
အပိုင်း ၃၆၀
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
English name – World Destroying Demonic Emperor
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Shue
True Immortal Team
ထိုအချိန်တွင် ကျက်သရေရှိလှသော ပုံရိပ်လေးတစ်ခု လေထုထဲမှ ထွက်ပေါ်လာသည်။
လေထုထဲတွင် အလွန် အေးစက်ပြီး လျှို့ဝှက်ဆန်းကြယ်ကာ ရမ္မက်ဆန်သော ရနံ့သင်းသင်းလေး တစ်ခု လွှမ်းမိုးသွား၏။
ရောက်ရှိလာသူမှာ အမျိုးသမီး တစ်ဦးပင်။ သူမက မျက်နှာကို ပုဝါဖြင့် ဖုံးကွယ်ထားရာ ဆိုလွန်က သူမ၏ မျက်နှာကို မမြင်ရသော်လည်း အပြင်ဘက်သို့ ထွက်ပေါ်နေသော မျက်လုံးနှစ်လုံးကမူ ဝိညာဉ်ကိုပင် စုပ်ယူနိုင်လောက်အောင် ညှို့ယူဖမ်းစားနိုင်စွမ်း ရှိလှသည်။
နက်ရှိုင်းသော အပြာရောင် မျက်လုံးများက ကြယ်တာရာ ပင်လယ်ကြီးအလား။
ခရမ်းနီရောင် ဆံပင်အရှည်ကြီးများက လှိုင်းလုံးကြီးများအလား လှပစွာကောက်ကွေးနေပြီး အပြင်သို့ ထွက်ပေါ်နေသော အသားအရေက နှင်းထက်ပင် ဖြူဖွေးနေသည်။
ခရမ်းနီရောင် ဆံပင်၊ အပြာရောင် မျက်လုံးများနှင့် နှင်းကဲ့သို့ ဖြူဖွေးသော အသားအရေကို ပိုင်ဆိုင်ထားသူတစ်ဦး။
ဤသည်မှာ တိုင်းတစ်ပါး မျိုးနွယ်စုမှ အမျိုးသမီး တစ်ဦး ဖြစ်၏။ မျက်လုံးများကိုသာ မြင်ရသော်လည်း သူမ၏ လျှို့ဝှက်ဆန်းကြယ်သည့် အလှတရားက အလွန် အံ့မခန်းပင်။
သူမကို ဆိုလွန်မသိသော်လည်း အနည်းငယ် ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရသည်။
“ယောင်းမုန်... နင် ၁၀ နှစ်တောင် ပုန်းနေခဲ့ပြီးပြီ... အခုတော့ ဆက်ပုန်းလို့ မရတော့ဘူး”
ထိုအမျိုးသမီး၏ အသံမှာ ခံစားချက်ကင်းမဲ့နေကာရေခဲများအလား အေးစက်လှသည်။
ရုတ်တရက် သူမ၏ ကြယ်တာရာများအလား အေးစက်တောက်ပသည့် မျက်ဝန်းများက ဆိုလွန်ထံသို့ ရောက်ရှိလာ၏။
“သေရတော့မယ်ဆိုတာ သိလို့ အကူအညီ တောင်းထားတာလား”
အမှန်တကယ်တော့ မှော်ဆရာ၏ နာမည်အရင်းက ယောင်းမုန် ဖြစ်ပြီး ဆိုလွန်ကို နာမည် လိမ်ပြောထားခဲ့ခြင်းပင်။ ထိုအချိန်၌ အိမ်တော်အတွင်းမှ မှော်ဆရာ ယောင်းမုန် ထွက်ပေါ်လာလေပြီ။
“အာရှီလီရန်... သူတို့က ငါနဲ့ ဘာမှ မပတ်သက်ဘူး... နင် ငါ့ကို ရှာတွေ့မှတော့ ငါ သေပေးမယ်... သူတို့ကိုတော့ လွှတ်ပေးလိုက်ပါ”
မှော်ဆရာ ယောင်းမုန် ဆိုလွန်တို့ရှိရာသို့ လျှောက်လှမ်းလာကာ တည်ငြိမ်စွာဆိုလိုက်၏။
အာရှီလီရန်။
ထိုနာမည်ကို ကြားလိုက်ရသောအခါ ဆိုလွန် သူမကိုအဘယ်ကြောင့် ရင်းနှီးနေရသနည်းဟု ချက်ချင်း သိလိုက်သည်။
သူမက အာရှီလော့၏ အစ်မအရင်း ဖြစ်ရာ သူတို့၏ ဆွဲဆောင်မှုရှိသော မျက်နှာများမှာ အနည်းငယ် ဆင်တူနေခြင်းပင်။
အာရှီလော့ ကိုယ်တိုင်က သာမန် ယောကျ်ားများထက် ပို၍ ဆွဲဆောင်မှုရှိသော တိုင်းတစ်ပါး မျိုးနွယ်စုမှ အချောဆုံး အမျိုးသား တစ်ဦး ဖြစ်၏။ သို့သော် အာရှီလီရန်၏ မျက်နှာသွင်ပြင်က အာရှီလော့ထက်ပင် ပို၍ နူးညံ့သိမ်မွေ့ပြီး လျှို့ဝှက်ဆန်းကြယ်ကာ ရမ္မက်ဆန်သော ဆွဲဆောင်မှု ရှိနေသည်။
ရုတ်တရက် ဆိုလွန် အာရှီလော့ ပြောခဲ့ဖူးသော စကားများကို သတိရသွားသည်။ သူက သူ၏ အစ်မအရင်းကို လိုချင်နေခဲ့သဖြင့် ဓားသခင် ပိုင်ရှောင်းအား အစ်မအရင်းနှင့် အတူနေပါက မည်သို့ ခံစားရမည်ကို တိုင်ပင်ခဲ့ဖူးသည် မဟုတ်ပါလော။
ထိုကိစ္စပြီးနောက် ဆိုလွန်က အာရှီလီရန်၏ အကြောင်းကို အထူးတလည် စုံစမ်းခဲ့သည်။
ဤအမျိုးသမီး အကြောင်းကို စုံစမ်းသိရှိပြီးနောက် ဆိုလွန်တစ်ယောက် အလွန် လန့်ဖြန့်သွားခဲ့ရ၏။
နုလန်ဘုရင့်နိုင်ငံ၏ နံပါတ်တစ် နယ်စားပိုင်ရှင်၏ သမီး အဖြစ် အာရှီလီရန်မှာ အလွန် လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး တစ်ဦး ဖြစ်ပြီး လူမြင်ကွင်းသို့ ထွက်ပေါ်လာလေ့ မရှိချေ။
သို့သော် ဆိုလွန်ကို အမှန်တကယ် လန့်ဖြန့်သွားစေခဲ့သည်မှာ သူမ၏ နောက်ထပ် အဆင့်အတန်း တစ်ခုကြောင့်ပင်။
ရူရန်မြို့စားကြီး၏ သမီး ဖြစ်သည့်အပြင် သူမက လောက၏ နံပါတ်တစ် သိုင်းပညာရှင်၊ အရှေ့ပိုင်းဘုရင့်နိုင်ငံမှ ဘုရင် ကျန်းရှန်၏ တပည့် ဖြစ်သည်။
သူမက အရှေ့ပိုင်းဘုရင် ကျန်းရှန်ကို မည်သို့ ဆရာတင်ခဲ့သနည်း ဆိုသည်ကိုမူ ပြင်ပလူများ လုံးဝ မသိရှိကြချေ။ သို့သော် သူမက အသက် ၁၀ နှစ် အရွယ်ကတည်းက ကျန်းရှန်နှင့်အတူ သိုင်းပညာ လေ့ကျင့်နေခဲ့သူ ဖြစ်၏။
တစ်နည်းအားဖြင့် ပြောရလျှင် သူမက ကျန်းရွှယ်၏ စီနီယာအစ်မပင်။
“သူက နင်နဲ့ ဘာမှ မပတ်သက်ဘူးလား”
အာရှီလီရန်က ဆိုလွန်၏ အရှေ့သို့ လျှောက်လာပြီး ရေခဲအလား အေးစက် လှပသည့် မျက်ဝန်းများဖြင့် ဆိုလွန်ကို အပေါ်အောက်စိုက်ကြည့်ကာ အေးစက်စွာ မေးလိုက်သည်။
“ဒီ လူချောလေးက... နင့်ရဲ့ ယောက်ျားသစ် မဟုတ်ဘူးလား”
ထို့နောက် သူမက ရေအလား ကြည်လင်နေသော ဓားမြှောင်ကို ဆွဲထုတ်ကာ ဆိုလွန်၏ လည်ပင်းပေါ်သို့ တင်လိုက်သည်။
ဆန်းကြယ်နဂါးရွှေ ဓား။ လောကတွင် ၅ လက်သာ ရှိသော ဆန်းကြယ်နဂါးရွှေ ဓားများထဲမှ တစ်လက်ကို ဆိုလွန် ထပ်မံ မြင်တွေ့လိုက်ရလေပြီ။
ကျန်းရှန် ဆိုသည်မှာ မည်သို့သော ပုဂ္ဂိုလ်ဖြစ် နေသနည်း။ စုစုပေါင်း ၅ လက်သာ ရှိသော ဆန်းကြယ်နဂါးရွှေ ဓားများကို သူ၏ တပည့်များက ၂ လက်တောင် ပိုင်ဆိုင်ထားကြသည်။
သို့သော် ယခု ဆိုလွန် ဂရုစိုက်နေသည်က ထိုအရာ မဟုတ်ဘဲ သူ၏ အသက်ရှင်ရန် မျှင်မျှင်လေးသာ ကျန်တော့သည့် ကိစ္စပင်။
အာရှီလီရန်၏ လှပသော မျက်ဝန်းများထဲမှ ရေခဲအလား အေးစက်သော အမုန်းတရားများ ထွက်ပေါ်လာလေပြီ။
“ယောင်းမုန်... အဲ့ဒီတုန်းက ငါ့ခင်ပွန်း သေလုမြောပါး ဖြစ်နေတာတောင် နင် မကယ်ခဲ့ဘူး... ဒီ လူချောလေးက နင့်ရဲ့ ယောက်ျားသစ် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ... ငါကတော့ အမှားပဲ လုပ်လုပ် လုံးဝ အလွတ်မပေးဘူး”
ထို့နောက် သူမ၏ ဆန်းကြယ်နဂါးရွှေ ဓားမြှောင် ရုတ်တရက် လှုပ်ရှားသွားပြီး ဆိုလွန်၏ ခေါင်းကို အပြင်းအထန် ခုတ်ပိုင်းချလာတော့သည်။
“မိန်းကလေးအဲ့လူကို ချမ်းသာပေးပါ”
ဓားသခင် ပိုင်ရှောင်းက အိမ်တော်အတွင်းမှ ကြယ်ပျံတစ်စင်းအလား ပြေးထွက်လာပြီး အာရှီလီရန်၏ ကျောဘက်ဆီသို့ ဓားဖြင့် ထိုးစိုက်လိုက်သည်။
ထိုအချိန်၌ သူက အာရှီလီရန်၏ ဓားကို တိုက်ရိုက် တားဆီးရန် မဖြစ်နိုင်တော့ရာ နောက်ကျောမှ တိုက်ခိုက်ခြင်းဖြင့် သူမ၏ တိုက်ခိုက်မှုကို လက်လျှော့သွားစေရန်သာ ပြုလုပ်နိုင်တော့သည်။
ထင်ထားသည့်အတိုင်းပင် အာရှီလီရန် ရုတ်တရက် လှည့်လာပြီး ပိုင်ရှောင်း၏ ဓားကို မျက်နှာချင်းဆိုင် ရင်ဆိုင်လိုက်၏။
“ချွင်...”
စူးရှလှသော ဓားချင်းရိုက်ခတ်သံက လူကို ရူးသွပ်သွားစေမတတ် ဖြစ်သွားစေပြီး ပတ်ဝန်းကျင် လေထုက မိုးကြိုးပစ်ချလိုက်သည့်အလား ပေါက်ကွဲသွားကာ ပတ်လည် မီတာ တစ်ရာအတွင်းရှိ ပန်းမန်များနှင့် သစ်ပင်များ အားလုံး အမှုန့်အဖြစ် ပြောင်းလဲသွားသည်။
ဓားသခင် ပိုင်ရှောင်း၏ ခန္ဓာကိုယ်မှာလည်း ပြင်းထန်စွာ တုန်ခါသွားပြီး သူ၏ တန်ဖိုးကြီး ဓားမှာ အလယ်မှနေ၍ ထက်ပိုင်း ကျိုးပဲ့သွားသည်။ တစ်ချိန်တည်းမှာပင် လက်ထဲရှိ ဓားအကျိုးနှင့် လက်မောင်း တစ်ဝက်ခန့်မှာ ရေခဲအဖြစ် အေးခဲသွား၏။
အာရှီလီရန်ကမူ သူမ၏ ဓားကို တစ်ချက် ဝှေ့ယမ်းလိုက်ရုံမျှဖြင့် လက်မောင်းမှ အင်္ကျီလက်စများ အားလုံး ပေါက်ပြဲသွားပြီး နှင်းထက်ပင် ဖြူဖွေးနူးညံ့သော လက်မောင်းလေး ပေါ်ထွက်လာသည်။
ချက်ချင်းပင် သူမက ပိုင်ရှောင်းကို အံ့ဩစွာ စိုက်ကြည့်လိုက်သည်။ သူမ၏ ဓားတစ်ချက်ကို ယှဉ်နိုင်သူ မရှိသလောက် ရှားပါးလှရာ ဤနေရာတွင် ထိုမျှ အစွမ်းထက်သော သိုင်းပညာရှင် တစ်ဦးနှင့် တွေ့ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
“ရှင့်နာမည် ဘယ်လိုခေါ်လဲ”
သူမ မေးလိုက်သည်။
“ပိုင်ရှောင်း”
ဓားသခင် ပိုင်ရှောင်း ပြန်ဖြေလိုက်၏။
အာရှီလီရန်၏ လှပသော မျက်ဝန်းများ အရောင်လက်သွားပြီး ဝါသနာတူ တစ်ဦးကို တွေ့လိုက်ရသည့်အလား စိတ်ဝင်စားမှု အရိပ်အယောင်များ ပြသလာသည်။
“ရှင်က... ပိုင်ရှောင်း လား”
“ဟုတ်တယ်...”
“ရှင့်ရဲ့ဓားပညာက တကယ်ပဲချီးကျူးထိုက်ပါပေတယ်”
“မခံယူဝံ့ပါဘူး”
ပိုင်ရှောင်း ခေါင်းယမ်းကာ နိမ့်ချစွာဆိုလိုက်သည်။ အာရှီလီရန်က သူ့ထက် အသက် ၂၀ ခန့် ငယ်ရွယ်သော်လည်း ယခုလေးတင် ဓားချင်းယှဉ်ရာ၌ သူမက သူ့ထက်ပင် သာလွန်လုနီးပါး ဖြစ်နေသည် မဟုတ်ပါလော။
အာရှီလီရန်က ဆက်ပြောလာသည်။
“ရှင့်ရဲ့ ဓားသိုင်းက နုလန်ဘုရင့်နိုင်ငံမှာ ပထမလို့ ပြောကြတယ်... ဒီနေ့တော့ သင်ယူခွင့် ရတာပေါ့”
“မဝံ့ရဲပါဘူး..ဒါပေမဲ့ မိန်းကလေးစိတ်ဝင်စားရင် ကျေးဇူးပြုပြီး သင်ပြပေးပါအုန်း... “
ဓားသခင် ပိုင်ရှောင်းက ပြောလိုက်ပြီးနောက် ကျိုးနေသော ဓားတိုလေးကို တစောင်း ကိုင်ဆောင်လိုက်ရာ ဂုဏ်သိက္ခာကြီးမားလှသော မဟာဆရာသခင် တစ်ဦး၏ အငွေ့အသက်များ ထွက်ပေါ်လာသည်။
အာရှီလီရန်က ဓားကို ကိုင်လျက် သေသပ်စွာ အရိုအသေ ပေးလိုက်သည်။
“ခွင့်လွှတ်ပါ”
“ရွှီး...”
သူမက ပထမဆုံး ဓားချက်ကို စတင် ထိုးစိုက်လိုက်၏။
ထိုဓားချက်ကို ကြည့်ရသည်မှာ ပေါ့ပါးပြီး သာမန်ဟုသာ ထင်ရသည်။
သို့သော် သူမ၏ ဓားသွား ပတ်လည်ရှိ လေထုက မထင်မှတ်ဘဲ ပုံပျက်သွားပြီး ထိုနေရာရှိ အလင်းတန်းများပင် ကောက်ကွေးသွားလေပြီ။
ထိုဓားချက်ကို ဓားသခင် ပိုင်ရှောင်းက လက်ထဲရှိ ဓားဖြင့် ပြန်လည် ရင်ဆိုင်လိုက်သည်။
“ချွင်...”
ကြောက်စရာကောင်းသော ရိုက်ခတ်သံကြီး ထပ်မံ ထွက်ပေါ်လာပြန်၏။
“ဒိုင်း... ဒိုင်း... ဒိုင်း...”
ချက်ချင်းပင် အိမ်တော်အတွင်းရှိ သလင်းကျောက် ပြတင်းပေါက်များ အားလုံး အမှုန့်အဖြစ် ပေါက်ကွဲသွားသည်။
ဆိုလွန်၏ နားစည်များမှာ စုတ်ပြဲလုမတတ် ဖြစ်သွားပြီး အလွန်အမင်း နာကျင်လာ သော်လည်း မလှုပ်ရှားနိုင်သေးချေ။
နောက်ဆုံး၌ အသူရာမိစ္ဆာကြယ်က အားကုန်သုံး၍ သူ၏ခန္ဓာကိုယ်အတွင်းရှိ အေးစက်သောစွမ်းအင်များကိုဝါးမြိုလိုက်မှသာ ဆိုလွန် ပြန်လည် လှုပ်ရှားနိုင်လာသည်။
လှုပ်ရှားလာနိုင်သည်နှင့်တပြိုက်နက် ဘေးနားရှိ ရဲ့ကျင်းဖုန်းကို လှည့်ကြည့်လိုက်လျှင် သူမ၏ ခန္ဓာကိုယ် တစ်ခုလုံး တောင့်တင်း အေးခဲနေပြီး အသက်ရှူသံပင် မရှိတော့သည်ကို တွေ့လိုက်ရ၏။
သူမ၏ ခန္ဓာကိုယ်ထဲတွင် အသူရာမိစ္ဆာကြယ် မရှိသဖြင့် အာရှီလီရန်၏ အပြာရောင် နှင်းဆီ လျှို့ဝှက်လက်နက်ဒဏ်ကို မခံနိုင်ခဲ့ခြင်းပင်။
ထိုအချိန်၌ မှော်ဆရာ ယောင်းမုန်က မီးတောက်အလား နီရဲနေသော ဆေးလုံးတစ်လုံးကို ဆိုလွန့်ထံကမ်းပေးလာသည်။
“သူ့ကို တိုက်လိုက်”
ဆိုလွန်က ထိုမီးတောက်နီ ဆေးလုံးကို ရဲ့ကျင်းဖုန်း၏ ပါးစပ်လေးထဲသို့ ထည့်ပေးလိုက်သည်။
တကယ်ကို အံ့ဩစရာပင်။ ခဏအကြာတွင် ရဲ့ကျင်းဖုန်း၏ ခန္ဓာကိုယ်ပေါ်မှ ရေခဲများ တဖြည်းဖြည်း အရည်ပျော်လာပြီး အပူချိန်နှင့် အသက်ရှူသံများ ပြန်လည် ရရှိလာသည်။
ရဲ့ကျင်းဖုန်းတစ်ယောက် အဘွားအို မှော်ဆရာကြီးမှာ ယခုအခါ ညှို့ယူဖမ်းစားနိုင်စွမ်းရှိသော အလှမယ်လေး တစ်ဦးအဖြစ် ပြောင်းလဲသွားသည်ကို မြင်လိုက်လျှင် မအံ့ဩဘဲ မနေနိုင်တော့ချေ။
မှော်ဆရာ ယောင်းမုန်က မီးတောက်နီ ဆေးလုံး တစ်လုံးကို ထပ်မံ ထုတ်ယူကာ မြွေကြီး၏ ပါးစပ်ထဲသို့ အတင်းအဓမ္မ ထည့်သွင်းပေးလိုက်၏။ အချိန်အနည်းငယ် ကြာပြီးနောက် မြွေကြီး၏ကိုယ်ပေါ်မှရေခဲများ တဖြည်းဖြည်း အရည်ပျော်လာသည်။
မှော်ဆရာ ယောင်းမုန်က မြွေကြီး၏ လည်ပင်းကို ကိုင်ကာ အားပြင်းပြင်းဖြင့် လှုပ်ရမ်းလိုက်လျှင် မြွေကြီး ကိုယ်တိုင် ထုံးထားခဲ့သော အထုံးမှာ ချက်ချင်းပင် ပြေကျသွား၏။
“သွားတော့...ဒီနေရာနဲ့ ဝေးဝေးကို ထွက်သွားတော့”
ယောင်းမုန်က မြွေကြီးကိုနောက်ဆုံးအမိန့်ပေးလိုက်သည်။
မြွေကြီးက မှော်ဆရာ ယောင်းမုန်၏ မျက်နှာကို လျှာဖြင့် လျက်လိုက်ပြီးနောက် ချက်ချင်းပင် အရိပ်အယောင်မကျန် ပျောက်ကွယ်သွားတော့သည်။
……
ဓားသခင် ပိုင်ရှောင်းက အာရှီလီရန်၏ ဒုတိယ ဓားချက်ကို ကာကွယ်နိုင်ခဲ့သည်။ သို့သော် သူ၏ လက်ထဲရှိ ကျိုးနေသော ဓားမှာ နောက်ထပ် တစ်ပိုင်း ထပ်မံ ကျိုးပဲ့သွားရပြန်သည်။
အာရှီလီရန်၏ တတိယ ဓားချက် ရောက်ရှိလာသည်။ ယခင်ကကဲ့သို့ပင် ပေါ့ပါးပြီး ဘာထူးခြားချက်မှ မရှိသယောင် ထင်ရသည်။
သို့သော် ထိုးစိုက်လိုက်သည့် စက္ကန့်ပိုင်းအတွင်း ဓားသွား ဖြတ်သန်းသွားရာ လေထုမှာ ချက်ချင်း အေးခဲသွားကာ အပြာရောင် နှင်းပွင့်လေးများအဖြစ် ပြောင်းလဲသွားသည်။
ထို့နောက် ထိုအပြာရောင် နှင်းပွင့်လေးများက သူမ၏ ဓားသွားထိပ်တွင် စုစည်းသွားပြီး ပိုင်ရှောင်းထံသို့ အပြင်းအထန် ထိုးစိုက်လာပြန်၏။
ပိုင်ရှောင်းက ဓားရိုးကိုလွှင့်ပစ်ကာ နောက်တစ်ချောင်းထပ်ထုတ်လျက် ခန္ဓာကိုယ်ကို လျင်မြန်စွာ လှည့်ပတ်လိုက်သည်။ သူက ခန္ဓာကိုယ်ချင်း ယှဉ်တိုက်၍ အာရှီလီရန်၏ ဓားကို ကန်ထုတ်ရန် ကြိုးစားလိုက်သည်။
“ဒိန်း...”
နောက်ထပ် ကြောက်စရာကောင်းလောက်အောင် နားကွဲမတတ် ရိုက်ခတ်သံကြီး ထွက်ပေါ်လာပြန်သည်။
ဆိုလွန်တစ်ယောက် သူ၏ နားနှစ်ဖက်ကို အတင်းအကျပ် ပိတ်ထားသော်လည်းကြောက်စရာကောင်းသော အသံကြီးက အာရုံငါးပါးအတွင်း ရူးသွပ်စွာ ထိုးဖောက် ဝင်ရောက်နေဆဲပင်။
တစ်ချိန်တည်းမှာပင် ပတ်လည် တစ်ကီလိုမီတာ အတွင်းရှိ ငှက်များ အားလုံး မြေပြင်ပေါ်သို့ ပြုတ်ကျလာပြီး အသေဆိုးဖြင့် သေဆုံးသွားကြသည်။
ထိပ်တန်း သိုင်းပညာရှင် နှစ်ဦး၏ ဓားချင်း ယှဉ်ပြိုင်မှု ရိုက်ခတ်သံကပင် မရေမတွက်နိုင်သော သက်ရှိများကို သေဆုံးစေခဲ့လေပြီ။
အပိုင်း ၃၆၀ ပြီး။