← Chapters

အခန်း ၁၉၇

Vol. 18 Ch. 197

အခန်း ၁၉၇

Vol. 18 Ch. 197

အပိုင်း (၁၉၇) "ဟာ... ဝိညာဉ်စက်ကွင်း တစ်ခု အသစ် ဖြစ်ပေါ်လာတာပဲ။"

အခြား တစ်ဖက်တွင်တော့ ကောင်းယမ်ကျိုး၏ မျက်နှာအမူအရာမှာ ပို၍ပင် တုန်လှုပ်နေ၏။ သူ့ကို ပိုမို အံ့အားသင့်စေသည့် အချက်မှာ ယွဲ့ရှို့၏ အမူအရာပင် ဖြစ်သည်။

သူက မယုံကြည်နိုင်စွာ ပြောလိုက်၏။ "အစ်ကိုယွဲ့... အစ်ကိုက ဒီဆေးဘက်ဝင် အစားအစာ ထဲက ဝိညာဉ်စွမ်းအင်တွေကို တကယ်ပဲ အာရုံ မခံစားမိဘူးလား။ ဒီလောက် ပြင်းထန်တဲ့ ဝိညာဉ်စွမ်းအင်တွေက... ကျုပ်ရဲ့ တစ်သက်တာမှာ စားဖူးသမျှ အပြင်းထန်ဆုံးပဲ။"

ယွဲ့ရှို့က သရော်သလို ရယ်မောလိုက်၏။ မျက်နှာသာ ပေးစရာ မလိုဘူး ဆိုလျှင် သူ၏ ရင်တွင်း စကားများကို အမှန်အတိုင်း ထုတ်ပြောလိုက်တော့မည် ဖြစ်သည်။ သဘောတရားအရ ဆိုလျှင် ကောင်းယမ်ကျိုး၏ မိသားစု နောက်ခံကလည်း မဆိုးလှချေ။ ကောင်းမွန်သည့် ဆေးဘက်ဝင် အစားအစာများကို မစားဖူးစရာ အကြောင်း မရှိပေ။

ဤသို့ ကြည့်ခြင်းအားဖြင့် ကောင်းမိသားစုက ဆေးဘက်ဝင် အစားအစာအပေါ် သိပ်ပြီး အလေးမထား၍ ဖြစ်ရမည်။ ဤသို့ တွေးမိသည်နှင့် သူက ခေါင်းခါလျက် ပြောလိုက်၏။ "အစ်ကိုကောင်း... ဒီဟင်းပွဲက ကျုပ်ပြောခဲ့သလိုပါပဲ။ အရသာ တစ်ခုတည်းကိုပဲ ပြောရရင် လောကမှာ အဆင့်တစ် ထိပ်တန်း စားဖိုမှူးကြီး ရဲ့ အဆင့်ပါပဲ။ အရမ်း ကောင်းမွန်တဲ့ ဟင်းပွဲတွေ ဆိုတာ များသောအားဖြင့် ဟင်းခတ်ပစ္စည်း နယ်တာတို့၊ အရသာ ညှိတာတို့ အပါအဝင် ရှည်လျားတဲ့ အချိန်ကာလ တစ်ခုအထိ ပြင်ဆင်မှု လုပ်ဆောင်ရတယ်။ ဒါပေမဲ့ သူဌေးဟုန်က ဒီလောက် တိုတောင်းတဲ့ အချိန်လေး အတွင်းမှာ ဟင်းပွဲကို ဒီလောက် ကောင်းမွန်အောင် ချက်ပြုတ်နိုင်တာက တကယ့်ကို ထိပ်တန်း စားဖိုမှူးကြီး ပါပဲ။

ဒါပေမဲ့... ဆေးဘက်ဝင် အစားအစာ ဆိုရင်တော့ အတော်လေး လိုအပ်နေသေးတယ်။ အစ်ကိုကောင်းကို မဖုံးကွယ်ဘဲ ပြောရရင်... ကျုပ်ကျင့်ကြံတဲ့ သိုင်းပညာက အနည်းငယ် ထူးခြားတယ်။ ဆေးအာနိသင် နိမ့်ကျတဲ့ ဟင်းပွဲတွေ ဆိုရင် ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူနိုင်စွမ်း မရှိတော့ဘူး။ ဒါကလည်း ဆေးဘက်ဝင် အစားအစာ တစ်ခုကို ကျုပ်အကဲဖြတ်တဲ့ တစ်ခုတည်းသော စံနှုန်းပါပဲ... ကျုပ်ဝိညာဉ်စွမ်းအင်ကို အာရုံ ခံစားမိပြီ ဆိုရင် အဲဒါက ထိပ်တန်း ဆေးဘက်ဝင် အစားအစာပဲ။"

ယွဲ့ရှို့က ခေါင်းခါပြလိုက်၏။ "ဒါပေမဲ့ ဒီဟင်းပွဲကတော့... တကယ်ကို လိုအပ်နေသေးတယ်..."

"ဒီဆေးဘက်ဝင် အစားအစာ ထဲက ဝိညာဉ်စွမ်းအင်ကိုတောင် အာရုံ မခံစားမိဘူး ဆိုတော့... အစ်ကိုယွဲ့ ပြောတဲ့ ထိပ်တန်း ဆေးဘက်ဝင် အစားအစာ ဆိုတာ ဘယ်လို အဆင့်အတန်းမျိုး ရှိနေမလဲ ဆိုတာကို တကယ် မှန်းဆကြည့်လို့ မရတော့ဘူးဗျာ။" ကောင်းယမ်ကျိုးက အနည်းငယ် သံသယ ဖြစ်နေသလို အလွန်လည်း အံ့အားသင့်နေမိသည်။

တစ်စုံတစ်ခုကို ထပ်ပြောရန် ပြင်လိုက်သော်လည်း ယွဲ့ရှို့၏ မျက်နှာအမူအရာက တောင့်တင်း သွားတော့၏။

ယွဲ့ရှို့ ကြောင်အံ့သွားသည်။ သူ နောက်ဆုံးတွင်တော့ ဝိညာဉ်စွမ်းအင်ကို အာရုံ ခံစားလိုက်ရပြီ မဟုတ်ပါလား။ ထို့အပြင် ... အလွန်အမင်း သောင်းကြမ်း ပြင်းထန်လွန်းသည့် ဝိညာဉ်စွမ်းအင်များ ဖြစ်နေသည်။

ယွဲ့ရှို့သည် ကောင်းယမ်ကျိုးလို မဟုတ်ချေ။ စောစောက ဝိညာဉ်စွမ်းအင်များမှာ အဆက်မပြတ် စုပုံနေခဲ့ခြင်း ဖြစ်ပြီး ယခု အချိန်ကျမှသာ တစ်ခါတည်း ပေါက်ကွဲ ထွက်ပေါ်လာခြင်း ဖြစ်၏။ ထို့ကြောင့် ဝိညာဉ်စွမ်းအင်များ၏ အဟုန်က ပိုမို သောင်းကြမ်း ပြင်းထန်နေခြင်း ဖြစ်သည်။ ဆည်ကျိုးပေါက်သွားသည့် ရေလွှမ်းမိုးမှုကြီး လိုမျိုး၊ တပ်မဟာ ထောင်သောင်းချီ၍ ဝင်ရောက် တိုက်ခိုက်လာသလိုမျိုး၊ တောင်တန်းကြီး ပြိုကျလာသလိုမျိုး၊ ဆူနာမီ လှိုင်းတံပိုးကြီး လိုမျိုးပင် ဖြစ်၏။

ထိုကြီးမားသည့် ဝိညာဉ်စွမ်းအင်များက အစာအိမ်ထဲသို့ တန်းခနဲ ထိုးဖောက် ဝင်ရောက်သွားပြီး ပူလောင် ကျွမ်းမြိုက်လာသဖြင့် ယွဲ့ရှို့၏ မျက်နှာအမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားသည်။

နောက်တစ်စက္ကန့်တွင်တော့ ထိုဝိညာဉ်စွမ်းအင်များက ခြေလက်နှင့် အရိုးအဆစ် အားလုံးဆီသို့ ပြင်းထန်စွာ စီးဆင်း သွား၏။ ယွဲ့ရှို့သည် သူ၏ကိုယ်ခန္ဓာကြီး ပေါက်ကွဲ ထွက်တော့မလို ခံစားလိုက်ရသဖြင့် ချက်ချင်းပင် တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး ထိုဝိညာဉ်စွမ်းအင်များကို ချေဖျက်ရန် သိုင်းပညာကို လည်ပတ် ကျင့်ကြံတော့၏။

"ဟင်။ ဒီဝိညာဉ်စွမ်းအင် ချေဖျက်တဲ့ လျှို့ဝှက်ချက် နည်းလမ်းကတော့ သာမန် မဟုတ်ဘူး။" ယင်းကျိုယိုက ရှားရှားပါးပါး ချီးကျူးစကား တစ်ခွန်း ပြောဆိုလိုက်သည်။

"ဟော။" ဟုန်ရှောင်ပေါင် ချက်ချင်းပင် ဝမ်းသာသွားသည်။ အဘိုး ကိုယ်တိုင် ချီးကျူးရလောက်သည့် နည်းလမ်းမျိုးက မည်မျှစွမ်းအားကြီးနေမည်နည်း။

ထို့ကြောင့် ပျော်ရွှင်စွာ ပြောလိုက်၏။ "ဒါဆို အဘိုး... ကျုပ်တို့ နည်းလမ်း ရှာပြီး အဲဒါကို လုယူကြမလား။"

"မင်းက တန်လန် ခန္ဓာကိုယ်လေ။ တန်လန် ခန္ဓာကိုယ်။"

ယင်းကျိုယိုက ဟုန်ရှောင်ပေါင်ကို အေးစက်စက် တစ်ချက် ကြည့်လိုက်သည်။ "ဒီနည်းလမ်းရဲ့ ဝိညာဉ်စွမ်းအင် ချေဖျက်တဲ့ အမြန်နှုန်းက တန်လန် ခန္ဓာကိုယ်ရဲ့ ဆယ်ပုံ တစ်ပုံတောင် မရှိဘူး။"

"ဟီးဟီး... နောက်တာပါဗျာ၊ နောက်တာပါ။" ဟုန်ရှောင်ပေါင်က ဟီးဟီးဟားဟား ရယ်မောလိုက်ပြန်၏။

ယခုအချိန်တွင်မူ ယွဲ့ရှို့၏ ကျောပြင်နေရာမှာ ရုတ်တရက် ဖောင်းကြွလာသည်။ အထဲသို့ လေမှုတ်ထည့်လိုက်သည့် အလားပင်။ ခဏအကြာတွင်တော့ သေးငယ်သော ဝိညာဉ်စက်ကွင်း တစ်ခု ဖြစ်ပေါ်လာသည်။

ဟုန်ရှောင်ပေါင်ကတော့ ထွေထွေထူးထူး မခံစားရသော်လည်း ကောင်းယမ်ကျိုးကမူ ကြက်သေသေသွားပြီး ပါးစပ် အစွမ်းကုန် ဟသွား၏။ "ဟာ... ဝိညာဉ်စက်ကွင်း တစ်ခု အသစ် ဖြစ်ပေါ်လာတာပဲ။"

"အဘိုး... ဒါက ဘာသဘောလဲဗျ။" ဟုန်ရှောင်ပေါင်တစ်ယောက် နားမလည်တော့ချေ။ အဆင့်တက်သည့် လှုပ်ရှားမှုများကို သူ အကြိမ်ကြိမ် တွေ့မြင်ဖူးသည် မဟုတ်ပါလား။ လုံးဝ ဤကဲ့သို့ ပုံစံမျိုး မဟုတ်ချေ။

"သိုင်းပညာ လမ်းစဉ် တစ်ခု ဖြစ်လောက်တယ်။"

ယင်းကျိုယိုက ကြည့်ရှုပြီးနောက် ပြောလိုက်၏။ "စောစောကမှ အသစ် ဖြစ်ပေါ်လာတဲ့ ဒီစက်ကွင်းကလွဲရင် မူလတည်းက စက်ကွင်း သုံးခု ရှိနေခဲ့တာ။ ဒီစက်ကွင်း သုံးခု အကြားက ဝိညာဉ်စွမ်းအင် အချိတ်အဆက်ကို ကြည့်ရတာ... သိသိသာသာကြီး အပြန်အလှန် ချိတ်ဆက် အလုပ်လုပ်နေတဲ့ ပုံစံပဲ။ ဒါပေမဲ့ အဲဒီထဲက စက်ကွင်း တစ်ခုက အနည်းငယ် မတည်မငြိမ် ဖြစ်နေတယ်။ နောင်တစ်ချိန်မှာ ဘေးဒုက္ခ ကြီးကြီးမားမား ဖြစ်လာနိုင်ခြေ အလွန် များတယ်။"

"သိပ်စွမ်းတာပဲ၊ သိပ်စွမ်းတာပဲ။" ဟုန်ရှောင်ပေါင်က ခေါင်းတညိတ်ညိတ်နှင့် ထောက်ခံလိုက်၏။ အဘိုး၏ ဗဟုသုတ ကြွယ်ဝမှုအပေါ် သူ သဘာဝကျကျ အပြည့်အဝ ဦးညွှတ် လေးစားသည် မဟုတ်ပါလား။

ကောင်းယမ်ကျိုးကတော့ အံ့အားသင့်လွန်း၍ ပါးစပ်ကြီး အစွမ်းကုန် ဟနေပြီး ပါးစပ်ထဲက အာလူးချောင်းကြော် အဖဲ့အချို့ ကျသွားသည်ကိုပင် မသိရှိတော့ချေ။ လျောင်ယွဲ့ လေအောင်းကျမ်း က မည်မျှ အစွမ်းထက်သည်ကို သူ အသိဆုံးပင်။ အလားတူပင် ထိုကျမ်းစာအရ ဝိညာဉ်စက်ကွင်းတစ်ခု ထပ်မံ တိုးပွားလာရန် ဆိုသည်မှာ မည်မျှ ခက်ခဲ ကြမ်းတမ်းကြောင်းကိုလည်း သူ ကောင်းကောင်းကြီး သိသည်။ သို့သော်ငြား ယနေ့တွင် ဆေးဘက်ဝင် အစားအစာ တစ်ပွဲ စားလိုက်ရုံနှင့် ဝိညာဉ်စက်ကွင်း တစ်ခု တန်းပြီး တိုးပွားလာခဲ့ပြီလား။

အတန်ကြာမှ သူ သတိပြန်ဝင်လာခဲ့၏။ တစ်ဖက်က ဝံပုလွေ တစ်ကောင်၊ ကျား တစ်ကောင်လို ဝါးမြို စားသောက်နေရင်းဖြင့် ကျန်တစ်ဖက်ကလည်း ဟုန်ရှောင်ပေါင်ကို တုန်လှုပ်စွာ ကြည့်လျက် ပြောလိုက်သည်။

"သူဌေးဟုန်... ခင်ဗျား... ခင်ဗျားက တကယ့် နတ်ဘုရားပဲ။ နတ်ဘုရားကြီး ပါပဲ။ အစ်ကိုယွဲ့ ရဲ့ ဝိညာဉ်စက်ကွင်း တစ်ခု ထပ်တိုးဖို့ ဆိုတာ ဘယ်လောက်တောင် ခက်ခဲတယ် ဆိုတာကို ခင်ဗျား သိရဲ့လား။ အခုတော့... အခုတော့ အောင်မြင် သွားခဲ့ပြီဗျ။"

ဟုန်ရှောင်ပေါင်သည် ဤအခြေအနေကို သေသေချာချာ မေးမြန်းချင်သော်ငြား အဘိုး၏ စကားကို သတိရသွားသဖြင့် တည်ငြိမ်စွာပင် ပြောလိုက်၏။ "စိတ်မဝင်စားဘူး။"

ပြောပြီးသည်နှင့် ကောင်တာပေါ်ရှိ စာအုပ် တစ်အုပ်ကို ပြန်လည် ကောက်ကိုင်ကာ ဖတ်ရှုနေတော့သည်။

ကောင်းယမ်ကျိုး အနည်းငယ် ကြောင်အံ့သွားပြီး ရင်ထဲတွင် ရုတ်တရက် တုန်လှုပ် သွားခဲ့၏။ အရာအားလုံးကို အရေးမစိုက်သည့် ဤစရိုက်လက္ခဏာ... သူသည် အလွန် ကြောက်ခမန်းလိလိ ကောင်းလှသော ဖြစ်နိုင်ခြေ တစ်ခုကို ရုတ်တရက် တွေးတော မိသွားသည်။ ဟုန်ရှောင်ပေါင်က... ဤနေရာမှာ တောရဆောက်တည်နေသော ရှေးဟောင်း သက်တော်ရှည် ဘီလူးကြီး တစ်ယောက်များ ဖြစ်နေမည်လား။

ဤသို့ တွေးမိသည်နှင့် ဘယ်မှာများ ပေါ့ပေါ့တန်တန် နေရဲတော့မည်နည်း။ မူလက သက်ကြီးဝါကြီး ပုဂ္ဂိုလ်ကြီးကို နှုတ်ဆက် ဂါရဝပြုချင်သော်ငြား တောရဆောက်တည်နေသည် ဆိုမှတော့ သူ၏ သာမန် ဖြစ်တည်မှုကို သူတစ်ပါး သိရှိသွားမှာ လိုလားမည် မဟုတ်ချေ။ ထို့ကြောင့် ဆူးချွန်များ ပေါ်တွင် ထိုင်နေရသလိုမျိုး အနေရခက်လာပြီး မိမိ၏ လုပ်ရပ် တစ်ခုခုက ဟုန်ရှောင်ပေါင်ကို ဒေါသ ထွက်သွားစေမည်ကိုသာ အလွန် စိုးရိမ် နေမိတော့သည်။

ယွဲ့ရှို့၏ ဝိညာဉ်စက်ကွင်းက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွား၏။ သို့သော်ငြား သူက ထိုနေရာတွင် အတန်ကြာ တင်ပျဉ်ခွေ ထိုင်နေဆဲ ဖြစ်သည်။ ထို့နောက် လက်ချောင်းများကို လှုပ်ရှား၍ မန္တန်တစ်ခု ရွတ်ဆိုလိုက်ပြီးမှ မျက်လုံးများကို ဖွင့်ကြည့်လိုက်၏။ မျက်လုံး ဖွင့်ဖွင့်ချင်းမှာပင် ချက်ချင်း ထိတ်လန့်တကြား မတ်တပ် ထရပ်လိုက်ပြီး ဟုန်ရှောင်ပေါင်ထံသို့ ၉၀ ဒီဂရီ ကိုင်းညွှတ်ကာ လေးလေးနက်နက် အရိုအသေ ပေးလိုက်သည်။ "သက်ကြီးဝါကြီး ပုဂ္ဂိုလ်ကြီး ရဲ့ ကြီးမားတဲ့ ကျေးဇူးတော်ကို ကျေးဇူးတင်ရှိပါတယ်ဗျာ။"

"ကျေးဇူးတင်စရာ မလိုပါဘူး..." ဟုန်ရှောင်ပေါင်က အလိုအလျောက် ပြောလိုက်သော်လည်း အနည်းငယ် ကြောင်အသွား၏။ သက်ကြီးဝါကြီး ပုဂ္ဂိုလ်ကြီး တဲ့လား... ဒါက ဘာသဘောလဲ။

ထို့ကြောင့် သံသယ တကြီး မေးလိုက်သည်။ "သက်ကြီးဝါကြီး ပုဂ္ဂိုလ်ကြီး။"

"ဆေးဘက်ဝင် အစားအစာ ချက်ပြုတ်ရတာ ဘယ်လောက် ခက်ခဲတယ် ဆိုတာကို ကျုပ်အသိဆုံးပါ။ ဆေးမြစ် တစ်ခု ထပ်မံ ဖြည့်စွက်ဖို့အတွက်ဆိုတာ မရေမတွက်နိုင်တဲ့ စမ်းသပ်မှုတွေကို ဖြတ်သန်းခဲ့ရတာပဲ။ သက်ကြီးဝါကြီး ပုဂ္ဂိုလ်ကြီးရဲ့ ဒီဟင်းပွဲက အပေါ်ယံ ကြည့်ရင် ရိုးရှင်း သာမန် ပုံစံ ရှိပေမဲ့... ဝိညာဉ်စွမ်းအင် ပြည့်ဝ ပြင်းထန်မှုကတော့ ကျုပ်ရဲ့ တစ်သက်တာမှာ မြင်ဖူးသမျှ အကောင်းဆုံးပါပဲ။

အံ့ဩစရာ အကောင်းဆုံး အချက်ကတော့... ဒီလောက် ပြင်းထန်တဲ့ ဆေးဘက်ဝင် အစားအစာ ဖြစ်နေတဲ့အပြင် ကမ္ဘာပေါ်မှာ အကောင်းဆုံး အရသာ ရှိနေတာပါပဲ။ ပြီးတော့... ပထမအဆင့် ဆေးမြစ် အနည်းငယ်ကိုပဲ အသုံးပြုပြီး ချက်ပြုတ်ထားတာလေ။ ဒီဟင်းပွဲ တစ်ပွဲတည်းနဲ့တင်... သာမန် ထိပ်တန်း စားဖိုမှူးကြီး တစ်ယောက်က တစ်သက်လုံး ကြိုးစားရင်တောင် ချက်ပြုတ်နိုင်မှာ မဟုတ်တဲ့ ပြိုင်ဘက်ကင်း လက်ရာ တစ်ခု ဆိုတာ သေချာနေပါပြီ။"

ယွဲ့ရှို့၏ မျက်နှာထက်တွင် လေးစားမှုနှင့် တုန်လှုပ်မှုများက ပြည့်နှက်နေ၏။ "အံ့ဩ တုန်လှုပ်စရာ အကောင်းဆုံးကတော့ ဆေးဘက်ဝင် အစားအစာက ဒီလောက်တောင် အရသာ ရှိနေတာပဲ... ကျုပ်... ကျုပ် ဒါက ဘယ်လောက်တောင် အဆင့်မြင့်တဲ့ စွမ်းဆောင်ရည်မျိုးလဲ ဆိုတာကို မှန်းဆကြည့်လို့တောင် မရတော့ဘူးဗျာ။"

‘ဒါဆို... မင်းက ငါ့ကို ရှေးဟောင်း သက်တော်ရှည် ဘီလူးကြီး တစ်ယောက်လို့ ထင်နေတာပေါ့လေ။’

ဟုန်ရှောင်ပေါင် စိတ်ထဲမှ တခိခိ ရယ်မောနေမိ၏။ "အဘိုး... ကြည့်ပါအုံး... ဒီအကဲဖြတ်စကားတွေက မူလက အဘိုးအတွက် ရည်ရွယ်တာဗျ။"

"ဒါက သဘာဝကျကျ ဖြစ်သင့်တာပေါ့။"

ယင်းကျိုယိုလည်း အတန်အသင့် ဂုဏ်ယူနေမိသည်။ "ငါ ဒီကောင်လေးကို ကြည့်ရတာ မျက်စိထဲ ရှင်းတယ်။ သူ ဒုတိယ ဝိညာဉ်စက်ကွင်း မတည်မငြိမ် ဖြစ်နေတဲ့ အကြောင်းကို ပြောပြလိုက်စမ်းပါ... ငါ ကိုယ်တော် မြတ်ကြီး သူ့ကို ဆုချလိုက်တဲ့ ပစ္စည်းလို့ပဲ မှတ်ယူလိုက်တော့။"

"အယ်..." ဟုန်ရှောင်ပေါင်ကတော့ ဤအကြောင်းအရာကို ကြားသိပြီး ကတည်းက သတင်းအချက်အလက်ကို ပိုက်ဆံရအောင် မည်သို့ရောင်းစားရမည်နည်းဟု စဉ်းစားနေခဲ့ခြင်း ဖြစ်၏။ သို့သော်ငြား အဘိုးက အမိန့်ပေးလာပြီ ဆိုမှတော့ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ရုံသာ ရှိတော့သည်။ ထို့ကြောင့် ခေါင်းညိတ်လျက် ပြောလိုက်၏။ "မင်းရဲ့ အကဲခတ်နိုင်တဲ့ မျက်စိ အတော်လေး ကောင်းမွန်တာကို ထောက်ထားပြီး... ငါ မင်းကို စကားတစ်ခွန်း ဆုချလိုက်မယ်။"

ယွဲ့ရှို့ အလွန် ဝမ်းသာသွားသည်။ ဤကဲ့သို့ သက်ကြီးဝါကြီး ပုဂ္ဂိုလ်ကြီးများဆီမှ ကျပန်း ထွက်ပေါ်လာသည့် စကားတစ်ခွန်းကပင် တန်ဖိုး မဖြတ်နိုင်သော ရတနာများ ဖြစ်ကြသည် မဟုတ်ပါလား။ အကယ်၍ သိုင်းကွက် တစ်ကွက်လောက်များ လမ်းညွှန်မှု ရရှိခဲ့ရင်... တစ်သက်လုံး အကျိုးကျေးဇူး ခံစားရနိုင်လောက်သည်။ ထို့ကြောင့် အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် လက်ကို ဆွဲချကာ ဘေးတွင် ရိုသေစွာ ရပ်နေလိုက်သည်။

All Chapters