အခန်း ၁၉၈
Vol. 18 Ch. 198
အပိုင်း (၁၉၈) "ကျေနပ်ပါတယ်... အလွန်တရာ ကျေနပ်ပါတယ်။"
"မင်းရဲ့ ဒုတိယ ဝိညာဉ်စက်ကွင်းက မတည်မငြိမ် ဖြစ်နေတယ်။ နောင်တစ်ချိန်မှာ ဘေးဒုက္ခ ကြီးကြီးမားမား ဖြစ်လာနိုင်ခြေ ရှိတယ်။" ဟုန်ရှောင်ပေါင်က တည်ငြိမ်စွာပင် ပြောလိုက်သည်။
"ဟင်။"
ယွဲ့ရှို့သည် မူလက ဟုန်ရှောင်ပေါင်အနေဖြင့် သူ့ကို စကား တစ်ခွန်း၊ နှစ်ခွန်းလောက် လမ်းညွှန် ပေးလိမ့်မည် ဟု မျှော်လင့်နေခဲ့ခြင်း ဖြစ်၏။ ယခုအချိန်တွင်မူ ချက်ချင်းပင် ကြက်သေသေ သွားသည်။ သူ၏ လျောင်ယွဲ့ လေအောင်းကျမ်း မှာ အစ်မ ဖြစ်သူနှင့် ဂိုဏ်း အကြီးအကဲ နှစ်ယောက် တို့က အတည်ပြု စစ်ဆေး ပေးထားပြီးသား ဖြစ်သည်။ အဘယ်သို့ ပြဿနာ ရှိနိုင်မည်နည်း။
လူတိုင်းက မကောင်းသည့် သတင်းစကားများကို မသိစိတ်ကနေ ငြင်းဆန်ချင်ကြစမြဲ ဖြစ်ရာ ယွဲ့ရှို့လည်း ထိုနည်းလည်းကောင်းပင်။ သို့သော် သူက စိုးရိမ်တကြီး မေးလိုက်၏။ "ဒါဆို... သက်ကြီးဝါကြီး ပုဂ္ဂိုလ်ကြီး... ကျုပ် ဘယ်လို လုပ်ရမလဲ။"
"ငါ မင်းကို ပြောပြပြီးပြီပဲ။ ဒါကို ဘယ်လို ဖြေရှင်းမလဲ ဆိုတာကတော့... မင်းရဲ့ ကိုယ်ပိုင် ကိစ္စ ဖြစ်သွားပြီ။"
ဟုန်ရှောင်ပေါင်က ခဏမျှ ရပ်တန့်ပြီးမှ ဆက်ပြော၏။ "မှတ်ထား... ငါ့ကို တခြားသူတွေက သက်ကြီးဝါကြီး ပုဂ္ဂိုလ်ကြီး လို့ ခေါ်တာကို မကြိုက်ဘူး။"
"နားလည်ပါပြီ... သက်... သူဌေးဟုန်။" ပြောပြီးသည်နှင့် ယွဲ့ရှို့က ထွက်ခွာရန် ပြင်လိုက်သည်။
ဟုန်ရှောင်ပေါင် ချက်ချင်းပင် စိတ်ပူသွား၏။ ဒီကောင် … လောင်းကြေး ထပ်ထားတာတွေကရော။
ယွဲ့ရှို့အနေဖြင့် ဤသည်မှာ သက်ကြီးဝါကြီး ပုဂ္ဂိုလ်ကြီး တစ်ယောက်က နောက်ပေါက် လူငယ်များကို မြှင့်တင် ပေးချင်၍ ဆင်ခြေ ရှာနေခြင်းသာ ဖြစ်သည်ဟု ထင်မှတ်နေကြောင်းကို သူ ဘယ်မှာ သိနိုင်ပါမည်နည်း။ သဘာဝကျကျ တွေးကြည့်လျှင်လည်း ဤကဲ့သို့ သက်ကြီးဝါကြီး ပုဂ္ဂိုလ်ကြီးများက အသေးအမွှား ဝိညာဉ်ကျောက်တုံး အနည်းငယ်လောက်ကို ဂရုစိုက်နေပါ့မည်လား။
ဟုန်ရှောင်ပေါင်ကတော့ အလွန်အမင်း စိတ်လောနေချေပြီ။ တစ်ဖက်တွင်လည်း ဤဝိညာဉ်ကျောက်တုံး ငါးဆယ်ကို လုံးဝ လက်လွှတ်ခံ၍ မဖြစ်သလို၊ ကျန်တစ်ဖက်တွင်လည်း သူ စောစောလေးကမှ တည်ဆောက်ထားသည့် ခန့်ညား ထည်ဝါသော ပုံရိပ်ကြီးကို ထိခိုက် စေ၍ မဖြစ်ချေ။ ထို့ကြောင့် သွယ်ဝိုက်သော စကား အသုံးအနှုန်း တစ်ခုကို ရှာဖွေရပေမည်။
သူက သွယ်ဝိုက်စွာ မေးလိုက်၏။ "ဝိညာဉ်ကျောက်တုံးတွေကရော။"
"ဟင်။" ယွဲ့ရှို့၏ ခြေလှမ်းများက တုံ့ခနဲ ရပ်တန့်သွားသည်။
"မင်းက ငါ့ရဲ့ ဒီဆေးဘက်ဝင် အစားအစာကို စိတ်မကျေနပ်သေးဘူး ဆိုတဲ့ သဘောလား။" ဟုန်ရှောင်ပေါင်၏ အသံတွင် တမင်သက်သက် နှာသံ အနည်းငယ် ရောနှော ထည့်သွင်း လိုက်၏။
ယွဲ့ရှို့၏ ခန္ဓာကိုယ် တစ်ခုလုံး တင်းမာသွားပြီး ချက်ချင်း ပြောလိုက်သည်။ "ကျေနပ်ပါတယ်... အရမ်း ကျေနပ်ပါတယ်။"
ပြောရင်းဖြင့် ဝိညာဉ်ကျောက်တုံးများကို ရိုရိုသေသေ လှမ်းပေးလိုက်၏။
ဟုန်ရှောင်ပေါင်က ဤဝိညာဉ်ကျောက်တုံးတွေကို တောင်းရတဲ့ အဓိပ္ပာယ်က ဘာလဲ ဆိုသည်ကို သူ သေချာ မမှန်းဆတတ်တော့ချေ။ အကယ်၍ ဝိညာဉ်ကျောက်တုံးတွေကို ရိုးရိုးသားသား လိုချင်သည် ဆိုလျှင်တော့ တစ်အိတ်လုံး ပေးလိုက်ရုံပင်။
သို့သော်ငြား ရှေးဟောင်း သက်တော်ရှည် ဘီလူးကြီးများ၏ စရိုက်က အလွန် ထူးဆန်း ဆန်းကြယ်တတ်ကြောင်း သတိရသွားသဖြင့် အများကြီး ပေးလိုက်လျှင် ဟုန်ရှောင်ပေါင် ဒေါသထွက်သွားမည်ကို အလွန် စိုးရိမ်မိသွားသည်။ ထို့ကြောင့် တစ်လုံးချင်းစီ ရှင်းရှင်းလင်းလင်း ရေတွက်ပြီး ဝိညာဉ်ကျောက်တုံး ငါးဆယ် တိတိ ကိုသာ ပေးအပ်ကာ မူလနေရာတွင် ရိုသေစွာ ရပ်နေလိုက်၏။
ဟုန်ရှောင်ပေါင်က ထိုဝိညာဉ်ကျောက်တုံး အိတ်ကို မြင်လိုက်ရသည့် အခါတွင်တော့ လှမ်းဆွဲယူပြီး သိမ်းပိုက် လိုက်ချင်စိတ်တွေ ပေါက်နေတော့သည်။
ကောင်းယမ်ကျိုးလည်း ထိုနည်းလည်းကောင်းပင်။ သူတို့နှစ်ယောက်စလုံး ဤကိစ္စရပ်များ အားလုံး လုပ်ဆောင်ပြီးစီးမှသာ ဟုန်မိသားစုဆိုင် ထဲမှ ရိုရိုသေသေ နောက်ဆုတ် ထွက်ခွာသွားကြ၏။
သူတို့ ထွက်သွားပြီးသည့် နောက်တွင်တော့ ဟုန်ရှောင်ပေါင်တစ်ယောက် အရူးတစ်ယောက်လို ပျော်ရွှင် နေတော့သည်။ ဝိညာဉ်ကျောက်တုံး တစ်ရာကို ဆုပ်ကိုင်လျက် အကျယ်ကြီး ရယ်မောလိုက်သည်။ "ရှဲ... ရှဲ... ရှဲ... ရှဲ... ဝိညာဉ်ကျောက်တုံး တစ်ရာ။ ဝါးဟားဟားဟားဟား... ချမ်းသာပြီကွ။"
ယင်းကျိုယိုက သက်ပြင်းတစ်ချက် ချလိုက်သည်။ တော်သေးသည်မှာ ဟုန်ရှောင်ပေါင်အကြောင်း သူ တဖြည်းဖြည်း ပိုမို နားလည်လာခဲ့ခြင်း ဖြစ်၏။ ဤကောင်လေးသည် အတန်အသင့် လွတ်လပ် သက်သောင့်သက်သာ နေတတ်သူ ဖြစ်ကြောင်း သူ သိသည်။ မည်သည့် ကိစ္စမဆို ခဏတာနှင့် ပြီးဆုံး သွားတတ်၏။ ဥပမာ- ယွင်ချိုင်ရှောင် ကိစ္စကို ကြည့်လေ... စတင် ခွဲခွာရစဉ်က ဟုန်ရှောင်ပေါင် မည်မျှ ဝမ်းနည်း နေခဲ့သနည်း။ ယခု တစ်ရက်လေးပဲ ရှိသေးသည် .. သူ မေ့သွားပြန်ပြီ မဟုတ်ပါလား။
"အင်း... ချိုင်ရှောင်... ညီမလေး ချိုင်ရှောင်ရယ်... ညီမလေး ချိုင်ရှောင်... စိတ်ချပါ။ ကိုကို မကြာခင်မှာပဲ ပိုက်ဆံတွေ အများကြီး ရှာပြီး... ဝိညာဉ်ဆေးမြစ် တန်နဲ့ချီပြီး စားသောက်ကာ မင်းဆီကို လာခဲ့ပါ့မယ်။"
ဟုန်ရှောင်ပေါင်က ဝိညာဉ်ကျောက်တုံးများကို ပွတ်သပ်ရင်းဖြင့် မျက်လုံးများထဲတွင် ဝမ်းနည်း ကြေကွဲသည့် အရိပ်အယောင်များက ပြည့်နှက်နေ၏။
ယင်းကျိုယို "..."
ဟုန်ရှောင်ပေါင်က ပြောသည့်အတိုင်း လက်တွေ့ လုပ်ဆောင်တတ်သူ ဖြစ်၏။ ချက်ချင်းပင် လူးလဲ ထပြီး မီးဖိုချောင် ထဲသို့ ပြေးဝင်သွားသည်။ အရင် အကြိမ်များနှင့် မတူညီသည့် အချက်မှာ ယခုတစ်ခေါက်သည် သူကိုယ်တိုင် စားသုံးရန် ဆေးဘက်ဝင် အစားအစာ ချက်ပြုတ်ခြင်း ဖြစ်သည်။
သူ၏စုဆောင်းငွေ အားလုံးနီးပါး ကုန်ခံပြီး ဝယ်ယူထားရသည့် တတိယအဆင့် ဆေးမြစ်ပုံကြီးကို ကြည့်ကာ ဟုန်ရှောင်ပေါင်က လေးနက်စွာ ဆုံးဖြတ်ချက် ချလိုက်၏။ "အဘိုး... ဒီဟင်းပွဲက အရမ်း ဈေးကြီးတာဗျ။ လာ... အဘိုး... တစ်ဆင့်ချင်းစီ သေသေချာချာ သင်ပေးပါ။ အဘိုး ပြောတဲ့အတိုင်း တစ်သဝေမတိမ်း လိုက်လုပ်မယ်။"
"ဒြပ်စင်ငါးပါးဆေးလုံးတုန်းက ငါ မင်းကို လက်တွဲပြီး ကိုယ်တိုင် သင်ပေးခဲ့တယ် ... အဲဒါက တကယ်ကို အရေးကြီးလွန်းတဲ့ အချိန်မို့လို့။ အခု မင်းရဲ့ အရှေ့မှာ ရှိနေတဲ့ ဒီအသေးအမွှား တတိယအဆင့် ဆေးဘက်ဝင် အစားအစာလေး အတွက်နဲ့ ငါက မင်းကို လက်တွဲပြီး သင်ပေးရအုံးမယ် ဟုတ်လား။"
ယင်းကျိုယိုက အေးစက်စွာ ရယ်မောလိုက်သည်။ "ဒါဆို နောက်ပိုင်း စတုတ္ထအဆင့်တွေ ရောက်ရင်ရော... ပဉ္စမအဆင့်တွေ ရောက်ရင်ရော... ဘယ်လို လုပ်မလဲ။"
"အယ်..." ဟုန်ရှောင်ပေါင်တစ်ယောက် ကိုယ့်ဘက်က အကြောင်းပြချက် မခိုင်လုံကြောင်း ချက်ချင်း သိရှိသွား၏။ အဘိုးက ပြောစကား တစ်ခွန်းကို နှစ်ခွန်း မဖြစ်စေသည့် ပုဂ္ဂိုလ် ဖြစ်ကြောင်း သိထားသဖြင့် ထပ်မံ ဂျစ်ကန်ကန် မလုပ်နေတော့ဘဲ အဘိုး၏ ရှင်းလင်း သင်ကြားမှုများကို အနုစိတ် သေသပ်စွာ နားထောင်တော၏။
"ဆပ်ပြာမုန်ညင်းက အနက်ရောင်သန်းတဲ့ အညိုရောင် ရှိတယ်။ အဲဒီအထဲမှာ ဒြပ်စင် တစ်မျိုး ပါဝင်တယ်... အနည်းငယ် စေးကပ်ပြီး အရမ်း ချဉ်တယ်။ သာမန် သေမျိုးတွေ ထိမိရင် ခဏလေး အတွင်းမှာ အသားတွေကို ကွာကျပြီး အရိုးအထိ ဆွေးမြည့် သွားစေနိုင်တယ်။ ဒီဒြပ်စင်ကို ငါက မြေအောင်းအုတ်ပြား၊ မာကျားသစ်သီး တို့လို ဆေးမြစ် မျိုးစုံ ထဲမှာ တွေ့ရှိခဲ့ဖူးတယ်။ ငါ အဲဒီဒြပ်စင်ကို လွီအက်ဆစ် လို့ အမည် ပေးထားတယ်..."
အဘိုးက သူ၏ သမိုင်းဝင် စွယ်စုံကျမ်းကြီး တစ်ခုလို အားကောင်း မောင်းသန် စွမ်းဆောင်ရည်ကို ထပ်မံ ပြသလိုက်ပြန်၏။ "လွီအက်ဆစ်မှာ အသုံးဝင်တဲ့နေရာတွေ အများကြီး ရှိတယ်။ အဖျားကြီးတာကို ကျစေနိုင်တယ်။ အကြီးမားဆုံး အသုံးဝင်မှုကတော့... အခြား ကုန်ကြမ်းပစ္စည်းတွေကို ပေါင်းစပ်ပေးတာပဲ။ ဒါပေမဲ့ အချိုးအစား ပမာဏကိုတော့ ဂရုစိုက်ရမယ်... မဟုတ်ရင် မတော်တဆ အပူလွန်ကဲပြီး ပျက်စီးသွားတတ်တယ်..."
ဟုန်ရှောင်ပေါင်က အဆက်မပြတ် နားထောင်နေ၏။ အရင် တစ်ကြိမ် ရှင်းလင်း ပြသမှုများ အတိုင်းပင်... သူက အလွတ် ကျက်မှတ်နေခြင်း မဟုတ်ဘဲ၊ ၎င်းတို့၏ သဘောတရားနှင့် အလုပ်လုပ်ပုံ နိဿယများကို တစ်ချက်ချင်းစီ မှတ်သားနေခြင်း ဖြစ်သည်။
ဤသို့ သင်ကြားပေးမှုက ညနေစောင်းအထိ ကြာမြင့်သွား၏။ ထိုလုပ်ငန်းစဉ် အတွင်းမှာပင် ဆေးဘက်ဝင် အစားအစာဆိုင်သို့ ဖောက်သည် တစ်ယောက် ရောက်ရှိလာသည်။ ဟုန်ရှောင်ပေါင်သည် ရာခိုင်နှုန်း တစ်ရာ အပြည့် ဧည့်ခံ လိုက်ချင်၏။ သို့သော် လုပ်စရာ မရှိချေ။ ယခုအချိန်သည် ဆိုင်ဖွင့်ချိန် မဟုတ်ပါလား။ ထိုသူကို ညနေပိုင်း ကျမှသာ ပြန်လာခဲ့ရန် ပြောလွှတ်လိုက်ရသည်။ ထိုသူ ထွက်သွားသည့် အချိန်တွင်လည်း သူ၏ မျက်နှာထက်၌ အေးစက်သော သရော်ရယ်မောမှုများက ပြည့်နှက်နေ၏... "ဟန်ရေးပြ ဖြီးဖြန်းနေတာပါပဲ။"
ဟုန်ရှောင်ပေါင်လည်း လုပ်စရာ မရှိတော့ချေ။ "အဘိုး... စီးပွားရေး ဆိုတာ ဒီလို လုပ်ရတာ မဟုတ်ဘူးဗျ။"
"အရူးကောင်။ မှတ်ထား... မင်း ဒီပိုက်ဆံလေး အနည်းငယ် ရှာနေတာက ကိုယ့်ရဲ့ သိုင်းစွမ်းရည် တိုးတက်ဖို့အတွက် အထောက်အပံ့ ပြုဖို့ပဲ ဆိုတာကိုလေ။"
ယင်းကျိုယိုက သရော်သလို ပြောလိုက်သည်။ "တကယ်လို့ မင်းက ခွန်အား စွမ်းအင် အားလုံးကို ဒီဖင်တစ်ကွက်စာ စီးပွားရေးလေး အပေါ်မှာပဲ သွားပြီး မြှုပ်နှံထားမယ် ဆိုရင်တော့... အဓိက အရာကို စွန့်လွှတ်ပြီး အသေးအမွှား အရာကို လိုက်စားသလို ဖြစ်သွားလိမ့်မယ်။"
"ဟုတ်ကဲ့ပါဗျာ၊ ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ... အဘိုးက အကြီးဆုံးပဲဗျာ။ အဘိုး ပြောတာ နားထောင်ပါ့မယ်။" ဟုန်ရှောင်ပေါင်လည်း လုပ်စရာ နည်းလမ်း မရှိတော့ဘဲ လက်မြှောက် အရှုံးပေးလိုက်ရတော့၏။
ညနေစောင်းသည့် အချိန်အထိ ဟုန်ရှောင်ပေါင်သည် ဆေးဘက်ဝင် အစားအစာဆိုင်ကို စောင့်ကြပ်ရင်း၊ တစ်ဖက်ကလည်း အဘိုး၏ ရှင်းလင်း သင်ကြားမှုများကို နားထောင်နေခဲ့၏။ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မှတ်သား ပြီးစီးသွားသည့်အချိန်အထိ ဆိုင်သို့ နောက်ထပ် စီးပွားရေး ဖောက်သည် တစ်ယောက်မှ ထပ်မံ ရောက်မလာခဲ့ချေ။ အချိန် ကုန်ဆုံးသွားပြီ ဖြစ်၍ မီးဖိုချောင်ထဲသို့ ဝင်ကာ ကိုယ့်အတွက် ဆေးဘက်ဝင် အစားအစာကို စတင် ချက်ပြုတ်ရတော့သည်။
ဤဆေးဘက်ဝင် အစားအစာ၏ အမည်မှာ မုန်ညင်းပေါင်းလိမ္မော်ကော်ရည် ဟု ခေါ်၏။ လုပ်ဆောင်ပုံ နည်းလမ်းက အလွန် ရှုပ်ထွေး လွန်းလှသည်တော့ မဟုတ်ချေ။ ဟုန်ရှောင်ပေါင်က တစ်ခုချင်းစီ မှတ်သားထားပြီး ဖြစ်ရာ စိတ်ထဲမှ တစ်ခေါက် ထပ်မံ ရွတ်ဆို ကြည့်လိုက်၏။
ပြီးနောက် လိမ္မော်ကော်ရည် နှင့် ဆပ်ပြာမုန်ညင်း တို့ကို နယ်ဖတ် နှပ်ထားလိုက်၏။ လက်နှစ်ဖက်ကို ပွတ်သပ်ကာ ပြင်ဆင်ရင်း နာရီဝက်ခန့် စောင့်ဆိုင်းလိုက်သည်။ နောက်ဆုံးတွင်တော့ အဓိက ကုန်ကြမ်း နှစ်မျိုးစလုံး နှပ်ပြီးသွားပြီ ဖြစ်ရာ ဟုန်ရှောင်ပေါင်က ဆပ်ပြာမုန်ညင်း နှင့် လိမ္မော်ကော်ရည် တို့ကို ပြန်ထုတ်လိုက်သည်။
ဆပ်ပြာမုန်ညင်းထဲရှိ လွီအက်ဆစ်က တကယ့်ကို အစွမ်းထက် လွန်းလှသည်။ ဤနာရီဝက်လေး အတွင်းမှာပင် လိမ္မော်ကော်ရည်များ အားလုံးကို ဆွေးမြည့် အရည်ပျော် သွားစေခဲ့ပြီ ဖြစ်ရာ ယခုအခါတွင်မူ စေးကပ် နေသည့် ဒယ်အိုး တစ်လုံးစာ ဟင်းပျစ်ကြီး ဖြစ်နေချေပြီ။
"သိပ်စွမ်းတာပဲ၊ သိပ်စွမ်းတာပဲ။" ဟုန်ရှောင်ပေါင်က ပျော်ရွှင်စွာ ပြောလိုက်၏။ လိမ္မော်ကော်ရည် အရွက်များကို တစ်ရွက်ချင်းစီ ယူဆောင်ကာ ဤစေးကပ်နေသော ဒယ်အိုးထဲသို့ ထည့်ပြီး ညီညာစွာ သုတ်လိမ်းလိုက်သည်။ ထို့နောက် ပြန်ဆယ်ယူပြီး တူဖြင့် ဖြစ်သလို ခေါက်လိုက်၏။ အရွက် သုံးဆယ် ကျော်လောက် ရှိသည့် လိမ္မော်ကော်ရည် အရွက်များ အားလုံးကို ဤနည်းအတိုင်း တစ်ရွက်ချင်းစီ သုတ်လိမ်း ပြီးစီးသွားသည့် အခါမှသာ ဟုန်ရှောင်ပေါင်က ၎င်းတို့ကို ရွှေပြား အလွှာပေါင်း ဆယ်ဂဏန်းလောက်ဖြင့် အထပ်ထပ် ရစ်ပတ် ထုပ်ပိုးလိုက်သည်။ ထို့နောက် အပြင်ဘက်ဆုံးတွင် ငွေပိုးသားရွှံ့ လိမ်းကျံထားသည့် အလွှာတစ်ခုဖြင့် ထပ်မံ ဖုံးအုပ်လိုက်ပြီး ဤမြေစေးလုံးကြီးကို မီးဖို ထဲသို့ ထိုးထည့်လိုက်၏။
"ဟားဟား... တတိယအဆင့်ကို တက်ရောက်ခြင်း ပထမ ခြေလှမ်း... စပြီ။"