← Chapters

အခန်း ၁၉၉

Vol. 18 Ch. 199

အခန်း ၁၉၉

Vol. 18 Ch. 199

အပိုင်း (၁၉၉) "တကယ့်ကို ဝိညာဉ်ကျောက်တုံး တစ်ရာ့ခုနစ်ဆယ် တန်တဲ့ ဆေးဘက်ဝင် အစားအစာပဲ။"

ကော်ရည်ဖြင့် အုပ်၍ နှပ်ခြင်း ဆိုသည်မှာ အသားကို နယ်ခြင်းနှင့် ဟင်းခတ်အမွှေးအကြိုင် ထည့်ခြင်းတို့က အရေးအကြီးဆုံး ဖြစ်၏။ မီးကင်သည့် လုပ်ငန်းစဉ်တွင်တော့ အပူလွန်ကဲခြင်းမျိုး၊ အေးစက်လွန်းခြင်းမျိုး မဖြစ်စေရန်သာ လိုအပ်သည်။

ဟုန်ရှောင်ပေါင်က မီးပုံထဲရှိ မြေစေးလုံးကြီးကို ကြည့်ကာ ပြုံးရယ်လိုက်၏။ "အဘိုး... ကျုပ် အဆင့်တက်ဖို့ တတိယအဆင့် ဆေးမြစ် တစ်ထောင့်ငါးရာလောက် လိုမယ်လို့ ပြောခဲ့တယ် မဟုတ်လား။ ဒီမုန်ညင်းပေါင်း လိမ္မော်ကော်ရည်က ဆေးမြစ် ဘယ်လောက်လောက်နဲ့ ညီမျှလဲ။"

"လေးပင်လောက်တော့ ရှိမှာပေါ့။"

"ဝါးဟားဟားဟား... သိပ်စွမ်းတာပဲ။"

ဟုန်ရှောင်ပေါင် အလွန်အမင်း ပျော်ရွှင်သွားသည်. "တစ်နပ်ကို လေးပင်... တစ်နေ့ကို သုံးနပ်ဆိုတော့ လေးလလောက် ကြာရင် အဆင့်တက်နိုင်ပြီပဲ။ ဝါးဟားဟားဟား... သိပ်စွမ်းတာပဲ၊ သိပ်စွမ်းတာပဲ။"

"ဒီဆေးဘက်ဝင် အစားအစာ တစ်နပ်တည်းအတွက် ဝိညာဉ်ကျောက်တုံး တစ်ရာ့ခုနစ်ဆယ် ကုန်သွားတာ။ မင်းမှာ ငါ မသိတဲ့ လျှို့ဝှက် စုဆောင်းငွေတွေ ရှိနေလိမ့်မယ်လို့ တကယ်ကို မထင်ထားခဲ့ဘူး။" ယင်းကျိုယိုက သရော်သလို ရယ်မောလိုက်သည်။

"..." ဟုန်ရှောင်ပေါင် ရုတ်တရက် ဆွံ့အသွား၏။ တစ်ခဏလေး အတွင်းမှာပင် လူ့ဘဝကြီးက ထပ်မံ မှောင်မိုက် သွားသလို ခံစားလိုက်ရသည်။ သူသည် ယနေ့တွင် ယွဲ့ရှို့ နှင့် ကောင်းယမ်ကျိုး တို့ထံမှ ငွေကြေး အတန်အသင့် ရှာဖွေနိုင်ခဲ့ပြီး မနေ့ကလည်း ကျုံးဟယ် ထံမှ ဝင်ငွေ အနည်းငယ် ရရှိခဲ့သည် မဟုတ်ပါလား။ စုစုပေါင်း ပမာဏက ဝိညာဉ်ကျောက်တုံး တစ်ရာ့ခုနစ်ဆယ် တိတိ ရှိပေသည်။ သို့သော် ဤကဲ့သို့သော အခြေအနေမျိုးက နေ့တိုင်း ရှိနေမည် မဟုတ်ချေ။ ထို့အပြင် ... နှစ်ရက်ကို တစ်ခါလောက် ဤသို့ ဝင်ငွေမျိုး ရနေလျှင်တောင်မှ နှစ်ရက်နေမှ တစ်နပ်ပဲ စားနိုင်ပေမည်။

"မဖြစ်ဘူး... ဝိညာဉ်ကျောက်တုံးတွေရှာဖို့ နည်းလမ်း တစ်ခုခု ထပ်ရှာမှ ဖြစ်တော့မယ်။"

ဟုန်ရှောင်ပေါင်၏ မျက်နှာအမူအရာက နောက်တစ်ကြိမ် ကြမ်းကြုတ် ရက်စက်သွား၏။ "လက်နက် မှောင်ခို ရောင်းမလား... ဂိုဏ်းကြီးတွေကို ဓားပြတိုက်မလား... အမျိုးသမီးတွေနဲ့ ကလေးတွေကို လူကုန်ကူးမလား... မဟုတ်သေးဘူး... ဒါတော့ လုပ်လို့မဖြစ်ဘူး... နေအုံး... ဘာဖြစ်လို့ ဒီစကားတွေက ဒီလောက် နားယဉ်နေရတာပါလိမ့်။"

ဤသို့ ဟိုတွေးဒီတွေး လျှောက်တွေးနေရင်းဖြင့် မီးအပူချိန်က နောက်ဆုံးတွင်တော့ အနေတော် အနေအထားသို့ ရောက်ရှိလာခဲ့၏။ ဟုန်ရှောင်ပေါင်က ရင်တွေ တဒိန်းဒိန်းခုန်စွာဖြင့် မြေစေးလုံးကြီးကို မီးဖိုထဲမှ ဆွဲထုတ်လိုက်သည်။ သူ၏ အရေပြားက ထူထဲ ကြမ်းတမ်းသည် ဆိုသော်ငြား အချိန်ကြာမြင့်စွာ မီးဖုတ်ထားသည့် ငွေပိုးသားရွှံ့ နှင့် ထိတွေ့လိုက်သည့် အခါတွင်တော့ အလွန် ပူလောင် ကျင်စပ်သွားရ၏။

အနည်းငယ် အအေးခံပြီးနောက် ဟုန်ရှောင်ပေါင်က ဓားတစ်လက်ကို ယူလိုက်သည်။ ဓားနှောင့်ဖြင့် ကြွေထည်ကဲ့သို့ မာကျောနေပြီ ဖြစ်သော ငွေပိုးသားရွှံ့ အခွံကို ဖြည်းဖြည်းချင်း ထုခွဲလိုက်၏။ ထိုအခါ အထဲတွင် ဖောင်းကြွနေသည့် ရွှေရောင် အတုံးကြီး တစ်ခု ထွက်ပေါ်လာသည်။

ဆယ်ဂဏန်းလောက် ရှိသည့် ရွှေပြား အလွှာများမှာ တစ်လွှာတည်းအဖြစ် ပေါင်းစပ် အရည်ပျော် နေခဲ့ပြီ ဖြစ်၏။ ဟုန်ရှောင်ပေါင်က ရွှေပြား ကြက်ဥလုံးကြီးကို ဒယ်အိုးထဲသို့ ထည့်လိုက်သည်။ ထို့နောက် ရွှေပြားများကို တစ်လွှာချင်းစီ ဖယ်ရှားလိုက်ရာ အခိုးအငွေ့ တထောင်းထောင်း ထနေဆဲ ဖြစ်သည့် လိမ္မော်ကော်ရည် အရွက်များ ပေါ်ထွက်လာတော့၏။

လိမ္မော်ကော်ရည် အရွက်များကို မြင်လိုက်ရသည့် စက္ကန့်ပိုင်းလေး အတွင်းမှာပင် သင်းပျံ့သော အမွှေးရနံ့တစ်ခု ပျံ့လွင့်လာခဲ့သည်။ ဤရနံ့က ကြာရွက်၏ ရနံ့နှင့် တူသလိုမျိုး၊ မိုးရွာပြီးစ မနက်ခင်း၏ လတ်ဆတ် သန့်စင်သော လေထုနှင့်လည်း တူလှ၏။ ဤအမွှေးရနံ့ကို ရှူရှိုက်မိလိုက်ရုံနှင့် ဟုန်ရှောင်ပေါင်တစ်ယောက် စိတ်ကြည်လင် လန်းဆန်းသွားပြီး ချက်ချင်း ပျော်ရွှင်စွာ ပြောလိုက်သည်။ "သိပ်စွမ်းတာပဲ၊ သိပ်စွမ်းတာပဲ။"

ယခုအချိန်တွင် လိမ္မော်ကော်ရည် အရွက်များသည် ဆပ်ပြာမုန်ညင်း နှင့် လိမ္မော်ကော်ရည် တို့၏ အရည် အဆီအနှစ်များကို အပြည့်အဝ စုပ်ယူထားပြီး ဖြစ်ရာ အရွက် တစ်ခုလုံး စေးကပ်နေ၏။ ဟုန်ရှောင်ပေါင်က အရွက် တစ်ရွက်ကို တူဖြင့် ညှပ်ယူလိုက်သည့် အခါ ထိုလိမ္မော်ကော်ရည် အရွက်ပေါ်ရှိ စေးကပ်နေသော အရည်များက အခြား အရွက်တစ်ရွက်နှင့် တွယ်ကပ်နေပြီး အမျှင်တန်း အစုအဝေးကြီး တစ်ခုအဖြစ် ဆွဲဆန့် ပါလာ၏။

"ဝါး။"

ဟုန်ရှောင်ပေါင် အလွန် ပျော်ရွှင်သွား၏။ "တကယ့်ကို ဝိညာဉ်ကျောက်တုံး တစ်ရာ့ခုနစ်ဆယ် တန်တဲ့ ဆေးဘက်ဝင် အစားအစာပဲ။ သိပ်စွမ်းတာပဲ၊ သိပ်စွမ်းတာပဲ။"

"ဒီဆေးဘက်ဝင် အစားအစာမှာ အရွက်ကို စားရတယ် ဆိုပေမဲ့ အရွက်က ဆပ်ပြာမုန်ညင်း နဲ့ လိမ္မော်ကော်ရည် တို့ရဲ့ သယ်ဆောင်သူလောက်ပဲ။ မင်း တကယ် စားရမှာက... ဒီအရည်အဆီအနှစ်တွေပဲ။"

"နားလည်ပါပြီ၊ နားလည်ပါပြီ။" ဟုန်ရှောင်ပေါင်က ရယ်မောလျက် ပြောလိုက်၏။ ကောင်းကင်ကို မော့၊ ပါးစပ်ကြီးကို ဟကာဖြင့် အရွက် တစ်ရွက်လုံးကို ပါးစပ်ထဲသို့ တစ်ပြိုင်နက် သွတ်သွင်းလိုက်သည်။ တစ်ချက် ဝါးလိုက်သည်နှင့် ချက်ချင်း ကြောင်အံ့သွားသည်။

ဤအရွက်များထဲတွင် အရည်အဆီအနှစ်များက အပြည့်အဝ စိမ့်ဝင်နေသည်။ တစ်လုတ်သာ ဝါးလိုက်ရသေးသည်... အတွင်းမှ အရည်များက ဖြန်းခနဲ ပန်းထွက်လာ၏။ ထို့အပြင် အရသာကလည်း အလွန်အမင်း ကျစ်လျစ် ကြွတ်ရွနေသည်။ တစ်ချက် ဝါးလိုက်တိုင်း ဟုန်ရှောင်ပေါင်သည် အရွက်များက သူ၏ ပါးစပ်ထဲတွင် ခုန်ပေါက်နေသလို ခံစားရပြီး သွားများကိုပင် လာရောက် ရိုက်ခတ်နေ၏။

ထို့အပြင် လိမ္မော်ကော်ရည် အရွက်၏ သင်းပျံ့ မွှေးကြိုင်မှုနှင့် အခြားသော ဟင်းခတ်ပစ္စည်း အနည်းငယ် တို့က ပေါင်းစပ် ဖန်တီးပေးထားသည့် အရသာများကြောင့်... ဤအလွန်အမင်း လတ်ဆတ်ပြီး သိမ်မွေ့ နူးညံ့လှသော အရသာက ဟုန်ရှောင်ပေါင်၏ ခံတွင်းတစ်ခုလုံးဆီသို့ ပျံ့နှံ့ ပြည့်နှက် သွားတော့သည်။

ခြင်္သေ့ခေါင်းဟင်းပွဲ နှင့် ကွာခြားစွာပင်... ဤအရသာက သိမ်မွေ့ ပေါ့ပါးသည် ဆိုသော်ငြား အမျှင်တန်းလေး တစ်ခုအဖြစ် စုစည်းသွား၏။ အလွန် သေးငယ်လွန်းသော်လည်း ခန္ဓာကိုယ် တစ်ခုလုံးရှိ အာရုံခံစားမှု အားလုံးကို တစ်နေရာတည်းဆီသို့ ဆွဲယုံ ချိတ်ဆက် ပေးလိုက်သည်။ ဤအရသာသည် စုပ်ခွက်လေး တစ်ခုလိုမျိုး ဟုန်ရှောင်ပေါင်၏ လျှာကို လာရောက် လှုံ့ဆော် စိတ်လှုပ်ရှားစေပြီး တံတွေးများကို တတောက်တောက် စီးကျလာစေကာ သူ၏ ကလီစာ ငါးပါးနှင့် အူများဆီသို့ ပြင်းထန်သော တုန်လှုပ်မှုကို ရိုက်ခတ် သွားစေ၏။

"ယိုး... ယိုး... ယိုး... ယိုး... ယိုး။" ဟုန်ရှောင်ပေါင်က အဆက်မပြတ် ဝါးမျိုနေ၏။ အရွက် ထဲမှ စေးကပ်နေသည့် အရည်များက အပေါ်နှင့် အောက် သွားများ အကြားတွင် တွယ်ကပ်နေပြီး ပါးစပ် ဟလိုက်သည့် အကြိမ်တိုင်း၌ သွားများကို အချင်းချင်း ကော်ဖြင့် ကပ်ထားသလို ခံစားချက်မျိုး ပေးစွမ်းနေသည်။ အချက် အနည်းငယ်မျှ ဝါးလိုက်ရုံနှင့် ပါးစပ် ထဲတွင် အမျှင်တန်း ရာပေါင်းများစွာ ဆွဲဆန့် ထွက်ပေါ်လာသည်။

အတန်ကြာမှ ဟုန်ရှောင်ပေါင်သည် မဝသေးသည့် အမူအရာဖြင့် ဤအရွက်ကို မျိုချလိုက်သည်။ ချက်ချင်းပင် ဗိုက်ထဲမှ နွေးထွေးသော အငွေ့အသက် တစ်ခု မြင့်တက်လာတော့၏။

"တန်တယ်၊ တန်တယ်။"

ဟုန်ရှောင်ပေါင်က နောက်ထပ် အရွက် တစ်ရွက်ကို ထပ်မံ ညှပ်ယူလိုက်သည်။ "ဒီပစ္စည်းက ဝိညာဉ်ကျောက်တုံး တစ်ရာ့ခုနစ်ဆယ်နဲ့ တကယ့်ကို တန်တယ်။"

ဤသို့ဖြင့် လိမ္မော်ကော်ရည် အရွက်များသည် ဟုန်ရှောင်ပေါင်၏ ပါးစပ်ထဲတွင် တစ်ရွက်ပြီး တစ်ရွက် ပျောက်ကွယ်သွားတော့၏။ ရွှေပြားပေါ်တွင် စေးကပ်နေသည့် အရည်များစွာ ကျန်ရှိနေသေးသည်ကို မြင်လိုက်ရသဖြင့်... အလကား ဖြုန်းတီးခြင်းသည် ရှက်စရာ ကောင်းသည် ဆိုသော စိတ်ဓာတ်ဖြင့် ဟုန်ရှောင်ပေါင်က ရွှေပြား တစ်ခုလုံးကိုပါ မျိုချပစ်လိုက်တော့၏။

အဘိုး၏ မျက်နှာအမူအရာက ထူးဆန်းနေသည်ကို မြင်လိုက်ရသဖြင့် ဟုန်ရှောင်ပေါင်က ရင်ကို ကော့ကာ ပြောလိုက်သည်။ "ဘာဖြစ်လို့လဲ။ ကျုပ်က တန်လန်ခန္ဓာကိုယ်လေ။ ဒီရွှေပြားလေးလောက်ကိုတောင် မချေဖျက်နိုင်တော့ဘူး ထင်လို့လား။"

ယင်းကျိုယိုက လက်မ ထောင်ပြလိုက်သည်။

ဟုန်ရှောင်ပေါင်သည် သူ၏ မာနတခွဲသား အမူအရာဖြင့် အဘိုးကိုပင် အညံ့ခံအောင် လုပ်နိုင်ခဲ့သည်ကို မြင်လိုက်ရသဖြင့် အလွန်အမင်း ဂုဏ်ယူသွား၏။ ခုံတစ်လုံးကို ဆွဲယူကာ ပြတင်းပေါက်ဆီသို့ လျှောက်သွားလိုက်သည်။ မူလက နေရောင်ခြည် အနည်းငယ် ခံယူဦးမည်ဟု တွေးထားသော်လည်း မိုးကုတ်စက်ဝိုင်းတွင် ချိတ်ဆွဲထားသည်မှာ လမင်းကြီး ဖြစ်နေကြောင်း တွေ့လိုက်ရ၏။

"……."

အတန်ကြာမှ ဟုန်ရှောင်ပေါင် သတိပြန်ဝင်လာခဲ့သည်။ ယခုအချိန်က ညနက်ပိုင်း ရောက်နေပြီ မဟုတ်ပါလား။ နဖူးကို ဖြောင်းခနဲ တစ်ချက် ရိုက်လိုက်မိ၏။ ဤရက်ပိုင်းများအတွင်း သူ၏ ဇီဝနာရီ ဇယားများ အားလုံး ပြောင်းပြန် ဖြစ်နေခဲ့သည်။

ချန်ယန်ကို ဆေးဖော်နည်း သင်ပေးမည်ဟု ကတိပေးထားသည်ကို သတိရသွားသဖြင့် အောက်ထပ်သို့ ဆင်းလာခဲ့ရာ ချန်ယန် မရှိတော့ကြောင်း တွေ့လိုက်ရ၏။ ထို့ကြောင့် စားပွဲတင် ပန်းကန်ခွက်ယောက် အကောင်းစား တစ်စုံလောက် ပြုလုပ်ဦးမည်ဟု ချက်ချင်း စိတ်ကူး ရလာပြန်၏။

"အခုချိန်မှာ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ဝိညာဉ်စွမ်းအင်တွေ အပြည့်အဝ ပြည့်နှက်နေပြီ။ တကယ်လို့ သာမန် လူတစ်ယောက်သာ ဆိုရင် စိတ်ကို တည်ငြိမ်အောင် ထားပြီး လဝက်လောက် တင်ပျဉ်ခွေ ထိုင်နေရမှာ။ ဒါပေမဲ့ မင်းကတော့ သွားအိပ်လိုက်တော့။ ခန္ဓာကိုယ်ရဲ့ ကိုယ်ပိုင် ချိန်ညှိ လုပ်ဆောင်မှုကို သွားပြီး မနှောင့်ယှက်နဲ့။"

"..." ဟုန်ရှောင်ပေါင်သည် သူက သူ၏ ဤခန္ဓာကိုယ်လောက်တောင် အသုံးမကျသလို ခံစားလိုက်ရ၏။ အလွန် ဝမ်းနည်းသွားသော်လည်း လဲလျောင်းပြီး အိပ်ပျော်အောင် နေလိုက်ရတော့သည်။

ဟုန်ရှောင်ပေါင်သည် မသိစိတ်ထဲမှ မနက်ခင်း နေရောင်ခြည် မြင့်တက်လာမှုကို ခံစားလိုက်ရ၏။ မျက်လုံး ဖွင့်ကြည့်လိုက်သည့် ပထမဆုံး စက္ကန့်မှာပင် နေရောင်ခြည်က လေယင်မြို့တော် အပေါ်သို့ ကျရောက်နေပြီ ဖြစ်၏။

ဟုန်ရှောင်ပေါင် ဝုန်းခနဲ ခုန်ထရပ်လိုက်၏။ ခြေလက်များနှင့် ဦးခေါင်းကို အဆက်မပြတ် လှုပ်ရှား ဆန့်ထုတ် လိုက်သည်။ စိတ်ပိုင်းဆိုင်ရာ ခံစားချက်ကြောင့်လား... သို့မဟုတ် တကယ်ပဲ တိုးတက်လာခဲ့သည်လား ဆိုသည်ကိုတော့ မသိချေ။ သူ၏ခွန်အား အနည်းငယ်လောက် တိုးလာသလို ခံစားနေရသည်။

"ပိုက်ဆံရှာမယ်၊ ပိုက်ဆံရှာမယ်။" ဟုန်ရှောင်ပေါင်က အဆက်မပြတ် ရေရွတ်နေ၏။ မှတ်စုစာအုပ်ပေါ်တွင် ဂဏန်းတစ်ခုကို မှတ်သားလိုက်သည်... ၄/၁၅၀၀။ ထိုအရာက ဟုန်ရှောင်ပေါင် တတိယအဆင့်ကို တက်ရောက်ရန်အတွက် အတွေ့အကြုံမှတ်ပင် ဖြစ်၏။ လုံးဝကို ရှင်းလင်း ထင်ရှားပြီး တည့်တိုး ကျလှ၏။

"ဒါက ဘာစာလုံးလဲ။" ယင်းကျိုယိုက အတန်ကြာ ကြည့်ရှုသော်လည်း နားမလည်နိုင်ချေ။

"ဒါလား။ ဒါကို အာရပ်ဂဏန်းတွေ လို့ ခေါ်တယ်။"

ဟုန်ရှောင်ပေါင်က ၁ မှ ၁၀ အထိ ရေးပြလိုက်၏။ "ရော့... ဒီလို ရေးတာ။"

"ဒါ မဆိုးဘူး။ တော်တော်လေး အဆင်ပြေတာပဲ။" ယင်းကျိုယိုက ခေါင်းညိတ်လိုက်ပြီး ထပ်မံ၍ ဘာမျှ မပြောတော့ချေ။

မကြာမီမှာပင် ချန်ယန် ရောက်ရှိလာ၏။ ဟုန်ရှောင်ပေါင်က တစ်ဖက်လူကို ကတိပေးထားသည် ဖြစ်ရာ ယခု လူရှင်းနေသည့် အချိန်လေးကို အခွင့်ကောင်းယူ၍ ချက်ချင်းပင် ဆေးဖော်နည်း သင်ပေးတော့သည်။

ဟုန်ရှောင်ပေါင်က မည်သူနည်း။ မျိုးဆက်တစ်ခု၏ သက်ကြီးဝါကြီး မိစ္ဆာဘုရင်ကြီး... ထိုအပြင် ပညာတတ် သက်ကြီးဝါကြီး မိစ္ဆာဘုရင်ကြီး .. ၏ ဆက်ခံသူ မဟုတ်ပါလား။ စကား လေးငါးခွန်းလောက် ပြောပြလိုက်ရုံနှင့် ချန်ယန်တစ်ယောက် အလွန်အမင်း စိတ်လှုပ်ရှားလွန်း၍ မျက်နှာကြီး ရဲတက်လာ၏။ ခေါင်းကုတ် ဖင်ကုတ်နှင့် မနေနိုင်၊ မထိုင်နိုင် ဖြစ်လာပြီး အခုချက်ချင်းပဲ မီးဖို တစ်ခုလောက် သွားပြီး တန်းဖော်ကြည့်ချင်စိတ်တွေ ပေါက်လာ၏။

All Chapters