← Chapters

အခန်း ၂၀၁

Vol. 18 Ch. 201

အခန်း ၂၀၁

Vol. 18 Ch. 201

အပိုင်း (၂၀၁) "ထိပ်... ထိပ်... ထိပ်... ထိပ်... ထိပ်ဖြူခွေးတူဝက်တူကြီး။"

"ဒီဆိုင်က ဓားပြတိုက်တဲ့ ဆိုင် ဟုတ်သလား၊ မဟုတ်ဘူးလား ဆိုတာကို ကျုပ် မသိဘူးလို့ ခင်ဗျား ထင်နေတာလား။" ကျုံးဟယ်လည်း ဒေါသထွက်သွား၏။ သူက ယနေ့ တစ်နေ့တာလုံး စေတနာကောင်းဖြင့် ဤနေရာအထိ ခေါ်ဆောင်လာခဲ့ပါလျက်၊ ချန်ကောကမူ ဟိုလိုလို ဒီလိုလိုနှင့် အကဲစမ်းနေသည် မဟုတ်ပါလော။ ဤသို့တွေးမိပြီးနောက် ဒေါသကို မထိန်းချုပ်နိုင်တော့ဘဲ အော်ဟစ်ပစ်လိုက်တော့သည်။ "ကျုပ်ကို မြည်း တစ်ကောင် လို့ ထင်နေတာလား။"

"..." ချန်ကောက တိုးညင်းစွာ ပြောလိုက်၏။ "မင်းက မဟုတ်လို့လား..."

ကျုံးဟယ် ပေါက်ကွဲတော့မည်ကို မြင်လိုက်ရသဖြင့် ချက်ချင်း ဆက်ပြောသည်။ "ရတယ်၊ ရတယ်၊ ရတယ်။ ရတယ်။ ဒီတစ်ခေါက် မင်း ပြောတဲ့အတိုင်း နားထောင်မယ်... ဟုတ်ပြီလား။ ငါ မင်း ပျော်ရွှင်အောင် ဝိညာဉ်ကျောက်တုံး ငါးတုံး သုံးပြီး ဝယ်ပေးလိုက်တယ်လို့ပဲ သဘောထားလိုက်ပါ့မယ်... ဟုတ်ပြီလား။"

"ဝိညာဉ်ကျောက်တုံး ငါးတုံး။"

ကျုံးဟယ် ဒေါသထွက်သွား၏။ "ခင်ဗျားရဲ့ ဆိုလိုရင်းက ဆေးမြစ်ဖိုး ပိုက်ဆံကို မင်း မရှင်းပေးချင်ဘူး ဆိုတဲ့ သဘောပေါ့လေ။"

ချန်ကောက လေချွန် နေလိုက်သည်။

ကျုံးဟယ်က သူ့ကို ဒေါသတကြီး တစ်ချက် စိုက်ကြည့်လိုက်ပြီး ဦးဆောင်ကာ အနောက်ဘက် ဈေးတန်းဆီသို့ လျှောက်သွားတော့၏။

...

ဆိုင်ထဲက ဟုန်ရှောင်ပေါင် အကြောင်းကို ပြန်ဆက်ရလျှင် …

ဟုန်ရှောင်ပေါင်က ဧည့်သည်ကို နှင်ထုတ်စဉ်က အလွန် ပြတ်သားလွန်းလှသည်။ သို့သော်ငြား အမှန်တကယ်တွင်မူ စိတ်ထဲ၌ အလွန်အမင်း ထိတ်လန့် ပြာယာခတ်နေခဲ့၏။

ယခုအချိန်တွင် ပိုက်ဆံ မည်မျှလိုအပ်နေသနည်း။ စောစောက အဲဒါက နှစ်ဆယ်... မဟုတ်သေးဘူး။ ကျုံးဟယ်က ငါးဆ ဈေးနှုန်း ဆိုတော့... အဲဒါ ဝိညာဉ်ကျောက်တုံး ခြောက်ဆယ်လေ။ ဆေးဘက်ဝင် အစားအစာ တစ်နပ်နီးပါး ရနေပြီ မဟုတ်ပါလား။

အတန်ကြာမှ တံခါးဝမှ သူတို့နှစ်ယောက်၏ အသံကို ကြားလိုက်ရသဖြင့် ဟုန်ရှောင်ပေါင် အလွန် ဝမ်းသာသွား၏။ မူလက အောက်ထပ်ကို မျှော်လင့်တကြီး ကြည့်နေခဲ့ခြင်း ဖြစ်သော်လည်း... စက္ကန့်တစ်သန်းပုံ တစ်ပုံလောက် အတွင်းမှာပင် ထိုင်ပုံထိုင်နည်းကို ပြောင်းလဲလိုက်ပြီး ဒုတိယထပ် ကောင်တာတွင် မတ်မတ် ထိုင်နေလိုက်သည်။ လက်တစ်ဖက်က စာအုပ် တစ်အုပ်ကို ကိုင်ထားပြီး... ကျန်လက်တစ်ဖက်ကိုတော့ ဒူးခေါင်းပေါ်တွင် အလွန် သက်သောင့်သက်သာ တင်ထားလိုက်၏... တကယ့်ကို ကွမ်းယွီ နတ်ဘုရားကြီးနှင့်ပင် တူလို့နေသည်။

ကျုံးဟယ် နှင့် ချန်ကောတို့ အပေါ်ထပ်သို့ တက်လာကြသည်။ ကျုံးဟယ်က ဟုန်ရှောင်ပေါင်၏ ဤဟန်ပန် ပုံစံကို မြင်လိုက်ရသဖြင့် စိတ်ထဲမှ တိတ်တဆိတ် ချီးကျူးလိုက်မိ၏။ သို့ပေမည့် သူက ထူးဆန်းစွာ မေးလိုက်၏။ "သူဌေးဟုန်... ခင်ဗျားရဲ့ စာအုပ်... ဇောက်ထိုးကြီး ဖြစ်နေတယ် ထင်တယ်။"

"..." ဟုန်ရှောင်ပေါင် ရုတ်တရက် ဆွံ့အသွား၏။ သေချာ ကြည့်ရှုလိုက်ရာ... ဟုတ်ပါရဲ့။ စာအုပ်က ပြောင်းပြန်ကြီး ဖြစ်နေသည်။ သို့ပေမည့် ဟုန်ရှောင်ပေါင်က မည်သူနည်း။ သရုပ်ဆောင် မင်းသားကြီး ဟုန်ရှောင်ပေါင် ပင်။ အော်စကာ ဆုရှင် ဟုန်ရှောင်ပေါင် ဖြစ်သည်။

ဟုန်ရှောင်ပေါင်က သက်ပြင်းတစ်ချက် ချလိုက်ပြီး ခေါင်းကို ခါယမ်းလျက် ပြောလိုက်၏။ "ရှေးစကား ရှိတယ်... ဇောက်ထိုး ကျက်မှတ်လည်း ရေလို စီးဆင်းတယ် တဲ့။ စာအုပ်ကို ဇောက်ထိုး ဖတ်တာကလည်း... ကျင့်ကြံခြင်း သဘောတရား တစ်ခုပါပဲ။"

"အဲဒီလိုလား။" ကျုံးဟယ် အနည်းငယ် တုန်လှုပ်သွား၏။ တစ်စုံတစ်ခုကို သဘောပေါက် သွားသလို ခံစားလိုက်ရသည်။ ဟုန်ရှောင်ပေါင်၏ ဤစကားတွင် အလွန် နက်နဲသော အဓိပ္ပာယ်များ ပြည့်နှက်နေပြီး... သိုင်းပညာ ကျင့်ကြံခြင်း လျှို့ဝှက်ချက် နည်းလမ်းအချို့၊ လူ့ဘဝ၏ ဒဿနများကို တည့်တိုး ညွှန်ပြနေသယောင်ပင်။

သေသေချာချာ ထပ်မံ စဉ်းစားကြည့်လိုက်ရာ... ကောင်းကင်ဘုံ၏ ကံကြမ္မာ ကလည်း ဖောက်ပြန် တတ်တဲ့ အချိန်တွေ ရှိနေသည်။ ကြက်မ ကလည်း မနက်ခင်းမှာ တွန်ကျူးတတ်သည့် အချိန်တွေ ရှိတာပဲ... ဟု တွေးတောမိပြီး ပို၍ပင် တုန်လှုပ်သွားသည်။ အတန်ကြာမှ သူက လေးလေးနက်နက် အရိုအသေ ပေးလိုက်၏။ "မြင့်မားတယ်... တကယ့်ကို မြင့်မားတာပဲ။ ကျုပ် အရမ်းကိုမှ လေးစား ဦးညွှတ်သွားပါပြီဗျာ။"

ဟုန်ရှောင်ပေါင် : "…. "

"ဟားဟားဟား။"

ယင်းကျိုယိုက အကျယ်ကြီး ရယ်မောလိုက်၏။ "မြင့်မားတယ်... တကယ့်ကို မြင့်မားတာပဲ။"

"..." ချန်ကောက ဖြောင့်မတ်သည့် စရိုက် ရှိသူ ဖြစ်၏။ သူတို့နှစ်ယောက်၏ ဤကဲ့သို့ ဈာန်သဘောတရား တိုက်ပွဲကို ကြည့်ရင်း သန်းတောင် နေမိပြီး အနည်းငယ် စိတ်မရှည် ဖြစ်လာသည်။ "ဟေး... ဟင်း ချက်တော့မှာလား၊ မချက်တော့ဘူးလား။"

"ယူခဲ့လေ။" ဟုန်ရှောင်ပေါင်က သူတို့နှစ်ယောက်၏ လက်ထဲမှ ဆေးမြစ်များကို လှမ်းယူလိုက်၏။ ထိုအခါမှသာ စာအုပ်ကို ချထားခဲ့ပြီး မီးဖိုချောင် ထဲသို့ ဝင်သွား၏။

ကျုံးဟယ်က စာအုပ်၏ အမည်ကို ခိုးကြည့်လိုက်ရာ အနည်းငယ် ကြောင်အံ့သွား၏... "တောင်နှင့်မြစ် သဘာဝကျမ်း" တဲ့။ ဤသည်မှာ အလွန် သာမန် ဖြစ်ပြီး ရှားပါးမှု မရှိသည့် စာအုပ် တစ်အုပ်သာ ဖြစ်သည်။ နိုင်ငံ အသီးသီး၏ တည်နေရာများ၊ ဓလေ့ထုံးတမ်းများ စသည်တို့ကို ရေးသား ထားခြင်း ဖြစ်၏။ ဟုန်ရှောင်ပေါင်က ဤစာအုပ် ထဲကနေ ကြီးမားသော ဒဿနတွေကို မြင်တွေ့နိုင်သည်လား။

သိပ်စွမ်းတာပဲ။

ထိုင်ခုံတွင် ထိုင်မိသည်နှင့် ချန်ကောတစ်ယောက် အနည်းငယ် မကျေမနပ် ဖြစ်လာပြန်၏။ ဝိညာဉ်ကျောက်တုံး ငါးတုံး သုံးပြီး ဝယ်လာရသည့် ဟင်းပွဲကို စဉ်းစားမိတိုင်း... တကယ့်ကို ရင်နာစရာ ကောင်းလွန်းလှသည်။ ထို့ကြောင့် သူက အသံကျယ်ကြီးဖြင့် အော်ခေါ်လိုက်၏။ "သူဌေး … အရက် နည်းနည်းလောက် လာပေးစမ်း။"

"တိတ်တိတ်နေ၊ တိတ်တိတ်နေ။"

ကျုံးဟယ်၏ ရင်တွင်း၌ ချက်ချင်း တင်းမာသွားပြီး တိုးညင်းစွာ ရှင်းပြလိုက်သည်။ "ဒီဆိုင်က ဟင်းပွဲတွေကလွဲရင် အခြား ဘာပစ္စည်းကိုမှ ဝန်ဆောင်မှု မပေးဘူး သိလား။"

"ဘာ။"

ချန်ကော၏ မျက်လုံးများပင် ပြူးကျယ်သွား၏။ "ရေကော … ရေလောက်တော့ ပေးမယ် မဟုတ်လား။"

"..." ကျုံးဟယ်လည်း စကားပြောစရာ စကားလုံး မရှိတော့ချေ။

ဒီလို စည်းကမ်းချက် မျိုး ရှိနေတာ... ဘာများ တတ်နိုင်မှာလဲ။

"ကောင်းကင်ဘုံ ... ဟန်ပန် ပုံစံက ဒီလောက်တောင် ကြီးမားနေစရာ လိုလို့လား။ ငါ့ဘဝမှာ စီးပွားရေးကို ဒီလို လုပ်တာမျိုး ပထမဆုံးအကြိမ် ကြားဖူးတာပဲ။"

ချန်ကောတစ်ယောက် ဒေါသ ပေါက်ကွဲတော့မည့် အခြေအနေသို့ ရောက်ရှိလာပြန်၏။ "ရှင်းရှင်း ပြောရရင် ဒါက ဟင်းတစ်ပွဲလောက်ပဲ မဟုတ်လား။ ပန်းပွင့်သွားအောင်များ ချက်ပြုတ်ပြနိုင်မှာ မို့လို့လား။"

ရှဲ...

ဟင်းသီးဟင်းရွက်များ ဒယ်အိုးထဲသို့ ကျရောက်သွားသည်နှင့် အမွှေးရနံ့များက တဖြည်းဖြည်း ထွက်ပေါ်လာ၏။ ပြင်းထန်လွန်းလှသည်တော့ မဟုတ်ချေ။ သို့သော်ငြား ခုနစ်ရောင်စဉ် မျစ်ချဉ်၏ ထိုချဉ်မြမြ ရနံ့လေးက ဤအမွှေးအကြိုင်များ ထဲတွင် ပေါင်းစပ် ပါဝင်နေပြီ ဖြစ်သည်။ လေထုထဲတွင် ပေါ့ပါးစွာ လွင့်မျောနေပြီး ရှိသယောင်၊ မရှိသယောင် ဖြစ်နေသည့်တိုင် လူများ၏ နှာခေါင်းကို တန်းခနဲ ချိတ်ဆွဲလိုက်ပြီး အဆုတ်ထဲအထိ ထိုးဖောက် ဝင်ရောက်သွားသည်။

"သိပ်ကို မွှေးတာပဲ။" ချန်ကော၏ မျက်လုံးများက ချက်ချင်းပင် ပြူးကျယ်သွားသည်။ ဤသည်မှာ သူ၏ တစ်သက်တာတွင် ရှူရှိုက်ဖူးသမျှ အမွှေးကြိုင်ဆုံးသော ရနံ့ ဖြစ်ကြောင်း အတည်ပြု နိုင်သည်။ ချက်ချင်းပင် တံတွေးများကို မြိုချမိ၏။ သို့သော်ငြား ဤအမွှေးရနံ့သည် ဝိညာဉ်ကျောက်တုံး ငါးတုံးနှင့် လဲလှယ် ရရှိခဲ့တာ ဖြစ်ကြောင်းကို သတိရသွားသည့် အခါတွင်တော့... သူ၏ ရင်တွင်း၌ ဓားဖြင့် လှီးဖြတ်ခံရသလို အလွန် နာကျင်သွားရသည်။

ထို့ကြောင့် ကျုံးဟယ်ကို လှမ်းကြည့်လိုက်ပြီး အပြစ်တင်သည့် လေယူလေသိမ်းဖြင့် ပြောလိုက်၏။ "မင်းအတွက် ဆိုရင်တော့ ဝိညာဉ်ကျောက်တုံး ငါးတုံး... မဟုတ်ဘူး... ဝိညာဉ်ကျောက်တုံး ဆယ်တုံး... ဝိညာဉ်ကျောက်တုံး ဆယ်တုံးနဲ့ ဒီလို ဟင်းတစ်ပွဲလောက်ကို စားရတာ တန်ကောင်း တန်နိုင်လောက်ပါတယ်။ ဒါပေမဲ့... မင်းတို့ အိမ်မှာက ပိုက်ဆံတွေ ရှိတာကိုး။ ငါ့ကို ပြန်ကြည့်ပါအုံး... ဆင်းရဲလွန်းလို့ ဥနှစ်လုံးပဲ ကျန်တော့တဲ့ ကောင်ကိုလေ... မင်းက ငါ့ကိုလည်း ဒီလို ဟင်းတစ်ပွဲလောက် လာစားခိုင်းတယ် ဟုတ်လား။ ဝိညာဉ်ကျောက်တုံး ငါးတုံးတောင်ကွာ။"

"ဝိညာဉ်ကျောက်တုံး ဆယ်တုံး။ ဝိညာဉ်ကျောက်တုံး ဆယ်တုံး ဆိုရင်တော့ ကောင်းတာပေါ့..."

ကျုံးဟယ်တစ်ယောက် စကားပြောစရာ စကားလုံးပင် မရှိတော့ချေ။ အတန်ကြာမှ သူက ပိုမို နာကြည်း မကျေမနပ် ဖြစ်သည့် လေယူလေသိမ်းဖြင့် ပြောလိုက်သည်။ "ကျုပ် ဒီဟင်းကို စားဖို့အတွက် ဝိညာဉ်ကျောက်တုံး ငါးဆယ် ပေးရတာ..."

"ငါး... ငါးဆယ်။ မင်း နောက်နေတာလား။"

ချန်ကော၏ မျက်လုံးများ ပြူးကျယ်သွားပြီး နံရံပေါ်ရှိ ဆိုင်းဘုတ်ကို လက်ညှိုးထိုးပြလိုက်၏။ "ဒီမှာ ရှင်းရှင်းလင်းလင်းကြီး ရေးထားတာ ဝိညာဉ်ကျောက်တုံး ဆယ်တုံးလေ... ဘယ်လိုလုပ် ငါးဆယ် ဖြစ်သွားတာလဲ။"

"အင်း... ကျုပ် ဒီကိုလာတုန်းက မသိနားမလည်ဘဲ သူဌေးဟုန်ကို သွားပြီး စော်ကားမိတာကိုး။ သူ ဒေါသထွက်သွားပြီးတော့ ကျုပ်ကို 'မကြိုဆိုသည့် ဧည့်သည်များ' စာရင်းထဲ ထည့်လိုက်တာ။ ကျုပ်ကို ဈေးနှုန်း ငါးဆ ပိုကောက်တာလေ။" ကျုံးဟယ်က အလွန် ဝမ်းနည်း ကြေကွဲစွာ သက်ပြင်းချရင်း ပြောလိုက်သည်။

"မသိနားမလည်တာ။ မသိနားမလည်တာ သူပေါ့။"

ချန်ကော ဒေါသထွက်သွား၏။ လက်အပေါ်မှ သွေးကြောစိမ်းများပင် ထောင်ထလာသည်။ စကား မပြတ်တောက်ဘဲ အတန်ကြာ ဆဲဆိုနေပြီးမှ အသံကို နှိမ့်ချကာ ပြောလိုက်၏။ "ဒီသူဌေးက ဒုတိယအဆင့် ဖြစ်လောက်တယ်။ ငါ အခုချိန်မှာ သူ့ကို မယှဉ်နိုင်သေးဘူး။ ငါ ဒုတိယအဆင့်ကို အဆင့်တက်ပြီးသွားတာနဲ့... မင်းအတွက် ငါ ဒီကောင်ကို တစ်ခေါက်လောက် သွားတွယ်ပေးမယ်။"

စကားပြောနေစဉ်မှာပင် အပေါ်ထပ် လှေကားပေါ်မှ ကျွီကျွီကျာကျာ အသံများ ထွက်ပေါ်လာ၏။ ချန်ကော နှင့် ကျုံးဟယ်တို့ နှစ်ယောက်စလုံးက ဟုန်ရှောင်ပေါင် ဟု ထင်မှတ်ကာ ဖြစ်သလို လှမ်းကြည့်လိုက်ရာ... သူတို့၏ မျက်နှာအမူအရာများ တောင့်တင်း သွားကြသည်။

လူတစ်ဝက်လောက် မြင့်မားပြီး၊ မြင်းတစ်ကောင်လောက် ရှည်လျားသည့် ခွေးတူဝက်တူကြီး တစ်ကောင်က ယိုင်နဲ့စွာ ဖြည်းဖြည်းချင်း လျှောက်ဆင်းလာသည်ကို တွေ့လိုက်ရ၏။ သူတို့နှစ်ယောက်ကို မြင်သော်လည်း သိပ်ပြီး ဂရုမစိုက်ချေ။ အစားအစာ ရှာဖွေနေသည့် အလား လေးဖက်လေးတန်ကို လှည့်ပတ် အနံ့ခံနေ၏။

သူတို့နှစ်ယောက်စလုံး ကြက်သေ, သေသွားကြ၏။ ကျုံးဟယ်၏ မျက်နှာက ရှုံ့မဲ့သွားပြီး အသံများပင် တုန်ယင်လာသည်။ "ချန်... ချန်ကော... ဒါ... ဒါ ထိပ်... ထိပ်ဖြူခွေးတူဝက်တူကြီး မဟုတ်လား။"

All Chapters