← Chapters

အခန်း ၂၀၃

Vol. 18 Ch. 203

အခန်း ၂၀၃

Vol. 18 Ch. 203

အပိုင်း (၂၀၃) မင်းသား၊ ဆိုင်ရှင်သူဌေး ဟုန်ရှောင်ပေါင်။

ကျုံးဟယ်၊ ယွဲ့ရှို့ တို့လို လူတန်းစားများနှင့် နှိုင်းယှဉ်လိုက်လျှင်... သူ၏ တစ်သက်တာတွင် ထိတွေ့ စားသောက်ဖူးသည့် အရသာရှိသော အစားအသောက် ဆိုသည်မှာ လက်ချိုး ရေတွက်လို့ ရလောက်အောင် နည်းပါးလှသည်။ ထို့ကြောင့် ဤပြိုင်ဘက်ကင်း အလွန် ကောင်းမွန်လှသည့် အရသာက သူ့အပေါ် ပေးစွမ်းသည့် တုန်လှုပ်မှုက ပိုမို ကြီးမား ပြင်းထန်လွန်းလှ၏။

ဤအရသာ၏ တစ်သောင်းပုံ တစ်ပုံလောက်ကိုပင် သူ စကားလုံးဖြင့် ဖော်ပြနိုင်စွမ်း မရှိတော့ချေ။ ယခုအချိန်တွင် သူ၏ ကိုယ်ခန္ဓာကြီး လွင့်မျောသွားသလိုသာ ခံစားနေရသည်။ မူးယစ် ရီဝေနေပြီး အတန်ကြာမှ ဤတစ်လုတ်ကို မြိုချနိုင်ခဲ့၏။

ထိုအချိန်ကျမှသာ သူက ဒုတိယ အဖဲ့ကို ထပ်မံ ညှပ်ယူလိုက်သည်။ ဗိုက်ထဲသို့ သွတ်သွင်းရန် ပြင်လိုက်စဉ်မှာပင်... သူက အနည်းငယ် ကြောင်အံ့သွားပြီး သူ၏ ရင်ဘတ်ဆီသို့ ငေးမော စိုက်ကြည့် နေမိသည်။

ထိုနေရာတွင် နွေးထွေးသော လေစီးကြောင်းတစ်ခုက ဖြည်းဖြည်းချင်း စီးဆင်း နေသည်။ ဤလေစီးကြောင်းကို သူ လုံးဝ စိမ်းသက်နေမည် မဟုတ်ချေ... ၎င်းမှာ ဝိညာဉ်စွမ်းအင်ပင် ဖြစ်၏။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။" ချန်ကော ပို၍ပင် တုန်လှုပ် သွားခဲ့ချေပြီ။ သူသည် နှစ်ပေါင်း များစွာ ကြမ်းကြုတ်စွာ ကျင့်ကြံခဲ့သည်။ မည်သည့် အချိန်တွင်မဆို ဝိညာဉ်စွမ်းအင် ဆိုသည်မှာ အလွန် နှေးကွေးစွာဖြင့်သာ တိုးပွားလာလေ့ ရှိ၏။ အကယ်၍ အတင်းအဓမ္မ တိုင်းတာမှု ယူနစ် တစ်ခု ထည့်သွင်း သတ်မှတ်ရမည် ဆိုလျှင်... ၎င်းမှာ "အမျှင်" ဟု ခေါ်ဆိုရပေမည်။ ပြီးတော့ ဆံပင် အမျှင် လိုမျိုး မဟုတ်ဘူး... ပင့်ကူမျှင် လိုမျိုး အမျှင်။

ယခုအချိန်တွင်မူ သူ၏ ရင်ဘတ် နေရာ၌ ကြီးမားသည့် နွေးထွေးသော စီးဆင်းမှုကြီးတစ်ခုက ဖြည်းဖြည်းချင်း ဖြတ်သန်း စီးဆင်းနေ၏။ သေးငယ်သော အရက်ခွက် တစ်ခွက်ကို မြိုချလိုက်ရသလိုမျိုးပင်။

ချန်ကောသည် အဆင့်တက်တော့မည် ဟု အမြဲတမ်း ပြောဆိုနေခဲ့သည် ဆိုသော်ငြား... အမှန်တကယ်တွင်မူ သူသည် ဤပိတ်ဆို့မှုအဆင့်တွင် ထိုင်နေရသည်မှာ လဝက်လောက် ရှိနေပြီ ဖြစ်ကြောင်း သိထားရပေမည်။ ယခုအခါတွင် ဝိညာဉ်စွမ်းအင် တစ်မျှင်လောက် ပိုမို တိုးပွားလာရန် ဆိုသည်မှာပင် အလွန်တရာ ခက်ခဲ ကြမ်းတမ်းနေပြီ ဖြစ်၏။

ဤကိစ္စအတွက် သူသည် နည်းလမ်း မျိုးစုံကို စဉ်းစား ကြံဆခဲ့သည်။ သို့သော်ငြား ဈေးကြီးလွန်းလျှင် ကြီးလွန်း၊ မဟုတ်လျှင်လည်း ဘာအသုံးမှမကျ ဖြစ်ခဲ့ရသည်။ အဆင့်တက်ရန် အကောင်းဆုံး ဆေးဝါးများ ဟု ကြွေးကြော်ထားသည့် တန်ဖိုးကြီး ဆေးမြစ်များ၏ အာနိသင် ကိုယ်တိုင်တောင် ယခု လက်ရှိ ဤဆေးဘက်ဝင် အစားအစာ၏ ရာခိုင်နှုန်း တစ်ရာပုံ တစ်ပုံလောက်ပင် မမီချေ။

"ဘယ်လို... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။" ချန်ကော၏ မျက်နှာကြီး ရဲတက်လာတော့၏။ သူသည် အဆင့်တက်နိုင်မည့် မျှော်လင့်ချက်ကို ရုတ်တရက် တွေ့ရှိသွားခဲ့ချေပြီ။

"ငေါင်မနေနဲ့လေ။ မြန်မြန် စားစမ်းပါ။" ကျုံးဟယ်က သူ၏ ထိုပုံစံကို မြင်လိုက်ရသဖြင့် ချက်ချင်း အော်ဟစ်လိုက်သည်။

"အို... အို၊ အို၊ အို။" ချန်ကော ချက်ချင်း သတိပြန်ဝင်လာ၏။ ရှုပ်ထွေးနေသည့် အခြား ကိစ္စများကို ထပ်မံ တွေးတောနေရန် ဂရုမစိုက်နိုင်တော့ပေ။ တူက လျင်မြန်စွာ လှုပ်ရှားသွားပြီး စားပွဲပေါ်ရှိ ဂေါ်ဖီထုပ်ကြော်များက လျင်မြန်စွာ ပျောက်ကွယ်သွား၏။

ဤမျှ များပြားသည့် ဂေါ်ဖီထုပ်ကြော်များ ဝင်ရောက်လာမှုနှင့်အတူ ရင်ဘတ်ထဲတွင် နွေးထွေးသော စီးဆင်းမှုများက တစ်ခုပြီးတစ်ခု ဖြတ်သန်း စီးဆင်းလာ၏။ ခဏလေး အတွင်းမှာပင် လွန်ခဲ့သည့် နှစ်လလောက် က အဆင့်တက်တော့မည့် အချိန်က ရောက်ရှိခဲ့သည့် အခြေအနေသို့ ရောက်ရှိ သွားခဲ့သည်။

"ကောင်းကင်ဘုံ .. " ချန်ကောတစ်ယောက်လုံး စိတ်လှုပ်ရှားလွန်း၍ တုန်ယင်လာတော့၏။

ဂေါ်ဖီထုပ်ကြော် တစ်ပန်းကန်လုံးကို ပါးစပ်ထဲသို့ လောင်းထည့်လိုက်ရာ... "ဝုန်း" ခနဲ မြည်ဟည်းသံ တစ်ချက်ကို ခံစားလိုက်ရသည်။ ခြေလက်နှင့် သွေးကြောများ အားလုံး ထဲတွင် ပြည့်နှက်နေသော ဝိညာဉ်စွမ်းအင်များသည် နောက်ဆုံးတွင်တော့ အမြင့်ဆုံး အတိုင်းအတာအထိ ရောက်ရှိသွားပြီး... လေးဖက်လေးတန်သို့ ပြန့်ကျက် စီးဆင်းသွားသည်။

"အဆင့်... အဆင့်တက်သွားပြီလား။" ကျုံးဟယ်က ပါးစပ် ထဲတွင် ဂေါ်ဖီထုပ်ကြော် တစ်ဖဲ့ကို ကိုင်ဆွဲထားရင်းဖြင့် ကြောင်ငေးစွာ ပြောလိုက်သည်။ သူက ချန်ကောကို အဆင့်တက်ရန် ခေါ်လာခြင်း ဆိုသည်မှာ... သာမန် ယူဆချက် တစ်ခုမျှသာ ဖြစ်၏။ သူ၏ စိတ်ထဲ၌ နည်းနည်းလေးမျှပင် သေချာမှု မရှိခဲ့ချေ။ ထို့အပြင် သူ၏ မျှော်လင့်ချက် ထဲတွင်တော့ ချန်ကောသည် ဝိညာဉ်စွမ်းအင်ကို တဖြည်းဖြည်း တိုးပွားလာစေရန် နောက်ထပ် အကြိမ် အတန်ကြာ လာရောက် စားသောက်ရဦးမည် ဟု ထင်မှတ်ထားခဲ့သည်။ သို့ပေမည့် ယခုအချိန်တွင်... ဤသို့ အဆင့်တက်သွားပြီလား။

အဆင့်တက်နေသည့် ချန်ကောကို ကြောင်ငေးကြည့်လိုက်၊ ကိုယ့်ရှေ့ရှိ ဟင်းပွဲကို ကြောင်ငေးကြည့်လိုက် လုပ်နေရင်းဖြင့်... ကျုံးဟယ်၏ ရင်တွင်း၌ မြက်စားကောင် သောင်းချီ၍ ပြေးလွှားသွားသလို ခံစားနေရ၏။ သူက ကိုယ့်အတွေးကို ပိုမို အတည်ပြု လိုက်မိသည်... "ငါးဆယ်လား။ အဲဒါလည်း တန်တယ်။"

"ဟေး... ဒါ မဆိုးဘူးပဲ။"

သေသေချာချာ ချိန်ညှိ ထားရှိပြီး ဖြစ်သည့် စာအုပ်ကို ကြည့်ရင်းဖြင့် ဟုန်ရှောင်ပေါင်၏ စိတ်ထဲ၌ လှုပ်ရှား သွားမိ၏။ "ဆေးဘက်ဝင် အစားအစာဆိုင် လို့ မခေါ်တော့ဘဲ နာမည် ပြောင်းပြီး... အဆင့်တက်ဆိုင် လို့ ခေါ်ရင် မကောင်းဘူးလား။ ဟေး... ငါ့ရဲ့ ဒီစီးပွားရေး ဦးနှောက်ကို ကြည့်စမ်းပါ။"

ကျုံးဟယ်က ဟင်းပန်းကန် တစ်ခုလုံးကို ဖြည်းဖြည်းချင်း ကုန်စင်အောင် စားသောက်လိုက်၏။ ထိုအခါမှသာ အလွန်တရာ သက်သောင့်သက်သာ ရှိစွာဖြင့် ကုလားထိုင်ပေါ်တွင် လဲလျောင်းလိုက်သည်။ ဗိုက်ကို ပွတ်သပ်ရင်းဖြင့်... ထိုလေးဖက်လေးတန်သို့ ပြန့်ကျက် စီးဆင်းနေသော ဝိညာဉ်စွမ်းအင်များကို ခံစားနေ၏။

ယခုအချိန်တွင် နွေးထွေးပြီး အလွန်အမင်း သက်သောင့်သက်သာ ရှိသည့် အခြေအနေသို့ ရောက်ရှိနေကြောင်း ခံစားရသဖြင့်... သူသည် ထပ်မံ၍ ထမလာချင်တော့သလို၊ ထပ်မံ၍လည်း မလှုပ်ရှားချင်တော့ချေ။ ဤနေရာမှာပင် အိပ်ပျော် သွားချင်တော့သည်။

"ဘာဖြစ်လို့ ဘိန်းရှူထားတဲ့ လူတွေနဲ့ တူနေရတာလဲ။" ဟုန်ရှောင်ပေါင် မျက်မှောင်ကြုတ်သွား၏။ သို့သော်ငြား တစ်ဖက်လူ ဘယ်လို ပုံစံ ဖြစ်နေပါစေ... သူက ဂရုစိုက်ပြီး သွားမကြည့်ချင်ချေ။

အတန်ကြာမှ ချန်ကောသည် မျက်လုံးများကို ပြန်လည် ဖွင့်ကြည့်လာ၏။ ဝုန်းခနဲ ခုန်ထရပ်လိုက်ပြီး သူ၏ ကိုယ်ခန္ဓာ ပြောင်းလဲမှုကို ခံစားကြည့်ရာ... စိတ်လှုပ်ရှားလွန်း၍ ခန္ဓာကိုယ်ပင် အနည်းငယ် တုန်ယင်လာတော့သည်။ "အဆင့်... အဆင့်တက်သွားပြီ... အဆင့်တက်သွားပြီ... တကယ်ကြီး အဆင့်တက်သွားပြီ။"

အဆက်မပြတ် ရေရွတ်နေရင်းဖြင့်... အလွန် ရုတ်တရက်ဆန်စွာ မျက်ရည်ပူ နှစ်ကြောင်း စီးကျလာ၏။ "အဖေ … သား အဆင့်တက်သွားပြီ။ သား အဆင့်တက်သွားပြီ။"

ဟုန်ရှောင်ပေါင်က ကြည့်ရှုရင်းဖြင့် စိတ်လှုပ်ရှား ခံစားသွားမိ၏။ သို့သော်ငြား ရုတ်တရက် ခေါင်းကို ခါယမ်းလိုက်သည်။ "ဟေး... ဟေး... ဟေး... ဟေး... ဟေး။ သိုင်းဆန်ဆန် ဇာတ်လမ်းကနေ ဘာဖြစ်လို့ အလွမ်း ဇာတ်လမ်း ပြောင်းသွားတာလဲ။"

ပြောရင်းဖြင့် ကောင်တာကို ဒေါက်ဒေါက် ခေါက်လိုက်၏။ "ပိုက်ဆံ ရှင်း... ပြီးရင် လစ်တော့။"

ထိုအခါမှသာ ချန်ကောက ဟုန်ရှောင်ပေါင်ကို လှမ်းကြည့်လိုက်သည်။ ဟုန်ရှောင်ပေါင်၏ ရှေ့သို့ လျှောက်လာပြီး ၉၀ ဒီဂရီ ကိုင်းညွှတ်ကာ လေးလေးနက်နက် အရိုအသေ ပေးလိုက်၏။ "သူဌေးဟုန် ရဲ့ ကြီးမားတဲ့ ကျေးဇူးတော်ကို ကျေးဇူးတင်ရှိပါတယ်ဗျာ။ ကျုပ် ချန်ကော သွေးကြွေး ပြန်ဆပ်နိုင်ခဲ့ရင်... ကျုပ်ရဲ့ ပိုင်ဆိုင်မှု အားလုံးနဲ့ သေချာပေါက် ကျေးဇူး ပြန်ဆပ်ပါ့မယ်။"

ပြောပြီးသည်နှင့် မာနတခွဲသားဖြင့် ခြေလှမ်းကျယ်ကြီးများ လှမ်းကာ ထွက်သွားတော့သည်။

"ဟင်။ ပြန်လာခဲ့စမ်း။"

ဟုန်ရှောင်ပေါင် ဒေါသထွက်သွား၏။ “မင်းရဲ့ ဘာသွေးကြွေးတွေပဲ ဖြစ်နေနေ... ဂရုမစိုက်ဘူး။ ပိုက်ဆံ မရှင်းရင် မင်းကို ခွေးနဲ့ ကိုက်ခိုင်းမယ် ဆိုတာ ယုံလား။"

ကျုံးဟယ်တစ်ယောက် ကြောက်လန့်လွန်း၍ တုန်ယင်သွားတော့၏။ စောစောလေးကမှ မြင်တွေ့ခဲ့ရသည့် ထိပ်ဖြူခွေးတူဝက်တူကြီးကိုသာ တကယ်ကြီး လွှတ်ပေးလိုက်လျှင်... သူတို့ နှစ်ယောက်မှာ အသက်ရှင်ဖို့ လမ်းစ ရှိပါဦးမည်လား။ ထို့ကြောင့် ချက်ချင်းပင် တစ်လှမ်းချင်း ခုန်ပျံ ပြေးသွားပြီး ဝိညာဉ်ကျောက်တုံး ခြောက်ဆယ်ကို ဟုန်ရှောင်ပေါင်၏ ရှေ့တွင် လာချပေးလိုက်သည်။ "သူဌေးဟုန်... သည်းခံ ခွင့်လွှတ်ပေးပါဗျာ... သည်းခံ ခွင့်လွှတ်ပေးပါ။ သူက အခုလေးတင်မှ အဆင့်တက်သွားတာ ဆိုတော့... အလွန်အမင်း ပျော်ရွှင်နေမိလို့ပါ။"

"ပိုက်ဆံ ရှင်းမဲ့သူ ရှိရင်တော့ ပြီးတာပါပဲ။"

ဟုန်ရှောင်ပေါင်က ဂရုမစိုက်စွာ လက်ဝှေ့ယမ်းပြလိုက်၏။ "သွားတော့၊ သွားတော့။"

ကျုံးဟယ်က ချန်ကော၏ နောက်သို့ ပြေးလိုက်သွားသည်နှင့်... တစ်ချိန်လုံး အေးစက် အမူအရာ ကင်းမဲ့သည့် မျက်နှာပေး လုပ်ထားသော ဟုန်ရှောင်ပေါင်၏ မျက်နှာထက်တွင် ချက်ချင်းပင် အပြုံးများ ပြည့်နှက် လာတော့သည်။ "ဟားဟား... ဝိညာဉ်ကျောက်တုံး ခြောက်ဆယ် ထပ်ရပြန်ပြီ။ ကျုပ်က မိသားစုကို လုပ်ကျွေးပြုစုပြီး ချမ်းသာ ကြွယ်ဝမှုဆီ ဦးတည်စေတဲ့... ပိုက်ဆံရှာရာမှာ အရမ်း တော်တဲ့ ပုဂ္ဂိုလ်လေးပဲလေ။"

ဤဝိညာဉ်ကျောက်တုံးများကို လေထုထဲသို့ မြှောက်တင် ကစားနေရင်းဖြင့်... ၎င်းတို့ အချင်းချင်း ထိခိုက်မိသည့် အခါ ထွက်ပေါ်လာသော ဒင်္ဂါးပြား သံစဉ်လေးများက အလွန်တရာ ကြည်လင် သာယာပြီး စိတ်လှုပ်ရှားဖွယ် ကောင်းနေကြောင်း ခံစားနေမိ၏။

"မင်းက အဲဒီလူ ပြောတဲ့ သွေးကြွေး ပြန်ဆပ်တာတို့၊ ဘာတို့ ဆိုတာတွေကို နည်းနည်းလေးတောင် စိတ်မဝင်စားဘူးလား။" ယင်းကျိုယိုက အနည်းငယ် ထူးဆန်းနေမိသည်။

"ဒီလောကကြီး ထဲမှာ အဲဒီလို ကျေးဇူးတွေ၊ ရန်ငြိုးတွေ၊ သတ်ဖြတ်တာတွေက အများကြီး ရှိနေတာ... ကျုပ် ဘယ်လိုလုပ် လိုက်ပြီး ဂရုစိုက် နိုင်မှာလဲ။" ဟုန်ရှောင်ပေါင်က အလွန် အထင်သေးသည့် လေယူလေသိမ်းဖြင့် ပြောလိုက်၏။

နေ့လယ်ပိုင်း ဆိုင်ဖွင့်ချိန် နှစ်နာရီလည်း ကုန်ဆုံးလုနီးပါး ဖြစ်နေပြီ ဖြစ်ရာ နောက်ထပ် ဧည့်သည်များ ထပ်မံ ရောက်ရှိလာတော့မည် မဟုတ်ဟု တွေးတောမိပြီး... တတိယထပ်ဆီသို့ ချက်ချင်း ပြေးတက်သွားတော့သည်။

ထိပ်ဖြူခွေးတူဝက်တူကြီးကို မြင်လိုက်ရသည့် အခါတွင်တော့... ဟုန်ရှောင်ပေါင်က ထင်သည့်အတိုင်းပဲ ဟု စိတ်ထဲမှ မှတ်ချက်ချလိုက်၏။ ဤကောင်ကြီးသည် ပုံမှန် အချိန်များတွင် အလွန်တရာ အေးဆေး လွတ်လပ်စွာ နေထိုင်တတ်သည်။ တစ်နေ့လုံး ဤတတိယထပ်တွင် လဲလျောင်းပြီး... မြေအောင်းပုစဉ်းမီးတောက်၏ နွေးထွေးသော အပူငွေ့လေးကို ခံယူနေတတ်၏။

ထိုမြင်ကွင်းကို ကြည့်ရင်း တစ်ခါတစ်ရံ ဟုန်ရှောင်ပေါင် ကိုယ်တိုင်ပင် မနာလို ဖြစ်မိပေသည်။ သူက တစ်နေ့လုံး မိသားစုကို လုပ်ကျွေးဖို့အတွက် အသက်လုပြီး ပိုက်ဆံရှာနေသည် ... နောက်ဆုံးကျတော့ ခံစား စံစားနေရတာက ဤကောင် နှစ်ကောင် ဖြစ်နေသည် မဟုတ်ပါလား။

သို့သော်ငြား ယနေ့တွင်တော့ ကွာခြားသွားခဲ့ပြီ ဖြစ်၏။ ဤကောင်ကြီးက တတိယထပ်ရှိ စတုရန်းမီတာ သုံးဆယ်လောက် ကျယ်ဝန်းသည့် အခန်းငယ်လေး ထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်သွားနေပြီး အလွန်တရာ မတည်မငြိမ် ဖြစ်ကာ စိတ်တို ဂျစ်ကန်ကန် ဖြစ်နေသည်။

ဟုန်ရှောင်ပေါင် တက်လာသည်ကို မြင်လိုက်ရသည်နှင့် ထိပ်ဖြူခွေးတူဝက်တူကြီးက ကယ်တင်ရှင်ကို တွေ့လိုက်ရသလိုမျိုး... ပါးစပ်မှ အသံနိမ့် အော်မြည်ရသင်း အနီးသို့ တိုးကပ်လာ၏။ ဦးခေါင်းကြီးဖြင့် ဟုန်ရှောင်ပေါင်ကို ပွတ်သပ်နေပြီး... အော်မြည်သံ ထဲတွင် အလွန် ဝမ်းနည်း ကြေကွဲသည့် လေယူလေသိမ်းများ ပြည့်နှက်နေသည်။ ဟုန်ရှောင်ပေါင်က ထိုအသံ ထဲတွင်... ချွဲနွဲ့ခြင်း .. စသော အဓိပ္ပာယ်မျိုးကိုတောင် ကြားယောင်နေမိ၏...။

အကယ်၍ ဤနေရာတွင် ရတနာဝက်ဝံလေးသာဆိုပါက အလွန် ကြည်နူး သာယာဖွယ် ကောင်းပါလိမ့်မည်။ သို့သော်ငြား ဤအကောင်ကြီး ကကျတော့... အု။

ဟုန်ရှောင်ပေါင် ကြက်သီးတွေတောင် ထသွားပြီး သူ့ကို တွန်းဖယ်လိုက်၏။ လေးနက်စွာ ပြောလိုက်သည်။ "မင်း ဒီမှာ နေခဲ့။ ငါ မင်းအတွက် လိုအပ်တဲ့ ပစ္စည်းအချို့ သွားရှာပေးမယ်။"

All Chapters