← Chapters

အခန်း ၂၀၄

Vol. 18 Ch. 204

အခန်း ၂၀၄

Vol. 18 Ch. 204

အပိုင်း (၂၀၄) ဘာရာခိုင်နှုန်းလဲ။

ထွက်သွားရန် ပြင်လိုက်စဉ်မှာပင်... စိတ်ကူး ထဲ၌ အဓိပ္ပာယ် မရှိသည့် နေရာအချို့ဆီသို့ တွေးတော မိသွား၏။

လူ့ဘဝတွင် မင်္ဂလာတရား လေးပါးရှိသည်ဟု ဆိုစမှတ် ပြုကြသည်။ ယင်းတို့မှာ ကြည်နူးဖွယ် မင်္ဂလာဦးည ရောက်ရှိလာချိန်၊ အရေးပါသော စာမေးပွဲကြီးကို ထူးချွန်စွာ အောင်မြင်ချိန်၊ မိုးခေါင်ရေရှား၍ အပူတပြင်း လိုအပ်နေချိန်တွင် အေးမြသော မိုးရေစက်များ ရွာကျလာချိန်နှင့် အဝေးတစ်နေရာ၌ ငယ်သူငယ်ချင်းဟောင်းနှင့် မမျှော်လင့်ဘဲ ပြန်လည်ဆုံတွေ့ရချိန်တို့ပင် ဖြစ်သည်။

သို့ပေမည့် ဝိညာဉ်သားရဲများ အတွက်မူ သူတို့၏ တစ်သက်တာတွင် မင်္ဂလာတရား နှစ်ပါးခန့်သာ ရှိနိုင်လောက်သည်။ ထိုအရာများမှာ သူတို့၏ သွေးသားရင်းချာ သားပေါက်လေးများ မွေးဖွားလာခြင်းနှင့် ကျင့်စဉ်စွမ်းအားများ မြင့်တက်ကာ နောက်တစ်ဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခြင်းတို့ပင် ဖြစ်၏

ဤသို့ တွေးတောမိသည့် အခါ... သိပ်ပြီး ကြမ်းကြုတ်၍ မဖြစ်ဟု ချက်ချင်း ခံစားလိုက်ရ၏။ ထို့ကြောင့် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ဖျံလေး၏ ဦးခေါင်းကြီးကို ပွတ်သပ်လိုက်သည်။ အချက် အတန်ကြာ နှိပ်နယ် ပွတ်သပ်ပေးပြီးမှ ပြောလိုက်၏။

"စိတ်ချပါ။ မင်းရဲ့ သခင် ဖြစ်တဲ့ ငါက ဘယ်သူလဲ ဆိုတာ မင်း သိတယ် မဟုတ်လား။ ငါက..."

ဟုန်ရှောင်ပေါင် အနည်းငယ် ကြောင်အံ့သွားပြီး မင်းသား၊ ဆိုင်ရှင်သူဌေး ဆိုသည့် ဂုဏ်ပုဒ်များက သိပ်ပြီး ခမ်းနား ထည်ဝါမှု မရှိဟု ရုတ်တရက် ခံစားလိုက်ရသည်။ ထို့ကြောင့် အတန်ကြာ တွေဝေ ငေးမောနေပြီးမှ ဆက်ပြော၏။ "မင်းရဲ့ သခင် ငါက တန်လန် ခန္ဓာကိုယ် ပိုင်ရှင်လေ။ စွမ်းတယ် မဟုတ်လား။ ငါလည်း သိပ်ပြီး နားမလည်ပေမဲ့... မင်းကို ကာကွယ်ပေးဖို့ ဆိုတာကတော့ အသေးအမွှား ကိစ္စလေးလောက်ပါပဲ။"

ဤမျှ လှပ စိတ်လှုပ်ရှားဖွယ် ကောင်းပြီး ဖျံလေး၏ နှလုံးသားကို နွေးထွေးစေမည့် စကားများကို ပြောဆိုလိုက်ရာ... ထိပ်ဖြူခွေးတူဝက်တူကြီးတစ်ကောင် စိတ်လှုပ်ရှားလွန်း၍ ဝါးခနဲ အော်ငိုတော့မတတ်ပင် ဖြစ်သွား၏။

ထိုအခါမှသာ ဟုန်ရှောင်ပေါင်က ဖင်လေးယမ်းကာဖြင့် အနောက်ဘက် ဈေးတန်းဆီသို့ လျှောက်သွားတော့သည်။

ထိပ်ဖြူခွေးတူဝက်တူကြီး၏ အဆင့်တက်မှုက ဟုန်ရှောင်ပေါင်၏ မျှော်လင့်ချက်ကို အလွန်အမင်း ကျော်လွန် နေခဲ့၏။

တကယ့်ကို အံ့ဩစရာပင်။ အဖြစ်အပျက်များစွာ ဆက်တိုက်ဆိုသလို ဖြစ်ပျက်ခဲ့သည် ဆိုသော်ငြားလည်း အမှန်တကယ် တွက်ဆကြည့်မည်ဆိုလျှင် ဤကောင် သူ၏နောက်သို့ လိုက်ပါလာခဲ့သည်မှာ ရက်အနည်းငယ်မျှသာ ရှိသေးသည် မဟုတ်ပါလား။ သို့ပါလျက်နှင့် ဤမျှ အချိန်တိုတိုအတွင်း ချက်ချင်းဆိုသလိုပင် အဆင့်တက်သွားခဲ့ပြီဖြစ်ရာ သူ၏ရင်တွင်း၌ မယုံကြည်နိုင်လောက်အောင် အံ့အားသင့်နေမိသည်။

"ထိပ်ဖြူခွေးတူဝက်တူကြီး ကိုယ်တိုင်က တတိယအဆင့် ထိပ်ဆုံး ရောက်နေတဲ့ ဝိညာဉ်သားရဲ တစ်ကောင်ပဲ။ အခွင့်အလမ်း တစ်ခုခု ရရှိရင် အဆင့်တက်တာက သာမန် ကိစ္စပါပဲ။"

ယင်းကျိုယိုက ရှင်းပြလိုက်၏။ "ပြီးတော့ မင်းဆီ ရောက်လာတဲ့ အခါ... ဆေးဘက်ဝင် အစားအစာတွေလည်း စားရတယ်၊ မြေအောင်းပုစဉ်းမီးတောက်ကလည်း ရှိတယ်လေ... သဘာဝအလျောက် ပြီးပြည့်စုံတဲ့ ပုံစံ မဟုတ်သေးဘူး ဆိုရင်တောင် နေ့တိုင်း မြေအောင်းပုစဉ်းမီးတောက် ရဲ့ အနီးမှာ အပူငွေ့ ခံယူနေရတာ ဆိုတော့... အဆင့်တက်တာက သဘာဝ ကျကျ ဖြစ်သင့်တဲ့ ကိစ္စပါပဲ။"

"အဓိပ္ပာယ် ရှိတာပဲ။"

ဟုန်ရှောင်ပေါင်က ခေါင်းညိတ်လိုက်၏။ "ဒါဆို ရွှေဝါရောင် ဝက်ဝံပေါက်လေးက ဘယ်တော့လောက် အဆင့်တက်နိုင်မလဲ။"

"ရက်အနည်းငယ်လောက်တော့ လိုလောက်သေးတယ်။"

ယင်းကျိုယိုက ခေါင်းခါပြလိုက်သည်။ "ဒါပေမဲ့ ကြိုတင် မပြင်ဆင်ထားမိဘဲ ထိပ်ဖြူခွေးတူဝက်တူကြီးကို ဒီအတိုင်း အဆင့်တက်ခွင့် ပြုလိုက်ရတာ အတော်လေး နှမြောစရာ ကောင်းသွားတယ်။ စတုတ္ထအဆင့် ရောက်သွားရင်... ထိပ်ဖြူခွေးတူဝက်တူကြီးက သန္ဓေပြောင်း တိုးတက်ဖို့အတွက် အများကြီး ပိုပြီး ခက်ခဲသွားလိမ့်မယ်။ ဒါကြောင့် ရွှေဝါရောင် ဝက်ဝံပေါက်လေး ကိုတော့ နည်းလမ်းအချို့ ထပ်မံ ဖြည့်စွက် ပေးရမယ်... မဟုတ်ရင် နက်ရှိုင်းတဲ့နေရာအထိ သန္ဓေပြောင်း ဆင့်ကဲတိုးတက်မှု မရှိခဲ့ရင် ဒီဝိညာဉ်သားရဲ နှစ်ကောင်က နောင်တစ်ချိန်မှာ မင်းအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာလိမ့်မယ်။"

အကယ်၍ လွန်ခဲ့သော တစ်လခန့်ကသာ ဆိုပါလျှင် အဘိုးပြောလိုက်သည့် ဤစကားများကြောင့် ဟုန်ရှောင်ပေါင်တစ်ယောက် သေချာပေါက် မျက်စိသူငယ် နားသူငယ်ဖြင့် ခေါင်းမူးဝေသွားလောက်သည်။ တွေးကြည့်ပါဦး... သူကိုယ်တိုင်က ယခုမှ ဒုတိယအဆင့်သာ ရှိသေးပါလျက်နှင့် စတုတ္ထအဆင့် ထိပ်တန်းဝိညာဉ်သားရဲကြီး တစ်ကောင်ကိုများ ဝန်ထုပ်ဝန်ပိုးတစ်ခုအဖြစ် ထင်မှတ်နေမိသည်တဲ့လား။ အိုဟို... သူ၏ မာနတရားတို့က ကောင်းကင်ဘုံကိုပင် ထိုးဖောက်ကျော်လွန်နေခဲ့ပြီ မဟုတ်ပါလား။

သို့သော်ငြား ယခုအချိန်တွင်မူ ဟုန်ရှောင်ပေါင်က နက်နက်ရှိုင်းရှိုင်း ထောက်ခံသည့် အနေဖြင့် ခေါင်းညိတ်လိုက်၏။ "မှန်တယ်။"

ဤသို့ စကားပြောနေရင်းဖြင့် သူတို့နှစ်ယောက် အနောက်ဘက် ဈေးတန်းဆီသို့ ရောက်ရှိလာကြသည်။ အဘိုး ပြောပြချက်အရဆိုလျှင် သူသည် အဆင့်တက်ခြင်းကို အထောက်အကူ ပြုနိုင်မည့် ဆေးမြစ်အချို့ ဝယ်ယူရပေမည်။ ထိပ်ဖြူခွေးတူဝက်တူကြီး၏ အဆင့်တက်မှုက ပြဿနာ ဘာမှ မရှိနိုင်ဘူး ဆိုသော်ငြား မည်သည့် ကိစ္စမဆို မတော်တဆ ဆိုတာ ရှိတတ်သည် မဟုတ်ပါလား။

ထို့အပြင် အဘိုး ပြောပြချက်အရ တစ်ကြိမ်လောက် အဆင့်တက်မှု ကျရှုံးဖူးသည့် အတွေ့အကြုံ ရှိခဲ့လျှင် ဝိညာဉ်စွမ်းအင်များ၊ ကလီစာများ စသည်တို့တွင် အတွင်းဒဏ်ရာများ ရရှိ ကျန်ရစ်တတ်ပြီး... ၎င်းကို ဖယ်ရှား ကုသရသည့် လုပ်ငန်းစဉ်က အလွန်တရာ ခက်ခဲ ကြမ်းတမ်းလှသည်။

ထို့ကြောင့် ဟုန်ရှောင်ပေါင်က အလွန် နှမြော တုန်လှုပ်စွာဖြင့် နောက်တစ်ကြိမ် ပိုက်ဆံ ထုတ်ပေးလိုက်ရပြန်၏။ သူ၏ ဤနံပါတ်တစ် အဓိက လက်ရုံးကြီးကို ညံ့ဖျင်းစွာ မဆက်ဆံရက်ချေ။

အဘိုး ပြောသည့် ဖော်စပ်ရမည့် ဆေး၏ အမည်မှာ အခြေခံခိုင်မာစေသည့် ဆေးလုံး ဟု ခေါ်၏။ ကုန်ကြမ်းများက မရှုပ်ထွေးလှချေ။ သို့ပေမည့် ထိုအထဲတွင် တတိယအဆင့် ဆေးမြစ် နှစ်မျိုး ပါဝင်နေသဖြင့် ဈေး မပေါလှချေ။ လိုအပ်သည့် ကုန်ကြမ်းများ အားလုံးကို စုံလင်အောင် ဝယ်ယူလိုက်သည့်အခါ... ဟုန်ရှောင်ပေါင်တစ်ယောက် ဝိညာဉ်ကျောက်တုံး ကိုးဆယ့်လေးတုံး ကုန်ကျသွားတော့သည်။

ထိုအခါမှသာ ဆိုင်သို့ ပြန်လည် ရောက်ရှိလာခဲ့၏။

အတန်ကြာ စဉ်းစားပြီးနောက် ချန်ယန်ကို လှမ်းခေါ်လိုက်သည်။

"သူဌေး။ ဘာကိစ္စ ရှိလို့လဲ။" ချန်ယန်က တတွတ်တွတ် ရေရွတ်ရင်း အပေါ်သို့ တက်လာ၏။ တစ်မနက်လုံး... သူဌေး ဆိုင်မှာ စီးပွားရေး ရှိသလား၊ မရှိဘူးလား ဆိုသည်ကို မခွဲခြားဘဲ သူက ဟုန်ရှောင်ပေါင် သင်ပေးလိုက်သည့် သဘောတရား လျှို့ဝှက်ချက်များကိုသာ အဆက်မပြတ် ရွတ်ဆို ကျက်မှတ် နေခဲ့သည်။

ရေဓာတ်အချင်းချင်း ပေါင်းစပ်ခြင်းနှင့် မီးဓာတ်အချင်းချင်း တွန်းကန်ခြင်း စသည့် နက်နဲသော သဘောတရားများပင် ဖြစ်သည်။ အနည်းငယ်မျှ ချဲ့ကားပြောဆိုခြင်း မဟုတ်ဘဲ အမှန်အတိုင်း ဆိုရလျှင် ဤသို့သော အဖိုးတန်စကားများကိုသာ စာလုံးရေအလိုက် တွက်ချက်ရောင်းချမည်ဆိုပါက စာတစ်လုံးအတွက်ပင် ဝိညာဉ်ကျောက်တုံး အမြောက်အမြားကို အလွယ်တကူ ရရှိနိုင်လောက်သည်။

ထို့ကြောင့် ယခုအချိန်တွင် ချန်ယန်တစ်ယောက် သ ူဟုန်ရှောင်ပေါင်၏ နောက်သို့ လိုက်ခဲ့ခြင်းမှာ အလွန် မှန်ကန်သော ရွေးချယ်မှု တစ်ခု ဖြစ်ကြောင်း အလွန်အမင်း သေချာသွားခဲ့ချေပြီ။ အခြား အရာတွေကို မပြောနှင့်ဦး... နောင်တစ်ချိန် ကိုယ်ပိုင် ဆိုင်လေး ဖွင့်ခဲ့မည်ဆိုလျှင်တောင်မှ ဤစကား လေး၊ ငါးခွန်းလောက်နှင့်တင်... ပထမအဆင့် ဆေးဖော်စပ်သူတွေ ကြား ထိပ်တန်း အဆင့်အထိ ရောက်ရှိသွားနိုင်သည် ... မဟုတ်သေးဘူး။ ဤစကား လေးငါးခွန်းလောက် ရှိနေမှတော့... ကိုယ့်ကိုယ်ကိုယ် အဘယ့်ကြောင့် ပထမအဆင့် ဆေးဖော်စပ်သူ အဆင့်လောက်မှာပဲ ကန့်သတ် ထားရမည်နည်း။

ဤသို့ တွေးတောမိသည့်အခါ... ချန်ယန်၏ ရင်တွေ တဒိန်းဒိန်း ခုန်နေမိ၏။ ယခုချိန်တွင် ဟုန်ရှောင်ပေါင်၏ အော်ခေါ်သံကို ကြားလိုက်ရသဖြင့်... သူက ရုတ်တရက် သတိပြန်ဝင်လာပြီး ပြောလိုက်သည်။ "အို... အို၊ အို။ သူဌေး... ကျုပ်ကို ခေါ်တာလား။"

"ခင်ဗျားကို ကျုပ် ဘယ်လို ဆေးဖော်သလဲ ဆိုတာ ပြမလို့။"

ဟုန်ရှောင်ပေါင်က တည့်တိုးပင် ပြောလိုက်၏။ "အခြေခံခိုင်မာစေတဲ့ ဆေးလုံး ကို မြင်ဖူးလား။"

"မမြင်ဖူးဘူး။"

ချန်ယန်က ရိုးသားစွာ ခေါင်းခါပြလိုက်သည်။ "ဒါက ဘာလဲဗျ။"

"အယ်..."

ဟုန်ရှောင်ပေါင်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။ "လွယ်လွယ်ကူကူ ပြောရရင်... အဲဒါ ဝိညာဉ်သားရဲတွေ သုံးတဲ့ တတိယအဆင့် ဆေးလုံးပဲ။"

"တ... တတိယအဆင့်။" ချန်ယန် ကြက်သေသေ သွား၏။ သူ သိရှိထားသည့် ဆေးဖော်စပ်သူများ ထဲတွင် အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ်မှာ တတိယအဆင့် ဆေးဖော်စပ်သူလောက်သာ ရှိပြီး... ထိုသူများသည် ဆေးဝါးဌာနခွဲများရှိ အလွန် အသက်အရွယ် ကြီးရင့်နေသည့် အဘိုးအိုကြီးများ ဖြစ်ကြသည်။ သူ၏ ရည်မှန်းချက် ထဲတွင်တော့ သူသည် ဆံပင် ဖြူသွားသည့် အရွယ် မရောက်ခင်မှာ ဒုတိယအဆင့်ကို ရောက်ရှိနိုင်ခဲ့လျှင်ပင် အလွန် ရှားပါး တန်ဖိုးရှိလှပြီ ဟု တွေးတောထားခဲ့သည် မဟုတ်ပါလား။

ချန်ယန်တစ်ယောက် လေယင်မြို့တော်ထဲတွင် အလွန် သနားစရာ ကောင်းလောက်အောင် ရှင်သန် နေထိုင်နေရပုံ ပေါ်သော်လည်း... ဤသည်မှာ လေယင်မြို့တော်ထဲမှာ မို့လို့သာ ဖြစ်ကြောင်း သိထားရပေမည်။ အပြင်ဘက် လောကကြီး ထဲသို့ ရောက်ရှိသွားလျှင်တော့... ချန်ယန်သည် မည်သည့် နေရာတွင်မဆို နန်းတော် ထဲ၌ ရာထူး ကောင်းကောင်း တစ်ခုကို လွယ်လွယ်ကူကူ ရရှိနိုင်သည်။ ဘုရင်များ၊ အုပ်ချုပ်သူများနှင့် ရင်ဘောင်တန်း စကားပြောဖို့ ဆိုသည်မှာ သိပ်မဖြစ်နိုင်ဘူး ဆိုလျှင်တောင်မှ အခြားသူများထက် မျက်နှာသာ ပေးခံရဖို့ ဆိုသည်မှာတော့ သေချာသည်။

ထို့ပြင်... အကယ်၍ ဒုတိယအဆင့် ဆေးဖော်စပ်သူတစ်ဦးသာ ဖြစ်လာခဲ့မည်ဆိုလျှင် မည်သည့်နိုင်ငံတွင်မဆို နိုင်ငံတော်အဆင့် ဆရာသခင်တစ်ပါးကဲ့သို့ မြင့်မြတ်သော အဆင့်အတန်းမျိုးကို ခံစားရမည် ဖြစ်သည်။ သို့တိုင်အောင် ထိုအဆင့်သည် ဒုတိယအဆင့်ရှိ ဆေးလုံးများကိုသာ ဖော်စပ်နိုင်စွမ်း ရှိဦးမည်။

သို့ဆိုလျှင် တတိယအဆင့် ဆေးလုံးတစ်လုံးကို ဖော်စပ်နိုင်ခြင်းက မည်သို့သော အဓိပ္ပာယ်မျိုးကို ဆောင်နေမည်နည်း။ တတိယအဆင့် ဆေးဖော်စပ်သူများ ကိုယ်တိုင်ပင်လျှင် တတိယအဆင့် ဆေးလုံးကို ဖော်စပ်ရာ၌ အောင်မြင်နိုင်စွမ်းမှာ ရာခိုင်နှုန်း သုံးဆယ်မျှပင် မပြည့်နိုင်ကြောင်းကို ကောင်းစွာ သတိပြုရပေမည်။

တစ်ချို့သော တတိယအဆင့် ဆေးဖော်စပ်သူများ တတ်မြောက်ထားသည့် တစ်ခုတည်းသော တတိယအဆင့် ဆေးလုံးမှာ... အဆင့်သတ်မှတ်သည့် စာမေးပွဲ ဖြေဆိုချိန်၌ အသုံးပြုလေ့ရှိသော 'အပူငွေ့ဝိညာဉ်ဆေးလုံး' မျှသာ ဖြစ်ပေသည်။

ထို့ကြောင့် ယခုအခါ ဟုန်ရှောင်ပေါင်က တတိယအဆင့် ဆေးလုံး ဖော်စပ်တော့မည် ဟု ကြားလိုက်ရသဖြင့်... ချန်ယန်တစ်ယောက် ချက်ချင်း တုန်လှုပ် သွားခဲ့၏။ ပါးစပ်ကြီး အစွမ်းကုန်ဟနေပြီး အတန်ကြာမှ သူက မေးလိုက်၏။ "သူဌေး။ ခင်ဗျား... ခင်ဗျား ဒါကို အောင်မြင်နိုင်ခြေ ဘယ်လောက်လောက် ရှိလဲ။"

ဤသို့ မေးမြန်းနေရင်းဖြင့် သူ၏ စိတ်ထဲ၌ တွက်ဆ ကြည့်လိုက်၏။ သာမန်အားဖြင့် ဆိုရသော် အောင်မြင်နိုင်ခြေ ရာခိုင်နှုန်း နှစ်ဆယ်ခန့် ရှိနေခြင်းကပင် အတော်လေး ကျေနပ်ဖွယ်ကောင်းနေပြီဟု ဆိုနိုင်ပေသည်။ ဟုန်ရှောင်ပေါင်မှာ အခြားသူများထက် ပိုမိုထူးချွန်နေနိုင်သော်ငြား မည်သို့ပင်ဆိုစေကာမူ အသက်အရွယ်အားဖြင့် အတန်ငယ် နုနယ်သေးသည်ဖြစ်ရာ... သူ၏ အောင်မြင်နိုင်စွမ်းမှာ အများဆုံး တွက်ဆကြည့်လျှင်ပင် ရာခိုင်နှုန်း လေးဆယ်၊ ငါးဆယ်ခန့်မျှသာ ရှိနိုင်လောက်သည်။

"ဘယ်လောက် ရာခိုင်နှုန်းရှိလဲ ဟုတ်လား။"

ဟုန်ရှောင်ပေါင် အနည်းငယ် ကြောင်အံ့သွား၏။ "ဒီဟာက ကျရှုံးနိုင်စရာ အကြောင်း ရှိလို့လား။"

All Chapters