အခန်း ၂၀၆
Vol. 18 Ch. 206
အပိုင်း (၂၀၆) စားပိုးနင့်ခြင်း။
ဟုန်ရှောင်ပေါင်က တဟားဟား ရယ်မောလိုက်ပြီး ဆေးဖို ထဲသို့ လှမ်းကြည့်လိုက်၏။ မီးကျန် အပူငွေ့များ ကြားတွင် မီးခိုး-အစိမ်းရောင် ဆေးလုံး တစ်လုံးက ဖြည်းညင်းစွာ ပုံသဏ္ဌာန် ပေါ်လာနေသည်။
ချန်ယန် က ဟုန်ရှောင်ပေါင်ထက် ပို၍ စိုးရိမ် ပူပန်နေပုံ ရ၏။ တစ်ချက်လောက် ကြည့်လိုက်ရုံနှင့် ချက်ချင်းပင် အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်တော့သည်။ "အောင်... အောင် အောင် အောင်... အောင်... အောင်မြင်သွားပြီ။ တကယ်ပဲ အောင်မြင်သွားခဲ့ပြီ။ အောင်မြင်သွားပြီ။"
"ပြောသားပဲ။"
ဟုန်ရှောင်ပေါင်က ပုခုံး တွန့်ပြလိုက်၏။ "ဒီလို ဆေးလုံးမျိုးမှာ ရှုံးနိမ့်နိုင်တဲ့ ဖြစ်နိုင်ချေ ရှိလို့လား။"
"ဒါက တတိယအဆင့် ဆေးလုံးလေ။"
ဟုန်ရှောင်ပေါင် ပြောဆိုသည်ကို တစ်မနက်လုံး နားထောင်ခဲ့ရပြီးနောက် ဟုန်ရှောင်ပေါင်တွင် အဆင့်အတန်း မြင့်မားစွာ ရှိသည်ဟု ချန်ယန် က သတ်မှတ်ပြီး ဖြစ်သည်။ သို့ပေမည့် တတိယအဆင့် ဆေးလုံး ဆိုသည်မှာ မည်သည့် အဓိပ္ပာယ်နည်း။ ချန်ယန်၏ ရင်ထဲတွင်တော့ ဟုန်ရှောင်ပေါင် တကယ်ပဲ အောင်မြင်အောင် ဖော်စပ်နိုင်လိမ့်မည်ဟု မယုံကြည်ခဲ့ချေ။ ထို့ကြောင့် ယခု အခိုက်အတန့်တွင် မှင်သက် နေခဲ့မိခြင်း ဖြစ်သည်။
သို့သော်ငြား အချိန်အနည်းငယ် ကြာသည့်အခါ ချန်ယန်၏ မျက်မှောင်များက အနည်းငယ် ကြုတ်လာ၏။ သူ မြင်တွေ့ဖူးသမျှ ဆေးလုံး အောင်မြင်မှုများ အားလုံးတွင် ဆေးဖို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ဆေးရနံ့များ အရပ်မျက်နှာ လေးပါးဆီသို့ ပျံ့နှံ့ သွားလေ့ရှိကြသည်။ သို့သော် ယခုအချိန်တွင်တော့... အဘယ့်ကြောင့် ဆေးရနံ့ အနည်းငယ်လောက်ပဲ ရှိနေရသနည်း။ ရှုံးနိမ့်သွားခြင်းများလား။ ဤသို့ တွေးမိသည့်အခါ ချန်ယန် မှာ စိုးရိမ်လာပြန်၏။
"သူဌေး... ဒါက... ဒါက ဘာဖြစ်လို့ ဆေးရနံ့ မရှိရတာလဲ။ မဟုတ်ဘူး... ရှုံးနိမ့်သွားတာတော့ မဟုတ်ပါဘူးနော်။"
"အရေးမပါတာ။"
ဟုန်ရှောင်ပေါင်က လှောင်ပြုံး ပြုံးလိုက်၏။ "ဆေးရနံ့ ဆိုတာ တကယ်တော့ ပျံ့လွင့်သွားတဲ့ ဆေးမြစ်တွေရဲ့ အရသာပဲ ဖြစ်တယ်။ ဆေးလုံးရဲ့ အဆင့် ပိုမြင့်မားလေလေ၊ ဆေးမြစ်ရဲ့ အာနိသင်ကို ဆေးလုံးထဲမှာ ပိုပြီး ပိတ်လှောင်ထားနိုင်လေလေ ဖြစ်တယ်။ မှတ်ထား... ဆေးရနံ့ နည်းနည်းလေးတောင် အပြင်ကို စိမ့်ထွက်မလာတာကမှ ထိပ်တန်း အဆင့်ပဲ။"
"မှတ်ထားပါ့မယ်။" ချန်ယန် တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး ဤစကားကို စိတ်ထဲတွင် စွဲမြဲစွာ မှတ်သား ထားလိုက်သည်။
ထို့နောက်တွင်တော့ ဘာကိစ္စမှ မရှိတော့သည့်အတွက် ချန်ယန် မှာ အောက်ထပ်သို့ ဆင်းသွားတော့သည်။ ဟုန်ရှောင်ပေါင်ကတော့ တတိယထပ်သို့ ရောက်လာပြီး ထိပ်ဖြူ ခွေးတူဝက်တူကြီး၏ အခြေအနေကို ကြည့်ရှုလိုက်ရာ ပိုပြီး ဂဏာမငြိမ် ဖြစ်နေကြောင်း တွေ့လိုက်ရ၏။
သားရဲတိရစ္ဆာန်တွေ အသိုက် တည်ဆောက်သည့်အခါတွင် အများအားဖြင့် မြေကြီးကို နက်နက် တူးဆွပြီး လိုဏ်ခေါင်း လုပ်တတ်ကြသည်။ သားရဲများ၏ အသိုက်ဆိုသည်မှာ မြက်ပင်များ၊ သစ်ကိုင်းများဖြင့် တည်ဆောက်ထားတတ်သလို၊ ငှက်သိုက်များကဲ့သို့ တံတွေးဖြင့် ခိုင်ခံ့အောင် ဖွဲ့စည်းထားသည့် အသိုက်များလည်း ရှိကြသည်။ သို့ရာတွင် မည်သို့ပင်ဖြစ်စေကာမူ နံရံလေးဘက် လုံလုံခြုံခြုံဖြင့် ခေါင်မိုးပေါ်၌ အုတ်ကြွပ်မိုးထားသော လေးထောင့်စပ်စပ် အဆောက်အအုံပုံစံမျိုးတော့ ဘယ်သောအခါမှ ဖြစ်နေမည် မဟုတ်ပေ။
ထိပ်ဖြူ ခွေးတူဝက်တူကြီးမှာ သာမန်အချိန်များတွင်မူ အထူးတလည် ဂျီကျလေ့မရှိဘဲ လှဲလျောင်းစရာ မြေပြင်ရှိနေလျှင်ပင် လုံလောက်နေတတ်သည်။ သို့သော်ငြား ယခုအချိန်တွင်မူ သူ၏ရင်တွင်း၌ လုံခြုံမှုကင်းမဲ့နေသည်ဟု ခံစားနေရပုံရ၏။ ထို့ကြောင့် ကိုယ်ပိုင်အသိုက်တစ်ခု တည်ဆောက်ရန်အလို့ငှာ သင့်တော်မည့်အရာ တစ်ခုခုကို လိုက်လံရှာဖွေရန် ကြိုးစားနေတော့သည်။ အချိန်အကန့်အသတ် ရှိနေသည်ဖြစ်ရာ အခြား မည်သည့်ပစ္စည်းကိုမျှ ဝယ်ယူပြင်ဆင်ရန် မဖြစ်နိုင်တော့ချေ။
ဟုန်ရှောင်ပေါင်က ခဏမျှ စဉ်းစားလိုက်ပြီးနောက် ကြေး ဓားဒဏ်ရာပျောက်ဆေး ဖော်စပ်ရန် ရည်ရွယ်ထားသည့် နွားမြီးမြက်များကို တတိယထပ် ဆီသို့ သယ်ဆောင်သွားလိုက်သည်။ မာကျားနှင့် မာချန် ညီအစ်ကိုနှစ်ယောက်မှာ တောင်ပေါ်တက်တိုင်း တစ်ပြုံတစ်ခေါင်းကြီး သယ်လာလေ့ရှိသည်ဖြစ်ရာ နွားမြီးမြက်များမှာ အလွန်ပင် ပေါများလှသည်။ ထို့ကြောင့် ဟုန်ရှောင်ပေါင်က နည်းနည်းလေးမျှ နှမြောတွန့်တိုနေခြင်းမရှိဘဲ အလွန်ထူထဲသော အလွှာကြီးတစ်ခုအဖြစ် အသေအချာ ခင်းကျင်းပေးလိုက်သည်။
ထိပ်ဖြူ ခွေးတူဝက်တူကြီးက ဟုန်ရှောင်ပေါင်၏ စေတနာကို သဘာဝကျကျပင် ကောင်းစွာ နားလည်သဘောပေါက်သွား၏။ ချက်ချင်းပင် ထိုနေရာသို့ တိုးဝင်သွားကာ ဝပ်ချလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်ဖြင့် ပွတ်သပ်တိုးဝှေ့ကာ အသိုက်နေရာတစ်ခုကို ဖန်တီးယူလိုက်သည်။ ထို့နောက်မှ ထိုမြက်ခင်းပြင်အလယ်၌ အလွန်သက်တောင့်သက်သာရှိစွာ လှဲလျောင်းနေတော့၏။
"သွေးတွေ စီးဆင်းတဲ့ လမ်းကြောင်းကို 'သွေးကြော' လို့ ခေါ်ပြီး၊ ဝိညာဉ်စွမ်းအင်တွေ စီးဆင်းတဲ့ လမ်းကြောင်းကိုတော့ 'စွမ်းအင်ကြော' လို့ ခေါ်တယ်ကွ။ ဒီလိုပဲ သက်ရှိအားလုံးမှာ ဝိညာဉ်စွမ်းအင်တွေ လည်ပတ်စီးဆင်းတဲ့ စွမ်းအင်ကြောမကြီး (မရီဒန်) တွေ ရှိကြစမြဲပဲ။ ခွေးတူဝက်တူ အမျိုးအစားတွေရဲ့ စွမ်းအင်ကြောမကြီးက သူတို့ရဲ့ လည်ပင်းအောက်ပိုင်းမှာ တည်ရှိတယ်။ မင်း သေသေချာချာ အာရုံခံကြည့်လိုက်စမ်း။ တကယ်လို့ အခုချိန်မှာ အဲ့ဒီနေရာမှာ ဝိညာဉ်စွမ်းအင် အမြောက်အမြား စုပုံပိတ်ဆို့နေပြီး ဝင်လို့ပဲရတယ်၊ ပြန်ထွက်မလာဘူးဆိုရင် ဒါဟာ အဆင့်တက်တော့မယ့် လက္ခဏာပဲ။ စုပုံပိတ်ဆို့မှု အတိုင်းအတာ ပိုများလေလေ၊ ဝိညာဉ်စွမ်းအင် ပမာဏက ပိုများလေလေ ဖြစ်ပြီး အဆင့်တက်ဖို့လည်း ပိုလွယ်ကူသွားတယ်။ ပိုပြီး မြင့်မားတဲ့ ခွန်အားကို ရရှိဖို့လည်း ပိုလွယ်ကူလာမယ်။ ဒါပေမဲ့... သဘာဝကျကျပဲ အန္တရာယ်လည်း ပိုများလာမှာကိုတော့ သတိပြုရမယ်..."
ဟုန်ရှောင်ပေါင်သည် အဘိုး ပြောပြသည့် နေရာအတိုင်း စမ်းသပ် ကြည့်လိုက်၏။ တစ်ချိန်တည်းမှာပင် ဝိညာဉ်စွမ်းအင်ဖြင့် အနည်းငယ် အာရုံခံ ကြည့်လိုက်ရာ ချက်ချင်း အံ့အားသင့်သွားသည်။ "ဟာ .. အများကြီးပဲ။ ပေါက်ကွဲထွက်တော့မယ်လို့တောင် ခံစားနေရတယ်။"
"မြေအောင်းပုစဉ်းမီးတောက် ရှိနေတာကြောင့် ဒါက မထူးဆန်းပါဘူး။"
ယင်းကျိုယိုက ခေါင်းညိတ်လိုက်၏။ "ခုနက ကျန်ရှိနေတဲ့ အခြေခိုင်ဆေးလုံး ရဲ့ ကုန်ကြမ်းတွေကို အနည်းငယ် ပြုပြင် ချက်ပြုတ်လိုက်မယ်ဆိုရင် အရမ်း ကောင်းမွန်တဲ့ ဆေးဘက်ဝင် အစားအစာ တစ်ခု ဖြစ်သွားလိမ့်မယ်။ အားလုံးကို ချက်ပြုတ်ပြီး ထိပ်ဖြူ ခွေးတူဝက်တူကြီး ကို ကျွေးလိုက်။"
ဟုန်ရှောင်ပေါင်က ဒုတိယထပ်ဆီသို့ လျင်မြန်စွာ ပြေးဆင်းသွား၏။ အလွန် မြန်ဆန်သော အရှိန်အဟုန်ဖြင့် ထိုပစ္စည်းများကို ရောနှော ချက်ပြုတ်လိုက်ပြီး တတိယထပ်ဆီသို့ ချက်ချင်း ပြန်တက်လာသည်။ "ထိပ်ဖြူ... လာ။ ဒါတွေ အကုန် စားလိုက်။"
ထိုသို့ ပြောဆိုရင်းဖြင့် အပြင်တံခါးကို ပိတ်လိုက်၏။ ပြီးနောက် မီးတောက် မျိုးစေ့ ရှိနေသည့် မီးဖိုအပြင်ဘက်မှ လျှို့ဝှက်တံခါးကို အကျယ်ဆုံး ဖြစ်အောင် ဖွင့်ချလိုက်သည်။ ထိုအခါ ချက်ချင်းပင် ပူပြင်းသည့် လေစီးကြောင်းကြီး တစ်ခုက မျက်နှာဆီသို့ ရိုက်ခတ် လာ၏။
"အစွမ်းထက်လိုက်တာ။"
ဟုန်ရှောင်ပေါင်က တုန်လှုပ်စွာဖြင့် မီးပုံအစီအရင်ထဲရှိ မီးတောက် မျိုးစေ့ဆီသို့ လှမ်းကြည့်လိုက်၏... ယခုအချိန်တွင် ၎င်းကို မီးတောက် မျိုးစေ့ ဟု မခေါ်ဆိုနိုင်တော့ချေ။ အဘယ်ကြောင့်ဆိုသော် မြေအောင်းပုစဉ်း မီးတောက်၏ "ပုစဉ်း" ပုံသဏ္ဌာန်က ဖြစ်တည်လာပြီ ဖြစ်သောကြောင့်ပင်။
သို့ပေမည့် အလွန် သေးငယ်နေသေးပြီး တစ်ချက် မှုတ်လိုက်ရုံဖြင့် ငြိမ်းသွားမည့် ပုံစံမျိုး ရှိနေဆဲပင်။ သဘာဝကျကျပင် ဟုန်ရှောင်ပေါင်သည် ဤအရာက အလွန် မာကျော သိပ်သည်းကြောင်း သိရှိထား၏။ သံမဏိ ဒယ်အိုးကြီး မရှိပါက အပေါက်ငယ်လေး တစ်ခု ဖြစ်အောင် ထုခွဲရန်ပင် ခက်ခဲပေလိမ့်မည်။
မြေအောင်းပုစဉ်းမီးတောက်၏ ပြင်းထန်သည့် အပူဓာတ်များ ထွက်ပေါ်လာသောအခါ ထိပ်ဖြူ ခွေးတူဝက်တူကြီး နှင့် ရတနာဝက်ဝံ တို့သည် ဂဏာမငြိမ် ဖြစ်လာကြ၏။
ထိပ်ဖြူ ခွေးတူဝက်တူကြီး၏ ဝိညာဉ်စွမ်းအင်များမှာ မူလကတည်းက ပြည့်ဝနေသည့် အခြေအနေသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ယခုကဲ့သို့ ဝိညာဉ်စွမ်းအင်များ အဆက်မပြတ် တိုးဝင်လာသောအခါ သားရဲတိရစ္ဆာန်များ၏ ခန္ဓာကိုယ်က မြေအောင်းပုစဉ်းမီးတောက်ကို ခုခံနိုင်စွမ်း မရှိသလောက်ပင် ဖြစ်၍ ကိုယ့်ဘာသာ စုပ်ယူနေတော့၏။ ဤမျှ မြင့်မားသည့် ဝိညာဉ်စွမ်းအင်များ၏ လောင်ကျွမ်းမှု အောက်တွင် ထိပ်ဖြူ ခွေးတူဝက်တူကြီး မှာ ပို၍ပင် နေရထိုင်ရ ခက်ခဲလာပြီး တဝူးဝူး အော်ဟစ်နေကာ တစ်ကိုယ်လုံးရှိ ကြွက်သားများက အဆက်မပြတ် တုန်ယင် ဆန့်ငင်ဆန့်ငင် ဖြစ်လာတော့သည်။
"လာ... ဒီတစ်ပွဲကို မြန်မြန် စားလိုက်စမ်းပါ။ အဆင့်တက်တာပဲ မဟုတ်လား။ ဝိညာဉ်စွမ်းအင် ကတော့ သဘာဝကျကျပဲ ပိုများလေလေ၊ ပိုကောင်းလေလေပေါ့။”
အခြားတစ်ဖက်တွင်မူ ထိပ်ဖြူ ခွေးတူဝက်တူကြီး၏ မျက်နှာ အမူအရာက ပြောင်းလဲနေခဲ့ပြီ ဖြစ်၏။
အခြေအနေက လူတစ်ယောက် အစားအသောက်တွေ အလွန်အမင်း စားထားလို့ ဗိုက်က ပေါက်ကွဲထွက်တော့မတတ် ဖြစ်နေသည့် အချိန်တွင် သူ့ရှေ့သို့ ဟင်းလျာ အပြည့်ထည့်ထားတဲ့ ပုံးကြီး တစ်ပုံး ထပ်ယူလာ ပေးလိုက်သလိုပင်။
ထိပ်ဖြူ ခွေးတူဝက်တူကြီး မှာ မကျေမနပ် ဖြစ်နေ၏။
သို့သော်ငြား ဟုန်ရှောင်ပေါင်ကလည်း အလွယ်တကူ အလျှော့ပေးမည့်သူ မဟုတ်ချေ။ လက်ချောင်းဖြင့် ပန်းကန်ပြားကို တဒေါက်ဒေါက် ခေါက်လိုက်ပြီး လက်သီးကိုပါ မြှောက်ပြလိုက်ရာ ထိပ်ဖြူ ခွေးတူဝက်တူကြီး သည် တဝူးဝူး အော်ဟစ်ပြီးနောက် ချက်ချင်း အရှုံးပေး လိုက်ရတော့သည်။
သာမန် အချိန်များတွင်သာ ဆိုလျှင် ဟုန်ရှောင်ပေါင်၏ ဟင်းလျာများသည် ထိပ်ဖြူ ခွေးတူဝက်တူကြီး အတွက် ဆွဲဆောင်မှု ကြယ်ငါးပွင့် အဆင့်ရှိသည့် အလွန့် အလွန် အလွန် ကောင်းမွန်သော အရာများ ဖြစ်ကြသည်။ သို့ပေမည့် ယနေ့တွင်တော့ အားလုံးကို အတင်းအကြပ် ခြိမ်းခြောက်ပြီး စားခိုင်းနေခြင်း ဖြစ်၏။
ဝူး ...
စားသောက် ပြီးစီးသည်နှင့် တစ်ပြိုင်နက် ထိပ်ဖြူ ခွေးတူဝက်တူကြီးသည် နေရထိုင်ရ ခက်ခဲစွာဖြင့် မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားတော့၏။ အဆက်မပြတ် အော်ဟစ်ရင်း လက်သည်းကြီးများဖြင့် သူ၏ ရင်ဘတ်ကို ထိုးကုတ်နေသည်။ အကြိမ်အနည်းငယ်မျှ ကုတ်မိရုံနှင့် သွေးများပင် ထွက်လာခဲ့ပြီ ဖြစ်သည်။