← Chapters

အခန်း ၂၀၇

Vol. 18 Ch. 207

အခန်း ၂၀၇

Vol. 18 Ch. 207

အပိုင်း (၂၀၇) အဆင့်တက်တာ အောင်မြင်သွားပြီ။

"ဟာ … ဒါက မဖြစ်ဘူး။" ဟုန်ရှောင်ပေါင်သည် ထိပ်ဖြူ ခွေးတူဝက်တူကြီး က အဆင့်တက်တော့မည့် အစွန်းဆီသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ ထို့ကြောင့် သူ၏ ဗိုက်ပေါ်သို့ လျင်မြန်စွာ တက်ခွလိုက်၏။ ပထမဦးစွာ အခြေခိုင်ဆေးလုံးကို ပါးစပ်ထဲသို့ အတင်း ထိုးထည့်လိုက်သည်။ သူ မြိုချသွားသည်ကို စောင့်ဆိုင်းပြီးသည့်နောက်မှ ထိပ်ဖြူ၏ လက်ကို အသေ ဖိချုပ် ထားလိုက်၏။

အခြေခိုင်ဆေးလုံး၏ ဆေးအာနိသင်က အလွန် အစွမ်းထက်လှသည်။ ဝိညာဉ်စွမ်းအင်များ ဗိုက်ထဲသို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် သောင်းနှင့်ချီသော ဝိညာဉ်စွမ်းအင် အမျှင်တန်းလေးများ အဖြစ် ပြောင်းလဲသွားပြီး ထိပ်ဖြူ ခွေးတူဝက်တူကြီး၏ ခြေလက် အင်္ဂါများနှင့် သွေးကြောများ အားလုံးဆီသို့ ဖြတ်သန်း စီးဆင်းသွားသည်။

မူလကတည်းက အမြင့်ဆုံး ကန့်သတ်ချက်ဆီသို့ ရောက်ရှိနေသည့် ထိုဝိညာဉ်စွမ်းအင်များသည် ဤသို့ ထိတွေ့ လှုံ့ဆော်မှုအောက်တွင် ချက်ချင်းပင် တောက်လောင်နေသည့် မီးတောက်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားပြီး "ဝုန်း" ခနဲ ပေါက်ကွဲ ထွက်ပေါ်လာတော့၏။

ဟုန်ရှောင်ပေါင်သည် ဝိညာဉ်စွမ်းအင်ဖြင့် အဆက်မပြတ် အကဲခတ် စောင့်ကြည့်နေခဲ့ခြင်း ဖြစ်၏။ ထို ဝိညာဉ်စွမ်းအင်များ၏ အဆက်မပြတ် ပေါက်ကွဲမှုများကို သဘာဝကျကျပင် မြင်တွေ့လိုက်ရသည်။ "စပြီ။"

ဝုန်း …

ဝုန်း …

ထိပ်ဖြူ ခွေးတူဝက်တူကြီး မှာ နာကျင်စွာ အော်ဟစ်နေ၏။ ဝိညာဉ်စွမ်းအင်များက အလွန် သိပ်သည်း ပြည့်နှက်လွန်းနေသည်။ ဟုန်ရှောင်ပေါင် အတင်းအဓမ္မ ကျွေးမွေးထားသည့် ဆေးဘက်ဝင် အစားအစာ တစ်လင်ပန်း ကို စားထားရသောကြောင့် ဆိုဖွယ်ရာ မရှိတော့ချေ။ ထို့အပြင် ဝိညာဉ်စွမ်းအင် တိုးပွားစေရန် သီးသန့် အသုံးပြုသည့် အခြေခိုင်ဆေးလုံး တစ်လုံးကိုပါ ဟုန်ရှောင်ပေါင်က ပါးစပ်ထဲသို့ အတင်း ထိုးထည့် ထားသေးသည် မဟုတ်ပါလား။

ပြင်းထန် လှိုင်းထန်လှသည့် ဝိညာဉ်စွမ်းအင်များသည် မရီဒန် ထဲမှနေ၍ ပေါက်ကွဲ ထွက်ပေါ်လာပြီး ခန္ဓာကိုယ် တစ်ခုလုံးရှိ သွေးကြောများ၊ အရိုးများနှင့် ကြွက်သားများဆီသို့ စီးဆင်းသွား၏။ ထိပ်ဖြူ ခွေးတူဝက်တူကြီး၏ ခန္ဓာကိုယ်ကို လျင်မြန်စွာ အားဖြည့် ပေးနေသည်။

သို့သော်ငြား ဝိညာဉ်စွမ်းအင်များက အလွန်အမင်း အားကောင်းလွန်းနေသောကြောင့် တဖောင်းဖောင်း မြည်ဟည်းသံလေးများ နှင့်အတူ ထိပ်ဖြူ ခွေးတူဝက်တူကြီး၏ မရီဒန် နေရာ အနှံ့အပြား ကွဲအက် ပျက်စီးသွားခဲ့၏။ ပြင်းထန်လှသည့် ဝိညာဉ်စွမ်းအင်များက ခန္ဓာကိုယ် နေရာအနှံ့ကို ဆွဲဖြဲပစ်လိုက်သည်။ မျက်စိဖြင့် မမြင်နိုင်လောက်အောင် သေးငယ်သည့် အပေါက်ငယ်လေးများ ပေါ်ထွက်လာပြီး ထိုအထဲမှ သွေးများ အများအပြား စိမ့်ထွက်လာ၏။

ဝုန်း …

နာကျင်လွန်းသောကြောင့်လား၊ သို့မဟုတ် အဆင့်တက်နေသောကြောင့်လား မသိသော်ငြား ထိပ်ဖြူ ခွေးတူဝက်တူကြီး၏ ခွန်အားက အလွန်အမင်း ကြီးမားနေသည်။ တဒုန်းဒုန်း မြည်ဟည်းသံများနှင့်အတူ ဟုန်ရှောင်ပေါင်ကိုပင် တွန်းလှန် တွန်းဖယ်လာသည်။

"အစွမ်းထက်လိုက်တာ။"

ဟုန်ရှောင်ပေါင်မှာ ဝမ်းသာသွားပြီး ခွန်အားကြီး သိုင်းကျင့်စဉ်ကို လှည့်ပတ်ကာ ထိပ်ဖြူ ခွေးတူဝက်တူကြီးကို နောက်တစ်ကြိမ် ဖိနှိပ် ထိန်းချုပ်လိုက်၏။

ဝုန်း …

ဝုန်း …

ထိပ်ဖြူ ခွေးတူဝက်တူကြီး၏ အော်မြည်သံက ပို၍ပင် ပြင်းထန်လာ၏။ ယခုအချိန်တွင် သောင်းကျန်းနေသည့် ဝိညာဉ်စွမ်းအင်များက ကလီစာ ငါးပါးဆီသို့ တိုးဝင်နေခဲ့ပြီ ဖြစ်သည်။ ထိပ်ဖြူ ခွေးတူဝက်တူကြီး၏ အသားအရေ က မည်မျှ ထူထဲ ကြမ်းတမ်းသည် ဖြစ်စေ … ဤမျှလောက် နာကျင်မှုကိုတော့ မည်သည့် သက်ရှိကမှ ခံနိုင်ရည် ရှိလိမ့်မည် မဟုတ်ချေ။

ထိပ်ဖြူ ခွေးတူဝက်တူကြီး၏ တစ်ကိုယ်လုံးရှိ ကြွက်သားများမှာ ဖောင်းကြွ ထောင်ထနေ၏။ လေ အလွန်အမင်း မှုတ်သွင်းထားသည့် ပူဖောင်း တစ်လုံးကဲ့သို့ တစ်ချက် ထိုးဖောက်လိုက်ရုံဖြင့် ပေါက်ကွဲ သွားတော့မည့် အဆင့်အထိ ဖောင်းကြွနေသည်။ ထို့အပြင် တစ်ကိုယ်လုံး တုန်ယင်နေပြီး ကြွက်သားမျှင် တစ်ခုချင်းစီက တီကောင်များ ကဲ့သို့ တွန့်လိမ် လှုပ်ရှားနေကြ၏။

"တတိယမြောက် နံရိုးနေရာမှာ ဝိညာဉ်စွမ်းအင်တွေ အပြင်းအထန် စုပုံ ပိတ်ဆို့နေတယ်..."

ယင်းကျိုယို ပြော၍ မဆုံးသေးခင် ဟုန်ရှောင်ပေါင်က ချက်ချင်း ဖြတ်ပြောလိုက်သည်။ "အဘိုး... အခု အချိန်မှာ နံရိုးတွေကို ဘယ်လိုလုပ် မြင်ရတော့မှာလဲ။"

"ဒီနေရာပဲ။" ယင်းကျိုယိုက နေရာတစ်ခုကို လက်ညှိုးထိုးပြလျက် ပြောလိုက်သည်။ "လက်ချောင်းဆီကို ဝိညာဉ်စွမ်းအင် ဖိသိပ်ပြီး ဒီနေရာကို ထိုးဖောက် ပစ်လိုက်။"

ဟုန်ရှောင်ပေါင်သည် ညွှန်ကြားချက်အတိုင်း လိုက်နာ လုပ်ဆောင်လိုက်၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် ဝိညာဉ်စွမ်းအင်များကို သူ၏ လက်ချောင်း ထိပ်ဆီသို့ စုစည်းလိုက်ပြီး အားရပါးရ ထိုးချလိုက်သည်။

ဖောင်း...

ဟုန်ရှောင်ပေါင် ထိုးချလိုက်သည့် နေရာမှာ ချက်ချင်း ချိုင့်ဝင်သွား၏။ တစ်ချိန်တည်းမှာပင် ထိုနေရာတွင် စုပုံ ပိတ်ဆို့နေသည့် ဝိညာဉ်စွမ်းအင်များကလည်း ဟုန်ရှောင်ပေါင်၏ ထိုးဖောက်မှုကြောင့် ပြန့်ကျဲသွားခဲ့သည်။

ထိပ်ဖြူ ခွေးတူဝက်တူကြီး မှာ မူလက အလွန် နာကျင်နေခဲ့ခြင်း ဖြစ်၏။ ယခုကဲ့သို့ ဟုန်ရှောင်ပေါင်က ထိုနေရာရှိ ပိတ်ဆို့မှုကို ထိုးဖောက် ဖြိုခွဲ ပေးလိုက်သောအခါ တစ်ခုခုကို ချက်ချင်း သဘောပေါက်သွားသကဲ့သို့ ဖြစ်သွားသည်။ အံကြိတ်ထားပြီး ရမ်းကား ရုန်းကန်ခြင်း မပြုတော့ချေ။ လက်သည်းကြီးဖြင့် အနောက်ဘက် ခါးနေရာဆီသို့ အားထုတ် ညွှန်ပြလာ၏။

"အို..."

ထိပ်ဖြူ ခွေးတူဝက်တူကြီး က ကုသမှုကို ပူးပေါင်း ပါဝင်လာကြောင်း မြင်သောအခါ ဟုန်ရှောင်ပေါင်သည်လည်း ဝမ်းသာသွားသည်။ အဘိုး ပြောစရာ မလိုဘဲ ဘာလုပ်ရမည်ကို ချက်ချင်း သိလိုက်သည်။

ဤသို့ဖြင့် အကြိမ်ကြိမ် ထပ်တလဲလဲ ပြုလုပ်နေကြသည်။ ထိပ်ဖြူ ခွေးတူဝက်တူကြီး က ပိတ်ဆို့မှု ပြင်းထန်သည်ဟု ခံစားရသည့်အခါတိုင်း ဟုန်ရှောင်ပေါင်ထံ အကူအညီ တောင်းခံလေ့ ရှိ၏။ တစ်ခါတစ်ရံတွင် ယင်းကျိုယိုက အရေးကြီးသည့် နေရာ တစ်ခု၊ နှစ်ခုလောက်ကို ထောက်ပြပြီး ဟုန်ရှောင်ပေါင်ကို ကူညီခိုင်း တတ်သည်။ သို့ပေမည့် ဝိညာဉ်စွမ်းအင်များ ခန္ဓာကိုယ် ထဲသို့ စီးဝင်သွားမှုနှင့်အတူ စုပုံ ပိတ်ဆို့သည့် နေရာများက တဖြည်းဖြည်း နည်းပါးလာ၏။

ဟုန်ရှောင်ပေါင်သည်လည်း အနားယူရန် အချိန် ရရှိသွားတော့သည်။ ယခုမှသာ ပေါင် နေရာတွင် အေးစက်စက် ဖြစ်နေကြောင်း ခံစားမိသွားပြီး ငုံ့ကြည့်လိုက်ရာ ချက်ချင်း မူးဝေ သွားတော့သည်။ …… သွေးတွေပဲ။

ဝိညာဉ်စွမ်းအင် ထိုးဖောက် ထွက်ပေါ်လာသည့် အပေါက်လေးများမှာ အလွန် သေးငယ်၏။ ထို့ကြောင့် သွေးများက ပန်းထွက်လာခြင်း မဟုတ်ဘဲ ချွေးသီးလေးများကဲ့သို့ စိမ့်ထွက်လာခြင်း ဖြစ်သည်။ ခန္ဓာကိုယ် နေရာအနှံ့ ညီညာစွာ ပျံ့နှံ့နေသောကြောင့် သိပ်မသိသာလှချေ။ ထို့အပြင် ထိပ်ဖြူ ခွေးတူဝက်တူကြီး၏ အမွေးအမျှင်များကလည်း ထူထဲနေသောကြောင့် ဟုန်ရှောင်ပေါင်က အစပိုင်းတွင် သတိမထားမိခဲ့ခြင်း ဖြစ်၏။ ယခု သတိပြုမိသည့် အချိန်တွင်တော့ သူ၏ ဘောင်းဘီ တစ်ခုလုံးတွင် သွေးများ ပေကျံ ပြည့်နှက်နေကြောင်း တွေ့လိုက်ရသည်။

"အာ ... မူးတယ် ... မူးတယ်။" ဟုန်ရှောင်ပေါင်က ဘောင်းဘီပေါ်ရှိ သွေးများကို မကြည့်မိစေရန် ခေါင်းကို ချက်ချင်း မော့ထားလိုက်၏။

"မင်းရဲ့ ဒီရောဂါက ဘယ်လိုလုပ် ရလာတာလဲ။" ယင်းကျိုယိုက မျက်မှောင်ကြုတ်လိုက်သည်။

ဟုန်ရှောင်ပေါင်သည် သူ ရွေးချယ် အတည်ပြုထားသည့် အမွေဆက်ခံသူ ဖြစ်၏။ လက်ရှိ အချိန်အထိ အရာအားလုံး က ကောင်းမွန်နေသည်။ ပါရမီ အကြောင်းကတော့ ပြောစရာ မလိုတော့ချေ။ တန်လန် ခန္ဓာကိုယ် ဖြစ်သည်။ ထို့အပြင် ဉာဏ်ရည်ကလည်း အလွန် ကောင်းမွန်သည်။ လူကလည်း ဉာဏ်နီဉာဏ်နက် များပြီး စရိုက်လက္ခဏာ ကလည်း သူ၏ အကြိုက်နှင့် ပို၍ပင် ကိုက်ညီနေ၏။ သို့ပေမည့် သွေးမြင်လျှင် မူးတတ်သည့်ရောဂါ နှင့် တကယ့်ကို ဆိုးလွန်းလှ၏။

ယင်းကျိုယို ဆိုသည်မှာ မည်သူနည်း။ ခေတ်တစ်ခေတ်လုံးကို ခြယ်လှယ်လွှမ်းမိုးခဲ့သည့် မိစ္ဆာအိုကြီးတစ်ပါး မဟုတ်ပါလား။ သွေးမြင်လျှင် မူးမေ့တတ်သည်တဲ့လား။ ဤအဖြစ်က စစ်သည်ရဲမက်တစ်ဦး ဓားကိုမြင်လျှင် မူးမေ့သွားခြင်း၊ စားဖိုမှူးတစ်ယောက် ဟင်းမွှေသည့်ယောက်မကို မြင်လျှင် မူးမေ့သွားခြင်း၊ ရေတပ်သားတစ်ဦး သင်္ဘောကိုမြင်လျှင် မူးမေ့သွားခြင်းတို့နှင့် မည်သို့ ကွာခြားတော့မည်နည်း။

"ကျုပ်လည်း ဘယ်သိမှာလဲ။ ဘယ်အချိန်ကတည်းက ရုတ်တရက် ရလာမှန်းကို မသိတာ... ငယ်ငယ်တည်းက ပါလာတာလို့ ထင်တာပဲ..." ဟုန်ရှောင်ပေါင်က သက်ပြင်းချလိုက်၏။ သွားပြီး ဆေးကြော သန့်စင်ချင်စိတ် ရှိသော်ငြား ယခုအချိန်တွင် ထိပ်ဖြူ ခွေးတူဝက်တူကြီးက အဆင့်တက်နေဆဲ ဖြစ်သည်။ ထို့ကြောင့် မြင်းထိုင် ဟန်ပန်ဖြင့် ထိုအလယ်တွင် တည်ငြိမ်စွာ ရပ်နေလိုက်ရတော့၏။

ထိပ်ဖြူ ခွေးတူဝက်တူကြီးမှာမူ အားအင် ကုန်ခမ်းစွာဖြင့် မြေပြင်ပေါ်တွင် လှဲလျောင်းနေသည်။ ဖောင်းကြွနေသည့် ကြွက်သားများလည်း ပြန်လည် နိမ့်ကျသွားပြီ ဖြစ်၏။ ခန္ဓာကိုယ်ကသာ တစ်ချက်၊ နှစ်ချက်လောက် ရုတ်တရက် တုန်ယင် သွားလေ့ ရှိတော့သည်။

"အဆင့်တက်တာ အောင်မြင်သွားပြီ။"

ယင်းကျိုယိုက ကြည့်ရှုပြီးနောက် ပြောလိုက်၏။ "ခန္ဓာကိုယ် အားဖြည့်မှု အခြေအနေက အရမ်း ကောင်းမွန်တယ်။ သေသေချာချာ ဒဏ်ရာ ပြန်ကုသပြီးသွားရင် အရောင်စုံခေါင်းပြာမြည်းနဲ့တောင် အတော်အသင့် ယှဉ်တိုက်နိုင်လောက်ပြီ။"

"အစွမ်းထက်လိုက်တာ။"

ဟုန်ရှောင်ပေါင်က အလွန် ဝမ်းသာသွား၏။ "သခင်လေး ကျုပ်က တူသိုင်း ကို ကျင့်ကြံပြီးသွားတဲ့အခါ အဲဒီ မြည်းသေ ကို သွားရိုက်ကြတာပေါ့။"

ထိပ်ဖြူ ခွေးတူဝက်တူကြီး၏ ဒဏ်ရာက အဆင့်တက်စဉ်က ပေါက်ကွဲထွက်သည့် ဝိညာဉ်စွမ်းအင်များကြောင့် ထိခိုက်ခဲ့ခြင်း ဖြစ်၏။ ဤကောင်ကြီးအတွက် ဒဏ်ရာပျောက်ဆေးကို အသုံးပြုရန် မသင့်တော်ချေ။ အဘိုး ၏ အဆိုအရ ဆိုလျှင် မြေအောင်းပုစဉ်းမီးတောက်၏ ဘေးတွင် လှဲလျောင်းပြီး သေသေချာချာ အနားယူသည်က အကောင်းဆုံး ဖြစ်သည်။

သို့သော်ငြား ဟုန်ရှောင်ပေါင် ကတော့ ထိုသို့ မထင်ချေ။ လက်ရှိ ပတ်ဝန်းကျင်နှင့် ကိုက်ညီမည့် ဆေးဖော်စပ်နည်း အချို့ကို အဘိုး ထံမှ တောင်းဆိုပြီးသည့်နောက် ကုန်ကျစရိတ်ကို ဂရုမစိုက်ဘဲ ဆေးလုံးများကို ဖော်စပ်တော့၏။ ဟုန်ရှောင်ပေါင် ဤသို့ ပြုလုပ်ရသည့် အကြောင်းရင်းမှာ အလွန် ရိုးရှင်းလှသည်။ ဤကောင်ကြီး၏ လက်ရှိ စွမ်းအားအဆင့်က သူ ထက်ကို ပိုမို ကျော်လွန် နေခဲ့ပြီ မဟုတ်ပါလား။

"သားရဲတိရစ္ဆာန်တွေ အားနည်းနေတဲ့အချိန်က သခင်နဲ့ ကျွန် အချိတ်အဆက်ကို ခိုင်မာအောင် တည်ဆောက်ဖို့ အကောင်းဆုံး အချိန်ပဲ။ တခြား သားရဲယဉ်ပါးရေး ပညာရှင်တွေ ဆိုရင် သခင်နဲ့ ကျွန် အမှတ်အသားကို ပိုမို နက်ရှိုင်းအောင် လုပ်ဖို့အတွက် သားရဲတွေရဲ့ အားနည်းနေတဲ့ အချိန်ကို တတ်နိုင်သမျှ ဆွဲဆန့် ထားလေ့ ရှိကြတယ်။ မင်းက သူ ပြန်လည် ကောင်းမွန်လာပြီး မင်းကို ပြန်ရိုက်မှာကို မကြောက်ဘူးလား။"

"သူ သတ္တိရှိလို့လား။"

ဟုန်ရှောင်ပေါင်က တဟားဟား ရယ်လိုက်၏။ "တကယ်လို့ သူ့ဆီမှာ ပုန်ကန်ချင်တဲ့ စိတ်ဆန္ဒ နည်းနည်းလေး ရှိနေရင်တောင် ကျုပ်က သူ့ကို ပြုတ်စား ပစ်လိုက်မှာ။"

"တကယ် ပြုတ်စားမှာလား။" ယင်းကျိုယို ကြောင်အံ့သွားသည်။

"တကယ် ပြုတ်စားမှာပေါ့။"

ဟုန်ရှောင်ပေါင်က ပုခုံး တွန့်ပြလိုက်၏။ "လူကို ပြန်ကိုက်တဲ့ ခွေးကို ဆက်ပြီး မွေးထားလို့ မရဘူး။ ဒီ သဘောတရားကို ရှင်းရှင်းလင်းလင်း နားလည်တယ်။"

"မင်း မနှမြောဘူးလား။"

"နှမြောတာပေါ့။"

ဟုန်ရှောင်ပေါင်က မတတ်နိုင်သည့် ဟန်ဖြင့် ပြောလိုက်၏။ "ဒါပေမဲ့ သူက ပုန်ကန်နေမှတော့ ပြုတ်စားရုံကလွဲလို့ ကျုပ် ဘာလုပ်နိုင်မှာလဲ။"

ယင်းကျိုယိုက ခေါင်းညိတ်လိုက်ပြီး မည်သည့်အရာကို တွေးမိသွားသည် မသိဘဲ ပြောလိုက်၏။ "ဒီလိုပဲ ဖြစ်သင့်တယ်။"

“ဟားဟား..”

ဟုန်ရှောင်ပေါင်၏ စပ်စုချင်သည့် စိတ်က ချက်ချင်း ဖောင်းကြွလာတော့သည်။ "အဘိုး... အဘိုးရဲ့ ဒီပုံစံကို ကြည့်ရတာ အတော်လေး ခံစားနေရတဲ့ ပုံပဲ။ ဇာတ်လမ်း ရှိတယ်။ သေချာပေါက် ဇာတ်လမ်း ရှိရမယ်။ ပြောပြပါအုံး။"

"ဘာမှ မဖြစ်ပါဘူး။ ငါ ငယ်ငယ်တုန်းက မိုက်မဲတဲ့ ကိစ္စတွေ လုပ်ခဲ့ဖူးလို့ပါ။"

ယင်းကျိုယိုက ခေါင်းယမ်းလိုက်ပြီး ဟုန်ရှောင်ပေါင်၏ အမြင်အာရုံထဲမှ ပျောက်ကွယ်သွားတော့၏။ ဟုန်ရှောင်ပေါင်က မည်မျှအော်ဟစ် ခေါ်ဆိုသည် ဖြစ်စေ ပြန်ထွက် မလာတော့ချေ။

All Chapters