အခန်း ၂၀၈
Vol. 18 Ch. 208
အပိုင်း (၂၀၈) ဟင်းချက်ပြုတ်ရေးပွဲတော် ဟုတ်လား။
ဟုန်ရှောင်ပေါင်မှာ အလွန် စိတ်ပျက်သွားသော်ငြားလည်း မတတ်နိုင်တော့ချေ။ ထိပ်ဖြူ ခွေးတူဝက်တူကြီးကို ပြုစု ကုသသည့်ကိစ္စအပေါ်တွင်သာ အာရုံစိုက် လိုက်တော့သည်။
သားရဲတိရစ္ဆာန် တစ်ကောင် ဖြစ်သည့်အလျောက် ပြန်လည် ကောင်းမွန်နိုင်စွမ်းက အလွန် အံ့မခန်း ဖြစ်၏။ ထိုအရာအပြင် သားရဲများအတွက် မြေအောင်းပုစဉ်းမီးတောက်၏ အလွန် ကောင်းမွန်သော ဖြည့်စွက် အာနိသင်၊ ဟုန်ရှောင်ပေါင်၏ ဆေးလုံးများပါ ပေါင်းစပ်သွားသောအခါ ထိပ်ဖြူ ခွေးတူဝက်တူကြီး၏ ပြန်လည် ကောင်းမွန်သည့် အရှိန်အဟုန်က အလွန် မြန်ဆန်လှသည်။ ညနေခင်း အချိန်မှာပင် ထိပ်ဖြူ ခွေးတူဝက်တူကြီး သည် နောက်တစ်ကြိမ် လန်းဆန်း တက်ကြွလာခဲ့ပြီ ဖြစ်၏။
"ဟေး ... ငါ ပြောမယ်။ မင်းရဲ့ အခု စွမ်းအားအဆင့်က ငါ့ထက်ကို ကျော်လွန်သွားပြီ။ လာ ... စကားလေး ဘာလေး ပြောကြရအောင်။"
ဟုန်ရှောင်ပေါင်က ဆောင့်ကြောင့် ထိုင်ချလိုက်ပြီး ထိပ်ဖြူ ခွေးတူဝက်တူကြီး၏ ခေါင်းကြီးကို ပွတ်သပ်လိုက်၏။ "မင်း ငါ့ကို သခင်အဖြစ် ဆက်ပြီး အသိအမှတ် ပြုချင်သေးတယ်ဆိုရင်တော့ အရာအားလုံးက လွယ်ကူပါတယ်။ ငါတို့တွေ ကောင်းကောင်းမွန်မွန် ဆက်ပြီး နေထိုင်ကြတာပေါ့။ တကယ်လို့ ငါ့ကို သခင်အဖြစ် အသိအမှတ် မပြုချင်တော့ဘူး ဆိုရင်လည်း လွယ်ကူပါတယ်။ မနက်ဖြန်ကျရင် ငါ မင်းကို လမင်းပြာ တောင်တန်း ဌာနခွဲ ဆီ ပြန်ပို့ပေးမယ်။"
ဝူး …
"မင်းက သဘောတူတယ် ဆိုတဲ့ အဓိပ္ပာယ်လား။"
ဟုန်ရှောင်ပေါင်က ခေါင်းညိတ်လိုက်၏။ "မင်းရဲ့ ရွေးချယ်မှုက ပညာရှိတယ်။"
ထိုသို့ ပြောပြီးနောက် ထပ်ပြောလိုက်သေးသည်။ "တကယ်လို့ မင်းသာ ပုန်ကန်ခဲ့မယ် ဆိုရင် ငါက မင်းကို အရမ်း၊ အရမ်း၊ အရမ်း၊ အရမ်းကို ရက်စက်တဲ့ နည်းလမ်းနဲ့ သတ်ပစ်မယ်။ ဒီလိုမျိုးပေါ့... ဒီကနေ ဓားနဲ့ တစ်ချက် လှီးမယ်။ ပြီးရင် အထဲကို ဆားတွေ၊ ငရုတ်သီးတွေ၊ သေးတွေ ဘာတွေ ထည့်မယ်။ ပြီးရင် ပြန်ချုပ်မယ်..."
ဟုန်ရှောင်ပေါင်က သူ အထင် အရမ်း ရက်စက်သည်ဟု ယူဆထားသော နည်းလမ်းများကို ပြောဆိုနေရင်းဖြင့် လက်ကလည်း ထိပ်ဖြူ ခွေးတူဝက်တူကြီး၏ ကျောရိုး တစ်လျှောက်ကို ကိုင်တွယ် ပွတ်သပ်ပြီး အောက်ဘက်သို့ လျှောဆင်း သွားလိုက်၏။
ထိပ်ဖြူ ခွေးတူဝက်တူကြီး မှာ ကြောက်လန့်လွန်း၍ ခန္ဓာကိုယ် တစ်ချက် တုန်ယင်သွားပြီး ချက်ချင်း တစ်ပတ် လှည့်လိုက်သည်။ ခေါင်းကြီးကိုငုံ့ကာ ဟုန်ရှောင်ပေါင်၏ ရှေ့တွင် ဝပ်တွားနေပြီး တအိအိ အသံပြုနေ၏။ ဤပုံစံကို ကြည့်ရသည်မှာ ဟုန်ရှောင်ပေါင်ကို မပြောနှင့်၊ ကလေးလေး တစ်ယောက် ရောက်လာလျှင်ပင် ဤသည်က လက်နက်ချ အရှုံးပေးသည့် အဓိပ္ပာယ် ဖြစ်မှန်း သိနိုင်ပေလိမ့်မည်။
"ဟားဟားဟားဟားဟား။ မဆိုးဘူး ... မဆိုးဘူး။ သိရင် တော်ပြီ။"
ဟုန်ရှောင်ပေါင်သည် သူ၏ ရက်စက် ကြမ်းကြုတ်သည့် အာဏာစက်ဖြင့် ထိပ်ဖြူ ခွေးတူဝက်တူကြီးကို အနိုင်ယူနိုင်ကြောင်း မြင်သောအခါ အလွန် ဂုဏ်ယူ ဝင့်ကြွားနေ၏။ ယခုအချိန်တွင် ထိပ်ဖြူ ခွေးတူဝက်တူကြီး က စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိထားရမည်။ ထို့အပြင် အစွန်းရောက်သည့် အခြေအနေဖြင့် အဆင့်တက်လာခဲ့ခြင်း ဖြစ်ရာ ဟုန်ရှောင်ပေါင်က သူ့ကို တိုက်ခိုက်၍ နိုင်မည် မဟုတ်ချေ။
တံခါး အကျယ်ကြီး ဖွင့်ထားသည့် မီးဖိုပေါက်ဆီသို့ လှမ်းကြည့်လိုက်၏။ အထဲရှိ မြေအောင်းပုစဉ်းမီးတောက် က မီးပုံအစီအရင်၏ အာဟာရ ဖြည့်ဆည်းမှု အောက်တွင် တစ်နေ့တခြား ပိုမို ကြီးထွားလာနေသည်။
အဘိုး ပြောခဲ့သလိုပင် ဤအရာက အလွန် အစွမ်းထက် လွန်းလှသည်။ အချိန်တန်၍ လေယင်မြို့တော် ထဲတွင် သားရဲတိရစ္ဆာန်များ ပုန်ကန် ထကြွမှု တစ်ခုခုကို ဖြစ်ပေါ်စေခဲ့မည် ဆိုပါက သူ အနေဖြင့် ပုန်ကန်မှုဖြင့် သေဒဏ် ပေးခံရမည်ကို စိုးရိမ်ရ၏။ ထို့ကြောင့် သံမည်းသတ္တုတစ်ချို့ကို သွားရှာပြီး တတိယထပ် အခန်းတစ်ခုလုံးကို အလွှာအနည်းငယ်လောက် ထပ်မံ ကာရံထားဦးမှ ဖြစ်ပေလိမ့်မည်။
ဤသို့ တွေးတောနေစဉ်မှာပင် ရတနာဝက်ဝံသည် တအိအိ အော်ဟစ်လျက် ထိပ်ဖြူ ခွေးတူဝက်တူကြီး၏ ခေါင်းပေါ်သို့ မတ်တပ်ရပ် တက်လာ၏။ ခေါင်းကို မော့ကာ ဟုန်ရှောင်ပေါင်ထံသို့ အမူအရာ အမျိုးမျိုး ပြနေပြီး ပါးစပ်မှလည်း တအိအိဖြင့် တစ်ခုခုကို ပြောဆိုနေသည်။
ဟုန်ရှောင်ပေါင်က ရယ်လိုက်၏။ "မင်းလည်း အဆင့်တက်ချင်နေပြီလား။"
ရတနာဝက်ဝံသည် လက်နှစ်ဖက်ကို ခါးထောက်ထား၏။ လုံးဝန်းဖောင်းကားနေသည့် ဗိုက်ပူပူလေးကို ကော့ပြလျက် လေးလေးနက်နက် ခေါင်းညိတ်ပြသည်။
ဟုန်ရှောင်ပေါင်က တဟားဟား ရယ်မောလိုက်၏။ "ဟားဟားဟားဟား ... မင်းကလား။ အများကြီး လိုသေးတယ်။"
ရတနာဝက်ဝံက မကျေမနပ် ဖြစ်သွားသော်ငြား ဟုန်ရှောင်ပေါင်က ခေါင်းခါယမ်းနေဆဲပင်။ ရတနာဝက်ဝံ၏ ဝိညာဉ်စွမ်းအင် စုဆောင်းမှုက မလုံလောက်သေးသည်မှာ အမှန်ပင် ဖြစ်၏။ လုံလောက်နေခဲ့လျှင်ပင် နောင်တစ်ချိန်တွင် ၎င်းတို့က သူ အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် အနည်းငယ် ဖိနှိပ်ထိန်းချုပ်ထားရဦးမည်ဟု အဘိုးက ဆိုထားသည် မဟုတ်ပါလား။ မည်သို့ပင်ဆိုစေ စကားတစ်ခွန်းတည်းသာ ရှိသည်။ ဤကောင်နှစ်ကောင်က နောင်တွင် အခမ်းနား အကြီးကျယ်ဆုံးသော နည်းလမ်းဖြင့်သာ အဆင့် တက်လှမ်းနိုင်ရပေမည်။
သုံးကျန်အမြင့်ရှိသည့် ဟုန်ရှောင်ပေါင်၊ သုံးကျန်အမြင့်ရှိသည့် ရတနာဝက်ဝံ နှင့် ငါးကျန်အမြင့်ရှိသည့် ထိပ်ဖြူခွေးတူဝက်တူကြီး။
ဟားဟားဟားဟား ... တွေးကြည့်ရုံနှင့်ပင် တကယ့်ကို ကြက်သီးထစရာ ကောင်းလှသည်။
ထိပ်ဖြူခွေးတူဝက်တူကြီး၏ အဆင့်တက်လှမ်းမှု ကိစ္စက ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။ မိန်းမများ ကလေးမွေးဖွားသည့် အချိန်တွင် အလွန် အထီးကျန်ပြီး အလွန် အားငယ်တတ်ကြောင်း ဟုန်ရှောင်ပေါင် တစ်ချိန်က ကြားဖူးခဲ့သည်။ ထို့ကြောင့် အဆင့်တက်လှမ်းခြင်း ဆိုသည်မှာ ထိပ်ဖြူခွေးတူဝက်တူကြီး၏ ဘဝတွင် အရေးအကြီးဆုံး ကိစ္စဖြစ်ရာ မိန်းမများ ကလေးမွေးသည့် အခြေအနေနှင့် အတူတူပင် ဖြစ်လောက်သည်ဟု တွေးတောမိ၏။ သို့ဖြစ်၍ ထိုနေရာတွင်ပင် ထိုင်ကာ ၎င်းနှင့် အချိန်အတော်ကြာ စကားစမြည် ပြောဆိုနေခဲ့သည်။
ထိပ်ဖြူခွေးတူဝက်တူကြီး၏ စိတ်ရောဂါအခံများ ပျောက်ကွယ်ပြီး စိတ်ထစ်ငေါ့မှုများ အားလုံး ပြေလျော့သွားပြီဟု ခံစားရသည့် အချိန်မှသာ ဟုန်ရှောင်ပေါင် ပြန်ထွက်လာခဲ့တော့၏။
ယခုအချိန်တွင် ညဉ့်နက်နေပြီ ဖြစ်သည်။ ထိုအခါမှ ဟုန်ရှောင်ပေါင်သည် သူ ကိုယ်တိုင်အတွက် သာမန် ဆေးဘက်ဝင် အစားအစာ တစ်ပွဲကို ချက်ပြုတ်စားသောက်လိုက်၏။ ယခင်က ချက်ပြုတ်ခဲ့သည့် ဆေးဘက်ဝင် အစားအစာနှင့် စာလျှင် အလွန် ကွာခြားလှပေသည်။ ဤသည်က ဆေးမြစ် နှစ်ပင်ခန့်၏ ပမာဏလောက်သာ ရှိကြောင်း အဘိုးက ပြောပြခဲ့သည်။
ဟုန်ရှောင်ပေါင်က ညည်းတွား သက်ပြင်းချလိုက်၏။ "ဒီအတိုင်းဆိုရင် ဘယ်နှစ်နှစ်လောက်နေမှ အဆင့်တက်နိုင်ပါ့မလဲ။"
ဤနှစ်ရက်တာ၏ တိုးတက်မှုနှုန်းအတိုင်းသာဆိုလျှင် သူ အဆင့်တက်ရန်အတွက် အချိန် ငါးနှစ်၊ ခြောက်နှစ်ခန့်ပင် ကြာမြင့်ပေလိမ့်မည်။ ထို့ကြောင့် ငိုမဲ့မဲ့ မျက်နှာပေးဖြင့် နောက်ဆုံးရ တိုးတက်မှု မှတ်တမ်းကို ရေးမှတ်လိုက်သည်။
၆/၁၅၀၀။
ထုံးစံအတိုင်းပင် ဟုန်ရှောင်ပေါင်သည် ခန္ဓာကိုယ်က ဝိညာဉ်စွမ်းအင်များကို သဘာဝအတိုင်း စုပ်ယူနေမှုကို မနှောင့်ယှက်ရဲချေ။ ထို့ကြောင့် လှဲလျောင်း အိပ်စက်ရုံမှလွဲ၍ တခြား မရှိတော့ပေ။ အိပ်မပျော်မီတွင် ဟုန်ရှောင်ပေါင်၏ မျက်နှာ အမူအရာက အလွန် ကြမ်းကြုတ်နေခဲ့၏။
"ညဘက် အစာပို မစားတဲ့ မြင်းက မဝဖြိုးနိုင်သလို၊ မတရားတဲ့ လာဘ်လာဘမရတဲ့ လူကလည်း မချမ်းသာနိုင်ဘူးတဲ့။ သခင်လေး ကျုပ်က တစ်ခုခုတော့ ရှာကြံ လုပ်ဆောင်မှ ဖြစ်တော့မယ်။"
...
နောက်တစ်နေ့ မွန်းတည့်ချိန်တွင်တော့ ဟုန်မိသားစု ဆေးဘက်ဝင် အစားအစာဆိုင်ဆီသို့ ဖောက်သည်ဟောင်း နှစ်ယောက် ရောက်ရှိလာကြ၏။ ယွဲ့ရှို့ နှင့် ကောင်းယမ်ကျိုး တို့ပင် ဖြစ်သည်။
ယခုတစ်ခေါက်တွင် သူတို့နှစ်ဦးစလုံးက ဟုန်ရှောင်ပေါင်အပေါ် အလွန် ရိုသေလေးစားနေကြ၏။ ထို့အပြင် ကြိုတင် ပြင်ဆင်မှုများလည်း ရှိနေကြပြီး သက်ဆိုင်ရာ ဟင်းချက်စရာ ပစ္စည်းများကို ကိုယ်စီ ယူဆောင်လာခဲ့ကြ၏။
သခင်လေး ကျုပ်ဆီမှာ ဝိညာဉ်ကျောက်တုံးတွေ အများကြီး ရှိတယ် ဆိုသည့် အမူအရာ ပေါက်နေသော ယွဲ့ရှို့ကို ကြည့်ပြီး ဟုန်ရှောင်ပေါင် အနည်းငယ် နောင်တရမိသွား၏။ အစောတည်းကသာ ကြိုသိခဲ့လျှင် အရင်တစ်ခေါက်တည်းက ပြဿနာ တစ်ခုခု ရှာကြံပြီး ယွဲ့ရှို့ကိုပါ 'မကြိုဆိုအပ်သော ဧည့်သည်များ' စာရင်းထဲ ထည့်သွင်းခဲ့မိပေမည်။ ထိုသို့ဆိုလျှင် သူ လာစားသည့်အခါတိုင်း ဝိညာဉ်ကျောက်တုံး လေးဆယ်ခန့် အပို ရရှိနေမည် မဟုတ်ပါလား။
ယခုအချိန်တွင် ဟုန်ရှောင်ပေါင်သည် ဝိညာဉ်ကျောက်တုံး ရှာဖွေရေးအတွက် စွဲလမ်း ရူးသွပ်နေခဲ့ပြီ ဖြစ်၏။ တစ်ဖက်တွင် ဟင်းချက်ပြုတ်နေရင်း တစ်ဖက်တွင်လည်း ငွေရှာမည့် နည်းလမ်းကို စဉ်းစားနေသည်။
အခြားတစ်ဖက်ရှိ ယွဲ့ရှို့တို့ နှစ်ဦးမှာမူ သွားရည်များကို ထပ်မံ၍ မထိန်းချုပ်နိုင်အောင် ဖြစ်နေကြပြန်၏။
ကောင်းယမ်ကျိုး၏ လည်စေ့က အပေါ်အောက် လှုပ်ရှားနေပြီး လက်ညှိုးလေးက မသိမသာ တုန်ယင်နေသည်။ "စိတ်ထဲမှာ ကြိုတင် ပြင်ဆင်ထားတယ် ဆိုရင်တောင် ဒီမွှေးရနံ့က တကယ့်ကို ... တကယ့်ကို အစွမ်းထက်လွန်း နေတုန်းပဲ။"
ယွဲ့ရှို့က ခေါင်းညိတ်လိုက်၏။ "တကယ်ပဲ အဲဒီအတိုင်းပဲ။ ဒီတစ်ခေါက် ခရီးစဉ်မှာ အစ်ကိုကြီးဖန်ကို မဖိတ်ခေါ်နိုင်ခဲ့ရင်တောင် ဒီလို ဆေးဘက်ဝင် အစားအစာဆိုင်မျိုးကို တွေ့ရှိခဲ့တာကြောင့် နောင်တရစရာ မရှိတော့ဘူး။ ဟင်းချက်ပြုတ်ရေး ပွဲတော်ကြီး ပြီးသွားတဲ့အခါ လေယင်မြို့တော်ကို မကြာခဏ လာရောက် လည်ပတ်ရမယ်။"
ကောင်းယမ်ကျိုးက ရုတ်တရက် ရင်ထဲတွင် လှုပ်ရှားသွား၏။ "အစ်ကိုကြီးဖန် အကြောင်း ပြောလာမှတော့ ... အစ်ကိုယွဲ့ ... အစ်ကိုကြီးဖန် က ဟင်းချက်ပြုတ်ရေး ပွဲတော်ကို မလာချင်ဘူးဆိုရင် အဲဒီ ဝင်ခွင့်နေရာကို သူဌေးဟုန်ကို ပေးလိုက်ရင် မကောင်းဘူးလား။ သူဌေးဟုန်ရဲ့ ဒီလို လက်စွမ်းမျိုးနဲ့ ဆိုရင် အစ်ကိုကြီးဖန် ထက် ညံ့မှာ မဟုတ်ဘူး ထင်တယ်။"
ယွဲ့ရှို့ အနည်းငယ် ကြောင်အံ့သွားပြီး အလွန် စိတ်ဝင်စားသွားသည့် ပုံပေါ်၏။ သို့ပေမည့် သက်ပြင်းတစ်ချက် ချလိုက်သည်။ "သူဌေးဟုန်ရဲ့ ဟင်းချက် လက်စွမ်းက အစ်ကိုကြီးဖန် နဲ့ ယှဉ်ရင် ဘယ်လိုနေလဲ ဆိုတာ ပြောဖို့ ခက်ပေမဲ့ လျောင်ယွဲ့မြို့တော် ရဲ့ ဟင်းချက်ပြုတ်ရေး ပွဲတော် ဖိတ်စာတွေကို ထိပ်တန်း ဟင်းချက်ပညာရှင်တွေဆီကိုပဲ ပေးပို့လေ့ ရှိတာ။
သူဌေးဟုန်ရဲ့ လက်စွမ်းက သာမန် မဟုတ်ဘူး ဆိုပေမဲ့ အခုလောလောဆယ် နာမည်ကျော်ကြားမှုက အရမ်း သေးငယ်နေသေးတယ်။ အရေးအကြီးဆုံးက ဖိတ်စာက တစ်စောင်တည်း ရှိတာ။ ပြီးတော့ အစ်ကိုကြီးဖန်ရဲ့ နာမည်ကိုပါ ရေးသား ပြီးစီးနေပြီ။ ဒါက တကယ့်ကို မတတ်နိုင်တဲ့ ကိစ္စပဲ ..."
ကောင်းယမ်ကျိုး၏ ပါးစပ်ထဲတွင် သွားရည်များ ပြည့်နှက်လာပြီး လည်စေ့က ကြီးမားစွာ လှုပ်ရှားသွား၏။ "နှမြောစရာပဲ။ တကယ့်ကို နှမြောစရာ ကောင်းလိုက်တာ။ မဟုတ်ရင် သူဌေးဟုန်ရဲ့ ဒီလက်စွမ်းနဲ့ ဆိုရင် ထိပ်ဆုံး ငါးယောက် စာရင်းထဲ ဝင်ဖို့ လုံလောက်,လောက်တယ်။"
ဟုန်ရှောင်ပေါင်သည် အာလူးချောင်းကြော် နှင့် မုန်ညင်းချဉ်ဟင်း တို့ကို လာရောက် ချပေးလိုက်၏။ ဟင်းချက်ပြုတ်ရေး ပွဲတော် ဆိုသည့် စကားလုံး လေးလုံးကို ကြားလိုက်ရချိန်မှာတော့ အနည်းငယ် မှင်သက်သွားသည်။ "ဟင်းချက်ပြုတ်ရေး ပွဲတော် ဆိုတာ ဘာလဲ။"
ယွဲ့ရှို့က ရှေ့မှ ဆေးဘက်ဝင် အစားအစာကို မကြည့်မိစေရန် အစွမ်းကုန် ကြိုးစား ထိန်းချုပ်ရင်း ပြုံးလျက် ရှင်းပြလိုက်၏။ "ရှီးလျန်ယွင် ကမ္ဘာတစ်ခွင် နာမည်ကျော်ကြားနေချိန်တုန်းက ကျုပ်တို့ မြို့တော်က ဘိုးဘေးတွေအပေါ် ကျေးဇူးတရား ရှိခဲ့ဖူးတယ်။ ဒါကြောင့် လျောင်ယွဲ့မြို့တော် က ဒီနှစ်ပေါင်း တစ်သောင်း လုံးလုံး ဟင်းချက်ပြုတ်ရေး ပညာရပ်ကို ဘယ်တော့မှ ပေါ့ပေါ့တန်တန် သဘောမထားခဲ့ဘူး။
အခုချိန်မှာ ကမ္ဘာကြီးရဲ့ ဟင်းချက်ပြုတ်ရေး ပညာရပ်တွေ တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်သွားပြီ။ တကယ်လို့ ရှီးလျန်ယွင် အသက်ရှင်စဉ် အခါက အခမ်းအနား ရာခိုင်နှုန်း တစ်ရာပုံ တစ်ပုံလောက် ကျန်ရှိနေသေးတဲ့ နေရာ ရှိသေးလားလို့ မေးရင် ကျုပ်တို့ လျောင်ယွဲ့မြို့တော်ပဲ ရှိတော့တယ်။
ဟင်းချက်ပြုတ်ရေး ပွဲတော် ဆိုတာ လျောင်ယွဲ့မြို့တော် က ငါးနှစ်တစ်ကြိမ် ကျင်းပတဲ့ ဟင်းချက် ပြိုင်ပွဲကြီး ဖြစ်တယ်။ အဲဒီအချိန် ကျရောက်တဲ့အခါ ကမ္ဘာတစ်ခွင်မှာ ရှိတဲ့ ဟင်းချက်ပညာရှင် ထိပ်တန်းတွေ အားလုံးဆီကို ဖိတ်စာတွေ ပေးပို့လေ့ ရှိတယ်။ ကျုပ်က ဖိတ်စာ နှစ်စောင် လာရောက် ပေးပို့တာ။ တစ်စောင်က ဟင်းချက်ပြုတ်ရေးဌာနက နန်းဆောင်သခင်ချန်အတွက် ဖြစ်ပြီး၊ နောက်တစ်စောင်ကတော့ ဟင်းချက်ပြုတ်ရေးဌာနက အစ်ကိုကြီးဖန် အတွက်ပဲ။
ဒါပေမဲ့ နန်းဆောင်သခင်ချန် က ရာထူးကနေ အနားယူသွားပြီ ဆိုတော့ မသွားချင်တာက သဘာဝ ကျပါတယ်။ အစ်ကိုကြီးဖန် ကလည်း အကြောင်းပြချက် တစ်ခုခုကြောင့် မသွားချင်ဘူး ဖြစ်နေတယ်။ တကယ့်ကို ... ဟူး ..."
ဟုန်ရှောင်ပေါင် အနည်းငယ် မှင်သက်သွားပြီး အမှတ်တမဲ့ဖြင့် မေးလိုက်၏။ "ပြိုင်ပွဲလား ... ဆုကြေးတွေ ဘာတွေ ရှိလား။"