← Chapters

အပူဇော်ခံမီးတောက်နယ်မြေကို ချိပ်ပိတ်ပစ်ခြင်း

Vol. 107 Ch. 1474

အပူဇော်ခံမီးတောက်နယ်မြေကို ချိပ်ပိတ်ပစ်ခြင်း

Vol. 107 Ch. 1474

အရှင်စစ်မို၏အမူအရာသည် သုန်မှုန်နေ၏။ သူ့စကားလုံးများထဲ၌ သတ်ဖြတ်လိုစိတ် ပါဝင်နေသော်လည်း သူသည် ဝမ်လင်းကို ဟင်္သာငှက်အဘိုးအို၏ရှေ့၌ အမှန်တကယ် မသတ်ရဲပေ။ သူသာ ထိုသို့ လုပ်ခဲ့ပါက သူလည်း သေခြင်းတရားနှင့် ရင်ဆိုင်ရပေလိမ့်မည်။

သူသည် ဝမ်လင်းကို မသတ်ခဲ့လျှင်တော့ ဟင်္သာငှက်အဘိုးအိုလည်း သူ့ကို ခက်ခဲအောင် မလုပ်နိုင်ပေ။ တကယ်တော့ သူ့နောက်တွင် အုပ်စိုးသူကောင်စီနှင့် အုပ်စိုးသူ ရှိနေသည် မဟုတ်လား။ သူက အပူဇော်ခံမီးတောက်ကို အသုံးပြု၍ ဝမ်လင်းကို ဒဏ်ရာအပြင်းအထန် ရစေကာ နောက်သို့ ဆုတ်စေမည်။

ထို့အတွက်ကြောင့် မည်သူကမျှ ဘာမှ မပြောနိုင်တော့ဘဲ သူလည်း ဘေးကင်းကင်း ထွက်ခွာနိုင်မည် ဖြစ်၏။

မရေမတွက်နိုင်သောစိတ်ဝိညာဉ်များ၏ ပူဇော်မှုသည် ခရမ်းရောင်လေပြင်းအဖြစ်ပြောင်းကာ ဝမ်လင်းထံသို့ တိုးဝင်လာပေပြီ။ အကြည့်တစ်ချက်ဖြင့်ပင် သည်လောကမှာ ခရမ်းရောင်စွန်းထင်းသွားသည့်အလား တွေ့မြင်ရနိုင်သည်။

ထိုအပူဇော်ခံမီးတောက်သည် ကောင်းကင်ဘုံတုန်လှုပ်ဖွယ်ကောင်းကာ ပဥ္စမကောင်းကင်ဘုံဒုက္ခအဆင့်တစ်ယောက်ကို ဖျက်စီးပစ်ဖို့ လုံလောက်သောစွမ်းအား ရှိလေ၏။ သို့ရာတွင် ဝမ်လင်း၏မိုးကြိုးအနှစ်သာရမှာ ပြီးပြည့်စုံနေပြီး သူ၏မီးအနှစ်သာရမှာလည်း သိမ်မွေ့ဆန်းကြယ်မီးအဖြစ်သို့ ရောက်ရှိနေပေပြီ။ သူသည် တာအိုပညာရှင်ရေနှင့်လည်း တိုက်ခိုက်ခဲ့ဖူးသေး၏။ ထို့အတွက် သူသည် အခုလိုအန္တရာယ်နှင့် ရင်ဆိုင်ရသော်လည်း ကြောက်လန့်မှုကို မခံစားမိပေ။ သူ၏မျက်လုံးထဲတွင် တိုက်ပွဲဆန္ဒ ပြည့်နှက်လာချေ၏။

ပို၍ တိတိကျကျဆိုပါက ဝမ်လင်းအဖို့ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်နှင့် တိုက်ခိုက်ဖူးသည်မှာ အခုက ပထမဆုံးအကြိမ်ဟု ဆိုနိုင်၏။ သူက တာအိုသခင်ရေနှင့် ရင်ဆိုင်ခဲ့ရစဉ်တုန်းက သူသည် ခံဘက်သက်သက်သာ ဖြစ်ခဲ့ပြီး တိုက်ခိုက်နိုင်ခဲ့ခြင်း မရှိသည် မဟုတ်လား။ သို့ရာတွင် သူ့ကျင့်ကြံမှုအဆင့်သည် သည်ရှေးဟောင်းကြယ်အဖွဲ့အစည်းတွင် ရှိနေစဉ်အချိန်အတွင်း မြန်ဆန်စွာ တိုးတက်လာခဲ့ပြီ ဖြစ်၏။

အရင်ကဆို သူသည် သူ့ကိုယ်သူသာ ကာကွယ်နေရမည်သာ။ သို့သော် ခုချိန်တွင်မူ သူသည် တိုက်ခိုက်ခြင်း ပြုလုပ်နိုင်ပြီ ဖြစ်သည်။

ခရမ်းရောင်လေပြင်း နီးကပ်လာသည်ကို တွေ့မြင်သည့်အခါ ဝမ်လင်း၏ညာမျက်လုံးထဲရှိ မိုးကြိုးသည် လင်းလက်၏။ သူက ရှေ့သို့ ခြေလှမ်းကာ သူ့ညာလက်ကို ဝေ့ယမ်းလိုက်သည်။

“ရှေးဟောင်းမိုးကြိုးနယ်ပယ်…ဖွင့်လှစ်စမ်း…”

လောကသည် တုန်ဟည်းကာ ကောင်းကင်ထက်၌ နောက်ထပ်အက်ကြောင်းတစ်ခု ပေါ်လာချေ၏။ ထိုအဟသည် ပေတစ်သောင်းလောက် ကျယ်သည်။

ယင်းအဟတွင်း၌ မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်နေ၏။ ၎င်းသည် ရှေးဟောင်းအော်ရာတစ်ခုကိုလည်း ပေးစွမ်းနေသည်။ ရှေးဟောင်းမိုးကြိုးနဂါးဟိန်းသံများလည်း မြည်ဟိန်းနေ၏။ မိုးကြိုးသည် ထိုအဟအတွင်းမှ လင်းလက်ကာ ရှေးဟောင်းမိုးကြိုးနဂါးတစ်ကောင်၏ ဧရာမဦးခေါင်းကြီးတစ်ခု ပေါ်လာသည်။

အဆုံးမဲ့မိုးကြိုးများသည် ထိုအဟကြားမှ ထွက်ပေါ်လာပြီး ခရမ်းရောင်လေပြင်းအတွင်း၌ လှိုင်းထန်၏။

အဖြစ်အပျက်များသည် မြန်ဆန်လွန်းသည်။ ဝမ်လင်းကြောင့် ရှေးဟောင်းမိုးကြိုးနဂါးနယ်ပယ် ပွင့်ဟလာသည့်အခါတွင် သူ၏ညာမျက်လုံးထဲရှိ မိုးကြိုးအမှတ်အသားသည် ထိုအဟထံသို့ ပျံသန်းထွက်သွားသည်။

တစ်ချိန်တည်းမှာ ထိုအဟထံမှ တုန်လှုပ်ဖွယ်ဟိန်းသံတစ်ခု ထွက်ပေါ်လာကာ မိုးကြိုးသံအားလုံးကို ဖိနှိပ်၏။ ဧရာမရှေးဟောင်းမိုးကြိုးနဂါး၏ ဦးခေါင်းကြီး ပြူထွက်လာကာ ၎င်းသည် မိုးကြိုးအမှတ်အသားထံသို့ တိုးဝင်သည်။

လျှပ်တပြတ်အတွင်း ရှေးဟောင်းမိုးကြိုးနဂါးသည် မိုးကြိုးတက်တူးပတ်လည်ရှိ မိုးကြိုးကိုးမျိုးထဲမှ တစ်ခုနှင့် ပေါင်းစပ်၏။ ထိုအခါ ကျန်သည့်မိုးကြိုးများ၏စွမ်းအားသည် ကြီးစွာ တိုးတက်လာသည်။

ထိုမျှဖြင့် အဆုံးမသပ်သေးပါ။ ချက်ခြင်းပင် နောက်ထပ်မိုးကြိုးနဂါးများ ပေါ်လာပြီး ၎င်းတို့က ခရမ်းရောင်လေပြင်း ရောက်ရှိမလာခင် ကျန်သည့်မိုးကြိုးများနှင့် ပေါင်းစပ်လေ၏။

“ဒီရှေးဟောင်းမိုးကြိုးနယ်ပယ်ဟာ ငါ့မိုးကြိုးအနှစ်သာရရဲ့ ရင်းမြစ်တစ်ခု ဖြစ်လာလိမ့်မယ်။ ပြီးတော့ ရှေးဟောင်းမိုးကြိုးနဂါးကိုးကောင်ဟာ ငါ့အတူတကွမိုးကြိုးတွေရဲ့ စွမ်းအားကို မြှင့်တင်ပေးနိုင်လိမ့်မယ်။ ငါဟာ ကောင်းကင်ဘုံမိုးကြိုးရဲ့ အထွတ်အထိပ်ကို ဆင့်ခေါ်တယ်…” ဝမ်လင်း၏အသံသည် သည်လောကတွင် ပဲ့တင်ထပ်လေ၏။ သူ့ဆံပင်ရှည်များသည် တလွင့်လွင့် ဖြစ်လျက် သူသည် ရှေ့သို့ လက်ညွှန်လိုက်လေသည်။

မီးအနှစ်သာရအပြင် ဝမ်လင်း၏အစွမ်းထက်ဆုံးမန္တာန်သည် သူ၏မိုးကြိုးအနှစ်သာရ ဖြစ်လေ၏။ ပြန့်ကြဲမိုးကြိုးကလန်၏ ထာဝရမိုးကြိုးတန်းကို ဝါးမြိုခဲ့ပြီနောက် ထိုကလန်၏အကြီးအကဲခေါင်းဆောင်၏စိတ်ဝိညာဉ်ကို ရှာဖွေခဲ့သည့်နောက်တွင် ဝမ်လင်း၏မိုးကြိုးမန္တာန်များသည် အထွတ်အထိပ်သို့ ရောက်လာခဲ့ပေပြီ။

ထိုသို့သာမဟုတ်ပါက သူသည် သူ၏မိုးကြိုးအနှစ်သာရနှင့် လေဟာနယ်ဂိတ်တံခါး ထွက်ပေါ်လာအောင် မည်သို့ လုပ်နိုင်ခဲ့ပါမည်နည်း။ ထို့နောက် ၎င်းဂိတ်တံခါးကို သေးငယ်သောပမာဏတစ်ခု မည်သို့ ဖွင့်လှစ်နိုင်ပါ့မည်နည်း။

သူ လက်ညွှန်လိုက်ရင်း အတူတကွမိုးကြိုးကိုးမျိုးသည် မိုးကြိုးအနှစ်သာရကို လျင်မြန်စွာ လှည့်ပတ်ပြီး တိုးဝင်လာသော ခရမ်းရောင်လေပြင်းနှင့် တိုက်ပွဲစလေပြီ။

အဝေးမှကြည့်ပါက လူတစ်ယောက်သည် မိုးကြိုးတန်းအသွင် ပေတစ်သောင်းအဟကြီးတစ်ခုကို မြင်နိုင်ပေမည်။ မရေမတွက်နိုင်သောမိုးကြိုးတန်းများ လှုပ်ရှား၍ နေ၏။

အတူတကွမိုးကြိုးကိုးခုသည် ကောင်းကင်တုန်လှုပ်ဖွယ် မိုးကြိုးမုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေသည်။

ခရမ်းရောင်လေပြင်းသည်လည်း ခရမ်းရောင်မုန်တိုင်းအသွင်ပြောင်းကာ လောကအနှံ့ တိုက်ခတ်သည်။ မရေမတွက်နိုင်သော အပူဇော်ခံမီးတောက်တပည့်များ ဦးညွတ်နေလျက် ၎င်းမုန်တိုင်းသည် နီးကပ်လာချေသည်။

ဝမ်လင်း၏မိုးကြိုးမုန်တိုင်းအတွင်း၌ ရှေးဟောင်းမိုးကြိုးနဂါးကိုးကောင်ကလည်း လှည့်ပတ်နေလျက် ပြင်းထန်သောအားတစ်ခုကို ဖန်တီး၏။ ၎င်းထံ၌ ရှေးဟောင်းမိုးကြိုးနယ်ပယ်မှ အစွမ်းထက်မိုးကြိုးအားကိုလည်း ရရှိထားသေးသည်။

ဝုန်း…ဝုန်း…ဝုန်း…ဝုန်း…။

ထိုမုန်တိုင်းနှစ်ခု ထိပ်တိုက်တွေ့မှုသည် မဟာအင်ပါယာဂြိုဟ်တစ်ခုလုံးကို တုန်ယင်သွားစေ၏။ အဖျက်အစီးအော်ရာတစ်ခုသည် ဧရာမလက်ကြီးဝေ့ယမ်းလိုက်သည့်အလား ပျံ့နှံ့ကုန်၏။ ဧရာမလိပ်ကြီးသည်ပင် ညီးတွားလိုက်ရကာ ရုတ်တရက် ပျက်စီးသွားရသည်။

ထိုလိပ်ကြီး ပျက်စီးသွားခြင်းသည် ဤဧရိယာနေရာကို ကွယ်ပျောက်သွားစေလေ၏။ ထိုအဖြစ်က ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို သွေးအန်ကာ အဝေးသို့ လွင့်ထွက်သွားစေသည်။

မိုးကြိုးမုန်တိုင်းသည် ရုတ်တရက် ပေါက်ကွဲလျက် မရေမတွက်နိုင်သော မိုးကြိုးတန်းများအဖြစ်သို့ တကွဲတပြား ဖြစ်သွားလေ၏။ အတူတကွမိုးကြိုးကိုးခုသည်လည်း နောက်သို့လွင့်ထွက်သွားရသည်။ ရှေးဟောင်းမိုးကြိုးနယ်ပယ်အဟသည်ပင် စတင်တွန့်ခေါက်လာ၏။ ၎င်းသည်ပင် ကွယ်ပျောက်သွားတော့မည့်အလား။

ခရမ်းရောင်မုန်တိုင်းမှာလည်း တုန်ယင်၏။ ၎င်း၏အစိတ်အပိုင်းတော်တော်များများသည် ဝမ်လင်း၏မိုးကြိုးအနှစ်သာရကြောင့် ပျက်စီးသွားခဲ့ရသည်။ ပတ်ဝန်းကျင်ရှိ အပူဇော်ခံမီးတောက်စိတ်ဝိညာဉ်များသည်ပါ သက်ရောက်ခြင်း ခံရပြီး တော်တော်လေး ပျက်စီးကုန်သည်။

မမြင်ရသောလက်တစ်ဖက်က ကောင်းကင်တခွင် ရွှေ့လျားကာ အပူဇော်ခံမီးတောက်စိတ်ဝိညာဉ်များစွာကို မျိုးဖြုတ်ပစ်လိုက်သည့်အလား။

အရှင်စစ်မို၏မျက်လုံးသည် တလက်လက် ဖြစ်နေ၏။ တုန်ခါလှိုင်း၏ဖိအားအောက်တွင် သူက သူ့လက်ကို ဝေ့ယမ်းကာ အော်ပြောလိုက်သည်။ “ဒီအဘိုးအိုရဲ့ အပူဇော်ခံမီးတောက် စိတ်ဝိညာဉ်တွေဟာ အဆုံးမရှိဘူး။ မင်းက ဒါတွေကို ဖျက်စီးခဲ့ရင်လည်း ငါ့မှာ ထပ်ရှိသေးတယ်။ အပူဇော်ခံမီးတောက်နယ်မြေ တပည့်တွေ နောက်ထပ် ထွက်ပေါ်လာကြစမ်း…”

သူ ထိုသို့ အော်ဟစ်လိုက်သည့်နောက် ပိုမိုများပြားသော စိတ်ဝိညာဉ်များသည် အရှင်စစ်မို၏ အပူဇော်ခံမီးတောက်နယ်မြေထံ ဦးတည်သော ဧရာမအက်ကြောင်းကြီးထံမှ ထိုးထွက်လာရန် ဟန်ပြင်သည်။

ဝမ်လင်း၏ပါးစပ်ထောင့်မှ သွေးများ စီးကျနေ၏။ သူ့မျက်နှာမှာ ဖြူရောနေသည်။ သူသည် နောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်ရ၏။ သို့ရာတွင် သူသည် နောက်ဆုတ်နေစဉ် သူ့ခေါင်းကို မတ်ထားကာ သူ၏ မွန်းစတားဆန်သော တိုက်ပွဲဆန္ဒကို လှစ်ပေါ်စေသည်။

သူက သူ့ကိုယ်သူ အတင်းရပ်တန့်စေပြီးနောက် ဥက္ကာပျံတစ်စင်းအလား ရှေ့သို့ တိုးဝင်သွားသည်။ သူက သူ့ညာလက်ကို ဝေ့ယမ်းလိုက်သည်။ ထိုအခါ သူ့လက်ထဲတွင် သွေ့ခြောက်နေသော အဝါရောင်သစ်ရွက်တစ်ရွက် ပေါ်လာသည်။

ထိုသစ်ရွက်ပေါ်လာသည့်အခါ ဝမ်လင်း၏ရှေးဟောင်းနတ်ဘုရားကြယ်များသည်လည်း သူ၏မျက်ခုံးနှစ်ခုကြားတွင် ပေါ်လာ၏။ သူက သူ့ပါးစပ်ကိုဟကာ သွေးများ ထွေးထုတ်လိုက်သည်။ ယင်းက ရှေးဟောင်းနတ်ဘုရားသွေးပင်။

ထိုသွေးက သွေ့ခြောက်အဝါရောင်သစ်ရွက်ပေါ်သို့ ကျရောက်သွားသည့်အခါ အနီရောင်အလင်းတစ်ခုကို ထုတ်လွှတ်သည်။ ဝမ်လင်းက လက်ဝေ့ယမ်းလိုက်ရာ ထိုအနီရောင်သစ်ရွက်သည် အရှင်စစ်မိုထံသို့ တဟုန်ထိုး ဝင်ရောက်သွား၏။

၎င်းသည် မြန်ဆန်လွန်းသည်။ ချက်ခြင်း နီးကပ်သွား၏။ သည့်အပြင် ၎င်းက ပေတစ်ထောင်၊ တစ်သောင်း၊ တစ်သိန်းထိ ကြီးမားလေချေသည်။

ရှေးဟောင်းသစ်ရွက်။

သည်သစ်ရွက်မှာ လောဘကြီး ဆန်းကြယ်သောနေရာမှ ရလာခဲ့သော ရတနာများထဲမှ တစ်ခုပင်။ လောဘကြီး၏ ကျင့်ကြံမှုအဆင့်ဖြင့်ပင် သူက ၎င်းကို အသုံးပြုသည့်အခါ၌ သူသည် ဝမ်လင်း၏လမ်းကြောင်းကို ချိပ်ပိတ်ပစ်နိုင်ခဲ့၏။ ဝမ်လင်းက ၎င်းချိပ်ပိတ်မှုကို မချိုးဖျက်နိုင်ဘဲ ရှောင်ခဲ့ရသည်။

ခုချိန်တွင် ဝမ်လင်းက ၎င်းသစ်ရွက်ကို ရှေးဟောင်းနတ်ဘုရားတစ်ပါးအဖြစ် သူ၏ သွေးကိုပါ သွန်းလောင်းပြီး အသုံးပြုလိုက်ခြင်းပင်။ သူက ၎င်းသစ်ရွက်ကို မှန်ကန်သည့်ထိန်းချုပ်သည့်နည်းလမ်းဖြင့် အသုံးပြုလိုက်တာ ဖြစ်၏။ ထို့ကြောင့် ၎င်း၏စွမ်းအားသည် လောဘကြီးအသုံးပြုခဲ့ချိန်ကထက် အဆများစွာ ပိုအစွမ်းထက်ပေမည်။

သစ်ရွက်တစ်ရွက်သည် ကောင်းကင်ကို ဖုံးအုပ်သွားချေသည်။

ရှေးဟောင်းသစ်ရွက်က ချက်ခြင်းပင် အရှင်စစ်မိုကို ကျော်လွန်ကာ သူ၏အပူဇော်ခံမီးတောက်နယ်မြေဘေးတွင် ပေါ်လာပြီး ထိုအက်ကြောင်းအဟကို ဖုံးအုပ်လိုက်သည်။

“ငါ့အတွက် ချိပ်ပိတ်လိုက်။ ချိပ်ပိတ်စမ်း။ ချိပ်ပိတ်စမ်း…” ဝမ်လင်း၏ဟိန်းသံသည် ပဲ့တင်ထပ်သည်။ ရှေးဟောင်းသစ်ရွက်သည် တလက်လက် ဖြစ်လေ၏။ ၎င်းက အရှင်စစ်မို၏ အပူဇော်ခံမီးတောက်နယ်မြေထံ ထိုးစိုက်သွားချိန်၌ ၎င်းထံမှ ပြင်းထန်သောချိပ်ပိတ်ခြင်းအားတစ်ခုကို ထုတ်လွှတ်လေသည်။

ထိုရှေးဟောင်းသစ်ရွက်၏ ချိပ်ပိတ်ခြင်းစွမ်းအားအောက်တွင် အပူဇော်ခံမီးတောက်နယ်မြေသည် တုန်ဟည်းလေသည်။ စိတ်ဝိညာဉ်တစ်ယောက်တစ်လေပင် ထိုးထွက်လာနိုင်စွမ်း မဲ့သွားရ၏။

ထိုကဲ့သို့ ရုတ်တရက် ပြောင်းလဲမှုသည် အရှင်စစ်မိုကကိုပါ တုန်လှုပ်သွားစေပြီး သူ့မျက်လုံးထဲ၌ ကြောက်လန့်မှု ဖြစ်ပေါ်သည်။ သူက တတိယအဆင့်ကျင့်ကြံသူတစ်ယောက်၏ အပူဇော်ခံမီးတောက်နယ်မြေကို ချိပ်ပိတ်နိုင်သော ရတနာတစ်ခု ရှိသည်ဟူ၍ လုံးဝ မကြားဖူးခဲ့ပေ။

“ဒါ…ဒါက ဘယ်လိုရတနာမျိုးလဲ…”

အရှင်စစ်မို တုန်လှုပ်သွားရုံသာမက ဟင်္သာငှက်အဘိုးအို၏မျက်လုံးသူငယ်အိမ်ပါ ကြုံ့သွားလေ၏။ သူ၏မျက်လုံးထဲ၌လည်း မယုံကြည်နိုင်ဟန် ပြည့်နှက်သည်။

“ဒီကောင်လေးမှာ အခုလိုမျိုး ရတနာတစ်ခု ပိုင်ဆိုင်ထားတာပဲ…”

ဆရာသခင်ယွင်လော၏မျက်နှာသည် သာ၍ ဖြူရောသွား၏။ သူမ၏မျက်လုံးထဲရှိ ကြောက်လန့်မှုကိုလည်း မထိန်းကွယ်ထားနိုင်တော့ပေ။ သူမ၏စိတ်သည် တုန်ယင်လျက် နောက်သို့ ခြေလှမ်းအနည်းငယ်ပင် ဆုတ်မိသည်။ သူမသည် အနာဂတ်ကို ကြည့်မြင်ခဲ့ချိန်က ဝိုးတဝါးပုံရိပ် လက်ဝေ့ယမ်းလိုက်သောနေရာ၌ သစ်ရွက်ပေါင်းကိုးဆယ့်ကိုးခုက ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းကို ချိပ်ပိတ်ပစ်ဖို့ ပေါ်လာသည်ကိုပါ မြင်ခဲ့ရသည်။ ယင်းသစ်ရွက်များသည် ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ ကျင့်ကြံသူများစွာ စုပေါင်းတိုက်ခိုက်လိုက်သော အလွန်အစွမ်းထက်သည့် ကောင်းကင်ဘုံတာအိုမန္တာန်ကိုပါ လုံးဝချိပ်ပိတ်လိုက်သည်ကို သူမ မြင်ခဲ့ရသည်။

ဝမ်လင်း၏မျက်လုံးသည် ချင်းချင်းနီရဲနေ၏။ ရှေးဟောင်းသစ်ရွက်ကို အရှင်စစ်မို၏ အပူဇော်ခံမီးတောက်နယ်မြေကို ချိပ်ပိတ်ရန် အသုံးပြုပြီးနောက် သူသည် နောက်မဆုတ်ပေ။ ထိုအစား သူက အရှင်စစ်မိုထံသို့ တိုးဝင်လာလေ၏။

ဝမ်လင်းက အရှင်စစ်မိုနှင့် ပေတစ်ထောင်အတွင်း ရောက်လာသည့်အခါ သူက အော်ဟစ်လိုက်သည်။ “ရှေးဟောင်းမိစ္ဆာစိတ်ဝိညာဉ်။ ထွက်ပေါ်လာစမ်း…” အနက်ရောင်မြူသည် စတင်ပေါ်ထွက်လာပြီး ချက်ခြင်း ပျံ့နှံ့သည်။

၎င်းသည် ဝမ်လင်းနှင့်ချွတ်ဆွတ်တူသော လူသေးလေးအဖြစ်သို့ ပြောင်းသည်။ ၎င်းမှာ ရှေးဟောင်းမိစ္ဆာစိတ်ဝိညာဉ်ပင်။

ထိုလူသေးလေး ပေါ်လာသည့်အခါ သူက စူးစူးရှရှ အော်ဟစ်လိုက်လေ၏။ မိစ္ဆာစွမ်းအင်များသည် သူ့ပတ်လည်တွင် ဝန်းရံနေသည်။ သည့်နောက် သိမ်မွေ့သောလှံမှာ ရုတ်တရက် ပေါ်လာ၏။ ထို့နောက်တွင်မူ ထိုလူသေးလေးသည် လှံပတ်လည်တွင် ပုံစံအသွင်ပျက်ယွင်းစွာ ထွေးခြုံလိုက်ပြီးနောက် အရှင်စစ်မိုထံသို့ ထိုးထွက်လာတော့သည်။

အရှင်စစ်မို၏မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွား၏။ သူ၏သတ်ဖြတ်ချင်စိတ်မှာလည်း မြင့်တက်လာသည့်အတွက် သူ့ကိုယ်တွင်း၌ လောင်ကျွမ်းနေသော သိမ်မွေ့ဆန်းကြယ်မီးသည် သာ၍ လောင်ကျွမ်းလေသည်။ သူက သိမ်မွေ့ဆန်းကြယ်မီးကို လစ်လျူရှုကာ ရှေ့သို့ ခြေတစ်လှမ်း လှမ်းသည်။ ထို့နောက် သူ့ညာလက်ကို ဝေ့ယမ်းသည်။ ခရမ်းရောင်အလင်း တောက်ပသွား၏။

“ဒီအဘိုးအိုဟာ အုပ်စိုးသူအတွက် အများကြီး အကျိုးဆောင်ပေးခဲ့လို့ ခုနစ်ရောင်စုံတာအိုကနေ ခရမ်းရောင်တာအိုကို လက်ဆောင် ရရှိခဲ့တယ်။ ဒါဟာ ရူးသွပ်မှုရဲ့ ရင်းမြစ်ပဲ။ မင်းရဲ့ ရတနာမှာ စိတ်ဝိညာဉ်တစ်ခု ရှိနေသ၍ ၎င်းဟာ ငါ့ခရမ်းရောင်တာအိုရဲ့ သက်ရောက်မှုအောက်မှာ ရူးသွပ်သွားရလိမ့်မယ်…”

အရှင်စစ်မိုက သူ့ညာလက်ဖြင့် သည်လောကရှိ ခရမ်းရောင်အားလုံးကို ဖမ်းဆုပ်လိုက်သည့်နှယ်။ ထို့နောက် သူက လက်ဝေ့ယမ်းလိုက်သည်။

မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်၏။ ခရမ်းရောင်မြူသည် ဝမ်လင်း၏ရှေးဟောင်းမိစ္ဆာစိတ်ဝိညာဉ်ထံသို့ နီးကပ်လာသည်။

ရှေးဟောင်းမိစ္ဆာစိတ်ဝိညာဉ်သည် စိတ်လှုပ်ရှားဟန် ဖြစ်ပေါ်သည်။ ၎င်းက စိတ်လှုပ်ရှားစွာ စူးစူးဝါးဝါးအော်ဟစ်လိုက်၏။ ခရမ်းရောင်မြူများ နီးကပ်မလာခင်မှာပင် ၎င်းက အတင်းတိုးဝင်သွားသည်။ ၎င်းသည် ပါးစပ်ဟကာ ၎င်းမြူများကို ရှိုက်သွင်းလိုက်လေ၏။ ၎င်း၏မျက်လုံးထဲရှိ စိတ်လှုပ်ရှားမှုသည်လည်း ပို၍ အားကောင်းလာသည်။

ရှေးဟောင်းမိစ္ဆာသည် သည်လောကတွင် အစွမ်းထက်ဆုံးမိစ္ဆာ ဖြစ်၏။ ထို့ကြောင့် ၎င်းက ရူးသွပ်မှုကို မည်သို့ ကြောက်လန့်နေပါ့မည်နည်း။ ပို၍ ရူးသွပ်လေလေ မိစ္ဆာသဘာဝသည် ပို၍ အားကောင်းလာလေ မဟုတ်လား။ ခရမ်းရောင်မြူအချို့ကို ဝါးမြိုပြီးသည့်နောက် ၎င်း၏မျက်လုံးသည် နီရဲလာသည်။ ထို့နောက် ၎င်းက မြူများကို ထွင်းဖောက်ကာ အရှင်စစ်မိုထံသို့ တဟုန်ထိုး ဝင်ရောက်သည်။

***

All Chapters