← Chapters

အခန်း ၂၃၄

Vol. 24 Ch. 234

အခန်း ၂၃၄

Vol. 24 Ch. 234

အခန်း ၂၃၄

“မင်းတို့အားလုံး ရွေးချယ်ပြီးကြပြီလား။”

နည်းပြ ဖန်ထျန်းယွီက ကျန်းဟန်ကို ရည်ရွယ်လျက် ထပ်မံမေးမြန်းလိုက်၏။ ကျန်းဟန် မလှုပ်မယှက် ရှိနေသေးသည်ကို မြင်ရသောအခါ သူအံ့ဩမိသွားခဲ့လေသည်။ စစ်တပ်မှ ပေးအပ်ထားသော အခွင့်အရေးများမှာ စိတ်မဝင်စားရန် ခဲယဉ်းလှပေသည်။

အထူးသဖြင့် ကျန်းဟန်ကဲ့သို့ မိဘမဲ့၊ အားကိုးစရာ မိသားစုမရှိသောသူအတွက် အဘယ်ကြောင့် မဝင်ရောက်ရသနည်း။

အနီးအနားတွင် ရပ်နေသော ပါမောက္ခ ထျန်းကွမ်းပင်လျှင် နားမလည်နိုင် ဖြစ်နေခဲ့သည်။ ကျန်းဟန်၏ အပြုအမူသည် သူတို့၏ မျှော်လင့်ချက်ထက် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

ယခုအခါ ကျန်းဟန်နှင့် လီဇီဝေတို့အပါအဝင် ရှစ်ဦးသာ ကျန်ရှိတော့သည်။ ကျန်းဟန်နှင့် လီဇီဝေတို့မှလွဲလျှင် ကျန်သူများမှာ မိသားစုမျိုးရိုးကြီးမှ ဆင်းသက်လာသူများသာ ဖြစ်ကြသည်။

ကျန်းဟန်နှင့် လီဇီဝေတို့ ဘယ်ဘက်သို့ ရောက်မလာကြသည်ကို မြင်သောအခါ လျိုတုံးနှင့် ဟုန်ရွှယ်တို့သည် နားမလည်နိုင်သည့် အကြည့်ဖြင့် ကြည့်လိုက်မိကြ၏။ ဤမျှကောင်းမွန်သော အခွင့်အရေးကို အဘယ်ကြောင့် စွန့်လွှတ်ရသနည်း။

လီဇီဝေ၏ အကြည့်များမှာ ကျန်းဟန်ဆီ၌သာ ရှိနေသည်။ ကျန်းဟန်သာ မသွားလျှင် သူမလည်း မသွားပေ။ ကျန်းဟန်က သူမကို တစ်ကြိမ်စည်းရုံးခဲ့ပြီး ဖြစ်သော်လည်း သူမက မလိုက်ပါခဲ့ပေ။

“မင်းတို့ ဆုံးဖြတ်ချက်က သေချာသွားပြီလား။”

နည်းပြ ဖန်ထျန်းယွီသည် သက်ပြင်းတစ်ချက်ချကာ ကျန်းဟန်ဆီသို့ လျှောက်သွားလိုက်၏။ သူသည် ကျန်းဟန်ကို တစ်မိနစ်ခန့် အသေအချာ စူးစိုက်ကြည့်ရှုလိုက်သည်။

ကျန်းဟန်ကမူ ရှေ့တည့်တည့်ကိုသာ ကြည့်နေပြီး နည်းပြကို မမြင်သကဲ့သို့ တည်ငြိမ်နေ၏။ သူ၏ အကြည့်များမှာ လုံးဝ တုန်လှုပ်မှု မရှိပေ။

“မင်း ဘာလို့ စစ်တပ်ထဲ မဝင်ချင်ရတာလဲ။ အခြေအနေတွေက မကောင်းဘူးလို့ ထင်နေတာလား။ မင်းသာ ဝင်လိုက်ရင် ငါ မင်းကို တပည့်အဖြစ် လက်ခံနိုင်တယ်။ ပြောရမယ်ဆိုရင် ငါက အဆင့် ၆ သားရဲထိန်းချုပ်သူတစ်ယောက်ပဲ။ အဆင့် ၆ အင်ပါယာအဆင့် သားရဲတစ်ကောင်ကို ပိုင်ဆိုင်ထားတယ်။”

နည်းပြ ဖန်ထျန်းယွီက ကျန်းဟန်ကို ကြည့်ကာ ပြောလိုက်သည်။

သူပြောလိုက်သည့် စကားကြောင့် ပတ်ဝန်းကျင်ရှိ ကျောင်းသားများမှာ အံ့အားသင့်သွားခဲ့ကြသည်။ သူတို့အားလုံးသည် ကျန်းဟန်ကို ကြည့်ကာ နည်းပြက ဤမျှထိ ကတိပေးရလောက်အောင် သူ့တွင် မည်သို့သော အထူးခြားချက်များ ရှိသနည်းဆိုသည်ကို သိလိုနေကြ၏။

အထူးသဖြင့် နည်းပြ၏ အဆင့်အတန်းကို သိထားသော ကျောင်းသားများမှာ ပို၍ပင် အံ့ဩနေကြသည်။ သူသည် စစ်တပ်၏ ထွန်းတောက်နေသော ကြယ်တစ်ပွင့်ဖြစ်ပြီး အသက် ၂၇ နှစ်တွင် အဆင့် ၆ သို့ ရောက်ရှိနေသူဖြစ်သည်။ သူ ဦးဆောင်သည့် အဖွဲ့သည်လည်း အခြားတိုက်ကြီးများသို့ အကြိမ်ကြိမ် သွားရောက်ကာ အဖိုးတန် အချက်အလက်များကို ရယူနိုင်ခဲ့ဖြစ်သည်။

ကောင်းကင်ဘုံမှ ရွေးချယ်ခြင်းခံရသူက ကျန်းဟန်ကို စစ်တပ်ထဲ ဝင်ရောက်ရန် တိုက်တွန်းနေခြင်းမှာ အံ့ဖွယ်ပင်။ သူ့အဖွဲ့ထဲ ဝင်ရောက်လိုသူ အများအပြား ရှိသော်လည်း အဆက်အသွယ်ရှိမှသာ ဝင်ရောက်နိုင်ကြခြင်း ဖြစ်သည်။

လီဇီဝေပင်လျှင် နည်းပြက ကျန်းဟန်ကို ထိုမျှတန်ဖိုးထားသည်ကို သိလိုက်ရသောအခါ အံ့အားသင့်သွားခဲ့သည်။

ကျန်းဟန်မှာလည်း နည်းပြက သူ့ကို အဘယ်ကြောင့် ဤမျှတန်ဖိုးထားရသနည်းဟူသည်ကို နားမလည်နိုင် ဖြစ်နေခဲ့လေသည်။

သူသည် ယနေတွင် ထူးချွန်သည့် လုပ်ဆောင်ချက်တစ်ခုမှ မပြသခဲ့ပေ။ အားနည်းနေသော အဆင့် ၄ သားရဲတစ်ကောင်ကို အမဲလိုက်ခဲ့ရုံဖြင့် ဤမျှထိ တန်ဖိုးထားစရာ အကြောင်းမရှိပေ။

“ကျေးဇူးတင်ပါတယ် နည်းပြ။ ဒါပေမဲ့ ကျွန်တော် အခုလောလောဆယ် စစ်တပ်ထဲ ဝင်ဖို့ အစီအစဉ် မရှိသေးပါဘူး။”

ကျန်းဟန်က ခေါင်းခါယမ်းလိုက်၏။

အကြောင်းပြချက် ပေးခြင်းမရှိဘဲ ငြင်းဆန်လိုက်ခြင်းက သူ၏ ဆုံးဖြတ်ချက် ခိုင်မာကြောင်း ပို၍ပင် သက်သေပြလိုက်သည်။

နည်းပြ ဖန်ထျန်းယွီသည် ကျန်းဟန်ကို အဓိပ္ပါယ်ပါသော အကြည့်ဖြင့် ကြည့်လိုက်၏။ သူ အလွန်ယုံကြည်မှု ရှိခဲ့သော ကိစ္စမှာ ပျက်ပြားသွားခဲ့သဖြင့် စိတ်ပျက်သွားမိသည်။

“မင်း ငယ်ငယ်ကတည်းက ဂရုစိုက်မခံခဲ့ရဘဲ လူမှုအသိုင်းအဝိုင်းရဲ့ နွေးထွေးမှုကို မခံစားခဲ့ဖူးလို့ နိုင်ငံကို ကာကွယ်ပေးချင်စိတ် မရှိတာလား။”

ပါမောက္ခ ထျန်းကွမ်းက မေးလိုက်၏။ ကျန်းဟန်၏ ကလေးဘဝ အတွေ့အကြုံများက လူမှုအသိုင်းအဝိုင်းအပေါ် အငြိုးအတေး ရှိစေပြီး အခြားသူများကို ကာကွယ်ပေးရန် ဝန်လေးစေသည်ဟု သူ ယူဆလိုက်သည်။

“အဲလို မဟုတ်ပါဘူး။ ကျွန်တော့်မှာ ကိုယ်ပိုင် အစီအစဉ်တွေ ရှိလို့ပါ။ နောက်ပြီး ကျွန်တော့်ရဲ့ စိတ်ဝိညာဉ်က လွတ်လပ်မှုကို တောင့်တပြီး အချုပ်အနှောင် မခံချင်ပါဘူး။ ယေဘုယျအားဖြင့် စစ်တပ်က ကျွန်တော်နဲ့ မသင့်တော်သလို ကျွန်တော့်ရဲ့ ပန်းတိုင်တွေကိုလည်း ရောက်အောင် လုပ်ပေးနိုင်မှာ မဟုတ်ဘူး။”

ကျန်းဟန်က ခေါင်းခါကာ ပြောလိုက်သည်။

“ဘာပန်းတိုင်တွေလဲ။ နိုင်ငံတော် ကာကွယ်ရေး သားရဲထိန်းချုပ်ခြင်း တက္ကသိုလ်ကို ဝင်ပြီးရင်တောင် မရနိုင်ဘူးလား။ မင်းသာ အရာရှိတစ်ယောက် ဖြစ်လာရင် တစ်နိုင်ငံလုံးရဲ့ အင်အားကို အသုံးပြုနိုင်လိမ့်မယ်။”

နည်းပြ ဖန်ထျန်းယွီက ပြောလိုက်သည်။

“ပြောပြဖို့ မလိုတော့ပါဘူး။ ကျွန်တော် အောင်မြင်တဲ့နေ့ကျရင် အားလုံး သိလာပါလိမ့်မယ်။ ကျွန်တော်သာ ကျရှုံးခဲ့ရင် ဒီအကြောင်းတွေ ပြောနေတာက ဟာသတစ်ခု ဖြစ်သွားရုံပဲ ရှိမှာပါ။”

ကျန်းဟန်က ခေါင်းယမ်းကာ အပြုံးတစ်ခုဖြင့် ပြောလိုက်၏။

“ကောင်းပြီလေ။ မင်း မလုပ်ချင်မှတော့ ပြန်လို့ရပြီ။”

နည်းပြ ဖန်ထျန်းယွီသည် ကျန်းဟန်ကို တစ်ချက်ကြည့်လိုက်ပြီး လက်ကို ဝှေ့ယမ်းပြလိုက်၏။ သူ၏မျက်နှာတွင် စိတ်ပျက်၍ ကူကယ်ရာမဲ့နေဟန်များ ဖြစ်ပေါ်လာခဲ့သည်။

“ဟုတ်ကဲ့ပါ။”

ကျန်းဟန်က ဘာမျှထပ်မပြောတော့ဘဲ ခေါင်းညိတ်ကာ ထွက်ခွာသွားလာခဲ့လိုက်၏။ လီဇီဝေသည်လည်း သူ့နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားခဲ့သည်။

“နင့်ရဲ့ ရည်မှန်းချက်က ဘာလဲ။ ငါ့ကို ပြောပြလို့ မရဘူးလား။”

လီဇီဝေက ကျန်းဟန်ဘေးသို့ ပြေးလာပြီး မေးလိုက်၏။

“နောက်ကျရင် မင်း သိလာမှာပါ။”

ကျန်းဟန်က ပြုံးပြလိုက်သော်လည်း အတိအကျ မပြောပြခဲ့ပေ။

“အေးပါ...။”

လီဇီဝေသည် စိတ်ပျက်သွားမိသော်လည်း ကျန်းဟန်၏ ရည်မှန်းချက်မှာ အမှန်တကယ် အဘယ်အရာဖြစ်မည်ကို ပိုမိုသိရှိလိုစိတ် ပြင်းပြလာခဲ့သည်။

ကျန်းဟန် သူ၏ကျောင်းအုပ်စုသို့ ပြန်ရောက်သောအခါ ကျောင်းအုပ်ကြီးသည် သူတို့ကို မြင်သည်နှင့် အံ့ဩသော အမူအရာဖြင့် မေးလာ၏။

“မင်းတို့ စစ်တပ်ထဲ ဝင်ဖို့ မရွေးချယ်ခဲ့ဘူးလား။”

“ဟုတ်တယ်။ ကျွန်တော် စစ်တပ်ထဲ မဝင်ချင်ဘူး။”

ကျန်းဟန်က ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီး အဖွဲ့ထဲသို့ ပြန်ဝင်သွားလိုက်သည်။

“ဒါက နိုင်ငံတော် ကာကွယ်ရေး သားရဲထိန်းချုပ်ခြင်း တက္ကသိုလ်အတွက် အာမခံဝင်ခွင့်လေ။ အံ့ဩစရာပဲ...ဒီလို အခွင့်အရေးမျိုးကိုတောင် စွန့်လွှတ်လိုက်တာလား။”

ကတုံးပြောင်ကြီးနှင့် ကျောင်းအုပ်ကြီးမှာ လုံးဝ နားမလည်နိုင် ဖြစ်သွား၏။

ဒီခေတ် လူငယ်တွေ ဘာတွေ တွေးနေကြတာလဲ။

ဤသည်မှာ နိုင်ငံတော်၏ ထိပ်တန်း တက္ကသိုလ် ဆယ်ခုထဲမှ တစ်ခုအတွက် အာမခံဝင်ခွင့် ဖြစ်သည်။ သူသာဆိုလျှင် တွန့်ဆုတ်ခြင်းမရှိဘဲ စစ်တပ်ထဲ ဝင်ရောက်မည် ဖြစ်သော်လည်း ကျန်းဟန်နှင့် လီဇီဝေတို့မှာမူ စွန့်လွှတ်ခဲ့ကြသည်။

အမှန်တကယ်တွင် စစ်တပ်က ပေးအပ်သည့် အခြေအနေများကို သိလိုက်ရပြီးနောက် ရွေးချယ်ခံရသူ အများစုမှာ ထွက်သွားကြလိမ့်မည်ဟု သူ သိထားခဲ့သော်လည်း သူ့ကျောင်းမှ ကျောင်းသားများမှာမူ ချွင်းချက် ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

၎င်းမှာ သူတို့အတွက်တော့ ကောင်းသော အရာပင်ဖြစ်သည်။ အထူးသဖြင့် ကျန်းဟန်က ဤနေရာတွင် ရှိနေသေးသဖြင့် လာမည့်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ကန်မြို့အတွက် ပထမနေရာကို စိန်ခေါ်နိုင်မည့် မျှော်လင့်ချက် ရှိနေသေးသည်။

“နာရီဝက်လောက် စောင့်ဦး။ ဟိုဘက်မှာ ဖောင်ဖြည့်ပြီးသွားရင် သူတို့ ပြန်လာပြီး ငါတို့နဲ့အတူ ပြန်ကြလိမ့်မယ်။”

ကျောင်းအုပ်ကြီးက ပြောလိုက်သည်။

အခြားတစ်ဖက်တွင်မူ စစ်စခန်း၌ နည်းပြ ဖန်ထျန်းယွီ၏ မျက်နှာမှာ သိပ်မကောင်းလှပေ။ ပါမောက္ခ ထျန်းကွမ်းမှာမူ ကျန်းဟန်သည် ထိုရေသူမလေးကို ဆွဲဆောင်ရန် မည်သည့်အရာကို သုံးခဲ့သနည်းဟု တွေးတောနေခဲ့သည်။

ရေသူမလေးသည် ကြယ်ငါးပွင့် အလားအလာရှိသော သားရဲများထဲတွင် သာမန်ဟု ထင်ရသော်လည်း ၎င်း၌ လျှို့ဝှက်ဆန်းကြယ်ခြင်း ဂုဏ်သတ္တိ ရှိနေသဖြင့် သာမန်အရာများဖြင့် ဆွဲဆောင်နိုင်မည် မဟုတ်ပေ။

“မရတော့ဘူး။ ငါ သွားမေးတော့မယ်။”

ပါမောက္ခ ထျန်းကွမ်းမှာ သည်းမခံနိုင်တော့သည့်အဆုံး ကျန်းဟန်တို့အဖွဲ့ စုဝေးနေသည့်နေရာသို့ တစ်ယောက်တည်း သွားလိုက်၏။

“ကျန်းဟန်...မင်း ရေသူမလေးကို ဆွဲဆောင်ဖို့ ဘာနည်းလမ်းသုံးလိုက်တာလဲ ဆိုတာ ပြောပြလို့ ရမလား။ ပြီးတော့ ပျားအုံအောက်ခြေမှာ မင်း ဘာတွေ လုပ်ခဲ့တာလဲ။”

ပါမောက္ခ ထျန်းကွမ်းက ကျန်းဟန်ကို ကြည့်ကာ မေးလိုက်သည်။ ကျန်းဟန်က ပါမောက္ခကို ကြည့်ပြီး ပြောရန် ပြင်လိုက်စဉ် ပါမောက္ခ တျန်ကွမ်းက ထပ်မံ၍ ဖြည့်စွက် ပြောဆိုသည်။

“ငါက အထွတ်အထိပ် မွေးမြူရေးပညာရှင် ဖြစ်လာဖို့ ခြေတစ်လှမ်းပဲ လိုတော့တဲ့သူပဲ။ မင်းသာ ပြောပြရင် မင်းအတွက် အကျိုးအမြတ်တွေ အများကြီး ရလာလိမ့်မယ်။”

“ကျွန်တော် ဘာမှ မသိပါဘူး။ ကျွန်တော် ဘာနဲ့မှလည်း မပတ်သက်ခဲ့ပါဘူး။”

ကျန်းဟန်က အပြစ်ကင်းစင်ဟန်ဖြင့် လက်နှစ်ဖက်ကို ဖြန့်ကာ ပြောလိုက်သည်။

“...”

“မင်း ငါ့ကို ကန်းနေတယ်လို့ ထင်နေတာလား။”

ပါမောက္ခ ထျန်းကွမ်းမှာ ဒေါသထွက်သွား၏။

“မယုံရင်လည်း ကျွန်တော် ဘာမှ လုပ်ပေးလို့ မရဘူး။”

ကျန်းဟန်က လက်ကိုသာ ထပ်ဖြန့်ပြလိုက်သည်။

“မင်းကတော့ တကယ့်ကောင်ပဲ။”

ပါမောက္ခ ထျန်းကွမ်းသည် စိတ်ကို ကြာကြာထိန်းထားသော်လည်း ကျန်းဟန်ကို ဘာမှ မလုပ်နိုင်သည့်အတွက် ဒေါသတကြီး လက်ကိုခါယမ်းကာ ထွက်ခွာသွားရတော့သည်။

နာရီဝက်အကြာတွင် လျိုတုံး၊ ဟုန်ရွှယ်နှင့် အခြားသူများ ပြန်ရောက်လာခဲ့ကြလေသည်။ ဧရာမ တောင်ပံခြောက်ဖက်ပါ အဇူရာလေငှက်သည်လည်း ကျန်းဟန်တို့ကို ပြန်ခေါ်ဆောင်ရန် ဆင်းသက်လာခဲ့သည်။

ကောင်းကင်သို့ တစ်ဖန်ပြန်လည် ပျံတက်သွားသောအခါ နေဝင်ချိန်အောက်ရှိ ဤခမ်းနားပြီး အရိုင်းဆန်ဆန် လှပသော မြင်ကွင်းသည် လူတိုင်း၏ အကြည့်ကို တစ်ဖန်ပြန်လည် ဆွဲဆောင်သွားခဲ့ပြန်သည်။

“ဒီတစ်ခေါက်လာတာက လူတိုင်းနဲ့ လမ်းခွဲရမယ့် ခရီးစဉ် ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။”

လျိုတုံးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ဟုတ်တယ်။ အခုကစပြီး စည်းကမ်းတင်းကျပ်တဲ့ စစ်တပ်ထဲ ဝင်ရတော့မယ်ဆိုတော့ တကယ်ပဲ ခွဲခွာရမှာကိုတောင် နှမြောမိတယ်။ ဒီနေဝင်ချိန်ကို ငါ အမြဲ အမှတ်ရနေမှာပါ။ ငါ့ရဲ့ အလယ်တန်းကျောင်းသားဘဝက ဒီမှာပဲ အဆုံးသတ်သွားပြီ။”

ဟုန်ရွှယ်ကလည်း ပြောလိုက်သည်။

ဟုန်ရွှယ်နှင့် လျိုတုံးတို့၏ စကားများနောက်တွင် လူတိုင်းသည် စိတ်လှုပ်ရှားကာ ပူဆွေးဝမ်းနည်းလာကြ၏။ အချင်းချင်း သိပ်မရင်းနှီးကြလျှင်တောင်မှ ခွဲခွာရတော့မည်ဟူသော ခံစားချက်က နှလုံးသားထဲသို့ တိုးဝင်လာခဲ့သည်။

ကျန်းဟန်သည်မူ အဝေးကို ငေးမောကြည့်နေ၏။ သူသည် ထိုသို့သော ခွဲခွာခြင်းများကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရပြီး ဖြစ်သည်။ ဘဝ၏ အနှစ်သာရမှာ အထီးကျန်ဆန်ပြီး အကူအညီမဲ့ခြင်း ဖြစ်သောကြောင့် လူတို့သည် အချင်းချင်း နားလည်မှုရရန် အပြန်အလှန် ဆက်ဆံဖို့ လိုအပ်ခြင်း ဖြစ်သည်။

သို့သော် လူတို့သည် တစ်ယောက်ကိုတစ်ယောက် အပြည့်အဝ နားမလည်နိုင်ကြပေ။ နားလည်မှုကို ရှာဖွေခြင်းမှာ အချည်းနှီးသာ ဖြစ်ပြီး ကံကြမ္မာအရ မဖြစ်နိုင်သော အရာတစ်ခုပင်။ အထီးကျန်ခြင်းသည်သာ ဘဝ၏ ပုံမှန်ဖြစ်သောအရာပင် ဖြစ်သည်။ ခွဲခွာခြင်း၊ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း အတွေ့အကြုံများစွာကို ဖြတ်သန်းခဲ့ပြီးနောက် သူသည် ဤကဲ့သို့သော အခြေအနေမျိုးတွင် စိတ်လှုပ်ရှားမှု မရှိတော့ပေ။

All Chapters