အခန်း ၂၃၇
Vol. 24 Ch. 237
အခန်း ၂၃၇
နောက်တစ်နေ့ နံနက်စောစောတွင် ကျန်းဟန် အိပ်ယာနိုးလာပြီးနောက် တောတွင်းဈေးကွက်သို့ ထွက်ခွာလာခဲ့လိုက်၏။ မြို့ထဲသို့ ရောက်သည်နှင့် လီဇီဝေက သူ့ထံ ဖုန်းဆက်လာခဲ့သည်။
“ကျန်းဟန် နင် ဒီနေ့ သွေးနက်တွင်းကို သွားဖို့ စီစဉ်ထားတာလား။”
လီဇီဝေက ဖုန်းမှတစ်ဆင့် မေးလာခဲ့သည်။
“ဟုတ်တယ်။ ငါ သွေးနက်တွင်းကို မသွားခင် လူတစ်ယောက်ကို အရင် သွားခေါ်မလို့။ မင်းလည်း လိုက်ချင်ရင် မင်းလူတွေကို ခေါ်ပြီး မြို့ထဲက သားရဲထိန်းချုပ်ခြင်း စင်တာမှာ စောင့်နေလိုက်။”
ကျန်းဟန်က ပြန်ဖြေလိုက်သည်။
လီဇီဝေသည် တောရိုင်းထဲတွင် စွန့်စားခန်းဖွင့်ရန်အတွက် အမဲလိုက်အဖွဲ့တစ်ခု ဖွဲ့စည်းချင်နေ၏။ ကျန်းဟန်တွင်လည်း ကန့်ကွက်စရာ မရှိပေ။ ထို့ကြောင့် သူသည် ဒုတိယခေါင်းဆောင်အဖြစ် အမည်ခံအနေဖြင့်သာ ပါဝင်မည်ဖြစ်ပြီး အဖွဲ့လိုက် အမဲလိုက်သည့်ပွဲများတွင် တကယ်ပါဝင်မည်၊ မပါဝင်မည်မှာမူ အခြေအနေပေါ် မူတည်ကြောင်း ပြောလိုက်သည်။
“ကောင်းပြီ။ ငါ အဖွဲ့ဝင်နှစ်ယောက်ကို ခေါ်ထားပြီးပြီ။ ဒါဆို မြို့ထဲက သားရဲထိန်းချုပ်ခြင်း စင်တာမှာ တွေ့ကြမယ်။”
လီဇီဝေက ထိုသို့ပြောပြီး ဖုန်းချသွားခဲ့သည်။
နှစ်နာရီအကြာ နံနက် ၉ နာရီတွင် ကျန်းဟန်တစ်ယောက် တောတွင်းဈေးကွက်သို့ ရောက်ရှိလာ၏။ သူသည် မနေ့က သိမ်းဆည်းထားသော ပစ္စည်းများကို အရင်ဆုံး မရောင်းချဘဲ ဝါရင့်မွေးမြူရေးပညာရှင် လျိုယွဲ့၏ မွေးမြူရေးခြံသို့ တန်းသွားလိုက်သည်။
“ကွာ့...ကွာ့...ကွာ့... မြင့်မြတ်ပြီး ရုပ်ရည်ချောမောတဲ့ သခင်လေး ကျန်းဟန် ရောက်လာတာပဲ။ ရှောင်ဝူက နှုတ်ဆက်ပါတယ်။ ကျုပ် အခုချက်ချင်း သခင်မကို သွားပြောပေးမယ်။ သူက နောက်ဖေးက သုတေသန ဥယျာဉ်ထဲမှာ ရှိပါတယ်။”
အဝင်ဝတွင် နားနေသော အရောင်စုံ ကြက်တူရွေးမှာ ယခင်ကဲ့သို့ အငြိုးမထားတော့ဘဲ နှုတ်ချိုလာ၏။
“ဟေ့.. ဒီနေ့ နေက အနောက်ဘက်က ထွက်လာတာလား။”
ကျန်းဟန် အံ့ဩသွား၏။ သူ ဒီကို လာတိုင်း ဤကောင်က သူ့ကို လှောင်ပြောင်နေကျ ဖြစ်သည်။ ယနေ့မှ ရုတ်တရက် အချွဲပိုလာသဖြင့် လျှို့ဝှက်ချက်တစ်ခုခုများ ရှိနေသလားဟု သူ တွေးလိုက်မိသည်။
“မဟုတ်ပါဘူး...ကွာ့...အဲဒါက အရင်က နားလည်မှုလွဲတာပါ။ ရှောင်ဝူက မျက်စိကန်းပြီး သခင်လေး ကျန်းဟန်ရဲ့ ဂုဏ်ဒြပ်ကို မသိခဲ့လို့ပါ။ ရှောင်ဝူ တောင်းပန်ပါတယ်။”
အရောင်စုံ ကြက်တူရွေးသည် တောင်ပံတစ်ဖက်ကို ရင်ဘတ်ပေါ်တင်ကာ ကျန်းဟန်ကို လူကြီးလူကောင်းတစ်ယောက်ကဲ့သို့ ဦးညွှတ်ကာ တောင်းပန်လိုက်၏။ ဤအပြုအမူကြောင့် ကျန်းဟန်မှာ ဤကောင် ဖြစ်ပျက်နေသည်များကို နားမလည်နိုင် ဖြစ်သွားခဲ့တော့သည်။ သို့သော် သူသည် ကြက်တူရွေးတစ်ကောင်နှင့် အငြင်းပွားနေမည့်သူ မဟုတ်သဖြင့် ချက်ချင်း လက်ခါပြလိုက်လေသည်။
“ဒါဆို ငါ့ကို ခေါ်သွားပေးတော့။”
“ဒီဘက်ပါ သခင်လေး...ကွာ့...”
အရောင်စုံ ကြက်တူရွေးက ယဉ်ကျေးစွာ ပြောဆိုပြီး ရှေ့မှ ဦးဆောင်သွားလေသည်။
မကြာမီ လူနှင့် ငှက်တို့သည် သုတေသန ဥယျာဉ်၏ အတွင်းပိုင်းရှိ အကာအကွယ် တစ်ခုရှေ့သို့ ရောက်ရှိလာကြ၏။ ထိုနေရာတွင် ဝါရင့်မွေးမြူရေးပညာရှင် လျိုယွဲ့နှင့် လျန်ပင်းတို့ ရှိနေကြသည်။
လျန်ပင်းသည် သူမ၏ လှပသော ခန္ဓာကိုယ်အလှကို ထင်ရှားစေသည့် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားလေသည်။ သူမသည် အေးစက်သော အမူအရာဖြင့် ဓားရှည်တစ်လက်ကို ကိုင်ဆောင်ကာ ရှေ့ရှိ ကောက်ရိုးရုပ်ကို ဆက်တိုက် ခုတ်ပိုင်းနေခဲ့သည်။
လျိုယွဲ့မှာမူ အနီးအနားရှိ သစ်ပင်ပေါ်တွင် ကာကီရောင် ဖိနပ်နှင့် အဝါရောင် ငှက်မွှေးပါ ကုတ်အင်္ကျီကို ဝတ်ဆင်ကာ မှီနေ၏။ သူမ၏ ဆံပင်ရှည်များက လေထဲတွင် လွင့်မြောနေပြီး တင်းကျပ်သော အနက်ရောင် ဘောင်းဘီအောက်ရှိ သူမ၏ ခြေတံသွယ်သွယ်လေးများမှာ အလွန်ပင် ဆွဲဆောင်မှု ရှိလှသည်။ သူမသည် စာအုပ်တစ်အုပ်ကို ကိုင်ဆောင်ကာ လျန်ပင်းအား ဓားပညာကို သင်ကြားပေးနေလေသည်။ ဤမြင်ကွင်းမှာ အလွန်ပင် လှပနေသဖြင့် ကျန်းဟန် နှောင့်ယှက်ရမည်ကိုပင် အားနာသွားမိသည်။
သူတို့ဘေးတွင် အညိုဝါရောင် မိစ္ဆာ စွမ်းအင်များ ထွက်ပေါ်နေသည့် တွင်းကြီးတစ်ခု ရှိနေ၏။ ခေါင်းတွင် ဦးချိုတစ်ချောင်းပါသော မြွေဖြူတစ်ကောင်သည် ထူးဆန်းသော စွမ်းအင်များ ပေကျံနေလျက် တုန်လှုပ်နေလေသည်။
“ကျန်းဟန်...”
ကျန်းဟန်က မနှောင့်ယှက်လိုသော်လည်း လျန်ပင်းက သူ့ကို ချက်ချင်း မြင်သွားခဲ့၏။ ကျန်းဟန် သူ့ကတိအတိုင်း ရောက်လာသည်ကို မြင်လိုက်ရသောအခါ သူမ၏ စိုးရိမ်နေသော နှလုံးသားမှာ ချက်ချင်းပင် တည်ငြိမ်သွားတော့သည်။
“ဘယ်လိုလဲ။ ဒီတစ်ခေါက် သားရဲထိန်းချုပ်ခြင်း ဥယျာဉ်မှာ ဘာတွေ ရခဲ့လဲ။”
လျိုယွဲ့က သူမ၏ခန္ဓာကိုယ်ကို ဆန့်တန်းလိုက်ရင်း ပြုံးကာ မေးလိုက်သည်။ ကျန်းဟန်ရှေ့တွင် သူမ၏ ဆွဲဆောင်မှုရှိသော ပုံစံကို ပြသနေရသည်ကို သူမ ဂရုမစိုက်ပေ။
“အဲဒါကို နောက်မှ ပြောပြမယ် အစ်မလျိုယွဲ့။ ဒီမှာ ဘာတွေဖြစ်နေတာလဲ အရင် ပြောပြပေးပါဦး။”
ကျန်းဟန်က ရှေ့ရှိမြင်ကွင်းကို လက်ညှိုးထိုးပြကာ မေးလိုက်သည်။
“ဒါလား...ငါ လျန်ပင်းကို ဓားပညာ သင်ပေးနေတာလေ။ သူမက ဒီပညာကို အရမ်းစိတ်ဝင်စားနေတော့ ငါလည်း သင်ပေးလိုက်တာပေါ့။ အရင်က ရှောင်ယိနဲ့အတူ ခဏလောက် သင်ဖူးတော့ ငါလည်း ဓားပညာရှင်တစ်ယောက်ရဲ့ တစ်ဝက်လောက်တော့ ရှိပါတယ်နော်။ ပြောရမယ်ဆိုရင် လျန်ပင်းက ဓားပညာရော၊ ကျင့်ကြံခြင်းမှာပါ တကယ့် ပါရမီရှင်ပဲ။ ရက်အနည်းငယ်ပဲ ရှိသေးတယ်။ သူက အလုပ်သင်အဆင့် သားရဲထိန်းချုပ်သူကနေ အခြေခံအဆင့် သားရဲထိန်းချုပ်သူအဖြစ်ကို အောင်အောင်မြင်မြင် တက်လှမ်းနိုင်ခဲ့ပြီ။ ဒီလိုပါရမီရှင်တစ်ယောက်က မင်းကို သစ္စာရှိရှိနဲ့ ကိုယ်ရံတော်ပဲ အလုပ်လုပ်ချင်နေတယ်။ ကောင်လေး...မင်း တကယ် ကံကောင်းတာပဲ။”
လျိုယွဲ့က ပခုံးတွန့်ကာ အနည်းငယ် မနာလိုသည့်ဟန်ဖြင့် ပြောလိုက်သည်။
ကျန်းဟန် မရောက်ခင်က အခြေခံအဆင့်သို့ ရောက်ရှိရန် လျန်ပင်းမှာ အိပ်စက်ခြင်းမရှိဘဲ စိတ်စွမ်းအားကို လေ့ကျင့်ခဲ့ရသည်။ သူမသည် သားရဲကို လေ့ကျင့်ပေးသည်မှလွဲလျှင် စိတ်စွမ်းအား သို့မဟုတ် ဓားပညာကိုသာ တစ်ချိန်လုံး လေ့ကျင့်နေခဲ့ပြီး အနားမယူခဲ့ပေ။
“ဘာ...။ လျန်ပင်းက အခြေခံအဆင့် သားရဲထိန်းချုပ်သူ အဆင့်ကို ရောက်သွားပြီလား။ ဒီလောက်မြန်တာလား။”
ထိုစကားကို ကြားသောအခါ ကျန်းဟန်သည်လည်း မယုံနိုင် ဖြစ်သွားခဲ့၏။ သူသည် မျက်နှာအမူအယာ တည်ငြိမ်နေသော လျန်ပင်းကို ကြည့်ကာ အတည်ပြုပေးစေချင်သည်။
“ကျွန်မ အကြာကြီး စုဆောင်းထားခဲ့လို့ပါ။ စီနီယာ လျိုယွဲ့ ပြောသလောက်လည်း မဟုတ်ပါဘူး...။”
လျန်ပင်းက အနည်းငယ် အလျင်စလိုနှင့် တိုးတိုးလေး ပြန်ဖြေလိုက်သည်။
“မင်း တကယ် ထူးချွန်တာပဲ။”
ကျန်းဟန်က ပြုံးကာ ပြောလိုက်သည်။ ဤအချက်သည် သူ၏ မျှော်လင့်ချက်ထက် ပိုမိုကောင်းမွန်နေပြီး လျန်ပင်း၏ အရည်အချင်းမှာ သူထင်ထားသည်ထက်ပင် ပိုမိုကောင်းမွန်နေနိုင်သည်။ သူမ၏ အခြေအနေကို သူသိထား၏။ သူမသည် အရင်က စိတ်စွမ်းအားကို စနစ်တကျ မလေ့ကျင့်ဖူးသလို တရားထိုင်နည်းကိုပင် သေသေချာချာ မသိခဲ့ပေ။
“ဒီတွင်းနဲ့ ပတ်သက်ရင်တော့...ဒါက ဒီအနီးတစ်ဝိုက် ကီလိုမီတာ အနည်းငယ်အတွင်းက မြေကြီးမိစ္ဆာစွမ်းအင်တွေကို စုစည်းဖို့ နည်းလမ်းတစ်ခုသုံးပြီး ငါဖန်တီးထားတဲ့ တွင်းပဲ။ ဒီလေ့ကျင့်မှုတွေ ပြီးတဲ့နောက် ရွှေရောင်မိစ္ဆာစပါးအုံးမြွေရဲ့ အရောင်က အညိုရောင် ပြောင်းသွားပြီး သူရဲ့ အဆင့်ကလည်း လက်ရွေးစင်အဆင့် အစောပိုင်းကို ရောက်သွားပြီ။”
လျိုယွဲ့က ပြောလိုက်သည်။
ထိုအချိန်တွင် ရွှေရောင်မစ္ဆာစပါးအုံးမြွေသည် တွင်းထဲမှ ထွက်လာ၏။ ၎င်း၏ ကိုယ်ခန္ဓာမှာ ယခင်ကထက် ပိုမိုကြီးထွားလာပြီး ၆ မီတာ၊ ၇ မီတာအထိ ရှည်လျားလာခဲ့သည်။ မြေကြီး မိစ္ဆာစွမ်းအင်ကို အလွန်အကျွံ စုပ်ယူထားသဖြင့် ၎င်း၏ အဖြူရောင် အကြေးခွံအချို့မှာ အဝါရောင်သန်းနေသော အညိုရောင် ဖြစ်သွားခဲ့လေသည်။
“လက်ရွေးစင်အဆင့်ကို တက်လှမ်းပြီးနောက် ရွှေရောင်မိစ္ဆာဓားလို့ ခေါ်တဲ့ စွမ်းရည်အသစ်ကိုလည်း သင်ယူနိုင်ခဲ့တယ်။ သူက မိစ္ဆာစွမ်းအင်နဲ့ ဝိညာဉ်စွမ်းအားကို စုစည်းပြီး မြွေပုံသဏ္ဍာန် ဓားစွမ်းအားကို ဖန်တီးနိုင်ပြီး လှီးဖြတ်နိုင်စွမ်းလည်း အရမ်းကောင်းတယ်။”
လျန်ပင်းက ရှင်းပြလိုက်သည်။
“အရမ်းကောင်းတယ်။ အခု မင်း ဒီမှာ ဆက်နေမလား။ ဒါမှမဟုတ် ငါနဲ့အတူ သွေးနက်တွင်းကို လိုက်မလား။ ဒီမှာပဲ အစ်မလျိုယွဲ့ရဲ့ အကူအညီနဲ့ ဆက်နေရင် မင်းရဲ့ တိုးတက်မှုက အရမ်းမြန်လိမ့်မယ်။”
ကျန်းဟန်က မေးလိုက်သည်။
“ကျွန်မ ရှင်နဲ့ပဲ လိုက်ခဲ့ပါမယ်။ အန္တရာယ်ရှိရင်လည်း ကျော်ဖြတ်နိုင်အောင် အစွမ်းကုန် ကြိုးစားမယ်။”
ကျန်းဟန် စကားမဆုံးခင်မှာပင် လျန်ပင်းက အလျင်စလို ပြန်ပြောလိုက်၏။ သူမ၏ မျက်ဝန်းများတွင် စိတ်အားထက်သန်မှုနှင့် စိုးရိမ်မှုများ ရောယှက်နေသည်။ သူမ၏ စိတ်ဆန္ဒမှာ ကျန်းဟန်နှင့် လိုက်ပါရန် အလွန်ပင် ခိုင်မာလှပေသည်။
“ကောင်းပြီ။ ဒါဆိုလည်း ငါနဲ့ လိုက်ခဲ့ပါ။”
ကျန်းဟန် ခေါင်းညိတ်လိုက်သည်။ လျန်ပင်းသည် သူ့လိုပင် မိသားစု၊ သူငယ်ချင်း မရှိတော့သူ ဖြစ်ပြီး သူ့ကို အလွန်ပင် ယုံကြည်သည်။ သူမကို မိမိ၏ လူယုံအဖြစ် ပျိုးထောင်ခြင်းမှာလည်း မဆိုးလှပေ။ လီဇီဝေကဲ့သို့ မဟုတ်ဘဲ လျန်ပင်းတွင် ဘာမျှမရှိတော့သဖြင့် သူ့ကိုသာ မှီခိုနေရသူ ဖြစ်သည်။ သူမသည် ပိုမို ယုံကြည်ပြီး ပျိုးထောင်ရမည့်သူ ဖြစ်သည်။
အချစ်ရေးနှင့် ပတ်သက်လျှင်မူ ကျန်းဟန် လုံးဝ မစဉ်းစားပေ။ သူသည် မည်သူ့ကိုမျှ အချစ်မရှိဘဲ ထာဝရရှင်သန်ခြင်းလမ်းကိုသာ တက်လှမ်းလိုသည်။ ဤလောကကြီးတွင်မူ အလွန်လှပသော အချစ်ဇာတ်လမ်းများထဲသို့ သူ မဝင်ရောက်လိုပေ။ ပညာရှိသူတို့သည် အချစ်မြစ်ထဲသို့ မဆင်းသက်ကြပေ။ အမျိုးသမီးများနှင့် တွဲခြင်းက သူ့၏ အစွမ်းထက်ရေး လမ်းကြောင်းကိုသာ နှေးကွေးစေမည် ဖြစ်သည်။ သူ မချစ်ချင်၍တော့ မဟုတ်ချေ။ သူ၏ လက်ရှိ အခြေအနေတွင် ထိုအရာများမှာ မသင့်လျော်သေးခြင်းကြောင့်သာ ဖြစ်သည်။
“ကောင်းပြီ။ အပြင်ထွက်ပြီး စကားပြောကြရအောင်။”
လျိုယွဲ့က သူမ၏လက်ကို ဝှေ့ယမ်းကာ တံခါး ဖွင့်ပေးလိုက်၏။ ကျန်းဟန်က ခေါင်းညိတ်ပြလိုက်ပြီး အပြင်သို့ ထွက်လာစဉ် အရောင်စုံ ကြက်တူရွေးကို လက်ညှိုးထိုးပြကာ မေးလိုက်သည်။
“အစ်မလျိုယွဲ့...ဒီကောင်က ဘာလို့ ဒီလောက်တောင် ပြောင်းလဲသွားတာလဲ။”