အခန်း ၂၃၉
Vol. 24 Ch. 239 - final
အခန်း ၂၃၉
“ဒါ ဘာဖြစ်တာလဲ...ကြည့်ကြစမ်း။”
အပြင်ဘက်မှ တစ်စုံတစ်ယောက်က အော်ဟစ်လိုက်၏။ လူတို့သည် မော့ကြည့်လိုက်ရာ ကောင်းကင်တွင် အရိပ်ကြီးတစ်ခု ထွက်ပေါ်လာပြီး ၎င်းမှနေ၍ မရေမတွက်နိုင်သော ဝဲဂယက်များ ထွက်ပေါ်လာသည်ကို မြင်လိုက်ရလေသည်။ ထိုစဉ် နက်ရှိုင်းပြီး ကျယ်လောင်သော အသံကြီးတစ်ခုက ဟိန်းဟောက်လိုက်၏။
“အားနည်းတဲ့ ပိုးကောင်လေးတွေ...ငါတို့ ဆင်းသက်လာပြီကွ...။”
ကျန်းဟန်သည် လျန်ပင်းနှင့်အတူ ထွက်ခွာရန် ပြင်ဆင်နေချိန်တွင် လှုပ်ရှား၍ မရတော့သည်ကို တွေ့ရှိလိုက်ရ၏။ ဤအချိန်ခဏအတွင်းမှာပင် ကြယ်ပြာတစ်ခုလုံးသည် မကြုံစဖူးသော အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။
“ဒါက ဘာတွေလဲ...”
လျန်ပင်းသည် ဤကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခါမျှ မမြင်ဖူးသဖြင့် တုန်လှုပ်လွန်း၍ စကားပင် မဆိုနိုင်တော့ပေ။ ထိုအချိန်တွင် ကောင်းကင်မှ မြင်ကွင်းမှာ ပြောင်းလဲသွားခဲ့သည်။ ဝဲဂယက်များထဲမှ ဧရာမဥက္ကာခဲများ မရေမတွက်နိုင်အောင် ပြုတ်ကျလာပြီး ကောင်းကင်အောက်ရှိ အရာအားလုံးမှာ ပျက်စီးခြင်းနှင့် ရင်ဆိုင်နေရပုံပေါ်သည်။
“မကောင်းတော့ဘူး။ ပြေးကြ...ဥက္ကာခဲက ငါတို့ဆီ ဦးတည်ပြီး လာနေပြီ။”
လျိုယွဲ့က ကောင်းကင်ကို မော့ကြည့်ကာ အရေးတကြီး ပြောလိုက်၏။ နောက်တစ်ခဏတွင် သူမသည် သူမ၏ ပျံသန်းနိုင်သော သားရဲကို ထုတ်လွှတ်ပြီး ကျန်းဟန်တို့အား ထိုနေရာမှ ခေါ်ဆောင်သွားတော့သည်။
သူတို့ ရှန်းဟွာမြို့အထက်သို့ ရောက်သည်နှင့် ဥက္ကာခဲသည် ဘုန်းခနဲ အသံမြည်လျက် မြေပြင်ပေါ်သို့ ပြုတ်ကျလာ၏။ ကမ္ဘာမြေပေါ်တွင် သူတို့ မြင်ဖူးနေကျ ဥက္ကာခဲ ထိမှန်သည့် မြင်ကွင်းမျိုးနှင့် မတူဘဲ အလင်းရောင်နှင့် အပူချိန်များ ထွက်ပေါ်မလာပေ။ အချင်း ကီလိုမီတာ တစ်ရာကျော် ရှိပုံရသော ထိုဧရာမ ဥက္ကာခဲကြီးသည် မြေပြင်ကို ထိမိသည်နှင့် အဆုံးမရှိသော ထူးခြားသည့် စွမ်းအင်များအဖြစ် ပြောင်းလဲသွားပြီး အရပ်မျက်နှာအားလုံးသို့ ပျံ့နှံ့သွားတော့သည်။
ဤအလွန်ထူထပ်သိပ်သည်းသော စွမ်းအင်မုန်တိုင်းအတွင်းတွင် မြေပြင်ပေါ်ရှိ အပင်များသည် တစ်ခဏချင်းပင် မီတာ ၅၀၀၊ ၆၀၀ အထိ မြင့်တက်လာပြီး အချို့သော သေးငယ်သည့် ပိုးမွှားများသည်လည်း အလွန်ပြင်းထန်စွာ ပြောင်းလဲသွားကာ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးများ ဖြစ်လာခဲ့ကြသည်။
“ဘာတွေဖြစ်နေတာလဲ။”
ကျန်းဟန်သည် ထိုစွမ်းအင်ကို ခံစားကြည့်ရန် လက်ကိုမြှောက်လိုက်ရာ သူ၏ ရုပ်ခန္ဓာပင် တစ်စုံတစ်ရာ ပြောင်းလဲသွားသလို ခံစားလိုက်ရ၏။ သူ၏ မျက်စိရှေ့ရှိ မြင်ကွင်းမှာ လွန်ခဲ့သော နှစ်ပေါင်း တစ်ရာကျော်က မှတ်တမ်းတင်ထားသော သန္ဓေပြောင်းခြင်းနှင့် ထပ်တူကျနေသည်။
“နတ်ဘုရားမျိုးနွယ် ဆင်းသက်လာတာပဲ။ ဒီလောက်ကြာအောင် ပုန်းကွယ်နေပြီးနောက်မှာ ကြယ်ပြာရဲ့ ပတ်ဝန်းကျင်ဟာ နောက်ဆုံးတော့ ပိုမိုမြင့်မားတဲ့ စွမ်းအင်တွေကို ခံနိုင်ရည်ရှိလာပြီ။”
လျိုယွဲ့က တိုးတိုးလေး ရေရွတ်သည်။ သူမသည် သူမ၏ သားရဲပုံစံသို့ ပြောင်းလဲသွားပြီး ဤစွမ်းအင်၏ နှစ်ခြင်းခံရမှုကြောင့် သူမ၏ နောက်ကျောရှိ ပွင့်လင်းမြင်သာသော တောင်ပံများမှာ အလွန်ပင် ကြီးမားလာခဲ့သည်။
“နတ်ဘုရားမျိုးနွယ်လား...”
ကျန်းဟန်က နားမလည်နိုင်စွာ စပ်စုပြီး မေးလိုက်သည်။
“ဟုတ်တယ်။ အဲဒါက ထူးခြားတဲ့ စွမ်းအားတွေရှိတဲ့ မျိုးနွယ်စုအတွက် ယေဘုယျ သုံးနှုန်းတဲ့ စကားလုံးပဲ။ သားရဲတွေက တစ်မျိုးပဲရှိသေးတယ်။ သူတို့က တခြားကမ္ဘာတစ်ခုက လာတာပဲ။ ငါတို့ရဲ့ ဂြိုဟ်အဖွဲ့အစည်းက သူတို့ကို လမ်းပြခေါ်ဆောင်လာခဲ့တာ။ ကြယ်ပြာဆိုတာ မွေးကင်းစ ထူးခြားတဲ့ကမ္ဘာတစ်ခုပဲ။ သူတို့ရဲ့ အကူအညီနဲ့ ဒီနေရာက ပိုမိုကောင်းမွန်လာမှာ သေချာတယ်။ လူ့အဖွဲ့အစည်းထဲက အမှိုက်သရိုက်တွေ၊ စိတ်ပျက်စရာကောင်းပြီး အောက်တန်းကျတဲ့ စရိုက်တွေအားလုံးကိုလည်း လှည်းထုတ်ပစ်လိမ့်မယ်။ သားရဲထိန်းချုပ်ခြင်း မဟာမိတ်အဖွဲ့က အဆင့်မြင့်အရာရှိတွေက လူသားမျိုးနွယ်ကို ဦးဆောင်ဖို့ မထိုက်တန်ဘူး။ သူတို့အားလုံးက သူတို့ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ဆန္ဒတွေအတွက် လူမဆန်တဲ့ စမ်းသပ်မှုတွေ လုပ်နေကြတယ်။ အခုတော့ ပြီးသွားပြီ။ နတ်ဘုရားမျိုးနွယ် ဆင်းသက်လာပြီ။ သူတို့အားလုံး သန့်စင်ခြင်း ခံရလိမ့်မယ်။”
လျိုယွဲ့သည် ပြောလေ စိတ်လှုပ်ရှားလေ ဖြစ်လာခဲ့လေသည်။ သူမ၏ မျက်နှာအမူအရာမှတစ်ဆင့် သားရဲထိန်းချုပ်ခြင်း မဟာမိတ်အဖွဲ့အပေါ်သာမက လူသားမျိုးနွယ် တစ်ရပ်လုံးအပေါ် သူမ၏ မုန်းတီးမှုကို မြင်နိုင်၏။
“ကျန်းဟန်...ငါနဲ့ လိုက်ခဲ့ပါ။ ငါတို့ နှစ်ယောက် ပူးပေါင်းပြီး နတ်ဘုရားမျိုးနွယ်ဘက်ကို ကူးပြောင်းပြီး ဒီယုတ်မာတဲ့လူ့အဖွဲ့အစည်းကြီးကို ဖျက်ဆီးပစ်ရအောင်။ စိတ်မပူပါနဲ့...ငါရှိနေသ၍ နတ်ဘုရားမျိုးနွယ်က မင်းကို ဘာမှ လုပ်မှာမဟုတ်ဘူး။”
လျိုယွဲ့က ကျန်းဟန်ကို ကြည့်ကာ ပြောလိုက်သည်။
“ဒါ တကယ်ပဲ နတ်ဘုရားမျိုးနွယ်လို့ သေချာပြောနိုင်လို့လား။”
ကျန်းဟန်က ကောင်းကင်မှ ဆင်းသက်လာသော နတ်ဆိုးများကို ကြည့်ကာ ပြောလိုက်သည်။ ၎င်းတို့မှာ အသားအရေ မပါရှိဘဲ အနက်ရောင် ကြွက်သားစိုင်များကဲ့သို့ ထူးဆန်းသော ပုံသဏ္ဍာန်ရှိသည့် သတ္တဝါများ ဖြစ်ပေသည်။ ၎င်းတို့သည် တွားသွားရင်း အရေပြားမပါသော ဘီလူးကြီးများ၊ အကျိအချွဲများ စီးကျနေသော နတ်ဆိုးနဂါးများနှင့် အနက်ရောင် သံမဏိကဲ့သို့ ဧရာမပိုးကောင်များအဖြစ် ပြောင်းလဲသွားကြသည်။
“ဟုတ်တယ်။ ဒါက နတ်ဘုရားမျိုးနွယ်ပဲ။ ကြီးမြတ်တဲ့ မျိုးနွယ်...မသေမျိုး မျိုးနွယ်ပဲ။ ငါတို့ သူတို့နဲ့ ပေါင်းစပ်လိုက်တာနဲ့ မသေမျိုးဖြစ်လာနိုင်တယ်။”
လျိုယွဲ့မှာ ရူးသွပ်နေပုံရသည်။ သူမ၏ မျက်ဝန်းတစ်ဝိုက်တွင် အနက်ရောင် သွေးကြောပုံစံများ ဖြစ်ပေါ်လာပြီး တစ်စုံတစ်ခုက သူမကို ကပ်ပါးအဖြစ် တွယ်ကပ်ထားသကဲ့သို့ သူမ၏ အမူအရာမှာ ပုံပျက်ပန်းပျက် ဖြစ်နေခဲ့လေသည်။
“မကောင်းတော့ဘူး။”
ကျန်းဟန်၏ အမူအရာ ပြောင်းလဲသွား၏။ သူသည် လျန်ပင်းကို ဆွဲကာ ပျံသန်းနေသော သားရဲပေါ်မှ ခုန်ချလိုက်သည်။ နောက်တစ်စက္ကန့်တွင် လျိုယွဲ့သည် ဘမ်းခနဲ ပေါက်ကွဲသွား၏။ သွေးမြူများ ပျောက်ကွယ်သွားပြီးနောက် သူမသည် အရေပြားမပါသည့် အနက်ရောင် နတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ နောက်ကျောတွင် အသားစိုင်တောင်ပံများဖြင့် ကျန်းဟန်နှင့် လျန်ပင်းထံသို့ တိုးဝင်လာခဲ့သည်။
“အစ်မလျိုယွဲ့...။”
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျန်းဟန်၏ အမူအရာမှာ အလွန်အမင်း ပြောင်းလဲသွားပြီး ရင်ထဲတွင်လည်း နာကျင်သွားခဲ့ရသည်။ လျိုယွဲ့သည် မည်သို့ကြောင့် ဤမျှ ကြောက်စရာကောင်းသော နတ်ဆိုးတစ်ကောင် ဖြစ်သွားရသနည်း။
သို့သော် သူ ဝမ်းနည်းနေရန် အချိန်မရှိပေ။ လျိုယွဲ့မှ ဖြစ်တည်လာသော နတ်ဆိုးသည် ကျန်းဟန်ဆီသို့ ပျံသန်းလာနေပြီဖြစ်သည်။ ဤနတ်ဆိုး၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် ဟုတ်ဟုတ် တစ်ကောင်တည်းဖြင့် တားဆီးနိုင်မည့် အရာမဟုတ်သည်မှာ အသေအချာပင်။ ကျန်းဟန်သည် ချက်ချင်းပင် ပိုင်လင်းကို ထုတ်လွှတ်လိုက်ရတော့လေသည်။
“ဝေါင်းးးး”
ပိုင်လင်း ထွက်ပေါ်လာပြီးနောက် ၎င်းသည် ချက်ချင်းပင် နဂါးကျိန်စာ လျှပ်စီးသံကြိုးကို အသုံးပြုလိုက်၏။ ခရမ်းရောင် လျှပ်စီးသံကြိုးသည် လျိုယွဲ့မှ ဖြစ်တည်လာသော နတ်ဆိုးကို တိုက်ရိုက် ရစ်ပတ်ချုပ်နှောင်လိုက်တော့သည်။ ကျန်းဟန်သည် လျိုယွဲ့ကို ဤအတိုင်း သတ်ပစ်ချင်ခြင်း မရှိချေ။ သူမကို ကယ်တင်နိုင်မည့် နည်းလမ်း ရှိမရှိ ကြည့်လိုသေးသည်။ သို့သော် လျှပ်စီးသံကြိုးက သူမကို ရစ်ပတ်လိုက်သည်နှင့် လျိုယွဲ့မှ ဖြစ်တည်လာသော နတ်ဆိုးသည် နှလုံးကြေကွဲဖွယ် ဟိန်းဟောက်သံကြီးကို ထုတ်လွှတ်ပြီးနောက် လေထဲတွင် အနက်ရောင် မြူမှုန်များအဖြစ် ပျံ့လွင့် ပျောက်ကွယ်သွားတော့သည်။
“သခင်...ကျွန်တော့်ရဲ့ စွမ်းအားက ဒီလို နတ်ဆိုးမျိုးတွေကို တိုက်ထုတ်တဲ့နေရာမှာ အရမ်းထိရောက်ပုံပဲ။”
ပိုင်လင်းက နောက်လှည့်ကြည့်ကာ ရှင်းပြလိုက်သည်။
“ထားလိုက်တော့၊ ထားလိုက်တော့...။”
ကျန်းဟန်သည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး လက်ကို ဝှေ့ယမ်းကာ ကောင်းကင်ရှိ ကြောက်မက်ဖွယ် မြင်ကွင်းကို ကြည့်လိုက်သည်။ ပိုင်လင်းကြောင့် ဖြစ်နိုင်သည်။ အနက်ရောင် နတ်ဆိုးများစွာသည် ဤနေရာသို့ ပျံသန်းလာနေကြ၏။ ဤအချိန်တွင် သူ၏ အံ့ဖွယ်ပါရမီလည်း ပြောင်းလဲသွားပြီး အကန့်အသစ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
[ကြယ်ပြာသည် နတ်ဆိုးများ၏ ကျူးကျော်မှုကို အချိန်မတိုင်မီ ရင်ဆိုင်နေရသည်။ သင်သည် လွန်ခဲ့သော နှစ်ပေါင်းတစ်ရာအတွင်း ထူးခြားဆန်းကြယ်သော ပါရမီကို နိုးထစေနိုင်ခဲ့သည့် တစ်ဦးတည်းသော လူသားဖြစ်ပြီး လူသားမျိုးနွယ်၏ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သည်။ ကျေးဇူးပြု၍ သုံးနာရီအတွင်း ရှန်းဟိုင်းခွန်းကို ရှာဖွေပြီး ၎င်းကို စီးနင်းကာ ကြယ်ပြာဂြိုဟ်မှ ထွက်ခွာပါ။ သုံးနာရီကြာပြီးနောက် မိုးကြိုးတောင်ရှိ ဧရာမကမ္ဘာသည် ကြယ်ပြာဂြိုဟ်မှ ခွဲထွက်သွားမည်ဖြစ်ပြီး ဂြိုဟ်လမ်းကြောင်း တစ်ခုကိုသာ ဖွင့်ပေးမည် ဖြစ်သည်။ ဤသည်မှာ သင် ထွက်ခွာနိုင်မည့် တစ်ခုတည်းသော အခွင့်အရေးဖြစ်သည်။ အကယ်၍ ဤအခွင့်အရေးကို လွဲချော်သွားပါက သင်သည် ကြယ်ပြာဂြိုဟ်ပေါ်ရှိ အခြား သက်ရှိများနည်းတူ နတ်ဆိုးများအတွက် အာဟာရအဖြစ်သို့ လုံးဝ ပြောင်းလဲသွားလိမ့်မည်။]
ကျန်းဟန်သည် သူ၏ရှေ့တွင် တောက်ပနေသော စာသားငယ်များကို ကြည့်ရင်း အတွေးထဲတွင် နစ်မြုပ်သွား၏။
“သခင်လေး ကျန်းဟန် အခု ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ။”
လျန်ပင်းမှာ စိတ်ရှုပ်ထွေးနေ၏။
“အရင်ဆုံး မြို့ထဲကိုသွားပြီး လူတစ်ယောက်ကို အရင်သွားခေါ်မယ်။ ပြီးရင် ရှန်းဟိုင်ခွန်းကို ရှာဖို့ ထွက်ခွာမယ်။”
ကျန်းဟန်က ထိုသို့ပြောလိုက်ပြီး လျန်ပင်းကို ဆွဲကာ ပိုင်လင်းပေါ်သို့ တက်လိုက်သည်။
ဤအချိန်တွင် ဆက်သွယ်ရေး စနစ်များမှာ ပျက်စီးသွားပြီ ဖြစ်သော်လည်း ကံကောင်းထောက်မစွာဖြင့် လီဇီဝေသည် ကျောင်းတွင် ရှိနေသဖြင့် ရှာရမခက်ခဲ့ပေ။
“အို ဘုရားသခင် ကြည့်လိုက်စမ်း... ကောင်းကင်မှာ ဘာလို့ နဂါးတစ်ကောင် ရှိနေတာလဲ။”
ကျန်းဟန် နဂါးကို စီး၍ ကျောင်းသို့ ရောက်လာသောအခါ လူတိုင်း အံ့ဩသွားကြသည်။
“ကျန်းဟန်...မင်းလား။ ဒီနဂါးက မင်းရဲ့ သားရဲလား။”
ကျောင်းအုပ်ကြီး ကျောက်ဟောက်ခွန်းသည်လည်း ကျန်းဟန်ကို ကြည့်ကာ အံ့ဩတုန်လှုပ်သွား၏။
“ဟိုနေ့က ကျောင်းနောက်ဘက်မှာ ပေါ်လာတဲ့ နဂါးစွမ်းအင်က မင်းဆီကပဲ ဖြစ်ရမယ်။”
ကျောင်းသားရေးရာ အကြီးအကဲလည်း အံ့ဩသွားခဲ့သည်။ အခြားကျောင်းသားများမှာမူ ပို၍ပင် တုန်လှုပ်နေကြသည်။
“ဟုတ်ပါတယ်။ ဒါ ကျွန်တော့်ရဲ့ နဂါးပဲ။”
ကျန်းဟန်က ပြောလိုက်ပြီး မီတာငါးဆယ်ရှည်သော ပိုင်လင်းသည် မြေပေါ်သို့ ဆင်းသက်လာခဲ့သည်။
“လီဇီဝေ...အပေါ်တက်ခဲ့။”
ကျန်းဟန်က လူအုပ်ထဲရှိ လီဇီဝေကို ကြည့်ကာ ပြောလိုက်သည်။
“အာ...အင်းအင်း...”
လီဇီဝေမှာ အံ့ဩလွန်း၍ စကားပင် မပြောနိုင်တော့ဘဲ ခေါင်းငြိမ့်ပြီးနောက် အပေါ်သို့ ခုန်တက်လိုက်သည်။
“အားလုံးပဲ။ ခဏလောက်တော့ နှုတ်ဆက်ခဲ့ပါတယ်။”
ကျန်းဟန်သည် မြေပြင်ပေါ်ရှိ ကျောင်းသားများကို ကြည့်ကာ ကျယ်လောင်စွာ ပြောဆိုလိုက်သည်။ ကမ္ဘာပျက်မည့် ကပ်ဘေးကြီးနှင့် ရင်ဆိုင်နေရချိန်တွင် ဤကျောင်းသားများကို စောင့်ရှောက်ပေးနိုင်မည့် အင်အား သူတွင် မရှိတော့ပေ။
“ကျန်းဟန်...မင်း ကယ်ဆယ်ရေးလာမှာကို မစောင့်တော့ဘူးလား။”
ကျောင်းအုပ်ကြီး ကျောက်ဟောက်ခွန်းက အလျင်အမြန် မေးလိုက်၏။
“စောင့်စရာ မလိုတော့ဘူး။ ဒါက ကမ္ဘာပျက်မယ့် ကပ်ဘေးပဲ။ နောက်သုံးနာရီကြာရင် ဒီကြယ်ပြာဂြိုဟ် ပျက်စီးသွားလိမ့်မယ်။”
ကျန်းဟန်က ခေါင်းခါရင်း ပြောလိုက်ပြီးနောက် ချက်ချင်း ထွက်ခွာသွားခဲ့သည်။
ရှန်းဟွာမြို့မှ ထွက်လာသည်နှင့် ကျန်းဟန်၏ စိတ်ထဲတွင် တစ်စုံတစ်ခုကို အာရုံခံမိလိုက်၏။
“ကောင်းလိုက်တာ...မင်း မထွက်သွားဘဲ နေနေခဲ့တာပဲ။”
ကျန်းဟန်သည် ရှေ့ရှိ မြူခိုးများကို ကြည့်ကာ နားလည်သွားပြီး ထိုနေရာသို့ တိုးဝင်သွားတော့သည်။
ပျံ့နှံ့နေသော မြူခိုးများကြားတွင် ဧရာမ သတ္တဝါကြီးတစ်ကောင် ထွက်ပေါ်လာသည်ကို ကျန်းဟန် မြင်လိုက်ရ၏။ ၎င်းမှာ ရှန်းဟိုင်းခွန်းပင် ဖြစ်သည်။ ၎င်းသည် ကျန်းဟန်၏ အံ့ဖွယ်ပါရမီကို အာရုံခံမိသောကြောင့် တစ်ခါမျှ ထွက်ခွာမသွားခဲ့ဘဲ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
“မင်းရဲ့ စွမ်းအားက ဘာလို့ ဒီလောက်တောင် အားနည်းသွားရတာလဲ။”
ကျန်းဟန်က ၎င်း၏ ရှေ့ရှိ ဧရာမသတ္တဝါကြီးကို ကြည့်ကာ မေးလိုက်သည်။
“ငါ့ရဲ့ စွမ်းအားတွေကို ငါကိုယ်တိုင် ချိတ် ပိတ်ထားလို့ပါ။ မဟုတ်ရင် မင်းနဲ့ ငါနဲ့ စာချုပ်ချုပ်လို့ ရမှာ မဟုတ်ဘူး။ မင်းမပါရင် ငါလည်း ကြယ်ပြာဂြုဟ်ကနေ ထွက်ခွာလို့ မရဘူး။”
ရှန်းဟိုင်ခွန်းထံမှ ပေါ့ပါးသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် ကြာ်ပြာဂြိုဟ် စတင်ဖြစ်ပေါ်လာချိန်ကတည်းက ဖြစ်တည်လာသည့် သတ္တဝါဖြစ်ပြီး စွမ်းအားမှာ အလွန်ပင် နက်နဲလှသည်။
ကျန်းဟန်သည် ၎င်း၏ နဖူးပေါ်သို့ လက်တင်လိုက်ရာ မကြာမီပင် ရှန်းဟိုင်ခွန်းနှင့် စာချုပ်မှာ ပြီးမြောက်သွားခဲ့သည်။ ရှန်းဟိုင်းခွန်းက ၎င်း၏ စွမ်းအားကို ချိတ်ပိတ်ထားသော်လည်း ကျန်းဟန်မှာ ကြီးမားသော စွမ်းအား တုံ့ပြန်မှုကို ခံစားလိုက်ရသည်။ သူ၏ ရုပ်ခန္ဓာမှာ ဧကရာဇ်အဆင့်သားရဲများနှင့် ယှဉ်နိုင်လောက်အောင် ဖြစ်လာခဲ့သည်။ ရှန်းဟိုင်ခွန်းမှာ အလွန်ပင် ကြီးမားလှသဖြင့် စွမ်းအားများကို ချိတ်ပိတ်ထားသော်လည်း ရရှိလာသော စွမ်းအားမှာ ကြောက်မက်ဖွယ် ကောင်းလှသည်။
“မင်းရဲ့ အတွင်းကမ္ဘာထဲကို လူဘယ်လောက် ခေါ်သွားလို့ ရမလဲ။”
ကျန်းဟန်က ၎င်းကို ကြည့်ကာ မေးလိုက်သည်။
“လူ ၁၀ သန်းပဲ။ အဲဒီထက် ပိုရင် ငါ့ရဲ့ အတွင်းကမ္ဘာက သူ့အလိုလို လည်ပတ်နိုင်တော့မှာ မဟုတ်ဘူး။ ပြီးတော့ နောက်ပိုင်းမှာ အန္တရာယ်တွေ ကြုံလာရနိုင်တာကိုလည်း ငါ ထည့်တွက်ရဦးမယ်။ အရေးကြီးတာက ငါက မြေအောက်မှာ ပုန်းအောင်းနေရမှာပဲ။ နတ်ဆိုးတွေ တွေ့သွားရင် လွတ်မြောက်ဖို့ အခွင့်အရေး လုံးဝမရှိတော့ဘူး။ မင်း လူတွေကို ခေါ်လာချင်ရင် အားလုံးကို တစ်နေရာတည်းမှာ စုစည်းထားရမယ်။”
ရှန်းဟိုင်းခွန်းက ပြောလိုက်သည်။
“ကောင်းပြီ။ ဒါဆို ငါ့ကို စောင့်နေပေးပါ။”
ကျန်းဟန် ခေါင်းညိတ်လိုက်ပြီး နဂါးကိုစီးကာ လှည့်ထွက်သွားခဲ့သည်။
မြို့ထဲသို့ ပြန်ရောက်သောအခါ သူသည် အခြားသူများကို မည်သို့ အကြောင်းကြားရမည်ကို စဉ်းစားနေမိ၏။ မကြာမီမှာပင် အချို့သူများက ကြိုတင်သိရှိထားကြသလိုမျိုး အားကောင်းသော စွမ်းအင်များ ဤနေရာတွင် စုဝေးနေသည်ကို သူ တွေ့လိုက်ရသည်။
“ကျန်းဟန်...”
ကြည်လင်ပြတ်သားပြီး နှစ်လိုဖွယ်ကောင်းသော အသံတစ်ခု ထွက်ပေါ်လာ၏။ ကျန်းဟန် လှည့်ကြည့်လိုက်ရာ ရက်အတော်ကြာ မတွေ့ခဲ့ရသည့် ဆရာမ ဝမ်ယိ ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။ သူမသည် အဖြူရောင် ဝတ်စုံဖြင့် နတ်သမီးတစ်ပါးကဲ့သို့ လှပနေဆဲပင်။
“မင်း ကြီးပြင်းလာပြီပဲ။ ပိုတောင် ချောလာတာပဲာ”
ဆရာမ ဝမ်ယိသည် တောင်ပံခြောက်ခုပါ မြင်းဖြူကြီးကို စီး၍ အပြုံးတစ်ခုဖြင့် နှုတ်ဆက်လာလေသည်။
“အစ်မယီ...ဘာလို့ ဒီကို ရောက်နေတာလဲ။”
ကျန်းဟန်က အနားသို့ ချက်ချင်းမသွားသေးဘဲ မေးလိုက်သည်။
“ဒီကိုလာပြီး မင်းကို လာရှာရင် ကြယ်ပြာဂြိုဟ်ကနေ အသက်ရှင်လျက် ထွက်ခွာဖို့ နည်းလမ်းရှိတယ်ဆိုတဲ့ သတင်းကို ငါတို့ လက်ခံရရှိလို့ပဲ။ အခု အဆင့်မြင့် သားရဲထိန်းချုပ်သူ အားလုံးက ဒီကို အပြေးအလွှား လာနေကြတယ်။”
ဆရာမ ဝမ်ယိက ရှင်းပြလိုက်သည်။
“ကျွန်တော့်ကို ရှာတာလား။”
ကျန်းဟန် အနည်းငယ် အံ့ဩသွားသော်လည်း ဤသတင်းမှာ မိုးကြိုးတောင်မှတစ်ဆင့် ပျံ့နှံ့လာခြင်း ဖြစ်ကြောင်း သူ မကြာမီ နားလည်သွားသည်။ ဖြစ်နိုင်သည်မှာ ကြာ်ပြာဂြိုဟ်၏ တိုက်ခိုက်ရေး အင်အားကို အတတ်နိုင်ဆုံး ထိန်းသိမ်းထားလိုခြင်း ဖြစ်ပေလိမ့်မည်။
မကြာမီ ဧကရာဇ်အဆင့်သားရဲများစွာသည် ပစ္စည်းအများအပြားနှင့် လူအများအပြားကို တင်ဆောင်ကာ ပျံသန်းလာကြ၏။ ဤလူအုပ်ကို အဖွဲ့နှစ်ဖွဲ့ ခွဲထားသည်။ တစ်ဖွဲ့မှာ သားရဲထိန်းချုပ်သူများ မဟာမိတ်အဖွဲ့မှ ဖြစ်ပြီး ကျန်တစ်ဖွဲ့မှာ ယုန်နိုင်ငံ၏ နေရာအသီးသီးမှ ထူးချွန်သူများ ဖြစ်သည်။
လူအများ စုဝေးလာသည်နှင့်အမျှ အရေအတွက်မှာ လူပေါင်း ၁၀ သန်းထက် များစွာ ကျော်လွန်သွားခဲ့ပြီး လူတိုင်းက ကျန်းဟန်ကို မျှော်လင့်တကြီး ကြည့်နေကြလေသည်။
သို့သော် ဤအချိန်တွင် ကျန်းဟန်မှာ ရှန်းဟိုင်ခွန်း၏ အတွင်းကမ္ဘာထဲသို့ ပြန်လည်ဝင်ရောက်သွားခဲ့ပြီး ထိုလူများကို အဝေးမှသာ စောင့်ကြည့်နေတော့သည်။
“အချိန်စေ့တော့မယ်။ ယုန်နိုင်ငံဘက်က လူတွေကိုပဲ ခေါ်သွားလိုက်ပါ။ သားရဲထိန်းချုပ်သူများ မဟာမိတ်အဖွဲ့က မိသားစုတွေကိုတော့ တစ်ယောက်မှ မခေါ်နဲ့။”
ကျန်းဟန်က အမိန့်ပေးလိုက်၏။
“သခင့် အလိုအတိုင်း ဖြစ်စေရပါမယ်။”
ရှန်းဟိုင်ခွန်းက အသံပြုလိုက်ပြီး မြေပြင်တစ်ခုလုံး မြူခိုးများ ဖုံးလွှမ်းသွားခဲ့သည်။ မြူခိုးများ ပြန်လည်ပျောက်ကွယ်သွားချိန်တွင် သားရဲထိန်းချုပ်သူများ မဟာမိတ်အဖွဲ့မှ လူများသာ ကျန်ရစ်ခဲ့တော့သည်။
ထိုအချိန်တွင် ကောင်းကင်မှ ရွှေရောင်အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာပြီး ရှန်းဟိုင်ခွန်းသည်လည်း အလျင်အမြန်ပင် အဖြူရောင်အလင်းအဖြစ် ပြောင်းလဲကာ ၎င်းနောက်သို့ လိုက်ပါသွားတော့သည်။
အချိန်မည်မျှ ကြာမြင့်သွားသည်ကို မသိရတော့သည့် ကာလတစ်ခုတွင်...ရှန်းဟိုင်းခွန်းသည် အလွန် ကျယ်ပြောပြီး အဆုံးအစမရှိသော အာကာသ ကမ္ဘာသစ်တစ်ခုဆီသို့ တိတ်တဆိတ် ထွက်ခွာသွားခဲ့တော့လေသည်။
[ပြီးပါပြီ....စာဖတ်သူများ ဇာတ်သိမ်းကို ကျေနပ်အားရမယ်မထင်ဘူး။ ဘာသာပြန်သူလည်း အားမရပါဘူး။ စာစဉ်အရွေး ညံ့ဖျင်းမှုအတွက် စာဖတ်သူအားလုံးကို အနူးညွတ်တောင်းပန်ပါတယ်ဗျာ။]