← Chapters

တမူထူးခြင်း

Vol. 107 Ch. 1475

တမူထူးခြင်း

Vol. 107 Ch. 1475

ရှေးဟောင်းမိစ္ဆာစိတ်ဝိညာဉ် ဝန်းရံထားသော လှံသည် မြန်လွန်းသဖြင့် ချက်ခြင်းလိုလို အရှင်စစ်မိုနားသို့ ရောက်လာသည်။ ထိုအခါ သူ့မျက်လုံးသူငယ်အိမ်ကိုပါ ကြုံ့သွားစေ၏။ အရှင်စစ်မိုသည် ဝမ်လင်းကို သန်မာမည်ဟု မျှော်လင့်ထားခဲ့သော်လည်း အခုလောက်ထိ အစွမ်းထက်နေလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။

“ဒီကောင်လေးဟာ အခုထိ တတိယအဆင့်ကို မရောက်သေးဘူး။ ဒါပေမဲ့ သူဟာ ငါနဲ့ ဆန့်ကျင်တိုက်ခိုက်နိုင်နေပြီ။ သူသာ လေဟာနယ်ဂိတ်တံခါးကို ချိုးဖျက်နိုင်ခဲ့ရင် ငါဟာ သူ့ပြိုင်ဘက် မဟုတ်နိုင်တော့ဘူး။ ဒါ့အပြင် သူဟာ ငါ့အတိတ်ကိုလည်း သိထားတဲ့အတွက်ကြောင့် အတွင်းနယ်မြေက လာခဲ့တယ်ဆိုတာ ထင်ရှားနေတယ်…”

“သူ သေရမယ်။ ကံမကောင်းစွာနဲ့ မဟာအင်ပါယာဂြိုဟ်ပေါ်မှာ ဖြစ်နေတဲ့အတွက် ငါ သူ့ကို သတ်လို့ မရနိုင် ဖြစ်နေတယ်…”

အရှင်စစ်မိုသည် နောက်မဆုတ်ပေ။ ထိုအစား သူ့မျက်လုံးထဲတွင် အေးစက်မှု လက်ခနဲ ဖြစ်ပေါ်သွားသည်။ သို့သော် ထိုသို့ ဖြစ်ပေါ်သည့်အခိုက်မှာပင် သူ၏အမူအရာသည် ပြောင်းလဲသွား၏။ ထို့နောက် သူသည် သွေးအန်ကာ နောက်ဆုတ်လိုက်ရသည်။

“သေစမ်း…အုပ်စိုးသူအရှင် မှန်တယ်။ ဒီသိမ်မွေ့ဆန်းကြယ်မီး ကျင့်ကြံသူအားလုံးဟာ သေသွားသင့်တယ်။ သေစမ်း…။ ဒီမီးဟာ ရှောင်လို့လည်း မရဘူး။ စိတ်ခံစားမှု အရိပ်အယောင် ရှိလိုက်တာနဲ့ ဒီမီးဟာ ဆက်တိုက်ကို လောင်ကျွမ်းတော့တာပဲ။ ဒီအချက်က ငါ့အတွက် မကောင်းဘူး…”

အရှင်စစ်မိုက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ သူ့လက်ကြားတွင် အဖြူရောင်ပိုးသားစာလိပ်တစ်ခု ပေါ်လာလေ၏။ ၎င်းပေါ်တွင် မက်မွန်ပန်းပွင့်ပုံသွေးကွက်တစ်ကွက် စွန်းထင်းနေပြီး အလွန်အမင်း တုန်လှုပ်ဖွယ်ကောင်းသည်။

အရှင်စစ်မိုက ထိုစာလိပ်ကို ပစ်လွှတ်လိုက်သည်နှင့် ၎င်းက တဖျပ်ဖျပ် ပျံသန်းသွားသည်။ မက်မွန်ပန်းသွေးကွက်သည်လည်း အရှင်စစ်မို၏ရှေ့တွင် အနီရောင်မြူလွှာတစ်ခုအဖြစ်သို့ ပြောင်းလဲသည်။

ထိုမြူအတွင်းမှ သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာ၏။ ဝမ်လင်းက ထိုမြူအတွင်းမှ လှမ်းထွက်လာသော လှပသည့်အမျိုးသမီးတစ်ယောက်ကို မြင်သည်။

ထိုပုံရိပ်၏မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်ရရန် မဖြစ်နိုင်ပေ။ ထိုအမျိုးသမီးပုံရိပ်က သူမ၏ကျောက်စိမ်းအလား လက်တစ်ဖက်ကို မြှောက်ကာ ရှေးဟောင်းမိစ္ဆာစိတ်ဝိညာဉ်ထံသို့ ဖိချလိုက်လေ၏။

ထိုအမျိုးသမီး၏လက်မှ အချိန်စွမ်းအား ထိုးထွက်လာသည်။ ထိုအဖြစ်က သူမရှေ့ရှိ ဧရိယာကို တွန့်ခေါက်လာစေကာ ရှေးဟောင်းမိစ္ဆာစိတ်ဝိညာဉ်ကို ခြုံလွှမ်းသည်။

အဖြစ်အပျက်သည် မြန်ဆန်လွန်း၏။ ဝမ်လင်းက ရှေ့သို့ လှမ်းလိုက်သည်။ ထို့နောက် သူ့ညာလက်ကို ဝေ့ယမ်းလိုက်သည်။ သူ၏ရှေးဟောင်းနတ်ဘုရားကြယ်များသည် အလျင်အမြန် စတင်လှည့်လည်၏။ တစ္ဆေအလင်းတစ်ခုက သူ၏ပထမဆုံးကြယ်ထံမှ လင်းလက်သွားသည်။

ဖျပ်ခနဲပင် ဝမ်လင်း၏ရှေ့၌ ဧရာမမီးပြင်းဖိုတစ်ခု ပေါ်လာချေ၏။ ထိုမီးပြင်းဖိုမှာ အံ့မခန်းကြီးမားလှပြီး ၎င်းထံမှ ရှေးဟောင်းနတ်ဘုရားအော်ရာတစ်ခု ပျံ့လွင့်လာသည်။

ပို၍ တုန်လှုပ်ဖို့ကောင်းသည်ကား ၎င်းမီးပြင်းဖို ပေါ်လာသည့်အခိုက်အတန့်တွင် ၎င်းက အရှင်စစ်မိုနှင့် အနီရောင်မြူများမှ အမျိုးသမီးတို့ကို ဝန်းရံသွားခြင်းပင်။

တော်ဝင်ရှေးဟောင်းနတ်ဘုရားရတနာ၊ အင်ပါယာမီးပြင်းဖို။

အရှင်စစ်မို၏အမူအရာသည် ပြောင်းလဲသွားကာ သူက မော့ကြည့်၏။ သူသည် ခြေတစ်လှမ်းလှမ်းလိုက်ကာ အနီရောင်မြူမှ အမျိုးသမီးကို ခေါ်ယူပြီး အင်ပါယာမီးပြင်းဖိုထဲမှ ထွက်ရန် ပြင်၏။ သို့ပေမည့် ထိုအခိုက်အတန့်တွင် ဝမ်လင်း၏ မျက်လုံးသည် အနီရောင်တောက်ပသွားပြီး သူက အရှင်စစ်မိုထံသို့ လက်ညွှန်လိုက်သည်။

သူသည် အော်ဟစ်လိုက်လေ၏။ “ရပ်တန့်ခြင်း…ရပ်တန့်ခြင်း…ရပ်တန့်ခြင်း…”

ရပ်တန့်ခြင်းသုံးကြိမ်မှာ မိုးကြိုးတန်းသုံးခုအလားပင်။ ဝမ်လင်းသည်လည်း ပါးစပ်အပြည့် သွေးအန်လိုက်ရ၏။ သူ၏မျက်လုံးတွင်းမှ ရူးသွပ်မှုမှာ ပိုပြင်းထန်လာလေပြီ။

သူ့အကန့်အသတ်ကို ကျော်လွန်ပြီးမှ သူက အရှင်စစ်မို၏ခန္ဓာကိုယ်ကို တဒင်္ဂရပ်တန့်သွားစေနိုင်ခဲ့၏။ ထိုရပ်တန့်မှုမှာ ဝမ်လင်းအတွက် အခွင့်အရေးကြီးတစ်ခု ဖြစ်သွားသည်။

“တော်ဝင်ရှေးဟောင်းနတ်ဘုရားရတနာ…အသက်ဝင်စမ်း…” ဝမ်လင်းသည် သူ၏ဒဏ်ရာများကို လစ်လျူရှုထားပြီး သူ့လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်ပေါ်စေသည်။ အင်ပါယာမီးပြင်းဖိုသည် စတင်လှည့်လည်ပြီးနောက် ရှေးဟောင်းနတ်ဘုရားအော်ရာတစ်ခု ပျံ့လွင့်လာသည်။

“ဒီနေ့ ငါ တတိယအဆင့်ကျင့်ကြံသူဖြစ်တဲ့ သင့်ကို သန့်စင်ပစ်မယ်…” ဝမ်လင်းက ခြေတစ်လှမ်း လှမ်းလိုက်ပြီးနောက် မီးပြင်းဖိုအပေါ်တွင် ထိုင်ချလိုက်သည်။ သူ့လက်ကိုလည်း မီးပြင်းဖိုပေါ်တွင် တင်ထားလိုက်၏။ သူ၏ဘယ်မျက်လုံးထဲမှ မီးသည် တရကြမ်း ထိုးထွက်လို့လာသည်။ ကိုးရောင်စုံမီးသည် မြန်ဆန်စွာပင် မီးပြင်းဖိုကို ဝန်းရံသွားသည်။

မိုးကြိုးအမှတ်အသားသည်လည်း သူ့ညာမျက်လုံးထဲတွင် ပေါ်လာပြီး မီးပြင်းဖိုအတွင်းသို့ အဆုံးမဲ့မိုးကြိုးများ တိုးဝင်သည်။ မီးသည် မိုးကြိုးကို ကူညီပေး၏။ မိုးကြိုးကလည်း မီး၏ခွန်အားကို မြှင့်တင်ပေးကာ ရူးသွပ်ဖွယ်သန့်စင်ခြင်းကို စတင်လေသည်။

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာ လွင့်ထွက်သွားခဲ့ကြပြီး ဖြစ်၏။ သို့သော် သူတို့သည် တစ်သက်တွင်တစ်ခါသာ မြင်နိုင်သည့် တိုက်ပွဲမျိုးကို ကြည့်ရှုဖို့ လက်မလွှတ်ချင်ကြပေ။ ထိုမြင်ကွင်းမှာ သူတို့၏အမူအရာကို ကြီးစွာ ပြောင်းလဲသွားစေတော့သည်။

“တတိယအဆင့်ကျင့်ကြံသူတစ်ယောက်ကို သန့်စင်တာလား…”

“ငါတော့ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်ကို သန့်စင်နိုင်တယ်လို့ တခါမျှ မကြားဖူးခဲ့ဘူး။ ဒီတတိယအင်ပါယာငယ်က ဒီလိုအစွမ်းထက်ကျင့်ကြံမှုမျိုး ရှိနေတာပဲကို…”

“အံ့မခန်းပဲ၊ မယုံကြည်နိုင်ဖွယ်ပဲ။ ဒီတတိယအင်ပါယာငယ်ဟာ ရူးသွားပြီ။ သူက သူဟာ ဆေးလုံးတစ်လုံးကို သန့်စင်နေတယ်လို့များ ထင်နေတာလား…”

မထင်မှတ်သဖြင့် အံ့ဩတကြီးအသံများ တုန်လှုပ်စွာ ထွက်ပေါ်သွားလေ၏။

သူတို့မဆိုနှင့်ဦး။ ဟင်္သာငှက်အဘိုးအိုသည်ပင် မျက်လုံးပြူးသွားသည်။ သူသည်လည်း ဝမ်လင်းက အရှင်စစ်မိုကို အနိုင်ရမည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူ လျှို့ဝှက်ကူညီပေးခဲ့၍ သူတို့၏တိုက်ပွဲ သရေ ဖြစ်ခဲ့လျှင်ပင် ဝမ်လင်းအဖို့ သူ၏ခွန်အားကို ပြသခြင်းအတွက် လုံလောက်နေပြီ မဟုတ်လား။

တတိယအဆင့်ကျင့်ကြံသူတစ်ယောက်ကို သရေအနေအထားဖြင့် တိုက်ခိုက်နိုင်စွမ်း ရှိခြင်းသည်ပင် ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းတစ်ခုလုံးကို တုန်လှုပ်သွားဖို့ လုံလောက်သည် မဟုတ်လား။

သို့ပေမည့် ဝမ်လင်းက အရှင်စစ်မိုကို သန့်စင်ဖို့ ကြံရွယ်နေ၏။ ထိုမြင်ကွင်းသည် ဟင်္သာငှက်အဘိုးအိုကိုပင် ပင့်သက်ရှိုက်မိသွားစေသည်။

“ကောင်းတယ်။ သူဟာ ငါ့ကလန်ရဲ့ ဂျူနီယာတစ်ယောက် ဖြစ်ဖို့ တကယ့်ကို ထိုက်တန်တယ်။ သူ အောင်မြင်တာ၊ မအောင်မြင်တာ ကိစ္စမရှိဘူး။ ဒီလိုလုပ်ရဲတဲ့ သတ္တိရှိတာနဲ့တင် သူဟာ တကယ့်ကို ထူးခြားလွန်းနေပြီ…” ဟင်္သာငှက်အဘိုးအို၏မျက်လုံးထဲ၌ စိတ်သက်သာရာရမှုတို့ ပြည့်နေ၏။

ရှေးဟောင်းသစ်ရွက်ဖြင့် အပူဇော်ခံမီးတောက်နယ်မြေကို ချိပ်ပိတ်လိုက်သည့်နောက် ကျန်ခဲ့သည့်အရာဟူ၍ သည်အင်ပါယာမီးပြင်းဖိုသာ ရှိလေ၏။ ဝမ်လင်းက ထိုမီးပြင်းဖိုအပေါ်တွင် ထိုင်နေပြီး သူ၏မီးနှင့်မိုးကြိုးအနှစ်သာရတို့ဖြင့် မီးပြင်းဖိုကို ဆက်တိုက် လောင်စာပေးနေကာ သန့်စင်မှုကို စတင်လေသည်။

အင်ပါယာမီးပြင်းဖိုသည် တော်ဝင်ရှေးဟောင်းနတ်ဘုရား ရတနာတစ်ခု ဖြစ်ချေ၏။ ၎င်း၏စွမ်းအားသည် ကောင်းကင်ပြိုကွဲနိုင်လောက်သည်။ ခုချိန်တွင် ၎င်းကို တော်ဝင်ရှေးဟောင်းနတ်ဘုရား ဖြစ်သော ဝမ်လင်းက ထိန်းချုပ်ထားခြင်း မဟုတ်လား။ ထို့အတွက် ၎င်း၏စွမ်းအားသည် များစွာ တိုးမြင့်နေလေ၏။

ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားရှိ ရှေးဟောင်းနတ်ဘုရားကြယ်များသည် မြန်ဆန်စွာ လှည့်လည်နေပြီး ရှေးဟောင်းနတ်ဘုရားစွမ်းအားများစွာသည် အင်ပါယာမီးပြင်းဖိုအတွင်းသို့ ဝင်ရောက်လေသည်။

မီးပြင်းဖိုအတွင်း၌ အရှင်စစ်မို ရှိနေ၏။ သူက ဗရမ်းဗတာဖြစ်နေသော သူ့ဘေးပတ်လည်သို့ ကြည့်သည်။ သူ၏အမူအရာမှာ အတော်လေး ရုပ်စိုးနေ၏။ သူသည် တဒင်္ဂတန့်သွားခဲ့သည့်အတွက် ဝမ်လင်း၏ အကြံအစည်ကြောင့် ဒီမီးပြင်းဖိုအတွင်း၌ ပိတ်မိသွားခဲ့သည်။

“မီးပြင်းဖိုတစ်ခုလောက်ကများ ငါ့ကို ပိတ်လှောင်ထားရဲတယ်လား…” အရှင်စစ်မိုက ချိပ်ဟန်တစ်ခုကို ဖြစ်စေပြီး သူ့လက်ကို ဝေ့ယမ်းသည်။ ခရမ်းရောင်အလင်းက သူ့ခန္ဓာကိုယ်ကို ဝန်းရံပြီး ဧရာမခရမ်းရောင်လက်ကြီးနှစ်ဖက် ဖြစ်ပေါ်လာကာ မီးပြင်းဖို၏နံရံထံသို့ ရိုက်ချသည်။

ထိုဧရာမလက်ကြီးနှစ်ဖက်က မီးပြင်းဖိုကို ချက်ခြင်း ထိမှန်သွားပြီး မိုးကြိုးတုန်ဟည်းသံကို မည်ဟိန်းသွားစေကာ မီးပြင်းဖိုသည် တုန်ခါသွားသည်။

မီးပြင်းဖိုနှင့်အတူ ဝမ်လင်းသည်လည်း လှုပ်ခါသွား၏။ သူ့မျက်လုံးကမူ အေးစက်လာသည်။ သူက မီးပြင်းဖိုပေါ်သို့ သွေးများ ထွေးထုတ်လိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်ထဲရှိ ရှေးဟောင်းနတ်ဘုရားစွမ်းအားကို အရူးအမူး အသက်သွင်းပြီး ဆက်လက် သန့်စင်တော့သည်။

“ဒါက ဘယ်လိုရတနာမျိုးလဲ…” အရှင်စစ်မိုသည် မီးပြင်းဖိုအတွင်း၌ သူ၏မန္တာန်များကို ဆက်တိုက် အသုံးပြုနေသည်။ သို့သော် မီးပြင်းဖို၏ မာကြောမှုသည် သူ့ကို အတော်လေး သုန်မှုန်သွားစေသည်။

သူသည် အတွင်းထဲကနေ ဝုန်းဒိုင်းကြဲ ဆက်လက်တိုက်ခိုက်နေစဉ် အပူချိန်သည် ပိုတိုးလာပြီး မီးပြင်းဖိုအတွင်း၌ သိပ်သည်းလာသည်။ ထိုအပူချိန်နှင့်အတူ ငြီးတွားသံများသည် အဘက်ဘက်ကနေ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။

အရှင်စစ်မို၏မျက်လုံးသည် လက်ခနဲ ဖြစ်သွား၏။ သူက ရုတ်တရက် လှမ်းကြည့်လိုက်သည်။ သူ တွေ့မြင်လိုက်သည့်အရာက သူ့အမူအရာကို ကြီးစွာ ပြောင်းလဲသွားစေသည်။

သူက သူ့ဘေးပတ်လည်တွင် ပုံရိပ်ယောင်စိတ်ဝိညာဉ်များစွာကို မြင်လိုက်ရသည်။ ထိုစိတ်ဝိညာဉ်များသည် အလွန်ကြီးမား၏။ ၎င်းတို့မှာ ရှေးဟောင်းနတ်ဆိုးများ၊ ရှေးဟောင်းမိစ္ဆာများ ဖြစ်ကြ၏။ အရေအတွက်လည်း များလွန်းသည်။ ၎င်းတို့၏ ငြီးသံအော်သံများသည် အရှင်စစ်မို၏စိတ်အတွင်းသို့ စူးစိုက်ဝင်လာကာ သူ၏မျက်လုံးသူငယ်အိမ်ကိုပါ ကြုံ့သွားစေသည်။

ထိုပုံရိပ်ယောင်စိတ်ဝိညာဉ်များက အရှင်စစ်မိုကို ဝန်းရံထားပြီး အော်သံငြီးသံများသည် ပိုပြင်းထန်လာသည်။

ထိုစိတ်ဝိညာဉ်များသည် ဤမီးပြင်းဖိုအတွင်း၌ ရှင်လျက်ကနေ သေဆုံးသည့်အထိ သန့်စင်ခံခဲ့ရခြင်း ဖြစ်၏။

အနီရောင်မြူများကြားမှ လှမ်းထွက်လာသော အမျိုးသမီးနှင့် တိုက်ခိုက်နေသော ရှေးဟောင်းမိစ္ဆာစိတ်ဝိညာဉ်က ရွှေ့လျားလာပြီး သည်ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်များနှင့် ပေါင်းစပ်သွားလေ၏။ ၎င်းကို ထိုပုံရိပ်ယောင်စိတ်ဝိညာဉ်များနှင့် ခွဲခြားရန်မှာ မဖြစ်နိုင်တော့ပေ။

အနီရောင်မြူသည် ပြန်ကြုံ့သွားကာ အဖြူရောင်မျက်နှာဇာပုဝါနှင့် အမျိုးသမီးက အရှင်စစ်မိုဘေး၌ ရပ်၏။ သူမ၏ပုံပန်းသွင်ပြင်ကို မြင်ရဖို့မှာ မဖြစ်နိုင်ပေ။ သို့သော် သူမ၏နူးညံ့မှုကတော့ သိသိသာသာ လှစ်ပေါ်နေသည်။

အရှင်စစ်မိုက သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ အေးစက်စက် မော့ကြည့်၏။ သူက အေးစက်စွာ ပြောလိုက်သည်။ “ဒီခွေးကောင်လေးမှာ ရတနာတွေအများကြီး ပိုင်ဆိုင်ထားတာပဲ။ ဒါပေမဲ့ သူက ငါ့ကို ပိတ်လှောင်နိုင်လိမ့်မယ်လင့် ထင်ခဲ့ရင်တော့ သူဟာ အတော့်ကို မောက်မာလွန်းနေပြီ…” အရှင်စစ်မိုသည် အေးစက်စက်နှာခေါင်း ရှုံ့လိုက်ရင်း သူ့ညာလက်ကို ဝေ့ယမ်းလိုက်သည်။ သူက မာန်သွင်းအော်ဟစ်လိုက်လေ၏။ “ခုနစ်ရောင်စုံနတ်ဘုရားလေဟာနယ်လက်သည်းများ…”

သူ ထိုသို့ ပြောလိုက်သည်နှင့် ခုနစ်ရောင်စုံအလင်းတန်းနှစ်ဆယ့်ကိုးခုသည် အရှင်စစ်မို၏ရှေ့တွင် ပေါ်လာလေသည်။ ခုနစ်ရောင်စုံအလင်းသည် မီးပြင်းဖိုအတွင်း၌ ပြည့်နှက်သည်။ ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်များသည် ထိုလက်သည်းနှစ်ဆယ့်ကိုးခုကို အတော်လေးကြောက်လန့်သည့်ဟန်ဖြင့် နောက်သို့ ဆုတ်သွားကြသည်။

“ခုနစ်ရောင်စုံလက်သည်းများ၊ ငါ့အတွက် ဒီမီးပြင်းဖိုကို ချိုးဖျက်လိုက်စမ်း…” အရှင်စစ်မိုက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်လေ၏။ ခုနစ်ရောင်စုံလက်သည်းများသည် ဟိန်းမြည်လျက် ဘေးပတ်ပတ်လည်သို့ တိုးဝင်သွားကြသည်။

ဘန်း…ဘန်း…ဘန်း…ဘန်း…။

ကျယ်လောင်သော ပေါက်ကွဲသံများ ဆက်တိုက် ပဲ့တင်ထပ်သည်။ ခုနစ်ရောင်စုံလက်သည်းနှစ်ဆယ့်ကိုးခုသည် အင်ပါယာမီးပြင်းဖို၏နံရံပေါ်သို့ ထိုးစိုက်ကာ ထွင်းဖောက်ရန် တာဆူ၏။

အပြင်ဘက်တွင်မူ ဝမ်လင်း၏မျက်လုံးသည် ရုတ်တရက် ပွင့်ဟလာသည်။ သူ့အောက်မှ အင်ပါယာမီးပြင်းဖိုသည် တုန်ဟည်းလာပြီး ၎င်း၏မျက်နှာပြင်ဘေးအခြမ်းများသည် ဖောင်းကြွလာလေသည်။

လက်သည်းနှစ်ဆယ့်ကိုးခုသည် ခုနစ်ရောင်စုံအလင်းကို ထုတ်လွှတ်လျက် အင်ပါယာမီးပြင်းဖိုကို ချိုးဖျက်ရန် ဟန်ပြင်လေ၏။

ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်သန်းသွားသည်။ သူက သူ့ညာလက်ကို ဝေ့ယမ်းလိုက်၏။ သူ့လက်ထဲတွင် ကျောက်စိမ်းပုလင်းတစ်လုံး ပေါ်လာသည်။

မိစ္ဆာစိတ်ဝိညာဉ်ပုလင်း။

ထိုပုလင်းကို ကိုင်ထားလျက် ဝမ်လင်းက သူ့လျှာထိပ်ကို ကိုက်ကာ ရှေးဟောင်းနတ်ဘုရားသွေးကို ၎င်းပေါ်သို့ ထွေးထုတ်လိုက်သည်။ သူက မာန်သွင်းကာ အော်ဟစ်လိုက်၏။ “တော်ဝင်ရှေးဟောင်းနတ်ဘုရားတစ်ပါးအနေနဲ့ ငါ့ကို ကူညီသန့်စင်ပေးဖို့ ရှေးဟောင်းမိစ္ဆာသုံးသောင်းကို ငါ ဆင့်ခေါ်တယ်…”

မိစ္ဆာစွမ်းအင်သည် ထိုပုလင်းထံမှ ထိုးထွက်လာ၏။ ရှေးဟောင်းမိစ္ဆာအရိပ်များသည် ပုလင်းထဲမှ ထိုးထွက်လာကြသည်။ ဝမ်လင်း၏သွေးကို စုပ်ယူပြီးသည့်နောက် ၎င်းတို့သည် အင်ပါယာမီးပြင်းဖိုအတွင်းသို့ တရကြမ်း ဝင်ရောက်ကြသည်။

အင်ပါယာမီးပြင်းဖိုအတွင်း၌ အရှင်စစ်မို၏မျက်လုံးထဲတွင် ရူးသွပ်မှုတို့ ပြည့်နေ၏။ သူ၏ညာလက်ကို လေဟာနယ်ထံ ဆန့်ထုတ်လိုက်ရာ သူ့လက်ကြားထဲတွင် သားရဲအရိုးတစ်ခု ပေါ်လာသည်။ ထိုအရိုးသည် မကြီးမားပေ။ သုံးပေလောက်သာ ရှိသည်။ ၎င်းပေါ်တွင် သိသာသောလက်ဝါးရာတစ်ခု ရှိလို့နေ၏။

ထိုလက်ဝါးရာသည် ၎င်းသားရဲအရိုးပေါ်၌ နက်ရှိုင်းစွာ ထင်နေ၏။

“ဒီအဘိုးအိုက ဒီမီးပြင်းဖိုလောက်ကို ဘယ်လိုချိုးဖျက်မလဲ မင်းကို ပြပေးမယ်…” ထိုသားရဲအရိုးကို အုပ်စိုးသူက သူ့အား ပေးခဲ့တာ ဖြစ်၏။ ၎င်းပေါ်ရှိ လက်ဝါးရာမှာလည်း အုပ်စိုးသူ ချန်ရစ်ထားခဲ့ခြင်းပင်။ ၎င်းထံ၌ အုပ်စိုးသူ၏ လက်ဝါးချက်စွမ်းအားတစ်ခု ပါဝင်သည်။

လက်ထဲရှိ သားရဲအရိုးကို ကြည့်နေရင်း အရှင်စစ်မို၏မျက်လုံးထဲတွင် ရှုပ်ထွေးဟန်အကြည့် မြင့်တက်လာသည်။ သူ့ညာလက်မှာ လေထဲတွင် မြောက်နေ၏။ သူက သားရဲအိုးပေါ်သို့ ဖိချရန် ဟန်ပြင်နေခြင်းပင်။ သို့ရာတွင် ထိုအခိုက်အတန့်၌ သူ့နောက်မှ ခပ်ဖျော့ဖျော့သက်ပြင်းချသံတစ်သံ ထွက်ပေါ်လာသည်။

“စစ်မာ..ငါနဲ့အတူ အိမ်ပြန်ကြမယ်။ ကောင်းတယ်မလား…”

အရှင်စစ်မို၏ညာလက်သည် တုန်ယင်သွား၏။ သူ၏မျက်လုံးထဲတွင်လည်း ရုန်းကန်မှု ဖြစ်ပေါ်လာသည်။ သူ့မျက်ခုံးနှစ်ခုကြားတွင် သေးငယ်သောမီးတောက်မှာ အပြင်းအထန် လှုပ်ခါလေသည်။

“ငါတို့ရဲ့ ကျင့်ကြံမှုကို သူ့ရှိ ပြန်ပေးနိုင်တယ်။ တို့ အိမ်ပြန်ကြစို့…အဆင်ပြေတယ်မလား..”

ထိုအခိုက်အတန့်တွင် အင်ပါယာမီးပြင်းဖို၏ အပြင်ဘက်တွင် ဝမ်လင်း၏မျက်လုံးထံမှ ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်နေ၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ သူသည် နက်နက်နဲနဲအသက်ရှုထုတ်လိုက်သည်။ ထိုမမြင်နိုင်သော အသက်ရှုထုတ်မှုက အင်ပါယာမီးပြင်းဖိုပေါ်သို့ ကျရောက်သွားသည်။ “တာအိုမန္တာန်…အိပ်မက်တာအို…”

ဝမ်လင်းသည် သူ့ဘဝတွင် မန္တာန်သုံးခုကို ဖန်တီးခဲ့၏။ နေသာသောည၊ အချိန်စီးဆင်းခြင်းနှင့် နောက်ဆုံး သူ ကောင်းကင်ဘုံပုတီးစေ့အတွင်းရှိ တာအိုနယ်ပယ်တွင် နားလည်ခဲ့သော တာအိုမန္တာန်တို့ပင်။

အိပ်မက်တာအို။

**

All Chapters