အိပ်မက်တာအိုနဲ့ အတွင်းနတ်ဆိုးကို မျိုးစေ့ချခြင်း
Vol. 107 Ch. 1476
ဝမ်လင်းသည် သူ၏နှစ်ပေါင်းနှစ်ထောင် ကျင့်ကြံမှုအတွင်း မန္တာန်သုံးခုကိုသာ ဖန်တီးခဲ့၏။ နေသာသောညမန္တာန်သည် အလွန်တရာအစွမ်းထက်သည်။ သို့သော် မူလဥပဒေသမှာ ဖြစ်ခဲလှ၏။ အရုဏ်ဦးချိန်ရောက်မှသာ သူသည် ထိုမန္တာန်ကို သူ၏ကိုယ်ပိုင်မူလစွမ်းအင် မသုံးစွဲဘဲနှင့် အသုံးပြုနိုင်မည် ဖြစ်သည်။
ခုလက်ရှိ သူ့ကျင့်ကြံမှုအဆင့်ဖြင့်ပင် သူသာ နေသာသောညမန္တာန်ကို အတင်းအကြပ် အသုံးပြုလိုပါက သူသည် စစ်မှန်သောအချိန်အခါဖြစ်အောင် သူ့ပတ်လည်ရှိ ဂြိုဟ်နှင့်ဟင်းလင်းပြင်ကို ပြောင်းလဲပစ်ရပေမည်။ သူက ထိုသို့ ပြုလုပ်သည့်အခါတွင်လည်း အတော်လေး သတိထားရမည် ဖြစ်၏။
အချိန်စီးဆင်းခြင်းမန္တာန်ကမူ စွမ်းအားအရာ၌ နေသာသောညမန္တာန်နှင့် မယှဉ်သာသော်လည်း အချိန်ဥပဒေသမှာ ခုခံနိုင်သောအရာတစ်ခု ဟုတ်မနေပေ။ အချိန်သည် အရာအားလုံးဖြစ်ကာ မမြင်ရနိုင်။ ထို့အတွက် ၎င်းသည် မိုးမြေနှင့်ပါ ယှဉ်နိုင်လေ၏။
ဝမ်လင်း၏ တတိယမန္တာန်ကမူ သူ တာအိုပညာရှင်ရေနှင့် တိုက်ပွဲတွင် ဒဏ်ရာအပြင်းအထန် ရရှိပြီးနောက် နားလည်ခဲ့သောမန္တာန် ဖြစ်လေ၏။ သေခြင်းတရားအနားသပ်သို့ ရောက်နေချိန်၌ ဝမ်လင်းက ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့အတွင်းရှိ ဆန်းကြယ်သောတာအိုနယ်ပယ်တွင်းသို့ ဝင်ရောက်သွားခဲ့၏။ ခုချိန်တွင် ထိုတာအိုနယ်ပယ်သည် မည်သည့်အရာဖြစ်မှန်း သူ့အနေဖြင့် မသေချာပေ။
တာအိုနယ်ပယ်ထဲ၌ ဝမ်လင်း၏စိတ်ထဲတွင် မန္တာန်နှစ်ခု ပေါ်လာခဲ့၏။ ပထမတစ်ခုက ရှေ့ဖြစ်ဟောသူကို ဒဏ်ရာအပြင်းအထန် ရစေခဲ့သော ကြယ်ရှစ်လုံးရှေးဟောင်းနတ်ဘုရား၏ အသက်ကယ်မန္တာန် ရှေးဟောင်းအချိန်များ၏အိပ်မက် ဖြစ်သည်။
ဒုတိယတစ်ခုမှာ သူ ခုနစ်ရောင်စုံနယ်မြေအတွင်း၌ အဘိုးအိုအသုံးပြုခဲ့သော တာအိုပြန့်ကြဲခြင်းမန္တာန် ဖြစ်လေ၏။ ယင်းမန္တာန်သည် သူ့အနေဖြင့် ပထမဆုံး ရင်ဆိုင်ကြုံခဲ့ဖူးသော တာအိုမန္တာန်ဆိုလည်း ဟုတ်သည်။
ထိုမန္တာန်နှစ်ခုသည် အလွန်တရာ အစွမ်းထက်ပြီး သူ၏မှတ်ဉာဏ်ထဲတွင် နက်ရှိုင်းစွာ စွဲထင်နေသည်။
ဝမ်လင်း တာအိုနယ်ပယ်ထဲ၌ ကုန်ဆုံးခဲ့သော ဆယ်နှစ်အတွင်း သူသည် ထိုမန္တာန်နှစ်ခု၏ တုန်လှုပ်ဖွယ်စွမ်းအားကို သဘောပေါက်ခဲ့သည်။
ရှေးဟောင်းအချိန်များ၏အိပ်မက်သည် ရှေးဟောင်းနတ်ဘုရားမန္တာန် ဖြစ်သည်။ ထို့ကြောင့် ဝမ်လင်းသည် ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်နေလျှင်ပင် ၎င်းမန္တာန်ကို ကျင့်ကြံသူတစ်ယောက်၏ မန္တာန်ကဲ့သို့ အသုံးမပြုနိုင်ပေ။ သို့ရာတွင် ဝမ်လင်း၏ဘဝတွင် အန္တရာယ်နှင့်ကံကောင်းမှုက အမြဲဒွန်တွဲနေခဲ့၏။ ခုနစ်ရောင်စုံနယ်မြေ၌ အဘိုးအိုအသုံးပြုခဲ့သော ပြန့်ကြဲတာအိုမန္တာန်ကမူ ဝမ်လင်းအတွက် တာအိုမန္တာန်များ၏ တံခါးချပ်ကို ဖွင့်လှစ်ပေးခဲ့တာ ဖြစ်သည်။
သို့ရာတွင် ထိုမန္တာန်သည် အလွန်အမင်း လေးနက်လှ၏။ ပုံမှန်ဆို ဝမ်လင်းသည် ၎င်းကို နားလည်နိုင်ခဲ့မည် မဟုတ်ပေ။ သို့သော် တာအိုနယ်ပယ်ကြောင့် ဝမ်လင်းက သူ၏ဇွဲနှင့် စိတ်ရှည်မှုတို့ကို အသုံးချကာ ယင်းမန္တာန်နှစ်ခုကို အိပ်မက်တာအိုအဖြစ်သို့ ပေါင်းစည်းခဲ့လေသည်။
အတိတ်တုန်းက တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း နတ်ဆိုးကလန်၏ အပြင်ဘက်တွင်သာ ဝမ်လင်းက ကောင်းကင်ဘုံဒုက္ခအဆင့်အကြီးအကဲပေါ်တွင် အနှီအိပ်မက်တာအိုမန္တာန်ကို စမ်းကြည့်ခဲ့ဖူးသည်။ ဝမ်လင်းသာ ညွှန်ပြမပေးခဲ့ပါက ထိုအကြီးအကဲ၏တာအိုသည် ပျက်စီးကာ သေသွားနိုင်လောက်သည်။
အိပ်မက်တာအို။ ထိုတာအိုမန္တာန်သည် အမှန်တော့ အတွင်းနတ်ဆိုး(အတွင်းစိတ်ရိုင်း) တစ်မျိုးသာ ဖြစ်လေ၏။
၎င်းမန္တာန်သည် တဖက်လူ၏ တာအိုဆန္ဒကို အတွင်းနတ်ဆိုးအဖြစ်သို့ ပြောင်းလဲပြီး သူတို့၏တာအိုနှလုံးသားကို ဖျက်စီးပစ်ခြင်းပင်။ တာအိုကို မကျင့်ကြံသော ကျင့်ကြံသူများပင် အတွင်းနတ်ဆိုး ပိုင်ဆိုင်သွားနိုင်၏။ ထိုအတွင်းနတ်ဆိုးမှာ ဝမ်လင်းပင်။
တာအိုမန္တာန်များသည် အလွန်တရာ ဆန်းပြားသောမန္တာန်များပင်။ တတိယအဆင့်ကျင့်ကြံသူများသည်ပင် များများစားစား မပိုင်ဆိုင်ထားပေ။ တစ်ခုတစ်လေပိုင်ဆိုင်ထားလျှင်ပင် ကံကောင်းလွန်း၍ ဖြစ်၏။ တာအိုသခင်အိပ်မက်ပြာကဲ့သို့ အစွမ်းထက်သော တစ်စုံတစ်ယောက်သည်သာ တာအိုမန္တာန်အနည်းငယ်ကို ပိုင်ဆိုင်ထားနိုင်သည်။
အိပ်မက်တာအိုသည် လူတစ်ယောက်ကို သူတို့၏အတိတ်သို့ ပြန်ခေါ်သွားနိုင်၏။ ဝမ်လင်းက ထိုလူ၏အတိတ်ထဲ၌ အတုအယောင်မှတ်ဉာဏ်တစ်ခုကို ချမှတ်နိုင်သည်။
ထိုအတုအယောင်မှတ်ဉာဏ်က သူတို့၏စိတ်ထဲတွင် ထာဝရတည်တံ့ကာ အစစ်အမှန် ဖြစ်လာမည်။ ထိုအရာမှာ အတွင်းနတ်ဆိုး မျိုးစေ့ချလိုက်ခြင်းပင်။
ဝမ်လင်း၏ အသက်ရှုထုတ်လိုက်ခြင်းမှာ သူ၏တာအိုအနှစ်သာရ ဖြစ်သည်။ ၎င်းက အင်ပါယာမီးပြင်းဖိုအတွင်းသို့ ဝင်ရောက်သွားခြင်းပင်။ အရှင်စစ်မိုက သူ့နောက်မှ အရိပ်ကို ကြည့်၍ တုန်လှုပ်သွား၏။ ထိုအရိပ်သည် သူနှင့်အတူ နှစ်ပေါင်းသောင်းချီ အတူတကွ ရှိနေပြီး သူ့ဘဝ၏အစိတ်အပိုင်းတစ်ခုပင်။ သို့ပေမည့် ထိုပုံရိပ်သည် စကားတစ်ခွန်းမှ မဆိုပေ။
သူမ သေသွားလောက်ပြီ ဖြစ်၏။ အရှင်စစ်မို၏ စိတ်ထဲ၌ နာကျင်နေသည်။ အဖြူရောင်စာလိပ်က သူမ သယ်ယူတတ်သောအရာတစ်ခု ဖြစ်သည်။ ထိုစာလိပ်ပေါ်ရှိ သွေးကွက်ကတော့ အရှင်စစ်မို၏ ပူဆွေးမှုနှင့်နာကြည်းမှုကြောင့် အန်ထုတ်လိုက်သောသွေး ဖြစ်နေ၏။ အရှင်စစ်မို၏ခန္ဓာကိုယ်သည် တုန်ယင်နေသည်။ သူက သူမ၏ “အိမ်ပြန်ကြစို့” ဟူသော စကားလုံးများကို ကြားလိုက်ရသည့်အခါ သူ့အမူအရာမှာ ပြောင်းလဲသွားသည်။ သူက နေရာတွင်ပင် တောင့်တောင့်ကြီး ဖြစ်နေသည်။ သူ့လက်ထဲရှိ သားရဲအရိုးကိုလည်း မေ့သွားခဲ့ပြီ။ သူ့လက်ဝါးကို ၎င်းအရိုးပေါ်သို့ ဖိချရန်ကိုပါ မေ့သွားတော့သည်။
သူ၏မျက်ခုံးနှစ်ခုကြားရှိ လက်သည်းခွံအရွယ်မီးသည် ပိုပြင်းထန်စွာ တောက်ပနေ၏။
“ညီမလေး…နင်လား။ ငါ့ကို စကားပြောလိုက်တာ နင်လား…” အရှင်စစ်မိုက အမျိုးသမီးအရိပ်ကို စိုက်ကြည့်နေ၏။ သူ၏အမြင်သည် တဖြည်းဖြည်း ဝေဝါးလာတော့သည်။
“အစ်ကိုကြီး…အစ်ကိုကြီး..မြန်မြန်လာကြည့်အုံး။ ဒီမှာ ခရမ်းရောင်သစ်ခွတွေ ပေါက်နေတယ်…”
“အစ်ကိုကြီး…နင်က အချိန်ပြည့်အိပ်မနေနဲ့လေ။ ဒီနေ့ နင် ငါနဲ့ ကစားပေးမယ်လို့ ကတိပေးထားတယ်…”
“အစ်ကိုကြီး…အစ်ကိုကြီး…”
တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း၌ ကုန်းမြေတစ်ခုပေါ်တွင် သေမျိုးရွာလေးတစ်ရွာ ရှိသည်။ ထိုရွာပေါ်တွင် အသက်ခုနစ်နစ်၊ ရှစ်နှစ်အရွယ် မိန်းကလေးတစ်ယောက်က သူမဘေးတွင် အိပ်ပျော်နေသော ကောင်လေးကို တွန်းနှိုးနေရင်း ပွစီပွစီ ပြောနေ၏။
“ညီမလေးလန်၊ ငါ နည်းနည်းလောက် ဆက်အိပ်ပါရစေအုံး။ ညတုန်းက ငါနဲ့ ကျားလေး ကြက်ဥအချို့ သွားခိုးရလို့ ငါ အခု တော်တော်လေး ပင်ပန်းနေလို့ပါ…” ထိုကောင်လေးက မိန်းကလေးငယ်ထက် အသက်နည်းနည်း ပိုကြီးသည်။ သူက မျက်လုံးဖွင့်ကာ စကားအနည်းငယ် အိပ်ချင်မူးတူးအသံနှင့် ပြောပြီးနောက် ဆက်အိပ်ပြန်သည်။
အချိန်သည် ရွှေ့လျားနေဟန်တူကာ တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားသည်။
“အစ်ကိုကြီး…ကျားလေး ငါ့ကို ဒီနေ့ အနိုင်ကျင့်လိုက်တယ်။ သူ…သူ ငါ့ကို ခိုးနမ်းသွားတယ်…” ရွာလမ်းထဲတွင် ဆယ်ကျော်သက်အရွယ် ကောင်လေးနှင့်ကောင်မလေးတို့သည် နေဝင်ချိန်အောက်မှာ လမ်းလျှောက်ရင်း စကားပြောနေတာ ဖြစ်သည်။
ကောင်လေးဖြစ်သူက သူ့နောက်ကျောတွင် ဆေးခြင်းတောင်းတစ်ခုကို လွယ်ပိုးထားသည်။ သူက လမ်းလျှောက်နေရင်း သမ်းဝေလိုက်၏။
သူ့ဘေးရှိ မိန်းကလေးကမူ ပန်းပွင့်ဝတ်စုံကို ဝတ်ဆင်ထားပြီး အသက်ဆယ့်သုံး၊ဆယ့်လေးနှစ်အရွယ်လောက် ရှိမည်။ သူမက လက်ထဲတွင် မြက်တစ်ဆုပ်ကို ကိုင်ထားပြီး စကားပြောနေရင်း ထိုမြက်ကို ဆောင့်ဆွဲနေသည်။
ထိုမိန်းကလေးက ကောင်လေးကို ကြည့်ကာ ခပ်ကျယ်ကျယ် ပြောလိုက်သည်။ “အစ်ကိုကြီး…နင် ကြားရဲ့လား…”
“ငါ ကြားပါတယ်။ ကြားပါတယ်။ ညီမလေးလန်…ငါတို့မှာ အဖေနဲ့အမေ အနားမှာ မရှိတော့ဘူး။ ကျားလေးရဲ့ အဒေါ်ဟာ ဒီနှစ်တွေမှာ ငါတို့အပေါ် ကောင်းခဲ့တယ်။ ကျားလေးကလည်း လူဆိုးတစ်ယောက် မဟုတ်ပါဘူး။ နင်လည်း မငယ်တော့ဘူး။ နင် သူ့ကို လက်ထပ်လိုက်ရင်ရော ဘယ်လိုလဲ…” ထိုကောင်လေးက သမ်းဝေလျက် သူ့ဘေးရှိ ညီမဖြစ်သူကို ကြည့်လိုက်သည်။
“နင်…နင်က ဘယ်လိုအစ်ကိုလဲ။ နင်က အစ်မကြီးဟုန်ဟုန်ကို ကြိုက်တာနဲ့ ငါ့ကို သူ့မောင်လေးနဲ့ လက်ထပ်စေချင်နေတယ်။ ဒါမှ နင် သူမနဲ့ အခွင့်အရေးရမှာလေ…။ ငါတော့ နင့်လိုအစ်ကိုမျိုးကို မလိုချင်တော့ဘူး…” ထိုမိန်းကလေးက ခြေဆောင့်လိုက်ကာ ကောင်လေးဖြစ်သူကို ကြည့်လိုက်သည်။
ကောင်လေး၏မျက်နှာမှာ နီမြန်းသွားသည်။ သူက ရယ်မောကာ ခေါင်းစဉ်ပြောင်းလိုက်တော့၏။ သိပ်မကြာခင်တွင် သူတို့နှစ်ယောက်သည် ရယ်ရယ်မောမော စကားပြောလာရင်း အတော်လှမ်းလှမ်းထိ လျှောက်လာကြသည်။
အချိန်ထပ်မံ ကုန်ဆုံးသွားပြန်ပြီ။
“အစ်ကိုကြီး…အစ်မကြီးဟုန်ဟုန်မှာ သဘောကျတဲ့သူ ရှိနေတယ်တဲ့…”
ထိုမိန်းကလေးသည် ခုဆို ဆယ့်ခြောက်နှစ်ပြည့်ကာ ဖူးပွင့်စပန်းလေးပမာ လှသွေးကြွယ်လာပေပြီ။
ဤအခိုက်အတန့်၌ ထိုမိန်းကလေးက သူမရှေ့ရှိ ခပ်ပျော့ပျော့လူငယ်ကို ကြည့်ကာ တိုးတိုးဆို၏။
ထိုလူငယ်၏ခန္ဓာကိုယ်မှာ ပိန်ပါးကာ အရပ်အမောင်းလည်း မမြင့်လှ၊ သူ့အသားအရေမှာလည်း နည်းနည်းညိုသည်။ သို့ပေမည့် သူ့မျက်လုံးတို့ကမူ တလက်လက်တောက်ပနေသည်။
နှစ်များစွာအတွင်း ထိုအပျိုအရွယ်မိန်းကလေးက သူမ၏အစ်ကိုကြီးဖြစ်သူသည် ထုတ်မပြောသော်လည်း သူမအပေါ် တကယ်ကောင်းသည်ကို သိသည်။ သူမ နှစ်သက်သည့် တစ်ခုခုရှိလာသည်နှင့် သူမ၏အစ်ကိုကြီးက သူမအတွက် တစ်နည်းနည်းနှင့် ရအောင် လုပ်ပေးသည်သာ။
ထိုလူငယ်က ပြုံးလိုက်၏။ သူ့သွားများက ဖွေးနေသည်။ သူက မိန်းကလေးငယ်၏စကားများကို ကြားလိုက်သည့်နောက် သူ့ညာလက်ဖြင့် သူမ၏ဆံပင်ကို ပွတ်သပ်ကာ နူးညံ့စွာ ပြောလိုက်သည်။ “အများကြီးတွေးမနေနဲ့။ နင့်ရဲ့အစ်ကိုငါ ငပျော့မဟုတ်ဘူး။ နင့် အစ်ကိုကြီးရဲ့အိပ်မက်ဟာ အင်မောတယ်တစ်ယောက် ဖြစ်လာဖို့ပဲ။ နင်နဲ့ကျားလေးတို့ လက်ထပ်ပြီးရင် အစ်ကိုကြီးဟာ ကလန်တစ်ခုခုကို လိုက်ရှာတော့မယ်…”
မိန်းကလေးငယ်၏မျက်နှာသည် နီသွားသည်။ သူမက ခပ်တိုးတိုး ပြောလိုက်၏။ “ကျားလေးဟာ တော်တော်စိတ်ရှုပ်ဖို့ကောင်းတယ်။ သူကို့ ငါ ပြောခဲ့ပြီးပြီး။ အစ်မကြီးဟုန်ဟုန်က အစ်ကို့ကို လက်မထပ်ရင် ငါလည်း နင့်ကို လက်ထပ်မှာ မဟုတ်ဘူးလို့ ပြောထားတယ်…”
လူငယ်က ပြုံးလိုက်၏။ သူ့ထံမှ နူးညံ့သောအကြည့်တစ်ခု ပေါ်လွင်နေသည်။ သူက ခပ်တိုးတိုး ပြောလိုက်သည်။ “နင် အရွယ်ရောက်နေပြီ။ မကြာခင် အမျိုးသမီးတစ်ယောက် ဖြစ်လာတော့မှာ။ ဒါ့ကြောင့် ကလေးလို လုပ်မနေနဲ့။ အစ်ကိုကြီးရဲ့ အိပ်မက်ဟာ တကယ်ပဲ အင်မောတယ်တစ်ယောက် ဖြစ်လာနိုင်ဖို့။ ငါ့ဘဝကို ဒီလိုနေရာမျိုးမှာ တစ်သက်လုံး မကုန်ဆုံးချင်ဘူး…” ထိုလူငယ်သည် ခေါင်းမော့ကာ မှောင်နေသောကောင်းကင်ထက်သို့ ကြည့်လိုက်၏။
“ငါ…စစ်မာမိုရဲ့ ဘဝဟာ သာမန်မဖြစ်နိုင်ဘူး။ ညီမလေးလန်၊ နင့်ရဲ့ အစ်ကိုကြီးကို စောင့်နေပါ။ ငါ အောင်မြင်တဲ့အခါကျရင် ငါ ပြန်လာခဲ့ပြီး နင်နဲ့ ကျားလေးတို့ ထာဝရတူတူနေရအောင် လုပ်ပေးမယ်။ ဖြစ်နိုင်တာက အဲ့အချိန်ကျရင် ငါ့မှာ တူလေး၊တူမလေးတွေတောင် ရနေလောက်တယ်။ ဟားဟား…” ထိုလူငယ်က ပျော်နေသည့်ပုံပင်။
ထိုမိန်းကလေးက သူမရှေ့ရှိ လူငယ်ကို ကြည့်သည်။ သူမ၏မိဘနှစ်ပါး ဆုံးပါးသွားပြီးနောက် သူမ၏အစ်ကိုဖြစ်သူသည် သူမ၏ကောင်းကင် ဖြစ်လာခဲ့ပြီး သူမကို ကာကွယ်ပေးခဲ့လေ၏။ သူမ၏မျက်လုံးသည် နီရဲလာကာ ခေါင်းငုံ့ကာ တိုးညင်းစွာ ပြောလိုက်သည်။ “အစ်ကိုကြီး ကျိန်းသေပေါက် အောင်မြင်မှာပါ။ ညီမလေးလန် အစ်ကို ပြန်လာမှာကို စောင့်နေမယ်…”
“ဟုတ်ပါပြီ။ နင် လက်ထပ်တဲ့အခါကျရင် အစ်ကိုကြီးက နင့်အတွက် ခန်းဝင်ပစ္စည်းအများကြီး ပြင်ဆင်ထားတယ်။ ဒါမှ နင် ကောင်းကောင်းမွန်မွန် လက်ထပ်နိုင်မှာ…”
ထိုလူငယ် ညီမဖြစ်သူကို ကြည့်နေသော အကြည့်တွင် နူးညံ့မှုအပြည့်ပါနေ၏။
နောက်ရက်အနည်းငယ်ကြာသော် ထိုသာမန်ရွာလေးတွင် တေးသီချင်းများဖြင့် အသက်ဝင်ခဲ့လေ၏။ အမျိုးသမီးငယ်က မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားကာ ဝေါပေါ်ရှိ ခန်းဆီးစကို ပင့်၍ အပြင်သို့ ကြည့်နေသည်။ သူမ၏မျက်လုံးထဲတွင်လည်း စိုးရိမ်မှုတို့ အရိပ်အယောင်သန်းနေသည်။
“အစ်ကိုကြီးက ဘယ်များ ရောက်နေတာလဲ။ သူ ဘာလို့ အခုထိ ပြန်မလာသေးတာလဲ…”
အိမ်နီးနားချင်းအားလုံးသည် ရွာထဲရှိ မင်္ဂလာဆောင်အတွက် လောနေကြ၏။ သည်ဝန်းကျင်မှာ သက်ဝင်လှုပ်ရှားနေ၏။ ကလေးများကလည်း ဝေါ(လူနှစ်ယောက်ထမ်းရသောထမ်းစင်) ပတ်လည်တွင် ဆော့ကစားနေပြီး ရွှင်မြူးစွာ သီးချင်းများ ဆိုလျက်။
ပတ်ဝန်းကျင်မှ လူများကလည်း သည်လိုပျော်ရွှင်ဖွယ် အခမ်းအနားကို ပြုံး၍ ကြည့်နေသည်။
ထိုစဉ် မည်သူကမျှ သူတို့၏ရွာထဲသို့ မြင်းဆယ်ကောင်ကျော် ချဉ်းကပ်လာသည်ကို သတိမပြုမိကြပေ။ ထိုမြင်းများကို ဗလတောင့်တောင့် ရုပ်ကြမ်းကြမ်း လူဆယ်ယောက်ကျော်က သူတို့အချင်းချင်း စကားပြောရင်း စီးနင်းလာကြသည်။
မြင်းခွာသံများ မြေကြီးကို တုန်နေစေ၏။
သည်ရွာနှင့် သိပ်မဝေးသောနေရာတွင် တောင်တစ်လုံး ရှိကာ ထိုတောင်ကို တစ်နှစ်ပတ်လုံး တိမ်များ ရစ်သိုင်းထား၏။ ကောလာဟာလအရ သည်တောင်ပေါ်တွင် အင်မောတယ်မျာ ရှိသည်ဟူ၏။ ဤအခိုက်အတန့်တွင် လူငယ်တစ်ယောက်သည် ထိုတောင်တက်လမ်းကနေ ဆင်းလာသည်။ သူက ပြုံးနေ၏။
သူ့နောက်ကျောတွင်လည်း ဆေးပင်များစွာ ထည့်ထားသော ဆေးခြင်းတောင်းတစ်ခု ပါသည်။ ထိုခြင်းတောင်းထဲ၌ ဂျင်ဆင်းတစ်ပင်ပါ ပါလေ၏။ ထိုဂျင်းဆင်းသည် ကလေးလက်မောင်းလုံးခန့် ရှိပြီး စိတ်ဝိညာဉ်စွမ်းအင်ကို ပေးစွမ်းနေသည်။
“ဒီဘုရင်ဂျင်ဆင်းဟာ သက်တမ်းတစ်ရာလောက် ရှိပြီ။ ငါ ဒါကို ရဖို့ ရက်တော်တော် အချိန်ပေးလိုက်ရတယ်။ ဒါဟာ ညီမလေးရဲ့ ခန်းဝင်ပစ္စည်းအတွက် လုံလောက်မှာပါလေ…” လူငယ်၏အပြုံးသည် ပိုတောက်ပသထက် တောက်ပလာသည်။ သူက တောင်တစ်ဝက်သို့ ရောက်သည့်အခါ ရွာရှိရာသို့ လှမ်းမြှော်ကြည့်လိုက်သည်။ သို့ပေမည့် သူ တွေ့မြင်လိုက်ရသည့်အရ သူ့ခန္ဓာကိုယ်ကို တုန်ယင်ကာ နေရာတွင်ပင် တောင့်တောင့်ကြီး ဖြစ်လို့သွားစေ၏။
အဝေးကနေ သူ့ရွာထဲတွင် မီးများ ကြောက်မက်ဖွယ်ကောင်းလောက်အောင် လောင်ကျွမ်းနေသည်ကို မြင်ရလေသည်။
***