← Chapters

အဲ့နေ့ ရောက်လာနိုင်ပါတယ်…

Vol. 107 Ch. 1477

အဲ့နေ့ ရောက်လာနိုင်ပါတယ်…

Vol. 107 Ch. 1477

လူငယ်၏မျက်လုံးထဲ၌ ရူးသွပ်မှုတို့ ပြည့်နှက်လာ၏။ သူသည် မကောင်းသောခံစားချက် ရနေ၏။ သူ့ခန္ဓာကိုယ်သည် အေးစက်လာပြီး တောင်အောက်သို့ တရကြမ်းပြေးဆင်းတော့သည်။

တောင်ပေါ်သို့ တက်ရခြင်းမှာ ခက်ခဲ၏။ အောက်သို့ဆင်းရခြင်းမှာ ပို၍ခက်ခဲသေးသည်။

သူ တရကြမ်း ဆင်းလာရင်း ချက်ခြင်း ချောလဲကျ၏။ သူ့ခန္ဓာကိုယ်ပေါ်တွင်လည်း ဒဏ်ရာအနာတရများ ဖြစ်ပေါ်ကုန်ကာ သွေးများ ထွက်နေ၏။ သို့ပေမည့် ထိုလူငယ်က အရာအားလုံးကို လစ်လျူရှုကာ အောက်သို့ တရကြမ်းဆက်ဆင်းလာသည်။

“ဒါက မီးလောင်တာလေးပါ။ မီးလောင်တာပါ။ ကျန်တာ ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး။ ဘာမှ မဖြစ်လောက်ပါဘူး…” ထိုလူငယ်၏ခန္ဓာကိုယ်သည် တုန်ရီနေလျက် သူသည် ဝရောသုန်းကား အရူးအမူး ဆင်းသက်လာသည်။ သူ့နောက်ကျောပေါ်ရှိ ဆေးခြင်းတောင်မှာလည်း လှုပ်ခါနေပြီး အချို့ဆေးပင်များပါ ပြုတ်ကျကုန်သည်။ သို့သော် ထိုလူငယ်က အရာအားလုံးလစ်လျူရှုထားပြီး ဆက်၍ ပြေးဆင်းလာနေ၏။

လမ်းတစ်လျှောက်တွင် သူသည် အကြိမ်ရေများများ လဲကျ၏။ တစ်ခါဆို သစ်ကိုင်းတစ်ခုက သူ့ညာခြေထောက်ကို ထိုးခွဲသွားသေးသည်။ သို့သော် သူက ထိုဒဏ်ရာကို လစ်လျူရှုထားသည်။ သူ့မျက်လုံးထဲ၌လည်း စိုးရိမ်ပူပန်မှုတို့ ပြည့်နှက်လေ၏။

အချိန်အတန်ကြာပြီးနောက် ထိုလူငယ်သည် ဟောဟဲလိုက်ကာ တောင်ခြေသို့ ရောက်လာသည်။ သူက ရွာထံသို့ တရကြမ်း ပြေးလေ၏။ သူ့စိတ်နှလုံးသားမှာ တုန်ယင်နေလျက် ကြောက်ရွှံ့မှုတို့ ပြည့်နှက်နေသည်။

“ဘာမှ မဖြစ်လောက်ပါဘူး။ ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး…” ထိုလူငယ်၏နှလုံးသားထဲ၌ အလန့်တကြားအော်ဟစ်နေသည့်ပုံပင်။ သူ့ရှေ့ရှိ မြင်ကွင်းသည်ပင် ဝေဝါးလို့လာသည်။ သူက ခွန်အားကို သုံးကာ ရွာအပြင်လမ်းမသို့ ရောက်လာလေ၏။ သူက ရွာသို့ ရောက်ရန် ကီလိုမီတာဝက်လောက်သာ လိုတော့သည်။

သူက ရွာကို မမြင်ရသေးသော်လည်း ကြောက်မက်ဖွယ်မီးတောက်များကိုတော့ မြင်နေရ၏။ အော်သံများကိုလည်း ရေးတေးတေး ကြားရသည်။

“ညီမလေး…” ထိုလူငယ်သည် လမ်းအတိုင်း အရှေ့သို့ အမြန်ပြေးလာတော့၏။

ထိုအခိုက်အတန့်တွင် လမ်းတုန်ဟည်းမှုက ပို၍ပင် ပြင်းထန်လာ၏။ မြင်းဆယ်ကောင်ကျော်က အကြမ်းပတမ်း စီးနင်းလာကြ၏။ မြင်းပေါ် စီးနင်းလားသော အချို့ ကြမ်းကြုတ်ရက်စက်ဟန်နှင့်လူကြီးအချို့၏ ဟီလာတိုက် ရယ်မောသံကိုလည်း ကြားရနိုင်သည်။

“ဟားဟား…ဒီရွာလေးမှာ အခုလောက် မိန်းမလှတွေ ပေါလိမ့်မယ်လို့ ငါ မထင်ထားမိခဲ့ဘူး။ အရှင်ရဲ့ တာဝန် မပြီးပြတ်သေးတာကြောင့်သာ မဟုတ်ရင် ငါတော့ မိန်းမလှအနည်းငယ်လောက် တကယ်ခေါ်သွားချင်မိတယ်…”

“ဟုတ်တယ်။ အထူးသဖြင့် ဟိုသတိုးသမီးပဲ။ သူမဟာ တော်တော်လေး ကောင်းမွန်လှတယ်…”

ထိုမြင်းဆယ်စီးကျော်က လူငယ်ကို အလျင်အမြန် ဖြတ်ကျော်သွားကြ၏။ သူတို့ထဲမှ ဗလတောင့်တောင့်နှင့် လူတစ်ယောက်က လက်ထဲရှိ ကျာပွတ်ကို မြှောက်ကာ လမ်းဘေးရှိ လူငယ့်ထံသို့ ရိုက်ချလိုက်လေသည်။

“ခွေးကောင်လေး…မင်းက ငါတို့မြင်းဂိုဏ်းရဲ့လမ်းကို ပိတ်ဝံ့တယ်လား။ ဘေးကို ထွက်သွားစမ်း…”

ထိုလူငယ်၏ခန္ဓာကိုယ်သည် တုန်ယင်နေသည်။ သူက နာကျင်စွာ အော်ဟစ်လိုက်ရသည်။ ကျာပွတ်ရိုက်ချက်ခပ်ပြင်းပြင်းက သူ့ပေါ်သို့ ကျရောက်သွားပြီး လွင့်ထွက်သွားစေသည်။

မြင်းဆယ်ကောင်ကျော်သည်လည်း ဖြတ်ကျော်သွားရင်း ထိုလူကြမ်းများ၏ ရယ်သံမှာ ပဲ့တင်ထပ်ကျန်ခဲ့သည်။ အချိန်ကုန်လာကာ ညသို့ပင် ရောက်လာခဲ့သည်။ လေအေးများ တိုက်ခတ်လာလေပြီ။ လမ်းဘေးရှိ လူငယ်က တုန်ယင်နေ၏။ သူသည် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာသည်။ သူ့မျက်လုံးထဲ၌လည်း စိတ်ရှုပ်ထွေးမှုတို့ ပြည့်လျက် သူ့မျက်နှာမှာ ဖြူရောလို့နေသည်။

သူက ရုန်းကန်ထကာ သူ့ကိုယ်သူ ခပ်တိုးတိုး ပြောရင်း ရွာထံသို့ အတင်းပြေးပြန်သည်။

“ဘာမှမဖြစ်လောက်ပါဘူး။ ဘာမှ မဖြစ်လောက်ပါဘူး။ ညီမလေး ဘာမှ မဖြစ်နိုင်ပါဘူး…”

အချိန်အတန်ကြာပြီးနောက် မီးလောင်ခံထားရသော ရွာသည် ထိုလူငယ်၏မြင်ကွင်းရှေ့တွင် လရောင်အောက်၌ ပေါ်လာ၏။ လူငယ်သည် သူ့ရှေ့ရှိ ရွာကို အလန့်တကြား ကြည့်နေမိသည်။ ထို့နောက် သူက ရှေ့သို့ တရကြမ်း ပြေးသွားရင်း ထိတ်လန့်တကြားအော်ခေါ်လေသည်။

“ညီမလေး…ညီမလေး…ညီမလေးလန်…”

အတင်းပြေးလာရင်း လူငယ်သည် ရွာထဲ ဝင်လာ၏။ မီးခိုးများက ကျန်ရှိနေဆဲပင်။ လေထဲ၌ သွေးနံ့တို့လည်း လှိုင်နေဆဲသာ။ မြေပြင်ထက်တွင်လည်း ကောင်းကင်ထက်သို့ မော့ကြည့်လျက် သေဆုံးနေသော အလောင်းများ ရှိနေသည်။

ထိုမြင်ကွင်းသည် လူငယ်၏စိတ်နှလုံးကို ပြင်းထန်စွာ နာကျင်စေကာ လုပြိုကျမတတ် ဖြစ်သွားစေသည်။ ထိုအလောင်းများသည် သူနှင့် အလွန်ရင်းနှီးသူများ ဖြစ်လေ၏။

ပတ်ဝန်းကျင်ရှိ အိမ်တော်တော်များများမှာလည်း မီးလောင်ခံထားရသည်။ ဝေါတစ်ခုသာ မီးမလောင်ဘဲ ရှိနေ၏။

ထိုလူငယ်က အောက်နှုတ်ခမ်းကို တင်းတင်း ကိုက်ထားမိ၏။ သူ့ခန္ဓာကိုယ်သည် တုန်ယင်လျက် ထိတ်လန့်မှုတို့ ပြည့်နှက်နေသည်။ သူက မီးလောင်နေသော အိမ်အနားရှိ ဝေါထံသို့ လှမ်းလျှောက်လာသည်။ ထိုနေရာတွင် ခန္ဓာကိုယ်တစ်ခု လဲကျနေသည်။ ၎င်းမှာ သူ့သူငယ်ချင်း ကျားလေး၏အလောင်း ဖြစ်နေ၏။ သူ့အလောင်းဘေးတွင်လည်း သူ့အမဖြစ်သူ ဟုန်ဟုန်၏အလောင်း ရှိနေသည်။ လူငယ်က အိမ်ထဲသို့ ဆက်ဝင်လာရာ မီးအနည်းငယ်လောင်ထားသော အခန်းတစ်ခုထဲ၌ သူ့ညီမဖြစ်သူကို မြင်လိုက်ရ၏။ သူ့ညီမ၏အလောင်းမှာ သွေးများဖြင့် ပေပွကာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေချေသည်။ သူမ၏မျက်လုံးထဲ၌လည်း စိတ်ရှုပ်ထွေးမှုတို့ ပြည့်လျက် အကွာအဝေးတစ်ခုသို့ ငေးမောနေသည့်ဟန်။ သူမက သူမချစ်ရသူတစ်ယောက်ကို စောင့်မျှော်ခဲ့လေသည်လော။ ထိုလူငယ်သည် ညီမဖြစ်သူ၏အလောင်းကို တွေ့မြင်ရသည့်အခါ‌ သွေးအန်လိုက်ရ၏။

“ညီမလေး…” သူ့အသံသည် တိတ်ဆိတ်ခြောက်ကပ်နေသော ညမှာ ပဲ့တင်ထပ်လေ၏။ ထိုအသံသည် အချိန်ကြာသည့်အထိ ရှိနေဟန် ထင်ရ၏။ “မငိုပါနဲ့ ညီမလေးလန်၊ အဆင်ပြေသွားမှာပါ။ အစ်ကိုကြီး ထပ်ပြီး အအိပ်မမက်တော့ပါဘူး။ ငါ နင့်အတွက် ခရမ်းရောင်သစ်ခွ သွားခူးပေးပါ့မယ်။ ဟုတ်ပြီနော်…မငိုနဲ့တော့နော်…”

“ညီမလေးလန်၊ နင် ငါ့ကို အဖေနဲ့အမေ ဘယ်ရောက်သွားတာလဲလို့ အကြိမ်ရာချီ မေးဖူးခဲ့တယ်။ အစ်ကိုကြီးက သူတို့ ဘယ်ရောက်သွားလဲ နင့်ကို မပြောပြခဲ့ဘူး။ သူတို့ဟာ လန်လန်ကြီးပြင်းတာကို စောင့်ကြည့်ပြီး လန်လန် လက်ထပ်တဲ့ထိ စောင့်ကြည့်နေမှာပါလို့။ နင် မငိုနဲ့တော့နော်…”

“အား…နင်က ကျားလေးကို မနှစ်သက်မှတော့ ထားလိုက်ပါတော့လေ။ အစ်ကိုကြီးကလည်း နင် ပြောသလို ကျားလေးရဲ့ အမကို သဘောကျတာ မဟုတ်ပါဘူး…”

“အစ်ကိုကြီးရဲ့ အိပ်မက်ဟာ အင်မောတယ်တစ်ယောက် ဖြစ်လာဖို့ပဲ။ ညီမလေးလန်…နင် ငါ့ကို စောင့်နေပါ။ ငါ အောင်မြင်တဲ့အခါကျရင် ပြန်လာခဲ့ပြီး နင်နဲ့ကျားလေးတို့ ထာဝရနေထိုင်လို့ရအောင် ငါ ကူညီပေးမယ်…”

“နင် လက်ထပ်တဲ့အခါကျရင် အစ်ကိုကြီးဟာ နင့်အတွက် ခန်းဝင်ပစ္စည်းအများကြီး ပြင်ဆင်ပေးထားမယ်။ ဒါမှ နင် ကောင်းကောင်းမွန်မွန် လက်ထပ်နိုင်မှာ…”

ထိုလူငယ်သည် ပြိုလဲကျသွားလေ၏။ သူသည် သူ့ညီမဖြစ်သူကို မျက်လုံးဟောက်ပက်ဖြင့် ကြည့်နေမိသည်။

ရက်အတော်အတန်ကြာပြီးနောက် ထိုလူငယ်က ရွာထဲရှိ အလောင်းများကို မြေမြှုပ်ပေးလိုက်၏။ သူ့ညီမလေးကိုတော့ တောင်ထိပ်ပေါ်တွင် သီးသန့်မြှုပ်နှံ့ပေးသည်။ ထိုနေရာမှာ မြင့်မားပြီး ခရမ်းရောင်သစ်ခွပန်းများ ပေါက်‌ရောက်သောနေရာ ဖြစ်သည်။ ထိုလူငယ်က သူ့ညီမ၏ အဖြူရောင်ဇာပုဝါအပိုင်းအစကိုလည်း သိမ်းဆည်းထားလိုက်၏။ ခဏအကြာတွင် သူသည် သူ့ညီမဖြစ်သူ၏ စိတ်ဝိညာဉ်မှာ သည်အဖြူရောင်ဇာပုဝါအတွင်းသို့ ဝင်ရောက်သွားသည်ဟု ခံစားမိလိုက်သည်။

သူသည် ရွာက ထွက်လာသည့်အခါ နောက်သို့လှည့်ကြည့်ပြီး အဖြူရောင်ဇာပုဝါကို ထုတ်ယူလိုက်သည်။ ထိုအခါ သူ့နားထဲသို့ ခေါင်းလောင်သံအလား သာယာဖွယ်အသံတစ်သံ တိုးဝင်လာသည့်ဟန်ပင်။

“အစ်ကိုကြီး…အစ်ကိုကြီး…ထပါတော့…ဟိုမှာ ကြည့်လိုက် ခရမ်းရောင်သစ်ခွပန်းတွေ…”

“အစ်ကိုကြီး…အဖေနဲ့အမေရော။ လန်လန် သူတို့ကို သတိရလို့…”

“အစ်ကိုကြီး…”

ထိုလူငယ်သည် သူ့အောက်နှုတ်ခမ်းကို သွေးစိမ့်ထွက်သည့်အထိ ကိုက်ထား၏။ အဖြူရောင်ဇာပုဝါပေါ်သို့ သွေးစက်အချို့ ကျရောက်သွားသည်။ သွေးစက်က ၎င်းဇာပုဝါပေါ်တွင် ပျံ့သွားပြီးနောက် မက်မွန်ပန်းအသွင်သို့ ပြောင်းလဲသွားသည်။

“မြင်းဂိုဏ်း…” ထိုလူငယ်၏မျက်လုံးထဲ၌ ကြောက်မက်ဖွယ်အမုန်းတရားတို့ ပြည့်နှက်နေ၏။ သူက အကွာအဝေးတစ်ခုဆီ ဝေးသထက်ဝေးဝေး လျှောက်လှမ်းသွားလေသည်။

အချိန်ကုန်ဆုံးနေ၏။ ဖျပ်ခနဲအတွင်း ဆယ်စုနှစ်များ ကုန်လွန်သွားသည်။ ထိုလူငယ်၏ ပါရမီသည် သူ့ကိုယ်တိုင်စိတ်ကူးနိုင်သည်ထက် ပိုနေခဲ့၏။ သူက ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်သို့ ဝင်ရောက်ခဲ့ပြီးနောက် သူသည် ဂျူနီယာမျိုးဆက်ကြား ခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့လေသည်။

တနေ့တွင် မိုးသည်းသော ညတစ်ည၌ မြင်းဂိုဏ်းဝင် ထောင့်လေးရာသည် ညတွင်းချင်း အသက်ခံခဲ့ရလေ၏။ မည်သူကိုမျှ ချမ်းသာမပေးခဲ့ပေ။ မြင်းများသည်ပင် အသက်ခံခဲ့ရသည်။ ထိုထဲမှ အဖွဲ့ဝင်လူအိုကြီးရှစ်ယောက်၊ခုနစ်ယောက်လောက်ကတော့ မသေခင်တွင် အဆိုးရွားဆုံး ခံစားသွားခဲ့ရသည်။

သူတို့၏စိတ်ဝိညာဉ်များပါ နှုတ်ယူခြင်း ခံရပြီး သန့်စင်ခြင်းခံရကာ ပြန်လည်မွေးဖွားခြင်းစက်ဝန်းအတွင်းသို့ မဝင်ရောက်နိုင် ဖြစ်သွားလေ၏။ သို့ပေမည့် စစ်မာမိုသည် နာကျင်မှုကို ခံစားနေရသေးသည်သာ။

သူ ကလန်သို့ ပြန်ရောက်လာပြီးနောက် နောက်ထပ်နှစ်တစ်ရာ ကုန်ဆုံးသွားပြန်သည်။ စစ်မာမိုသည် စဦးစိတ်ဝိညာဉ်အဆင့်သို့ ရောက်လာကာ လူငယ်မျိုးဆက်များကြား၌ အသန်မာဆုံး ဖြစ်လာခဲ့သည်။ သူက ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန် ခေါင်းဆောင်၏ မျက်စိကျခြင်းကို ခံရကာ ကလန်ခေါင်းဆောင်၏ တပည့် ဖြစ်လာခဲ့သည်။

ဆောင်းရာသီအတွင်း စစ်မာမိုသည် ကလန်ကနေ ထပ်မံ ဆင်းသက်လာသည်။ သူက သူ့ညီမနှင့်သူ့ရွာကို မီးရှိုူ့သတ်ဖြတ်သွားခဲ့သော တရားခံများ၏ ပြန်လည်မွေးဖွားခြင်းကို တွက်ချက်ကာ သတ်ဖြတ်မှု စတင်ပြန်သည်။

ထိုကဲ့သို့ အမုန်းတရားမျိုးမှာ စာဖွဲ့ရလောက်ပေ၏။

အချိန်ကုန်လွန်လာခဲ့သည်။ ဝမ်လင်းသည် အရှင်စစ်မို၏မှတ်ဉာဏ်အတွင်းရှိ အရာအားလုံးကို မြင်သည်။ သူသည် ငြိမ်သက်စွာ စဉ်းစားနေ၏။

သူက နောက်ပိုင်းနှစ်သောင်းချီအချိန်ကာလ၊ အရှင်စစ်မို သူ့ကလန်ဝင်များ ခုနစ်ရောင်စုံလောကတွင် သေဆုံးသည်ကို ကြည့်နေသောအချိန်ထိ တွေ့မြင်ပေသည်။ အရှင်စစ်မို၏ခန္ဓာကိုယ်ကို ခုနစ်ရောင်စုံလက်သည်းဖြင့် ထိမှန်ခြင်း ခံရကာ သူ့အား အုပ်စိုးသူက ခေါ်ဆောင်သွားခဲ့သည်ကိုပါ မြင်သည်။ “ငါ စစ်မာမိုဟာ ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်ကနေ နှင်ထုတ်ခံရပေမယ့် အတွင်းနယ်မြေရဲ့လူတစ်ယောက်ပဲ။ ငါက ဘယ်လိုလုပ် ပြင်ပနယ်မြေရဲ့ ခွေးတစ်ကောင် ဖြစ်လာနိုင်မှာလဲ။ ငါက ငါအသက်ရှင်ဖို့အတွက်နဲ့ အရာအားလုံးကို ဘာလို့ လက်လွှတ်ရမှာလဲ။ ငါက တတိယအဆင့်ကို ရောက်ဖို့အတွက်နဲ့ ဘာလို့ သစ္စာဖောက်ရမှာလဲ…”

“ငါ သေရမယ်ဆိုရင်တောင် သေလိုက်ရုံပေါ့…”

ရှေးဟောင်းအသံတစ်ခုသည် သည်လောကကနေ ထွက်ပေါ်လာကာ အရှင်စစ်မို၏စိတ်အတွင်းသို့ ဝင်ရောက်လာသည်။ “ဒီအဘိုးအိုက မင်းကို သေတာကနေ တားဆီးပေးရုံသာမက မင်းရဲ့ ညီမဖြစ်သူကိုပါ ပြန်ဖွဲ့စည်းပေးနိုင်တယ်။ ငါဟ သူမကို အသက်ပြန်ရှင်အောင် မလုပ်ပေးနိုင်ပေမဲ့ သူမကို မင်းရဲ့ဘေးမှာ တစ်သက်လုံးနေလို့ ရအောင် ငါ လုပ်ပေးနိုင်တယ်။ မင်းရဲ့ ကျင့်ကြံမှုသာ အောင်မြင်သွားခဲ့ရင် မင်းအနေနဲ့ သူမကို အသက်ပြန်သွင်းပေးနိုင်တဲ့ တစ်စုံတစ်ယောက်ကိုလည်း တွေ့ကောင်းတွေ့လာနိုင်တယ်။ မင်း အခုသေလိုက်မယ်ဆိုရင်တော့ အရာအားလုံးဟာ ဘာမှ ဖြစ်လာမှာ မဟုတ်တော့ဘူး…”

စစ်မာမို၏စိတ်သည် တုန်ယင်သွား၏။ “ဒီအဘိုးအိုနဲ့အတူ လိုက်လာပါ။ အခုကစပြီး မင်းဟာ အတွင်းနယ်မြေရဲ့ စစ်မာမို မဟုတ်တော့ဘူး။ ဒီအုပ်စိုးသူအဘိုးအိုရဲ့ အစေခံ ဖြစ်လာရမယ်။ မင်းကိုလည်း အရှင်စစ်မိုလို့ ငါ နာမည်ပေးလိုက်မယ်…”

အင်ပါယာမီးပြင်ဖိုအတွင်း၌ အရှင်စစ်မို၏မျက်လုံးများသည် ဝေဝါးနေလျက် မျက်ရည်များ ကျဆင်းနေသည်။ သူ့မျက်ခုံးနှစ်ခုကြားရှိ လက်သည်းအရွယ်အစားမီးသည်လည်း တဖြည်းဖြည်း ပျံ့နှံ့လာကာ သူ့နဖူးထိ သိမ်းပိုက်သွားသည်။

အင်ပါယာမီးပြင်းဖို၏အပြင်ဘက်တွင်မူ ဝမ်လင်းသည် မီးပြင်ဖိုအပေါ်တွင် ထိုင်နေ၏။ သူက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏အကြည့်အောက်တွင် မျက်လုံးဖွင့်လာခဲ့သည်။ သူ့မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှုတို့ ရှိနေ၏။ အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက သက်ပြင်းချကာ မတ်တပ်ထရပ်လိုက်သည်။ သူက ရှေ့သို့ လှမ်းကာ လက်ဝေ့ယမ်းလိုက်လေ၏။ အင်ပါယာမီးပြင်းဖိုမှာ တုန်ယင်ကာ ကွယ်ပျောက်သွားချေသည်။

အရှင်စစ်မို၏ပုံရိပ်လည်း ထွက်ပေါ်လာတော့၏။

ဝမ်လင်းက အရှင်စစ်မို၏မှတ်ဉာဏ်များထဲ၌ အတွေးအချို့တော့ ချန်ထားခဲ့ပေ၏။ သူသည် အရှင်စစ်မိုကို ဆက်လက် မသန့်စင်ပစ်တော့ပေ။

ထိုသန့်စင်ခြင်းဖြစ်စဉ်က မအောင်မြင်တာလည်း ဖြစ်နိုင်၏။ အရှင်စစ်မိုထံတွင် ရတနာများစွာ ရှိနေသေးသည် မဟုတ်လား။ သည်တိုက်ပွဲသည် ဆက်တိုက်ခိုက်လျှင်လည်း ဘာအဓိပ္ပာယ်မှ မရှိတော့ပေ။

အရှင်စစ်မိုက လေထဲသို့ ခုန်တက်လိုက်၏။ သူက အချိန်အတန်ကြာသည့်အထိ စဉ်းစားနေသည်။ ထို့နောက် သူ့လက်ကို ဝေ့ယမ်းလိုက်ရာ ဇာပုဝါဖြူနှင့်အမျိုးသမီးသည် သူ့အင်္ကျီလက်အိုးအတွင်းသို့ ပျောက်ကွယ်သွားလေ၏။

အရှင်စစ်မို၏ကျင့်ကြံမှုအဆင့်ဖြင့် သူသည် မည်သို့ဖြစ်ပျက်ခဲ့သည်ကို ခပ်ရေးရေး သဘောပေါက်လေ၏။ သူက ဝမ်လင်းကို အလွန်စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်လိုက်သည်။

“ကျေးဇူးပြုပြီး ငါ့ကို ပြောပြပေးပါ။ စောနက သူမရဲ့ စကားတွေဟာ မင်းရဲ့ မန္တာန်ကြောင့်လား ဒါမှမဟုတ်…”

“ငါလည်း မသိဘူး…” ဝမ်လင်းသည် သက်ပြင်းချလိုက်မိ၏။

“ငါသာ အရှင်စစ်မိုရဲ့ နေရာမှာဆိုရင် သူ့ညီမဟာ ဝမ်အာသာ ဖြစ်ခဲ့ရင်ရော…ငါ ဘယ်လိုများ ရွေးချယ်မလဲ…” ဝမ်လင်းသည် ထိုမေးခွန်း၏အဖြေကို တွေးရမှာပင် စိုးရွှံ့လေ၏။ ဖြစ်နိုင်သည်က သူသည် အရှင်စစ်မိုကို ပေးခဲ့သော အဖြေနှင့် အတူတူလော၊ သို့မဟုတ် သူ့ထံ၌ အဖြေတစ်ခုရှိနှင့်ပြီးသားလော။

***

All Chapters