ပန်းတိုင်
Vol. 108 Ch. 1479
“မှတ်ထားပါ…မဖြစ်မနေ လိုအပ်လို့ မဟုတ်ရင် ဒီမန္တာန်ကို အသုံးမပြုပါနဲ့…” ဟင်္သာငှက်အဘိုးအိုသည် အလေးအနက်ဖြစ်လာ၏။ သူ့စကားကို အဆုံးသပ်ပြီးနောက် သူက အသက်ဝဝရှိုက်သွင်းကာ သူ့လက်နှစ်ဖက်ဖြင့် ထူးဆန်းသောချိပ်ဟန်တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။
ထိုချိပ်ဟန်ပေါ်လာသည်နှင့် ဟင်္သာငှက်အဘိုးအို၏မျက်ခုံးနှစ်ခုကြားမှ သိမ်မွေ့ဆန်းကြယ်မီး ထွက်ပေါ်လာကာ ၎င်းချိပ်တံဆိပ်အတွင်းသို့ ဝင်ရောက်သွားသည်။ ထိုအခါ သည်ချိပ်ဟန်မှာ အနီရောင်တလက်လက် လင်းသွားပြီးနောက် ဆယ်ပေခန့်ရှည်သော မီးအရိုးတစ်ခုအသွင် ဖြစ်ပေါ်သည်။
အရိုးတစ်ခုဟူ၍ ခေါ်ရသည်ကပင် သိပ်တော့ မသင့်တော်ပေ။ ၎င်းသည် တုတ်တစ်ချောင်းနှင့် ပိုတူပြီး အလွန်တရာ ချောမွတ်သည်။
ထိုမီးအရိုးပေါ်လာသည့်အခါ ဟင်္သာငှက်အဘိုးအို၏မျက်လုံးသည် အလေးအနက် ဖြစ်လာသည်။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို ထပ်မံဖြစ်စေရာ ပါးလှပ်သောမျဉ်းလိုင်းများ စတင်ပေါ်လာသည်။ ယင်းမျဉ်းလိုင်းများသည် မီးအရိုးကို ဝန်းရံထားခြင်းမဟုတ်၊ ၎င်း၏ထိပ်ဖျားကနေ ဆန့်ထွက်နေခြင်းပင်။
ဟင်္သာငှက်အဘိုးအို၏မန္တာန်ကြောင့် ဖြစ်ပေါ်လာသော ထိုအရာမှာ အတော်လေး ထူးဆန်းဟန် ပေါ်သည်။ သင်သာ ထိုမျဉ်းလိုင်းများကြား ဆီစိမ်စက္ကူအချို့ကို ဖြန့်ထားလိုက်ပါက ၎င်းအရာသည် သေမျိုးများ မိုးရာသီတွင် အသုံးပြုသော ထီးများနှင့် အတော်လေး ဆင်တူသည်ကို တွေ့ရပေလိမ့်မည်။
ဝမ်လင်းက စိတ်ပါဝင်စားစွာ စူးစိုက်ကြည့်နေ၏။ သူသည် ဟင်္သာငှက်အဘိုးအိုက မတူကွဲပြားသော ချိပ်ဟန်အစုံလိုက်နှစ်ခုကို ဖန်တီးခဲ့သည်အား မြင်၏။ ပထမချိပ်ဟန်တွင် ချက်ခြင်းလိုလို ချိပ်တံဆိပ်ပေါင်း (၉၉၉)ခု ဖြစ်လာ၏။ ဒုတိယတစ်ခုတွင်မူ ပိုများကာ အတိအကျဆိုပါက သူသည် ဖျပ်ခနဲအတွင်းမှာ ချိပ်တံဆိပ်ပေါင်း (၉၉၉၉)ခု ဖန်တီးလိုက်ခြင်းပင်။
မူလစွမ်းအင်တုန်ခါလှိုင်း တစ်ခုတလေပင် ထုတ်လွှတ်နေခြင်းမရှိပေ။ ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်တိတ်ဆိတ်နေလေ၏။
ချိပ်ဟန်နှစ်စုံကို ဖြစ်ပေါ်စေပြီးနောက် ဟင်္သာငှက်အဘိုးအိုသည် ပို၍လေးနက်လာသည်။ သူက အသက်ဝဝရှုသွင်း၏။ သူ့မျက်လုံးထံမှ ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်လာသည်။ သူ့လက်နှစ်ဖက်ဖြင့်လည်း ချိပ်ဟန်များကို ထပ်မံ ဖြစ်ပေါ်စေသည်။ ထို့နောက် အလင်းတစ်ခုသည် အဘက်ဘက်သို့ စတင်ပျံ့လွင့်ကာ ရေကန်ထဲသို့ ထွင်းဖောက်သွားသည်။
ဟင်္သာငှက်အဘိုးအို၏လက်နှစ်ဖက်သည် ပိုမြန်လာသည်။ တန့်သွားခြင်းလုံးဝမရှိဘဲ ချိပ်တံဆိပ်များတစ်ခုပြီးတစ်ခု ပေါ်လာလေ၏။ တစ်ခုမှသည် အခုတစ်ရာ၊ တစ်ရာမှ တစ်ထောင်၊ တစ်သောင်း၊ တစ်သိန်းထိ ရှိလာ၏။
ဟင်္သာငှက်အဘိုးအို၏လက်နှစ်ဖက် လှုပ်ရှားမှုမှာ မြန်ဆန်လွန်းသည်။ မျက်လုံးဖြင့်ပင် မမြင်ရနိုင်တော့ပေ။ နတ်ဘုရားအာရုံဖြင့် ကြည့်လျှင်ပင် ဆန်းကြယ်သောအားတစ်ခု၏ တားဆီးခြင်းကို ခံရမည်သာ။
ဟင်္သာငှက်အဘိုးအိုသည် မာန်သွင်းလိုက်၏။ သူ့လက်ထဲရှိ ချိပ်တံဆိပ်များသည် တစ်သန်းထိ ရောက်လာခဲ့ချေပြီ။ ချိပ်တံဆိပ်တစ်သန်းသည် တစ်ချိန်တည်းပေါ်လာပြီး မုန်တိုင်းတစ်ခုအသွင် ဖန်တီးသည်။ ထိုမုန်တိုင်းမှာ မီးအရိုးထံသို့ တိုးဝင်သွားလေသည်။
လျှပ်တပြတ်အတွင်း ထိုမုန်တိုင်းသည် မီးအရိုးနှင့် ပေါင်းစပ်ကာ ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။
ဝမ်လင်းက အသက်ဝဝရှုသွင်းလိုက်ပြီး ကောင်းကင်ထက်သို့ မော့ကြည့်သည်။ သူ့မျက်လုံးသူငယ်အိမ်ပါ ချက်ခြင်း ကြုံ့သွားမိလေ၏။
ထိုမုန်တိုင်းသည် ဧရာမထီးကြီးတစ်လက် မဖွင့်ဟသေးသည့်အသွင် ဖြစ်နေဟန် ထင်ရသည်။ ၎င်းပတ်လည်တွင်လည်း မီးမြောက်များစွာမှ ဖြစ်ပေါ်နေသော မရေမတွက်နိုင်သည့် မီးနဂါးများစွာ ရှိနေသည်။
ကောင်းကင်တစ်ခုလုံးသည် ထိုမီးနဂါးများဖြင့် ပြည့်ဖုံးလျက် ရှိ၏။ ၎င်းတို့သည် ထီးအသွင်ကို ဝန်းရံထားပြီး ဟိန်းအော်နေသည်။ ထိုမြင်ကွင်းကို မဟာအင်ပါယာဂြိုဟ်၏ ထောင့်စုံနေရာစုံကနေပင် မြင်ရနိုင်ပေ၏။
“နယ်မြေလောင်ကျွမ်းခြင်းရှေးဟောင်းထီး…” ဟင်္သာငှက်အဘိုးအိုသည် မာန်သွင်းလိုက်၏။ မုန်တိုင်းသည် ရုတ်တရက် လှည့်ပတ်နေရာကနေ ရပ်တန့်သွားသည်။ ၎င်းသည် လေထဲတွင် မလှုပ်မယှက် ရှိနေ၏။
ပြောပြနိုင်ဖို့မစွမ်းသာသော ဖိအားတစ်ခုသည် ကောင်းကင်ထက်မှ ဖြည်းဖြည်းချင်း ဆင်းသက်လာလေ၏။ အပင်များသည် ကိုင်းညွတ်ကာ ရေငွေ့များစွာ ထွက်ပေါ်လာ၏။ ရေကန်ထဲရှိ ငါးများသည် အလျင်အမြန် ကူးခတ်ကုန်သည်။ ရေကန်မျက်နှာပြင်ထက်တွင်လည်း ရေပူသီဖောင်းလေးများ ပေါ်လာ၏။
မြေပြင်ထက်တွင်လည်း မီးအက်ကြောင်းများစွာ ပေါ်လာသည်။
ထိုအခြင်းအရာများကို တွေ့မြင်ရသော ကျင့်ကြံသူတိုင်းသည် သူတို့၏ခန္ဓာကိုယ်ထဲရှိ သွေးများ ခြောက်ခမ်းလာသည်ဟု ခံစားရလေ၏။
ကောင်းကင်သည် တွန့်ခေါက်ပျက်စီးမှုတို့ဖြင့် ပြည့်နှက်နေ၏။ မုန်တိုင်းဒဏ်ကို တောင့်မခံနိုင်တော့သည့်အလား။ ထိုတွန့်ခေါက်မှုသည် ဆက်လက်ပျံ့နှံ့ကာ ပြိုလဲကုန်းမြေတစ်ဝက်နီးပါးထိ ဖုံးလွှမ်းသွားလေသည်။
ဟင်္သာငှက်အဘိုးအို၏အသက်ရှုသံသည် အနည်းငယ်ပြင်းလာ၏။ ကြည့်ရသည်မှာ သူသည် ထိုမန္တာန်ကို အသုံးပြုဖို့ အင်အားများစွာ စိုက်ထုတ်ထားရသည့်နှယ်။
“ပထမချိပ်ဟန်အုပ်စုဟာ ချိပ်တံဆိပ်ပေါင်း(၉၉၉)ခု၊ ဒုတိယအုပ်စုဟာ ချိပ်တံဆိပ်ပေါင်း(၉၉၉၉) ပါဝင်တယ်။ တတိယနဲ့ စတုတ္ထအုပ်စုတို့မှာဆို (၉၉၀၀၀၀)ခု ပါဝင်တယ်…”
“မင်းဟာ အသက်ကိုးကြိမ်ရှုစာအချိန်အတွင်းမှာ ဒီချိပ်တံဆိပ်အားလုံးကို ထုတ်ဖော်နိုင်ရမယ်။ ချိပ်တံဆိပ်တစ်ခုချင်းစီမှာ မင်းရဲ့ မူလစိတ်ဝိညာဉ်ယန်စွမ်းအင် ပါဝင်ရမယ်။ အဲ့ဒီနောက် အထူးမန္တာန်တစ်ခုနဲ့ မင်းဟာ ငါတို့ဟင်္သာငှက်ကလန်ရဲ့ အသန်မာဆုံးမန္တာန်ဖြစ်တဲ့ လောင်ကျွမ်းနယ်မြေရှေးဟောင်းထီး မန္တာန်ကို ဖြစ်ပေါ်နိုင်ပြီ…”
“မင်းက ဒီချိပ်တံဆိပ်တွေ ပြုလုပ်နေတဲ့အတွင်း အမှားတစ်ခု လုပ်မိတာနဲ့ အကျိုးဆက်ဟာ မခန့်မှန်းနိုင် ဖြစ်သွားလိမ့်မယ်။ ငါ့ရဲ့ လေဟာနယ်ဆန်းကြယ်ကျင့်အလယ်အလတ်အဆင့် ကျင့်ကြံမှုနဲ့တောင်မှ အဲ့လိုအမှားလုပ်မိခဲ့ရင် အပြင်းအထန် ဒဏ်ရာရသွားမှာပဲ။ မီးကျင့်ကြံသူ မဟုတ်တဲ့သူတစ်ယောက်ယောက်က အမှားတစ်ခု လုပ်ခဲ့မိရင်တော့ အဲ့လူဟာ သေရလိမ့်မယ်…”
“ဒီမန္တာန်ဟာ ရှေးဟောင်းကောင်းကင်ဘုံသားအုပ်စိုးသူဆီကနေ လာတာ။ ဒီအဘိုးအိုဟာ ဘိုးဘေးရှိကနေ တစ်ခါကြားခဲ့ဖူးတာက သူ့ရဲ့မွေးရပ်မြေမှာ ရှေးဟောင်းကောင်းကင်ဘုံသားအုပ်စိုးသူဟာ ဒီမန္တာန်ကို အသုံးပြုပြီး လူသန်းတစ်ရာကိုရှိတဲ့ နယ်မြေတစ်ခုလုံးကို ဖျက်စီးခဲ့တယ်တဲ့။ ဒါ့ကြောင့်လည်း ဒီမန္တာန်ကို လောင်ကျွမ်းနယ်မြေ လို့ခေါ်တာ…”
“ရှေးဟောင်းကောင်းကင်ဘုံသားအုပ်စိုးသူရဲ့ လက်ထဲမှာဆို ဒီမန္တာန်ဟာ အလွန်တရာ အစွမ်းထက်တယ်။ ဒီအဘိးအိုအနေနဲ့ ဒါဟာ တာအိုမန္တာန်တစ်ခု ဟုတ်လား၊မဟုတ်လားတော့ မသိဘူး။ ဒါပေမဲ့ ဘိုးဘေးပြောခဲ့ဖူးတာကတော့ ဒီထီးဟာ ကိုးကြိမ်တိုင်တိုင် ပွင့်ဟနိုင်တယ်တဲ့။ တစ်ကြိမ်ပွင့်ဟတိုင်းမှာလည်း လောကတစ်ခု ဖျက်စီးခံရနိုင်တယ်…”
“အတိတ်တုန်းက ရှေးဟောင်းကောင်းကင်ဘုံသားအုပ်စိုးသူဟာ ဒီထီးကို နယ်မြေတစ်ခုကို ဖျက်စီးအတွက် ရှစ်ကြိမ်ဖွင့်လှစ်ခဲ့တယ်။ သူတောင်မှ ကိုးကြိမ်မြောက်ကို မဖွင့်လှစ်ရဲခဲ့ဘူး။ ဘိုးဘေး(ပထမမျိုးဆက်ဟင်္သာငှက်) လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့်မှာ ရှိတဲ့သူဖြစ်ပြီး သူဟာ ဒီထီးကို ငါးကြိမ်တိုင် ဖွင့်လှစ်နိုင်တယ်။ ဒီအဘိုးအိုကတော့ ငါ့ရဲ့ မပျက်မယွင်းဘဲ ရှိနေသေးတဲ့ မူလစိတ်ဝိညာဉ်ယန်ဓာတ်ကြောင့် ငါဟာ ငါ့ရဲ့ လေဟာနယ်ဆန်းကြယ်အလယ်အဆင့်နဲ့တင် နှစ်ကြိမ်တိုင် ဖွင့်လှစ်နိုင်တယ်…”
“ငါ့အနေနဲ့ ဒီမန္တာန်ကို မင်းရှိ မလွှဲပြောင်းသင့်ဘူး။ ဘာလို့လဲဆိုတော့ ဒီမန္တာန်ဟာ အန္တရာယ်များလွန်းတယ်။ အမှားတစ်ခု လုပ်မိတာနဲ့ ဘေးဒုက္ခရောက်သွားနိုင်တယ်။ ဘိုးဘေးပြောခဲ့ဖူးတာကတော့ ဒီမန္တာန်ဟာ မပြီးပြည့်စုံဘူးတဲ့။ ရှေးဟောင်းကောင်းကင်ဘုံအင်ပါယာဟာ ဒီမန္တာန်ကို တစ်ယောက်ယောက်စီကနေ လျှို့ဝှက်သင်ယူခဲ့တာလို့ ဆိုတယ်။ ဒါပေမဲ့ မင်းရဲ့ နားလည်မှုအစွမ်းဟာ မြင့်မားလွန်းတဲ့အတွက် မင်းအနေနဲ့ မင်းဘာသာ ဆုံးဖြတ်နိုင်ပါလိမ့်မယ်…”
ဟင်္သာငှက်အဘိုးအို၏စကားများသည် ပဲ့တင်ထပ်နေစဉ် ဝမ်လင်းက ကောင်းကင်ထက်ရှိ ထီးသဏ္ဌာန်ကို စူးစိုက်ကြည့်နေသည်။ ထိုအဘိုးအို၏စကားများကြောင့် သူ့စိတ်မှာ တုန်လှုပ်ရပေသည်။
အစတုန်းက သူသည် ဟင်္သာငှက်အဘိုးအိုက သူ့ကို တာအိုမန္တာန်တစ်ခု သင်ပေးမည်ဟု ထင်ထားခဲ့၏။ သူက အခုလိုမျိုး အတိုင်းမသိစွမ်းအားပါဝင်သော မန္တာန်ကို သင်ယူရလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။
“ထီးကို ရှစ်ကြိမ်တိုင် ဖွင့်လှစ်တာဟာ လူသန်းတစ်ရာရှိတဲ့ လောကတစ်ခုကို ဖျက်စီးနိုင်ခဲ့တယ်။ ဒါ…ဒါဟာ မန္တာန်တစ်ခုလို့ရော ယူဆလို့ ရနိုင်သေးလို့လား…”
ဟင်္သာငှက်အဘိုးအို၏အသက်ရှုသံသည် ပို၍ မြန်ဆန်လာ၏။ သူက သူ့လက်ကို ဝေ့ယမ်းလိုက်သည်။ ထိုအခါ ရပ်တန့်နေသော မုန်တိုင်းသည် တုန်ယင်လျက် စတင်ကွယ်ပျောက်လာလေ၏။
“ငါ မင်းကို ဒီမန္တာန်ကို တွေ့မြင်စေရုံပဲ လုပ်ပေးနိုင်မယ်။ ဒါကို မဖွင့်လှစ်နိုင်ဘူး။ ငါသာ ဖွင့်လှစ်လိုက်ရင် ဒီနေရာဟာ များစွာ ပျက်စီးသွားလိမ့်မယ်…” ဟင်္သာငှက်အဘိုးအိုက သူ့လျှာထိပ်ကို ကိုက်ကာ သူ၏လေဟာနယ်ဆန်းကြယ်အလယ်အဆင့် ကျင့်ကြံခြင်းပါဝင်သော သွေးကို မုန်တိုင်းထံသို့ ထွေးထုတ်လိုက်သည်။ ထိုသွေးသည် ကြောက်မက်ဖွယ်မြူတစ်ခုအဖြစ်သို့ ပြောင်းသွားပြီး မုန်တိုင်းနှင့် ပေါင်းစပ်ကာ ၎င်းကို တဖြည်းဖြည်း ပျောက်ကွယ်သွားစေလေ၏။
ထိုမုန်တိုင်းသည် ခုနစ်မိနစ်မတိုင်ခင်မှာပင် ကွယ်ပျောက်သွားလေ၏။ မဟာအင်ပါယာဂြိုဟ်သည် တဖြည်းဖြည်း ပုံမှန်အတိုင်း ပြန်ဖြစ်လာကာ တွန့်ခေါက်ပျက်စီးမှုများသည်လည်း ဖြည်းဖြည်းချင်း ပြန်ကောင်းမွန်လာသည်။
ထိုအဖြစ်သနစ်က သိပ်မကြာလှသော်လည်း ဝမ်လင်း၏ဦးရေပြားကိုမူ ထုံထိုင်းသွားမိစေ၏။ သူ့မျက်လုံးမှာ တလက်လက် ဖြစ်နေသည်။ ထိုမန္တာန်ကို အသက်မသွင်းခဲ့သော်လည်း ဝမ်လင်းက ၎င်းထံမှ ယေဘူယျခံစားချက်ကို ရလိုက်၏။ ဝမ်လင်း၏စိတ်နှလုံးမှာ ခုန်ပေါက်နေချေ၏။
ဟင်္သာငှက်အဘိုးအိုသည် သည်လောက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည့်အခါကျမှ စိတ်အေးသွားတော့၏။ သူက လက်ကို ဝေ့ယမ်းလိုက်ရာ လေဟာနယ်အတွင်းမှ ကျောက်စိမ်းပြားတစ်ခုသည် ဝမ်လင်းထံသို့ ပျံသန်းသွားတော့သည်။
“ဒီကျောက်စိမ်းပြားထဲမှာ ချိပ်တံဆိပ်အားလုံး ပါဝင်ပြီး ထီးကို ဖွင့်လှစ်နိုင်တဲ့ နည်းလမ်းလည်း ပါတယ်။ မင်း ဒါကို မြန်မြန် မှတ်သားထားလိုက်၊ အမှားကင်းကင်း မှတ်မိပြီဆိုရင် ဒီကျောက်စိမ်းပြားကို ဖျက်စီးပစ်လိုက်တော့…” ဟင်္သာငှက်အဘိုးအိုသည် စကားဆုံးသည့်နောက် သူသည် ထိုင်ချကာ မျက်လုံးမှိတ်လိုက်ပြီး စတင်ကျင့်ကြံတော့သည်။
ဝမ်လင်းက ကျောက်စိမ်းပြားကို လက်ခံလိုက်ပြီး သေချာကြည့်သည်။ ဟင်္သာငှက်အဘိုးအို ထုတ်ဖော်ပြသခဲ့သော မန္တာန်မြင်ကွင်းသည် သူ့စိတ်ထဲတွင် ပေါ်လာ၏။ ဝမ်လင်းသည် လိုချင်တပ်မက် ဖြစ်လာမိ၏။
သူ့ဘဝတွင် သူသည် ရတနာများ၊မန္တာန်များကြောင့် လိုချင်တပ်မက်ဖြစ်သည်မှာ ဖြစ်တောင့်ဖြစ်ခဲပင်။ သူက သူ့တစ်ဘဝလုံး အတားအဆီးများကို ကျင့်ကြံခဲ့ပြီး ယင်းအတားအဆီးပညာရပ်တွင် အလွန်ကျွမ်းကျင်ပေ၏။ သာမန်လူများအဖို့ သန်းနှစ်ရာနီးပါး ချိပ်တံဆိပ်များကို ဖြစ်ပေါ်စေဖို့မှာ အလွန်တရာခက်ခဲမည်သာ။
ထိုအချက်က အမှန်ပင်။ အသက်ရှုစာကိုးကြိမ် ဟူသည် အလွန်တိုတောင်းသည် မဟုတ်လား။
သို့ပေမည့် ဝမ်လင်းကမူ အမြုတေဖွဲ့တည်ခြင်းအဆင့်မှာ ရှိစဉ်ကတည်းက သူသည် အလွန်မြန်ဆန်စွာ ချိပ်တံဆိပ်များကို ဖြစ်ပေါ်စေခြင်းနှင့် အသားကျနေခဲ့ပြီ။ အချို့အတားအဆီးများကို ချက်ခြင်း နေရာချဖို့၊ သို့တည်းမဟုတ် ဖျက်စီးပစ်ဖို့အတွက် အချိန်တိုအတွင်း ချိပ်တံဆိပ်များစွာကို ဖြစ်ပေါ်စေဖို့ လိုအပ်ပေ၏။
ထို့အတွက်ကြောင့် သည်ကြောက်မက်ဖွယ်မန္တာန်ကို အသုံးပြုနိုင်ဖို့ ပထမဆုံးခက်ခဲမှုသည် ဝမ်လင်းအတွက်တော့ အလွန်မခက်ခဲတော့ပေ။ ဝမ်လင်းကို အမှန်တကယ် တုန်လှုပ်ခဲ့စေသည်က ဟင်္သာငှက်အဘိုးအို ပြောခဲ့သော လောင်ကျွမ်းနယ်မြေရှေးဟောင်းထီး၏ အခြင်းအရာသာ ဖြစ်ပေသည်။
“ရှေးဟောင်းကောင်းကင်ဘုံသားအုပ်စိုးသူပဲဆိုဆို၊ ရှေးဟောင်းကောင်းကင်ဘုံသားအင်ပါယာပဲ ပြောပြော၊ သူတောင် ဒီမန္တာန်ကို လျှို့ဝှက် သင်ယူခဲ့တာလား။ ပြီးတော့ ဒီမန္တာန်ဟာ မပြီးပြည့်စုံဘူး…” ဝမ်လင်းသည် အသက်ဝဝရှိုက်သွင်းလိုက်မိ၏။ သူ့မျက်လုံးထောင့်တွင် ထိတ်လန့်မှု ဖြတ်ပြေးသွား၏။
ထိုစကားသာ မှန်ခဲ့ပါက ၎င်း၏အဓိပ္ပာယ်သည် အလွန်တုန်လှုပ်ဖွယ်ရာကောင်းမည်မှာ သိသာပေ၏။
“ဒီမန္တာန်။ ဘယ်လိုလူကများ ဒီလိုမန္တာန်ကို ဖန်တီးခဲ့တာလဲ။ ရှေးဟောင်းကောင်းကင်ဘုံအင်ပါယာကရော ဒါကို ဘယ်နေရာကနေ လျှို့ဝှက်သင်ယူခဲ့တာလဲ။ ပြီးတော့ ဒီမပြီးပြည့်စုံတဲ့ မန္တာန်ဟာ နယ်မြေတစ်ခုလုံးကို ဖျက်စီးပစ်ဖို့ လုံလောက်နေတယ်။ တကယ်လို့ ဒီမန္တာန်သာ ပြီးပြည့်စုံသွားခဲ့ရင်..."
ဝမ်လင်းသည် ခေါင်းမော့လိုက်၏။သူက ကောင်းကင်ထက်သို့ ငြိမ်သက်စွာ ကြည့်သည်။ သူသည် သူ့ကိုယ်သူ သေမျိုးတစ်ယောက် ကောင်းကင်ထက်သို့ မော့ကြည့်နေသကဲ့သို့ ခံစားမိရ၏။ သူသည် အလွန်သေးငယ်လှသည်ဟု ခံစားမိ၏။
“ငါ့ခုလက်ရှိ ကျင့်ကြံမှုအဆင့်ဟာ ဘယ်လောက်များလဲ။ ဒီလောကဟာ ဘယ်လောက်တောင် ကြီးမားတာလဲ။ ဒီလောကရဲ့ အပြင်ဘက်မှာ ဘာရှိနေမလဲ…”
ခဏအကြာတွင် ဝမ်လင်းသည် အသက်ခပ်ပြင်းပြင်း ရှုသွင်းလိုက်၏။ သူ၏မျက်လုံးထဲတွင်လည်း ပြတ်သားမှုတို့ ပြည့်နှက်လာသည်။
သူသည် ပို၍ သိလာလေလေ သူ့ကိုယ်သူ သေးငယ်သည်ဟု ခံစားမိရလေပင်။ သို့သော် ဝမ်လင်းသည် လက်လျှော့မည် မဟုတ်ပေ။ ထိုအစား သည်အဖြစ်က သူ့စိတ်နှလုံးသားအတွင်းရှိ ဖိဆန်လိုသောစိတ်ဆန္ဒကို ထွန်းငြှိပေးလေ၏။
“ငါလည်း လုပ်နိုင်ရမယ်…”
“ငါ ဝမ်လင်းလည်း လုပ်နိုင်ရမယ်…”
“ငါ ဘာကြောင့် မလုပ်နိုင်ရမှာလဲ။ ငါ ဝမ်လင်းဟာ လုပ်နိုင်ရမယ်…”
သည်လောကတွင် တချို့လူများသည် သေမျိုးများဖြစ်ရန် ရွေးချယ်ကြ၏။ အချို့က ကောင်းကင်ဘုံသားများ ဖြစ်လာသည်။ အချို့ကမူ တခြားသူများ၏အောက်တွင် ရှိကြသည်။ အရာအားလုံးသည် ကွဲပြားကြလေ၏။ သည်လောကမှာ လုံးဝ တရားမျှတမှု ရှိမနေ၊ သို့သော်ငြားလည်း တစ်ချိန်တည်းမှာ အတော်လေးကို မျှတမှု ရှိနေပြန်၏။
“တစ်စုံတစ်ယောက်ဟာ ဒီလိုမန္တာန်မျိုးကို ဖန်တီးပြီး အတိုင်းမသိအဆင့်တစ်ခု ရောက်အောင် ကျင့်ကြံနိုင်ခဲ့တယ်။ ဒီတော့ ငါ ဝမ်လင်းလည်း အဲ့လို လုပ်နိုင်တယ်။ ငါ့မှာ ပါရမီကင်းမဲ့ပေမဲ့ ဒီအချက်က ငါ့ရဲ့ လမ်းကို ရပ်တန့်နိုင်မှာ မဟုတ်ဘူး…”
“ဒီနေ့ ငါဟာ တခြားလူဖန်တီးထားတဲ့ လောင်ကျွမ်းနယ်မြေမန္တာန်ကို သင်ယူခဲ့ရတယ်။ အနာဂတ်ကျရင်တော့ တခြားလူတွေဟာလည်း ငါ့မန္တာန်တွေကို သင်ယူစေချင်တယ်…”
ဝမ်လင်း၏အမူအရာမှာ ပြတ်သားလွန်းနေ၏။ သူသည် မာန်မသွင်း၊ မအော်ဟစ်၊ ထိုစကားများကို သူ့စိတ်တွင်း၌ တိတ်ဆိတ်စွာ ပြောနေခြင်းပင်။
ဖြစ်နိုင်သည်မှာ ဤက သူ၏ပန်းတိုင်ပင်။
ဝမ်လင်းသည် သူ့စိတ်ကို ထိုကျောက်စိမ်းပြားအတွင်းသို့ ဝင်ရောက်စေလိုက်၏။ သူက သူ့စိတ်အတွင်း၌ မရေမတွက်နိုင်သော ချိပ်တံဆိပ်များကို စွဲထင်အောင် လုပ်သည်။ အလားတူပင် ထီးကို ဖွင်လှစ်ဖို့ နည်းလမ်းကိုလည်း အသေမှတ်သားထားလိုက်သည်။
ထို့နောက်တွင် ကျောက်စိမ်းပြားသည် သူ့လက်ထဲတွင် ပြာမှုန့်အဖြစ်ပြောင်းကာ လေနှင့်အတူ လွင့်ပါးသွားလေတော့၏။ ထိုအမှုန့်အမွှားတို့က ဝမ်လင်း၏ရည်ရွယ်ချက်ပန်းတိုင်ကို ကိုယ်စားပြုလျက် ပိုမြင့်သထက် မြင့်မားစွာ ပျံသန်းသွားလေသလား။
***