ရူးသွပ်ဖွယ်အကြံ
Vol. 108 Ch. 1480
မီးစာကလေးကလန်ဘိုးဘေးသည် တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်၏။ သူသည် နိဗ္ဗာနလေဟာနယ်အစောပိုင်းအဆင့်တွင်သာ ရှိသေးသော်လည်း သူသည် လက်ချက်ဝေ့ယမ်းရုံဖြင့် ကောင်းကင်နှင့်မြေကြီးကို လှုပ်ခါစေနိုင်စွမ်းရှိသူပင်။ သူက ဟင်းလင်းပြင်ကွေးညွတ်ခြင်းကို အသုံးပြု၍ လျိုကျင်းပြောင်ကိုခေါ်ကာ မီးစာကလေးကလန်၏ ဌာနချုပ်ထံသို့ သွားနေသည်။
ဘိုးဘေးသည် မီးစာကလေးကလန်ပင်မဂြိုဟ်၏ အပြင်ဘက်တွင် လှမ်းထွက်လာ၏။ သူ့မျက်လုံးထဲတွင် ကျေနပ်မှုတို့ ပြည့်နှက်နေသည်။ လျှပ်တပြတ်အတွင်းမှာ သူသည် မီးများ ဝန်းရံထားသော ဂြိုဟ်၏ဗဟိုချက်ထံသို့ ပျံသန်းလာသည်။
သူက မြန်ဆန်လွန်းသဖြင့် ပုံမှန်အားဖြင့် သူ တစ်ချိန်လုံး တံခါးပိတ်ကျင့်ကြံနေသော နေရာသို့ ချက်ခြင်း ရောက်ရှိလာသည်။
ထိုနေရာရှိ မီးအပူရှိန်သည် အလွန်ကြောက်မက်ဖွယ် ကောင်းလွန်း၏။ မီးစမီးပွားတစ်ခုကပင် ကျင့်ကြံသူတစ်ယောက်ကို သတ်ပစ်နိုင်သည်။ သို့ပေမည့် မီးစာကလေးကလန်၏ ဘိုးဘေးသည် မီးကို ပြီးပြည့်စုံစွာ ကျွမ်းကျင်၍ လျိုကျင်းပြောင်ကို ခေါ်ရင်း မြန်ဆန်စွာ ချဉ်းကပ်လာလေသည်။
လျိုကျင်းပြောင်၏အမူအရာသည် သုန်မှုန်နေ၏။ သူက မီးစာကလေးကလန်ဘိုးဘေးကို အေးစက်စက် စိုက်ကြည့်နေသည်။ သူသည် သူ့အတိတ်ကို လုံးဝ မေ့သွားကာ သူ့ကိုယ်သူ ခြောက်ယောက်မြောက်ဟင်္သာငှက်ဟု ယုံကြည်နေရန် လှည့်ဖြားထားပေသည်။
စွမ်းအားကို အချိန်အကြာကြီး ဆုပ်ကိုင်ထားပြီးနောက် သူသည် မီးစာကလေးကလန်၏ ဖမ်းစီးခြင်းကို ခံခဲ့ရသည်။ သို့သော်လည်း ခြောက်ယောက်မြောက်မျိုးဆက်ဟင်္သာငှက်တစ်ယောက်အနေဖြင့် သူ့ထံ၌ ကိုယ်ပိုင်မာနတရား ရှိသည်။ သေရေးရှင်ရေး အခိုက်အတန့် ဖြစ်နေလျှင်ပင် သူသည် သနားညှာတာရန် တောင်းပန်မည် မဟုတ်ပေ။
သည်နေရာတွင် မီးပင်လယ်အတွင်းနက်ပိုင်း၌ ပုံရိပ်ယောင်တံခါးချပ်တစ်ခု ရှိလို့နေသည်။ သာမန်လူများသည် ဤနေရာသို့ ခြေလှမ်းတစ်ဝက်ပင် ခြေချနိုင်မည် မဟုတ်ပါ။ ထို့အပြင် ၎င်းနေရာကို ဘိုးဘေးကိုယ်တိုင် စောင့်ကြပ်နေခြင်း ဖြစ်၏။
သူသည် အစောပိုင်းက ထွက်ခွာသွားခဲ့သော်လည်း သည်မီးပင်လယ်အတွင်းရှိ တံခါးချပ်ပေါ်တွင် အလွန်အစွမ်းထက်သောအတားအဆီးတစ်ခုကို ချမှတ်ထားခဲ့သည်။ ထိုအတားအဆီးကို သူ ချမှတ်ထားခြင်း မဟုတ်ပေ။ သူ၏ဆရာဖြစ်သူ ချမှတ်ထားခဲ့ခြင်းပင်။ တတိယအဆင့်ကျင့်ကြံသူများသည်ပင် အတွင်းသို့ ဝင်ရောက်ရန် ထိုအတားအဆီးကို အချိန်တိုအတွင်း ချိုးဖျက်နိုင်ဖို့ ခက်ခဲလှပေမည်။
ထိုတံခါးထံ ရောက်လာသည့်နောက် မီးစာကလေးကလန်ဘိုးဘေးသည် အတော်လေး စိတ်လှုပ်ရှားဟန် ဖြစ်လာ၏။ သူသည် မြေပြင်ထက် ဒူးထောက်ချလိုက်သည်။ ထိုအဖြစ်က လျိုကျင်းပြောင်၏မျက်လုံးကို ကျဉ်းမြောင်းသွားစေသည်။
တတိယအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သူ မီးစာကလေးကလန်၏ဘိုးဘေးသည် သည်တံခါးရှေ့တွင် အမှန်တကယ် ဒူးထောက်နေလေ၏။
“သခင်…ဒီကျွန်အိုကြီးက သခင့်ရဲ့ ဒဏ်ရာတွေ ပြန်ကောင်းမွန်လာဖို့အတွက် အထောက်အပံ့ ဖြစ်အောင် ခြောက်ယောက်မြောက်မျိုးဆက်ဟင်္သာငှက်ကို ဖမ်းဆီးလာခဲ့ပါတယ်…”
“သခင်လား…” လျိုကျင်းပြောင်၏ ဦးရေပြားမှာ ထုံထိုင်းသွားမိ၏။ သူ့မျက်လုံးထဲတွင်လည်း တုန်လှုပ်မှုတို့ ပြည့်နှက်သွားသည်။ သူသည် ထိုမပီဝိုးတဝါးတံခါးချပ်ကို စိုက်ကြည့်နေရင်း သူ့စိတ်နှလုံးမှာ ဂယောင်ချောက်ခြား ဖြစ်လာခဲ့တော့သည်။
“တတိယအဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့ သခင်…ဒါ…ဒါက…”
ထိုတံခါးသည် ငြိမ်သက်နေ၏။ မီးစာကလေးကလန်ဘိုးဘေးသည်လည်း ဒူးထောက်နေလျက်ပင်။ သူသည် အချိန်ကြာသည့်အထိ စောင့်နေရသည်။ သို့သော် တစ်စက်လေးမှ စိတ်မရှည်မဖြစ်ပေ။ သူက လေးစားသည့်ဟန်သာ ရှိနေသည်။ သူက ထိုကဲ့သို့ ပိုနေလေလေ လျိုကျင်းပြောင်အဖို့ ပိုတုန်လှုပ်မိရလေပင်။ သည့်နောက် သူသည် သူ၏ လှည့်ဖြားခြင်းတာအိုကနေ နိုးထတော့မည့် အရိပ်အယောင်ပင် ပြသလာချေသည်။
သူသည် လန့်လွန်းသဖြင့် ဟန်ဆောင်နေခြင်းကနေ နိုးထတော့မည့်ဟန်ပင်။
“ခြောက်ယောက်မြောက်မျိုးဆက်ဟင်္သာငှက်…” အနည်းငယ်စဉ်းစားပြီးနောက် ထိုတံခါးထံမှ ခပ်ရေးရေးအသံတစ်သံ ထွက်ပေါ်လာသည်။
မီးစာကလေးကလန်ဘိုးဘေးသည် တုန်ယင်သွားပြီး ပို၍ လေးစားဟန် ပြသသည်။ သူ့မျက်လုံးမှာ စိတ်လှုပ်ရှားဟန် ဖြစ်လာကာ သူက ခပ်သွက်သွက် ပြောလိုက်သည်။ “ဒီကျွန်အိုကြီးဟာ သေချာ ထောက်လှမ်းစစ်ဆေးခဲ့ပါတယ်။ အကျွန်ဟာ သူ့ရဲ့သွေးကို ဝါးမြိုခဲ့သလို စိတ်ဝိညာဉ်ကိုလည်း ရှာဖွေခဲ့ပါသေးတယ်။ ဒါ့ကြောင့် ကျနော့်အနေနဲ့ မမှားနိုင်ပါဘူး။ ဒီလူဟာ ခြောက်ယောက်မြောက်မျိုးဆက်ဟင်္သာငှက်ပါ…”
“ဒီကျွန်အိုကြီးက သူ့ကို ပြိုလဲကုန်းမြေကနေ ဖမ်းဆီးလာခဲ့တာပါ…”
တံခါးထံမှ အသံရှင်သည် ငြိမ်သက်ကာ စဉ်းစားသွားဟန် ပေါ်၏။ မမြင်ရသောအော်ရာတစ်ခုမှာ ဖြည်းဖြည်းချင်း ပျံ့နှံ့လာ၏။ ထိုအဖြစ်က လျိုကျင်းပြောင်၏ခန္ဓာကိုယ်ကို တုန်ရီသွားစေသည်။ သူ့မျက်လုံးထဲရှိ ဂုဏ်မာနမှာလည်း လွင့်ပျောက်သွားပြီး အဆုံးမဲ့ကြောက်ရွှံ့မှုတို့ အစားထိုးကုန်၏။
သူသည် ကြောက်လန့်မှုကြောင့် ဟန်ဆောင်နေရာကနေ လုံးဝ နိုးထလာခဲ့ချေပြီ။
လျှိုကျင်းပြောင်သည် အာခေါင်ခြောက်ကာ ပါးစပ်အာစေးမိနေ၏။ သူ့မျက်လုံးထဲတွင်လည်း အလွန်အမင်းထိတ်လန့်မှုတို့ ကြီးစိုးနေသည်။ သူသည် စိတ်ထဲကနေ အရူးအမူး အော်ဟစ်နေမိ၏။ “တတိယအဆင့်ကျင့်ကြံသူတစ်ယောက်ကို ကျွန်တစ်ယောက်အဖြစ် ရှိစေတာ။ ဒီလူက ဘယ်သူလဲ။ ဝမ်လင်းဟာ ငါ့ကို ဒီနေရာထိ ရောက်လာဖို့ စီစဉ်ထားခဲ့တယ်။ သူက ငါ့ကို လာကယ်တင်ပေးမယ်လို့လည်း ပြောခဲ့တယ်။ ဒါပေမဲ့ သူ ရောက်လာခဲ့မယ်ဆိုရင်တောင် သူပါ သေသွားမှာ ငါ စိုးရိမ်မိတယ်…”
အချိန်အကြာကြီး တိတ်ဆိတ်ပြီးသည့်နောက် တံခါးထံမှ ဝိုးတဝါးအသံသည် ထပ်မံ ထွက်ပေါ်လာသည်။
“သူ့ကို အထဲပို့လိုက်…”
လျိုကျင်းပြောင်၏ခန္ဓာကိုယ်သည် တုန်ယင်လို့သွား၏။ သူသည် ရှင်းပြဖို့ငှာ ပါးစပ်ပြင်သည်။ သို့ပေမည့် မီးစာကလေးကလန်၏ဘိုးဘေးသည် သူ့ကို တိုက်ရိုက် ဖမ်းကိုင်ကာ တံခါးထံသို့ ဆွဲခေါ်သွားသည်။
အဖြစ်အပျက်သည် မြန်လွန်း၏။ သူ ရှင်းမပြနိုင်ခင်မှာပင် သူ့ခန္ဓာကိုယ်သည် တုန်ယင်လျက် မီးစာကလေးကလန်ဘိုးဘေးက သူ့ကို တံခါးထံသို့ ဆွဲခေါ်သွားသည်အား ခံစားလိုက်ရ၏။
တံခါးပေါ်ရှိ အတားအဆီးများသည် ဖိနှိပ်ခြင်း ခံလိုက်ရဟန်တူကာ အသက်မဝင်လာဘဲ မီးစာကလေးကလန်ဘိုးဘေးကို အထဲသို့ ဝင်ခွင့်ပြုသည်။
ထိုတံခါးအတွင်းသို့ ဝင်ရောက်လာပြီးနောက် လျိုကျင်းပြောင် ရှေ့တွင် ပေါ်လာသည့်အရာမှာ သူ့အတွက် တစ်သက်လုံး မေ့နိုင်တော့မည် မဟုတ်ပေ။
ထိုနေရာမှာ ကောင်းကင်နှင့်မြေကြီးဟူ၍ ရှိမနေ၊ တစ်ခုတည်းသော တည်ရှိသည့်အရာမှာ ထူထဲသိပ်သည်းသောမီးတောက်တစ်ခုသာ။ ထိုမီးတောက်သည် ဒီလောက၏ ခုနစ်ဆယ်ရာခိုင်နှုန်းကို သိမ်းပိုက်ထားလျက် ၎င်းသည် ကျယ်လောင်စွာ တုန်ဟည်းနေသည်။
ယင်းမီးတောက်များ ပတ်လည်တွင်လည်း ကြယ်များ ရှိမနေ၊ လက်မောင်းလုံးခန့် ထူထဲသော မျဉ်းလိုင်းများကသာ ဟင်းလင်းပြင်တစ်လျှောက်တွင် အကိုင်းအခတ်ကဲ့သို့ တည်ရှိသည်။ အမှတ်မဲ့ကြည့်လိုက်ပါက ယင်းတို့သည် ပင့်ကူအိမ်တစ်ခုအသွင် ဖြစ်ပေါ်နေသည့်ပုံပင်။
ထိုမီးသည် ယင်းပင့်ကူအိမ်၏ နှလုံးအိမ်ဖြစ်၏။ ပင့်ကူအိမ်သည် ဥမင်လမ်းကြောင်းများအလား၊ ယင်းလမ်းကြောင်းများအတွင်းရှိ အရာများသည် မီးတောက်ထံသို့ ရွှေ့လျားလှုပ်ရှားနေသည့်ဟန်။
ထိုမီးသည် ခုနစ်ရောင်စုံရှိ၏။ အဖြူနှင့်အနက်ရောင်တော့ မပါဝင်ပေ။ ခုနစ်ရောင်စုံမီးသည် ပြင်းထန်စွာ တောက်လောင်နေပြီး ၎င်းအတွင်း၌ ဝိုးတဝါးပုံရိပ်တစ်ခု ထိုင်နေသည်ကို မြင်ရနိုင်သည်။
ထိုပုံရိပ်ကို ချပ်ဝတ်တစ်ခုက အုပ်ဖုံးထား၏။ သူ့နောက်တွင်မူ ခုနစ်ရောင်စုံဟင်္သာငှက်သည် လင်းလက်စွာ ရှိ၏။
“မင်း ထွက်သွားနိုင်ပြီ…” မပီဝိုးတဝါးအသံသည် ပဲ့တင်ထပ်လျက် လက်သီးစုပ်ခန့် ခုနစ်ရောင်စုံမီးလုံးတစ်လုံးသည် မီးစာကလေးကလန်ဘိုးဘေးထံသို့ ပျံသန်းဝင်လာ၏။ ထိုမီးသည် မီးစာကလေးကလန်၏ မျက်ခုံးနှစ်ခုကြားသို့ တိုးဝင်သွားသည်။ ထိုအခါ သူသည် တုန်ယင်သွားကာ သူ့မျက်လုံးထဲတွင် ကျေနပ်မှု ပြည့်နှက်သွား၏။
“သွားကျင့်ကြံပြီး ဒါကို စုပ်ယူလိုက်…” မီးစာကလေးကလန်ဘိုးဘေးသည် တလေးတစား ဦးညွတ်လိုက်ပြီးနောက် သည်လောကကနေ ပျောက်ကွယ်သွားတော့သည်။
ထိုအခိုက်အတန့်တွင် လျိုကျင်းပြောင်နှင့် မီးအတွင်းရှိ ပုံရိပ်တို့သာ ကျန်လေတော့၏။
လျိုကျင်းပြောင်၏ခန္ဓာကိုယ်သည် တစက်စက် တုန်ယင်နေသည်။ သူသည် တဖက်လူထိုင်နေသော ခုနစ်ရောင်စုံမီးထံမှ လွှမ်းမိုးနိုင်သောဖိအား ထွက်ပေါ်နေသည်ကို ခံစားမိသည်။ ထိုဖိအားသည် သူ့ကို အကြိမ်များစွာ သေသွားစေဖို့အထိ လုံလောက်နေ၏။
“မင်းဟာ ခြောက်ယောက်မြောက်မျိုးဆက်ဟင်္သာငှက် မဟုတ်ဘူး…” ဝိုးတဝါးအသံသည် ပဲ့တင်ထပ်လာကာ လျိုကျင်းပြောင်၏စိတ်အတွင်းသို့ လေးလံစွာ ကျရောက်လာသည်။ ထိုအဖြစ်က သူ့ဦးရေပြားကို ထုံထိုင်း၍ အသိစိတ်လွတ်သွားစေသည်။
လျိုကျင်းပြောင်သည် မြေပြင်ထက်တွင် ဒူးထောက်ကျသွား၏။ သူ့မျက်လုံးထံမှ ကြောက်ရွှံ့မှုများ လျံတက်လာသည်။ တုံ့နှေးမနေဘဲ သူသည် ချက်ခြင်း တောင်းပန်လေသည်။ “ကောင်းကင်ဘုံအရှင် ကျနော့်ကို ခွင့်လွှတ်ပေးပါ။ ကောင်းကင်ဘုံသခင် ကျနော့်ကို ငဲ့ညှာသနားပါ။ ဒီဂျူနီယာလျှိုကျင်းပြောင်ဟာ ကျင့်ကြံသူလေးတစ်ယောက်သာ ဖြစ်ပါတယ်။ ဒီကို လာဖို့ တစ်စုံတစ်ယောက်က အတင်းအကြပ် ဖိအားပေးခဲ့တာပါ။ ကျနော့်မျိုး ကောင်းကင်ဘုံသခင့်ထံပါးမှာ အကောင်းဆုံး အမှုတော်ထမ်းရွက်ပါ့မယ်…”
ခပ်ဝါးဝါးအသံက လျိုကျင်းပြောင် စကားကို ဖြတ်ပြောလာသည်။ “ဒါပေမဲ့လည်း မင်းခန္ဓာကိုယ်ပေါ်မှာ ငါ့ကို စိတ်ဝင်စားစေတဲ့ အရာတစ်ခု ရှိနေတယ်…”
အရေမတွက်နိုင်သော အကိုင်းအခတ်များထဲမှ အချို့သည် လှုပ်ရှားလာပြီး လျိုကျင်းပြောင်ပတ်လည်သို့ ဝန်းရံသည်။ အချို့သည် သူ့အသွေးအသားများကို ချိုးဖျက်ကာ စတင် စုပ်ယူလေ၏။ ထိုအဖြစ်က လျှိုကျင်းပြောင်ကို နာကျင်ထိတ်လန့်စွာ အော်ဟစ်မိစေသည်။
သူ့ခန္ဓာကိုယ်မှာ မြန်ဆန်စွာ ခြောက်သွေ့လာ၏။ သူ၏သွေးများစွာသည် စုပ်ယူခြင်း ခံရကာ အကိုင်းအခတ်များအတွင်း အဖုအပိန့်များအဖြစ်ပြောင်း၍ မီးတောက်ထံသို့ ရွှေ့လျားကုန်သည်။
သူ့သွေးအပြင် သူ၏အသက်ဓာတ်ပါ မြန်ဆန်စွာ စုပ်ယူခြင်း ခံရသည်။ ထိုကဲ့သို့ သေရေးရှင်ရေးအန္တရာယ်ကို ရင်ဆိုင်ရသည့်အခါ လျိုကျင်းပြောင်သည် နာကျင်စွာ စူးစူးဝါးဝါးအော်ဟစ်မိပြီး သူ့အနှစ်သာရကို ထွေးထုတ်လိုက်ရသည်။
သူ့အနှစ်သာရ ထွက်ပေါ်သွားသည့်အခိုက်အတန့်တွင် ကြောက်မက်ဖွယ်ဓားစွမ်းအင်တစ်ခုသည် ရုတ်တရက် ပေါ်ထွက်လာ၏။ ရှုလီကောသည် ဓားကြီးတစ်လက်အဖြစ် ပေါ်လာသည်။ သို့သော် သူသည် မီးတောက်ထံသို့ ထိုးစိုက်ခြင်းမရှိဘဲ ဓားမုန်တိုင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
“သခင်…လမ်းကြောင်း ပွင့်ဟပြီး ဖြစ်ပါတယ်…” သူ ထွက်ပေါ်လာသည့်နောက် သူသည် စိတ်ထဲကနေ အော်ဟစ်လေတော့၏။
“ဒါတွေအားလုံးဟာ ဟိုမိစ္ဆာကောင်ဝမ်လင်းရဲ့ အမှားပဲ။ သူဟာ ဒီတော်ဝင်မြေမှာ မီးအနှစ်သာရ ရှိလိမ့်မယ်လို့ ထင်ထားခဲ့တယ်။ ဒါပေမဲ့ ဒီမှာ သက်ရှိထင်ရှားလူတစ်ယောက်ပဲ ရှိတယ်။ ပြီးတော့ အဲ့လူဟာလည်း တတိယအဆင့်ကျင့်ကြံသူတစ်ယောက်ကိုတောင် ကျွန်အဖြစ် လုပ်ထားနိုင်တဲ့သူ ဖြစ်နေသေးတယ်…”
“စိတ်ဝင်းစားစရာပဲ..” ပုံရိပ်ယောင်အသံသည် အပြုံးတစ်ခု ပါဝင်ဟန်ရပြီး ပဲ့တင်ထပ်သည်။
မဟာအင်ပါယာဂြိုဟ်ပေါ်တွင် ဝမ်လင်းသည် မျက်လုံးမှိတ်ထားလျက် ရှိ၏။ သူကတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်အတွင်းကို မြင်နေရသည်။ သူ့စိတ်မှာ လေနှင့်မိုးနယ်မြေအတွင်းသို့ ဝင်ရောက်ကာ ရှေ့ဖြစ်ဟောသူ၏ စိတ်ဝိညာဉ်ကို ရှာဖွေလို့နေသည်။ သူက ရှေ့ဖြစ်ဟောသူ၏ စိတ်ဝိညာဉ်ကို အသုံးချကာ အနာဂတ်ကို မြန်ဆန်စွာ တွက်ချက်ကြည့်နေ၏။ ထိုအခိုက်အတန့်တွင် သူ့မျက်လုံးမှာ ရုတ်တရက် ပွင့်ဟလာကာ သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်သည်။
မီးစာကလေးကလန်၏ တော်ဝင်ကုန်းမြေအတွင်း၌ ဒဏ်ရာကုသနေသော တစ်စုံတစ်ယောက် ရှိနေချေသည်။ သူသည် ပြိုလဲကုန်းမြေသို့ ရောက်မလာခင်တုန်းက ထိုအချက်ကို မသေချာမရေရာ ဖြစ်ခဲ့၏။ သို့သော် ပထမမျိုးဆက်ဟင်္သာငှက်နှင့် စကားပြောဆိုပြီးသည့်နောက် သူသည် ထိုတော်ဝင်ကုန်းမြေ၌ တစ်စုံတစ်ယောက်ရှိနေသည်ကို သေချာခဲ့လေပြီ။
အတိတ်တုန်းက သူသာ ဒီအကြံကို လက်လျှော့ခဲ့ပါက လျိုကျင်းပြောင်အနေဖြင့် အဖမ်းခံရပြီးနောက် ပြန်လာနိုင်ရန် ဖြစ်နိုင်တော့မည် မဟုတ်ပေ။ သို့သော် ဝမ်လင်း၏စိတ်ထဲ၌ ရူးသွပ်ဖွယ်အကြံတစ်ခု ပေါ်ထွက်ခဲ့ပြီးပင်။
ပထမမျိုးဆက်ဟင်္သာငှက် တစ်ကြိမ်ပြောခဲ့ဖူးသလို သည်ဒဏ်ရာကုသနေသောလူမှာ သစ္စာဖောက်တတိယမျိုးဆက်ဟင်္သာငှက် ဖြစ်ရပေမည်။ ပထမမျိုးဆက်ဟင်္သာငှက် ထိုလူကို အလွန်မုန်တီးနေ၏။ သူသည် ပြိုလဲကုန်းမြေတွင် ပိတ်မိနေခြင်းအတွက်ကြောင့်သာ မဟုတ်ခဲ့ပါက သည်သစ္စာဖောက်ဟင်္သာငှက်ကို သုတ်သင်ရန် တစ်လမ်းလုံး သတ်ဖြတ်ပစ်လောက်ပေမည်။
ထို့အပြင် သူက ဝမ်လင်း၏အကြံအစည်ကို ကူညီပေးမည်ဟု ပြောခဲ့ပြီး ဝမ်လင်းကိုလည်း မီးစာကလေးကလန်၏ တော်ဝင်ကုန်းမြေထဲသို့ ဝင်၍ ရအောင် လုပ်ပေးမည် ဖြစ်သည်။ ထို့အပြင် သူသည် ဝမ်လင်းကို လက်ဆောင်တစ်ခုအဖြစ် ဟင်္သာငှက်အမွှေးတောင်တစ်ခုကိုပါ ပေးခဲ့သေးသည်။
ထိုအခြင်းအရာများသည် ပြဿနာတစ်ခုထံသာ ညွှန်ပြနေ၏။
ပို၍ အရေးကြီးသည်မှာ ထိုသစ္စာဖောက်တတိယမျိုးဆက် ဟင်္သာငှက်ထံ၌ ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းတွင် နောက်ထပ်ပုံရိပ်တစ်ခုပါ ရှိနေခြင်းပင်။ အမှန်တော့ ဝမ်လင်းထံတွင် ခန့်မှန်းချက်တစ်ခု ရှိပြီးသားပင်။ သူသည် ထိုခန့်မှန်းမှုအပေါ် ခုနစ်ဆယ်ရာခိုင်နှုန်းလောက် သေချာ၏။ အခုဆိုရင် သူသည် ကိုးဆယ်ရာခိုင်နှုန်းလောက်ပင် သေချာပြီဟု ဆိုနိုင်သည်။
ထိုခုနစ်ဆယ်ရာခိုင်နှုန်းလောက်က သူ့ကို ကောင်းကင်တုန်လှုပ်ဖွယ် အရာတစ်ခုကို လုပ်ဖို့ ဆုံးဖြတ်ချက် ပြတ်သားစေခဲ့ခြင်းပင်။ သူသည် ထိုအရာကို လုပ်ပြီးသည်နှင့် ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းကနေ ထွက်ခွာကာ အတွင်းနယ်မြေသို့ ပြန်မည် ဖြစ်၏။
“ပထမမျိုးဆက်ဟင်္သာငှက်ကြောင့် သူဟာ ဒဏ်ရာအပြင်းအထန် ရထားခဲ့တယ်။ ပြီးတော့ အတိတ်တုန်းက အတွင်းနယ်မြေက ဆန်းကြယ်တဲ့အော်သံကြောင့်လည်း သူဟာ ဒဏ်ရာ ရခဲ့သေးတယ်။ အဆုံးသပ်မှာတော့ သူဟာ နှစ်သောင်းနဲ့ချီပြီး ဒဏ်ရာကုသဖို့အတွက် တံခါးပိတ်ကျင့်ကြံခဲ့ရတယ်။ ဒါပေမဲ့ သူဟာ အခြေအနေအဖြစ်အပျက်တွေကို နောက်ကွယ်ကနေ ထိန်းချုပ်နေခဲ့တာပဲ။ သူ့သမီးဖြစ်သူဟာ ချင်းလင်ကို ဖြားယောင်းဖို့အတွက် အတွင်းနယ်မြေကို ဝင်ရောက်ခဲ့ပြီး အပူဇော်ခံမီးတောက်ကို စုစည်းနိုင်ဖို့ အတွင်းနယ်မြေရဲ့ ကောင်းကင်ဘုံနယ်မြေကို ဖျက်စီးခဲ့တယ်။ လူအင်အားအချို့နဲ့ ပူးပေါင်းပြီး ချိပ်ပိတ်နယ်မြေအရှင်သခင်ရဲ့ ခန္ဓာကိုယ်ကိုပါ ဖျက်စီးခဲ့ကြတယ်…”
“ဒါ့အပြင် သူဟာ အတွင်းနယ်မြေမှာ သူ မျက်စိကျတဲ့သူတွေကိုလည်း သွေးဆောင်ဖို့ လုပ်ခဲ့သေးတယ်။ ဥပမာ စစ်မာမို၊ ချင်းလင်တို့လို့ပေါ့။ ငါသာ မမှားရင် ငါ့ရဲ့ စီနီယာအစ်ကို ချင်းရွှေရဲ့ ရူးသွပ်သွားမှုဟာလည်း ဒီလူနဲ့ ပတ်သတ်နေလောက်တယ်။ သူဟာ ရက်စက်တဲ့တာအိုစိုက်ပျိုးခြင်းကိုတောင် အသုံးပြုခဲ့သေးတယ်။ ဒါတွေအားလုံးကို သူ လုပ်ခဲ့တာ။ အခု သူဟာ ဒဏ်ရာအပြင်းအထန် ရထားတဲ့အတွက် ငါ့အနေနဲ့ ဒီအခွင့်အရေးကို အသုံးချရမယ်…” ဝမ်လင်း၏မျက်လုံးထဲတွင် ရူးသွပ်ဟန်တို့ ဖြစ်ပေါ်လာ၏။ သူ ပြုလုပ်ရန် စီစဉ်ထားသော အကြံမှာလည်း ရူးသွပ်ဖွယ်ကောင်းနေပြီးပင်။
တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်အလင်းသည် တလက်လက် တဖျပ်ဖျပ် လင်းနေ၏။ တုန်ဟည်းသံများပါ ပဲ့တင်ထပ်နေသည်။ အစီအရင်သည် ဝဲကတော့တစ်ခု ဖြစ်လာသည့်အထိ လှည့်လည်ကုန်သည်။ ပေါက်ကွဲမှုတစ်ခုနှင့်အတူ ၎င်းသည် မဟာအင်ပါယာဂြိုဟ်ထံမှ ပျောက်ကွယ်သွား၏။ ဝမ်လင်း၏ပုံရိပ်သည်လည်း ထိုအစီအရင်ဝဲကတော့နှင့်အတူ ပျောက်ကွယ်သွားလေသည်။
ရေကန်ဘေးတွင် ထိုင်နေသော ဟင်္သာငှက်အဘိုးအိုသည် မျက်လုံးဖွင့်လာ၏။ သူသည် ဝမ်လင်း ပျောက်ကွယ်သွားသော နေရာထံသို့ အချိန်အကြာကြီး ငြိမ်သက်စွာ ကြည့်နေသည်။ သူက ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။ “ပထမမျိုးဆက်ဘိုးဘေး….သင်ဟာ သူ့ကို ငါတို့ဟင်္သာငှက်ကလန်ဝင် မဟုတ်တဲ့သူလို့ ခံစားမိနေတုန်းပဲ။ သူဟာ စမ်းသပ်မှုကို ဖြတ်ကျော်နိုင်ခဲ့တာတောင်မှပေါ့။ ဒါပေမဲ့ တပည့်တော့ သူ့ကို ယုံကြည်တယ်။ ဒါ့ကြောင့် ငါဟာ သင့်အမိန့်ကို မနာခံဘဲ သင့်ရဲ့ ခွင့်ပြုချက်မရှိဘဲ ဟင်္သာငှက်ကလန်ရဲ့ အားအကောင်းဆုံးပညာရပ်ကို သင်ပေးခဲ့တာပဲ။ ဘာလို့လဲဆိုတော့ ဒါဟာ စမ်းသပ်မှုကို ဖြတ်ကျော်နိုင်ခဲ့ရင် သူ ရရှိသင့်တဲ့အရာ ဖြစ်နေလို့ပဲ…”
***