← Chapters

ရေတွင်းထဲက လမျှားခြင်း

Vol. 108 Ch. 1481

ရေတွင်းထဲက လမျှားခြင်း

Vol. 108 Ch. 1481

မီးစာကလေးကလန်၏ တော်ဝင်ကုန်းမြေ၌ လျိုကျင်းပြောင်ကို မရေမတွက်နိုင်သော အကိုင်းအခတ်အမျှင်တန်းများက ထွေးပတ်ထားသည်။ ထိုအဖြစ်က သူ့ကို ငိုကြွေးမိစေသည်။ ရှုလီကောမှာလည်း အသိလွတ်သည့်အထိ လန့်နေပြီး ဝမ်လင်းကိုသာ အတွင်တွင် ခေါ်နေမိသည်။

ခုနစ်ရောင်စုံမီးတောက်အတွင်းရှိ ပုံရိပ်ကမူ ရှုလီကောကို မဟန့်တားပေ။ သူက စကားတစ်ခွန်းကိုသာ ဆိုသည်။

“စိတ်ဝင်စားစရာပဲ…”

ထိုစဉ် ရှုလီကော ဖန်တီးလိုက်သော ဓားမုန်တိုင်းထံမှ မိုးကြိုးတုန်ဟည်းသံ ထွက်ပေါ်လာ၏။ ခွန်အားပြည့်အားတစ်ခုက လေဟာနယ်အတွင်းမှ ထွက်ပေါ်ကာ ထိုအားက မုန်တိုင်းကို ဖွင့်ဟလာလေ၏။

မုန်တိုင်းသည် တုန်ဟည်းနေရင်း လေဟာနယ်အတွင်းမှ ဧရာမလက်နှစ်ဖက် ထိုးထောက်လာချေ၏။ တုန်ဟည်းသံများ ဖြစ်ပေါ်လာရင်း မုန်တိုင်းသည် အလယ်ကနေပိုင်း၍ ပျက်စီးသွားချေသည်။

၎င်းမုန်တိုင်း ပျက်စီးသွားချိန်၌ ဧရာမအဟအက်ကြောင်းတစ်ခုသည် ဤနေရာရှိ ဟင်းလင်းပြင်တွင် ပေါ်လာသည်။ မိုးကြိုးများနှင့်ကြောက်မက်ဖွယ်မီးများ တလက်လက် တောက်ပကုန်၏။ ဝမ်လင်း၏ပုံရိပ်သည် ထိုအဟကနေ လှမ်းလျှောက်ထွက်လာသည်။

ဝမ်လင်း၏မျက်လုံးထံမှ ရက်စက်လိုဟန်အကြည့်တို့ လှစ်ဟပေါ်နေသည်။ သူ ပေါ်လာသည့်နောက် သူက ခုနစ်ရောင်စုံမီးတောက်အတွင်းရှိ ပုံရိပ်ကို ကြည့်လိုက်သည်။

“အုပ်စိုးသူ…”

ခုနစ်ရောင်စုံမီးတောက်မှာ တောက်ပစွာ လောင်ကျွမ်းနေချေ၏။ အတွင်းရှိ ပုံရိပ်သည် မျက်လုံးဖွင့်လာဟန် ရသည်။ ရှေးဟောင်းအကြည့်တစ်စုံက ဝမ်လင်းထံ ကျရောက်လာသည်။

“မင်းနာမည်က ဝမ်လင်းဆိုတာ ငါ မှတ်မိတယ်…” ဝိုးတဝါးအသံတစ်သံ ပဲ့တင်ထပ်၏။

“ဟုတ်တယ်…” ဝမ်လင်းသည် သူ့ပုံရိပ်ကို မဖုံးကွယ်ထားပေ။ သူ့အမူအရာသည် ပို၍ ကြမ်းကြုတ်လာ၏။ သူက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ မိုးကြိုးအမှတ်အသားနှင့် ကိုးရောင်စုံမီးသည် ရှုလီကောထံသို့ ပျံသန်းဝင်သွားပြီး သူ့အား ဝမ်လင်း၏သိုလှောင်နေရာလွတ်အတွင်းသို့ ထည့်သိမ်းသွားသည်။

မိုးကြိုးအမှတ်အသားသည် တုန်ဟည်းနေလျက် ၎င်းက ကိုးရောင်စုံမီးနှင့်အတူ လျိုကျင်းပြောင်ထံ နီးကပ်သွားသည်။ ယင်းတို့က ဧရာမလက်တစ်စုံအသွင်ပြောင်းကာ လျှိုကျင်းပြောင်ကို မရေမတွက်နိုင်သော အကိုင်းအခတ်များထံမှ ဆွဲယူကာ ဝမ်လင်း၏သိုလှောင်နေရာလွတ်အတွင်း ခေါ်ဆောင်သွားသည်။

ခုနစ်ရောင်စုံမီးတောက်အတွင်းရှိ ပုံရိပ်သည် ဝမ်လင်းကို မဟန့်တားပေ။

“သိပ်ကောင်းတယ်…။ ဒီအရှင်က မင်း၊ချင်းလင်၊ ချင်းရွှေနဲ့ စစ်မာမိုတို့ကို မျက်စိကျခဲ့တာ။ မင်းက ဒီမှာ ငါ ရှိနေတာကို သိထားတာတောင် ရောက်လာဝံ့သေးတယ်။ ကြည့်ရတာ ဟင်္သာငှက်အိုကြီးက မင်းကို သတ္တိပေးလိုက်တဲ့ပုံပဲ။ ဒါမှမဟုတ် ငါဟာ ဒဏ်ရာအပြင်းအထန် ရထားတယ်လို့ မင်း ထင်မှတ်ထားပြီး ငါ အခု ပြန်ကောင်း၊မကောင်း မင်း လာစစ်ဆေးကြည့်တာမလား…”

“အဟုတ်ပဲ…” ဝမ်လင်း၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် တဖျပ်ဖျပ် ဖြစ်ပေါ်နေ၏။ သူ့အမူအရာသည် ပို၍ ရက်စက်လိုဟန် ပေါက်လာသည်။ သူက ရှေ့သို့ လှမ်းကာ ခုနစ်ရောင်စုံမီးတောက်ထံသို့ တိုးဝင်လိုက်သည်။ သူ့ဘယ်မျက်လုံးထဲရှိ ကိုးရောင်စုံမီးတောက်သည် ထိုးထွက်လာပြီး ကိုးရောင်စုံသိမ်မွေ့ဆန်းကြယ်မီးအဖြစ်သို့ ပြောင်း၍ ခုနစ်ရောင်စုံမီးထံ တရကြမ်း တိုက်ခိုက်လာသည်။

သူ့ညာမျက်လုံးတွင်မူ မိုးကြိုးသည် တလက်လက်တောက်ပကာ မိုးကြိုးအမှတ်အသားတစ်ခု ပေါ်လာ၏။ အတူတကွမိုးကြိုးကိုးမျိုးကလည်း ရှေးဟောင်းမိုးကြိုးနဂါးကိုးကောင်အဖြစ်သို့ ပြောင်းလဲချေသည်။ မိုးကြိုးအနှစ်သာရပေါ်တွင် ခပ်ရေးရေး အက်ကြောင်းတစ်ခု ရှိကာ ၎င်းက ရှေးဟောင်းမိုးကြိုးနယ်မြေထံသို့ ဦးတည်ပေ၏။

သူ့ဘယ်လက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေပြီး ကောင်းကင်ထက်သို့ ညွှန်လိုက်ပြန်သည်။ ချက်ခြင်းပင် မြက်ပင်ရနံ့မှာ ဤလောကတွင် ပြည့်နှက်လာ၏။ မရေမတွက်နိုင်သော အပင်အရိပ်များသည် ပေါ်လာပြီးနောက် ရှေးဟောင်းသစ်သားစိတ်ဝိညာဉ်မှာ အထိုင်ချသည်။ ၎င်းက မာန်သွင်းလျက် ခုနစ်ရောင်စုံမီးတောက်ထံသို့ ခုန်ဝင်သည်။

ကြောက်မက်ဖွယ်သွေးအလင်း ဖြစ်ပေါ်၏။ ဝမ်လင်း၏ လက်ညွှန်ချက်နှင့်အတူ ၎င်းက ခုနစ်ရောင်စုံမီးတောက်ထံသို့ တိုးဝင်သွားသည်။

ဝမ်လင်းသည် ချိပ်ဟန်တစ်ခုကို ဖြစ်ပေါ်စေလျက် သူ၏ကျင့်ကြံမှုကို ပေါက်ကွဲစေကာ တုန်ခါလှိုင်းတစ်ခုကို ဖြစ်ပေါ်စေသည်။ ၎င်းတုန်ခါလှိုင်းက ခုနစ်ရောင်စုံမီးတောက်ထံသို့ နီးကပ်သွားလေသည်။

အဖြစ်အပျက်သည် မြန်ဆန်လှ၏။ စိတ်ကူးနိုင်သည်ထက် ပိုမြန်သည်။ လျှပ်တပြတ်အတွင်း ဝမ်လင်းက သူ့မန္တာန်များနှင့် ရတနာများကို အသုံးပြုကာ ခုနစ်ရောင်စုံမီးတောက်ထံသို့ တိုက်ခိုက်လိုက်ပေပြီ။

ခုနစ်ရောင်စုံမီးတောက်အတွင်းရှိ ပုံရိပ်က ရယ်မောလိုက်၏။ သူ့ရယ်သံမှာ ချောက်ခြားဖွယ်ပင်။

“မင်း မှန်တယ်။ ဒီအရှင်ဟာ ဒဏ်ရာအပြင်းအထန် ရထားပြီး ပြန်မကောင်းမွန်သေးဘူး။ ဒါပေမဲ့ မင်းဟာ ဒီနေရာထိ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကို ယူလာတဲ့အတွက် ငါ့ကို ပြန်ကောင်းလာစေဖို့ မျှော်လင့်ချက် ပေးလိုက်တာပဲ…” ထိုပုံရိပ်က သူ့ညာလက်ကို ပင့်မြှောက်လိုက်၏။ သူ့ညာလက်သည် ဝေဝါးလေ၏။ သို့ပေမည့် ၎င်းကို မြင်ရနိုင်သည်။ ထိုညာလက်တွင် ချပ်ဝတ်က ဖုံးအုပ်ထားသည်။

“ဒီအရှင် ကျင့်ကြံခဲ့တာ ကြာလွန်းခဲ့ပြီ။ လူအများကြီးက ငါ့ကို မုန်းကြတယ်။ ဒါပေမဲ့ ဘယ်သူကမှ ငါ့ကို မသတ်နိုင်သေးဘူး။ အဲ့အစား သူတို့ကပဲ ငါ သတ်တာ ခံခဲ့ရတာ။ မင်းဟာ တော်ပါပေတယ်။ ဒါပေမဲ့ မင်း အရည်အချင်း မပြည့်မှီသေးဘူး။ ဒီအရှင်က မန္တာန်တစ်ခုကိုပဲ အသုံးပြုမယ်…”

ခုနစ်ရောင်စုံမီးတောက်အတွင်းမှ ပုံရိပ်သည် သူ့ညာလက်ကို ပင့်မြှောက်ကာ ကောင်းကင်ထက်သို့ ဆန့်ထုတ်လိုက်သည်။

“ဒီလောကကို ရေတွင်းတစ်ခုလိုမျိုး ကြည့်မြင်မယ်…”

သူ ထိုသို့ ပြောလိုက်ပြီးသည့်နောက် လောကတစ်ခုလုံးမှာ တုန်ယင်လာပြီး လှိုင်းဂယက်များ ပေါ်လာသည်။ ရေငွေ့များ ပျံ့လွင့်လာ၏။ မျက်စိတစ်မှိတ်အတွင်း အနှိုင်းမဲ့အားတစ်ခုသည် သည်လောကတခွင် ပျံ့နှံ့ကာ ရေများ ပေါ်လာချေ၏။

အထက်စီးမ ကြည့်ပါက သည်ရေများမှာ ရေတွင်းတစ်ခု ဖြစ်နေသည်ကို ရှင်းလင်းစွာ မြင်ရပေလိမ့်မည်။

“အရာအားလုံးဟာ ရေတွင်းထဲမှာ၊ မင်းရဲ့ မန္တာန်တွေ၊ ရတနာတွေ၊ မင်းရဲ့ ခန္ဓာကိုယ်တောင်မှ ဒီရေတွင်းထဲမှာ တည်ရှိတယ်…”

ရေထု ဖြစ်လာသော ဒီဟင်းလင်းပြင်သည် တဖြည်းဖြည်း တည်ငြိမ်လာပြီး လှိုင်းဂယက်များ ကွယ်ပျောက်သွားသည်။ ထိုလှိုင်းဂယက်များ ပျောက်ကွယ်သွားသည့်အခါ ရေမျက်နှာပြင်သည် ၎င်းအထက်ရှိ အရာအားလုံးကို ရောင်ပြန်ဟပ်လေ၏။

ရေသည် ဝမ်လင်း၏မီးမုန်တိုင်း၊ သူ့ထာဝရမိုးကြိုး၊ ရှေးဟောင်းသစ်သားစိတ်ဝိညာဉ် တို့ကို ရောင်ပြန်ဟပ်၏။ ၎င်းက ဝမ်လင်း၏ ပုံရိပ်ကိုပါ ရောင်ပြန်ဟပ်စေသည်။

ထိုအခါ မည်သည့်အရာက ရောင်ပြန်ထင်ဟပ်ခြင်း၊ မည်သည့်အရာက အစစ်အမှန်ဖြစ်ခြင်းတို့ကို ပြောဖို့မှာ မဖြစ်နိုင်တော့ပေ။

ထိုအခိုက်အတန့်တွင် ဝမ်လင်း၏ခန္ဓာကိုယ်မှာ လေထဲတွင် ရုတ်တရက် ရပ်တန့်သွား၏။ သူ့ခန္ဓာကိုယ်သာမက သူ့မန္တာန်များ၊ ရတနာများသည်ပင် သူနှင့်အတူ ရပ်တန့်သွားခြင်းပင်။

ဝမ်လင်းသည် ထိုရေမျက်နှာပြင်ထဲရှိ ပုံရိပ်သည် သူကိုယ်တိုင် ဖြစ်ကြောင်းကို ရှင်းလင်းစွာ ခံစားမိပေသည်။ ယင်းက အလွန်ထူးခြားဆန်းပြားသော ခံစားမှုမျိုး ဖြစ်လေ၏။ သို့သော် ၎င်းမှာ အလွန်တရာ အစစ်အမှန်ဆန်လှသည်။

“ဒီအရှင်ရဲ့ မန္တာန်ကို ရေတွင်းထဲမှာ လမျှားခြင်းလို့ ခေါ်တယ်…”

ရေတွင်းထဲ၌ မည်သည့်လမှ ရှိမနေပါ။ သို့သော် ခုနစ်ရောင်စုံမီးတောက်အတွင်းရှိ ပုံရိပ်၏ စကားလုံးများကြောင့် သည်ရေမျက်နှာပြင် ရောင်ပြန်ဟပ်မှုသည် ကောင်းကင်တုန်လှုပ်ဖွယ်ရာမန္တာန်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။

“ရေတွင်းထဲမှ လကို မျှားခြင်း…”

ခုနစ်ရောင်စုံမီးတောက်အတွင်းရှိ ပုံရိပ်က သူ့ညာလက်ကို နှိမ့်ချကာ ဆန့်ထုတ်လိုက်လေ၏။ သူ့အောက်ရှိ ရေသည် လှိုင်းထသွားသည်။ ရေအတွင်းရှိ ဝမ်လင်း၏ရောင်ပြန်ဟပ်မှုမှာ ဆန်တက်သွားသည်။

ကောက်ယူလိုက်သည်မှာ ရေမဟုတ်ဘဲ ရုန်းကန်နေသော ဝမ်လင်းသာ ဖြစ်နေချေ၏။ ဝမ်လင်း၏မျက်လုံးတို့ကမူ ကြမ်းကြုတ်နေဆဲသာ။ ဝမ်လင်းက သူ့စိတ်ကို စူးစိုက်ထားသည်။

“ဒီအဘိုးအိုဟာ ဒီရေတွင်းထဲက လဟာ အတော်လေး လှတယ်လို့ ထင်တယ်။ ဒါ့ကြောင့် ငါ ဒါကို လိုချင်တယ်။ အခု ငါ့မှာ တစ်ခုရှိနေပြီ…” ခုနစ်ရောင်စုံမီးတောက်အတွင်းရှိ ပုံရိပ်သည် သူ့ညာလက်ကို ပြန်ရုတ်သိမ်းလိုက်၏။ ဝမ်လင်းကပါ သူ့လက်ကြားအတွင်း ပါသွားရ၏။

“ဒီလဟာ မင်းပဲ…” ခုနစ်ရောင်စုံမီးတောက်သည် တောက်ပစွာ လောင်ကျွမ်းနေရာမှ ရုတ်တရက် ပျံ့နှံ့သွားပြီး အတွင်းရှိ ပုံရိပ်ကို လှစ်ဟပေါ်စေ၏။ ထိုသူ၏ပုံပန်းသွင်ပြင် ထွက်ပေါ်လာသည်။

၎င်းမှာ ဖြူရောရောမျက်နှာ ရှိ၏။ သို့သော် အလွန်တည်ငြိမ်ဟန်ပေါက်သော သက်လတ်ပိုင်းလူတစ်ယောက် ဖြစ်ပေသည်။

ထိုလူမှ အတော်လေး ကြည့်ကောင်းကာ သူ့ထံ၌ ကောင်းကင်ဘုံသားတစ်ယောက်၏ အရှိန်အဝါ ပိုင်ဆိုင်ထားသည်။ သူက ရေတွင်းထဲမှ ဖမ်းယူလိုက်သော ဝမ်လင်းကို တည်ငြိမ်စွာ ကြည့်နေ၏။

“ကြည့်လိုက်…မင်းကို သတ်ရတာ တကယ် လွယ်လွန်းတယ်…” ထိုသက်လတ်ပိုင်းလူသည် မီးခိုးရောင်ချပ်ဝတ်တစ်စုံကို ဝတ်ဆင်ထားသည်။ ထိုချပ်ဝတ်မှာ အတော်လေး ထူးဆန်းကာ ၎င်းက ခန္ဓာကိုယ်ကနေ ပေါက်ဖွားလာသကဲ့သို့ပင်။ ၎င်းချပ်ဝတ်ကို ခန္ဓာကိုယ်ကနေ ခွဲခြားနိုင်လိမ့်မည် မဟုတ်ပါ။

ရေတွင်းထဲမှ လမျှားခြင်း၊ မျှားလိုက်သည့်အရာမှာ စိတ်ဝိညာဉ်ပင်။

“ကြည့်ရတာ သင်ဟာ တကယ့်ကို ဒဏ်ရာအပြင်းအထန် ရထားတဲ့ပုံပဲ…” ဝမ်လင်းသည် ဖြည်းဖြည်းချင်း ပြောလိုက်၏။ ထိုအခိုက်တွင် သူသည် ရက်စက်ကြမ်းကြုတ်ဟန် ဖြစ်ပေါ်နေတော့၊ တည်ငြိမ်လို့နေပေပြီ။ ရေအတွင်းမှ ဝမ်လင်းကို ကောက်ယူလိုက်သော သက်လတ်ပိုင်းလူ၏မျက်လုံးသည် တောက်ပသွား၏။

သူ၏မန္တာန်အောက်၌ ရောင်ပြန်ဟပ်ခံရသော လူတိုင်းသည် သူတို့၏ရုပ်ပိုင်းဆိုင်ရာစွမ်းရည်ကို ဆုံးရှုံးသွားပြီး စကားပင် ပြောနိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။ သို့ပေမည့် ဝမ်လင်း၏စကားလုံးများက သူ့နားထဲသို့ ရှင်းလင်းစွာ ဝင်ရောက်လာလေ၏။

ဝမ်လင်းက ထိုသို့ပြောလိုက်ပြီးသည့်နောက် ရှေ့သို့ လှမ်းကာ သူ့ညာလက်ကို ဝေ့ယမ်းလိုက်တော့၏။ ဟင်္သာငှက်အမွှေးတောင်တစ်ခုသည် သူ့လက်ထဲတွင် ပေါ်လာချေသည်။

သူ့လက်ကို ဝေ့ယမ်းလိုက်သည်နှင့် ထိုငှက်မွှေးတောင်သည် ကြောက်မက်ဖွယ်မီးကို ပေးစွမ်းလျက် ချက်ခြင်းပင် ကောင်းကင်တစ်ခွင် ခြုံလွှမ်းသွားသည်။ အကြည့်တစ်ချက်ဖြင့်ပင် ကောင်းကင်သည် မီးပင်လယ်တစ်ခု ဖြစ်လာတော့သည်။

တုန်ဟည်းသံများ အရူးအမူး ပဲ့တင်ထပ်ကုန်၏။ ကောင်းကင်ထက်ရှိ မီးသည် ဒေါမာန်တကြီး လောင်ကျွမ်းဟန် ရသည်။

သက်လတ်ပိုင်းလူက သူ့လက်ကို ကြမ်းကြုတ်စွာ ညှစ်ချေလိုက်ရာ သူ ဆုပ်ကိုင်ထားသော ဝမ်လင်းသည် နာကျင်စွာ အော်ဟစ်လိုက်ရ၏။ သူ့လက်ထဲရှိ ထိုဝမ်လင်းသည် အက်ကွဲကာ သေဆုံးသွားလေ၏။

ဝမ်လင်းသည် တုန်ယင်ကာ သူ့မျက်နှာသည် ဖြူရောလာ၏။ သို့သော် သူက မရပ်တန့်ပေ။ သူက သူ့ညာလက်ကို မြှောက်ကာ ကောင်းကင်ထက်သို့ လက်ညွှန်သည်။ သူက ပထမမျိုးဆက်ဟင်္သာငှက် သူ့ထံ ပေးအပ်ခဲ့သော မန္တာန်ကို စတင် ရွတ်ဆို၏။ “ငါဟာ ခြောက်ယောက်မြောက်မျိုးဆက်ဟင်္သာငှက်၊ ငါဟာ ဒီဟင်္သာငှက်အမွှေးတောင်ကို အသုံးပြုပြီး ငါတို့ ဟင်္သာငှက်ကလန်ရဲ့ မူလစိတ်ဝိညာဉ်ကို ရှေးဟောင်းနယ်ပယ်ကနေ ဆင်းသက်လာဖို့ ဆင့်ခေါ်တယ်…”

လောကသည် တုန်ဟည်း၏။ ဝမ်လင်း၏ စကားလုံးများ ပဲ့တင်ထပ်လာချိန်တွင် ထိုသက်လတ်ပိုင်းလူသည် မတ်တပ်ထရပ်၏။ သူ့မျက်လုံးမှာ တလက်လက် ဖြစ်သွားပြီး မထူးခြားနားအသံ ပဲ့တင်ထပ်လာလေ၏။

“ဒီအဘိုးအိုက မင်းကို တကယ်ပဲ လျှော့တွက်ခဲ့မိတယ်။ မင်းဟာ ဒီကို မလာခင် ပြင်ဆင်ထားခဲ့တာပဲ။ မင်းဟာ မင်းရဲ့ မူလခန္ဓာကိုယ်နဲ့ မိစ္ဆာစိတ်ဝိညာဉ်တစ်ခုကို အစားထိုးခဲ့တာကိုး။ ကောင်းတယ်။ ကောင်းတယ်…”

ဝမ်လင်းသည် ငြိမ်သက်နေဆဲသာ။ သူသည် ဒီနေရာသို့ မလာခင်က ရှေ့ဖြစ်ဟောသူ၏ စိတ်ဝိညာဉ်နှင့် ပေါင်းစပ်ကာ ရှေ့ဖြစ်ကြည့်ခြင်းကို အရူးအမူး ပြုလုပ်ခဲ့ပေ၏။ သူ တာအိုပညာရှင်ရေနှင့် တိုက်ခိုက်ခဲ့စဉ်တုန်းကလိုမျိုးပင်။ သူသည် ဝိုးတဝါးမြင်ကွင်းတစ်ခုကို တွေ့မြင်ခဲ့ရသည်။

ထိုမြင်ကွင်းသည် သေရေးရှင်ရေးအန္တရာယ် ဖြစ်နေသလို စိတ်ဝိညာဉ်နှင့် ပတ်သတ်လို့နေသည်။

ဝမ်လင်းက သူ့တစ်ဘဝလုံး အန္တရာယ်အထွေထွေကို ရင်ဆိုင်ပြီး သူ၏သတိတရားဖြင့် ၎င်းတို့ကို ဖြတ်ကျော်ခဲ့သည့်သူပင်။ သူက ဒဏ်ရာအပြင်းအထန် ရထားသော အုပ်စိုးသူကို ဆန့်ကျင်ဖို့ ကြံစည်ဝံ့ကတည်းက အပြည့်အဝ ပြင်ဆင်ထားခဲ့သည်မှာ သဘာဝပင်။ သူက ဆုတ်လမ်းများစွာကိုလည်း ပြင်ဆင်ထားခဲ့သည်။ မည်သည့်အရာမှ မှားယွင်းမှု မရှိလာစေရန် သူက သူ့ရှေးဟောင်းမိစ္ဆာစိတ်ဝိညာဉ်၏ အသိစိတ်ကို ပယ်ဖျက်ကာ သူ့ကိုယ်ပိုင်စိတ်ဝိညာဉ်တွင် ၎င်းကို အစားထိုးခဲ့ခြင်းပင်။ ထိုအဖြစ်က ၎င်းရှေးဟောင်းမိစ္ဆာစိတ်ဝိညာဉ်ကို သူ့မူလခန္ဓာကိုယ်၏ စိတ်ဝိညာဉ် ဖြစ်လာစေခဲ့သည်။

ရေတွင်းထဲမှ လမျှားခြင်း မန္တာန်သည် အလွန်ကြောက်မက်ဖွယ်ပင်။ ၎င်း၏စွမ်းအားမှာ ပြောစရာမလိုအောင် တုန်လှုပ်ဖို့ကောင်းနေ၏။ သို့ပေမည့် ၎င်း မျှားလိုက်သော စိတ်ဝိညာဉ်မှာ ရှေးဟောင်းမိစ္ဆာစိတ်ဝိညာဉ် ဖြစ်နေ၏။ ဝမ်လင်း၏စိတ်ဝိညာဉ် ဟုတ်မနေခဲ့ပေ။

ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်သော ဝမ်လင်းသည်သာ ထိုကဲ့သို့ သူ့စိတ်ဝိညာဉ်ကို ရှေးဟောင်းမိစ္ဆာစိတ်ဝိညာဉ်နှင့် အစားထိုးနိုင်စွမ်းရှိမည် ဖြစ်၏။ တခြားတစ်ယောက်ယောက်သာ ဆိုပါက ထိုသို့လုပ်ရန် မဖြစ်နိုင်လောက်ပေ။ သူတို့၏ကျင့်ကြံမှုအဆင့်က မြင့်မားလျှင်ပင် သူတို့သည် ထိုမန္တာန်အောက်တွင် ကျရှုံးပျက်စီးကာ အစားထိုးမှုကိုလည်း သတိပြုခြင်း ခံရမည်သာ။

သို့ပေမည့် ရှေးဟောင်းမိစ္ဆာများနှင့် ရှေးဟောင်းနတ်ဘုရားများသည် တူညီသောဇစ်မြစ်တစ်ခုမှ မဟုတ်လား။ ထို့ကြောင့် သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ပြီးပြည့်စုံစွာ အစားထိုးနိုင်ပေသည်။

ထို့အပြင် အုပ်စိုးသူမှာ ဒဏ်ရာအပြင်းအထန် ရထားပြီး ဝမ်လင်း၏ခွန်အားကို လျှော့တွက်ခဲ့သည့်အတွက်ကြောင့်လည်း ဖြစ်၏။ မဟုတ်ပါက ဝမ်လင်းသည် ယခုလို အောင်မြင်လိမ့်မည် မဟုတ်ပေ။ သို့ပေမည့် သူသာ ကျရှုံးခဲ့လျှင်လည်း ဝမ်လင်းထံ၌ ကြိုတင်အစီအစဉ်များ ပြင်ဆင်ထားသေး၏။ သူသည် ဤနေရာသို့ အဆင်အခြင်မဲ့စွာ လာမည့်လူမျိုး မဟုတ်ပေ။

***

All Chapters