← Chapters

ထီးပွင့်ဟလာရင် နယ်မြေတစ်ခုကို ဖျက်စီးနိုင်တယ်…

Vol. 108 Ch. 1482

ထီးပွင့်ဟလာရင် နယ်မြေတစ်ခုကို ဖျက်စီးနိုင်တယ်…

Vol. 108 Ch. 1482

ခုနစ်ရောင်စုံမီးတောက်အတွင်းရှိလူ၏ မန္တာန် မအောင်မမြင်ဖြစ်သွားသည့် အခွင့်အရေးကို အသုံးချကာ ဝမ်လင်းသည် နှေးဖင့်မနေဘဲ ပထမမျိုးဆက်ဟင်္သာငှက် သူ့ကို ပေးခဲ့သော ရတနာကို ထုတ်ယူလိုက်ပေသည်။

ဝမ်လင်းသည် ဟင်္သာငှက်ကို ဆင့်ခေါ်ပြီးနောက် ကောင်းကင်ထက်ရှိမီးသည် အပြင်းအထန် တဝီဝီမြည်ဟိန်းလာချေ၏။

မီးပင်လယ်သည် မြန်ဆန်စွာ မြင့်တက်လာကာ ဝမ်လင်း၏ဦးခေါင်းထက်၌ မီးပင်လယ်အလယ်တွင် ဧရာမဝဲကတော့တစ်ခု ပေါ်လာတော့သည်။ ထိုမီးဝဲကတော့သည် ဆးန်ကြယ်သောလောကထံ ဦးတည်သော တံခါးချပ်၊ တွင်းနက်တစ်ခုအလား ဖြစ်လာသည်။

ထိုတွင်းနက်ပေါ်လာသည်နှင့် ဟင်္သာငှက်အော်မြည်သံကိုပါ ယင်းအတွင်းကနေ ရုတ်တရက် ကြားလာရသည်။

ထိုဟင်္သာငှက်အော်မြည်သံသည် ကောင်းကင်တုန်လှုပ်ဖွယ် ကောင်းလေ၏။ ၎င်းပေါ်လာသည်နှင့် ဝမ်လင်းသည် တုန်လှုပ်မှုအာရုံကို ခံစားမိလိုက်သည်။ သူ့လေးကြိမ်မြောက်နိုးထခြင်းဟင်္သာငှက်သည် ပေါ်လာကာ လေးစားသမှု ပြသရလေ၏။

ဝမ်လင်း၏ဟင်္သာငှက်သည်ပင် ထိုဟင်္သာငှက်၏အော်မြည်သံအပေါ် အလိုလိုကြောက်လန့်သည့်အလား။

သက်လတ်ပိုင်းလူနောက်မှ ခုနစ်ရောင်စုံဟင်္သာငှက်သည်လည်း အပေါ်သို့ မော့ကြည့်ကာ အော်မြည်သံ ပြုသည်။ ၎င်း၏မျက်လုံးတွင်း၌လည်း ကြောက်လန့်မှု ဖြစ်ပေါ်နေ၏။ ၎င်းသည် အပေါ်သို့ ပျံမတက်ဝံ့ချေ။

ထိုမြင်ကွင်းသည် ရုတ်ချည်းဆန်လွန်း၏။ သက်လတ်ပိုင်းလူ၏မျက်လုံးသူငယ်အိမ်ပါ ကြုံ့သွားသည်။

“ဟိုလူအိုကြီးက ငါ့ကို သတ်ဖို့ မင်းကို ဒီရတနာကို တကယ် ပေးလိုက်တာပေါ့…”

ကောင်းကင်တုန်လှုပ်ဖွယ်ဟင်္သာငှက်အော်မြည်သံ၏နောက်တွင် ဝဲကတော့အတွင်းမှ ကြောက်မက်ဖွယ်ဖိအားတစ်ခုပါ ကပ်ပါလာပြီး မြန်ဆန်စွာ ပြန့်ကြဲသည်။ သည်နေရာရှိ အပူချိန်သည် ရုတ်တရက် တိုးပွားလာပြီး မီးနယ်မြေတစ်ခု ဖြစ်လာစေသည့်အလား။

ထိုဖိအားအောက်တွင် ဝမ်လင်း မေ့နိုင်တော့မည် မဟုတ်သော ကြောက်မက်ဖွယ်မြင်ကွင်းတစ်ခုသည် ကောင်းကင်ထက်ရှိ မီးပင်လယ်တွင် ပေါ်လာလေသည်။

ဧရာမဟင်္သာငှက်နှုတ်သီးသည် ဝဲကတော့အတွင်းမှ ဆင်းသက်လာ၏။ ထိုအခါ ဖိအားသည် ဆထက်တိုးပွားလာ၏။

၎င်းမှာ ဟင်္သာငှက်မူလစိတ်ဝိညာဉ်ပင်။ ထိုဟင်္သာငှက်မူလစိတ်ဝိညာဉ်ကို ဆင့်ခေါ်နိုင်သော အမွှေးတောင်မှာ ပထမမျိုးဆက်ဟင်္သာငှက်အတွက် အရေးကြီးသော ရတနာတစ်ခုဖြစ်သလို့ သူ့ထံ၌လည်း သည်တစ်ခုသာ ပိုင်ဆိုင်ထားသည်။

ထိုငှက်မွှေးတောင်သည် ပထမမျိုးဆက်ဟင်္သာငှက်၏ မွေးရပ်မြေတွင် နေထိုင်သော အစစ်အမှန်ဟင်္သာငှက်ကို စစ်ခေါ်နိုင်သည့်အရာပင်။ ဤက ဟင်္သာငှက်ကလန်ကျင့်ကြံသူများကြောင့် ဖြစ်ပေါ်လာသော ဟင်္သာငှက်မဟုတ်၊ သက်ရှိဟင်္သာငှက်တစ်ကောင်ပင်။

ဟင်္သာငှက်နှုတ်သီးက ဝဲကတော့အတွင်းမှ ဆင်းသက်လာသည့်အခါ မီးများမြင့်တက်လာ၏။

၎င်း၏အမြန်နှုန်းမှာ အတိုင်းမသိပင်။ ချက်ခြင်းလိုလို ခုနစ်ရောင်စုံမီးတောက်များ၏ ပေတစ်ထောင်အတွင်းသို့ ရောက်ရှိလာသည်။ ၎င်းသည် ရှေးဟောင်းနတ်ဘုရားများ၏ လက်ချောင်းနှင့်ပင် ယှဉ်၍ရ၏။ သို့သော် အရှိန်အဟုန်တွင်မူ ပို၍ပင် အစွမ်းထက်နေသေး၏။ မန္တာန်ကို အသုံးပြုသော ကြယ်ရှစ်လုံးရှေးဟောင်းနတ်ဘုရားတစ်ပါးကသာ ၎င်းနှုတ်သီးချက်ကို ယှဉ်နိုင်မည် ဖြစ်လေ၏။

ခုနစ်ရောင်စုံမီးတောက်အတွင်း၌ သက်လတ်ပိုင်းလူက မာန်သွင်းကာ သူ့လက်ကို ဝေ့ယမ်းလိုက်သည်။ သူ့ပတ်လည်ရှိ ခုနစ်ရောင်စုံမီးတောက်များသည် ကောင်းကင်ထက်သို့ ထိုးတက်သွားကာ နောက်ထပ်ဟင်္သာငှက်တစ်ကောင်ကို ဖြစ်ပေါ်စေပြီး တိုးဝင်လာသည့် နှုတ်သီးထံ တရကြမ်း ဦးတည်ဝင်သည်။

တုန်ဟည်းသံများ ပဲ့တင်ထပ်ကုန်၏။ ခုနစ်ရောင်စုံဟင်္သာငှက်က ထိုနှုတ်သီးနှင့် ထိမိသွားသည်နှင့် နာကျင်စွာအော်ဟစ်လိုက်ရပြီး ရုတ်တရက် ပျက်စီးသွားတော့သည်။

သက်လတ်ပိုင်းလူသည် သွေးအန်လိုက်ရ၏။ သူ၏အမူအရာမှာ ကြမ်းကြုတ်နေပေပြီ။ သူက သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို ဖြစ်ပေါ်စေကာ အော်ဟစ်လိုက်လေသည်။ “မြေကြီး၊ ရေ၊ မီးနဲ့လေ…”

သူ၏စကားလုံးများကား လောကကို လှုပ်ခါစေနိုင်၏။ မြေ ဟူသော စကားနှင့်အတူ အတိုင်းမသိမြေပြင်ထုသည် သူ့အောက်တွင် ပေါ်လာသည်။ ရေ ဟူသော စကားနှင့်အတူ လှိုင်းထန်သောပင်လယ်တစ်ခုသည် ထိုမြေပြင်ထု၏အပေါ်မှာ ပေါ်လာသည်။

မီး ဟူသော စကားလုံးနှင့်အတူ ပင်လယ်သည် စတင်လောင်ကျွမ်းကာ ခုနစ်ရောင်စုံမီးတောက်များနှင့် ဖုံးလွှမ်းသည်။ နောက်ဆုံး လေ ဟူသော စကားလုံးကြောင့် လေပြင်းသည် မီးတောက်များကို တိုက်ခတ်လေ၏။

“ဒြပ်စင်လေးခု…” ထိုသက်လတ်ပိုင်းလူ၏အမူအရာသည် ကြမ်းကြုတ်နေ၏။ သူက သူ့လက်နှစ်ဖက်ကို ရှေ့သို့ တွန်းထုတ်လိုက်သည်။ အင်အားပြည့်လေပြင်းသည် ဟင်္သာငှက်နှုတ်သီးထံသို့ တရဟော တိုးဝင်၏။ ၎င်းနောက်တွင် ဒေါမာန်တကြီးမီးတောက်များ ကပ်ပါလာသည်။

မီးတောက်နောက်တွင် မြင့်တက်လာသောပင်လယ်ပြင်၊ နောက်ဆုံးတွင် မြေပြင်ထုက ကောင်းကင်ထက်သို့ ဝဲကတော့တစ်ခု မွှေ့တက်သွားသည့်အလား တိုးဝင်လာသည်။

ထိုအရာများသည် ဝမ်လင်းရှေ့တွင် ပေါ်လာသည့်အခါ သူ့စိတ်သည် တုန်လှုပ်မိရ၏။ ဟင်္သာငှက်ဖြစ်စေ၊ သက်လတ်ပိုင်းလူဖြစ်စေ သူတို့နှစ်ယောက်လုံးမှာ တာအိုပညာရှင်ရေနှင့် အရှင်စစ်မိုတို့ မယှဉ်နိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားကြပေသည်။ သည်စွမ်းအားနှစ်ခု ထိပ်တိုက်တွေ့သွားပါက တုန်ခါလှိုင်းသည် ဤလောကကို ဖျက်စီးပစ်ဖို့အထိ လုံလောက်အောင် အားကောင်းပေလိမ့်မည်။

တိုးဝင်လာမည့် အဖျက်အစီးလှိုင်းကို ချေဖျက်နိုင်သော အလားတူအစွမ်းထက်မန္တာန်တစ်ခု ရှိမနေပါက ဝမ်လင်းသည်ပင် ရှင်သန်နိုင်လိမ့်မည် မဟုတ်ပေ။

သို့မဟုတ် သူသည် ဒီကိုမလာခင် ကြိုပြင်ဆင်လာသော အစီအစဉ်ကို အသုံးပြုရပေမည်။ သူက ပြင်ပနယ်မြေကနေ ထွက်ခွာကာ အတွင်းနယ်မြေသို့ ပြန်ခြင်း ဖြစ်၏။

သို့ပေမည့် ခုချိန်က အုပ်စိုးသူကို ဒဏ်ရာအပြင်းအထန်ရစေဖို့ သို့မဟုတ် အသေသတ်ဖို့အတွက် အကောင်းဆုံးအခွင့်အရေး ဖြစ်နေ၏။ သူသာ ဒီအခွင့်အရေးကို လွဲချောသွားခဲ့ပါက နောက်ထပ်တစ်ကြိမ် ရနိုင်တော့မည် မဟုတ်ချေ။

ဝမ်လင်းသည် သူ့တစ်ဘဝလုံး အန္တရာယ်အခြေအနေများကနေ အကျိုးအမြတ် ရအောင် လုပ်ခဲ့သူ ဖြစ်၏။ ထို့ကြောင့် သူက ဒီလိုအခွင့်အရေးကို မည်သို့ လက်လွှတ်ပါ့မည်နည်း။ သူသည် ပြန့်ကြဲမိုးကြိုးကလန်ကို ဖျက်စီးပြီးနောက် ဒီပြင်ပနယ်မြေ(ဝါ) ရှေးဟောင်းကြယ်အဖွဲ့အစည်းကို တုန်လှုပ်သွားစေမည့် တစ်စုံတစ်ခုကို လုပ်ချင်နေသူ မဟုတ်လား။

အုပ်စိုးသူကို သတ်ဖြတ်ခြင်း။

“ရက်စက်တဲ့ ပထမမျိုးဆက်ဟင်္သာငှက်ပဲ…” ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားသည်။ ပထမမျိုးဆက်ဟင်္သာငှက်သည် ရှင်သန်နေထိုင်ခဲ့သည်မှာ ကြာမြင့်လွန်းခဲ့ပြီ ဖြစ်၏။ ဝမ်လင်းသည် သူ့ပြိုင်ဘက် မဟုတ်သာမှာ သဘာဝကျသည်။ သူ့အနေဖြင့် ပထမမျိုးဆက်ဟင်္သာငှက်၏ အကြံကို ခန့်မှန်းမိသော်လည်း သူသည် ခြေတစ်လှမ်းနောက်ကျခဲ့သည်သာ။

“ဒုတိယမျိုးဆက်ဟင်္သာငှက်စီနီယာက ငါ့ကို ရုတ်တရက်ကြီး ဟင်္သာငှက်ကလန်ရဲ့ အားအကောင်းဆုံးမန္တာန်ကို လက်ဆင့်ကမ်းပေးခဲ့တယ်။ ဘာလို့လဲဆိုတော့ သူဟာ ပထမမျိုးဆက်ဟင်္သာငှက်ရဲ့ အကြံကို ဖြတ်မြင်ပြီး ငါ့ကို ကူညီပေးဖို့ ကြိုးစားခဲ့တာကြောင့်ပဲ…”

ဝမ်လင်း၏လက်နှစ်ဖက်က တုံ့နှေးခြင်းမရှိဘဲ ချိပ်တံဆိပ်များကို စတင် ဖြစ်ပေါ်စေတော့သည်။

အသက်ရှုချိန်တစ်ကြိမ်။

ထိုသက်လတ်ပိုင်းလူ၏ လေပြင်းသည် နှုတ်သီးနှင့် ထိပ်တိုက်တွေ့လေပြီ။ ထိုအခါ လောကသည် တုန်ဟည်းလျက် လေပြင်းမှာ ပျက်စီးသွားတော့သည်။ အလားတူပင် ဟင်္သာငှက်ကြီး၏နှုတ်သီးမှာလည်း တုန်ယင်သွားကာ ၎င်း၏မီးတောက်များသည် ကျယ်လောင်စွာ ဝုန်းဒိုင်းကြဲ ပဲ့တင်ထပ်လေ၏။

တုန်ခါလှိုင်းတစ်ခုသည် အဘက်ဘက်သို့ ပျံ့နှံ့ကုန်၏။

ဝမ်လင်းကလည်း ပထမအုပ်စုချိပ်တံဆိပ်များကို ပြီးမြောက်စေခဲ့ပြီ။ သူ့ရှေ့ရှိ လောကသည် အရောင်များ ပြောင်းလဲလာကာ ဧရာမမီးအရိုးကြီးတစ်ခု ထွက်ပေါ်လာ၏။

အသက်ရှုချိန်နှစ်ကြိမ်။

ခုနစ်ရောင်စုံမီးတောက်ကလည်း ဟင်္သာငှက်ကြီး၏နှုတ်သီးနှင့်ထိပ်တိုက် တွေ့ပြန်သည်။ ထိုအခါ ဟင်္သာငှက်၏နှုတ်သီးသည် တုန်ယင်လျက် ခုနစ်ရောင်စုံမိးသည် ပျက်စီးသွားတော့သည်။ ဒုတိယမြောက်တုန်ခါလှိုင်းသည် သည်လောကတခွင် ပျံ့နှံ့လာပြန်သည်။

ဝမ်လင်းကလည်း ဒုတိယအုပ်စု ချိပ်တံဆိပ်များကို အပြီးသပ်လိုက်ပေပြီ။ စောနက ဧရာမမီးအရိုးပေါ်တွင် အကိုင်းအခတ်များ ပေါ်လာလေသည်။

အသက်ရှုချိန်သုံးကြိမ်မြောက်နှင့် လေးကြိမ်မြောက်တို့သည် ချက်ခြင်း ကုန်လွန်သွား၏။ သက်လတ်ပိုင်းလူ၏ မန္တာန်ကြောင့် ဖြစ်ပေါ်သော ပင်လယ်ကလည်း နှုတ်သီးနှင့် ထိပ်တိုက်တွေ့သွားကာ အဆုံးမဲ့ရေငွေ့များအဖြစ်သို့ ပြောင်းလဲ၏။ နှုတ်သီး၏ထိပ်ပိုင်းမှာလည်း ကျိုးသွားလေတော့သည်။ ထိုအဖြစ်က ၎င်းဟင်္သာငှက်ကြီးကို အော်မြည်သံပြုစေကာ ၎င်း၏ဝမ်းဗိုက်ကို ရှုံ့၍ လေများပါးစပ်အပြည့် မှုတ်ထုတ်လိုက်လေ၏။ ထိုလေပြင်းသည် ကောင်းကင်နှင့်မြေကြီးကို ဗြောင်းဆန်စေလောက်သည်။

တုန်ဟည်းသံများသည် သည်တော်ဝင်ကုန်းမြေပေါ်တွင် အပြင်းအထန် ပဲ့တင်ထပ်သည်။ အုပ်စိုးသူက မာန်သွင်းလိုက်စဉ် ဟင်္သာငှက်နှုတ်သီးမှာ ပျက်စီးသွားလေတော့၏။

၎င်းပျက်စီးသွားသည့်အခါ တတိယမြောက် တုန်ခါလှိုင်းသည် အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ ဟင်းလင်းပြင်တွင် မရေမတွက်နိုင်သော အဟအက်ကြောင်းများ ပေါ်လာပြီး ပြင်းထန်သောစွမ်းအင်က သည်လောကတွင် ပြည့်နှက်ကုန်သည်။ မီးစာကလေးကလန်၏ တော်ဝင်ကုန်းမြေသည် ထိုတုန်ခါလှိုင်းအောက်၌ စတင်ပျက်စီးလာချေသည်။

ဟင်္သာငှက်က မှုတ်ထုတ်လိုက်သောလေက မြေပြင်ထက်သို့ ကျရောက်သွားကာ မရေမတွက်နိုင်သောအက်ကြောင်းများကို ဖြစ်စေလေ၏။

မြေပြင်ထု ကွယ်ပျောက်တော့မည်ကို တွေ့မြင်သည့်အခါ အုပ်စိုးသူက ပါးစပ်အပြည့် သွေးများ ထွေးထုတ်လိုက်၏။ ထိုသွေးက သွေးမြူအဖြစ် ပြောင်းလဲကာ မြေပြင်ထုကို ကောင်းကင်ထက်သို့ ပင့်တင်သည်။ မြေပြင်ထုသည် ထိုသွေးကို စုပ်ယူပြီးနောက် ၎င်းသည် ဆက်လက် မပျောက်ကွယ်တော့ဘဲ ကောင်းကင်ထက်သို့ အတိုင်းမသိအရှိန်ဖြင့် ထိုးတက်သွားသည်။

မိုးကြိုတုန်ဟည်းသံများ ပဲ့တင်ထပ်ကုန်၏။ အက်ကြောင်းများစွာနှင့် မြေပြင်ထုသည် ကောင်းကင်ထက်ရှိ မီးပင်လယ်ထံသို့ တိုက်ရိုက် ဦးတည်သည်။ ၎င်းက မီးပင်လယ်ကို ဖုံးလွှမ်းကာ ဟင်္သာငှက်မူလစိတ်ဝိညာဉ် ဖြတ်သန်းရောက်ရှိလာသော ဧရာမဝဲကတော့ကို ချိပ်ပိတ်ပစ်လေသည်။

လောကသည် တုန်ယင်၏။ တုန်ခါလှိုင်းများ ပျံ့နှံ့ကာ အရာအားလုံးသည် အရူးအမူး ပျောက်ကွယ်ကုန်သည်။ အုပ်စိုးသူက သွေးအန်လိုက်ရပြီး သူ့မျက်နှာသည် ပို၍ ဖြူရောလာလေသည်။ သူက လှည့်၍ ဝမ်လင်းထံသို့ ကြမ်းကြုတ်စွာ ကြည့်လိုက်သည်။ ထို့နောက် သူ့ခြေထောက်ကို ပင့်မြှောက်၏။

ဝမ်လင်းသည် တုန်ခါလှိုင်း၏ ထိမှန်ခြင်း ခံရကာ သူ့ပါးစပ်ထောင့်မှ သွေးများ ထွက်ပေါ်လာ၏။ သို့သော် သူ့လက်နှစ်ဖက်က မြန်သထက်မြန်မြန် လှုပ်ရှားနေသည်။ သူသည် အတင်းအကြပ် ချိပ်တံဆိပ်များကို ဖြစ်ပေါ်နေစေသည်။ ခုချိန်တွင် ချိပ်တံဆိပ်တစ်သန်းကျော် သူ့ဘေးပတ်လည်တွင် ရှိနေလေပြီ။

အုပ်စိုးသူက ထိုအဖြစ်ကို တွေ့မြင်သည့်အခါ သူ့အမူအရာသည် ပြောင်းလဲသွား၏။

“သေစမ်း…အဲ့လူအိုကြီးက မင်းကို တကယ်ပဲ ဒီမန္တာန်ပါ သင်ပေးလိုက်တာလား…” သူက ဝမ်လင်းထံသို့ တုံ့နှေးခြင်းမရှိ တိုးဝင်လာ၏။ သို့ပေမည့် ဝမ်လင်း ထုတ်လွှတ်ထားသော ရှေးဟောင်းသစ်သားစိတ်ဝိညာဉ်က မာန်သွင်းသံ ထုတ်ဖော်ကာ တိုးဝင်လာသော အုပ်စိုးသူထံ ဦးတည်ဝင်ရောက်သည်။

အုပ်စိုးသူ၏အမူအရာမှာ ကြမ်းကြုတ်နေ၏။ သူက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ကာ အဆုံးမဲ့စွမ်းအားသည် ဧရာမလက်ဝါးရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားချေသည်။ ၎င်းလက်က ရှေးဟောင်း‌သစ်သားစိတ်ဝိညာဉ်ထံသို့ ဆင်းသက်လာလေ၏။

မိုးကြိုးတုန်ဟည်းသံများသည် လေထဲတွင် ပြည့်နှက်နေလျက် ရှေးဟောင်းသစ်သားစိတ်ဝိညာဉ်မှာ တုန်ယင်လာသည်။ လက်ဝါးက ၎င်း၏ခန္ဓာကိုယ်ကို ထွင်းဖောက်ကာ ဝမ်လင်းထံ တိုးဝင်လာသည်။

ထိုအခိုက်အတန့်တွင် အသက်ရှုချိန်ကိုးကြိမ်မြောက်သည် ရောက်ရှိလာခဲ့ကာ ဝမ်လင်း၏ညာလက်ဖြင့် နောက်ဆုံးချိပ်တံဆိပ်ကို လက်စသပ်လိုက်ပြီး ဖြစ်၏။ သူ့လက်နှစ်ဖက်သည် သွေးအလိမ်းလိမ်း ဖြစ်နေ၏။ သူက နောက်ဆုံးချိပ်တံဆိပ်ကို ပြုလုပ်ပြီးသည့်နောက် သူ့လက်မှာ မလှုပ်ရှားနိုင်လုနီးပါး ဖြစ်သွားရသည်။

နှစ်သန်းနီးပါးချိပ်တံဆိပ်များသည် ဝမ်လင်း၏ပတ်လည်တွင် ရှိနေလေပြီ။ ၎င်းတို့က မီးမုန်တိုင်းအသွင် ဖြစ်ပေါ်ကာ ထီးအရိုးနှင့်ပေါင်းစပ်ပြီး ဧရာမလောင်ကျွမ်းနယ်မြေရှေးဟောင်းထီးကြီးအသွင် ပေါ်ထွက်လာသည်။

“လောင်ကျွမ်းနယ်မြေရှေးဟောင်းထီး..” ဝမ်လင်း၏မျက်လုံးတို့မှာ နီရဲနေ၏။ သူက ဟင်္သာငှက်ကလန်၏အစွမ်းထက်ဆုံးမန္တာန်ကို အသုံးပြုလိုက်သည့်အခါမှာ လက်ဝါးရာသည် အနားရောက်လာခဲ့ပေပြီ။

သူသည် ၎င်းမန္တာန်ကို အခုမှ တတ်မြောက်ခါစ ဖြစ်သော်လည်း သူသည် ဟင်္သာငှက်ဖြစ်၏။ သူသည် အချိန်အကြာကြီး အတားအဆီးများကို လေ့ကျင့်ခဲ့သူ ဖြစ်သည်။ ထို့အတွက်ကြောင့် သူက ချိပ်တံဆိပ်များကို အလွန်မြန်ဆန်စွာ ဖန်တီးနိုင်စွမ်း ရှိပေသည်။ သို့ပေမည့် ၎င်းမန္တာန်အပေါ် နားလည်မှုကတော့ နိမ့်ပါးသေး၏။ ထို့အတွက် ၎င်း၏စွမ်းအားသည် အလှမ်းဝေးနေဆဲ ဖြစ်သည်မှာ သိသာသည်။ သို့သော်လည်း သည်လိုမန္တာန်မျိုးက ထွက်ပေါ်လာသည်နှင့် ၎င်း၏စွမ်းအားက အားနည်းနေသေးသည်ဆိုဦး ကောင်းကင်တုံလှုပ်ဖွယ်ရာ ကောင်းနေဆဲသာ။

ထို့နောက် ဝမ်လင်းသည် သွေးများ ထွေးထုတ်လိုက်သည်။ ဝမ်လင်းက သူ့ခန္ဓာကိုယ်၏အသက်ဓာတ်များကို ထိုရှေးဟောင်းထီးက ပွင့်ဟလာရန်အတွက် မြန်ဆန်စွာ စုပ်ယူနေသည်အား ရှင်းလင်းစွာ ခံစားမိပေသည်။

“ထီး…ဒီနယ်မြေကို ဖျက်စီးဖို့အတွက် ပွင့်လာစေ…” ဝမ်လင်းသည် မာန်သွင်းလျက် သူ့လက်နှစ်ဖက်ကို ဝေ့ယမ်းလိုက်သည်။

***

All Chapters