← Chapters

အဲ့နေ့ ရောက်လာခဲ့ပြီ…

Vol. 108 Ch. 1483

အဲ့နေ့ ရောက်လာခဲ့ပြီ…

Vol. 108 Ch. 1483

မီးမုန်တိုင်းသည် လေထဲတွင် တန့်သွားကာ မီးအရိုးထီးမီးတောက်နှင့် ပေါင်းစပ်ပြီး လောင်ကျွမ်းထီးတစ်လက်အသွင် ဖြစ်ပေါ်လာခြင်းတည်း။ ဝမ်လင်းထံမှ သွေးများ ၎င်းထီးပေါ်သို့ ကျရောက်သွားသည့်အခါ အသက်ဓာတ်မြောက်များစွာသည် ၎င်းထံသို့ စီးဝင်ကာ ဟိန်းမြည်သံတစ်ခု ပဲ့တင်ထပ်သည်။

ပျက်စီးနေသော မီးစာကလေးကလန်တော်ဝင်ကုန်းမြေသည် အတိုင်းမသိအပူဓာတ်နှင့် ပြည့်နှက်နေသည်။ အုပ်စိုးသူ၏လက်ဝါးချက်သည်ပင် ထိုအပူလှိုင်းရိုက်ခတ်လာသည့်အခါ တန့်သွားရ၏။

အုပ်စိုးသူ၏အမူအရာသည် ကြီးစွာ ပြောင်းလဲသွားသည်။

ထိုအခိုက်အတန့်တွင် ဝမ်လင်း၏‌ ဟိန်းအော်သံက ဒီလောကတစ်ခွင် မြည်ဟိန်း၏။

ချက်ခြင်းပင် ရှေးဟောင်းထီးမှာ ဖြည်းဖြည်းချင်း ပွင့်ဟလာ၏။ ၎င်း ပွင့်ဟနေစဉ် နယ်မြေတစ်ခုကို ဖျက်စီးနိုင်သောမီးက ထိုထီးထံမှ ဖြည်းဖြည်းချင်း ပျံ့နှံ့လာ၏။ ထိုမီးသည် အရောင်အဆင်းမဲ့၏။ ၎င်းကို မီးဟုပင် ခေါ်၍မရနိုင်၊ အော်ရာတစ်ခုအလား ဖြစ်လေသည်။ ၎င်းမှာ မမြင်ရသောမီးအော်ရာပင်။

ထီးသည် ဖြည်းဖြည်းချင်း ပွင့်ဟလာ၏။ ၎င်းက ဆယ်ရာခိုင်နှုန်းခန့် ပွင့်ဟလာချိန်၌ လက်ဝါးချက်သည် ရောက်ရှိလာခဲ့ပြီ။ မီးသည် တဟုန်ထိုး ထိုးထွက်ကာ ထိုလက်ဝါးချက်နှင့် ထိပ်တိုက်တွေ့သည်။ မိုးကြိုးတုန်ဟည်းသံ ပဲ့တင်ထပ်၏။ လက်ဝါးချက်သည် ချက်ခြင်း ပျက်စီးသွားချေသည်။

မီးအော်ရာသည် ရပ်တန့်မသွားပေ။ ၎င်းက အဘက်ဘက်သို့ ဖြည်းဖြည်းချင်း ဆက်လက်ပျံ့နှံ့၏။ ၎င်း၏ ဝန်းရံခြင်းခံရသော နေရာတိုင်းမှာ ဖျက်စီးခံရသည်။ ယင်းကား နယ်မြေတစ်ခုကို ဖျက်စီးနိုင်သောစွမ်းအား မည်၏။

ဟင်္သာငှက်နှုတ်သီးကြောင့် ဖြစ်ပေါ်လာခဲ့သော အဖျက်အစီးတုန်ခါလှိုင်းလည်း ရှိသေး၏။ အုပ်စိုးသူက ထိုမီးအော်ရာ၏စွမ်းအားနှင့် ထိပ်တိုက်တွေ့ချေသည်။ အတိုင်းမသိ တုန်ဟည်းသံများ ပဲ့တင်ထပ်လျက် ထိုတုန်ခါလှိုင်းသည် ပျက်စီးသွားရသည်။

“လောင်ကျွမ်းနယ်မြေရှေးဟောင်းထီး…” အုပ်စိုးသူ၏မျက်နှာသည် ဖြူရောနေ၏။ သူသည် ဒဏ်ရာပြင်းထန်စွာ ရရှိထားခဲ့ပြီး ဖြစ်သည့်အပြင် ရေတွင်းထဲမှလကိုမျှားခြင်းမန္တာန်ကို အသုံးပြုရာတွင်လည်း အတွက်အချက်မှားသွားခဲ့သေးသည်။ ထို့နောက်တွင် သူက ဟင်္သာငှက်မူလိတ်ဝိညာဉ်နှင့် တိုက်ခိုက်ခဲ့ရပြီး ၎င်းကို ချိပ်ပိတ်ပစ်ရသည်။ သည့်နောက်တွင် သူက ဝမ်လင်းသည် လောင်ကျွမ်းနယ်မြေရှေးဟောင်းထီးမန္တာန်ကို အသုံးပြုနေသည်ကို မြင်လိုက်ရခြင်းပင်။

ထိုအခိုက်အတန့်တွင် သူသည် အရင်ထက် ဒဏ်ရာပိုပြင်းထန်သွားခဲ့လေပြီ။ ကြမ်းကြုတ်သည့်အမူအရာဖြင့် အုပ်စိုးသူက ချိပ်ဟန်တစ်ခုကို ဖြစ်စေပြီး သူ၏ပုခုံးပတ်လည်ရှိ ဝတ်ရုံထံ လက်ဆန့်ထုတ်၏။ ထို့နောက် သူက မာန်သွင်းကာ ဆွဲယူချလိုက်သည်။

ပြင်းထန်သောနာကျင်မှုက သူ့ထံ၌ လှိုက်တက်လာ၏။ သူက သူ့အသွေးအသားနှင့် ပေါင်းစပ်နေသော ချပ်ဝတ်ကို ဆွဲထုတ်ယူလိုက်တာ ဖြစ်၏။ ထိုချပ်ဝတ်က မီးခိုးရောင်တောက်ပမှုကို ပေးလျက် ရုတ်တရက် ကြီးမားသောလက်ဝါးချက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

“လောင်ကျွမ်းနယ်မြေရှေးဟောင်းထီးက ဘယ်လိုလုပ် လွယ်လွယ် ပွင့်ဟနိုင်ပါ့မလဲ…။ ဒီချပ်ဝတ်ကို ငါ့ဆရာ ပေးခဲ့တာ။ ဒါဟာ ထီးပွင့်ဟမလာအောင် လုပ်နိုင်ဖို့ လိုအပ်တာထက်တောင် ပိုသေးတယ်။ စကြဝဠာဖိနှိပ်ခြင်းလက်ဝါး…”

အုပ်စိုးသူက မာန်သွင်းအော်ဟစ်လိုက်၏။ ချပ်ဝတ်ကြောင့် ဖြစ်ပေါ်လာသော ဧရာမလက်ဝါးချက်သည် ဝမ်လင်းထံ အတင်းဝင်ရောက်လာတော့သည်။

၎င်းမှာ မြန်လွန်း၏။ ကောင်းကင်တစ်ခွင်ကို ဖုံးလွှမ်းလုနီးနီးပင်။ ၎င်းသည် ရှေးဟောင်းထီးနှင့် ထိတိုက်တွေ့ခါနီး ဖြစ်လာသည်။

မိုးကြိုးတုန်ဟည်းသံများ အရူးအမူး ပဲ့တင်ထပ်ကာ မီးသည် ထိုလက်ဝါးကို ထွင်းဖောက်၏။ ၎င်းလက်ဝါးသည် အလျင်အမြန် လွင့်ပျောက်နေရင်း ထီးကို ဝုန်းဒိုင်းကြဲတိုက်ခိုက်သည်။

အဖြစ်အပျက်မှာ မြန်ဆန်လှ၏။ လက်ဝါးချက်သည် မြန်ဆန်စွာ လွင့်ပျောက်နေရင်း ၎င်းက ထီးနားသို့ ရောက်ရှိ၏။ ၎င်း၏မူလအရွယ်အစားမှာ တစ်ဝက်တိတိ ကြုံ့ကာ ပျောက်ကွယ်သွားပြီးနောက် ၎င်းလက်ဝါးချက်သည် ရှေးဟောင်းထီးပေါ်သို့ ကျရောက်လာသည်။

“လောင်ကျွမ်းနယ်မြေရှေးဟောင်းထီး...ဒီအုပ်စိုးသူအတွက် ပျက်စီးလိုက်စမ်း…”

ရှေးဟောင်းထီးသည် တုန်ယင်လာ၏။ ဝမ်လင်းသည် သွေးအန်လိုက်ရသည်။ သူ့ခန္ဓာကိုယ်ထဲရှိ အသက်ဓာတ်တို့မှာ ရှုပ်ထွေးကုန်သည်။ တကယ်တော့ ဝမ်လင်း၏ကျင့်ကြံမှုအဆင့်သည် ၎င်းရှေးဟောင်းထီး၏ အစစ်အမှန်စွမ်းအားကို ထုတ်ဖော်ဖို့အတွက် လုံလောက်အောင် မမြင့်မားပေ။ နှစ်ဆယ်ရာခိုင်နှုန်း ပွင့်ဟကာ အုပ်စိုးသူ၏ လက်ဝါးချက်ကို ပိတ်ဆို့ခြင်းက သူ၏အကန့်အသတ်ပင်။

သွေးအန်ထုတ်လိုက်ရပြီးနောက် ဝမ်လင်းသည် နောက်သို့ လွင့်ထွက်သွား၏။ အသက်ဓာတ် ထိုးသွင်းပေးခြင်း မရှိသည်နှင့် ရှေးဟောင်းထီးသည် တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်လာသည်။ ထိုသို့ဖြစ်ရခြင်းမှာ လက်ဝါးချက်ကြောင့်တော့ မဟုတ်ပေ။

သို့ပေမည့် ၎င်းထီးလုံးဝ ပျောက်ကွယ်ခါနီးတွင် ဝမ်လင်း၏မျက်လုံးထဲ၌ ရူးသွပ်ဟန် ဖြစ်ပေါ်လာ၏။ သူက မာန်သွင်းအော်ဟစ်လိုက်သည်။ “ပေါက်ကွဲစမ်း…”

ပျောက်ကွယ်လုလုရှေးဟောင်းထီးသည် တုန်ယင်လာ၏။ ဝမ်လင်း၏စကားသံများသည် ပဲ့တင်ထပ်လာစဉ် အဖျက်အစီးအော်ရာတစ်ခု ၎င်းထီးအတွင်းမှ ပျံ့လွင့်လာသည်။

မီးစာကလေးကလန်၏ တော်ဝင်ကုန်းမြေတစ်ခုလုံးသည် လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်၏။ ချပ်ဝတ်ကြောင့် ဖြစ်ပေါ်လာသော မီးခိုးရောင်လက်ဝါးချက်မှာလည်း လုံးဝ ပျက်စီးသွားခဲ့လေပြီ။

တော်ဝင်ကုန်းမြေ အဝင်တံခါးချပ်အပြင်၌ မီးစာကလေးကလန်ဘိုးဘေးသည် ထိုင်ချကာ ကျင့်ကြံနေ၏။ ရုတ်တရက် သူက မျက်လုံးဖွင့်လာပြီး တံခါးချပ်ကို ကြည့်သည်။ သို့ပေမည့် ထိုအခိုက်အတန့်တွင် တံခါးချပ်သည် ပျက်စီးသွားကာ တံခါး၏မရေမတွက်နိုင်သော အစိတ်အပိုင်းများသည် သူ့ထံသို့ တရကြမ်း တိုးဝင်လာတော့သည်။

ထိုအဖြစ်က ရုတ်ချည်းဆန်လွန်း၏။ ထို့အတွက် မီးစာကလေးကလန်ဘိုးဘေးသည် အလျင်မီတုန့်ပြန်ရန် အချိန်မရလိုက်ခင်မှာ အစိတ်အပိုင်းများက သူ့အပေါ်သို့ ကျရောက်သွားလေ၏။ သူသည် သွေးအန်ထုတ်ကာ နောက်သို့ တုန်လှုပ်စွာဖြင့် အလျင်အမြန် ဆုတ်သည်။ သူ့မျက်လုံးထဲတွင်လည်း တုန်လှုပ်မှုနှင့်အတူ မယုံကြည်နိုင်ဖြစ်မှုတို့ပါ ရောယှက်ဖြစ်ပေါ်နေသည်။

ဝမ်လင်းသည် ပျက်စီးနေသောတံခါးချပ်ထံမှ ဖျပ်ခနဲ ထွက်လာကာ အမြန်ပြေးတော့၏။ သူ့နောက်တွင်မူ ပျက်စီးနေသော တော်ဝင်ကုန်းမြေသည် အဆုံးအဆမဲ့အဖျက်အစီးအားတစ်ခုအဖြစ်သို့ ပြောင်းကာ ပေါက်ကွဲထွက်လာလေပြီ။

အုပ်စိုးသူ၏ အော်သံက အတွင်းကနေ ထွက်ပေါ်လာရင်း သူသည် ထိုအဖျက်အစီးအားကို ဝမ်လင်းနောက်သို့ လိုက်ပါစေသည်။ သူသည် ဒဏ်ရာအပြင်းအထန် ရထားသော်လည်း ဝမ်လင်းနောက်ကိုမူ လိုက်နိုင်ဆဲသာ။

သူ ထိုးထွက်လာသည်နှင့် သူ့လက်ကို ပင့်မြှောက်ကာ ရှေ့သို့ ကြမ်းတမ်းစွာ ဖိချလိုက်သည်။ နောက်ထပ်လက်ဝါးချက်တစ်ခု ပေါ်လာကာ ရှေ့သို့ တဟုန်ထိုး ဦးတည်သည်။ ၎င်းလက်ဝါးချက်သည် ဝမ်လင်းကို ချက်ခြင်းပင် မှီလာကာ သူ့အား ဖျက်စီးပစ်ပေတော့မည်။

ထိုအန္တရာယ်အခိုက်အတန့်တွင် ဝမ်လင်းသည် အလျင်အမြန် နောက်ဆုတ်နေ၏။ သူ့ပါးစပ်ထောင့်မှလည်း သွေးများစီးကျနေသည်။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို ဖြစ်စေသည်။ လေနှင့်မိုးနယ်မြေသည် ဝမ်လင်းပတ်လည်တွင် ပေါ်လာ၏။ ထိုလက်ဝါးချက်သည် ၎င်းနယ်မြေနှင့် ထိပ်တိုက်တွေ့သည်။ ဘန်းခနဲ လေနှင့်မိုးနယ်မြေသည် ချက်ခြင်း ပျက်စီးသွားတော့သည်။

ဝမ်လင်းသည် သွေးအန်လိုက်ရပြီး သူ၏ခန္ဓာကိုယ်ထံမှ အဖြူရောင်အလင်းတို့ ထွက်ပေါ်လာသည်။ အဆုံးမဲ့အဖြူရောင်အလင်းသည် ကျင့်ကြံခြင်းဂြိုဟ်မှ ထွက်ပေါ်လာကာ ဝမ်လင်းပတ်လည်တွင် သိပ်သည်း၍ ကြီးမားသောအလင်းအရိပ်ဒိုင်းအဖြစ်သို့ ဖွဲ့စည်းသည်။

တာအိုသခင်အိပ်မက်ပြာ၏ အလင်းနှင့်အရိပ်ဒိုင်းမန္တာန်။

ထိုအလင်းနှင့်အရိပ်ဒိုင်းပေါ်လာသည်နှင့် လက်ဝါးချက်က ၎င်းပေါ်သို့ ကျရောက်သည်။ ထိုဒိုင်းသည် ပြင်းထန်စွာ လှုပ်ခတ်ကာ စွမ်းအာကို တန်ပြန်နိုင်ရန် တာဆူသည်။ သို့သော် ၎င်းက အသက်ရှုချိန်အနည်းငယ်သာ ကြာမြင့်လိုက်ပြီးနောက် ပျက်စီးသွားရလေသည်။

ဝမ်လင်း၏မျက်နှာသည် သေလောက်အောင် ဖြူရောနေပေပြီ။ သူသည် နောက်ထပ် သွေးအန်လိုက်ရပြန်သည်။ ထိုလက်ဝါးချက် သူ့ထံ ကျရောက်လာတော့မည်ကို တွေ့မြင်သည့်အခါ ဝမ်လင်းက မာန်သွင်းလိုက်၏။ သူ၏ရှေးဟောင်းနတ်ဘုရားကြယ်များ မြန်ဆန်စွာ လှည့်ပတ်လာကာ အင်ပါယာမီးပြင်းဖိုသည် သူ့ပထမဆုံးကြယ်ထံမှ ပျံသန်းထွက်လာသည်။

အင်ပါယာမီးပြင်းဖိုသည် ဝမ်လင်းပတ်လည်တွင် ပေါ်လာကာ ဒိုင်းတစ်ခုအသွင် ဖြစ်ပေါ်သည်။ ၎င်းက သူ့ထံတိုးဝင်လာသော လက်ဝါးချက်နှင့် ထိပ်တိုက်တွေ့၏။

ကျယ်လောင်သော တစီစီအသံများ ထွက်ပေါ်ကာ ဝမ်လင်းသည် နောက်သို့ လွင့်ထွက်သွား၏။ သူ့ခန္ဓာကိုယ်ပေါ်တွင် မရေမတွက်နိုင်သော ဒဏ်ရာများ ပေါ်လာသည်။ အင်ပါယာမီးပြင်းဖိုကမူ ပျက်စီးမသွားပေ။ သို့သော် ၎င်းက လက်ဝါးချက်၏အားကြောင့် ပုံစံအသွင် ဖွဲ့တည်နိုင်ခြင်း မရှိတော့ဘဲ ဝမ်လင်း၏ ပထမဆုံးရှေးဟောင်းနတ်ဘုရားကြယ်အတွင်း ပြန်ကန်ဝင်ရောက်သွားရသည်။

“ဒီအုပ်စိုးသူက မင်းဘယ်လိုများ ခုခံအုံးမလဲ ကြည့်ချင်မိတယ်။ မင်း ဘယ်လိုများ ပြေးလွတ်မလဲ မြင်ချင်သေးတယ်…”

ထိုလက်ဝါးချက်သည် ဝမ်လင်းနှင့် ခုနစ်ပေခန့်သာ လိုတော့၏။ ၎င်း၏ဖိအားသည်ပင် သူ့စိတ်ကို တုန်ခါစေသည်။

ထိုကဲ့သို့ သေရေးရှင်ရေးအခိုက်အတန့်တွင် ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်ကာ သူ့ရှေ့သို့ နေရာချသည်။ ရှေးဟောင်းနတ်ဘုရားစွမ်းအား ပေါ်ထွက်လာပြီး သတ္တုလက်အိတ်အသွင် ဖြစ်ပေါ်သည်။

ထိုရှေးဟောင်းနတ်ဘုရားရတနာသည် ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ အရိုးကနေ သန့်စင်ထားခြင်း ဖြစ်၏။

၎င်းလက်အိတ်ပေါ်လာသည်နှင့် လက်ဝါးချက်သည် ၎င်းပေါ်သို့ ကျရောက်ကာ ကျယ်လောင်စွာ မြည်ဟိန်း၏။ ဝမ်လင်းသည် ခုနစ်ကြိမ်တိုင်တိုင် သွေးအန်ထုတ်လိုက်ရသည်။

သူ့ခန္ဓာကိုယ်သည် ပျက်စီးသွားလုလု ဖြစ်နေပြီး သူ၏မူလစိတ်ဝိညာဉ်မှာလည်း အားနည်းနေပေပြီ။ ကံကောင်းသည်မှာ သူ့ခန္ဓာကိုယ်မှာ ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်နေခြင်းပင်။ မဟုတ်ပါက ထိုဖိအားဖြင့်ပင် သူ့ကို သတ်ပစ်ဖို့ လုံလောက်နေပေပြီ။

မည်သို့ပင်ဖြစ်စေ သူသည် အုပ်စိုးသူ၏ တိုက်ချက်ကို တိုက်ရိုက် ပိတ်ဆို့ခဲ့ပေ၏။

"မသေသေးဘူးလား” အုပ်စိုးသူသည် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ သူ့ညာလက်ကို ရှေ့သို့ တွန်းထုတ်လိုက်ပြန်၏။ နောက်ထပ်လက်ဝါးချက်တစ်ခုသည် ဝမ်လင်းထံသို့ အရှိန်ပြင်းစွာ တိုးဝင်လာတော့သည်။

ဝမ်လင်း၏အမူအရာသည် ကြမ်းကြုတ်နေ၏။ သူက သူ့ဘယ်လက်ကို မြှောက်၍ ညာလက်ထံသို့ ညွှန်သည်။ သူသည် အော်ဟစ်လိုက်သည်။ “ကြယ်ရှစ်လုံးရှေးဟောင်းနတ်ဘုရားရဲ့ အသက်ကယ်မန္တာန်…ရှေးဟောင်းကောင်းချီးပေးခြင်း…”

ဝမ်လင်း၏ရှေးဟောင်းနတ်ဘုရားစွမ်းအင်များသည် အလွန်မြန်သောနှုန်းဖြင့် အစောပိုင်းက သတ္တုလက်အိတ်ထံသို့ တိုးဝင်သည်။ သူ့ စကားလုံးများ ပဲ့တင်ထပ်လာသည့်အခါ ခွန်အားပြည့်ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ အော်ရာသည် ကြယ်များကြားတွင် ပေါ်လာသည်။

အဝေးမှ ကြည့်ပါက ကျင့်ကြံခြင်းဂြိုဟ်တစ်လုံး အရွယ်အစားမျှ ရှိသော ရှေးဟောင်းနတ်ဘုရားတစ်ပါးသည် ဝမ်လင်းရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့ပေပြီ။

ထိုရှေးဟောင်းနတ်ဘုရားသည် ပုံရိပ်ယောင် ဖြစ်၏။ ရှေးဟောင်းနတ်ဘုရားအော်ရာကိုလည်း ပေးစွမ်းသည်။ သူ၏ခန္ဓာကိုယ်သည် ဒဏ်ရာများနှင့် ဖုံးလွှမ်းနေပုံထောက်ရှုပါက တိုက်ပွဲများစွာ ဖြတ်သန်းခဲ့ပြီးသည်မှာ ထင်ရှားသည်။ သူက လက်ဝါးချက်ကို မျက်နှာချင်းဆိုင်၏။ သူ့လက်နှစ်ဖက်ဖြင့် ဝမ်လင်းကို ထွေးခြုံပေးသည်။ သူက ဝမ်လင်းကို သူ့ခန္ဓာကိုယ်ဖြင့်လည်း ကာကွယ်မှုပေးထားသည်။

နွေးထွေးမှုလှိုင်းများ ဝမ်လင်း၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာလေ၏။ မိဘတစ်ပါးက လောကပျက်စီးလျှင်ပင် သူ၏သားသမီးဖြစ်သူကို ကာကွယ်မှု ပေးသည့်အလား။

ထိုရှေးဟောင်းနတ်ဘုရားပုံရိပ်ယောင် ပေါ်လာသည်နှင့် အုပ်စိုးသူ၏လက်ဝါးချက်သည် ရောက်ရှိလာပြီး ၎င်း၏နောက်ကျောပေါ်သို့ ကျရောက်သည်။

ကြယ်များကြား၌ တုန်ဟည်းသံများ မြည်ဟိန်းသည်။ ရှေးဟောင်းနတ်ဘုရားသည် မလှုပ်မယှက် ရှိ၏။ လက်ဝါးချက်မှာ ပျက်စီးသွားသည်။ ထိုလက်ဝါးချက်က သူ့အတွက်တော့ ခြင်တစ်ကောင်လာကိုက်သည့်အလား။

ထိုအဖြစ်ကို တွေ့မြင်သည့်အခါ အုပ်စိုးသူသည်ပင် မျက်လုံးကျဉ်းမြောင်းသွားမိ၏။ ထိုရှေးဟောင်းနတ်ဘုရား လှုပ်ရှားလာသည့်အခါ သူက မန္တာန်တစ်ခု အသုံးပြုရန် ပြင်လိုက်သည်။

ရှေးဟောင်းကောင်းချီးပေးခြင်းသည် ကလေးငယ်ရှေးဟောင်းနတ်ဘုရားတစ်ပါးကို ပေးအပ်ခဲ့သော အသက်ကယ်မန္တာန်စခု ဖြစ်၏။ ၎င်းမန္တာန်မှာ ခုခံဖို့အတွက် သပ်သပ် မဟုတ်ပေ။ ကြီးမားလှသော ရှေးဟောင်းနတ်ဘုရားက ရုတ်တရက် လှည့်လာသည့်အခါ အုပ်စိုးသူ၏မျက်လုံးသူငယ်အိမ်မှာ ကြုံ့သွားမိ၏။ ထိုရှေးဟောင်းနတ်ဘုရားပုံရိပ်ယောင်က လှည့်လာရင်း လက်သီးချက်တစ်လုံးသည် အုပ်စိုးသူထံ ပစ်သွင်းလာခဲ့ပေပြီ။

ထိုရှေးဟောင်းနတ်ဘုရား၏နဖူးထက်တွင် လှည့်ပတ်နေသော ကြယ်ရှစ်လုံးမှာ အထင်းသား ပေါ်လွင်၏။

အုပ်စိုးသူအဖို့ ရှောင်ရန် အချိန်မရတော့ပေ။ ထိုလက်သီးချက်က သူ့ထံသို့ ဥက္ကာပျံတစ်စင်းအလား ကျရောက်လာခဲ့ပေပြီ။

အုပ်စိုးသူ၏မျက်နှာသည် ဖြူရောသွားကာ သွေးအန်ထုတ်လိုက်ရ၏။ သူ ဒဏ်ရာအပြင်းအထန် ထပ်ရသွားသည်။ သူ့ခန္ဓာကိုယ်ပါ လွင့်စင်ထွက်သွားပြီးနောက် ငြီးငြူလိုက်ရသည်။ ထိုလက်သီးချက်က သူ၏မူလဒဏ်ရာများကို ပိုဆိုးကာ ပေါက်ကွဲထွက်သွားစေသည်။

လက်သီးတစ်ချက်နှင့်အတူ ထိုရှေးဟောင်းနတ်ဘုရားသည် ပျောက်ကွယ်ကာ သတ္တုလက်အိတ်အဖြစ်သို့ ပြန်ပြောင်းလဲသွားသည်။ ၎င်းက ဝမ်လင်း၏ညာလက်အတွင်းသို့ ပျောက်ကွယ်သွားလေသည်။

ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွား၏။ သူက သည်အခိုက်အတန့်၌ ချက်ခြင်း ထွက်ပြေးရန် ရွေးချယ်သင့်ပေသည်။ သို့သော် သူက သူ့ညာလက်ကို ဝေ့ယမ်းလိုက်၏။ သွေးဓားသည် အုပ်စိုးသူထံသို့ အတင်းတိုးဝင်သွားချေ၏။

အုပ်စိုးသူက မည်သို့အရာမှန်း မသိရသော ရတနာအချို့ကို ထုတ်ယူကာ သွေးဓားကို ပိတ်ဆို့ကာ ၎င်းကို နောက်ပြန်ကန်လာစေသည်။ ဝမ်လင်းသည် သက်ပြင်းချလိုက်၏။ သူ့ဒဏ်ရာများသည် အတော်ပြင်းထန်နေကာ အသက်တစ်ရှိုက်ကို မနည်းရှုနေရ၏။ သူသာ စိတ်လျှော့လိုက်ပါက ချက်ခြင်း ပျက်စီးသွားလောက်သည်။ ထိုအခိုက်အတန့်တွင် ဝမ်လင်းက သွေးဓားကို ဖမ်းယူကာ တုံ့နှေးခြင်းမရှိ ထွက်ပြေးတော့သည်။

သို့ပေမည့် ဝမ်လင်း ဟင်းလင်းပြင်ကွေးညွတ်ခြင်းကို အသုံးပြုကာ ထွက်ပြေးတော့မည့် အခိုက်တွင် အုပ်စိုးသူ၏အားနည်းသောအသံသည် လောကတွင် ပဲ့တင်ထပ်လာသည်။ သို့ပေမည့် သူ့အသံက ဝမ်လင်းနားထဲ ဝင်ရောက်လာသည့်အခါ သူ့ကို ရုတ်တရက် ရပ်တန့်သွားစေသည်။

“ဝမ်လင်း...ဝမ်လင်း...မင်းက ရဲတင်းတယ်၊ ရက်စက်တယ်၊ ပြတ်သားတယ်။ ဉာဏ်များတယ်။ မင်း ငါ့ရဲ့ စစ်သားတစ်ယောက် ဖြစ်လာချင်လား။ မင်းသာ သဘောတူရင် ငါဟာ မင်းရဲ့ဇနီးကို ပြန်အသက်သွင်းပေးနိုင်တယ်။ သူမရဲ့ စိတ်ဝိညာဉ်တင် မဟုတ်ဘူး၊ လုံးဝ အသက်ပြန်ရှင်လာအောင် လုပ်ပေးမှာ...”

ဝမ်လင်း၏စိတ်သည် ပြာလောင်ခတ်သွား၏။ သူ့ထံ မိုးကြိုးပစ်ချလိုက်သည့်အလား။ သူ့မျက်လုံးထဲတွင် ရူးသွပ်မှု ပေါ်လာပြီး သူက သက်လတ်ပိုင်းလူ(ဝါ)အုပ်စိုးသူထံသို့ စိုက်ကြည့်လိုက်သည်။

“စစ်မာမိုနေရာမှာ ငါ၊ သူ့ညီမဖြစ်သူနေရာမှာ ဝမ်အာ ဖြစ်တဲ့ တနေ့ရောက်လာခဲ့ရင် ငါ ဘယ်လို ရွေးချယ်ရပါ့မလဲ...”

“အဲ့နေ့ ရောက်လာတာ ဖြစ်နိုင်ပါတယ်...”

ထိုနေ့သည် ရောက်ရှိလာခဲ့ပေပြီ။

***

All Chapters