← Chapters

ကျော်ကြားခြင်းက ဒဏ္ဍာရီပမာ

Vol. 37 Ch. 521

ကျော်ကြားခြင်းက ဒဏ္ဍာရီပမာ

Vol. 37 Ch. 521

အခန်း (၅၂၁) ကျော်ကြားခြင်းက ဒဏ္ဍာရီပမာ

အဝေးသို့ထွက်ပြေးသွားသော လင်ချန်းချန်ကိုကြည့်ရင်း ရန်ကျောက်ကဲ ပခုံးတစ်ချက်တွန့်လိုက်သည်။

မိစ္ဆာသူတော်စင်ဂိုဏ်းက ထူးဆန်းပြီး လျှို့ဝှက်ဆန်းကျယ်သည် အမှန်ပင်။

သမုဒ္ဒရာကမ္ဘာတွင် လမ်းမှန်ဂိုဏ်းများနှင့် မိစ္ဆာဂိုဏ်းများ၏ ဆက်ဆံရေးက ကောင်းမွန်သည်မဟုတ်ပေ။

ထို့အတူ လမ်းမှန်ဂိုဏ်းအချင်းချင်း ၊ မိစ္ဆာဂိုဏ်းအချင်းချင်းသည်လည်း အဆင်ပြေခြင်း မရှိကြပေ။ သို့ဖြစ်ရာ မိစ္ဆာဂိုဏ်း (၆) ဂိုဏ်း၏ အစိတ်အပိုင်းဖြစ်သော ကျန်လုန်ဂိုဏ်း ၊ တစ္ဆေဝိညာဉ်ဂိုဏ်းအပါအဝင် မိစ္ဆာဂိုဏ်းများအားလုံးက အချင်းချင်း စောင့်ကြည့်သတိထားနေကြသည်။

ယခု ရန်ကျောက်ကဲက မိစ္ဆာသူတော်စင်’လင်ချန်းချန်၏ ၏ အားနည်းချက်ကို ထုတ်ဖော်ပြသလိုက်သည်ဖြစ်ရာ သူ့ကို ပစ်မှတ်ထားမည့်သူများ အဆုံးမသတ်ထွက်ပေါ်လာပေတော့မည်။

မိစ္ဆာသူတော်စင်ဂိုဏ်းက လျှို့ဝှက်ဆန်းကျယ်သလို လှုပ်ရှားမှုများကို ခန့်မှန်းနိုင်ခြင်း မရှိသောကြောင့် တစ်ခါမှ ကြီးမားသောဒုက္ခမကြုံဖူးဘဲ နှစ်ပေါင်းများစွာ ရပ်တည်နိုင်ခဲ့သည်။ ထို့ပြင် မိစ္ဆာသူတော်စင်ဂိုဏ်းတွင် နှစ်ပေါင်းများစွာ စုစည်းထားသော ရတနာပစ္စည်းနှင့် ရင်းမြစ်ဥစ္စာများ များစွာရှိလေရာ ထိုဂိုဏ်းကို တိုက်ခိုက်မည်ဆိုလျှင် သေချာပေါက် အကျိုးအမြတ် ရှိပေမည်။

ဟုတ်ပေ၏။

ရတနာပစ္စည်းများစွာကို ပိုင်ဆိုင်ထားသော ရန်ကျောက်ကဲသည်လည်း လူတိုင်း၏ “ပစ်မှတ်” ဖြစ်လာနိုင်သည်။ သို့သော် နှိုင်းယှဉ်ပြောရလျှင် သမုဒ္ဒရာကမ္ဘာတွင် ယခုမှပေါ်လာသော ရန်ကျောက်ကဲကို အထူးသတိထားရမည် ဖြစ်၏။

အမှန်တော့ နှစ်ပေါင်းများစွာ သိရှိလာခဲ့သော မိစ္ဆာသူတော်စင်ဂိုဏ်းနှင့် ယှဉ်လျှင် ရုတ်တရက်ပေါ်လာပြီး ချက်ချင်းနာမည်ကြီးလာသော ရန်ကျောက်ကဲက ပို၍လျှို့ဝှက်ဆန်းကျယ်ပြီး ဇာစ်မြစ်အမှန်ကို သိနိုင်ရန် ခဲယဉ်းသည်။

ရေသလင်းနန်းတော် ၊ ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းနှင့် လေ့ဖုန်းဂိုဏ်း စသည့် လမ်းမှန်အင်အားစုများမှာ ရန်ကျောက်ကဲအကြောင်းစဉ်းစားရင်း ခေါင်းကိုက်လျှက် ရှိကြသည်။

တစ်ချိန်တည်းတွင် ကျန်လုန်ဂိုဏ်း ၊ မြွေစိမ်းကျွန်း အစရှိသော မိစ္ဆာဂိုဏ်းများမှာလည်း ဘာလုပ်ရမှန်းမသိ မရေမရာ ခံစားနေရသည်။

ဓားအသင်္ချေဂိုဏ်းချုပ် ‘ယန်ကန်း’ ကတော့ အဆိုးဆုံးပင် ဖြစ်သည်။ ထူးဆန်းသောအခြေအနေများကြောင့် သူ့မှာ အတော်လေး မှင်တက်လျှက် ရှိသည်။

ကြံ့ဝိညာဉ်ကျွန်းက ဓားအသင်္ချေရေကန်နှင့် မဟာမိတ်ဖြစ်သည်။  ထို့ကြောင့် ဖန်းခန်းက ယန်ကန်းကို ‘မျောလွင့်ဓား’ ယူဆောင်လာပါရန် အကူအညီတောင်းခံခဲ့ခြင်း ဖြစ်၏။

ယန်ကန်းရှိနေပါလျှက် ရန်ကျောက်ကဲက ဖန်းခန်းကို သတ်ဖြတ်လိုက်ခြင်းက ကြံ့ဝိညာဉ်ဂိုဏ်းအတွက် အဖြစ်ဆိုးကျခြင်းဖြစ်သလို ဓားအသင်္ချေရေကန်အတွက်လည်း များစွာမျက်နှာပျက်ရသည်။

သို့သော် ယန်ကန်းအနေဖြင့် ရန်ကျောက်ကဲကို ဖမ်းဆီးသတ်ဖြတ်ပြီး ဖန်းခန်းအတွက် ပေးစပ်စေရန်အတွက် နည်းလမ်းမရှိပေ။

ကျန်းလုန်ဂိုဏ်းချုပ်အပြင် တစ္ဆေဝိညာဉ်ဂိုဏ်းချုပ်ကလည်း တစ္ဆေဝိညာဉ်သေတ္တာနှင့်အတူ အလျှင်အမြန် ရောက်ရှိလာလေရာ ယန်ကန်းအနေဖြင့် ထိုသူများကို သတိထားရမည်သာ။

သို့သော် ယန်ကန်းက ကြံ့ဝိညာဉ်ကျွန်းကိုယ်စား တစ်စုံတစ်ခု ပြုလုပ်မပေးပါက ဓားအသင်္ချေရေကန်အနေဖြင့် ပိုပြီးမျက်နှာပျက်ကာ ထိုးနှက်ခံရမည်ဖြစ်သလို ကြံ့ဝိညာဉ်ကျွန်းနှင့် မဟာမိတ်သည်လည်း ပျက်ဆီးသွားနိုင်ပေသည်။

ကြံ့ဝိညာဉ်ကျွန်းနှင့် ဓားအသင်္ချေရေကန်က မဟာမိတ်ဖြစ်သည့်တိုင် ဖန်းခန်း အသတ်ခံရပြီးနောက် လမ်းမှန်ဂိုဏ်းများထဲတွင် သူတို့၏အင်အား ကျဆင်းသွားခဲ့ပြီ ဖြစ်သည်။

ယန်ကန်းစိတ်ထဲ မရေမတွက်နိုင်သော အတွေးများက လျှပ်ပြက်သလို လင်းလက်လျှက်ရှိသည်။

ထိုအချိန်...

အဝေးမှ အသံတစ်သံ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။

“ယန်ကန်း... မင်း ဆက်ပြီးတိုက်ခိုက်မလို့လား ၊ ဒီအဘိုးကြီးက တိုက်ပွဲတွေကြည့်ရတာ အရမ်းပျော်တာနော်”

ထိုအသံမှာ တစ္ဆေဝိညာဉ်ဂိုဏ်းချုပ်၏ အသံဖြစ်ကြောင်း သိရှိသဖြင့် ယန်ကန်း အနည်းငယ် မျက်နှာပျက်သွားသည်။

ထိုသူက သိုင်းသူတော်စင်တစ်ယောက် မဟုတ်သော်လည်း ဘိုးဘွားပိုင် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော “တစ္ဆေဝိညာဉ်သေတ္တာ” ရှိသည့်အပြင် တစ္ဆေဝိညာဉ်ကျွန်း၏ သိုင်းစွမ်းက အခြားသူများထက် သာလွန်ထူးခြားလေသည်။ ထို့ကြောင့် မိစ္ဆာဂိုဏ်း (၆) ဂိုဏ်းတွင် ထိပ်တန်း (၃)ဂိုဏ်းထဲတွင် ပါဝင်နိုင်ခဲ့ခြင်း ဖြစ်၏။

ယန်ကန်းက ရန်ကျောက်ကဲကို စူးစိုက်ကြည့်နေတော့ လူငယ်က ရယ်မောရင်း...

“ငါ့ကို မကြည့်နဲ့ ၊ အဲဒီလူကို ငါမသိဘူး ၊ ဒါပေမဲ့ မင်းတို့တွေ ဘာအကြံထုတ်နေလဲ လူတိုင်းသိတယ်နော်”

ဟုတ်ပေ၏။ မိစ္ဆာဂိုဏ်းနှင့် လမ်းမှန်ဂိုဏ်းများက ရန်ကျောက်ကဲကို သူတို့လူဖြစ်စေရန် အမိအရ ဆုပ်ကိုင်ချင်ကြသည်။

သို့သော် သူ့အရှေ့မှ လင်ချန်းချန်က နမူနာပေးသွားသဖြင့် တစ္ဆေဝိညာဉ်ဂိုဏ်းချုပ်က အရမ်းကာရော မလှုပ်ရှားရဲဘဲ ယန်ကန်းကိုသာ အဝေးမှ ဖိအားပေးလိုက်ခြင်းဖြစ်၏။ ယန်ကန်းသာ ရန်ကျောက်ကဲကို တိုက်ခိုက်မည်ဆိုလျှင် ထိုလူငယ်သည် သေချာပေါက် မိစ္ဆာဂိုဏ်းဘက်သို့ ရောက်လာပေလိမ့်မည်။

ကြံ့ဝိညာဉ်ကျွန်းမှ သိုင်းသမားများ စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။ ယန်ကန်းက ရန်ကျောက်ကဲကို အနိုင်ယူပါမည်လား မပြောနိုင်ခင် ဤသို့သောအခြေအနေများအောက်တွင် ယန်ကန်းက ရန်ကျောက်ကဲကို တိုက်ခိုက်မည် မဟုတ်တော့ပေ။

မဟာမိတ်ဖြစ်ခြင်းကို အသုံးချကာ အရေထူသော ကြံ့ဝိညာဉ်ကျွန်းမှ သိုင်းသမားများက သူတို့ကျွန်းသခင်အတွက် တရားမျှတမှုရှာဖွေပေးရန် တောင်းဆိုလိုကြသည်။ သူတို့ ကျွန်းသခင် သေဆုံးရခြင်း၏ အရှက်တရားနှင့် မုန်းတီးခြင်းကို ယနေ့ သန့်စင်အောင် ဆေးကြောချင်လှသည်။

ထို့ပြင် ရန်ကျောက်ကဲကို မနှိမ်နင်းနိုင်ပါက ရက်စက်ကြမ်းတမ်းသော ထိုလူငယ်သည် ကြံ့ဝိညာဉ်ကျွန်းမှ အခြားလူများကိုပါ သုတ်သင်ပစ်မည်ကိုလည်း စိုးရိမ်နေကြ၏။

ဓားအသင်္ချေရေကန်ဂိုဏ်းချုပ် ယန်ကန်း၏မျက်နှာအမူအရာမှာတော့ အလွန် မကျေမနပ်ဖြစ်နေသလို စိတ်မသက်မသာလည်း ဖြစ်နေဟန်ရှိသည်။

သို့သော် သူ့စိတ်ထဲ ဘာတွေးနေသည်ကိုတော့ သူကိုယ်တိုင်သာလျှင်သိရှိနိုင်ပြီး သူ့အတွက် ခက်ခဲသောဆုံးဖြတ်ချက်ချမှတ်ရန် ဖိအားပေးခံရခြင်းတော့ မရှိပေ။

ရန်ကျောက်ကဲက သူ့ပတ်ဝန်းကျင်မှ တင်းမာသောအခြေအနေကို အရေးမစိုက်ဟန် ညင်သာစွာ ပြုံးလိုက်သည်။

သူက လက်နှစ်ဖက်ကိုနောက်ပစ်လျှက် ဝင်္ကပါပင်လယ်မှ ထွက်ခွာသွားရင်း...

“မိစ္ဆာသူတော်စင်ဂိုဏ်းက ဒီကိစ္စကိုဝင်ပါတာ ထူးခြားတဲ့အကြောင်းပြချက်တော့ ရှိရမယ် ၊ ငါ ဒီကိုရောက်လာတဲ့အတွက် သူ့အကြံအစည် လမ်းတစ်ဝက်မှာ ပျက်သွားပေမယ့် အဲဒီကိစ္စနဲ့ပတ်သက်တဲ့သဲလွန်စတွေကို ဘယ်သူမှ စဉ်းစားကြည့်ဖို့ စိတ်မဝင်စားကြဘူးလား”

ရန်ကျောက်ကဲစကားကိုကြားတော့ ယန်ကန်းနှင့် အခြားသူများအားလုံး စိတ်ထဲတုန်လှုပ်သွားကြသည်။

ရန်ကျောက်ကဲက မိစ္ဆာသူတော်စင်ဂိုဏ်းမှမဟုတ်ဘဲ သူ့ကိုကူညီရန်အတွက် အဘယ့်ကြောင့် ဤနေရာသို့ ရောက်လာရပါသနည်း။

ရန်ကျောက်ကဲကို ထိန်းချုပ်နိုင်ရန် တစ်ခုတည်းဖြင့် ဤနေရာသို့ ရောက်လာသည်ဆိုခြင်းက အကြောင်းပြချက် မခိုင်လုံပေ။ ထို့ပြင် ရန်ကျောက်ကဲ၏တည်ရှိမှုက သမုဒ္ဒရာကမ္ဘာ၏ အာဏာချိန်ခွင်လျှာ ဘယ်အတိုင်းအတာထိ ပြောင်းလဲနိုင်မည်ကို မည်သူမှ မသိရှိနိုင်ပေ။

ထို့ကြောင့် လင်ချန်းချန်၏လုပ်ရပ်က အမှန်တကယ်ပင် အံ့သြစရာ ဖြစ်ခဲ့သည်။

လူတိုင်းက စဉ်းစားခန်းဖွင့်ရင်း ရန်ကျောက်ကဲနောက်မှ လိုက်ပါလျှက် ဝင်္ကပါပင်လယ်ထဲမှ ထွက်ခွာလာကြသည်။  လူစုလူဝေးထဲ ပေါ်မလာသေးသော တစ္ဆေဝိညာဉ်ဂိုဏ်းချုပ်၏ ကြောက်မက်ဖွယ်ရာ ရောင်ဝါသည်ပင် သူတို့နောက်မှ လိုက်လာလေသည်။

ရန်ကျောက်ကဲကလည်း မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား ၊ ဖူအန်းစုတို့နှင်အတူ ထွက်ခွာလာသည်။

ထွက်ခွာသွားရင်း သူက ပတ်ဝန်းကျင်ကိုလည်း ဂရုတစိုက်လေ့လာနေသည်။ လင်ချန်းချန်က ပုံရိပ်ယောင်မိစ္ဆာသိုင်းပညာကို ကျင့်ကြံထားသူဖြစ်လေရာ သဲလွန်စများကို အလွယ်တကူ ခန့်မှန်းနိုင်မည်မဟုတ်သဖြင့် အထူးသတိထားရမည်ကို ရန်ကျောက်ကဲ သိရှိ၏။

ရန်ကျောက်ကဲက...

“ဝင်္ကပါပင်လယ်တစ်ခုလုံးက ပုံရိပ်ယောင်တွေနဲ့ ပြည့်နေတော့ သဲလွန်စတွေကို ဘယ်လိုမှ တွေ့နိုင်မှာ မဟုတ်ဘူး ၊ ဒါပေမဲ့ ကြည့်ရတာ မိစ္ဆာသူတော်စင်က တစ်ခုခုကို ရှာဖွေချင်တဲ့ပုံပဲ”

အခြားသူများက သူ့စကားများကို မယုံကြည်လိုကြသော်လည်း စိတ်လှုပ်ရှားလျှက် ရှိကြသည်။

ဝင်္ကပါပင်လယ်တွင် မိစ္ဆာသူတော်စင်လင်ချန်းချန်ကို စွဲဆောင်နိုင်စွမ်းရှိသောအရာက ထူးခြားသောအရာတစ်ခု ဖြစ်ရပေမည်။

သို့သော် ရန်ကျောက်ကဲက သူ၏အကြံအစည်များကို ဖျက်ဆီးလိုက်သောကြောင့် ထိုအရာကို ရှာဖွေနိုင်တော့မည် မဟုတ်ပေ။

သူ့အနေဖြင့် နောက်တစ်ကြိမ် သားကောင်မဖြစ်စေရန်အတွက် သူ၏လမ်းကြောင်းများကို ပိုမိုသေချာစွာ ဖုံးကွယ်ရန် အာရုံစိုက်ရမည် ဖြစ်သည်။

မည်သည့်သဲလွန်စမှ မတွေ့သည့်အခါ ရန်ကျောက်ကဲက ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး တစ်ချက်ပြုံးရင်း ခေါင်းခါယမ်းသည်။

ထို့နောက် သူက အခြားသူများကို အေးဆေးစွာ လှည့်ကြည့်ပြီး လက်ဝှေ့ယမ်းနှုတ်ဆက်လိုက်၏။

“အားလုံးပဲ... ငါ့အတွက် ဒီနေရာမှာ လုပ်စရာကိစ္စမရှိတော့ဘူး ၊ ဆိုတော့... သွားခွင့်ပြုပါဦး ၊ နောက်မှ ပြန်ဆုံကြမယ်”

သူ့စကားဆုံးသွားသည်နှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားမှ ကြယ်တာရာချီစွမ်းအားအနှစ်သာရများထွက်ပေါ်လာပြီး ဂဠုန်ငှက်အတောင်ပံများအဖြစ် ပြောင်းလဲသွားကာ ရန်ကျောက်ကဲနှင့် ဖူအန်းစုတို့ကို မိုင်ပေါင်း (၂၅၀၀) အကွာအဝေးသို့ ခေါ်ဆောင်လျှက် အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။

သမုဒ္ဒရာကမ္ဘာမှ သိုင်းသမားများမှာ ရယ်ရမလား ငိုရမလား မသိတော့ဘဲ စိတ်ရှုတ်ထွေးသောခံစားချက်များဖြင့် စကားမပြောနိုင်ဘဲ ကျန်ရစ်ခဲ့ကြ၏။

သူတို့အားလုံး တွေးတောနေသည့်အကြောင်းအရာက ရန်ကျောက်ကဲနှင့် ဆက်စပ်နေသည်များသာ။

ရန်ကျောက်ကဲ ပထမဆုံးအကြိမ် ထွက်ပေါ်လာစဉ်မှာပင် လမ်းမှန်ဂိုဏ်း (၇) ဂိုဏ်းမှ ကြံ့ဝိညာဉ်ကျွန်း၏ ကျွန်းသခင်ဖြစ်သော ဖန်းခန်းကို သတ်ဖြတ်ခဲ့ပြီး မိစ္ဆာသူတော်စင်ဂိုဏ်းချုပ် လင်ချန်းချန်၏အားနည်းချက်ကို ထုတ်ဖော်ပြောကြားခဲ့သည်။

ဤအဖြစ်အပျက်များအားလုံးနှင့် ဤလုပ်ရပ်များအားလုံးက ကမ္ဘာကြီးကို လှုပ်ခတ်သွားစေသည်။

မည်သည့်နေရာက ရောက်လာမှန်းမသိဘဲ ရုတ်တရက် ထင်ပေါ်ကျော်ကြားလာသည့် လျှို့ဝှက်ဆန်းကျယ်သော လူငယ်လေးတစ်ယောက်သည် အနာဂတ် သမုဒ္ဒရာကမ္ဘာကြီးကို မည်သို့ပြောင်းလဲစေမည်ကို မည်သူသိနိုင်မည်နည်း။

ဤကမ္ဘာမှ ရန်ကျောက်ကဲ ပျောက်ကွယ်သွားသည့်တိုင် သမိုင်းမှတ်တမ်းများထဲတွင် သူ့အကြောင်းက ဒဏ္ဍာရီတစ်ပုဒ်ပမာ ကျန်ရစ်ခဲ့မည် ဖြစ်သည်။

ထိုအချိန် အဝေးတစ်နေရာမှ ဤနေရာသို့ ချဉ်းကပ်လသော စွမ်းအားမြင့်မားသည့်ရောင်ဝါများ ထွက်ပေါ်လာသည်။

ရေသလင်းနန်းတော်သခင် ၊ သွေးနီနဂါးဂိုဏ်းချုပ်နှင့် ကျန်လုန်ဂိုဏ်းချုပ်တို့ ရောက်ရှိလာကြလေရာ လူတိုင်း သတိပြန်ဝင်လာသည်။

သမုဒ္ဒရာကမ္ဘာမှ ထိပ်တန်းသိုင်းကျင့်ကြံသူများ ဤနေရာတွင် အမှတ်တကယ် စုဝေးခဲ့ကြပေ၏။

သို့သော် မကြာမီတွင် ကျန်လုန်ဂိုဏ်းချုပ်နှင့် တစ္ဆေဝိညာဉ်ဂိုဏ်းချုပ်တို့ ပြန်သွားကြလေရာ မိစ္ဆာဂိုဏ်းသားများသည်လည်း သူတို့နှင့်အတူ ပြန်လည်ဆုတ်ခွာသွားကြ၏။

လမ်းမှန်ဂိုဏ်းသားများကတော့ ပြန်လည်ဆုတ်ခွာကြခြင်း မရှိသေးပေ။

ယနေ့ ဖြစ်ပျက်သမျှကို နားလည်နိုင်ရန်အတွက် လူတိုင်းအချိန်လိုအပ်သည်။ ယနေ့ကို အခြေခံပြီး အနာဂတ်အခြေအနေနှင့် ကိုယ်ပိုင်မူဝါဒများကို ပြန်လည်ရေးဆွဲရန် လိုအပ်ပေ၏။

ထိုအချိန်တွင် ကြီးမားသော မုန်တိုင်းပမာမွှေနှောက်မှုကြီးကို ပြုလုပ်ခဲ့သူ ရန်ကျောက်ကဲကတော့ စိတ်အေးလက်အေးနှင့် ပျော်ရွှင်လျှက် ရှိသည်။

သူ့နံဘေးမှ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ခွဲကိုကြည့်ရင်း ရန်ကျောက်ကဲ ပြုံးလိုက်၏။

“ဒီ ကိုယ်ပွားက သုံးရတာ အရမ်းကောင်းတယ် ၊ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ကျွန်တော့်ထက် အများကြီးပိုပြီး မြင့်မားတော့ ထိန်းချုပ်ရတာ စိတ်စွမ်းအားတော့ နည်းနည်းကုန်တယ် ၊ ဒါပေမဲ့ ဒီကိုယ်ပွားရှိသာမရှိရင် ရန်သူတွေကို ချောချောမွေ့မွေ့နဲ့ အနိုင်ရမှာ မဟုတ်ဘူး”

ဖူအန်းစုက ရန်ကျောက်ကဲကို လက်ညိုးထိုးရင်း...

“ကြွားလိုက်တာဟယ်”

ရန်ကျောက်ကဲက မည်သည့်စကားမှမဆိုဘဲ ရယ်မောနေလေသည်။

All Chapters