← Chapters

အချစ်နဲ့ကျေးဇူးတရား…

Vol. 108 Ch. 1484

အချစ်နဲ့ကျေးဇူးတရား…

Vol. 108 Ch. 1484

“ဒီအဘိုးအိုဟာ မင်းကို မလိမ်ဘူး။ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင်လောက်တည်းက ငါဟာ မင်းရဲ့ နာမည်ကို ကြားခဲ့ပြီး မင်း ကျင့်ကြံခဲ့ရတဲ့ အကြောင်းရင်းဟာလည်း မင်းရဲ့ ဇနီးကို ပြန်ခေါ်ဆောင်ဖို့အတွက်ဆိုတာ ငါ သိခဲ့တယ်…” အုပ်စိုးသူ၏အသံသည် အားပျော့ပေ၏။ သို့သော် ထိုစကားများက ဝမ်လင်း၏စိတ်ကို လေးလံသောတုဖြင့် ထုချလိုက်သလိုပင်။

“ဒီအဘိုးအိုက မင်းအနေနဲ့ မင်းရဲ့ဇနီး ပြန်အသက်ရှင်အောင် လုပ်ပေးဖို့ ကျင့်ကြံသူတော်တော်များများကို အကူအညီတောင်းခဲ့တာကိုလည်း သိထားတယ်။ ဒါပေမဲ့ အဆုံးသပ်မှာတော့ ဘယ်သူကမှ မင်းကို ကူညီမပေးနိုင်ခဲ့ကြဘူး။ မင်း ငါ့ရဲ့ စကားတွေကို မယုံတာ ဖြစ်နိုင်ပါတယ်။ မင်းက ငါဟာ အပြင်းအထန် ဒဏ်ရာရထားတယ်လို့ ယူဆထားမှတော့ ငါ့အနေနဲ့ ဘယ်လိုလုပ်ပြီး ဒါကို အောင်မြင်အောင် လုပ်ပေးနိုင်မှာလဲလို့ မင်း ထင်မှာပဲ…”

“တကယ်တော့ ဒီကိစ္စဟာ အဆုံးစွန် ခက်ခဲလွန်းတယ်။ ငါ ဒဏ်ရာ မရထားခဲ့ရင်တောင်မှာ မင်းရဲ့ဇနီးအသက်ကို ပြန်ရှင်အောင် လုပ်ပေးနိုင်တဲ့ စွမ်းရည် ငါ့မှာ မရှိဘူး။ ဒါပေမဲ့ ငါ့ဆရာကတော့ ရှေးဟောင်းကောင်းကင်ဘုံအုပ်စိုးသူနဲ့ နင်လားငါလား ပုဂ္ဂိုလ်တစ်ယောက်ပဲ။ သူဟာ ရှေးဟောင်းကမ္ဘာမှာတောင် ကျော်ကြားတဲ့သူ ဖြစ်တယ်…”

“ဒီအဘိုးအိုက မင်းအတွက် ငါ့ဆရာကို လိုက်ရှာပေးမယ်။ အသက်နယ်ပယ်ကိုလည်း ရှာပေးမယ်။ သူဟာ အသက်ရှည်ခြင်းချိပ်တံဆိပ်ကို ဖြစ်ပေါ်စေဖို့အတွက် မရေမတွက်နိုင်တဲ့ စိတ်ဝိညာဉ်တွေကို ရိတ်သိမ်းနိုင်တယ်။ သူဟာ မင်းရဲ့ဇနီးတင် မကဘူး၊ မင်းရဲ့ သားကိုပါ ပြန်လည်ရှင်သန်အောင် လုပ်ပေးနိုင်တယ်…”

ဝမ်လင်းသည် လုံးဝ တောင့်တင်းနေသည်။ သူ့စိတ်မှာ တုန်ခါနေ၏။ သူသည် ပြောစရာစကားပါ မဲ့လို့နေသည်။ သူသည် ဒဏ်ရာအပြင်းအထန် ရထားခဲ့ပြီး ဖြစ်ကာ အနည်းတင်းခံနေရခြင်းပင်။ ခုချိန်တွင် သူသည် နောက်ထပ် တင်းမခံနိုင်တော့ပေ။ သူ၏ခန္ဓာကိုယ်သည် တုန်ယင်ကာ သွေးအန်ထုတ်လိုက်ရလေ၏။

“ဒီအဘိုးအိုရဲ့ စစ်သား ဖြစ်လာဖို့ မင်း သဘောတူလိုက်တာနဲ့ ဒီအဘိုးအိုက မင်းအတွက် ဒီအရာတွေအားလုံးကို လုပ်ပေးနိုင်တယ်…” ထိုအသံသည် အားနည်း၏။ သို့သော် ဆန်းကြယ်မှု ပါဝင်လျက် ဝမ်လင်းထံ ကျရောက်လာခြင်းတည်း။

ဝမ်လင်း၏မျက်လုံးထဲတွင် ရုန်းကန်မှုတို့ ပြည့်နှက်နေ၏။ သူသည် အခုလောက် အပြင်းအထန် ဘယ်တုန်းကမှ ရုန်းကန်ခဲ့ရခြင်း မရှိပေ။ တာအိုသခင်အိပ်မက်ပြာ၏ ကတိကဝတ်၊ ပထမမျိုးဆက်ဟင်္သာငှက်၏ စကားလုံးများသည်ပင် အခုအကြိမ်ကို မယှဉ်သာပေ။ မည်သူကမျှ ဝမ်လင်း၏ စိတ်နှလုံးအတွင်းရှိ တန်ဖိုးအထားဆုံးအရာကို တိုက်ရိုက် ထိုးဆွ သွေးဆောင်ခဲ့ခြင်း မရှိခဲ့ဖူးပေ။

အုပ်စိုးသူ၏ စကားလုံးများ သူ့တာအိုနှလုံးသားပေါ်သို့ ကျရောက်လာသည့်အခါ ဝမ်လင်းအဖို့ သူ့စိတ်ဝိညာဉ်ပါ လွတ်ထွက်မတတ် ဖြစ်ရသည်။

လီမူဝမ်ကို ပြန်အသက်သွင်းနိုင်ဖို့အတွက်ဆို ဝမ်လင်းသည် မည်သည့်အရာကိုမဆို လုပ်ဖို့ ဆန္ဒရှိပေသည်။ အရာအားလုံးကို စွန့်စားပစ်ဖို့ ဆန္ဒရှိပေသည်။

သူ့အဖို့ မျှော်လင့်ချက်မရှိခဲ့ချိန်ကပင် သူသည် မျှော်လင့်ချက်ကို ကိုင်ဆုပ်ထားခဲ့ပေ၏။ ခုချိန်တွင် မျှော်လင့်ချက် ရှိလာခဲ့ပြီ။ ထိုမျှော်လင့်ချက်က တစ်စွန်းတစ်စလေးပင် ဖြစ်ပါစေဦး သူ့စိတ်နှလုံးအတွင်း လေးလံစွာ ဖိစီးနေပြီ ဖြစ်၏။ သူသည် အရူးအမူး ရုန်းကန်နေရသည်။

“ဒီအဘိုးအိုရဲ့ စစ်သား ဖြစ်လာတာနဲ့ မင်းဟာ အရှင်စစ်မို၊ ချင်းရွှေ၊ ချင်းလင်တို့ထက် သာလွန်တဲ့ တည်ရှိမှု ဖြစ်လာမှာ။ မင်းဟာ ငါ ပိုင်ဆိုင်တဲ့ အစွမ်းထက်ဆုံးသေခြင်းစစ်သားတစ်ယောက် ဖြစ်လာမှာ…”

“မင်းသာ သဘောတူခဲ့ရင် ဒီအဘိုးအိုဟာ မင်းကို တာအိုအမည်အရှင်လင်းရှန်လို့ နာမည်ပေးမယ်…”

“မင်းရဲ့ ဘဝကို မင်းရဲ့ဇနီးနဲ့သား ဖြစ်သူ ပြန်ရှင်သန်ဖို့အတွက် ကြိုစားရင်း ကုန်ဆုံးခဲ့တာ မဟုတ်ဘူးလား။ ငါ့ရဲ့ ဆရာဟာ မင်းအလိုချင်ဆုံးအရာကို လုပ်ပေးနိုင်တယ်။ မင်း ငါ့ကို မယုံကြည်ရင် ငါ့ဆရာကို အရင်ဆုံး မင်းရဲ့ဇနီးကို အသက်ရှင်အောင် လုပ်ပေးပြီးမှ မင်းတို့နှစ်ယောက် အတူပြန်ပေါင်းဖက်ရပြီ ဆိုမှ သဘောတူလည်း နောက်မကျသေးဘူး…”

ဝမ်လင်း၏မျက်နှာသည် ပြာနှမ်းလာ၏။ သူ့စိတ်အတွင်းမှ ရုန်းကန်မှုသည် အကန့်အသတ်တိုင်လာသည်။ သူ့စိတ်ထဲ၌ အော်ဟစ်နေမိ၏။ သူ့ခန္ဓာကိုယ်မှာ လှုပ်ခါနေမိသည်။

“ဒီကမ်းလှမ်းမှုကို လိုက်ခံလိုက်။ ဝမ်အာ ပြန်ရှင်နိုင်ဖို့အတွက် အုပ်စိုးသူရဲ့ စစ်သားလုပ်လိုက်။ ဝမ်လင်း…မင်းဘဝမှာ ကျင့်ကြံခဲ့တာ သူမအတွက် မဟုတ်ဘူးလား…”

“သူ့ကမ်းလှမ်းမှုကို လက်ခံလိုက်၊ ဒါဆိုရင် နှစ်ပေါင်းထောင့်ငါးရာ ခွဲခွာမှုဟာ အဆုံးသပ်သွားပြီ။ ဝမ်ပိုင်လည်း ပြန်ရှင်လာဦးမှာ။ မင်းရဲ့ မိသားစု ပြန်ပေါင်းထုတ်ဖို့ဟာ မင်းရဲ့ အကြီးမားဆုံး အိပ်မက် မဟုတ်ဘူးလား…”

“သူ့ကမ်းလှမ်းမှုကို လက်ခံလိုက်။ မင်းဟာ အုပ်စိုးသူရဲ့ ကျွန်တစ်ယောက် မဟုတ်ဘူး။ သူ့အမိန့်အားလုံးကို နာခံရုံလေးပဲကိုး။ မင်းရဲ့ တစ်ကိုယ်ရေလွတ်လပ်မှုနဲ့ ဝမ်အာရဲ့ အသက် အဲ့နှစ်ခုနှိုင်းယှဉ်ရင် ဘာက ပိုအရေးကြီးလဲ…”

“သူ့ကမ်းလှမ်းမှုကို လက်ခံလိုက်ရင် ဒုတိယအရှင်စစ်မိုဖြစ်လာမယ်။ အုပ်စိုးသူရဲ့ ကျွန်တစ်ယောက် ဖြစ်လာမယ်။ အတွင်းနယ်မြေကို သစ္စာဖောက်ရမယ်။ စစ်ထူနန်၊ ချင်းရွှေနဲ့ အတွင်းနယ်မြေက မင်း သိတဲ့လူအားလုံးနဲ့ ပတ်သက်မှုကို ဖြတ်တောက်ပစ်ရမယ်။ အခုကစပြီး သူတို့ဟာ မင်းရဲ့ ရန်သူပဲ…”

ထိုအသံသည် ပိုကျယ်လောင်သထက် ကျယ်လောင်လာကာ ဝမ်လင်း၏စိတ်ထဲတွင် ကျယ်လောင်စွာ ဟိန်းမြည်နေလေ၏။ သူသည် နောက်သို့ပင် အလိုလို ဆုတ်မိသွားသည်။ ခုချိန်၌ သူ့မျက်လုံးမှာ ချင်းချင်းနီရဲနေကာ သူ့စိတ်သည် ပျက်စီးလုနီးနီးပင်။ ရွေးချယ်မှုတစ်ခု ပြုလုပ်ဖို့ ရုန်းကန်ရခြင်းက ဝမ်လင်းကို ပြိုလဲမတတ် ဖြစ်နေစေသည်။

“ တနေ့နေ့ကျရင် အုပ်စိုးသူဟာ ငါ့ကို စစ်ထူကို သတ်ခိုင်းခဲ့ရင် ငါ ဘာလုပ်ရမလဲ။ အုပ်စိုးသူဟာ ချင်းရွှေကို သတ်ခိုင်းရင် ငါ ဘာလုပ်ရမလဲ။ အုပ်စိုးသူဟာ အတွင်းနယ်မြေကလူတွေအားလုံးကို သတ်ဖြတ်ပစ်ဖို့ ပြောလာခဲ့ရင် ငါဟာ ရင်းနှီးတဲ့မျက်နှာတွေ၊ ကျောက်ရီ၊ကျိုးယု၊ ခေါင်းကြီး လူတိုင်းပဲ အဲ့လူတွေကို ငါ ဘယ်လို မျက်နှာချင်းဆိုင်ရမှာလဲ။ အုပ်စိုးသူဟာ ဒုတိယမျိုးဆက်ဟင်္သာငှက်အဘိုးအိုကို သတ်ခိုင်းခဲ့ရင်ရော ငါ ဒါကို လုပ်နိုင်မှာလား…”

ဝမ်လင်း၏မျက်နှာထက်တွင် ကြောက်မက်ဖွယ်အပြုံးတစ်ခု ဖြစ်ပေါ်နေ၏။ သူ့ပါးစပ်ထောင်မှ သွေးများ စီးကျလျက်။ သူ့စိတ်နှလုံးသည် သည်ဆုံးဖြတ်ချက်ကြောင့် နှစ်ပိုင်းကွဲထွက်ရပေတော့မည်။ ထိုကဲ့သို့ နာကျင်မှုကို စကားလုံးများဖြင့် ဖော်ပြနိုင်မည် မဟုတ်ပေ။

ဝမ်အာသည် သူ့အတွက် အရာရာ၊ သူ့အားနည်းချက် ဆိုလည်း ဟုတ်၏။ သူသည် မည်သူကမျှ သူမကို နာကျင်အောင် လုပ်ခွင့် ပြုမည်မဟုတ်။ ဝမ်အာ ပြန်အသက်ရှင်လာဖို့ သူသည် အရာများစွာကို လက်လွှတ်နိုင်ပေသည်။ ဝမ်အာ ပြန်အသက်ရှင်လာဖို့ သူ့အသက်ဓာတ်ကိုလည်း လက်လွှတ်နိုင်သည်။ ခုချိန်တွင် သူသည် သူ့ဘဝကိုပါ စွန့်လွှတ်ဖို့ ဆန္ဒ ရှိပေ၏။

သို့ပေမည့် သူ့အသက်ထက်၊ သူ့ဘဝထက် အရေးကြီးသောအရာအချို့လည်း ရှိနေသေး၏။ ဘဝတွင် အချစ်အပြင် မဖြတ်တောက်နိုင်သော တခြားခံစားမှုများလည်း ရှိသေးသည် မဟုတ်လား။

“ခုချိန်ကစပြီး စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်ကို မင်းလက်ထဲ ထားခဲ့ပြီ…”

ဟင်္သာပြဒါးဂြိုဟ်ပေါ်တွင် စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်ခေါင်းဆောင် သွန်းထျန်က စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်၏ ရတနာကို သူ့အတွက် ထားပေးခဲ့သည် မဟုတ်လား။ စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်၏ အမွေအနှစ်ကို သူ့ပုခုံးပေါ်တင်ပေးခဲ့ပြီးနောက် သွန်းထျန်က ပြုံးလျက်သာ မျက်လုံးမှိတ်သွားခဲ့သည်။ စစ်ထူနန်ဆိုလည်း ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ ရနိုင်မည့် အခွင့်အရေးကို လက်လွှတ်ကာ ဝမ်လင်းနှင့် နှစ်ပေါင်းရာချီ နေထိုင်ပေးခဲ့သည် မဟုတ်လား။ သူက ဝမ်လင်း ငယ်စဉ်က ကျင့်ကြံခြင်းကိုပါ သင်ပေးခဲ့သေးသည်။ ဆရာတစ်ယောက်၊ အဖေတစ်ယောက်၊ ညီကိုတစ်ယောက်၊ မိတ်ဆွေတစ်ယောက်။ စစ်ထူနန်သာ မရှိခဲ့လျှင် ဝမ်လင်းဟူသည် ဖြစ်လာခဲ့လိမ့်မည် မဟုတ်လော။ ဝမ်လင်း တစ်ကြိမ်က စစ်ထူနန်ကို ပြောခဲ့ဖူးသည့်အရာတစ်ခု ရှိပေ၏။

“ငါ ဝမ်လင်းဟာ မိုးနဲ့မြေထံတောင် ဒူးမထောက်ဘူး။ စစ်ထူကို ကျေးဇူးတင် လေးစားလို့သာ ဒူးထောက်ခဲ့တာ…”

ကျောက်ရီဆိုလည်း သူ့တစ်ဘလုံး အချစ်ကျေးကျွန် ဖြစ်ခဲ့သည် မဟုတ်လား။ သူကလည်း ဝမ်လင်းကို ကံကောင်းမှုတစ်ခုပေးခဲ့ပြီး အသက်သေဆုံးခြင်းကနေ လွတ်သွားစေခဲ့ဖူးသည်။ ကျောက်ရီ၏ စွဲလမ်းမှုက ကောင်းကင်ဘုံအင်ပါယာချင်းလင်၏ သမီးဖြစ်သူ ချင်းရှောင်ပင်။ ဝမ်လင်းသာ အုပ်စိုးသူနောက် လိုက်ခဲ့ပါက သူတို့နှစ်ယောက်ကြား၌ အသေအကြေတိုက်ပွဲ ကျိန်းသေပေါက် ဖြစ်ရမည်သာ။

“ငါ ကျောက်ရီဟာ ဘဝမှာ တစ်ခုပဲလိုချင်တာ။ အဲ့တာဟာ အဆုံးသပ်ချိန်ထိ ချင်းရှောင်နဲ့ အတူရှိရဖို့ ဖြစ်တယ်…”

သူ့စီနီယာအစ်ကို ချင်းရွှေဆိုလည်း အေးစက်စက်မျက်နှာပေး ရှိသော်ငြားလည်း နွေးထွေးသောစိတ်နှလုံးကို ပိုင်ဆိုင်ထားသူသာ။ သူက ဝမ်လင်းကို ကောင်းကင်ဘုံအင်ပါယာပေဖန်၏ မျိုးဆက်ခြားတပည့်တစ်ယောက်အဖြစ် လက်ခံခဲ့ကာ ဝမ်လင်း အန္တရာယ်မရှိစေရန် သေချာအောင် ပြုလုပ်ပေးခဲ့သူပင်။

“သူဟာ ငါ့ဂျူနီယာတစ်ယောက် ဖြစ်မှတော့ ဘယ်သူကမှ သူ့ကို နာကျင်အောင် လုပ်ခွင့် မရှိဘူး။ သူ့လက်ချောင်းတစ်ချောင်းကို ထိတာနဲ့ မင်းတို့ရဲ့ အသက်ပါ ရန်ရှာခံရလိမ့်မယ်…”

ချင်းရွှေ၏ ရူးသွပ်သွားခဲ့ရမှု၊ ထိုသို့ ရူးသွပ်ပြီး သူ့ဇနီးကို ပြန်သတ်ခဲ့ရခြင်းတို့မှာ ပြင်ပနယ်မြေ၏ အကြံအစည်များကြောင့်သာ ဖြစ်၏။ သူသာ သူ့ဂျူနီယာညီဖြစ်သူ ဝမ်လင်းကသာ ထိုပြင်ပနယ်မြေမှ အုပ်စိုးသူ၏ ကျွန်တစ်ယောက် ဖြစ်သွားသည်ကို သိခဲ့ပါက သူ မည်သို့ခံစားရမည်နည်း။ ထို့အပြင် ငါးယောက်မြောက်မျိုးဆက် ဟင်္သာငှက်လည်း ရှိသေး၏။ သူကလည်း သူ့ဘဝသက်တမ်းအဆုံးသပ်ခါနီးချိန်မှာပင် ဝမ်လင်း ဒဏ်ရာကနေ ပြန်ကောင်းမွန်လာဖို့ ကူညီပေးခဲ့သူ မဟုတ်လား။ သူသည် ဟင်္သာငှက်ကလန်ကိုပါ ဝမ်လင်းထံ လက်လွှဲခဲ့သေးသည်။ သူ့ကြင်နာသောအကြည့်ကို ဝမ်လင်းစိတ်ထဲကနေ ဘယ်တော့မှ မေ့သွားနိုင်မည် မဟုတ်ပေ။

ထို့အပြင် ဝမ်လင်းနှင် သိကျွမ်းတာ ရက်အနည်းငယ်သာ ရှိသေးသော ဒုတိယမျိုးဆက်ဟင်္သာငှက်အဘိုးအိုလည်း ရှိသေး၏။ ဝမ်လင်းအပေါ် သူ့စိတ်လိုလက်ရ ရယ်မောသံ၊ ကြင်နာမှု၊ လေးစားမှုတို့ကို ဝမ်လင်းသည် စိတ်ထဲကနေ ခံစားမိပေ၏။ သူသည် နဂါးကို မျှား၍ပင် ၎င်း၏သွေးကို ဝမ်လင်းအဖို့ လက်ဆောင်ပေးခဲ့သေး၏။ စမ်းသပ်မှုများအတွင်း အန္တရာယ်ကြုံရသည့်အခါ၌ သူ့ကို အကြိမ်များစွာ ကယ်တင်ပေးဖို့ ကြိုးစားခဲ့သည် မဟုတ်လား။ သူသည် ကောင်းကင်ဘုံစမ်းသပ်မှုအတွင်း၌ ပထမမျိုးဆက်ဟင်္သာငှက်ကိုပါ ပြန်အော်ပြောခဲ့သေးသည် မဟုတ်လား။

ဒုတိယမျိုးဆက်ဟင်္သာငှက်က သူ့ကို နဂါးကို ထိန်းချုပ်နိုင်သည့် နည်းလမ်း၊ ရှေးဟောင်းစိတ်ဝိညာဉ်အတားအဆီးတို့ကိုပါ ပေးအပ်ခဲ့သေး၏။ ထို့အပြင် ဝမ်လင်း ထွက်မသွားခင် သူက ပထမမျိုးဆက်ဟင်္သာငှက်၏အမိန့်ကို သွေဖယ်ကာ ဝမ်လင်းအား ဟင်္သာငှက်ကလန်၏ အသန်မာဆုံး လောင်ကျွမ်းနယ်မြေရှေးဟောင်းထီးမန္တာန်ကိုလည်း သင်ကြားပေးခဲ့သေးသည်။

“ကောင်လေး နောက်တစ်ကြိမ် ပြန်တွေ့ရင် မင်းအနေနဲ့ ဒီအဘိုးအိုအတွက် ခုနစ်ယောက်မြောက်မျိုးဆက်ဟင်္သာငှက်ကို ရွေးချယ်လာပေးဖို့ မမေ့နဲ့…”

လူများစွာ ရှိသေး၏။ လူများစွာ ရှိနေသည်။ ဝမ်လင်းသည် ရွေးချယ်မှုတစ်ခုအတွက်နှင့် ထိုသူများနှင့် ပတ်သတ်မှုကို မည်သို့ ဖြတ်တောက်ပစ်နိုင်ပါ့မည်နည်း။ အရှင်စစ်မို၏ မှတ်ဉာဏ်သည် ဝမ်လင်း၏စိတ်ထဲ၌ ပြည့်နှက်လာ၏။ သူက အရှင်စစ်မို၏ ဘဝကို မြင်ခဲ့ချိန်က သူကိုယ်တိုင်၏ မှတ်ဉာဏ်များကို ကြည့်နေရသည့်အလား ခံစားမိခဲ့ပေသည်။

ယနေ့အရှင်စစ်မိုသည် အနာဂတ်ဝမ်လင်း ဖြစ်လာသည်လော။

သူ့ညီမဖြစ်သူကို ကယ်တင်နိုင်ဖို့ ပြန်ရှင်သန်နိုင်ဖို့အတွက် အရှင်စစ်မိုသည် ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်၊ သူ့ကလန်ဝင်ညီကိုများကိုပါ လက်လွှတ်ခဲ့လေ၏။ သူသည် သူ့ကိုယ်ပိုင်စိတ်ဝိညာဉ်ကိုပါ လက်လွှတ်ခဲ့ကာ အုပ်စိုးသူ၏ခွေးတစ်ကောင် ဖြစ်လာခဲ့ပြီး အုပ်စိုးသူအတွက် သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည်။ အုပ်စိုးသူက လက်ညှိုးထိုးလိုက်ပါက အရှင်စစ်မိုသည် သူကိုယ်တိုင်၏ဆရာဖြစ်သူကိုပါ မျက်ရည်စက်လက်နှင့် သတ်ပစ်ရမည်သာ။

ဝမ်လင်းသာ အရှင်စစ်မို၏မှတ်ဉာဏ်များကို မတွေ့မြင်ခဲ့ပါက သူ့အဖို့ ရွေးချယ်ရသည်မှာ သာ၍ ခက်ခဲပေလိမ့်မည်။

သူသာ တာအိုသခင်အိပ်မက်ပြာ၏ ကမ်းလှမ်းမှု သို့မဟုတ် ပထမမျိုးဆက်ဟင်္သာငှက်၏ စကားလုံးများကို မတွေ့ကြုံခဲ့ပါက ဝမ်လင်းအဖို့ သူ့ဘဝတွင် အကြီးမားဆုံးရွေးချယ်ရမှုကို ပြုလုပ်နိုင်စွမ်း မရှိတာပင် ဖြစ်သွားနိုင်လောက်သည်။

နာကျင်သောဆုံးဖြတ်ချက်။ သို့သော် တစ်ခုကိုတော့ သူ ရွေးချယ်ရမည်သာ။

အရှင်စစ်မို၏ မှတ်ဉာဏ်များကို တွေ့မြင်ခဲ့ပြီးနောက် ဝမ်လင်းသည် အရှင်စစ်မိုကဲ့သို့ ရွေးချယ်ရမည့်နေ့ကို ရောက်လာခဲ့လျှင် မည်သို့လုပ်မည်နည်းဟု သူ့ကိုယ်သူ မေးခဲ့လေ၏။ သို့ပေမည့် သူသည် ထိုနေ့မှာ အခုလောက်မြန်မြန် ရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။

ထိုနေ့မှာ ကပ်ဘေးတစ်ခုကဲ့သို့ပင်။

ကံကောင်းစွာဖြင့် အရှင်စစ်မို၏ မှတ်ဉာဏ်က ဝမ်လင်းကို လမ်းကြောင်းတစ်ခု ပေးခဲ့ပြီးပင်။

“ငါဟာ အရှင်စစ်မိုလို မဖြစ်သွားချင်ဘူး…” ဝမ်လင်းသည် ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူ့မျက်လုံးထဲရှိ ရုန်းကန်နေမှုအစား နာကျင်မှုက အစားထိုးလာသည်။ သို့သော် ထိုနာကျင်မှုသည် ပြတ်သားမှုနှင့် ပြည့်လေ၏။

“ငါဟာ သင့်ရဲ့ကျွန်တစ်ယောက် မဖြစ်လာချင်ဘူး…”

“ငါဟာ ငါ့ရွေးချယ်မှုကြောင့် သူတို့ရဲ့ ကျေးဇူးတရားကို သစ္စာမဖောက်ချင်ဘူး။ အချစ်ဟာ ငါ လက်မလွှတ်နိုင်တဲ့ နာကျင်မှုပဲ။ ငါ့တစ်ဘဝလုံး ဒီအတွက် ကျင့်ကြံခဲ့တာ။ ဒါပေမဲ့ အချစ်ဟာ ငါ့ဘဝရဲ့ တစ်ခုတည်းရှိတဲ့အရာ မဟုတ်ဘူး…”

“ငါဟာ အရှင်စစ်မိုလိုမျိုး အရာအားလုံးကို စွန့်ပစ်ပြီး လူတစ်ယောက်အတွက်ပဲ ဖြစ်တည်ခဲ့တဲ့လူကို လေးစားမိတယ်။ ဒါပေမဲ့ ငါဟာ ဒီလိုရွေးချယ်ရမှာ ကြောက်တယ်။ ငါ့အပေါ် ကြင်နာခဲ့တဲ့သူတွေကို မျက်နှာချင်းဆိုင်ရမှာ ကြောက်တယ်။ ငါ့ဇနီးနဲ့ကလေး ပြန်အသက်ရှင်လာခဲ့မယ်ဆိုရင်တောင် ငါတို့ဟာ ရုပ်သေးသာသာပဲ ဖြစ်လာလိမ့်မယ်။ ဒီတော့ ငါ ဒါကို မရွေးချယ်နိုင်ဘူး…”

“သင့်ရဲ့ဆရာဟာ ငါ့ဇနီးနဲ့သားကို ပြန်အသက်ရှင်အောင် လုပ်ပေးနိုင်တာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူတောင်လုပ်နိုင်ရင် ငါ ဝမ်လင်းဟာလည်း လုပ်နိုင်ရမယ်…”

“ငါ့ဇနီးနဲ့ငါ့သားအတွက် ငါကိုယ်တိုင် သူတို့ကို ပြန်ရှင်သန်အောင် လုပ်မယ်…”

ဝမ်လင်းက ခေါင်းမော့ကာ မင်သက်နေသောအုပ်စိုးသူကို စူးစိုက်ကြည့်၏။ ထို့နောက် သူသည် လှည့်ထွက်ကာ ကြယ်များကြား၌ ပျောက်ကွယ်ရင်း အဝေးသို့ ထွက်သွားလေတော့သည်။

မည်သူကမျှ ဝမ်လင်း၏မျက်လုံးထဲမှ စီးကျသွားသော မျက်ရည်နှစ်စက်ကို မြင်နိုင်လိမ့်မည် မဟုတ်ပေ။ ယင်းမျက်ရည်စက်များသည် ကျယ်ပြောသောကြယ်အဖွဲ့အစည်းအတွင်းသို့ လွင့်ပါးသွားတော့သည်။

“ဝမ်အာ…ပိုင်အာ…နင်တို့ ငါ့ကို အပြစ်တင်မှာလား…”

All Chapters