← Chapters

သူဟာ တကယ်ပဲ အုပ်စိုးသူ ဟုတ်ရဲ့လား…

Vol. 108 Ch. 1485

သူဟာ တကယ်ပဲ အုပ်စိုးသူ ဟုတ်ရဲ့လား…

Vol. 108 Ch. 1485

ဝမ်လင်းသည် အလင်းတန်းအဖြစ်သို့ ပြောင်းကာ ထွက်သွားလေသည်။

တာအိုသခင်အိပ်မက်ပြာသည်လည်း အရင်တုန်းက ဝမ်လင်းကို ရွေးချယ်စေခဲ့ဖူး၏။ ပထမမျိုးဆက်ဟင်္သာငှက်ကလည်း ဝမ်လင်းကို ဒုတိယအကြိမ် ရွေးချယ်စေခဲ့သည်။ သူတို့၏ ကမ်းလှမ်းမှုများကို ခက်ခက်ခဲခဲ ရွေးချယ်ခဲ့ခြင်းက ဝမ်လင်း၏တာအိုနှလုံးသားကို မျိုးဆက်တစ်ဆက်၏သခင်တစ်ပါးနှင့် နှိုင်းသာစေခဲ့တော့၏။

ပို၍ အရေးကြီးသည်က သူသာ သူနှင့် ဘဝပေးအခြေအနေခြင်း ဆင်တူပြီး မတူညီသောလမ်းကြောင်းကို ရွေးချယ်ခဲ့သော အရှင်စစ်မို၏မှတ်ဉာဏ်များကိုသာ မမြင်ခဲ့ရပါက ဝမ်လင်းသည် အုပ်စိုးသူ၏ကျွန်ဖြစ်လာရန် ရွေးချယ်မိသွားနိုင်၏။ အုပ်စိုးသူ၏စကားလုံးများက သူ၏အားနည်းချက်ကို ထိမှန်ခဲ့သည် မဟုတ်ပါလား။

မီးစာကလေးကလန်မှ ထွက်ခွာလာပြီးနောက် ၎င်းတို့၏ တော်ဝင်ကုန်းမြေ ပျက်စီးမှုက အဘက်ဘက်သို့ မီးများ လှိုက်တက်စေခဲ့သည်။ ထိုမီးများသည် ၎င်းကလန်တစ်ဝက်နီးပါးကို ဖျက်စီးခဲ့ကာ ကြောက်မက်ဖွယ်မီးများသည် ဝမ်လင်းနောက်တွင် လောင်ကျွမ်းကျန်ခဲ့သည်။

အကွာအဝေးတစ်ခုကနေ ကျယ်လောင်သောအသံမျာလည်း ထွက်ပေါ်နေကာ သည်ကြယ်နယ်မြေကို တုန်ခါစေသည်။ သို့သော် ဝမ်လင်းကမူ မိန်းမောနေရာကနေ မနိုးထလာသေးပေ။

သူ့နှလုံးသားမှာ ဆုတ်ပြဲသွားဟန်တူ၏။ နာကျင်မှု သူ့ထံ၌ ပြည့်နှက်နေသည်။

အချိန်မည်မျှ ကြာသွားမှန်း မသိပြီးနောက် ဝမ်လင်း၏မျက်လုံးထဲရှိ ရှုပ်ထွေးမှုက တဖြည်းဖြည်းပျောက်ကွယ်ကာ မျှော်လင့်ချက်မဲ့အထီးတည်းဖြစ်မှုက အစားထိုးသည်။ သူ့ကိုယ်တွင်းရှိ ဒဏ်ရာများသည် ပြန်ကုသမှ ဖြစ်မည့်အနေထားသို့ ရောက်နေပေပြီ။ မဟုတ်ပါက သူ့ကျင့်ကြံမှုအတွက် အထိအခိုက်များ ဖြစ်လာပေလိမ့်မည်။

သူ့ကျင့်ကြံမှုအဆင့်သို့ ရောက်လာခဲ့ပြီးနောက် သာမန်ဒဏ်ရာများသည် ပြဿနာတစ်ခု မဟုတ်တော့ချေ။ သို့သော် သူ အပြင်းအထန် ဒဏ်ရာရသွားသည်နှင့် အလေးအနက်ကိစ္စတစ်ခု ဖြစ်မည်သာ။ သူသာ အနည်းငယ် ဂရုမစိုက်မိပါက သူ၏ကျင့်ကြံမှုအဆင့်သည် လျော့ကျသွားနိုင်သည်။

ကံကောင်းစွာဖြင့် ရှေးဟောင်းနတ်ဘုရားတစ်ပါးအနေဖြင့် သူ့ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ် ပြန်ကောင်းနှုန်းက အလွန်အစွမ်းထက်နေတာပင်။ ထိုအဖြစ်က သူနှင့် သာမန်ကျင့်ကြံသူများကြား သိသိသာသာ ခြားနားချက်တစ်ခု ဖြစ်၏။ တခြားသူများအတွက် နှစ်တစ်ရာနီးပါး ကုသဖို့ လိုသော ဒဏ်ရာများသည် ဝမ်လင်းအတွက်တော့ ပိုတိုတောင်းသောအချိန်အတွင်း ကုသနိုင်စွမ်း ရှိသည်။

“ဝမ်အာ…ငါကို ယုံကြည်ပေးပါ။ ငါကိုယ်တိုင် နင့်ကို ပြန်အသက်ရှင်စေမယ်။ အဲ့ဒီနောက် ပိုင်အာနဲ့အတူ ငါတို့ဟာ ဘယ်သူမှ မသိနိုင်တဲ့ ရွာလေးတစ်ရွာမှာ နေထိုင်ကြမယ်။ ငါတို့ဟာ ဘဝကို အေးအေးချမ်းချမ်း ကုန်ဆုံးကြမယ်။ ဒါ့အပြင် ငါက ပိုင်အာကို ပန်းပုပညာသင်ပေးမယ်။ ငါ့အဖေရဲ့ လက်မှုပညာကို လက်ဆင့်ကမ်းပေးမယ်…”

ဝမ်လင်းသည် ခပ်တိုးတိုး ရေရွတ်လိုက်၏။ ရုတ်တရက် သူသည် အိမ်လွမ်းသည့်ဝေဒနာကို ခံစားမိသည်။ သူသည် သူ့မွေးရပ်မြေဖြစ်သော ကြယ်အဖွဲ့အစည်းကို မြင်ချင်မိလာ၏။ သည်ရှေးဟောင်းကြယ်အဖွဲ့အစည်းသည် ကြီးမားလွန်းလှသော်လည်း သူ့အတွက် ဒီနေရာတွင် တွယ်ငြိစရာမရှိဟု ခံစားရသည်။

သည်ကျယ်ပြောသောကြယ်အဖွဲ့အစည်းအတွင်း လူတစ်ယောက်သည် အဆုံးသပ်ကို မမြင်ရနိုင်ပါ။ ကြယ်များသည် တောက်ပလွန်း၏။ သို့သော်ငြား နွေးထွေးမှု ရှိလို့မနေပေ။ အေးစက်စက်သာ ခံစားမှုသာ ရှိနေ၏။ ဝမ်လင်းသည် စိတ်ထဲကနေ အထီးကျန်မှုကို အသည်းအသန် ခံစားရလေ၏။

ဝမ်လင်းသည် တစ်ကိုယ်တည်း နှစ်ပေါင်းနှစ်ထောင် ကုန်ဆုံးခဲ့၏။ သူသည် အထီးကျန်မှုနှင့် အသားကျနေခဲ့သူပင်။ သူ့ထံ၌ မထူးခြားနားဟန်ပန် ရှိ၏။

သူသည် ပြုံးခဲရယ်ခဲ၏။ သူ့မထူးခြားနားသည့်မျက်လုံးတို့အောက်တွင်မူ ဖျောက်ဖျက်၍ မရနိုင်သော ဝမ်းနည်းမှုတို့ ရှိလို့နေသည်။ ထိုဝမ်းနည်းမှုသည် သူ့ဘဝတွင် သူနှင့်အတူ အဖော်ပြုနေခဲ့လေသည်။

ခါးသီးစွာ ခံစားမိသည်နှင့် ဝမ်လင်း၏ဒဏ်ရာများ ပို၍ ဆိုးဝါးလာ၏။ သူသည် အတင်းအကြပ် ခြေလှမ်းကာ ဟင်းလင်းပြင်ကွေးညွတ်ခြင်းကို အသုံးပြုပြီး လောကနှင့် တစ်သားတည်း ပေါင်းစပ်သည်။ သူက အတိုင်းမသိအကွာအဝေးတစ်ခုကို ဖြတ်သန်းသွားပြီးနောက် လူသူကင်းမဲ့သောဂြိုဟ်တစ်ခု အပြင်ဘက်တွင် ပေါ်လာသည်။

ထိုကျင့်ကြံခြင်းဂြိုဟ်သည် တစ်ချိန်တုန်းက တောက်ပခဲ့တာ ဖြစ်ကောင်းနိုင်၏။ သို့မဟုတ် အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ထိုနေရာတွင် မွေးဖွားခဲ့တာ ဖြစ်နိုင်ကောင်းသည်။ သို့ပေမည့် အတိတ်၏တောက်ပမှုသည် လေနှင့်အတူ လွင့်ပါးသွားခဲ့ပြီ။ ကျန်ခဲ့တာဟူ၍ စိတ်ဝိညာဉ်စွမ်းအင်ကင်းမဲ့သော မြို့များ၊ ကျောက်စရစ်ခဲများသာ။

ဘဝအဆုံးသပ်ချိန် ရောက်နေသော အဘိုးအိုတစ်ယောက်က ရုန်းကန်၊ပင့်သက်ရှိုက် နောက်ဆုံးထွက်သက်ကို လက်မလျှော့ချင်ဟန်နှင့်ပင် တူသေးသည်။ ထိုဂြိုဟ်၏ အရှေ့ဘက်ခြမ်းတွင် ဆောင်းဦးရာသီ ရောက်နေကာ အေးစက်၏။ ဆောင်းလေက ဖြည်းဖြည်းချင်း တိုက်ခတ်လျက်။ သစ်ရွက်များသည် မြေပြင်အနှံ့ ဝေ့လျက်။လိမ့်လျက်။

ဆောင်းရာသီသည် သစ်ရွက်များသည် လေထဲတွင် ပျံဝဲတက်လျက် ရှိစဉ် လူတစ်ယောက်သည် ထိုသစ်ရွက်များကြားတွင် ရှိနေသော အကွာအဝေးတစ်ခုမှ မြစ်တစ်စင်းကို မြင်နိုင်ပေမည်။ အဖြူရောင်ပုံရိပ်တစ်ခုက ထိုမြစ်ဘေးတွင် ထိုင်နေလျက် ရှိသည်။

ဝမ်လင်းက ရေမျက်နှာပြင်ကို ကြည့်နေ၏။ ဆောင်းသစ်ရွက်အချို့က လေနှင့်အတူ ဒီနေရာထိ ရောက်လာကာ မြစ်ရေပြင်တွင် မြောပါနေသည်။ ၎င်းတို့က အကွာအဝေးတစ်ခုထိ မြောပါသွားကြသည်။

လေသည် ထိုသစ်ရွက်များကို ရေထဲထိ သယ်ဆောင်လာပြီး ယင်းသစ်ရွက်များသည် သူတို့၏မွေးရပ်မြေသို့ ဘယ်တော့မှ ပြန်မရောက်နိုင်လောက်တော့ပေ။

မြစ်သည် ဝမ်လင်း၏ပုံရိပ်ကို ရောင်ပြန်ဟပ်နေ၏။ သူ့ပုံပန်းသွင်ပြင်ကို ရှင်းရှင်းလင်းလင်း ထင်ဟပ်နေစေသည်။ ဖြူရောရောမျက်နှာ၊ မထူးခြားနားဟန်အကြည့်၊ မျက်လုံးထဲရှိ ဝမ်းနည်းမှုတို့သည်ပင် မြစ်အတွင်း သမူဟ ဖြစ်ကာ စီးဆင်းသွားသည့်နှယ်။

ဝမ်လင်းသည် ခပ်တိုးတိုး ရေရွတ်လိုက်၏။ “အိမ်ပြန်ချိန်တန်ပြီ…”

ချိပ်ပိတ်နယ်မြေအစီအရင်၏ ဘေးတစ်ဖက်တွင် အိမ်ပြန်လမ်းနောက်တစ်ခု ရှိလေ၏။ ၎င်းမှာ တိမ်ကောင်းကင်ကြယ်အဖွဲ့အစည်းအတွင်းရှိ အဆင့်ကိုးဒေသအတွင်းမှ ဟင်းလင်းပြင်အက်ကြောင်းထဲ၌ ဆန်းကြယ်သောအမျိုးသမီးတစ်ဦးက ဝမ်လင်းကို ပေးအပ်ခဲ့သော ကျောက်စိမ်းပြားပင်။

အတိတ်တုန်းက ထိုအမျိုးသမီးက နေရာတစ်ခုကို စူးစမ်းတူးဖော်ရန် သူမကို ကူညီပေးဖို့ ဝမ်လင်းကို ပြောခဲ့ဖူး၏။ သူသာ ထိုကျောက်စိမ်းပြားကို အသုံးပြုလိုက်သည်နှင့် ဟင်းလင်းပြင်အက်ကြောင်းအတွင်းသို့ ပြန်ရောက်သွားပေလိမ့်မည်။

ဝမ်လင်းသည် ထိုကျောက်စိမ်းပြားကို အကြိမ်များစွာ လေ့လာခဲ့၏။ ၎င်းအတွင်း၌ အတားအဆီးများစွာ ရှိနေပြီး အချို့ကိုမူ သူသည် ဖြတ်မမြင်နိုင်ခဲ့ပေ။

ကြည့်ရသည်မှာ ထိုအတားအဆီးများသည် သည်လောကရှိ ကျင့်ကြံသူများ မကျွမ်းကျင်သော အရာများ ဖြစ်နိုင်၏။ ယင်းတို့သည် တခြားလောကတစ်ခုခုမှ ဖြစ်နေသည့်အလား။

သို့ပေမည့် ဝမ်လင်းသည် အတားအဆီးပညာရပ်၌ ဆရာတစ်ဆူပင်။ သူသည် ထိုအတားအဆီးများကို အလုံးစုံ မမြင်နိုင်သော်လည်း ယင်းကျောက်စိမ်းပြားသည် ဟင်းလင်းပြင်အက်ကြောင်းထံသို့ သူ့ကို ပြန်ပို့ဆောင်ပေးနိုင်သည့် အခွင့်အလမ်း ခုနစ်ဆယ်ရာခိုင်နှုန်း ရှိသည်ကိုတော့ ပြောနိုင်သည်။

ကျောက်စိမ်းပြားကို ကိုင်ထားသော်လည်း ဝမ်လင်းက ၎င်းကို မဖွင့်လှစ်သေးပေ။ သူ့သိုလှောင်နေရာလွတ်အတွင်းသို့ ပြန်ထည့်သိမ်းလိုက်၏။ ထိုကျောက်စိမ်းပြားကို အသက်သွင်းနိုင်ရန် စွမ်းအားများစွာ လိုအပ်ပေ၏။ သို့သော် ထိုသည်က ပဓာနမဟုတ်သေးပေ။ ပို၍အရေးကြီးသည်က သူသည် ထိုဆန်းကြယ်သောအမျိုးသမီးရှေ့တွင် အခုလက်ရှိအခြေအနေနှင့် ပေါ်လာ၍ မဖြစ်ခြင်းပင်။

အနည်းငယ်စဉ်းစားပြီးနောက် ဝမ်လင်းက အပြာရောင်ကောင်းကင်ကို ကြည့်ကာ သူ့ကိုယ်သူ ခပ်တိုးတိုး ပြောလိုက်၏။

“တကယ်ပဲ သူဟာ အုပ်စိုးသူလား…”

ခုနစ်ရောင်စုံမီးတောက်အတွင်းရှိ ဒဏ်ရာအပြင်းအထန်ရထားသော သက်လတ်ပိုင်းလူက သူ့ကိုယ်သူ အုပ်စိုးသူဟု ဝန်ခံခဲ့၏။ သို့ပေမည့် အခုချိန်တွင်မူ ဝမ်လင်းသည် ပြန်မစဉ်းစားမိဘဲ မနေနိုင် ဖြစ်ရသည်။

ထိုလူ၏ကျင့်ကြံမှုမှာ အလွန်အစွမ်းထက်၏။ သူသည် ဟင်္သာငှက်မူလစိတ်ဝိညာဉ်ကိုပင် တိုက်ခိုက်နိုင်ခဲ့သည်။ ရေတွင်းထဲမှလမန္တာန်ကိုလည်း အသုံးပြုခဲ့သလို အရှင်စစ်မို၊ဝမ်လင်းတို့နှင့် အကြောင်းကိုလည်း သိထားသည်။ ထိုအချက်များက သူဟာ ဉာဏ်များလှသော အုပ်စိုးသူ ဖြစ်ကြောင်းကို ပြသနေသည်။

“ဒီလူဟာ မီးကို ကျင့်ကြံပြီး ခုနစ်ရောင်စုံဟင်္သာငှက်ကိုလည်း ပိုင်ဆိုင်ထားတယ်။ သူဟာ သစ္စာဖောက်တတိယမြောက်မျိုးဆက်ဟင်္သာငှက် ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူဟာ တကယ်ပဲ အုပ်စိုးသူ ဟုတ်ရဲ့လား…” ဝမ်လင်းက တတိယမြောက်ဟင်္သာငှက်သည် အုပ်စိုးသူ ဖြစ်သည်ဟု ခန့်မှန်းမိခဲ့ခြင်းမှာ အုပ်စိုးသူသည် သည်ရှေးဟောင်းကြယ်အဖွဲ့အစည်း၌ အဆန်းကြယ်ဆုံးလူ ဖြစ်နေသောကြောင့်ပင်။ မည်သူကမျှ သူ ပိုင်ဆိုင်သောကလန်ကိုလည်း မသိကြပေ။

ထို့အပြင် အတိတ်တုန်းက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေတွင် ဝမ်လင်းသည် လူတစ်ယောက်နှင့် ကြုံခဲ့ဖူး၏။ နောက်ပိုင်းတွင် ထိုသူမှာ အုပ်စိုးသူ၏တပည့်ဖြစ်သည်ကို သိလာခဲ့သည်။ ယင်းလူကလည်း မီးမန္တာန်များကို အသုံးပြုခဲ့သေးသည်။

ထိုမီးမန္တာန်သည် သာမန်လူများ ထုတ်ဖော်အသုံးပြုနိုင်သောအရာ မဟုတ်ပေ။ မီးအနှစ်သာရ၏ အစွန်းအဖျားအဆင့်ကို ရောက်မှသာ အသုံးပြုနိုင်စွမ်း ရှိပေမည်။

ထိုအဖြစ်အပျက်များက ဝမ်လင်းကို ခန့်မှန်းမှုကောင်းကောင်းတစ်ခုကို ပြုလုပ်စေခဲ့၏။ အခြားသဲလွန်စများကိုပါ ပေါင်းစပ်ကြည့်ပြီးနောက် ဝမ်လင်းသည် သစ္စာဖောက်တတိယမျိုးဆက်ဟင်္သာငှက်သည် အုပ်စိုးသူ ဖြစ်သည်ဟု ဆုံးဖြတ်ခဲ့ခြင်းပင်။

သို့ရာတွင် အုပ်စိုးသူကို ကိုယ်တိုင် တွေ့မြင်ပြီးသည့်နောက် ဝမ်လင်းက သံသယဝင်လာခဲ့သည်။

“ချင်းလင် တစ်ခါက ပြောခဲ့ဖူးတာဟာ အုပ်စိုးသူရဲ့ အနှစ်သာရဟာ မူလအနှစ်သာရတဲ့။ ဒါပေမဲ့ ငါနဲ့တိုက်ခိုက်ခဲ့တဲ့ အုပ်စိုးသူဆိုတဲ့သူဟာ မူလဥပဒေသကို လုံးဝ အသုံးမပြုခဲ့ဘူး။ ပိုအရေးကြီးတာက အုပ်စိုးသူဟာ နှစ်ပေါင်းသောင်းနဲ့ချီပြီး ကျင့်ကြံခဲ့ပြီးတဲ့သူ၊ အလွန်ဉာဏ်များတဲ့သူ၊ အတွင်းနယ်မြေကို အကြိမ်များစွာ အကြံအစည်တွေ ချမှတ်ခဲ့တဲ့သူ ဖြစ်နေတာပဲ။ သူ့ကိုယ်သူ အုပ်စိုးသူလို့ ဝန်ခံခဲ့တဲ့ သက်လတ်ပိုင်းလူထံမှာတော့ ဒီလိုလူစားမျိုးရဲ့ အော်ရာ ရှိမနေဘူး။ သူဟာ အဲ့လောက်အမှန်တကယ် အစွမ်းမထက်နေသလိုမျိုးပဲ…”

ဝမ်လင်းသည် မျက်မှောင်ကြုတ်လျက် စဉ်းစားနေပြီးနောက်တွင်လည်း သူသည် အဖြေမရနိုင်ဘဲ ရှိ၏။ သူက သက်ပြင်းချကာ သည်အကြောင်းကို ထပ်တွေးမနေတော့ပေ။ ထို့နောက် သူသည် ဆေးလုံးအနည်းငယ်ကို ထုတ်ယူကာ သောက်ချလိုက်၏။ သည့်နောက်တွင် သူသည် မျက်လုံးမှိတ်ကာ စတင်ကျင့်ကြံတော့သည်။

ဆောင်းဦးလေသည် တိုက်ခတ်နေလျက်၊ ဝမ်လင်း၏ပုံရိပ်မှာ တဖြည်းဖြည်း ဝေဝါးလာသည်။ သူက သူ့ပတ်ဝန်းကျင်နှင့် တစ်သားတည်း ပေါင်းစပ်သွားသည်နှယ်။ ကျင့်ကြံသူတစ်ယောက် ရောက်လာခဲ့လျှင်ပင် သည်နေရာတွင် လူတစ်ယောက်ထိုင်နေသည်ကို သတိပြုမိလိမ့်မည် မဟုတ်ပေ။

အချိန်ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ မျက်စိတစ်မှိတ်အတွင်း သုံးရက်တာ ကုန်လွန်သွားခဲ့ပြေီ။ ဝမ်လင်း၏မူလစိတ်ဝိညာဉ် ဒဏ်ရာများသည် အခြေအနေ တိုးတက်မလာသေးပေ။ သို့သော် ဆက်၍လည်း ယိုယွင်းမလာတော့ပေ။ သို့သော်ငြားလည်း သူ့ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာတော်တော်များများကတော့ ပြန်ကောင်းမွန်လာခဲ့ပြီ။

သူ၏ ရှေးဟောင်းနတ်ဘုရားအစွမ်းဖြင့်ပင် သူက သူ့အထွတ်အထိပ်အစွမ်း၏ ငါးဆယ်ရာခိုင်နှုန်းလောက်ကို ပြန်ရရှိလာ၏။ ဝမ်လင်းက သူ အလျင်လိုနေမှန်း သိသည်။ သူသည် အုပ်စိုးသူဟု သူ ထင်ထားသော လူကို ဒဏ်ရာအပြင်းအထန် ရစေခဲ့ခြင်းက သည်ရှေးဟောင်းကြယ်အဖွဲ့အစည်းတွင် လှိုင်းထန်စေတော့မည်သာ။ သေချာသည်က အခုချိန်တွင် သူ့နောက်သို့ လူများ လိုက်လံလာပြီး သူ့ကို ဆုကြေးငွေလည်း ထုတ်ထားပေလိမ့်မည်။

ပြိုလဲကုန်းမြေကိုလည်း အခြားလူများက ချိပ်ပိတ်ထားလောက်၏။ သူသာ ခုချိန်၌ အလျင်စလို ပြန်သွားခဲ့ပါက အထဲသို့ ဝင်နိုင်မည် မဟုတ်ဘဲ ထောင်ချောက်မိသွားနိုင်သည်။

ထို့အတွက်ကြောင့်လည်း သူက သူ့ကျင့်ကြံမှုအဆင့် ပြန်ကောင်းမွန်လာဖို့အတွက် အစွမ်းကုန် လုပ်နေခြင်းပင်။

သို့ပေမည့် သည်နေ့တွင် ဝမ်လင်း ကျင့်ကြံနေရင်း သူက ရုတ်တရက် မျက်လုံးဖွင့်လာ၏။ သူ့ထံမှ အေးစက်စက်အကြည့်တစ်ခု ဖြစ်ပေါ်သည်။ သူ့စိတ်ထဲ၌ ထူးဆန်းသောတုန်လှုပ်ဖွယ်အာရုံတစ်ခုကို ခံစားမိလိုက်သည်။ အခုလိုကျင့်ကြံမှုအဆင့် ရောက်လာသည့်နောက် ထိုကဲသို့ အလိုလိုခံစားနိုင်မှုသည် တိုးတက်လာသည်မှာ သဘာဝပင်။

“တစ်ခုခုတော့ မှားနေပြီ…” ဝမ်လင်းသည် မတ်တပ်ရပ်လိုက်ကာ ဘေးပတ်လည်သို့ ကြည့်သည်။ သူ့အမူအရာသည် သုန်မှုန်လာ၏။ သူ့ပတ်ဝန်းကျင်တစ်ခုလုံးမှာ ငြိမ်သက်တိတ်ဆိတ်နေသည်။ ဆောင်းလေသည်ပင် ကွယ်ပျောက်၍ နေ၏။

ခုချိန်မှာ ညအခါ ဖြစ်ပြီး ကောင်းကင်ထက်တွင် လသာနေသည်။ လရောင်သည် မြေကမ္ဘာထက်သို့ ပက်ဖြန်းကာ ဝမ်လင်းကို မြစ်ရေပြင်တစ်လျှောက် လှိုင်းကြပ်ခွပ်လေးများ ပျံ့နှံ့နေသည်ကို မြင်ရစေသည်။

ဆောင်းဦးသစ်ရွက်များမှာလည်း ရေမျက်နှာပြင်ထက်တွင် ဝေ့ဝိုက်ပတ်နေ၏။

တုံ့နှေးမနေဘဲ ဝမ်လင်းက ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်၏။ လောကသည် တွန့်ခေါက်လာပြီး သူ့ပတ်လည်တွင် လှိုင်းဂယက်များထသည်။ ထိုခြေလှမ်းဖြင့် သူသည် ပျောက်ကွယ်ကာ လောကနှင့် တစ်သားတည်း ပေါင်းစပ်သွား၏။ သူက လောကနှင့် တစ်သားတည်း ပေါင်းစပ်သွားခါနီးခိုက်မှာ ကောင်းကင်သည် မြည်ဟိန်းလာပြီး အရောင်များ ပြောင်းလဲသည်။ ဧရာမအက်ကြောင်းကြီးတစ်ခုသည် ရုတ်တရက် ပေါ်လာလေ၏။

ပြင်းထန်သောဖိအားတစ်ခုက သည်လူသူကင်းမဲ့သောဂြိုဟ်ပေါ်သို့ သက်ဆင်းကျလာ၏။ အက်ကွဲကြောင်းအတွင်းမှ ဧရာမလက်တစ်စုံသည် ဆန့်ထွက်လာသည်။ ၎င်းလက်က လောကနှင့် တစ်သားတည်းပေါင်းစပ်ဟန်ပြင်နေသော ဝမ်လင်းထံသို့ မြန်ဆန်စွာ ချဲ့ကားလာချေသည်။

***

All Chapters