ဒုတိယမြောက်ကောင်းကင်ကျမ်းစာကို ကျင့်ကြံခြင်း
Vol. 37 Ch. 522
အခန်း (၅၂၂) ဒုတိယမြောက်ကောင်းကင်ကျမ်းစာကို ကျင့်ကြံခြင်း
ရန်ကျောက်ကဲ၏ အမြင်ကပ်စရာအပြုအမူကိုကြည့်ရင်း ဖူအန်းစုက ခေါင်းခါယမ်းလျှက် ပြုံးနေရုံသာ။
ထို့နောက် သူမက စူးစမ်းလိုစိတ်ဖြင့်...
“မင်းက သိုင်းဆရာသခင်အဆင့်နဲ့ သိုင်းသူတော်စင်တစ်ယောက်ရဲ့ ရုပ်အခွံကို ဘယ်လိုသန့်စင်နိုင်ခဲ့တာလဲ ၊ ကန်းလင်မိုးရေစက်အစွမ်းတစ်ခုတည်းနဲ့ သန့်စင်လိုက်တာလို့တော့ မပြောနဲ့နော်”
ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...
“အဲဒါက ကျွန်တော့်ရဲ့ အမတအင်းသင်္ကေတနဲ့ သက်ဆိုင်မယ်ထင်တယ် ၊ အမတဝိညာဉ်အဆင့်ကို တက်ရောက်တုန်းက ဝိညာဉ်သစ်ရွက် (၁၀)ရွက် ရရှိခဲ့တယ် ၊ အဲဒီဝိညာဉ်သစ်ရွက်တွေမှာ (၁၀)ခုမြောက်သစ်ရွက်က အတော်လေး ထူးခြားတယ်”
သူက ဆက်ပြောသည်။
“အဲဒီသစ်ရွက်က ကျွန်တော်ကျင့်ကြံတဲ့ မိုးမြေနိယာမတရားတွေကို နားလည်သဘောပေါက်ခြင်းကနေ ရရှိခဲ့တာဆိုပေမယ့် အတော်လေးနက်နဲသလို ရှင်းပြရလည်းခက်တယ် ၊ ကြည့်ရတာ အဲဒီလျှို့ဝှက်နက်နဲတဲ့အစွမ်းသတ္တိတွေကြောင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို သန့်စင်နိုင်ခဲ့တယ် ထင်တာပါပဲဗျာ...”
ဖူအန်းစုက ခေါင်းညိတ်ရင်း...
“အမှန်ပဲ... ငါလည်း သတိထားမိတယ် ၊ အရင်က မင်းအဖေလည်း ဝိညာဉ်သစ်ရွက် (၁၀)ရွက်ကနေ အမတနတ်ပန်း (၁၀) ပွင့် ပွင့်ခဲ့တာပဲလေ ၊ ဒါပေမဲ့ မင်းက သူ့ထက်ပိုပြီး လေးနက်တယ်လို့ ခံစားမိတယ်”
သူမက ချီးမွမ်းဟန်ဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။
“ဝိညာဉ်သစ်ရွက်တွေနဲ့ အမတနတ်ပန်းတွေဆိုတာက လူတစ်ယောက်ရဲ့ ကံကြမ္မာနဲ့ သိုင်းတာအိုကို နားလည်နိုင်စွမ်းပါပဲ ၊ မင်းကျင့်ကြံခဲ့တဲ့ ကျင့်ကြံခြင်းအခြေခံနဲ့ ဆက်စပ်မှုမရှိဘူး”
ရန်ကျောက်ကဲက ရယ်မောရင်း...
“ကျွန်တော်လည်း အဲဒီလို ထင်တာပါပဲ”
အရှက်မဲ့စွာ ခပ်ကြွားကြွားလေးဖြစ်နေသော ရန်ကျောက်ကဲပုံစံကြောင့် ဖူအန်းစုက စိတ်အနှောက်အယှက်မဖြစ်မိပေ။
“အင်း... မင်းရဲ့ ကျင့်ကြံခြင်းနဲ့ပတ်သက်ပြီး အရင်က သင်ပြပေးရတာမျိုး မရှိခဲ့ပေမယ့်... မင်း ဘယ်လောက်ဇွဲကောင်းကောင်း ကျင့်ကြံခဲ့တယ်ဆိုတာ ငါသိပါတယ်”
ရန်ကျောက်ကဲက...
“ဒါနဲ့... ဆရာဒေါ်လေးရဲ့ ဒဏ်ရာတွေ ဘယ်လိုနေသေးလဲ”
ဖူအန်းစုက...
“ဒဏ်ရာရထားရက်နဲ့ တိုခိုက်လိုက်တော့ အပြည့်အဝ ပြန်ကောင်းဖို့ အချိန်ယူရဦးမယ်ထင်တယ် ၊ စကားမစပ်... အခု ငါတို့ ချန်လီတောင်ကို သွားနေကြတာလား”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“ဟုတ်တယ် ၊ ကြံ့ဝိညာဉ်ပင်လယ်ကိုဖြတ်ပြီး တည်ရာမဲ့ပင်လယ်ကို သွားနေတာ ၊ အတားအဆီးတွေတော့ မရှိတော့ပါဘူး”
သူတို့ကို တားဆီးမည့် ဖန်းခန်းက သေဆုံးသွားပြီဖြစ်သည်။
အသက်ရှင်နေသေးလျှင်တောင်မှ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ လျှင်မြန်သောအရှိန်အဟုန်ဖြင့်ဆိုလျှင် ရန်ကျောက်ကဲတို့နောက်သို့ အမီလိုက်လာနိုင်မည် မဟုတ်ပေ။
ရန်ကျောက်ကဲက...
“အခုဆို ချန်လီတောင်လည်း ပင်လယ်နက်စင်္ကြံနဲ့ ဝင်္ကပါပင်လယ်ကသတင်းကို ရပြီးလောက်ပြီ ၊ ပိုင်ကျင်းခန်းနဲ့ သူ့ဇနီးလည်း သတင်းကြားမယ်ဆိုရင် တခြားသူတွေပြောတဲ့သတင်းတွေကတစ်ဆင့် ကျွန်တော်ရောက်လာတာကို ခန့်မှန်းမိမှာပဲ”
ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း...
“အင်း... ကြည့်ရတာ ချန်လီတောင်က အကြီးအကဲတွေက ဒီကိစ္စကို လျှို့ဝှက်ထားချင်တယ်ထင်တယ် ၊ ဒီနှစ်ပိုင်းတစ်လျှောက်လုံး ဂိုဏ်းတူအစ်ကို’ရွှီ’ နဲ့ ကျွင်းအာလေးတို့ ချန်လီတောင်မှာနေထိုင်တာဆိုပေမယ့် သမုဒ္ဒရာကမ္ဘာမှာ သူတို့အကြောင်း သိပ်ပြီးမကြားရဘူး ၊ အားလုံးက သူတို့ကို တစ်ကိုယ်တော်ကျင့်ကြံသူတွေလို့ပဲ သိထားကြတယ်”
ဖူအန်းစုက အဝေးသို့ငေးကြည့်ရင်း...
“မင်းပြောသလိုဆိုရင် သူတို့ သမုဒ္ဒရာကမ္ဘာကိုရောက်နေတာ အချိန် (၇)နှစ် ၊ (၈)နှစ်လောက်တောင် ရှိနေပြီနော် ၊ ယွီကျန်းအခြေအနေဘယ်လိုရှိလဲမသိဘူး”
ရန်ကျောက်ကဲလည်း ထိုအကြောင်းကိုတော့ ခန့်မှန်းနိုင်ခြင်း မရှိပေ။
သူက...
“ကျွန်တော်လည်း မခန့်မှန်းတတ်ဘူး ၊ ချန်လီတောင်ရောက်မှ အခြေအနေသိရမှာပဲ”
သူက ဆက်ပြောသည်။
“ကျွန်တော်တို့ ချန်လီတောင်ကို မြန်နိုင်သမျှမြန်မြန် သွားကြမယ်လေ ၊ လမ်းမှာ ဆရာဒေါ်လေးက ဒဏ်ရာကုသရင်း အေးအေးဆေးဆေး အနားယူပေါ့”
ဖူအန်းစုခေါင်းညိတ်လိုက်ပြီး လေပေါ်မှာပင် တင်ပျဉ်ခွေထိုင်လိုက်သည်။
ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ကြီးမားသောဂဠုန်ငှက်ကြီးအသွင် ပြောင်းလဲသွားပြီး ရန်ကျောက်ကဲနှင့် ဖူအန်းစုကို ချီဆောင်လျှက် အတောင်ကို ဖြန့်ကာ လျှင်မြန်စွာ ပျံသန်းသွားသည်။
တင်ပျဉ်ခွေထိုင်နေသည့် ဖူအန်းစုသည် ထိုဧရာမငှက်ကြီး ချီယူခြင်းခံလိုက်ရသဖြင့် အနှောက်အယှက် မဖြစ်ခဲ့ပေ။
ရန်ကျောက်ကဲက ဧရာမဂဠုန်ငှက်ကြီးကို ခေါင်းမော့ကြည့်ရင်း...
“မြောက်ပိုင်းသမုဒ္ဒရာသိုင်းသူတော်စင် ကျွမ်ခွန်းက တကယ့်ကို သိုင်းတာအိုမှာ အောင်မြင်မှုရခဲ့တာပဲ ၊ ကျင့်စဉ်လမ်းတစ်ဝက်မှာ သေဆုံးသွားရတာ နှမျောစရာကောင်းတယ် ၊ မဟုတ်ရင် ကမ္ဘာများစွာအလွန်က အထက်ဘုံကမ္ဘာကို ရောက်အောင်သွားနိုင်မှာ “
ရန်ကျောက်ကဲ စိတ်ထဲမှ ချီးကျူးလိုက်သည်။
ယခု မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားသည်ပင် ရုပ်အခွံတစ်ခုဖြစ်သည့်တိုင် အတော်လေး စွမ်းအားကြီးမားလေသည်။
ရန်ကျောက်ကဲက သူ၏ကိုယ်ပွားပိုမိုအားကောင်းလာစေရန် မည်သို့သောသိုင်းပညာများ ထပ်မံထည့်သွင်းပေးသင့်သနည်းဟု စဉ်းစားနေသည်။
သိုင်းသူတော်စင်တစ်ယောက်ဖြစ်သော ကျွမ်ခွန်း၏ ရုပ်အလောင်းဖြစ်လေရာ သူ နဂိုက ကျင့်ကြံခဲ့သော သိုင်းပညာက အခြေခိုင်ပြီးသား ဖြစ်၏။
ထို့ကြောင့် ကိုယ်ပွားအတွင်းသို့ ပြိုဘက်ကင်းကောင်းကင်ကျမ်းစာကဲ့သို့သော ပညာရပ်များ လွှဲပြောင်းပေးရန်မှာ မဖြစ်နိုင်ပေ။ အတင်းအကျပ်လုပ်ဆောင်ပါက စွမ်းအားမြင့်မားမလာသည့်အပြင် အနှောက်အယှက်ပင် ဖြစ်လာစေနိုင်သည်။
“ဒါပေမဲ့ နည်းလမ်းမရှိတာတော့ မဟုတ်ပါဘူး ၊ အချိန်ယူပြီး ဖြည်းဖြည်းချင်းကြိုးစားရင်တော့ ရလဒ်ထွက်လာနိုင်တယ်”
စဉ်းစားနေရင်း ရန်ကျောက်ကဲဦးခေါင်းထက်တွင် အမတအင်းသင်္ကေတထွက်ပေါ်လာပြီး အလင်းရောင်များ တောက်ပလာသည်။ အမတလက်ဖွဲ့အဆင့်သို့ တက်ရောက်နိုင်ခြင်းက ရန်ကျောက်ကဲအတွက် အတော်လေး အရေးပါခဲ့၏။
ထို့နောက် ထူးဆန်းပြီး ကျက်သရေရှိသော အင်းသင်္ကေတတစ်ခုက သူ့မျက်ဝန်းများထဲတွင် တောက်ပလာသည်။
သူက လက်ဖဝါးတစ်ဖက်ကို အထက်သို့လှန်လိုက်ပြီး ကျန်လက်ဖဝါးတစ်ဖက်ကို မှောက်လျက်အနေအထား ပြုလုပ်လိုက်သည်။ သူ၏လှုပ်ရှားဟန်က ရိုးရှင်းသော်လည်း အလွန်တရာလေးလံလှသည်။
ထိုခဏတွင် ရန်ကျောက်ကဲခန္ဓာကိုယ်မှ ထွက်ပေါ်လာသောရောင်ဝါက နတ်ဘုရားတစ်ပါးအလားပင် ဖြစ်၏။
သူ၏ လက်ဖဝါးတစ်ဖက်ကို လှန်လိုက်ခြင်းက မိုးမြေတစ်ခုလုံး ပြောင်းပြန်လန်သွားသလိုဖြစ်ပြီး သူ၏လက်ဖဝါးတစ်ဖက်ကို မှောင်လိုက်ခြင်းက ကောင်းကင်တစ်ခုလုံး အောက်သို့ပြိုကျသွားသည့်အလား ဖြစ်သည်။
အမှန်တော့ ရန်ကျောက်ကဲက ဝါဒတောင်၏ထိပ်တန်းသိုင်းပညာ (၃) ရပ်မှ “ကောင်းကင်ဝါဒလက်ဝါးသိုင်း” ကို ထုတ်ဖော်အသုံးပြုနေခြင်း ဖြစ်သည်။ သို့သော် ယခု ပုံဖော်နေသော ကောင်းကင်ဝါဒလက်ဝါးသိုင်းက ယခင်ကနှင့် အနည်းငယ် ကွာခြားသည်။
ထိုအချိန် ရန်ကျောက်ကဲ၏ဦးခေါင်းထက်တွင် “ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ” ကို အခြေခံသော အမတအင်းသင်္ကေတသာမက နောက်ထပ်အင်းသင်္ကေတစ်ခုသည်လည်း တုန်လှုပ်ဖွယ်ရာ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။
ထိုအင်းသင်္ကေတထွက်ပေါ်လာသည်နှင့် ရန်ကျောက်ကဲ၏ ကောင်းကင်ဝါဒလက်ဝါးသိုင်းအရှိန်အဟုန်က ပိုမိုပြင်းထန်လာပြီး အမှန်တကယ် မိုးမြေကိုပြောင်းပြန်လှန်တော့မည့်အလား ထင်မှတ်ရ၏။
မိုးမြေပြောင်းပြန်လှန်ခြင်းသာမဟုတ် ၊ လောကနိယာမတရားအားလုံးသည်လည်း ပြောင်းပြန်လှည့်ပတ်သွားဟန် ရှိသည်။
ယင်နှင့်ယန် ၊ အလင်းနှင့်အမှောင် ၊ အပူနှင့်အအေး ၊ လျှင်မြန်ခြင်းနှင့် နှေးကွေးခြင်း ၊ တက်ကြွခြင်းနှင့် လေလံခြင်း -
ထိုအရာများအားလုံး ပြောင်းပြန်လှည့်ပတ်သွားလေသည်။
ရန်ကျောက်ကဲ ပြုံးလိုက်၏။
ဝါဒတောင်၏ထိပ်တန်းသိုင်းပညာ (၁)ရပ်ဖြစ်သော “ကောင်းကင်ဝါဒလက်ဝါးသိုင်း” ကို ဝါဒတောင်၏ တည်ထောင်သူဆရာဘိုးဘိုး “ချိုးယွမ်” က မဟာကပ်ဘေးမတိုင်ခင်က သလင်းကျောက်စိမ်းအဆက်အနွယ် အကြွင်းအကျန်များကို ခွဲခြမ်းစိတ်ဖြာကာ တီထွင်ခဲ့ခြင်း ဖြစ်သည်။
ထို လက်ဝါးသိုင်းက “စက်ဝန်းသံသရာကောင်းကင်ကျမ်းစာ” မှ ဆင်းသက်လာခြင်းဖြစ်ပြီး ရန်ကျောက်ကဲက ကောင်းကင်ဝါဒလက်ဝါးသိုင်းကို ကျင့်ကြံရင်း ထိုကျမ်းစာကိုပါ လေ့လာခဲ့သည်။ ထိုကျမ်းစာက ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ ၊ ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာတို့နှင့် အဆင့်အတူတူပင် ဖြစ်၏။
သလင်းကျောက်စိမ်းအဆက်အနွယ်မှ တိုက်ရိုက်ဆင်းသက်လာသော “စက်ဝန်းသံသရာကောင်းကင်ကျမ်းစာ” သည် ကောင်းကင်ကိုဖြိုဖျက် မြေကြီးကိုမှောင်လှန်နိုင်စွမ်းရှိသည် အမှန်ပင်။
သို့သော် ကျမ်းစာ၏အနှစ်သာရက ကောင်းကင်ကိုဖြိုဖျက် မြေကြီးကိုမှောင်လှန်နိုင်ခြင်းအတွက် မဟုတ်ဘဲ မတူညီသောအစွန်းနှစ်ဖက်အကြောင်း ဖော်ပြထားခြင်းသာ ဖြစ်၏။
ခွဲခြမ်းစိတ်ဖြာကြည့်မည်ဆိုလျှင် မိုးနှင့်မြေကို ပြောင်းပြန်လှန်စေသော စွမ်းအားများမှာ ယင်နှင့်ယန် ၊ တက်ကြွခြင်းနှင့် လေလံခြင်း ၊ အပူနှင့်အအေး စသည့် မတူညီသောပင်မအရည်အသွေးများ ဖြစ်သည်။
ထိုအရာများက မတူညီသော ဆန့်ကျင်ဘက်အစွန်းနှစ်ဖက်ဟု ထင်မှတ်ရသည့်တိုင် အလွန်နီးကပ်စွာတည်ရှိနေလေရာ မိုးမြေတစ်ခုလုံး ပြောင်းပြန်လှန်စေသည့် ကြီးမားသော တန်ခိုးစွမ်းအားကို ဖြစ်ပေါ်စေသည်။
ဤသည်မှာ “စက်ဝန်းသံသရာကောင်းကင်ကျမ်းစာ” ၏ စစ်မှန်သော အနက်အဓိပ္ပါယ် ဖြစ်သည်။ ထိုမှတစ်ဆင့် စက်ဝန်းသံသရာကောင်းကင်ကျမ်းစာကို ကျင့်ကြံထားသော သိုင်းသမားတစ်ယောက်သည် အသင်္ချေသော ဘဝများစွာကို နားလည်နိုင်စွမ်းရှိပြီး အရာအားလုံးကို မြင့်မြတ်စွာ အုပ်စိုးနိုင်မည် ဖြစ်၏။
ရှေးယခင်အချိန်တုန်းက သလင်းကျောက်စိမ်းအဆက်အနွယ်၏ ဘိုးဘေးဖြစ်သော “ရှေးဦးတည်ရှိခြင်း၏အရှင်သခင်” ယွမ်စီထျန်းကျွင်းဆိုသူ ရှိခဲ့ဖူးသည်။ သူ၏တပည့်ဖြစ်သော “ဝါဒအရှင်” ကွမ်းချန်ထျန်းကျွင်း က ထိုသိုင်းပညာကို ကျင့်ကြံအောင်မြင်ခဲ့ပြီး “စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်” ဆိုသော ရတနာတစ်ပါးကိုလည်း ပိုင်ဆိုင်ခဲ့သည်။
ထိုခေတ် ထိုအခါ ဒဏ္ဍာရီထဲတွင် ဖော်ပြထားသည်မှာ “စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်” လက်အောက်တွင် မရေမတွက်နိုင်သော ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များသည် ကျဆုံးခဲ့ကြရသည် ဟူ၏။
ဝါဒတောင်၏ ကောင်းကင်ဝါဒလက်ဝါးသိုင်းသည် စက်ဝန်းသံသယာကောင်းကင်စည်းတံဆိပ်၏ ပြီးပြည့်စုံခြင်းမရှိသော မူကွဲတစ်ခု ဖြစ်သည်။
ဝါဒတောင်ထိပ်တန်းသိုင်းပညာ (၃)ရပ်တွင် တစ်ခုကိုရွေးချယ်ရသောအခါ ရန်ကျောက်ကဲက ဓားသိုင်းကျွမ်းကျင်သူတစ်ယောက်ဖြစ်သည့်တိုင် အဆုံးမဲ့ကောင်းကင်ဓားသိုင်းကို မရွေးချယ်ဘဲ ကောင်းကင်ဝါဒလက်ဝါးသိုင်းကို ရွေးချယ်ခဲ့သည်။ ဤသည်မှာ ယခုလိုနေ့မျိုးအတွက် ကြိုတင်ပြင်ဆင်ခဲ့ခြင်းပင် ဖြစ်၏။
ထိုစဉ်အချိန်က “စက်ဝန်းသံသရာကောင်းကင်ကျမ်းစာ” ကို မကျင့်ကြံရသေးသော်လည်း သိရှိနားလည်နေသည်ဖြစ်ရာ သူ့အနေဖြင့် ကောင်းကင်ဝါဒလက်ဝါးသိုင်းကို လွယ်ကူစွာကျင့်ကြံနိုင်ခဲ့ပြီး အခြားသူများထက်လည်း သာလွန်ခဲ့သည်။
ယခု အမတလက်ဖွဲ့အဆင့်ရောက်ရှိသည့်အခါ ကောင်းကင်ဝါဒလက်ဝါးသိုင်း၏ အခြေခံအုတ်မြစ်ကို “စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်” အဖြစ် ပြောင်းလဲခဲ့သည်။
“ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ” ကို အခြေခံထားသော သူ၏ အမတအင်းသင်္ကေတအတွင်းသို့ “စက်ဝန်းသံသရာကောင်းကင်ကျမ်းစာ” အပါအဝင် အခြားသောပညာရပ်များကို ထပ်မံပေါင်းစပ်ကျင့်ကြံပြီး ကနဦးအခြေခံအုတ်မြစ်ကို ပိုမိုခိုင်မာစေမည် ဖြစ်သည်။