← Chapters

ဝမ်လင်း၏ အလစ်တိုက်ခိုက်မှု

Vol. 108 Ch. 1487

ဝမ်လင်း၏ အလစ်တိုက်ခိုက်မှု

Vol. 108 Ch. 1487

ထိုအစိမ်းရောင်ဝံပုလွေသည် ပေတစ်သိန်းလောက်ထိ ကြီးမား၏။ ၎င်းကို တွေ့မြင်ရသူတိုင်းအဖို့ တုန်လှုပ်သွားလောက်သည်။

အနီရောင်သွေးမြူသည် သည်နေရာရှိ ခြောက်ခုမြောက်နောက်ဆုံးကျင့်ကြံခြင်းဂြိုဟ်ပေါ်တွင် သိပ်သည်းလာသည်။ ဝမ်လင်း၏ပုံရိပ်သည် ပေါ်ထွက်လာလေ၏။

သူမျက်လုံးထဲတွင် အနီရောင်တစ်ချက် လင်းလက်သွားပြီး သူ့မူလစိတ်ဝိညာဉ်ဒဏ်ရာများသည် အနည်းငယ် ပြန်ကောင်းမွန်လာသည်။ မထူးခြားနားကြည့်ကာ သူ့လက်ကို ထိုဂြိုဟ်ခြောက်လုံးထံသို့ တွန်းထုတ်လိုက်လေသည်။

ထိုအခါ ဝမ်လင်း ထိုကျင့်ကြံခြင်းဂြိုဟ်ခြောက်လုံးပေါ်တွင် ချန်ထားသော အတားအဆီးများသည် ပေါက်ကွဲထွက်လာ၏။ ဂြိုဟ်များထဲမှတစ်ခုသည် ပျက်စီးသွားသည်။ ထိုပျက်စီးမှုစွမ်းအားသည် ကြယ်နယ်မြေကို တုန်ခါသွားစေသည်။

၎င်းဂြိုဟ်မှာ စွန့်ပစ်ခံဂြိုဟ်တစ်ခု မဟုတ်ပေ။ မြင့်မြတ်ကောင်းကင်ဘုံဝံပုလွေကလန်က သေချာအားစိုက်ထုတ်ကာ ရယူထားသော စိတ်ဝိညာဉ်စွမ်းအင်အပြည့်ဖြင့် ဂြိုဟ်ဖြစ်ပေ၏။ ထိုကဲ့သို့ ဂြိုဟ်၏ပျက်စီးမှုကို စွန့်ပစ်ခံဂြိုဟ်တစ်ခု၏ ပျက်စီးမှု ယှဉ်နိုင်လိမ့်မည် မဟုတ်ပါ။

ထိုပျက်စီးမှုမှာ တောင်များသည်သာ မဟုတ်၊ အားကောင်းသောစိတ်ဝိညာဉ်စွမ်းအင် ဖြစ်လေ၏။ မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်လျက် ကျင့်ကြံခြင်းဂြိုဟ်သည် ဆုတ်ပြတ်သပ်သွားသည်။

ဝမ်လင်းသည် ထိုဖိသိပ်အားကို အချိန်ကိုက် ဖမ်းဆုပ်လိုက်၏။ သူက သူ့ရန်သူသည် အချိန်မရွေး ရောက်လာနိုင်သည်ကို သိထား၏။ ထို့အတွက်ကြောင့် သူက ဝါးမြိုနေစဉ် သည်ဂြိုဟ်ပေါ်၌ အတားအဆီးများကို ချန်ထားခဲ့ခြင်းပင်။

ဗလတောင့်တောင့်နှင့်လူ အနားရောက်လာခါနီးမှာပင် ထိုဂြိုဟ်သည် ပျက်စီးသွားခဲ့ခြင်း ဖြစ်သည်။

ဂြိုဟ်တစ်ခုသာ ဆိုပါက ဝမ်လင်း၏ ပြတ်သားမှုနှင့်ရက်စက်မှုကို ဖော်ပြရာ မရောက်သေးပေ။ ပထမဆုံးဂြိုဟ်ပျက်စီးပြီးနောက် ကျန်သည့်ဂြိုဟ်ငါးလုံးပါ ပေါက်ကွဲသွားလေသည်။

ပြင်းထန်သောဖိသိပ်အားသည် မရေမတွက်နိုင်သောအစိတ်အပိုင်းများနှင့် ရောနှောလေ၏။ ဆက်တိုက်ပျက်စီးမှုက ကောင်းကင်တုန်လှုပ်ဖွယ်အားကို ဖြစ်စေကာ အဘက်ဘက်သို့ ပျံ့နှံ့သည်။

ထိုကျင့်ကြံခြင်းဂြိုဟ်ခြောက်လုံး၏ ပျက်စီးမှုကြောင့် ဖြစ်ပေါ်လာသော မုန်တိုင်းသည် ဗလတောင့်တောင့်လူကို ဝါးမြိုပစ်မည့် မုန်တိုင်းတစ်ခုအလား။ လျှပ်တပြတ်အတွင်း သူသည် ထိုမုန်တိုင်းအတွင်း ကျရောက်သွားရသည်။

ဝုန်း…ဝုန်း…ဝုန်း…ဝုန်း…။

မိုးကြိုးတုန်ဟည်းသံများသည် ကြယ်များအနှံ့ ပဲ့တင်ထပ်၏။ သို့သော် ထိုအခိုက်တွင် ချောက်ခြားဖွယ်ဝံပုလွေအူသံ ပဲ့တင်ထပ်လာသည်။ ဂြိုဟ်ခြောက်လုံး ပျက်စီးမှုအတွင်းကနေ ကြမ်းကြုတ်သောဝံပုလွေတစ်ကောင် ထိုးထွက်လာ၏။ ၎င်း၏အရွယ်အစားသည် မပြောင်းလဲသွားသော်လည်း အတော်လေးတော့ အားနည်းသွားဟန် ပေါ်သည်။

၎င်းသည် ထိုးထွက်လာပြီးနောက် ဝမ်လင်းထံ ဒေါသတကြီး တိုးဝင်လာ၏။ ဝံပုလွေသည် လကို ဝါးမြိုသကဲ့သို့ ဝမ်လင်းကို တိုက်ရိုက် မြိုချပစ်နိုင်ရန် ကြိုးစားသည်။

ထိုဝံပုလွေ နီးကပ်လာသည်ကို တွေ့မြင်သည့်အခါ ဝမ်လင်းက နှာခေါင်းရှုံ့၍ နောက်ဆုတ်၏။ သူ့ညာလက်ကိုလည်း ဝေ့ယမ်းလိုက်ရာ သူ့ရှေ့တွင် လိပ်ခွံတစ်ခု ပေါ်လာလေ၏။ ထိုလိပ်ခွံပေါ်လာသည်နှင့် တစ္ဆေအလင်းတစ်ခုသည် အဘက်ဘက်သို့ ဓားသွားများအလား ထွင်းဖောက်သည်။

လိပ်ခွံသည် အရူးအမူး ချဲ့ကားလေ၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းက မနှိုင်းသာအောင်ကြီးမားသော လိပ်သားရဲအဖြစ်သို့ ပြောင်းလဲသွားပေပြီ။

ထိုလိပ်ခွံကို ဟင်္သာငှက်အဘိုးအိုက ဝမ်လင်းအား လက်ဆောင်ပေးခဲ့တာ ဖြစ်၏။ ၎င်းသည် မူလတုန်းကတော့ ပြိုလဲအကြီးအကဲရွေးချယ်ပွဲနေရာ၏ အထက်တွင် တည်ရှိခဲ့သော ရှေးဟောင်းစိတ်ဝိညာဉ်အတားအဆီးပင်။

လိပ်ပေါ်လာကာ ဝမ်လင်းကို ၎င်းအောက်တွင် ကာကွယ်မှုပေး၏။ ဝံပုလွေသည်လည်း ရောက်ရှိလာပြီး ၎င်း၏အခွံကို ထိမှန်သည်။

အဝေးမှ ကြည့်ပါက ဧရာမအစိမ်းရောင်ဝံပုလွေကြီးနှင့် ဧရာမလိပ်ကြီးတို့ ထိပ်တိုက်တွေ့သည် မြင်ကွင်းမှာ တုန်လှုပ်ဖွယ်ရာ ကောင်းလှ၏။

တုန်ဟည်းသံများ ပဲ့တင်ထပ်ကုန်၏။ လှိုင်းဂယက်များလည်း အဘက်ဘက်သို့ ပျံ့နှံ့သည်။ လိပ်ခွံသည် မြန်ဆန်စွာ ပြန်ကြုံ့လာပြီးနောက် ဝမ်လင်းက နောက်ဆုတ်နေရင်း ၎င်းကို သူ့သိုလှောင်နေရာလွတ်အတွင်း သိမ်းဆည်းလိုက်သည်။

ဦးဆုံးအနေဖြင့် ထိုအစိမ်းရောင်ဝံပုလွေသည် ကျင့်ကြံခြင်းဂြိုဟ်ခြောက်လုံး ပျက်စီးမှုကြောင့် ထိခိုက်ထားခဲ့ပြီး ဖြစ်သည်။ ထို့နောက် ၎င်းက ရှေးဟောင်းစိတ်ဝိညာဉ်အတားအဆီးနှင့် ထိပ်တိုက်ထပ်တွေ့သည်။ ထိုအခါ ၎င်း၏ခန္ဓာကိုယ်တစ်ဝက်ကျော်သည် ပျက်စီးသွားခဲ့ပြီး နောက်သို့ ပေတစ်သိန်းလောက်ထိ လွင့်စင်ထွက်သွားသည်။

ဗလတောင့်တောင့်လူသည် ပျက်စီးသွားသောဂြိုဟ်များ၏ မုန်တိုင်းထဲမှ လှမ်းထွက်လာ၏။ သူက သူ့လက်ကို ဝေ့ယမ်းပြီး ပျက်စီးသွားသော ဝံပုလွေကို သူ့ထံသို့ ပြန်လာစေသည်။

ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားသည်။ သူသည် နောက်ဆုတ်နေရင်း သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျသည်။ သူ့ခြေထောက်အောက်တွင် လှိုင်းဂယက်များ ပေါ်လာပြီးနောက် သူက ဟင်းလင်းပြင်ကွေးညွတ်ခြင်းကို အသုံးပြု၍ ထွက်ခွာတော့မည့်ဟန် ပြင်သည်။ သို့သော် သူ့အကြည့်ကမူ ဗလတောင့်တောင့်လူ၏ ပုခုံးထက်ရှိ မိန်းကလေးထံသို့သာ ကျရောက်နေသည်။

ထိုမိန်းကလေးသည်ပင် ထွက်ပြေးနေရင်း ဝမ်လင်း၏အကြည့်က သူမပေါ်သို့ မြဲမြံစွာ ကျရောက်နေလိမ့်မည်ဟု ထင်ထားလိမ့်မည် မဟုတ်ပေ။ သူမသာ ဝမ်လင်းနှင့် ပတ်သတ်၍ နားလည်ထားပါက တစ်ခုခုဖြစ်လာတော့မည်ကို ကျိန်းသေပေါက် ခံစားမိပေလိမ့်မည်။

ဗလတောင့်တောင့်လူ၏မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ် ပြည့်နှက်လာ၏။ သူက နောက်ကလိုက်ရန် ပြင်သည်။ သို့ပေမည့် သူ့အမူအရာသည် ပြောင်းလဲသွားကာ သူ့ခန္ဓာကိုယ်အတွင်း၌ သိမ်မွေ့ဆန်းကြယ်မီး တောက်လောင်လာသည်။ မျက်စိတစ်မှိတ်အတွင်း ထိုမီးက သူ့ခန္ဓာကိုယ်တွင် ပြည့်နှက်၏။ သူ့နောက်ရှိ ဝံပုလွေသည်ပင် ထိုမီး၏ ခြုံလွှမ်းခြင်းခံရကာ စူးစူးဝါးဝါးအော်ဟစ်လိုက်ရသည်။

“သိမ်မွေ့ဆန်းကြယ်မီး ကျင့်ကြံသူ။ သေစမ်း…” ဗလတောင့်တောင့်လူ၏မျက်နှာသည် ချက်ခြင်း ဖြူရောကာ သွေးအန်လိုက်ရ၏။ သူ့မျက်လုံးထဲတွင်လည်း တုန်လှုပ်မှု ပြည့်လာ၏။

သူ့ပုခုံးထက်ရှိ မိန်းကလေးသည် မျက်မှောင်ကြုတ်လျက် ထွက်ပြေးကာ နောက်ဆုတ်သွားသော ဝမ်လင်းကို ကြည့်နေမိသည်။ သူမက ညာလက်ကို မြှောက်ကာ သူမ၏နဖူးကို ထိ၍ ပြောလိုက်သည်။ “ချိပ်ပိတ်မျိုးဖြုတ်ကလန်ရဲ့ မျိုးဆက်တစ်ယောက်အနေနဲ့ သူ့ ဆုတ်လမ်းကို တားဆီးဖို့ ငါ့ကလန်ရဲ့ ချိပ်ပိတ်မှုကို ဆင့်ခေါ်တယ်…”

သူမ ထိုသို့ ပြောလိုက်ချိန်တွင် ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်သွား၏။ ဂြိုဟ်ခြောက်လုံးပျက်စီးခြင်းကြောင့် ဖြစ်ပေါ်လာသော မုန်တိုင်းအတွင်းမှ ကြောက်မက်ဖွယ်သွေးအလင်းတစ်ခု လင်းလက်သွား၏။

သွေးဓားကို ဝမ်လင်းက ကျင့်ကြံခြင်းဂြိုဟ်တစ်ခုအတွင်း ကွယ်ဝှက်ထားခဲ့ခြင်းပင်။ ကျင့်ကြံခြင်းဂြိုဟ် ပျက်စီးသွားသည့်နောက်တွင်ပင် ၎င်းဓားသည် ဗရမ်းဗတာဖြစ်မှုအတွင်း ကွယ်ဝှက်နေပြီး ထွက်ပေါ်မလာခဲ့ပေ။

သို့ပေမည့် ခုချိန်တွင် ၎င်းက ရုတ်တရက် ပေါ်လာသည်။ သွေးအလင်းက ဒီဧရိယာကို လင်းထင်းသွားစေရင်း ၎င်းက မိန်းကလေးထံ တိုးဝင်သည်။

မြန်လွန်း၏။ ချက်ခြင်းပင် ၎င်းဓားသည် မိန်းကလေးထံသို့ နီးကပ်လာသည်။ ၎င်းဓားသည် ထိုမိန်းကလေး၏ မျက်ခုံးနှစ်ခုကြားသို့ ပစ်မှတ်ထား၏။ ထိုအဖြစ်ကြောင့် သူမသည် မင်သက်ကြောင်ငေးမိသွားသည်။

သွေးအလင်းတစ်ခု လင်းလက်ကာ သူမနဖူးကို အံ့မခန်းအမြန်နှုန်းဖြင့် ထွင်းဖောက်သွားလေ၏။ ထို့နောက် သည်ဓားက ဝမ်လင်းထံ ဖျပ်ခနဲ ပြန်ရောက်သွားသည်။ ဝမ်လင်းက ဟင်းလင်းပြင်ကွေးညွတ်ခြင်းကို အသုံးပြုကာ ထွက်ပြေးသွားလေသည်။

ထိုမြင်ကွင်းသည် ဝံပုလွေကလန်မှ ဗလတောင့်တောင့်လူ၏ မျက်လုံးသူငယ်အိမ်ကို ကြုံ့သွားစေ၏။ သူ့စိတ်ပါ တုန်ယင်လျက် သူ့စိတ်ထဲတွင် ကြောက်လန့်မှု ခံစားချက် ပေါ်လာသည်။

“သူဟာ သိမ်မွေ့ဆန်းကြယ်မီး ကျင့်ကြံသူတစ်ယောက်ဆိုတာ ထင်ရှားတယ်။ ဒါပေမဲ့ ဒီအစွမ်းကို သူ အသုံးမပြုခဲ့ဘူး။ သူက ငါ့ စိတ်ခံစားချက်တွေကို ဒီမီး လောင်ကျွမ်းမယ့်အချိန်ကို စောင့်နေပြီး ငါက ဒီမီးကို ဖိနှိပ်နေတဲ့အချိန်မှာပဲ တာအိုသခင်မြောင်ယင်ရဲ့ ငယ်သားအသက်ကို ယူဖို့ လုပ်လိုက်တာ…”

“ကြောက်ဖို့ကောင်းလိုက်တဲ့ အကြံ...”

“ဒီဓားဟာ ထူးဆန်းတဲ့အရာတစ်ခုပဲ။ အတော်လေး မြန်ပြီး ထက်ရှတယ်။ သူဟာ ငါ့ကို တတိယအဆင့်ကျင့်ကြံသူတစ်ယောက်အဖြစ် သိထားပြီး ဒီသွေးဓားကို ခုခံနိုင်မယ်ဆိုတာပါ ယူဆထားတယ်။ သေချာ သတ်နိုင်အောင်လို့ သူဟာ ငါ့ကို တိုက်ခိုက်ရမယ့်အစား ဒီမိန်းကလေးကို ဖျက်စီးပစ်ဖို့ ဆုံးဖြတ်လိုက်တာပဲ…”

ဗလတောင့်တောင့်လူ၏ အတွေးထဲ၌ ကြောက်လန့်မှုအရိပ်အမြွက် ပါဝင်နေလေပြီ။

သူ ကြောက်လန့်သည်က ဝမ်လင်း၏ကျင့်ကြံမှုအဆင့်ကို မဟုတ်ပေ။ အတောမသပ်နိုင်သော ရတနာများနှင့် နက်ရှိုင်းလှသောဝမ်လင်း၏ အကြံအစည်များကို ကြောက်လန့်ခြင်း ဖြစ်သည်။

သူက ဝမ်လင်းသည် ထိုမိန်းကလေးကို ပစ်မှတ်ထားရသည်မှာ သူမ၏မျက်ခုံးကြားရှိ အမှတ်အသားကို သိရှိသောကြောင့် ဖြစ်သည်ကိုမူ သိမနေခဲ့ပေ။

ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်။ ထိုမိန်းကလေးသာ သည်မှာ ရှိနေပါက ဝမ်လင်း၏မန္တာန်များမှာ ချိပ်ပိတ်ခံရလောက်၏။ ချိပ်ပိတ်ခံလိုက်ရသည်နှင့် အကျိုးဆက်မှာ မခန့်မှန်းနိုင်လောက်အောင် ဖြစ်သွားနိုင်သည် မဟုတ်လော။

ဝမ်လင်းအမြင်အရ သူမ၏ကျင့်ကြံမှုအဆင့်သည် မမြင့်မားသော်လည်း သူမ ယူဆောင်လာမည့် အန္တရာယ်မှာ ထိုနိဗ္ဗာနလေဟာနယ်အဆင့် ဗလတောင့်တောင့်လူထက် အားနည်းလိမ့်မည်မဟုတ် ဟူ၏။

“ရက်စက်လိုက်တဲ့သူ…” ဗလတောင့်တောင့်လူထံမှ သက်ပြင်းချသံ ခပ်သဲ့သဲ့ ထွက်ပေါ်လာ၏။ အလင်းသည် နဖူးအားသွေးဓားဖြင့် ထွင်းဖောက်ခြင်း ခံလိုက်ရသော မိန်းကလေး၏မျက်လုံးထံသို့ တဖြည်းဖြည်း ပြန်ရောက်ရှိလာ၏။ သူမ၏မျက်ခုံးနှစ်ခုကြားမှ ဒဏ်ရာသည်လည်း ရွှေ့လျားလျက် မြန်ဆန်စွာ ကောင်းမွန်လာ၏။ သို့ပေမည့် ထိုနဖူးနေရာတွင် စွဲထင်းသောအမာရွက်တစ်ခု ပေါ်လာခဲ့ပေပြီ။

သူမ၏ခေါင်းနောက်မှ ဒဏ်ရာမှာလည်း ပြန်ကောင်းမွန်လာခဲ့သည်။

ထိုမိန်းကလေးက သူမ၏လက်ချောင်းကို ပင့်မြှောက်ပြီး နဖူးထက်မှ အမှတ်အသားရှိ သွေးကို သုတ်သင်လိုက်ပြီးနောက် သူမ၏ပါးစပ်အတွင်းသို့ လက်ပြန်ထည့်သည်။

“တော်တော်ကြောက်ဖို့ကောင်းတဲ့ တွက်ချက်မှုနဲ့ အကြံအစည်။ သူဟာ ငါတို့ သူ့နောက်ကို လိုက်လာတယ်ဆိုတာ သိထားတာပဲ။ ဒါ့ကြောင့် သူက ကျင့်ကြံခြင်းဂြိုဟ်တွေပေါ်မှာ အတားအဆီးတွေ ချထားခဲ့ပြီး ငါတို့ နီးကပ်လာတာနဲ့ ပေါက်ကွဲစေလိုက်တာ။ ငါတို့က ဒီဂြိုဟ်တွေရဲ့ ပေါက်ကွဲအား တုန်ခါလှိုင်းကြောင့် အလုပ်ရှုပ်သွားတဲ့အချိန်မှာ ပုန်းကွယ်နေတဲ့ဓားကို သတိမပြုမိလိုက်ကြဘူး။ ဒါဟာ သူ့ရဲ့ တကယ့်ရည်ရွယ်ချက်ပဲ…” ထိုမိန်းကလေး၏မျက်လုံးသည် တလက်လက် ဖြစ်နေ၏။

“သူဟာ ငါ့ကို ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်ကလူ ဆိုတာကို သိနေလောက်တယ်။ သူ့ထောင်ချောက်တစ်ခုလုံးဟာ ငါ့ကို သတ်ဖို့အတွက်ပဲ…” ထိုမိန်းကလေးသည် ပြုံးလိုက်၏။ သို့သော် သူမသည် ကြောက်လန့်မှုအရိပ်အယောင်ကို ဖုံးဖိမထားနိုင်ပေ။

“နက်နဲလိုက်တဲ့ အကြံ။ သူဟာ ငါတို့နှစ်ယောက်ကို ရန်သူလို့ ဆုံးဖြတ်ပြီးတာနဲ့ ပြတ်သားရက်စက်တော့တာ။ ဒီလိုစရိုက်မျိုးဟာ လွယ်လွယ်စော်ကားလို့ မရနိုင်ဘူး။ ငါတို့ဟာ သူ့ခွန်အားကို လျှော့တွက်ခဲ့မိတာပဲ။ သခင်တောင်မှ သူ့ခွန်အားကို လျှော့တွက်ခဲ့မိတယ်။ ငါ့ရဲ့ ချိပ်ပိတ်မျိုးဖြုတ်ကလန်မှာ စိတ်ဝိညာဉ်မန္တာန်သုံးခု ပိုင်ဆိုင်ထားတဲ့အတွက်ကြောင့်သာ မဟုတ်ရင် အခုဆို ငါ သေနေလောက်ပြီ…”

သူမအဖို့ ပထမဆုံးအကြိမ်အဖြစ် သည်လိုလူမျိုးကို တွေ့ကြုံရခြင်းပင်။

“ဆက်လိုက်ကြစို့။ ငါတို့ သူ့ကို ကမ္ဘာအဆုံးထိ လိုက်ရမယ်ဆိုရင်တောင် ငါတို့ သူ့ကို သတ်ရမယ်။ အနောက်မြောက်(၁၇၃၄၅၃၂) ကီလိုမီတာ။ ဒီလူရဲ့ အကြံအစည်ဟာ နက်ရှိုင်းလွန်းတယ်။ သူဟာ လှည့်ပတ်ပြေးနေရင်တောင် အဓိပ္ပာယ်တစ်ခုခု ရှိနေမှာ ငါ စိုးရွှံ့မိတယ်။ ဒါနဲ့ ဒီဦးတည်ရာဟာ…ဒါက…”

ထိုမိန်းကလေးသည် ခပ်တိုးတိုး ရေရွတ်နေရင်း သံလိုက်အိမ်မြှောင်ကို ကိုင်ထားသော သူမ၏လက်သည် တုန်ယင်နေသည်။ သူမသည် ရုတ်တရက် အနောက်မြောက်ဘက်ထံသို့ မော်ကြည့်လိုက်သည်။

“ဒီဦးတည်ရာနေရာဟာ ရှေးအမိန့်ဂူသင်္ချိုင်း ရှိနေတဲ့နေရာပဲ...။ သူက ဘာကြောင့် အဲ့နေရာကို ထွက်ပြေးဖို့ ရွေးချယ်ခဲ့တာလဲ…”

မြင့်မြတ်ကောင်းကင်ဘုံဝံပုလွေကလန်မှ ဗလတောင့်တောင့်လူသည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲဖွင့်ဟာ အတွင်းသို့ လှမ်းဝင်လိုက်လေ၏။ သူ ထွက်သွားသည့်နောက် ထိုအဟသည် ဖြည်းဖြည်းချင်း ပြန်ပိတ်သွားတော့သည်။

မြူများ သိပ်သည်းနေသော ရှေးအမိန့်ဂူသင်္ချိုင်းထဲသို့ ဦးတည်သည့် အက်ကြောင်းတစ်ခု ရှိနေ၏။ တတိယအဆင့်ကျင့်ကြံသူများသည်ပင် ထိုမြူအတွင်းသို့ ပေါ့ပေါ့ဆဆ မဝင်ရဲချေ။

ထိုမြူများသည် တစ်သန်းသောစတုရန်းကီလိုမီတာကို ဖုံးလွှမ်းထားသည်။ ရှေးဟောင်းကြယ်အဖွဲ့အစည်းမှ ကျင့်ကြံသူများစွာလည်း ဤနေရာတွင် ရှိနေကြ၏။

မည်သူကမျှ ထိုအက်ကြောင်းအတွင်းရှိ ရှေးအမိန့်ဂူသင်္ချိုင်းထဲတွင် ကသောင်းကနင်းတစ်ခုခု ဖြစ်လာတော့ရန် အရှိန်ယူနေသည်ကို သတိမပြုမိကြပေ။ ခဏအကြာတွင် ၎င်းက ပေါက်ကွဲထွက်လာပြီး သည်ရှေးဟောင်းကြယ်အဖွဲ့အစည်းတစ်ခုလုံးကို တုန်လှုပ်သွားစေလေ၏။

***

All Chapters