ရှေးအမိန့်သင်္ချိုင်း ပွင့်ဟလာခြင်း
Vol. 108 Ch. 1488
တဝီဝီလှည့်ပတ်နေသော ဝဲကတော့အတွင်း၌ ရှေးအမိန့်ဂူသင်္ချိုင်းအတွင်းမှ ထွက်ပေါ်လာသော သေဆုံးခြင်းအော်ရာများ ပြည့်နှက်နေသည်။ ထို့အပြင် သင်္ချိုင်းနေရာအတွင်းရှိ ကျောက်တုံးများပေါ်တွင် ရှိနေသော ရှေးဟောင်းနတ်ဘုရား၊ ရှေးဟောင်းနတ်ဆိုးနှင့် ရှေးဟောင်းမိစ္ဆာတို့၏ ဦးခေါင်းများထံမှလည်း သိပ်သည်းသောမကျေမချမ်းမှု ရှိလို့နေသည်။
ယင်းတို့သည် ပေါင်းစည်းကာ မုန်တိုင်းတစ်ခုအသွင် ဖြစ်စေသည်။ ထိုမုန်တိုင်းက မြူကို လှစ်ဟကာ အပြင်ဘက်သို့ အရူးအမူး ထိုးထွက်သည်။
ထိုအက်ကြောင်းကြီး၏ ပတ်လည်ရှိ ကီလိုမီတာတစ်သန်းဟင်းလင်းပြင်အတွင်း ပြည့်နှက်နေသော သိပ်သည်းသောမြူသည် ထိုမုန်တိုင်း၏ တွန်းကန်ခြင်းကို ခံရသည်။ တုန်ဟည်းသံများသည် အစပိုင်းတွင် အားပျော့နေရာကနေသည် မကြာခင်တွင် ကျယ်သထက်ကျယ်လောင်လာသည်။ ထိုအခိုက်အတန့်၌ ဒီကြယ်နယ်မြေတစ်ခုလုံးသည် လှုပ်ခါလေ၏။
မြူများသည် စိတ်ဝိညာဉ်တစ်ခု ရှိလာသည့်အလား တဝီဝီလှည့်လည်သည်။ ၎င်းက ကြယ်များကြားတွင် အဆုံးမဲ့ ချဲ့ကားလေ၏။
တဝီဝီမြူများသည် အပြင်းအထန် လှုပ်ရှားကာ အဘက်ဘက်သို့ အရူးအမူး ပျံ့နှံ့သည်။ မူလတုန်းက သည်မြူ၏အစွန်းအဖျားတွင် ကျင့်ကြံသူများစွာ ရှိနေပြီး ၎င်းမြူထုကို လေ့လာစူးစမ်းနေကြ၏။ အချို့အစွမ်းထက်ကျင့်ကြံသူများဆို အတွင်းထိ ဝင်ရောက်ကာ စစ်ဆေးကြည့်ကြသည်။ သို့ပေမည့် သည်အခိုက်အတန့်၌ ဒီနေရာရှိ ကျင့်ကြံသူအားလုံး၏အမူအရာများသည် ပြောင်းလဲသွားကြပြီး သူတို့အားလုံး အလျင်အမြန် နောက်ဆုတ်သည်။
ရှေးအမိန့်သင်္ချိုင်းဖွင့်လှစ်ခြင်းက သည်ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ အစွမ်းထက်ကျင့်ကြံသူအားလုံး၏ အာရုံကို စွဲဆောင်နိုင်ခဲ့၏။ သူတို့သည် လုပ်လက်စများကို လွှတ်ချကာ သည်နေရာသို့ အပြေးလာခဲ့ကြသည်။
သို့ပေမည့် ခုချိန်၌ သူတို့သည် တုန်လှုပ်ကာ နောက်သို့ ဆုတ်နေရ၏။
မြူ၏လှုပ်ရှားမှုက ဧရာမမုန်တိုင်းတစ်ခုအသွင်ပြောင်းကာ အရူးအမူး ချဲ့ကားလာသည်။
စတုတ္ထကောင်းကင်ဘုံံဒုက္ခအဆင့် အဘိုးအိုတစ်ယောက်သည် နောက်သို့ လုံလောက်အောင် မြန်မြန်ဆန်ဆန် မဆုတ်လိုက်နိုင်ဘဲ မြူ၏ ထိမိခြင်းကို ခံလိုက်ရ၏။ ထိုအခါ သူသည် နာကျင်စွာအော်ဟစ်လိုက်ရကာ သူ့ခန္ဓာကိုယ်သည် အပြင်းအထန် တုန်ယင်၏။ ထို့နောက် သူ့အသွေးအသားများသည် ပျက်စီးကာ အရိုးစုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ့မူလစိတ်ဝိညာဉ်ပါ သည်မြူအောက်၌ ပျောက်ရှသွားရသည်။
အလားတူမြင်ကွင်းမျိုးသည် မြူချဲ့ကားလာရင်း နေရာတိုင်း၌ ဖြစ်ပွားနေသည်။
ထိုမြူသည် ကီလိုမီတာတစ်သိန်း၊ သုံးသိမ်း၊ ငါးသိန်း၊ တစ်သန်းထိ ပြင်းပြင်းထန်ထန် ချဲ့ထွက်လာသည်။ မြူက ရပ်တန့်ခြင်းမရှိဘဲ ဆက်လက် ချဲ့ကားနေသည်။
ကီလိုမီတာနှစ်သန်း၊ သုံးသန်း၊ ငါးသန်း၊ ဆယ်သန်းကျော်ကနေသည် သန်းတစ်ရာထိ တိုင်လာခဲ့သည်။
ထိုမြူမုန်တိုင်းသည် ပျံ့နှံ့နေရင်း ကျင့်ကြံသူများစွာသည် အရိုးစုပြာမှုန့်ဘဝသို့ ရောက်သွားခဲ့ရ၏။ အဖြစ်အပျက်မှာ မြန်ဆန်လွန်းသည်။ ကပ်ဘေးတစ်ခုဟုပင် ယူဆ၍ ရနိုင်သည်။
သို့ပေမည့် မြူ၏ထိမှန်ခြင်း ခံရသော ကျင့်ကြံသူတိုင်းက သေဆုံးသွားသည်တော့ မဟုတ်ပေ။ ဆယ်ယောက်တွင် တစ်ယောက်နှုန်းက ထိုမြူ၏ဝါးမြိုခြင်းကို ခံရ၏။ ထိုသို့လူများမှာ ဒဏ်ရာမရသည့်အပြင် အဆုံးမဲ့အသက်ဓာတ်များ သူတို့ထံ တိုးဝင်ကာ နှစ်ပေါင်းထောင်ချီ ငယ်ရွယ်သွားသည့်အလား။ သူတို့၏ကလန်အမှတ်အသားများဘေးတွင် ထူးဆန်းသောအမှတ်အသားတစ်ခု ပေါ်လာသည်။
ထိုအမှတ်အသားသည် နံပါတ်အမှတ်အသားတစ်ခုနှင့် တူလှ၏။
သို့မဟုတ် ပို၍ တိတိပပဆိုရသော် ယင်းတို့သည် နံပါတ်များ ဖြစ်ကုန်သည်။
သူတို့၏နဖူးထက်တွင် နံပါတ်တစ်ခုရှိသွားသော လူတိုင်းသည် အက်ကြောင်းအတွင်းသို့ စုပ်ယူခြင်း ခံရကာ မည်သူကမျှ မခုခံနိုင်ကြချေ။ ထိုအက်ကြောင်းသည် ရှေးအမိန့်သင်္ချိုင်းအတွင်းသို့ ဝင်ပေါက် မည်၏။
တာအိုသခင်မြောင်ယင်၏ကိုယ်ပွား ချောမောသောလူငယ်ကလည်း အလျင်အမြန် နောက်ဆုတ်နေ၏။ သူ၏အမူအရာသည် သုန်မှုန်နေသည်။ သူသည် ကီလိုမီတာသန်းချီ နောက်ဆုတ်ခဲ့ပြီး ဖြစ်သည်။ သို့သော် သူက ထွက်မသွားချင်ဘဲ ရှိနေ၏။
“ရှေးအမိန့်ဂူသင်္ချိုင်း…ဒါဟာ ရှေးအမိန့်သင်္ချိုင်းပဲ ဖြစ်ရမယ်။ ပြောကြတာက ဒီသင်္ချိုင်းဟာ အချိန်အစဦးတည်းက ဖွင့်လှစ်နေခဲ့တာတဲ့။ ဒီထဲဝင်နိုင်တဲ့သူတိုင်း အံ့မခန်းကံကောင်းခြင်းတွေကိုလည်း ရရှိနိုင်တယ်လို့ ကောလာဟာလဆိုကြတယ်…”
“ရတနာတွေ၊ ဆေးလုံးတွေ၊ မန္တာန်တွေနဲ့ တတိယအဆင့်ကျင့်ကြံသူတွေအတွက်တောင် လေဟာနယ်ဒုက္ခနယ်ပယ်ထဲ ဝင်ရောက်နိုင်မယ့် နည်းလမ်းတွေပါ ရှိနေတယ်လို့ ဆိုတယ်…”
တာအိုသခင်မြောင်ယင်၏ အမူအရာသည် မသေချာမရေရာ ဖြစ်နေ၏။ သူက အံတင်းတင်းကြိတ်ကာ သူ့လက်ကို ဝေ့ယမ်းလိုက်သည်။ မည်သူကမျှ သူ့အပူဇော်ခံမီးတောက်နယ်မြေကို ဖွင့်လှစ်လိုက်သည်ကို မမြင်လိုက်ရပေ။ သို့သော် အပူဇော်ခံမီးတောက်စိတ်ဝိညာဉ်များက သူ့ခန္ဓာကိုယ်ကို ဝန်းရံထားသည်။
အကြည့်တစ်ချက်ဖြင်ပင် ထိုစိတ်ဝိညာဉ်အားလုံးသည် ချောမောသောယောက်ျား၊မိန်းမများ ဖြစ်သည်ကို မြင်နိုင်သည်။ ယင်းတို့မှာ တစ်ဆယ်ဘီလီယံကျော် ရှိလို့နေ၏။ သူက ထိုမြူကို ထိမိသည့်အခါ ထိုအပူဇော်ခံမီးတောက်စိတ်ဝိညာဉ်သန်းတစ်ရာသည် နာကျင်စွာအော်ဟစ်လိုက်ရသည်။
“ဝင်ရောက်မယ်…” တာအိုသခင်မြောင်ယင်၏အမူအရာသည် ရှုံ့တွနေ၏။ သူက နောက်ဆုတ်ခြင်းကို လက်လျှော့ကာ ရှေ့သို့ တိုးဝင်သည်။
အံ့မခန်းစွမ်းအားတစ်ခုသည် မြူအတွင်းကနေ ထွက်ပေါ်လာလေ၏။ မည်သူကမျှ ထိုအားကို မခုခံနိုင်ကြပေ။ ထိုအားက တာအိုသခင်မြောင်ယင်ထံ တရကြမ်း တိုးဝင်လာနေရင်း သူ၏အပူဇော်ခံမီးတောက်စိတ်ဝိညာဉ်များ၏ လေးဆယ်ရာခိုင်နှုန်းသည် ဖျက်စီးခြင်း ခံလိုက်ရသည်။
တာအိုသခင်မြောင်ယင်၏အမူအရာသည် သေလောက်အောင် ဖြူရောနေသည်။ ထိုအခိုက်အတန့်တွင် သူက ရှေ့သို့ သုံးလှမ်းမျှသာ တိုးဝင်လိုက်နိုင်သည်။
သူသည် အံတင်းတင်းကြိတ်ကာ မာန်သွင်းလိုက်ပြီး နောက်တစ်လှမ်း လှမ်းသည်။ သူ့လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေပြီး တာအိုမန္တာန်တစ်ခုသည် သူ့ခန္ဓာကိုယ်ကို ဝန်းရံသည်။ သို့ပေမည့် သူ လေးလှမ်းမြောက် လှမ်းလိုက်စဉ်တွင် ထိုမြူက သူ့ထံ တိုက်ရိုက် တိုးဝင်လာသည်။ သူ၏ကျန်သည့် အပူဇော်ခံမီးတောက်စိတ်ဝိညာဉ် ခြောက်ဆယ်ရာခိုင်နှုန်းသည် ချက်ခြင်း ဖျက်စီးခံလိုက်ရသည်။
တာအိုသခင်မြောင်ယင်က သွေးအန်ထုတ်လိုက်ရပြီး အလျင်အမြန် နောက်ဆုတ်သည်။
“ငါ အတင်း မဝင်ရောက်နိုင်ဘူး။ ငါ စွန့်စားသင့်လား…” နောက်ဆုတ်နေရင်း သူသည် ခက်ခဲစွာ ဆုံးဖြတ်နေရသည်။
“ငါ့ကိုယ်ပွားကို လက်လွှတ်လိုက်ရရင်တောင် ငါ့အနေနဲ့ လောင်းကြေးထပ်သင့်တယ်…”
တာအိုသခင်မြောင်ယင်၏ လှပသောမျက်နှာမှာ ရှုံ့တွနေ၏။ သူက ရပ်တန့်ကာ မည်သည့်မန္တာန်ကိုမျှ အသုံးမပြုတော့ဘဲ ထိုမြူ၏ ထိမှန်ခြင်းကို ခံလိုက်သည်။
သူ့ခန္ဓာကိုယ်သည် မြူကြောင့် လွင့်ထွက်သွားကာ အပြင်းအထန် တုန်ယင်သည်။ ထိုကိုယ်ပွားသည် လေဟာနယ်စိတ်ဝိညာဉ်အလယ်အဆင့်တွင် ရှိ၏။ သို့သော် မြူက သူ့ထံ တရကြမ်း တိုးဝင်လာသည့်အခါ သူ့ကျင့်ကြံမှုအဆင့်သည် မြန်ဆန်စွာ လျော့ကျလာသည်။
လေဟာနယ်စိတ်ဝိညာဉ်အစောပိုင်းအဆင့်၊ လေဟာနယ်နိဗ္ဗာနအအထွတ်အထိပ်အဆင့်၊ အလယ်အဆင့်ကနေသည် အစောပိုင်းအဆင့်ထိ လျော့ကျသွားသည်။ မျက်စိတစ်မှိတ်အတွင်း သူ၏ကျင့်ကြံမှုအဆင့်သည် များစွာ လျော့ကျသွားသည်။ သူက သွေးအန်လိုက်ရပြီး သူ့ခန္ဓာကိုယ်သည် မြန်ဆန်စွာ ခြောက်ကပ်သည်။
သို့ရာတွင် ထိုအခိုက်၌ သူ့မျက်ခုံးနှစ်ခုကြားတွင် နံပါတ်အမှတ်အသားတစ်ခု ပေါ်လာသည်။ ထိုအမှတ်အသား ပေါ်လာသည့်အခါ စုပ်အားတစ်ခုက သူ့ကို အလယ်ဗဟိုရှိ အက်ကြောင်းအတွင်းသို့ ခေါ်ယူသွားလေသည်။
“ငါ နားလည်ပြီ။ တတိယအဆင့်ကျင့်ကြံသူတွေဟာ ဒီအားကို ခုခံနိုင်တယ်။ ဒါပေမဲ့ နိဗ္ဗာနလေဟာနယ်အဆင့်ကသာ ဒီရှေးအမိန့်သင်္ချိုင်းထဲကို ဝင်နိုင်တဲ့ အမြင့်ဆုံးကျင့်ကြံမှုအဆင့်ပဲ…”
အလားတူမြင်ကွင်းမျိုးသည် ကီလိုမီတာသန်းရာချီ ချဲ့ကားလာသော ဤမြူအတွင်း၌ ဖြစ်ပွားလို့နေသည်။
ထိုမြူ၏ အနောက်ဘက်ခြမ်းတွင်မူ ကျင့်ကြံခြင်းဂြိုဟ်တစ်လုံးစာလောက် ကြီးသည့် သားရဲတစ်ကောင် ရှိနေသည်။ ၎င်းသားရဲမှာ လမြွေနဂါးပင်။ ၎င်း၏ကျောပေါ်တွင် ယင်နှင့်ယန်အမှတ်အသားနှင့် အဘိုးအို ထိုင်နေသည်။ သူက မြူကို ကြည့်နေလျက် သူ့မျက်လုံးသည် တလက်လက် ဖြစ်၏။ သူ့လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ သူ့မျက်ခုံးနှစ်ခုကြားသို့ ညွှန်လိုက်သည်။ သူ၏မူလစိတ်ဝိညာဉ် အစိတ်အပိုင်းသုံးခုသည် ပျံသန်းထွက်လာသည်။
၎င်းတို့သည် လေးစားစွာဖြင့် ဝူဒိုချန်၊ ဂျီရှင်းထျန်နှင့် လမြွေနဂါးတို့ထံ တိုးဝင်သွား၏။
ထိုသို့ပြုလုပ်ပြီးနောက် အနှီအဘိုးအို၏မျက်နှာသည် ဖြူရောလာ၏။ သူက အလျင်အမြန် နောက်ဆုတ်သည်။ သူက မာန်သွင်းလိုက်လေ၏။ “ဝူဒိုချန်၊ ဂျီရှင်းထျန်နဲ့ လမြွေနဂါး၊ မင်းတို့သုံးယောက် ရှေးအမိန့်သင်္ချိုင်းထဲကို ဝင်သွားကြ…”
မြူထု ရုတ်တရက် ရောက်ရှိလာချိန်တွင် လမြွေနဂါးနှင့် တခြားနှစ်ယောက်၏ မျက်ခုံးနှစ်ခုကြားတွင် နံပါတ်အမှတ်အသားများ ပေါ်လာကာ သူတို့သည် မြူအတွင်း စုပ်ယူခြင်း ခံလိုက်ရသည်။ ထိုအဘိုးအိုကတော့ မြူအဝန်းအဝိုင်းကနေ မြန်ဆန်စွာ နောက်ဆုတ်သွားပြီး အဝေးရှိ ကျင့်ကြံခြင်းဂြိုဟ်တစ်ခုတွင် ပြန်ပေါ်လာကာ စတင်ကျင့်ကြံလေသည်။
ဟင်္သာငှက်အဘိုးအိုက မြင့်မြတ်သောအရှင်ထိုက်ဟောင်ကို ခေါ်ဆိုခဲ့သော သားရဲအရေပြားများကို ဝတ်ဆင်ထားသော အဘိုးအိုလည်း သည်နေရာတွင် ရှိနေ၏။ သူက မြူများကို တောက်ပသောအကြည့်ဖြင့် ကြည့်နေသည်။ သူ့ထံ၌ မည်သည့်ကိုယ်ပွားမှ ရှိမနေပေ။ ထို့အတွက် သူက မြူအတွင်းသို့ ကျင်ကြံမှုအဆင့် လျော့ကျခံပြီး ဝင်ရောက်ဖို့ မစွန့်စားရဲချေ။ သူက နောက်ဆုတ်နေလျက် သူ့လက်ကို လေဟာနယ်ထံသို့ ဆန့်ထုတ်ကာ ဖမ်းယူ၏။ မည်မျှဝေးသော နေရာတွင် ရှိနေပါစေ သူက ကျင့်ကြံသူတစ်ယောက်ကို အမြဲလိုလိုဖမ်းယူကာ မြူအတွင်းသို့ ပစ်သွင်းလျက် ရှိသည်။
ထိုကျင့်ကြံသူများအားလုံးသည် နာကျင်စွာ သေဆုံးကုန်ကာ အရိုးစုများအဖြစ်သို့ ပြောင်းသည်။ သို့ပေမည့် ရှစ်ယောက်မြောက်လူက တုန်ယင်ကာ မသေသွားခဲ့ပေ။ သူ့မျက်ခုံးနှစ်ခုကြားတွင်လည်း နံပါတ်အမှတ်အသားတစ်ခု ပေါ်လာသည်။
ထိုကျင့်ကြံသူသည် အဘိုးအိုတစ်ယောက် ဖြစ်၏။ သူ၏မျက်နှာသည် ဖြူရောနေသည်။ နံပါတ်အမှတ်အသား ပေါ်လာသည်နှင့် မြင့်မြတ်သောအရှင်ထိုက်ဟောင်၏ မျက်လုံးထဲ၌ အေးစက်မှုတစ်ခု ဖျပ်ခနဲ ပေါ်၏။ သူ့မူလစိတ်ဝိညာဉ် အစိတ်အပိုင်းတစ်ခုက ထိုအဘိုးအို စုပ်ယူခံရသည့်နောက်သို့ ကပ်ပါသွားလေ၏။ သူသည် ထိုအဘိုးအို၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ကာ ထိုသူ့ကို သိမ်းပိုက်စိုးမိုးလိုက်ခြင်းပင်။
ထိုအဘိုးအို၏ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။ ထို့နောက် သူသည် နာကျင်စွာအော်ဟစ်လျက် မြူအတွင်း ပျောက်ကွယ်သွားတော့သည်။
မြင့်မြတ်သောအရှင်ထိုက်ဟောင်၏မျက်နှာမှာ ဖြူရောလျက် သူသည် မြူအတွင်းမှ ထွက်ခွာလာ၏။
တတိယအဆင့်ကျင့်ကြံသူများအားလုံးသည် မည်သည့်သက်ရောက်မှုမှ မရှိစေဖို့ သူတို့၏ကိုယ်ပိုင်မန္တာန်များကို အသုံးပြုကြပေ၏။ တုန်ဟည်းနေသော မြူထုက ဝေးသထက်ဝေးဝေးသို့ ပျံ့နှံ့လာကာ အဆုံးမရှိ ဖြစ်သည်။
ထိုအခိုက်အတန့်၌ ဝမ်လင်းက ဟင်းလင်းပြင်အတွင်း တွန့်ခေါက်မှုတစ်ခုကနေ လှမ်းထွက်လာ၏။ သူသည် နှေးဖင့်မနေဘဲ ရှေ့သို့ ချက်ခြင်း ဦးတည်သည်။ သို့သော် ပေတစ်ထောင်ခန့် ရောက်လာသည်နှင့် သူ့မျက်လုံးသူငယ်အိမ်မှာ ကြုံ့သွား၏။ သူက အကွာအဝေးတစ်ခုကနေ သူ့ထံသို့ ရွှေ့လျားလာနေသော ကြောက်မက်ဖွယ်မြူလှိုင်းကြီးကို မြင်လိုက်ရ၏။
“ဒါက ဘာကြီးလဲ…” ဝမ်လင်းသည် တုန်လှုပ်သွားမိ၏။ သူသည် ထွက်ပြေးနေရင်း သူ့စိတ်ဝိညာဉ်ကို အစိတ်အပိုင်းတစ်ခု ခွဲထွက်ကာ ရှေ့ဖြစ်ဟောသူ၏စိတ်ဝိညာဉ်နှင့် ပေါင်းစပ်ပြီး တင်ကြိုခန့်မှန်းမှုကို စတင် ပြုလုပ်ခဲ့၏။ သူက သူ ထွက်ပြေးသော ဦးတည်ရာနေရာသည် သူ့အတွက် အတော်လေးအကျိုးရှိစေမည့်နေရာ ဖြစ်မည်ကို တွက်ချက်ခဲ့သည်။
ထိုအခိုက်အတန့်၌ သူ့နောက်မှ ဟင်းလင်းပြင်သည် တွန့်ခေါက်ကာ ပျက်စီးပြီး ဧရာမတွင်းနက်ကြီးတစ်ခု ပေါ်လာသည်။ ဗလတောင့်တောင့်လူက လှမ်းထွက်လာ၏။ သို့သော် သူ့ပုခုံးထက်ရှိ မိန်းကလေးကမူ ထူးဆန်းစွာဖြင့် သေမသွားခဲ့ပေ။
သို့သော် ဗလတောင့်တောင့်လူ၏ ပုခုံးပေါ်တွင် ကွယ်ဝှက်နေသော မီးခိုးရောင်အမှတ်အသားတစ်ခု ရှိလို့နေသည်။ အသေအချာ မစစ်ဆေးကြည့်ပါက ၎င်းအမှတ်အသားကို ထောက်လှမ်းမိရန် ခက်ခဲပေလိမ့်မည်။
ဗလတောင့်တောင့်လူကြီး ပေါ်လာသည့်နောက် သူက သူ့ရှေ့ရှိ ကြောက်မက်ဖွယ်မုန်တိုင်းတစ်ခုကို ချက်ခြင်း မြင်သည်။ သူ့အမူအရာသည် ပြောင်းလဲသွား၏။ သူက အနည်းငယ် ချီတုံချတုံ ဖြစ်သွားသည်။ သို့သော် သိပ်မကြာခင်တွင် သူသည် ဝမ်လင်းထံ တိုးဝင်လာ၏။ သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေရာ ဝံပုလွေအူသံများ သူ့ပတ်လည်တွင် ပေါ်လာ၏။
“ဦးတည်ချက်ရှစ်ခု၊ အဆုံးစွန်ဝံပုလွေတာအို…” ဗလတောင့်တောင့်လူက မာန်သွင်းလိုက်၏။ ထို့နောက် ဟင်းလင်းပြင်သည် တုန်ဟည်းသွားသည်။ ကြီးမားသောဝံပုလွေရှစ်ကောင် ပေါ်လာ၏။ ၎င်းတို့သည် ဝမ်လင်းထံ တိုးဝင်လာကြသည်။
ဝမ်လင်း၏မျက်လုံးမှာ လက်ခနဲ ဖြစ်သွားလျက် သူသည် ရှေ့သို့ ဥက္ကာပျံတစ်စင်းအလား တိုးဝင်သည်။ သူသည် မြန်လွန်း၏။ သို့သော် မြူက သာ၍မြန်သည်။ ၎င်းက လျှပ်တပြတ်အတွင်း ရောက်ရှိလာပြီး ဝမ်လင်းက ဝံပုလွေရှစ်ကောင်နှင့် မတွေ့ကြုံခင်မှာပင် မြူ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။
ဝုန်း…ဝုန်း…ဝုန်း…။ မြူထုကြောင့် ဝံပုလွေရှစ်ကောင်သည် ကွယ်ပျောက်သွားရ၏။ မြူမုန်တိုင်းသည် တုန်ဟည်းလျက် ဗလတောင့်တောင့်လူကိုပါ ဝါးမြိုသွားတော့သည်။
ဗလတောင့်တောင့်လူက ထိုမြူ၏ ထူးဆန်းမှုကို နားမလည်ပေ။ သို့သော် သူက ၎င်းအတွင်းမှ အစွမ်းထက်အားတစ်ခုကိုတော့ ခံစားမိ၏။ သူသည် အလျင်အမြန် နောက်ဆုတ်သည်။ သို့သော် သူက မြူမုန်တိုင်းနှင့် ယှဉ်ပါက နှေးလွန်းနေ၏။ သူသည် နိဗ္ဗာနလေဟာနယ်အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေခဲ့လျှင်ပင် နှေးနေသေး၏။ သည်အခိုက်အတန့်၌ သူ၏မျက်ခုံးနှစ်ခုကြားတွင်လည်း နံပါတ်အမှတ်အသားတစ်ခု ပေါ်လာတော့သည်။
သို့ရာတွင် သူ့ညာဘက်ပုခုံးထံမှ စူးစူးဝါးဝါးအော်သံတစ်သံ ထွက်ပေါ်လာသည်။
***