← Chapters

ကြောက်မက်ဖွယ်သဲလွန်စ…

Vol. 108 Ch. 1489

ကြောက်မက်ဖွယ်သဲလွန်စ…

Vol. 108 Ch. 1489

ထိုနာကျင်စွာအော်သံကို တုန်ဟည်းသံများက ဖုံးလွှမ်းသွားသည်။ ဗလတောင့်တောင့်လူ၏ ညာပုခုံးတွင် ပုန်းနေကာ ဝမ်လင်းကို အလစ်တိုက်ရန် ပြင်ဆင်ထားသော မိန်းကလေးသည် အတွင်းအကြပ် ထွက်ပေါ်လာရ၏။

မည်သည့်ကျင့်ကြံမှုအဆင့် ရှိသည်ဖြစ်စေ လူတိုင်းသည် ရှေးအမိန့်သင်္ချိုင်းထံမှ မြူများ၏ စမ်းသပ်မှုကို ခံစားရသည်သာ။ တတိယအဆင့်ကျင့်ကြံသူများသည်ပင် ပြေးမလွတ်ပေ။ ထိုချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်မှ မိန်းကလေးဆိုလျှင် ပြောနေစရာပင် မလိုတော့ချေ။

သူမပေါ်လာသည်နှင့် သူမ၏ခန္ဓာကိုယ်သည် အပြင်းအထန် တုန်ယင်နေ၏။ သူမ၏ခန္ဓာကိုယ်သည် မြန်ဆန်စွာ ခြောက်သွေ့၍ အရိုးစုတစ်ခုအဖြစ် ပြောင်းသွားတော့သည်။ သည်မြူထဲ၌ သူမသည် ထပ်မံ သေဆုံးသွားရပြန်သည်။

သို့ရာတွင် သူမ သေဆုံးသွားသော်လည်း ထိုအရိုးစုသည် မပျောက်ကွယ်သွားပေ။ ထိုအစား မီးခိုးရောင်အလင်းတစ်ခု ၎င်းထံမှ ထွက်ပေါ်လာ၏။ အရိုးများထံမှ အသွေးအသားများ ထပ်မံ ထွက်ပေါ်လာကာ အသက်ရှုချိန်အနည်းငယ်အတွင်း ထိုမိန်းကလေးသည် သေရာမှ ပြန်မွေးဖွားလာတော့သည်။

သူမ၏မျက်လုံးထဲတွင် ကြောက်ရွှံ့မှုတို့ ရှိနေ၏။ အချိန်တိုအတွင်း သူမသည် ဝမ်လင်း၏အကြံအစည်ကြောင့် သေဆုံးခဲ့ရပြီး အခု သည်မြူကြောင့် ဒုတိယအကြိမ် ထပ်မံ သေဆုံးခဲ့ရပြန်သည်။ သူမ၏အသက်သုံးသက်တွင် နှစ်သက်မှာ အဆုံးသပ်သွားခဲ့လေပြီ။

သို့ပေမည့် ထိုအခြင်းအရာက သူမကြောက်ရွှံ့သည့် အကြောင်းရင်း မဟုတ်သေးပေ။ သူမ ပြန်လည်ရှင်သန်လာပြီးနောက် တကယ်ကြောက်လန့်စေခြင်းမှာ သူမသည် ဒီမြူအတွင်း၌သာ ရှိနေခြင်းဖြစ်၏။

ထိုမြူက သဲလွန်စမရှိ သတ်ဖြတ်သည် မဟုတ်လော။ သူမ မြူအတွင်း၌ ပြန်လည်မွေးဖွားလာခဲ့လျှင်ပင် ရလဒ်မှာ သူမ၏အစစ်အမှန်သေဆုံးခြင်းသာ ဖြစ်သွားနိုင်သည်။

ထိုမိန်းကလေး၏မျက်နှာသည် ချက်ခြင်း ဖြူရောသွားပြီး အလျင်အမြန် နောက်ဆုတ်ကာ မြူထဲကနေ ထွက်သွားလိုနေ၏။ သို့ပေမည့် သူမသည် မြူ၏အရှိန်ကို မည်သို့ ယှဉ်နိုင်ပါ့မည်နည်း။

သူမ၏ပြန်လည်ဖြစ်ပေါ်ခါစ ခန္ဓာကိုယ်ထဲသို့ မြူများ တရကြမ်း တိုးဝင်လာတော့သည်။ သူမ၏မျက်လုံးထဲတွင် မျှော်လင့်ချက်မဲ့မှုတို့ အစားထိုး ဝင်လာသည်။ သူမက ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်၏ မသေမျိုးဖြစ်လုနီးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော်လည်း ခုချိန်တွင်မူ သေခြင်းတရားက သူမထံ ချဉ်းကပ်လာပေပြီ။

အဖြစ်အပျက်များသည် မြန်ဆန်လွန်း၏။ မိန်းကလေးကို မြူများက ထပ်မံ ဝန်းရံသွား၏။ သူမသည် ပျောက်ကွယ်တော့မလို ခံစားမိသည်။ သို့ပေမည့် သည်တစ်ကြိမ်၌ သူမသည် မသေဆုံးသွားသည့်အပြင် အဆုံးမဲ့အသက်ဓာတ်များက သူမ၏ခန္ဓာကိုယ်အတွင်း စီးဝင်လာကာ သူမကလန်၏အမှတ်အသားဘေးတွင် နံပါတ်တစ်ခု ပေါ်လာလေသည်။

အချိန်တိုအတွင်း သည်မိန်းကလေးမှာ သေရေးရှင်ရေးများကို ဖြတ်သန်းလိုက်ရပြီး သူမ၏ဝတ်စုံမှာ ချွေးများဖြင့် ရွှဲနစ်လေတော့၏။ သူမ၏ အသိအာရုံ ပြန်မရလာခင်မှာပင် စုပ်အားတစ်ခုက သူမအား ဝန်းရံသွားသည်။ သူမသည် ကြောက်လန့်တကြား ရုန်းကန်ရင်း မြူများအတွင်းသို့ ဆွဲငင်ခြင်း ခံလိုက်ရချေပြီ။

မြင့်မြတ်သောကောင်းကင်ဘုံဝံပုလွေကလန်မှ ဗလတောင့်တောင့်လူလည်း ရှိသေး၏။ သူသည်လည်း မြူအတွင်းသို့ ထိုမိန်းကလေး၏အရင် ဆွဲသွင်းခြင်း ခံရသည်။

ဝမ်လင်းက ထိုအဖြစ်အပျက်များကို ရှင်းလင်းစွာ မြင်နေရ၏။ သူ့မျက်လုံးသည် လင်းလက်ကာ သေဆုံးပြီး ပြန်လည်ရှင်သန်လာသော မိန်းကလေးက သူ့စိတ်ကို တုန်လှုပ်စေမိ၏။

“အရင်ကလည်း ငါ သူမကို တစ်ကြိမ်သတ်ခဲ့ပြီးပြီး။ အခု ဒီထူးဆန်းတဲ့မြူကလည်း သူမကို ထပ်မံ သတ်ခဲ့တယ်။ ဒါပေမဲ့ သူမဟာ မသေသေးဘူး။ ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်ဟာ နည်းနည်းတော့ ထူးဆန်းလွန်းနေတယ်…”

“ဒါပေမဲ့ အခုသူမရဲ့အမူအရာဟာ အတုအယောင် မဟုတ်ဘူး။ ဒီမိန်းကလေးသာ ထပ်သေခဲ့ရင် သူမ ပြန်ရှင်နိုင်မှာ မဟုတ်တော့ဘူး…” ဝမ်လင်းသည် ထိုးထွင်းဉာဏ်ကောင်းသည့်သူ ဖြစ်၏။ ထို့အတွက် သည်လို ကောက်ချက်ချဖို့ သူ့အတွက် မခက်ခဲလှပေ။

သူ့ကို အမှန်တကယ် ပဟေဠိဖြစ်စေသည်မှာ ခုလက်ရှိ သူ့အခြေအနေပင်။ ထိုမြူက သူ့ထံသို့ တိုးဝင်သွားခဲ့သော်လည်း သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာချိန်၌ နံပါတ်အမှတ်အသားတစ်ခု မဖြစ်ပေါ်ခဲ့ဘဲ ထိုအစား ရှေးဟောင်းနတ်ဘုရားစွမ်းအင်အဖြစ် ပြောင်းကာ သူ့မျက်ခုံးနှစ်ခုကြားရှိ ကြယ်များ၏ စုပ်ယူခြင်း ခံလိုက်ရတာပင်။

သို့သော် ထိုရှေးဟောင်းနတ်ဘုရားစွမ်းအားသည် သေဆုံးခြင်းစွမ်းအင်၊မကျေမချမ်းမှုတို့ ပြည့်နှက်နေ၏။ ဝမ်လင်းက ၎င်းကို စုပ်ယူပြီးသည့်နောက် သူ့စိတ်ထဲတွင် ကြမ်းတမ်းသောအတွေးများစွာ လှိုင်းထန်သွားခဲ့၏။

၎င်းအတွေးများကို အလျင်အမြန် ဖိနှိပ်ပြီး စုပ်ယူခြင်းကို ရပ်တန့်လိုက်ခြင်းကြောင့်သာ မဟုတ်ပါက သူ့စိတ်သည် လွှမ်းမိုးခံလိုက်ရနိုင်သည်။ သို့သော် ထိုရှေးဟောင်းနတ်ဘုရားစွမ်းအားမှ ကြမ်းတမ်းမှုကို ပယ်ဖျက်ပြီးနောက် မထင်မှတ်စွာဖြင့် သူ့စိတ်သည် ကြည်လင်နေသည်။

သူ၏မျက်ခုံးနှစ်ခုကြားတွင်လည်း မည်သည့်နံပါတ်မှ ပေါ်မလာခဲ့ပေ။ ထို့ကြောင့် သူက စုပ်အား၏ ဆွဲငင်ခြင်းကိုလည်း မခံရပေ။ မြူအတွင်း၌ ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေကာ သူက ပိုင်းခြားစမ်းစစ်မှုကို စတင်ပြုလုပ်၏။

သူ့မျက်လုံးသည် တောက်ပသထက် တောက်ပလာ၏။ နံပါတ်အမှတ်အသားများကို ပြန်မြင်ယောင်ကြည့်သည့်အခါ သူ့မျက်လုံးသူငယ်အိမ်မှာ ကြုံ့သွားမိ၏။

“ဒီနံပါတ်အမှတ်အသားတွေ၊ အပြင်လူတွေကတော့ ဒါကို နားလည်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒါဟာ ရှေးဟောင်းနတ်ဘုရားတွေရဲ့ ဘာသာစကားဖြစ်နေတာ ထင်ရှားတယ်။ ဒီနေရာဟာ လောဘကြီး ထွက်လာခဲ့တဲ့ ရှေးအမိန့်သင်္ချိုင်းများ ဖြစ်နေမလား…”

ဝမ်လင်းသည် တစ်ချက် စိတ်လှုပ်ရှားသွား၏။ ရုတ်တရက် သူက မိန်းကလေးနှင့် ဗလတောင့်တောင့်လူတို့ ဆွဲငင်ခြင်း ခံလိုက်ရသော နေရာသို့ လှမ်းကြည့်လိုက်သည်။

“ရှေးဟောင်းနတ်ဘုရားဘာသာစကားက ငါ့မျက်ခုံးနှစ်ခုကြားမှာ မပေါ်လာတာ အံ့အားသင့်စရာ မရှိတော့ဘူး။ အဲ့မြူတွေ ငါ့ခန္ဓာကိုယ်ထဲ ဝင်လာပြီး ရှေးဟောင်းနတ်ဘုရားစွမ်းအားအဖြစ် ပြောင်းလဲသွားတဲ့အတွက် အံ့အားသင့်စရာ မရှိတော့ဘူး။ ဗလတောင့်တောင့်လူပေါ်က နံပါတ်ဟာ ဆယ့်လေး…ဟိုမိန်းကလေးပေါ်က နံပါတ်ကတော့ နှစ်ဆယ့်ကိုး…”

ဝမ်လင်းသည် နှုတ်ခမ်းသပ်ကာ စဉ်းစားနေ၏။

“ဒီနေရာဟာ အန္တရာယ်ကြီးမားတယ်။ ရှေးအမိန့်သင်္ချိုင်းဆိုရင် ပိုလို့တောင် အန္တရာယ်များအုံးမယ်…။ ငါ သွားသင့်လား၊ မသွားသင့်ဘူးလား…”

အသက်ရှုချိန်သုံးကြိမ်စာ ကြာမြင့်ပြီးနောက် ဝမ်လင်း၏မျက်လုံးထဲ၌ ဆုံးဖြတ်ပြီး ဖြစ်ပေါ်သည်။ သူ့စိတ်နေစရိုက်က အမြဲတမ်းခုလိုပင်။ အန္တရာယ်ကြားမှ အကျိုးအမြတ်ကို ရှာဖွေခြင်း။ သူသာ သည်တစ်ကြိမ် လက်လွှတ်လိုက်ပါက ၎င်းသင်္ချိုင်းသည် မည်သည့်အချိန်မှ ပြန်ပွင့်မည်ကို မည်သူက သိမည်နည်း။ သူ့အတွက် နောက်ထပ်အခွင့်အရေးတစ်ခု ဘယ်တော့မှ မရတာပင် ဖြစ်သွားနိုင်သည်။

သူ့မျက်လုံးသည် လင်းလက်၏။ သူက မထူးခြားနားဟန်အကြည့်ကို ထုတ်ဖော်လျက် ရှေ့ရှိ မြူအတွင်းနက်ပိုင်းသို့ ဂရုတစိုက် ရွှေ့လျားလာသည်။

အန္တရာယ်ပိုများလေလေ အခွင့်အရေးနှင့်ကံကောင်းမှုတို့ ပိုရှိလေပင် မဟုတ်လား။

“ရှေးအမိန့်သင်္ချိုင်း။ ဘယ်လိုအန္တရာယ်မျိုးနဲ့ ကံကောင်းမှုတွေ ရှိနေမလဲ ငါ့ကို တွေ့ကြုံခွင့် ပြုတော့။ ရှေးဟောင်းနတ်ဘုရားတစ်ပါးအနေနဲ့ ဒီနေရာဟာ တခြားသူတွေထက် ငါ့အတွက် ပိုအကျိုးရှိလိမ့်မယ်…”

ဝမ်လင်းသည် ရှေ့သို့ ဆက်သွားနေ၏။ သူသည် သေဆုံးခြင်း၊မကျေမချမ်းမှုတို့ ပြည့်နှက်သော မြူများကို စုပ်ယူဖို့ကို ပြတ်သားစွာ လက်လွှတ်ထား၏။ ၎င်းက သူ့ကို အစွမ်းပိုထက်စေမည် ဖြစ်သော်လည်း သူသာ ၎င်းစွမ်းအင်ကို စုပ်ယူခဲ့ပါက သူ့စိတ်ကို သူ မပိုင်ဆိုင်တော့မည်ကို သိထားပေ၏။ သူသည် ရုပ်သေးတစ်ကောင်ကဲ့သို့ သေဆုံးခြင်းနှင့်မကျေမချမ်းအော်ရာ၏ ထိန်းချုပ်ခြင်း ခံရပေလိမ့်မည်။

ဝမ်လင်းသည် မြန်သထက်မြန်မြန် ရွှေ့လျားလာနေ၏။ သို့သော် သူ့အမူအရာက ပို၍ သတိထားလာဟန် ပေါက်သည်။ သူသည် ခြေလှမ်းတိုင်းကို ဖြည်းဖြည်းချင်း မလှမ်းသော်လည်း မှန်မှန်လှမ်းနေ၏။ သူသည် သူ့သတိတရားကြောင့် သေရေးရှင်ရေး အန္တရာယ်များစွာကို ဖြတ်ကျော်နိုင်ခဲ့တာ မဟုတ်လား။

မဆင်မခြင် ဖြစ်သွားသည်ဟု ယူဆနိုင်သော တစ်ခုတည်းသောအရာမှာ အုပ်စိုးသူကို ဆန့်ကျင်သည့် အကြံသာ ရှိနိုင်သည်။ ထိုအကြံ ပေါ်လာသည်မှာလည်း သူ့အတွက် အကြောင်းရင်း မည်မည်ရရ မရှိခဲ့ဘဲ ပထမမျိုးဆက်ဟင်္သာငှက်နှင့် စကားပြောပြီးမှ ရုတ်တရက် ရခဲ့သော အကြံသာ ဖြစ်ခဲ့၏။

ထိုအခါကျမှ သူက အကြောင်းရင်းများစွာနှင့် ယှဉ်ထိုးချိန်စကာ အုပ်စိုးသူကို ဆန့်ကျင်ရန် ဆုံးဖြတ်ခဲ့တာ ဖြစ်၏။ ထို့အပြင် သူက ရှေ့ဖြစ်ဟောသူ၏ စိတ်ဝိညာဉ်အတွင်း ဝင်ရောက်ကာ အခွင့်အရေးကိုလည်း ကြိုတွက်ချက်ကြည့်ခဲ့သေး၏။ အုပ်စိုးသူသာ ထိုနေရာတွင် အမှန်တကယ်ရှိနေခဲ့ပြီး ဒဏ်ရာကောင်းမွန်နေခဲ့ပါက ကျောက်စိမ်းပြားကို အသုံးပြုကာ အတွင်းနယ်မြေသို့ ချက်ခင်း နောက်ဆုတ်မည်ဟုလည်း သူ့စိတ်ကိုယ်သူ ပြင်ဆင်ထားခဲ့သည်။

ထိုအရာများက သူ့စိတ်ထဲ၌ သူ့ဟာသူ ပေါ်လာသော သူ၏ကိုယ်ပိုင်အကြံများသာ ဖြစ်ခဲ့သည်။

သို့သော် မီးစာကလေးကလန်မှ ထွက်ပြေးလာခဲ့ပြီးနောက် ဝမ်လင်းက ထိုသက်လတ်ပိုင်းလူမှာ အုပ်စိုးသူ အမှန်တကယ် ဟုတ်၏လောဟု သံသယ ဝင်ခဲ့သည့်အခါ သူသည် ကြောက်မက်ဖွယ်သံသယ တစ်ခု ရှိလာခဲ့သည်။ ထိုသံသယက သူ့ခန္ဓာကိုယ်ကိုပါ အေးစက်သွားစေခဲ့သည်။

“ငါ ဘာလို့ ဒီလိုရူးသွပ်ဖွယ်အကြံတစ်ခု ရခဲ့တာလဲ။ ဒီအကြံတိုင်း ဘာလို့ လုပ်ခဲ့တာလဲ…”

သူသည် သူ့ကိုယ်သူ ဘာကြောင့် ထိုသို့ လုပ်ခဲ့သည်ကို သံသယ ဝင်မိသည်နှင့် ထိုအတွေးသည် ချက်ခြင်း လွင့်ပါးသွားရသည်။ တခြားအတွေးများက သူ့ကို ချက်ခြင်း နှောက်ယှက်သွားသည်။ ထိုအဖြစ်က ဝမ်လင်း၏ စိတ်ထဲရှိ ပေါ်လာခဲ့သော အုပ်စိုးသူ၏ပုံရိပ်အပေါ် သံသယကို မေ့ပျောက်လုနီးနီး ဖြစ်စေခဲ့သည်။

သို့ရာတွင် မြူအတွင်းသို့ ဝင်ရောက်လာပြီးနောက် သူ့စိတ်သည် ရုတ်တရက် ကြည်လင်လာခဲ့၏။

ထိုအခါ ဝမ်လင်း၏ စိတ်ကို ပိတ်ဖုံးထားဟန်တူသော မြူလွှာတစ်ခုသည် ပျောက်ကွယ်ကာ သူ့စိတ်ထဲ၌ သံသယ ထပ်မံ ပေါ်လာ၏။ ထိုသံသယသည် ပိုအားကောင်းလာခဲ့သည်။ တဒင်္ဂအတွင်း သူသည် ချွေးများဖြင့် အေးစက်သွားသည်။

ရုတ်တရက် သူသည် နောက်သို့ လှည့်ကာ တဝီဝီလှည့်လည်နေသောမြူများကို စူးစိုက်ကြည့်မိ၏။ သူ့အကြည့်က အဆုံးမဲ့မြူများကို ထွင်းဖောက်ကာ တည်ငြိမ်သောရှေးဟောင်းကြယ်အဖွဲ့အစည်းကို တွေ့မြင်သည့်အလား။

အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ သူ့မျက်လုံးထဲတွင် ကြောက်ရွှံ့ဟန် အရိပ်အမြွက် ဖြစ်ပေါ်လာသည်။ ရှေးဟောင်းကြယ်အဖွဲ့အစည်းသို့ ရောက်လာခဲ့ပြီးနောက် ဖြစ်ပျက်ခဲ့သမျှကို ပြန်တွေးမိသည့်နောက် ဝမ်လင်းသည် သူ့ကို ထိန်းချုပ်ထားသောစွမ်းအားတစ်ခုကို ရှင်းလင်းစွာ ခံစားမိလိုက်ရသည်။

အနည်းငယ် စဉ်းစားကြည့်ပြီးနောက် ဝမ်လင်း၏မျက်လုံးထဲရှိ ကြောက်ရွှံ့မှုနေရာတွင် အေးစက်မှုက အစားထိုး ဝင်ရောက်သည်။ သူသည် အချိန်အတန်ကြာ စဉ်းစားနေမိသည်။ ထို့နောက် ရှေးအမိန့်ဂူသင်္ချိုင်းအတွင်းသို့ ဝင်ရောက်ဖို့ ဆုံးဖြတ်လိုက်ခြင်းမှာ အကြောင်းမည်မည်ရရ မရှိဘဲ အုပ်စိုးသူကို ဆန့်ကျင်မည့် ပေါ်လာခဲ့သောအကြံကို သေသေချာချာ စမ်းစစ်ရန်အတွက်လည်း ဖြစ်၏။ ထို့နောက် သူသည် လှည့်ကာ မြူအတွင်းနက်ပိုင်းသို့ ဆက်သွားတော့သည်။

သူသည် မြန်သထက်မြန်လာကာ အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ နီးကပ်လာနေရင်း သူ့ဘေး၌ ဆွဲင်ခြင်းကို ရုန်းကန်နေသော ကျင့်ကြံသူများကိုလည်း မြင်သည်။

ထိုသူတို့၏မျက်ခုံးနှစ်ခုကြားတွင် နံပါတ်အမှတ်အသားများ ရှိလို့နေသည်။

“သုံးဆယ့်ခုနစ်၊ လေးဆယ့်ငါး၊ ခုနစ်ဆယ့်တစ်…” ဝမ်လင်းသည် ဗဟိုချက်နှင့် တဖြည်းဖြည်း နီးကပ်လာနေရင်း ထိုဗဟိုရှိ ကြောက်မက်ဖွယ်အက်ကြောင်းကြီးကိုလည်း တွေ့သည်။

ထိုအက်ကြောင်းအတွင်းရှိ လောကတွင် မြူများ ကင်းမဲ့နေ၏။ သို့သော်ငြား ထီးတည်းဖြစ်မှုက ကြီးစိုးထားသည်။ ၎င်းသည် ထီးတည်းဖြစ်သော်လည်း ဝမ်လင်းက မြောလွင့်နေသောကျောက်ဖျာများပေါ်မှ ကြမ်းကြုတ်သောဦးခေါင်းများကို ရှင်းလင်းစွာ တွေ့မြင်နေရပေသည်။

ရှေးအမိန့်သင်္ချိုင်း။

ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေ၏။ သူက အက်ကြောင်းအတွင်းသို့ ဝင်ရောက်ရန် ဟန်ပြင်လိုက်သည်။ ထိုစဉ် ပတ်ဝန်းကျင်ရှိ မြူသည် တုန်ဟည်းသွား၏။ ဝမ်လင်းက လှည့်ကြည့်လိုက်ရာ သူ့မျက်လုံးသူငယ်အိမ်မှာ ကြုံ့သွားသည်။

သူ့နောက်မှ မြူသည် တဝီဝီလှည့်လည်ရင်း လူတစ်ယောက် ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။ ထိုလူသည် သက်လတ်ပိုင်းအရွယ်ရှိကာ အမျိုးသမီးတစ်ယောက်အလား ချောမောလွန်းသည်။ သို့ပေမည့် သူမ၏မျက်နှာသည် ဖြူရောနေကာ သည်နေရာသို့ ခက်ခက်ခဲခဲ ရောက်လာခဲ့ရသည့်ပုံ ပေါ်သည်။

သူ့ပတ်လည်တွင်လည်း ထူးဆန်းသောရုပ်တုကိုးခု ရှိလို့နေ၏။ ရုပ်တုတစ်ခုစီသည် မထူးခြားနားဟန်အမူအရာကို လှစ်ဟနေသည်။ ယင်းတို့က ထိုပညာတတ်အသွင်အမျိုးသမီးကို ဝန်းရံထားပြီး အဝါရောင်အလင်းကို ပေးစွမ်းကာ သူမကို သည်နေရာထိ ရောက်လာစေအောင် ပြုလုပ်ပေးခဲ့တာ ဖြစ်ပေမည်။

ထိုပညာတတ်၏ မျက်ခုံးနှစ်ခုကြား၌ နံပါတ်အမှတ်အသား ရှိမနေပေ။ သူက ဝမ်လင်းကို တွေ့မြင်သည့်အခါ သူ့ပင်ပန်းနေသော မျက်နှာထက်၌ တုန်လှုပ်ဟန် ဖြစ်ပေါ်လာသည်။ ဝမ်လင်းသည် ပုံမှန်အတိုင်းသာ ထင်ရသော်လည်း သူ့စိတ်ထဲ၌မူ လှိုင်းထန်သွားမိ၏။ သူက သည်မြူမှာ မည်မျှအစွမ်းထက်သည်ကို သိထား၏။ သို့သော် လူတစ်ယောက်သည် ဒီနေရာထိ မထင်မှတ်စွာ ရောက်အောင် လာနိုင်နေသည်။ ဝမ်လင်းက စကားမဆိုဘဲ ရှေးအမိန့်သင်္ချိုင်းထံသို့ လှမ်းဝင်ဟန် ပြင်လိုက်၏။

“ရောင်းရင်းကျင့်ကြံသူ…ငါ့ကို ကူညီပေးနိုင်မလား…” ထိုပညာတတ်ထံမှ အလွန်တရာမိန်းမဆန်သောအသံတစ်သံ ထွက်ပေါ်လာ၏။

သည်ရှေးဟောင်းကြယ်အဖွဲ့အစည်းတွင် အဆုံးအဆမဲ့ကြယ်နယ်မြေတစ်ခုထဲ၌ ကြယ်များကြား လွင့်မြောနေသော နန်းတော်တစ်ခု ရှိလေ၏။ ထိုကြယ်နယ်မြေသည် ကွယ်ဝှက်နေဟန်တူကာ မည်သူကမျှ ၎င်းကို ရှာနိုင်မည့်ဟန် မရပေ။

ထိုနန်းတော်သည် မှိန်ဖျော့လျက်ရှိပြီး ဖယောင်းတိုင်အချို့ လောင်ကျွမ်းလျက် ခပ်ဖျော့ဖျော့အသံများကို ပေးစွမ်းနေသည်။

ထိုမီးအလင်းကြောင့် လူတစ်ယောက်သည် အတွင်းဘက်ရှိ ရေတွင်းတစ်ခုကို ခပ်ရေးရေး မြင်နိုင်ပေသည်။ ထိုရေသည် ကြေးမုံတစ်ချပ်အလား။ ဖယောင်းတိုင်အုပ်စုသုံးခုကို ရောင်ပြန်ဟပ်နေစေ၏။ ၎င်းမှာ အတုလား၊အစစ်လား ခွဲခြားဖို့ငှာ မဖြစ်နိုင်လောက်ပေ။

ဝတ်စုံနက်နှင့် ပုံရိပ်တစ်ခု၊ သူ့အသွင်အပြင်ကို ကွယ်ဝှက်ထားသေး၏။ ထိုသူက ထိုရေတွင်းဘေးတွင် ငြိမ်သက်စွာ ရပ်နေသည်။ ရေတွင်းထဲတွင် ဖယောင်းတိုင်အုပ်စုသုံးခုနှင့် အဖြူရောင်ပုံရိပ်တစ်ခုသည် ရောင်ပြန်ဟပ်နေသည်။

ထိုပုံရိပ်သည် ဝမ်လင်း ဖြစ်နေ၏။

ဝမ်လင်း၏ပုံရိပ်ကို ဖယောင်းတိုင်သုံးချောင်းက ဝန်းရံထားသည်။ သူ့ကို ချိပ်ပိတ်ထားသည့်အလား။

သို့ရာတွင် ဝမ်လင်းက မြူအတွင်းသို့ ဝင်လိုက်ချိန်၌ ထိုနေရာရှိ ရေတွင်းထဲတွင် လှိုင်းဂယက်များ ပေါ်လာလေသည်။ ထိုအားသည် သည်လောကကနေ ထွက်ပေါ်လာသည့်ပုံ မရပေ။ လှိုင်းဂယက်များသည် ရေတွင်းထဲရှိ ဝမ်လင်း၏ပုံရိပ်ကို ဖြည်းဖြည်းချင်း ကွယ်ပျောက်သွားစေလေ၏။

“ရှေးအမိန့်သင်္ချိုင်း ရုတ်တရက် ပွင့်ဟလာတာက ဒီအဘိုးအိုရဲ့ အစီအစဉ်ကို အနှောက်အယှက် ဖြစ်သွားခဲ့ပြီ။ သနားစရာပဲ…သနားစရာပဲ။ ရေတွင်းထဲကလကို မျှားနိုင်ဖို့ နောက်ထပ်နည်းနည်းပဲ လိုတော့မှာ…”

ဝတ်ရုံနက်အောက်တွင် ပုံပန်းသွင်ပြင် ကွယ်ဝှက်ထားသော ထိုလူက ရှတတအသံဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူက သူ့ညာလက်ကို ပင့်မြှောက်လိုက်ရာ သွေ့ခြောက်၊ ပိန်သွယ်သော လက်ချောင်းများ လှစ်ဟ ပေါ်လာ၏။ ထိုလက်က ရေတွင်းထဲရှိ ရေမျက်နှာပြင်ထံသို့ ညွှန်လိုက်လေသည်။

***

All Chapters