သတ်ဖြတ်မှုကပ်ဘေး
Vol. 108 Ch. 1491
ဝမ်လင်းသည် အမြဲတမ်း ဆုံးဖြတ်ချက် ပြတ်သားသည့်လူမျိုး ဖြစ်၏။ သူက သူ့ကို လာတိုက်ခိုက်သော တစ်စုံတစ်ယောက်ကို မည်သို့ လွှတ်ပေးပါ့မည်နည်း။ ရှေးအမိန့်သင်္ချိုင်းသည် အန္တရာယ်များနှင့်နေပြီး ဖြစ်ကာ သူ့က ခွန်အားပေါ်တွင်သာ မှီခိုနိုင်မည်။ သူသာ အားနည်းကြောင်း ပြသပါက အခြားလူများ၏ နင်းဖက် ဖြစ်သွားနိုင်သည်။
ထို့အတွက်ကြောင့် သူက သူ၏ခွန်အားကို ရက်ရက်စက်စက် ပြသထုတ်ဖော်ရမည်။
ဝမ်လင်းက နောက်ဆုတ်သွားသော ကျင့်ကြံသူကို ကြည့်ကာ သူ့မျက်လုံးထဲ၌ အေးစက်သွား၏။ သူ့ညာခြေထောက်ကို ရှေ့သို့ လှမ်း၍ သူသည် ဥက္ကာပျံတစ်စင်းအလား တိုးဝင်သွားသည်။
သက်လတ်ပိုင်းလူ၏ ကျင့်ကြံမှုအဆင့်သည် အလွန်မမြင့်မားလှပေ။ တတိယကောင်းကင်ဘုံဒုက္ခအဆင့်တွင်သာ ရှိ၏။ သူက ဝမ်လင်းကို အလစ်တိုက်ခိုက်ခဲ့ချိန်က အောင်မြင်မည်ဟု ယုံကြည်မှု ရှိခဲ့သည်။
သူ့ထက် ကျင့်ကြံမှုအဆင့်မြင့်မားသောသူ ဖြစ်နေခဲ့လျှင်ပင် ထိုသူတို့သည် အလစ်တိုက်ခံရကာ ဒဏ်ရာ ရသွားမည်သာ။ တကယ်တော့ ဆွဲငင်ခေါ်ဆောင်ခြင်း ခံရသေသာ လူတိုင်းက သတိလွတ်ကာ တဒင်္ဂအကြောက်အကန် ဖြစ်နေကြသည် မဟုတ်လား။ ထိုတဒင်္ဂသည် အသတ်ခံရဖို့၊ သို့တည်းမဟုတ် ဒဏ်ရာအပြင်းအထန် ရသွားဖို့ရာ လုံလောက်နေ၏။
ဒဏ်ရာရသွားသည်နှင့် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက တိုက်ခိုက်လာပေမည်။ သူတို့အားလုံးက တစ်ယောက်နှင့်တစ်ယောက် ကူညီရန် သဘောတူထားပြီး ထိုသဘောတူညီချက်က အားကောင်းသောရန်သူတစ်ယောက်နှင့် တွေ့သည့်အထိ သက်ရောက်မှု ရှိပေမည်။
တကယ်တော့ တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ဆွဲငင်ခြင်း ခံရသည်မှာလည်း ဖြစ်နိုင်သည်သာ။ သို့သော် တတိယအဆင့်ကျင့်ကြံသူများက ရှားပါးလွန်း၏။
သည့်အပြင် တတိယအဆင့်ကျင့်ကြံသူတစ်ယောက်၏ ဖိအားက အလွန်အစွမ်းထက်ကာ သူတို့ အက်ကြောင်းအတွင်း ဝင်ရောက်လာသည်နှင့် ၎င်းဖိအားသည် ပျံ့လွင်လာမည်သာ။ ထိုသို့ဖြစ်သည့်အတွက် သူတို့သည် တတိယအဆင့်ကျင့်ကြံသူတစ်ယောက်ကို မတော်တဆ တိုက်ခိုက်မိတော့မည် မဟုတ်ပေ။
သို့ပေမည့် ထိုသက်လတ်ပိုင်းလူအဖို့ ဝမ်လင်းသည် တတိယအဆင့်ကျင့်ကြံသူတစ်ယောက် မဟုတ်သော်လည်း ဒီနေရာသို့ ဆွဲငင်ခြင်း ခံခဲ့ရသည် မဟုတ်ဆိုတာကို တွေးမိလိမ့်မည် မဟုတ်ပေ။ သူက သူ့ဟာသူ ဝင်လာရန် ရွေးချယ်ခဲ့သူ ဖြစ်ပြီး အလန့်တကြား၊မိန်းမောမှုလည်း ဖြစ်မနေခဲ့ပေ။
ထိုသက်လတ်ပိုင်းလူ၏မန္တာန်က ဝမ်လင်းပေါ်သို့ ကျရောက်သွားသည်နှင့် သူ့ထံသို့ တန်ပြန်သွားခဲ့၏။ ထိုအခါ သူသည် ချက်ခြင်း သွေးအန်လိုက်ရပြီး လွင့်ထွက်သွားခဲ့ရသည်။ ထို့နောက် သူ့ဦးရေပြားပင် ထုံထိုင်းမိသွားလေ၏။
သူက တစ်ခုခုမှားသွားပြီဟု ခံစားမိလိုက်ကာ နောက်သို့ အလျင်အမြန် ဆုတ်ခဲ့သည်။ ဝမ်လင်း၏မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်ကို တွေ့မြင်သည့်အခါ ထိုသူ၏မျက်နှာသည် ဖြူရောသွားသည်။ သူက အံတင်းတင်းကြိတ်လျက် အောက်ဘက်ရှိမြူထံသို့ ဦးတည်သည်။
ထိုသက်လတ်ပိုင်းလူ၏ တုန့်ပြန်မှုက မြန်၏။ တိုက်ပွဲများစွာ ဖြတ်သန်းခဲ့ဖူးသူ ဖြစ်ရမည်။ သူက ဝမ်လင်း၏ခွန်အားကို ရေးတေးတေး မြင်ခဲ့သည့်အတွက် သူ မည်မျှမြန်ပါစေ မလွတ်နိုင်သည်ကို သိထားသည်။ ထို့ကြောင့် သူက စွန့်စားကာ ဆန်းကြယ်သောမြူအတွင်းသို့ တရကြမ်း ဝင်ရောက်သွားခြင်းတည်း။
သူက မြူထဲသို့ ဝင်ခဲ့လျှင် သေချင်သေသွားနိုင်၏။ သူသာ မလုပ်ခဲ့ပါက ကျိန်းသေပေါက် သေရမည် မဟုတ်လား။
ထိုရွေးချယ်မှုက အပြောလွယ်၏။ သို့သော် ဆုံးဖြတ်ဖို့ ခက်ခဲသည်။
ဝမ်လင်းသည် သက်လတ်ပိုင်းလူထံသို့ အလင်းတန်းအလား တိုးဝင်သွားသည်။ ဝမ်လင်း မြန်ဆန်စွာ နီးကပ်လာသည်ကို တွေ့သည့်အခါ ထိုသူ၏မျက်လုံးထဲ၌ ရူးသွပ်မှု ပေါ်လာ၏။ သူက သူ့ရင်ဘက်ကို ရိုက်ချကာ သွေးအန်ထွက်စေသည်။ သူက သူ့ကိုယ်သူ ဒဏ်ရာအကြီးအကျယ် ရစေပြီး သွေးလွတ်မြောက်ခြင်းကို အသုံးပြု၍ မြူအတွင်းသို့ တရကြမ်း ဆင်းချသွားသည်။ သူသည် မြူအတွင်းသို့ တိုးဝင်ခါနီးပေပြီ။
တဖက်လူ၏ မြန်ဆန်သော သုံးသပ်မှုနှင့် ပြတ်သားသောအပြုအမူအရ ထိုသူသည် သူ၏တတိယကောင်းကင်ဘုံဒုက္ခအဆင့်နှင့် ထိုက်တန်ပေသည်။ သို့ပေမည့် သူက သူ မတိုက်ခိုက်သင့်သော သူကို တိုက်ခိုက်မိခဲ့ပြီး ဖြစ်၏။ ထို့အတွက် သူသည် ဝမ်လင်းနှင့် ခုချိန်တွင် ရင်ဆိုင်ရမည်သာ။
ဝမ်လင်းက သူ၏ရပ်တန့်ခြင်းမန္တာန် သို့မဟုတ် မြူအတွင်း မဝင်ရောက်ခင် သည့်လူကို သတ်ဖို့အတွက် သွေးဓားကို အသုံးမပြုပေ။ ထိုအရာများကို ဝမ်လင်းက ပေါ့ပေါ့ဆဆ ထုတ်ဖော်လိမ့်မည် မဟုတ်ပေ။
ဝမ်လင်းက ရှေ့သို့ တိုးလာရင် သူ့လက်ကို မြှောက်ကာ မြူအတွင်း ကျရောက်ခါနီး သက်လတ်ပိုင်းလူထံသို့ ရိုက်ချလိုက်၏။ လောကသည် တုန်ဟည်းကာ စစ်စိတ်ဝိညာဉ်လက်ဝါး ထွက်ပေါ်လာသည်။
ကျယ်လောင်သောတုန်ဟည်းသံများက သည်ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအများစု၏ အာရုံကို ဖမ်းစားသွားသည်။
ပုံရိပ်ယောင်လက်ဝါးတစ်ခုက ရုတ်ချည်း ပေါ်လာပြီး သက်လတ်ပိုင်းလူထံသို့ အံမခန်းအမြန်နှုန်းဖြင့် တိုးဝင်လာသည်။
သက်လတ်ပိုင်းလူက မြူအတွင်းသို့ သွေးလွတ်မြောက်ခြင်းကို သုံးကာ ဝင်ရောက်ခါနီးချိန်၌ သူ့ပတ်လည်ရှိ မြူများသည် တဝီဝီလှည့်ပတ်လာသည်ဟု ခံစားလိုက်ရ၏။ ကောင်းကင်ဘုံခွန်အားနှင့် ညီမျှသော အားတစ်ခုက ရုတ်တရက် ဆင်းသက်လာချေသည်။
ထိုလက်ဝါးချက်က မြူအတွင်းသို့ ကျရောက်သွားလေ၏။ မြူများသည် မြန်ဆန်စွာ မြင့်တက်လှိုက်တက်သွားပြီးနောက် ဧရာမလက်ဝါးရာတစ်ခုသည် မြူထဲ၌ ပေါ်လာသည်။
ထိုလက်ဝါးရာက မြူအတွင်းနက်ပိုင်းထိ ထွင်းဖောက်သွားပြီး လက်ဝါးအသွင်အပေါက်တစ်ခုကို မြူထဲ၌ ဖြစ်ပေါ်သွားစေသည်။
ထို့အပြင် သွေးမြူနှင့်တစ်ခုနှင့် လွင့်ပျောက်သွားသောမူလစိတ်ဝိညာဉ်တစ်ခုလည်း မြူထဲ၌ ရှိ၏။ သက်လတ်ပိုင်းလူမှာ ထိုလက်ဝါး၏ ထွင်းဖောက်ခြင်း ခံရကာ သေဆုံးသွားတော့သည်။
ရိုးရှင်းသောလက်မြှောက်ချက်တစ်ချက်က တစ်စုံတစ်ယောက်ကို သတ်ပစ်ကာ မြူထဲ၌ အပေါက်တစ်ခု ဖြစ်သွားစေခဲ့သည်။ ထိုအပေါက်က ပြန်ကောင်းမွန်သွားပြီ ဖြစ်သော်လည်း ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက ဤအဖြစ်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်သာ။ သူတို့၏မျက်လုံးထဲ၌ ထိတ်လန့်မှု မဖြစ်ပေါ်သွားသော်လည်း သူတို့က သတိထားလာကြ၏။
အချို့ဆို ဝမ်လင်းကို ကြည့်ကာ စဉ်းစား၍ပင် နေသေး၏။ သူတို့က ဝမ်လင်း၏မျက်နှာကို ရင်းနှီးသလို တစ်နေရာရာတွင် မြင်ဖူးသလိုမျိုး ခံစားမိသည်။
အကွာအဝေးတစ်ခုရှိ မြောလွင့်နေသော ကျောက်ဖျာများနောက်တွင် အနီရောင်ဝတ်စုံနှင့် မိန်းကလေးတစ်ယောက် ရှိနေသည်။ သူမသည် အသက်တစ်သက်သာ ကျန်တော့သော ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်မှ မိန်းကလေးပင်။
သူမက ကောင်းကင်ဘုံဝံပုလွေကလန်မှ ဗလတောင့်တောင့်လူနှင့် လူကွဲသွားခဲ့၏။ ထိုသူ့ကိုမူ မည်သည့်နေရာသို့ ပို့လွှတ်ခံရသည် မသိပေ။ သို့သော် ထိုမိန်းကလေးကတော့ ဝမ်လင်းနှင့် တစ်နေရာတည်း ပို့ဆောင်ခြင်း ခံရသည်။
ဝမ်လင်း၏အမူအရာက တည်ငြိမ်လျက်ပင်။ သူက ရှေ့သို့ လှမ်းသည်။ သိပ်မကြာခင်တွင် သူသည် ပေတစ်သောင်းရှည်လျားသော ကျောက်ဖျာတစ်ခုရှေ့ ရောက်လာ၏။ ထိုပေါ်တွင် ဦးခေါင်းကြီးတစ်ခု ရှိကာ ၎င်း၏မျက်လုံးသည် ဖွင့်ဟလျက် ဒေါသ၊မကျေမချမ်းမှုတို့ ပြည့်သိပ်လျက် ရှိသည်။ ၎င်း၏မျက်ခုံးကြားတွင်လည်း ကြီးမားသောသွေးအပေါက်ရာ တစ်ခု ရှိနေ၏။ ၎င်း၏အမှတ်အသားသည် တစ်စုံတစ်ယောက်၏ တူးဖော်ယူခြင်း ခံထားရသည်။
သို့သော် အမှတ်အသားကို ကြည့်ဖို့ မလိုဘဲ ဝမ်လင်းက ထိုဦးခေါင်းမှာ ရှေးဟောင်းနတ်ဘုရားတစ်ပါး ပိုင်ဆိုင်မှန်း ခံစားမိနိုင်သည်။
ထိုဦးခေါင်း၏ အောက်ဘက်တွင် ပေသုံးဆယ်ခန့်ရှည်သော အလံတစ်ခု စိုက်နေသည်။ ထိုအလံသည် လှုပ်ရှားခြင်းမဲ့သည်။
အနီးကပ်ကြည့်သည့်အခါ ဝမ်လင်းက သည်နေရာတွင် ပယ်ချသောအားတစ်ခုကို ခံစားမိသည်။ ဤနေရာတွင် လူတိုင်း ဝင်ရောက်နိုင်ခြင်းကို တားဆီးထားသော အကာအကွယ်အားတစ်ခုလည်း ရှိနေသည်။
သူ စမ်းစစ်ကြည့်နေရင်း သူ့အမူအရာသည် ပြောင်းလဲသွား၏။ သူက ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။ အလင်းတစ်ခုလင်းလက်ကာ နောက်ထပ်လူတစ်ယောက် ရွှေ့ပြောင်းခံရကာ ရောက်ရှိလာသည်။ ဝမ်လင်းအပေါ် အလစ်တိုက်ခိုက်မှု မအောင်မြင်ဘဲ ထိုတိုက်ခိုက်သူ အသတ်ခံလိုက်ရသောအခါ ကျင့်ကြံသူဒါဇင်ချီသည် တွန့်ဆုတ်နေကြပြီ ဖြစ်၏။ သူတို့က နောက်ထပ် အလစ်အငိုက် ထပ်မတိုက်ခိုက်ဝံ့တော့ပေ။
အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ယောက် ပေါ်လာ၏။ သူမ၏နက်မှောင်သော ဆံပင်က ပုခုံးကနေ ခါးဆစ်ထိ ဝဲကျနေသည်။ သူမ၏မျက်နှာသည် လှ၏။ သို့သော် အလွန်အေးစက်သည်။
သူမ၏အသွင်အပြင်က ဝမ်လင်းကို မျက်မှောင်ကြုတ်သွားစေသည်။ သူမ၏အသွင်က သူနှင့် အက်ကြောင်းအပြင်တွင် တွေ့ခဲ့သော သက်လတ်ပိုင်းပညာတတ်နှင့် အလွန်ဆင်တူနေသည်။
ထိုအမျိုးသမီးကလည်း ဝမ်လင်းကို မြင်သည်။ သူတို့က အကြည့်ချင်း ဆုံသည့်အခိုက်တွင် သည်ရှေးအမိန့်သင်္ချိုင်းအတွင်း၌ တုန်လှုပ်ဖွယ်ပြောင်းလဲမှုတစ်ခု ဖြစ်ပွားလာသည်။
မှိန်ဖျော့ဖျော့ ကောင်းကင်ထက်မှ ခပ်အုပ်အုပ်အသံများ ထွက်ပေါ်လာ၏။ မြေပြင်ထုမြူများက စတင်၍ အပြင်းအထန် တုန်ဟည်းလာသည်။
ရှေးဟောင်းကြယ်အဖွဲ့အစည်းအတွင်းရှိ မြူများအတွင်းမှ အက်ကြောင်းသည် မြန်ဆန်စွာ ကြုံ့လာပြီးနောက် သဲလွန်စမရှိ ပျောက်ကွယ်သွားလေ၏။ မြူများသာ ထာဝရတည်ရှိမည့်အလား ကျန်ခဲ့လေသည်။
ရှေးအမိန့်သင်္ချိုင်း ပိတ်သွားခဲ့လေပြီ။
ထိုအက်ကြောင်း ပိတ်သွားချိန်၌ ရှေးအမိန့်သင်္ချိုင်းအတွင်း၌ ဝမ်လင်းသည် ရုတ်တရက် အန္တရာယ်အာရုံတစ်ခုကို ခံစားမိလိုက်သည်။ မြူတိုင်လုံးတစ်ခုက ရုတ်တရက် အောက်ဘက်ရှိမြူများထံမှ ထိုးတက်လာ၏။ လုံလောက်စွာ မြန်မြန်ဆန်ဆန် မရှောင်လိုက်နိုင်သော ကျင့်ကြံသူတစ်ယောက်က ထိုမြူတိုင်၏ ထိမှန်ခြင်း ခံလိုက်ရသည်။ ထိုအခါ သူသည် နာကျင်စွာအော်ဟစ်လိုက်ရသည်။ သူ၏မျက်ခုံးနှစ်ခုကြားမှ နံပါတ်အမှတ်အသားသည် ပျံသန်းထွက်ပြီးနောက် ဘေးတစ်ဖက်သို့ ရောက်ရှိသွားသည်။
ထိုရုတ်တရက် ပြောင်းလဲမှုက သည်နေရာရှိ ကျင့်ကြံသူရာချီကြား အထိတ်တလန့် ဖြစ်သွားစေ၏။ သူတို့၏အကာအကွယ်အား ဆုံးရှုံးသွားသော ဦးခေါင်းများနှင့် မြောလွင့်နေသောကျောက်ဖြာအချို့လည်း ရှိ၏။
အတိအကျဆိုသော် အကာအကွယ်အား ဆုံးရှုံးထားသော ကျောက်ဖျာကိုးဆယ့်ကိုးခု ရှိ၏။ ထိုစဉ်မှာပင် မြူတိုင်လုံးဒါဇင်ကျော်သည် လေထဲသို့ ထိုးတက်လာချေပြီ။ နာကျင်စွာအော်သံများ ပဲ့တင်ထပ်လျက် ထိုသူတို့၏ မျက်ခုံးနှစ်ခုကြားမှ အမှတ်အသားများသည် ပျံသန်းထွက်ကုန်သည်။
ဝမ်လင်းအောက်ကနေလည်း မြူတိုင်လုံးတစ်ခု ထိုးထွက်လာ၏။ ၎င်းမှာ မြန်လွန်းသည်။ ဝမ်လင်းနှင့် ပေတစ်ရာအတွင်း ချက်ခြင်း နီးကပ်လာသည်။ ဝမ်လင်းသည် နှေးဖင့်မနေဘဲ အကာအကွယ်စွမ်းအား ပျောက်နေသော ကျောက်ဖြာတစ်ခုပေါ်သို့ ခြေလှမ်းလိုက်၏။
သူ ၎င်းကျောက်ဖျာပေါ်သို့ ခြေချလိုက်သည်နှင့် မြူတိုင်လုံးက ၎င်း၏အနားစွန်းကနေ ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။ သို့သော် ၎င်းက ဝမ်လင်းကို ဘာမှ အန္တရာယ် မဖြစ်စေခဲ့ပေ။
ဝမ်လင်းသည် ထိုသို့ အကင်းပါးလိုက်သည် မဟုတ်။ ဝမ်လင်း မြူတိုင်လုံးကို ရှောင်နိုင်ရန် ကျောက်ဖျာတစ်ခုပေါ်သို့ လှမ်းလိုက်ချိန်၌ ကျင့်ကြံသူများစွာကလည်း သူတို့နှင့် အနီးဆုံး ကျောက်ဖျာများပေါ်သို့ ရောက်ရှိရန် ပြုလုပ်ကြသည်။
သို့ရာတွင် ခြေချ၍ ရသော အကာအကွယ်စွမ်းအား ဆုံးရှုံးထားသော ကျောက်ဖျာသည် ကိုးဆယ့်ကိုးခုသာ ရှိ၏။ ကျန်သည့် ကျောက်ဖျာများတွင်မူ အကာအကွယ် ရှိနေကာ တက်လှမ်း၍ မရနိုင်ပေ။ သည်နေရာတွင် ကျောက်ဖျာရာချီ ရှိလို့နေ၏။ ထို့ကြောင့် အကာအကွယ်ဧကန်မဲ့သော ကျောက်ဖျာများပေါ်သို့ လူများ ရောက်ရှိသွားကြသည်။
ဝမ်လင်းက လူနှစ်ယောက် ကျောက်ဖျာတစ်ခုပေါ်သို့ ကျရောက်သွားသည့်အခါ သူတို့ လုံခြုံပြီဟု ထင်လိုက်ချိန်မှာပင် ပေတစ်သောင်းကျော် မြူတိုင်လုံးက ထိုးတက်လာ၏။ အနှီမြူတိုင်သည် ထိုကျောက်ဖျာနှင့် ၎င်းပေါ်ရှိ ရှေးဟောင်းမိစ္ဆာဦးခေါင်းနှင့် ကျင့်ကြံသူနှစ်ယော်ကတို့ကို ဝါးမြိုသွားလေသည်။ သူတို့သည် သဲလွန်စမရှိ ပျောက်ကွယ်သွားကြသည်။ ထိုအားက ကျင့်ကြံသူအားလုံးကို ဖျက်စီးပစ်နိုင်လောက်သည်။ တတိယအဆင့်ကျင့်ကြံသူများသည်ပင် ထိုအားနှင့် ရင်ဆိုင်ရပါက အသက်သေဆုံးသွားနိုင်ချေ ရှိသည်။
ထိုကဲ့သို့ တစ်ကြိမ်တည်း ဖြစ်သွားတာ မဟုတ်ပေ။ အထိတ်တလန့် ဖြစ်နေကြစဉ် လူနှစ်ယောက်ထက် ကျော်သော ကျောက်ဖျာများသည် ဝါးမြိုခံလိုက်ရ၏။ ထိုမြင်ကွင်းကို တွေ့မြင်လိုက်ရသော ကျင့်ကြံသူများသည် အတော်လေး ကြောက်လန့်ကုန်သည်။
ဝမ်လင်း၏မျက်လုံး သူငယ်အိမ်မှာ ကြုံ့သွား၏။ သူက ချက်ခြင်းပင် သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ သူ့လက်ကို ဝေ့ယမ်းလိုက်ရာ သူ့ထံမှ အော်ရာတစ်ခု ထွက်ပေါ်လာပြီး ပေတစ်သောင်းကျောက်ဖျာကို ခြုံလွှမ်းသွားကာ မည်သူမျှ မဝင်လာနိုင်စေရန် ဟန့်တားပစ်သည်။
သို့ရာတွင် ကျင့်ကြံသူနှစ်ရာနီးပါး ကျန်သေး၏။ ခြေချနိုင်သော ကျောက်ဖျာကမူ လေးဆယ့်သုံးခုသာ ကျန်တော့သည်။ သူတို့သည် ကျောက်ဖျာတစ်ခုကို ရခဲ့လျှင်ပင် ကောင်းကင်ထက်သို့ ထိုးတက်သွားသော မြူ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရမည်ပင်။
အသက်ရှင်လိုပါက သင်သည် လုယူရမည်၊ မြန်ဆန်ရပေမည်။ မဟုတ်ပါက လူနှစ်ယောက်သာ ကျောက်ဖျာတစ်ခုပေါ်သို့ တစ်ချိန်တည်း ရောက်ရှိသွားခဲ့ပါက သူတို့နှစ်ယောက်လုံးသည် ၎င်းကျောက်ဖျာနှင့်အတူ ဖျက်စီးခံရနိုင်သည်။
ဤအခိုက်အတန့်၌ ကျင့်ကြံသူဆယ်ယောက်ကျော်သည် ဝမ်လင်းထံ တိုးဝင်လာနေ၏။ သူတို့၏မျက်လုံးများက ချင်းချင်းနီနေသည်။
သူတို့သည် အသက်ရှင်မလား၊ သို့တည်းမဟုတ် တခြားလူများနှင့် သေဆုံးမလား အခြေအနေ ဖြစ်နေသည်။
***