← Chapters

လူသုံးယောက်၊ လူသုံးယောက်၊ ထပ်မံ၍ သုံးယောက်။

Vol. 108 Ch. 1492

လူသုံးယောက်၊ လူသုံးယောက်၊ ထပ်မံ၍ သုံးယောက်။

Vol. 108 Ch. 1492

အောက်ဘက်ရှိ မြူပင်လယ်သည် ဟိန်းမြည်လျက်။ မြူတိုင်လုံးများသည် လေထဲ ထိုးတက်လာကြသည်။ သတ်ဖြတ်မှုများ ကောင်းကင်တွင် ပြည့်နှက်နေ၏။ ခုချိန်တွင် ကျန်သည့်ကျောက်ဖျာလေးဆယ့်သုံးခုလုံးတွင် ကျင့်ကြံသူတစ်ယောက်စီ ရှိနေကြပြီ။

ကံကောင်းသူအချို့ကလွဲ၍ ကျောက်ဖျာတစ်ခုကို သိမ်းပိုက်နိုင်သော လူတိုင်းသည် အစွမ်းထက်ကာ ရက်စက်ပြတ်သားသည့် ကျင့်ကြံသူများ ဖြစ်ကြသည်။

အလွန်အကင်းပါးသော ကျင့်ကြံသူ ငါးယောက်၊ခြောက်ယောက်ပင် ရှိလို့နေသည်။ သူတို့က အမှန်တရားကို ခုထိ သဘောမပေါက်သေးသော်လည်း သူတို့ပတ်လည်ရှိ လူတိုင်းကို အရင်ဆုံးသပ်ပြီးနောက်‌ ကျောက်ဖျာကို မောင်ပိုင်စီးလိုက်ကြ၏။

ခုချိန်တွင် အခြေအနေမှာ ရှင်းနေပေပြီ။ လူတိုင်းသည် အသက်ရှင်ဖို့ ကျောက်ဖျာတစ်ခုကို သိမ်းပိုက်ရမည်ကို နားလည်သည်။ ကျန်သည့် ကျင့်ကြံသူများ၏ မျက်လုံးတို့က နီရဲနေ၏။ ရှင်သန်ဖို့အတွက် ညီအစ်ကိုဖြစ်နေလျှင်ပင် သူတို့ တိုက်ခိုက်ရမည်။

ဖျပ်ခနဲအတွင်းမှာ ထိုကျင့်ကြံသူများက ကျောက်ဖျာလေးဆယ့်သုံးခုထံသို့ အရူးအမူး တိုးဝင်လာကြ၏။

ထိုကဲ့သို့ ကသောင်းကနင်းဖြစ်နေစဉ်အတွင်း ဝမ်လင်းက ကျန်သည့်ကျောက်ဖျာလေးဆယ့်နှစ်ခုကို မည်သူများ သိမ်းပိုက်ထားသနည်းကို စစ်ဆေးရန် အချိန်မရပေ။ သူ့လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ သူ့ထံတိုးဝင်လာသော ကျင့်ကြံသူဆယ်ယောက်ကျောက်ကို ပိတ်ဆို့ရန် လေလိုက်ကာစတစ်ခု ဖြစ်ပေါ်စေသည်။

ထိုကျင့်ကြံသူဆယ်ယောက်ကြား၌ အမြင့်မားဆုံးအဆင့်မှာ စတုတ္ထကောင်းကင်ဘုံဒုက္ခအဆင့် အဘိုးအိုတစ်ယောက် ဖြစ်၏။ ကျန်သည့်သူများက အားနည်းကြသည်။ သို့သော်ငြားလည်း အားအနည်းဆုံးသူသည် နိဗ္ဗာနသန့်စင်ခြင်းအဆင့်တွင် ရှိနေသည်။

သူတို့၏ကျင့်ကြံမှုအဆင့်များက အကောင်းဆုံး မဟုတ်သော်လည်း သူတို့သည် သေရေးရှင်ရေးအတွက် အစွမ်းကုန် အားကုန် ထုတ်ဖော် လာကြ၏။ ဝမ်လင်း၏ ကျောက်ဖျာထံသို့ တိုးဝင်လာသော ကျင့်ကြံသူများစွာလည်း ရှိနေသေး၏။

ဘန်းခနဲ ပေါက်ကွဲကာ ထိုကျင့်ကြံသူများ၏ မန္တာန်များက ဝမ်လင်း ဖန်တီးထားသော လေလိုက်ကာစပေါ်သို့ ကျရောက်လာ၏။ လေလိုက်ကာစသည် စတင် တုန်ယင် တွန့်ခေါက်လာသည်။ ထိုကျင့်ကြံသူများက အရူးအမူး တိုက်ခိုက်ကာ ရတနာများကိုပါ ထုတ်သုံးလာသည်။

သူတို့အားလုံးသည် စက္ကန့်တိုင်း တိုက်ခိုက်လေ၏။

ဝမ်လင်း၏မျက်လုံးထဲတွင် သတ်ဖြတ်လိုမှု ဖြတ်ပြေးသွားသည်။ သူက အေးစက်စက်နှာခေါင်းရှုံ့လိုက်ပြီး သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ ထို့နောက် သူ့လက်ကို ဝေ့ယမ်းလိုက်ရာ ဧရမာလက်ဝါးရာတစ်ခု တိုက်ခတ်သွားတော့သည်။ ထိုလက်ဝါးရာ လှည့်ပတ်ရင်း ဧရာမဝဲကတော့ကြီးတစ်ခု ပေါ်လာသည်။

တုန်ဟည်းသံများ ပဲ့တင်ထပ်၏။ သူ၏ကျောက်ဖျာပေါ်သို့ တရကြမ်း တိုးဝင်လာချင်သော ကျင့်ကြံသူဒါဇင်သည် နောက်သို့ လွင့်ထွက်သွားကာ သွေးအန်လိုက်ရ၏။

မြူပင်လယ်ကလည်း ဟိန်းမြည်လျက် များစွာသောမြူတိုင်လုံးများ လေထဲသို့ ထိုးတက်လာသည်။ ဝမ်လင်း၏ကျောက်ဖျာအပြင်ဘက်ရှိ ကျင့်ကြံသူဒါဇင်ချီအပါအဝင် ကျောက်ဖျာတစ်ခုအတွက် တိုက်ခိုက်နေသော တခြားကျင့်ကြံသူများသည် မြူကြောင့် သေဆုံးသွားတော့သည်။

သွေးနံ့များ သည်ဧရိယာတွင် ပြည့်နှက်၏။ နာကျင်ထိတ်လန့်စွာ အော်သံများ ပဲ့တင်ထပ်သည်။ ထိုအဖြစ်က ကျောက်ဖျာ လက်ဝယ်မရသေးသော ကျင့်ကြံသူများကို ရူးသွပ်လာစေသည်။ သူတို့အားလုံးသည် မာန်သွင်းလျက် ကျောက်ဖျာများထံသို့ အရူးအမူး ဦးတည်ဝင်လာသည်။

ကျင့်ကြံသူဒါဇင်ချီထဲမှ အချို့အဝက် သေဆုံးသွားပြီးနောက် ကိုးယောက်လောက် ကျန်နေသေး၏။ သူတို့က ဝမ်လင်းထံ ထပ်မံ တိုးဝင်လာလျက် သူတို့၏မျက်လုံးများသည် နီရဲနေသည်။

ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွား၏။ သူက ရှေ့သို့ တစ်လှမ်းလှမ်းသည်။ မျက်စိတစ်မှိတ်အတွင်း သူက သက်လတ်ပိုင်းလူတစ်ယောက် ရှေ့တွင် ပေါ်လာ၏။ ဝမ်လင်းသည် ပေါ်လာသည်နှင့် ထိုလူက သူ၏ပါးစပ်ကို ဖွင့်ဟသည်။ သေးငယ်သောဓားတစ်လက် ပျံသန်းထွက်ကာ ဝမ်လင်းထံ တိုးဝင်လာ၏။

ထိုသက်လတ်ပိုင်းလူသည် ပထမကောင်းကင်ဘုံဒုက္ခအဆင့်တွင် ရှိ၏။ ဓားငယ် ထိုးထွက်သွားချိန်၌ ဝမ်လင်း၏ ညာလက်က ပိုမြန်နေကာ ထိုလူ၏မျက်ခုံးနှစ်ခုကြား ကျရောက်သွားသည်။

ထိုအခါ ထိုသူ၏ခန္ဓာကိုယ်သည် ပျက်စီးကာ သူ့မူလစိတ်ဝိညာဉ်ပါ လက်စဖျောက်ခံလိုက်ရသည်။ သို့ပေမည့် သူသည် မပျောက်ကွယ်သွားသေးဘဲ သွေးမြူအဖြစ်သို့ ပြောင်းလဲကာ ဝမ်လင်း၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။

အဖြစ်အပျက်မှာ မြန်လွန်းသည်။ ဝမ်လင်းသည် သူ့ကို သတ်ပြီးနောက် ဘေးသို့ တစ်လှမ်း လှမ်းပြီး တိုးဝင်လာသော ဓားငယ်ကို ရှောင်၏။ လျှပ်တပြတ်အတွင်း သူက နောက်ထပ် ဆံဖြူအဘိုးအိုနောက်သို့ ရောက်သွားပြန်သည်။

တုံ့နှေးခြင်းမရှိ သူ့ဘယ်လက်က ရှေ့သို့ ဝေ့ယမ်းကာ ထိုအဘိုးအို၏ ကျောပေါ်သို့ ကျရောက်သည်။ ထိုအဘိုးအိုက နောက်လှည့်လို၏။ သို့သော် သူ၏ခန္ဓာကိုယ်သည် တုန်ယင်ကာ သွေးမြူအဖြစ် ပေါက်ကွဲထွက်ပြီး ဝမ်လင်း၏ စုပ်ယူခြင်းကို ခံလိုက်ရတော့သည်။

ဝမ်လင်းက နှုတ်ခမ်းသပ်လိုက်၏။ သူ့ခန္ဓာကိုသည် တဖျပ်ဖျပ် ဖြစ်နေသည်။ သူ ပြန်ပေါ်လာသည်နှင့် သူက လူငယ်တစ်ယောက်ဘေးနား ရောက်သွားသည်။ ထိုလူငယ်၏မျက်နှာသည် ဖြူရောကာ နှေးဖင့်မနေဘဲ နောက်သို့ ဆုတ်သည်။ ထို့နောက် သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ သွေးများ ထွေးထုတ်လိုက်သည်။ ၎င်းသွေးက ဧရာမသွေးအရိုးခေါင်းတစ်ခုအဖြစ်ပြောင်းကာ မာန်သွင်းလျက် ဝမ်လင်းကို ဝါးမြိုပစ်ရန် တာဆူသည်။

ဝမ်လင်းသည် မရှောင်သည့်အပြင် ထိုလူငယ့်ထံသို့ တိုက်ရိုက်တိုးဝင်သည်။ သူ့ထံ တိုးဝင်လာသော သွေးအရိုးခေါင်းကို ကြည့်ကာ သူ၏မျက်လုံးထဲ၌ ထူးဆန်းသောအလင်းတစ်ခု လင်းလက်၏။ သူက မာန်သွင်းသံ ပြုသည်။

ထိုမြူသည် တုန်ဟည်းကာ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် တိုက်ခိုက်လျက် ရှိသော်လည်း ဝမ်လင်း၏ ဟိန်းအော်သံဥ အရာအားလုံးကို လွှမ်းမိုးပြီး အသံအားလုံးကို အစားထိုးသွားသည်။

သွေးအရိုးခေါင်းက တုန်ဟည်းလျက် ပြင်းထန်သောအော်ဟိန်းသံ၏ ထိမှန်ခြင်း ခံရကာ ပျောက်ကွယ်သွားသည်။ လူငယ်သည်ပင် မရှောင်နိုင်ဘဲ သူ၏ ဟိန်းသံ ထိမှန်ခြင်း ခံရသည်။ သူ့ခန္ဓာကိုယ်သည် အမှုန့်အမွှား ဖြစ်သွားသည့်အလား။ သူက သွေးမြူ ဖြစ်သွား၏။ ဝမ်လင်းက လူသုံးယောက်ကို မြန်မြန်ရှင်းရှင်း သတ်ပစ်လိုက်ပြီးပင်။

သို့ရာတွင် သတ်ဖြတ်မှုက ရပ်တန့်မသွားပေ။ ကျန်သည့်ခြောက်ယောက်သည် ထိုအဖြစ်ကို မျက်မြင်တွေ့ရသော်လည်း သူတို့ နောက်ဆုတ်လျှင်လည်း သေရမည်သာ။ ထို့အတွက် သူတို့သည် ကျောက်ဖျာကို လုယူရပေမည်။ သူတို့က အံတင်းတင်းကြိတ်လျက် ဝမ်လင်း ထွက်ခွာလာသော ကျောက်ဖျာထံသို့ ဦးတည်ဝင်လာ၏။

“ငမိုက်သားတွေက သေချင်နေတာပဲ…” ဝမ်လင်း၏စကားများက အေးစက်၏။ ထိုခြောက်ယောက် ထွက်သွားလျှင် သူက လွှတ်ပေးဦးမည်။ သို့ရာတွင် သူတို့သည် လက်မလျော့ကျပေ။ ဝမ်လင်းက ရှေ့သို့ တစ်လှမ်းလှမ်း၍ သူ့ညာလက်ဖြင် သုံးကြိမ်တိုင် ညွှန်လိုက်၏။ ချက်ခြင်းပင် ဓားစွမ်းအင်တန်းဆယ်သန်းကျော်သည် သူ့ညာလက်မှ ထိုးထွက်သွား၏။ ဓားစွမ်းအင်တန်းများသည် နေရာသုံးခုခွဲကာ အမြန်ဆုံးသုံးယောက်ထံ တိုးဝင်သွားသည်။

သူတို့သုံးယောက်မှာ အမျိုးသားနှစ်ယောက်၊ အမျိုးသမီးတစ်ယောက် ဖြစ်၏။ ဓားစွမ်းအင်တန်းများက မြန်လွန်း၏။ မျက်စိတစ်မှိတ်အတွင်း နီးကပ်လာသည်။ သက်လတ်ပိုင်းအမျိုးသားများထဲမှ တစ်ယောက်က ကြမ်းကြုတ်သည့်ဟန် ဖြစ်ပေါ်ကာ သူ၏ခန္ဓာကိုယ်ကို ကွေးညွတ်၍ ထူးဆန်းစွာလှုပ်ရှားသည်။ ထို့နောက် သူ့လက်ကို ဆန့်ထုတ်သည်။ ဓားစွမ်းအင်တန်း နီးကပ်လာသည့်အခါ သူသည် ရုတ်တရက် သူ့လက်နှစ်ဖက်ကို အထက်သို့ ဆက်ခနဲ ပင့်တက်လိုက်သည်။

ခရမ်းရောင်အလင်းကာတစ်ခု ထိုလူ၏ရှေ့တွင် ပေါ်လာပြီး တိုးဝင်လာသော ဓားစွမ်းအင်တန်းများကို ပိတ်ဆို့သည်။

တုန်ဟည်းသံများ ပဲ့တင်ထပ်လျက် ထိုလူသည် သွေးအန်ကာ နောက်သို့ လွင့်ထွက်သွားသည်။ ဓားစွမ်းအင်တန်းများက သူ၏ခန္ဓာကိုယ်ကို ထွင်းဖောက်ကာ သူ့အား ပျက်စီးသွားစေသည်။

ရှောင်ရန် ကြိုးစားလိုက်သေ သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ယောက်လည်း ရှိသေး၏။ သူမ၏ကျင့်ကြံမှုအဆင့်မှာ မမြင့်မားသော်လည်း သူမက အလွန်မြန်၏။ သို့မဟုတ်ပါက သူသည် အခြားသူများ၏ရှေ့ ရောက်နေမည် မဟုတ်ပေ။

သူမက အလျင်အမြန် ရှောင်သည်။ ခန္ဓာကိုယ်တစ်ခြမ်းကို ဘေးသို့ စောင်း၏။ တုန်ဟည်းသံ ထွက်ပေါ်က သူမ၏ညာပုခုံးသည် ပေါက်ကွဲသွားသည်။ သို့သော် သူမသည် သေခြင်းတရားကနေ ရှောင်လိုက်နိုင်၏။

ဓားစွမ်းအင်တန်းများက သူမကို ကျော်ကာ သူမ၏နောက်ရှိ ကြမ်းကြုတ်သောကျင့်ကြံသူတစ်ယောက်ထံ ကျဆင်းသွား၏။ ထိုကျင့်ကြံသူသည် ချက်ခြင်း သေဆုံးသွားတော့သည်။

သုံးယောက်တွင် တစ်ယောက်သေ၊ တစ်ယောက်ဒဏ်ရာ ရသွားခဲ့ပေပြီ။ နောက်ဆုံးတစ်ယောက်က စတုတ္ထကောင်းကင်ဘုံဒုက္ခအဆင့် အဘိုးအိုပင်။ ထိုအဘိုးအိုက သူ့လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေ၏။ သူ့ပတ်လည်တွင် နဂါးနက်ကိုးကောင် ပေါ်လာသည်။ ဓားစွမ်းအင်များသည် ထိုနဂါးများကို ဝုန်းဒိုင်းကြဲ တိုက်ခိုက်ကာ အဘိုးအိုသည် နောက်သို့ အရူးအမူး လွင့်ထွက်သည်။ သူသည် နောက်သို့ လွင့်ထွက်နေရင်း သူ့ဘေးမှ ကျင့်ကြံသူတစ်ယောက်ကို ဆွဲယူကာ ဒိုင်းအဖြစ် အသုံးပြုလိုက်သည်။

ဓားစွမ်းအင်များသည် ထိုသူ၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်ကာ သူ့အား အပိုင်းပိုင်း ဖြစ်သွားစေသည်။

ဝမ်လင်းသည် လူသုံးယောက်ကို သတ်ပြီးနောက် မျက်စိတစ်မှိတ်အတွင်း နောက်ထပ် သုံးယောက်ကို ထပ်သပ်သည်။ သည်အခိုက်၌ သုံးယောက်သာ ကျန်တော့၏။ ဝမ်လင်း၏ အဖြူရောင်ဝတ်စုံမှာ သွေးများ စွန်းထင်းနေပြီ။ သူက ကျောက်ဖျာပေါ်သို့ ပြန်ခြေချလိုက်သည်။ ထို့နောက် သူသည် ကျန်သည့်သုံးယောက်ကို အေးစက်စက် ကြည့်ကာ ပြောလိုက်၏။ “ထွက်သွားစမ်း…”

ညာလက်ဆုံးရှုံးသွားသော အမျိုးသမီးကျင့်ကြံသူသည် သေလောက်အောင် ဖြူရောနေ၏။ သူမသည် သေရမည်ကို စိုးရွှံ့နေသော်လည်း အခုလေးတင် သူမ ခံစားလိုက်ရသော သေခြင်းတရားက ပိုအားကောင်းနေ၏။ သည်အဖြူရောင်ဝတ်စုံနှင့်လူငယ်(ဝမ်လင်း)သည် မမြင်ရသော တောင်ကြီးတစ်လုံးအလား။

သူမသည် မသေချင်သေးပေ။ ထို့အတွက် သူမသည် နောက်ဆုတ်ကာ တခြားကျောက်ဖျာထံသို့ လုယူရန် သွားရမည်။

စတုတ္ထကောင်းကင်ဘုံဒုက္ခအဆင့် အဘိုးအိုသည်လည်း ဖြူရောနေ၏။ သူလည်း ချက်ခြင်း နောက်ဆုတ်သည်။ နောက်ဆုံးလူက ကျင့်ကြံမှုအဆင့်အနိမ့်ဆုံးပင်။ သူက အနှေးဆုံး ဖြစ်သွားသဖြင့် ဝမ်လင်း၏ တိုက်ခိုက်မှုကနေ လွတ်သွားခဲ့သည်။ သူလည်း တွေ့မြင်လိုက်ရသည့် အဖြစ်သနစ်ကို လန့်ကာ နောက်သို့ အမြန်ဆုတ်သွားသည်။

တုန်ဟည်းသံများ ပဲ့တင်ထပ်လျက် မြူတိုင်လုံးတစ်ခုသည် လေထဲ ထိုးထွက်လာပြီး ကျောက်ဖျာတစ်ခုပေါ်တွင် ခြေချနေသော ကျင့်ကြံသူခြောက်ယောက်ကို အပြီးသပ် ပျောက်ကွယ်သွားစေသည်။ ထိုမျှဖြင့် အဆုံးမသပ်သေးပေ။ ထိုမြူတိုင်လုံးသည် နောက်ထပ်ကျောက်ဖျာတစ်ခုအောက်တွင် ပေါ်လာကာ ၎င်းကိုပါ ဝါးမြိုသွားသည်။

အချိန်တိုအတွင်း ကျောက်ဖျာလေးဆယ့်သုံးခုတွင် နှစ်ဆယ့်ရှစ်ခုသာ ကျန်တော့၏။ ကျောက်ဖျာ တစ်ခုမှ မရှိသော ကျင့်ကြံသူများသည်လည်း အယောက်ရှစ်ဆယ်ပင် မကျန်တော့ပေ။

ဝမ်လင်းသည် သူ၏ကျောက်ဖျာပေါ်တွင် မားမားရပ်လျက် သူ့ဘေးပတ်လည်ကို အေးစက်စက် ကြည့်သည်။ မည်သူကမျှ သူ့ထံ ချဉ်းကပ်မလာဝံ့တော့ပေ။ အစောပိုင်းက သူ၏သတ်ဖြတ်မှုသည် အားလုံးကို တုန်လှုပ်သွားစေခဲ့သည်။

ဝမ်လင်း ဘေးပတ်လည်ကို ဝေ့ဝိုက်ကြည့်လိုက်စဉ် သူက ချိပ်ပိတ်မျိုးဖြတ်ခြင်းကလန်မှ မိန်းကလေးကို မြင်၏။ သူမသည်လည်း ကျောက်ဖျာတစ်ခုကို အရယူထားကာ သူမ၏မျက်ခုံးနှစ်ခုကြားတွင် အလင်းတောက်ပလျက် ထိုင်နေသည်။ ထိုညင်သာသောအလင်းက ကျောက်ဖျာတစ်ခုလုံးကို ခြုံလွှမ်းလျက် ကျင့်ကြံသူများ မည်မျှ တိုက်ခိုက်ပါစေ ၎င်းအလင်းလွှာသည် တွန့်ခေါက်သွားရုံသာ ရှိပြီး ပျက်စီးမသွားခဲ့ပေ။

ထိုမိန်းကလေးအပြင် ဝမ်လင်း၏အာရုံကို ဖမ်းစားနိုင်သော ကျင့်ကြံသူငါးယောက် ရှိသေး၏။

ပထမဆုံးက အဖြူရောင်ဝတ်စုံ၊ ဆံပင်ရှည်နှင့် အမျိုးသမီး ဖြစ်သည်။ သူမက နေရာတွင်သာ ငြိမ်သက်စွာ ရပ်နေလျက် အကွာအဝေးတစ်ခုသို့ ကြည့်နေသည်။ သူမနား ကပ်လာသော မည်သည့်ကျင့်ကြံသူမဆို နာကျင်စွာ အော်ဟစ်လိုက်ရသည်သာ။ ထို့နောက် သူတို့၏မျက်လုံးများမှ သွေးနက်များ စီးကျလျက် ခန္ဓာကိုယ်များသည် ပြင်းထန်သောအဆိပ်မိသည့်အလား အနက်ရောင်အခိုးငွေ့များ ပေးစွမ်းကုန်သည်။

ကျောက်ဖျာတစ်ခုကို သိမ်းပိုက်ထားသော သက်လတ်ပိုင်းလူတစ်ယောက်လည်း ရှိ၏။ သူက သူ့ဘယ်လက်တွင် အရက်အိုးကို ကိုင်ကာ ညာလက်တွင် ခုနစ်ပေခန့်ဓားတစ်လက်ကို ကိုင်ဆောင်ထားသည်။ “ရှေးစကားအရ…ကတိတစ်ခုအတွက် အရက်သုံးခွက်လို့ ဆိုတယ်…” ထိုသက်လတ်ပိုင်းလူက အရက်ကို မော့သောက်လိုက်ပြီး သူ့ညာလက်ကို ဘာသိဘာသာ ဝေ့ယမ်းလိုက်သည်။ နောက်ထပ် ဘာလှုပ်ရှားမှုမှ မပြုပေ။ သူ့ဓားသည် တိုးဝင်လာသော ကျင့်ကြံသူတစ်ယောက်၏ ဦးခေါင်းကို ထွင်းဖောက်သွားလေ၏။ ထိုသူ၏နဖူးထက်မှ သွေးများပန်းထွက်ကာ ထိုကျောက်ဖျာပေါ်တွင် မက်မက်ပန်း ပွင့်လန်းသည့်အသွင် ဖြစ်ပေါ်သည်။

ထိုကျောက်ဖျာပေါ်တွင် နောက်ထပ်သွေးမက်မွန်ပန်းပွင့် ဆယ်ခုကျော်လည်း ရှိနေ၏။

နောက်ထပ်ကျောက်ဖျာတစ်ခုကို စိုးမိုးထားသူမှာ သက်လတ်ပိုင်းအရွယ်အမျိုးသား တစ်ယောက်ပင်။ သူက သုန်မှုန်လျက် ပြင်းထန်သောယင်စွမ်းအင်ကို ပေးစွမ်းနေသည်။ သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ ပေတစ်သောင်းကြမ်းကြုတ်သောငါးက သူ့နောက်တွင် ကူးခတ်သည်။ ထိုငါးသည် လေပြင်းအလား လှုပ်ရှားလျက် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို ဝါးမြိုသည်။

နောက်ဆုံးနှစ်ယောက်မှ တစ်ယေက်သည် ဝတ်စုံနက်နှင့် ပိန်ပါးပါးအမျိုးသား ဖြစ်၏။ သူက မျက်လုံးမှိတ်ထားသည်။ သူသည် ဝမ်လင်းပင် ရှင်းရှင်းလင်းလင်း မမြင်ရလောက်သည့်ထိ မြန်လှသည်။ ဖျပ်ခနဲ ဖျပ်ခနဲ သူ့အရိပ်သာ ကျန်ခဲ့၏။ သို့သော် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံး အော်ဟစ်လိုက်ရ၏။ သူတို့၏မူလစိတ်ဝိညာဉ်များသည် ထုတ်နှုတ်ခြင်းခံရကာ သူတို့၏ခန္ဓာကိုယ်များသည် အောက်ဘက်ရှိ မြူပင်လယ်အတွင်း ပြုတ်ကျသွားတော့သည်။

***

All Chapters