အခန်း (၄၉၅-၄၉၆)
Vol. 43 Ch. 495-496
အခန်း ၄၉၅ - 【သေမင်း၏ နောက်ပြောင်မှု】
လွင်တီးခေါင်ပြင်။
တစ်နေရာရာ၌...
"အို... အဲ့ဒီ အမဲလိုက်ခြင်း လက်စွပ်ကွင်းက တကယ်ပဲ ပြန်လည်စုစည်းသွားခဲ့တာလား။ အချိန်တိုလေးအတွင်းမှာသာ ဖြစ်ခဲ့တယ်ဆိုပေမဲ့ အကန့်အသတ်ကျော်လွန် အမြုတေကိုသာ ရှာတွေ့နိုင်ခဲ့ရင် ဒါကို ပြန်ပြီး ပြုပြင်ပေးလို့ ရနိုင်တာပဲ"
【သေမင်း】 ကို ကိုယ်စားပြုနေသော အနက်ရောင်အရိပ်ကြီးက မည်သည့်နေရာမှန်း မသိရသော နေရာတစ်ခုမှ နှာခေါင်းတစ်ခုကို ဆွဲယူလိုက်ကာ သူ၏ မျက်နှာထက်၌ တပ်ဆင် ပုံဖော်လိုက်လေ၏။
ထူထပ်သော မီးခိုးရောင် မြူခိုးများကြားထဲ၌ နစ်မြုပ်နေရင်း သူက ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။
သူ၏ ဘေးနား၌မူ တောင်ပံများ ပါရှိသော မျက်လုံးတစ်လုံးက တိတ်ဆိတ်စွာ လွင့်မျောနေခဲ့၏။
"ကောင်းပါပြီ... ကောင်းပါပြီ... မင်းက အဲ့ဒီ ရထားမောင်းနှင်သူတွေဘက်မှာ ရှိနေတယ်ဆိုတာကို ငါ သိပါတယ်။ စိတ်မပူပါနဲ့၊ လေပြင်း၏ အထွတ်အထိပ်လို့ ခေါ်နေတဲ့ အရာက ဟာသတစ်ခု သက်သက်ပါပဲ။ နှစ်ပေါင်းများစွာ လိမ်လည်လှည့်ဖြားမှုတွေအောက်မှာ အရူးလုပ်ခံခဲ့ရပြီး နောက်ဆုံးမှာတော့ ကမ္ဘာ့အဆုံးသတ်ရဲ့ လေပြင်းနဲ့ မတော်တဆ သွားချိတ်ဆက်မိသွားတဲ့ အရူးတစ်ကောင်ပါပဲ"
"အစစ်အမှန် အထွတ်အထိပ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး"
"ငါ အမုန်းဆုံးအရာတွေက နတ်ဘုရားတွေပဲ"
"နတ်ဘုရားလို့ အခေါ်ခံရတာက ကန့်သတ်ချက်တစ်ခုကို ရောက်သွားတာကို ဆိုလိုတာဖြစ်ပြီး ငါကတော့ ကန့်သတ်ချက်တွေကို မုန်းတယ်"
အနက်ရောင်အရိပ်ကြီးက မေးစေ့ကို လက်ဖြင့် ထောက်ထားလိုက်လေရာ သူနှင့် ဆင်တူသော အရိပ်အရာဝတ္ထုများက အဆက်မပြတ် ပေါင်းစည်းသွားကြပြီး နောက်ဆုံးတွင် စက်ခေါင်းတွဲတစ်ခု၏ ပုံသဏ္ဌာန်အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။
သူက စက်ခေါင်းတွဲ၏ အပေါ်၌ ထိုင်လိုက်လေရာ အခြားအရိပ်တစ်ခုက ရထားမောင်းနှင်သူ ဦးထုပ်တစ်ခုအဖြစ်သို့ စုစည်းပေါ်ထွက်လာခဲ့ပြီးနောက် သူ၏ ခေါင်းပေါ်သို့ ဆောင်းပေးလိုက်လေ၏။
"ဘယ်လိုလဲ၊ ငါက ရထားမောင်းနှင်သူ တစ်ယောက်နဲ့ တူရဲ့လား။ ပြောစမ်းပါဦး၊ တကယ်လို့ ငါကသာ လွင်တီးခေါင်ပြင်ထဲကို ဝင်ရောက်သွားပြီး ပထမဆုံး ဘူတာကနေ စတင်ခဲ့မယ်ဆိုရင်... အဲ့ဒါက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းမနေဘူးလား"
မီးခိုးရောင် မြူခိုးများက သူ့ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့လေသည်။
"ဒါဆိုရင်..."
"ငါက ဘယ်ဘက်မှာ ရပ်တည်သင့်တယ်လို့ မင်း ထင်လဲ"
"လူသားတွေဘက်မှာလား... ဒါမှမဟုတ်... သူတို့ကိုယ်သူတို့ နတ်ဘုရားလို့ ခေါ်ဝေါ်နေကြတဲ့ အရူးတွေဘက်မှာလား"
"အိုဟိုဟို... ငါ နားလည်ပါတယ်... နားလည်ပါတယ်။ စိတ်ချပါ၊ ငါက လူတွေဆီကို သေဆုံးခြင်းကို ယူဆောင်လာပေးချင်ရုံ သက်သက်ပါ။ ကမ္ဘာ့အဆုံးသတ်ကို ယူဆောင်လာပေးချင်တာ မဟုတ်ပါဘူး။ တကယ်လို့ အရာအားလုံးက ကမ္ဘာ့အဆုံးသတ်ကိုသာ ရောက်သွားမယ်ဆိုရင် ဘယ်သူမှ သေနိုင်တော့မှာ မဟုတ်ဘူးလေ။ အထူးသဖြင့် အဲ့ဒီ စိတ်ဝင်စားစရာကောင်းတဲ့ လူသားလေး ရဲချီယန်ပေါ့"
အနက်ရောင်အရိပ်ကြီး၏ ပါးစပ်ထဲမှ လျှာတစ်လစ် ထွက်လာကာ သူတွင် မရှိတည်ဆဲဖြစ်သော နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်လေ၏။
"ငါ မရဏနယ်ပယ်ထဲကနေ ထွက်ပြီး မကစားရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီပဲ။ ဟေး... မင်းနဲ့ ပူးပေါင်းနေတဲ့ စနစ်ကို နောက်ပေါက်တစ်ခု ဖွင့်ခိုင်းလိုက်စမ်းပါ။ ငါ ရထားမောင်းနှင်သူ တစ်ယောက်အနေနဲ့ ဝင်ပြီး ကစားချင်လို့ပါ။ သေချာတာပေါ့... လူသားတွေကလွဲပြီး တခြားသူတွေက တိုက်ရိုက် ရထားမောင်းနှင်သူ မဖြစ်နိုင်ဘူးဆိုတာကို ငါ နားလည်ပါတယ်"
"ဒါကြောင့် ငါ့ကိုယ်ငါ မျက်လုံးအချို့ သေချာ ပုံဖော်လိုက်ပြီး လူသားတစ်ယောက်အဖြစ် ပြောင်းလဲလိုက်မယ်။ အို... ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ လူသားတွေရဲ့ သွင်ပြင်လက္ခဏာတချို့တော့ ရှိဖို့ လိုအပ်တယ်မလား"
မီးခိုးရောင် မြူခိုးများက အရှိန်အဟုန်ဖြင့် လှိုင်းထလာလေ၏။
ရှင်းပြ၍မရနိုင်သော ဖိနှိပ်မှု ခံစားချက်တစ်ခုက အရပ်မျက်နှာ အသီးသီးမှနေ၍ အနက်ရောင်အရိပ်ကြီးဆီသို့ ကျရောက်လာခဲ့သည်။
"စိတ်မပူပါနဲ့၊ ရထားစနစ်ကို ခွင့်ပြုချက်အသစ်နဲ့ သဘောတူညီချက်အသစ်တစ်ခု ငါ ပေးမှာပါ။ သေမင်းရဲ့ သဘောတူညီချက်လို့ အမည်ရတယ်"
"အာ... ဟုတ်သားပဲ၊ လူသားတွေရဲ့ အသုံးအနှုန်းအရ ပြောရရင် ဒါက အရောင်းအဝယ်တစ်ခုပေါ့"
"တကယ့်ကို တရားမျှတလွန်းတဲ့ အရောင်းအဝယ်တစ်ခုပါပဲ"
အနက်ရောင်အရိပ်ကြီးက မကျေမနပ်ဖြစ်သွားဟန်ဖြင့် သူ၏ နှာခေါင်းကို ပြန်ဖြုတ်လိုက်လေ၏။ သူက နှာခေါင်းအသစ်တစ်ခုကို ထပ်မံ ပုံဖော်လိုက်ပြီး လေထဲရှိ အနံ့အသက်ကို ရနိုင်ရန် အပြင်းအထန် ကြိုးစားလိုက်လေသည်။
"ဒါဆိုရင် စလိုက်ကြမလား... အရောင်းအဝယ်တစ်ခုကိုလေ"
မီးခိုးရောင် မြူခိုးများက တဖြည်းဖြည်း ရပ်တန့်သွားကြ၏။
တောင်ပံများ ပါရှိသော မျက်လုံးကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားလေတော့သည်။
ထို့နောက် အနက်ရောင်အရိပ်ကြီး၏ အရှေ့တည့်တည့်၌။
အရိပ်များဖြင့် ဖွဲ့စည်းထားသော ထိုစက်ခေါင်းတွဲ၏ အလယ်ဗဟို၌။
စနစ်ကို ထိန်းချုပ်ရန် အသုံးပြုသော ကိရိယာလေးက လေဟာနယ်ထဲမှနေ၍ ထွက်ပေါ်လာခဲ့လေ၏။
【ဘီ... ဘီ...】
【ရထားမောင်းနှင်သူ အမှတ်စဉ် - A-0 - 0】
【လွင်တီးခေါင်ပြင်အတွင်းသို့ ဝင်ရောက်ရန် ကျန်ရှိချိန် - ဆယ်ရက်】
【အမည် - မရှိပါ (ကိုယ်တိုင် အမည်ပေးရန်)】
【မျိုးနွယ်စု - ... လူသားလား / (သေမင်းလား)】
【ရထား အဆင့် - ၁】
【ကိုယ်ခံစွမ်းအား - ဝ】
【စိတ်စွမ်းအား - တိုင်းတာ၍မရပါ】
【ဆယ်ရက်ကြာပြီးနောက် သင့်အမည်ပါဝင်သော ဇုန်မှ ရထားမောင်းနှင်သူ တစ်သုတ်သည် လွင်တီးခေါင်ပြင်အတွင်းသို့ ဝင်ရောက်လာမည် ဖြစ်ပါသည်】
【မှတ်ချက်။ ။ ဤသည်မှာ ရထားမောင်းနှင်သူများ၏ အထူး တပ်ဖြန့်မှုဖြစ်ပြီး လူဦးရေ စုစုပေါင်း တစ်သောင်းခန့် ပါဝင်သော ရထားမောင်းနှင်သူ ဇုန်တစ်ရာ စုစုပေါင်း ဝင်ရောက်လာမည် ဖြစ်ပါသည်】
【ထို့ပြင် လူဦးရေမှာ သတ်မှတ်ထားသော ပမာဏတစ်ခုအထိ ကျဆင်းသွားပြီးနောက် သူတို့သည် ယခင်က ရထားမောင်းနှင်သူ ဇုန်များနှင့် ပေါင်းစည်းသွားမည် ဖြစ်ပါသည်】
【သင့် ဇုန်မှာ - A-0 ဖြစ်ပါသည်】
အနက်ရောင်အရိပ်ကြီးက ရထားတွဲအတွင်းသို့ လျှပ်တစ်ပြက် ဝင်ရောက်သွားလေ၏။ သူက စနစ်ကို ထိန်းချုပ်ထားသော ကိရိယာလေးကို ခပ်ဖွဖွ ထိတွေ့လိုက်လေရာ မျက်လုံးများ မရှိသော်ငြား နှာခေါင်းနှင့် ပါးစပ်သာရှိသော ထိုမျက်နှာထက်၌ အံ့ဩမှင်တက်သွားသည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့လေသည်။
"တကယ့်ကို မျှော်လင့်စောင့်စားချင်စရာ ကောင်းတာပဲ... မဟုတ်သေးဘူး... ငါ့ကိုတောင် မနာလိုဖြစ်သွားစေတဲ့ စွမ်းအားတစ်ခုပဲ။ အချိန်နဲ့ ဟင်းလင်းပြင်ကို ဖြတ်သန်းလာတာကိုး။ ဒီအရာက ဒီနေရာမှာ ဘယ်လိုမျိုး အသက်ဝင်လာတာလဲဆိုတာကို ငါကိုယ်တိုင်တောင် အာရုံမခံနိုင်ဘူးဖြစ်နေတယ်"
"ပြီးတော့ အမည်နဲ့ ပတ်သက်ပြီး ငါ နည်းနည်းလောက် စဉ်းစားလိုက်ဦးမယ်"
သူက သူ၏ ကိုယ်ပိုင်ပါးစပ်ကို လက်ချောင်းဖြင့် ထိုးဆွလိုက်လေ၏။
"တွေးကြည့်လိုက်တော့ လူသားတွေက အထီးနဲ့ အမကို ခွဲခြားတတ်ကြသလိုပဲ"
"နာမည်ကတော့... မော့ရှီ"
"ဟင်း... သူ့ကို မော့ရှီလို့ပဲ ခေါ်လိုက်ကြတာပေါ့"
"ဆယ်ရက်တဲ့လား။ အို... ဆယ်ရက်ဆိုတဲ့ အချိန်က တော်တော်လေး ကြာတယ်လို့တောင် ငါ ခံစားနေရပြီ။ ဘယ်လောက်တောင် စိတ်လှုပ်ရှားဖို့ ကောင်းလိုက်လဲ။ နောက်ပိုင်း... တကယ်လို့ ငါက ရဲချီယန်နဲ့ တွေ့ခဲ့ရင် သူက ငါ့ကို မှတ်မိပါ့မလား။ ဟီးဟီး"
သူ၏ အသံက ပြောင်းလဲသွားလေတော့သည်...
————
ကောင်းကင်ယံဥယျာဉ်။
မဟာမိတ်အဖွဲ့ ဌာနချုပ်။
【အဆင့် ၈ ဘူတာရုံကမ္ဘာ · ဖုန်းဖုန်း ကုန်တိုက် · ဘူတာရုံသခင် · ဖုန်းဖုန်း】
မိန်းမငယ်လေးတစ်ဦးက သူမ၏ အရှေ့ရှိ အလင်းမျက်နှာပြင်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့လေ၏။
【လွင်တီးခေါင်ပြင်၏ လေပြင်း သေဆုံးသွားပါပြီ】
【လေပြင်းက ထိန်းချုပ်သူ တစ်ဦးကို လိုအပ်နေပါသည်】
【လက်ရှိ ထိန်းချုပ်မှု အခွင့်အာဏာကို ရထားစနစ်က ချုပ်ကိုင်ထားပြီး လွင်တီးခေါင်ပြင် လေပြင်းထံသို့ ကိုယ်တိုင် ပြန်လည်ပေးအပ်မည် မဟုတ်ပါ】
【ရထားမောင်းနှင်သူ တစ်ဦးတည်းကသာလျှင် ဤအခွင့်အာဏာကို ရရှိနိုင်ပါသည်】
【"သင်သည် လေပြင်းဖြစ်သောကြောင့် သူ့ကို ရယူရန် အရည်အချင်း ပြည့်မီပါသည်"】
【"သင်က အဆင့်မြှင့်တင်ပြီး အစမှ ပြန်လည် စတင်ရန် လိုအပ်ပါသည်။ သတ်မှတ်ထားသော အဆင့်တစ်ခု၏ အဆင့်မြှင့်တင်ရေး ရွေးချယ်စရာများထဲတွင် 【အကန့်အသတ်ကျော်လွန် လေပြင်း】 ရှိနေမည် ဖြစ်ပါသည်"】
【အမည် - ဖုန်းဖုန်း / ဖုန်းလီဒါ】
【မျိုးနွယ်စု - လူသား / လေပြင်း】
【ရထားမောင်းနှင်သူ အမှတ်စဉ် - A-1 - 05】
【လက်ရှိ ရထား အဆင့် - ၁ (သုညသို့ ပြန်လည်သတ်မှတ်ပြီးပါပြီ)】
【လွင်တီးခေါင်ပြင်ရက် ဆယ်ရက် ကြာပြီးနောက် သင့်ကို နောက်ဆုံးထွက်ပေါ်လာမည့် A-1 ဇုန်များအတွင်းသို့ ခွဲဝေ သတ်မှတ်ပေးမည် ဖြစ်ပါသည်】
【"သင် ငြင်းဆန်၍ မရနိုင်ပါ"】
【"အကြောင်းမူကား လေပြင်းက အပြစ်ပေးခံရရန် လိုအပ်နေသောကြောင့်ပင် ဖြစ်သည်"】
"..."
————
လွင်တီးခေါင်ပြင်ရှိ မကောင်းဆိုးဝါးများ၏ အရိုးများဖြင့် တည်ဆောက်ထားသော အိမ်တစ်လုံးအတွင်း၌။
အပြုံးမျက်နှာဖုံး တပ်ဆင်ထားပြီး တံစဉ်ကို ကိုင်ဆောင်ထားသော အမျိုးသားက အပြင်ဘက်သို့ လှမ်းကြည့်လိုက်လေ၏။
"လေပြင်းက နောက်ဆုံးတော့ ရပ်တန့်သွားခဲ့ပြီပဲ။ သွားကြစို့၊ ငါတို့တွေ အစားအစာတချို့ သွားရှာကြရအောင်"
အပြုံးမျက်နှာနဲ့လူ။
ပြည်နှင်ဒဏ်ပေးခံရပြီးနောက် ရဲချီယန်၏ ကယ်တင်ခြင်းကို ခံခဲ့ရသော ရှေ့တန်း ဘူတာ၏ လမ်းပြ။
သူက ကြိုးကို ကိုင်ထားရင်း အစာရှာထွက်ရန်အတွက် အမဲလိုက်ခွေး အုပ်စုကြီးကို ဦးဆောင်ခေါ်သွားတော့မည့် အချိန်လေး၌ပင်။
ဝုန်း... ဆိုသော အသံကြီးနှင့်အတူ စက်ခေါင်းတွဲတစ်ခုက ကောင်းကင်ယံ လေဟာနယ်ဆီမှနေ၍ သူ၏ အရှေ့တည့်တည့်သို့ ပြုတ်ကျလာခဲ့လေ၏။
အပြုံးမျက်နှာနဲ့လူက တုန်ရီနေလျက် သူ၏အတွက် တံခါးများ ဖွင့်ပေးထားသော စက်ခေါင်းတွဲအတွင်းသို့ လျှောက်ဝင်သွားလေတော့သည်။
စနစ် အလင်းမျက်နှာပြင်ကို ထိန်းချုပ်ထားသော ကိရိယာထက်၌ ဖော်ပြထားသည့် သတင်းအချက်အလက်များကို ကြည့်ရှုရင်း သူ၏ မျက်လုံးများထဲမှ မျက်ရည်တစ်ပေါက် စီးကျလာခဲ့လေ၏။
【"သင်က လူသားတစ်ဦး ဖြစ်ပါသည်"】
【အမည် - မေ့လျော့ခံရသူ】
【ရထားမောင်းနှင်သူ အမှတ်စဉ် - A-9 - 4931】
【ရထား အဆင့် - ၁】
【မျိုးနွယ်စု - လူသား】
【ဆယ်ရက်ကြာပြီးနောက် လွင်တီးခေါင်ပြင်အတွင်းသို့ ထပ်မံ ဝင်ရောက်လာမည့် ရထားမောင်းနှင်သူ တစ်သုတ်အဖြစ် ပါဝင်ကာ အစမှနေ၍ ပြန်လည် စတင်ရမည် ဖြစ်ပါသည်】
【ဤအသုတ်မှာ အတော်လေး ထူးခြားပါသည်။ သူတို့အထဲတွင် လူသား သဘောတရားများ ပိုင်ဆိုင်ထားသော လူသားပုံစံ သို့မဟုတ် သက်ရှိအချို့လည်း ပါဝင်လာမည် ဖြစ်ပါသည်】
【ကံကောင်းပါစေ】
【လူဦးရေ ကျဆင်းသွားပြီးနောက် သူတို့သည် ယခင်က ရထားမောင်းနှင်သူ ဇုန်များနှင့် ပေါင်းစည်းသွားမည် ဖြစ်ပါသည်】
"ငါ... ငါက... လူသား..."
သူက မျက်နှာဖုံးကို ချွတ်ချလိုက်လေရာ မျက်နှာမရှိသော ဗလာကျင်းနေသည့် သူ၏ မျက်နှာပြင်ထက်မှ မျက်ရည်ကြည်များက စီးကျလာခဲ့လေ၏။
"ကျေးဇူးတင်ပါတယ်"
【သင်သည် ရထားမောင်းနှင်သူ တစ်ဦး ဖြစ်လာပါပြီ】
【ဆယ်ရက်ကြာပြီးနောက် သင်သည် ရထားမောင်းနှင်သူ အသစ်တစ်ဦး ဖြစ်လာမည်ဖြစ်ပြီး လွင်တီးခေါင်ပြင်အတွင်းသို့ ဝင်ရောက်ရမည် ဖြစ်ပါသည်】
【သင်က... လူသားပါ】
မရေမတွက်နိုင်သော ကမ္ဘာများ။
ရထားအစင်းရေ တစ်သန်း။
လူဦးရေ တစ်သန်း။
ယခုအခါ ကမ္ဘာ့အဆုံးသတ်၏ လေပြင်း ငြိမ်းသတ်ခံလိုက်ရချေပြီ။
သူတို့က ဖိတ်စာအသစ် တစ်စောင်ကို ရရှိသွားခဲ့ကြလေ၏။
【သေမင်း】 ၏ နောက်ပြောင်မှုကြောင့် နောက်ထပ် ရထားမောင်းနှင်သူ အသစ်တစ်သုတ်မှာ ဆယ်ရက်အတွင်း စောစီးစွာ ရောက်ရှိလာပေတော့မည်။
ဤတစ်ကြိမ် လူဦးရေမှာ တစ်သန်းတည်းသာ ဖြစ်သော်လည်း ထူးခြားသော တည်ရှိမှုအချို့ ဝင်ရောက်လာပုံ ရပေသည်။
ဤသတင်းကိုမူ။
လောလောဆယ်တွင်... မည်သူကမျှ သိရှိနေခြင်း မရှိသေးပေ။
အခန်း ၄၉၆ - ကျူရှင်းထူ၏ မေးခွန်း
ဆော်လမွန် မြို့တော်။
သွေးနတ်ဘုရား သေဆုံးသွားခြင်းနှင့်အတူ ဤမြို့တော်အတွင်းရှိ အချိန်စီးဆင်းမှုသည် လွင်တီးခေါင်ပြင်နှင့် တဖြည်းဖြည်း ချိတ်ဆက် ထိန်းညှိလာခဲ့လေ၏။
ရဲချီယန်၏ ပြည်နှင်ဒဏ်ပေးခြင်းက သွေးနတ်ဘုရား၏ နောက်ဆုံး တန်ပြန်တိုက်ခိုက်နိုင်မည့် အခွင့်အရေးကို လေထဲ၌ လုံးဝ ပျောက်ကွယ်သွားစေခဲ့ပေသည်။
ဤသို့ တွက်ဆကြည့်ရလျှင် ထာဝရ ညဉ့်ယံ မြို့တော်၏ ဒုတိယမြောက်နှင့် တတိယမြောက် နှလုံးသားများမှစ၍ ဤနောက်ဆုံး ပြည်နှင်ဒဏ်ပေးခြင်းအထိ သွေးနတ်ဘုရားကို သတ်ဖြတ်ရာတွင် သူသည် များစွာသော ပံ့ပိုးကူညီမှုများကို ပြုလုပ်ခဲ့ကြောင်း သေချာလှပေ၏။
သို့သော်လည်း သွေးနတ်ဘုရား၏ ရုတ်တရက် ပျောက်ကွယ်သွားမှုက ကျောက်ရှီးကို တစ်ခဏမျှ စိတ်ရှုပ်ထွေးသွားစေခဲ့သော်ငြား ထိုသံသယမှာ အချိန်ကြာမြင့်စွာ တည်ရှိမနေခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် ထာဝရ ညဉ့်ယံ မြို့တော်မှ ကျန်ရစ်နေသော ရထားမောင်းနှင်သူများသည် သူတို့၏ ကိုယ်ပိုင် ယုံကြည်မှု ပျောက်ကွယ်သွားကြောင်းကို ခံစားသိရှိသွားကြပြီး လက်နက်များကို အပြီးတိုင် ချချကာ အညံ့ခံရန် စတင်နေခဲ့ကြသောကြောင့်ပင်။
သို့သော် အညံ့ခံတယ်ဆိုရုံနဲ့ ပြီးသွားရောလား။
ကျူးကျော်သူတွေအနေနဲ့ အညံ့ခံလိုက်ရုံမျှဖြင့် သူတို့က ဘယ်လိုအကြောင်းပြချက်မျိုးနဲ့ အထိအခိုက်မရှိ ထွက်ခွာသွားနိုင်မှာလဲ။
စစ်ကြောရေးခုံရုံး၏ စစ်ကြောရေးမှူး ထောင်ပေါင်းများစွာထဲမှ ရာခိုင်နှုန်း သုံးဆယ်ခန့်သည် ဤစစ်ပွဲအတွင်း၌ ထာဝရ ကျန်ရစ်နေခဲ့ကြချေပြီ။
သူတို့အထဲတွင် ထိပ်တန်းအဆင့် ရထားမောင်းနှင်သူ ခြောက်ဦးပင် ဤနေရာ၌ ထာဝရ အိပ်စက်သွားခဲ့ကြလေ၏။
မည်သူကမျှ ထိုအရာကို လက်ခံမည်မဟုတ်သလို ဆော်လမွန် မြို့တော်ရှိ သာမန်ပြည်သူတစ်ဦးကပင် လက်ခံနိုင်မည် မဟုတ်ချေ။
သူတို့သည် အကြမ်းတမ်းဆုံးသော တရားစီရင်ခြင်းနှင့် အနာကျင်ရဆုံးသော ပြစ်ဒဏ်များကို ရင်ဆိုင်ကြရပေမည်။
သေလွန်သူများကို နှစ်သိမ့်ပေးနိုင်ရန်အလို့ငှာပင်။
"ဟူး..."
လေပြင်းများ ရပ်တန့်သွားကာ မိုးလည်း စဲသွားခဲ့လေပြီ။
ကျောက်ရှီးက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးနောက် ဖြည်းညင်းစွာ ဆင်းသက်လာကာ ရဲချီယန်၏ ပုံရိပ်ကို ပတ်ဝန်းကျင်၌ ရှာဖွေလိုက်လေ၏။
"ဟိုမှာ"
သူမက လျှပ်တစ်ပြက် အရှိန်ဖြင့် သွားရောက်လိုက်သည်။
"ရဲချီယန်"
ကျောက်ရှီးက လှမ်းခေါ်လိုက်လေ၏။
သူမက ရဲချီယန်ထံသို့ လျှောက်သွားနေစဉ်မှာပင် အသွင်ပြောင်းပြီးနောက် မြင့်မားနေသော ထိုပုံရိပ်လေးသည် ဤအခိုက်အတန့်၌ မူလ အရပ် ၁.၅ မီတာသာရှိသော မိန်းကလေး အသွင်သို့ ပြန်လည် ပြောင်းလဲသွားလေတော့သည်။
"..."
ကျောက်ရှီးက သူမ မော့ကြည့်ရမည့် ထိုမျက်နှာကို ကြည့်လိုက်ပြီး လက်ပိုက်ကာ အနီးနားရှိ မြင့်မားသော နေရာတစ်ခုပေါ်သို့ ခုန်တက်၍ ထိုင်လိုက်လေ၏။
ဤသို့ဆိုလျှင် သူမ၏ အမြင်အာရုံက ရဲချီယန်နှင့် ကွက်တိ တစ်ပြေးညီတည်း ဖြစ်သွားပေမည်။
"အဟမ်း... ကျေးဇူးတင်ပါတယ်။ တကယ်လို့များ မင်းသာ လာမကူညီခဲ့ရင် ဆော်လမွန် မြို့တော်ကြီးက..."
ကျောက်ရှီး၏ စကားသံများမှာ ပြတ်တောက်သွားခဲ့လေ၏။
သန့်စင်သော အလင်းရောင်များ လွှမ်းခြုံထားသည့် ပုံရိပ်တစ်ခုက ရဲချီယန်၏ အရှေ့တည့်တည့်သို့ ရောက်ရှိလာခဲ့သည်။
ရွှေဝါရောင် ဆံပင်ပိုင်ရှင် သီလရှင်မလေး၏ မျက်လုံးများက တောက်ပနေကာ သူ့ကို အထက်အောက် စုန်ဆန် ကြည့်ရှုနေခဲ့၏။
"မင်းက ဒီလောက်အထိ အစွမ်းထက်လာလိမ့်မယ်လို့ ငါ တကယ်ကို မထင်ထားခဲ့ဘူး။ ဒီတစ်ခါလည်း ငါက မင်းရဲ့ ကယ်တင်ခြင်းကို ခံလိုက်ရပြန်ပြီပဲ။ အစ်မက မင်းကို ကျေးဇူးကြွေး နောက်တစ်ခု တင်သွားပြန်ပြီ"
ရှာယာက သေတ္တာတစ်လုံးကို ထုတ်ယူကာ ကမ်းပေးလိုက်လေ၏။
ထိုသေတ္တာအတွင်း၌ ရှာယာ၏ ကုသရေး သကြားလုံးချောင်း ငါးခု အမှန်တကယ် ပါရှိနေလေသည်။
သေမင်းနှုတ်ခမ်းဝမှ လူများကို ပြန်လည် ဆွဲခေါ်လာနိုင်စွမ်းရှိသော ဤကုသရေး ပစ္စည်းလေးမှာ အဆင့်ရှစ်သာ ရှိသော်ငြား သူ၏ ကောင်းကင်ကို အန်တုနိုင်သော အကျိုးသက်ရောက်မှုများကိုမူ ရဲချီယန်က ကြုံတွေ့ခံစားဖူးပြီးသား ဖြစ်ပေသည်။
"ဒီလောက်အဆင့်ရှိတဲ့ စွမ်းအားမျိုးက ကိုယ်ခံစွမ်းအားတွေကို အများကြီး စားသုံးပစ်မှာပဲ။ ရော့... ဒီမှာ"
"ရပါတယ်၊ နည်းနည်းလေး ပင်ပန်းရုံပါပဲ"
သူ တကယ်ကို အနားယူရန် လိုအပ်နေခဲ့၏။
အမှန်တကယ်တွင် တိုက်ပွဲပြီးဆုံးမည့်အချိန်ကို သူက တစ်နေ့နှင့် တစ်ညတိတိ စောင့်ဆိုင်းနေခဲ့ရသဖြင့် သူ၏ ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကြီးကို ပို၍ပင် ဆိုးရွားသွားစေခဲ့လေသည်။
"မင်း ပင်ပန်းနေရင်လည်း သေချာလေး အနားယူလိုက်ပါဦး။ ကောင်းပြီလေ... ဒါဆိုရင်လည်း ငါ မင်းကို မနှောင့်ယှက်တော့ပါဘူး"
ရှာယာက ဟိုးဘက်၌ တိတ်ဆိတ်နေသော ကျောက်ရှီးထံသို့ ပြုံး၍ လှမ်းကြည့်လိုက်လေ၏။
"ဟိုးဘက်က တရားသူကြီးချုပ်မလေး၊ တကယ်လို့များ မင်းက ဖမ်းဆီးမှုတစ်ခုခု လုပ်ချင်တယ်ဆိုရင်တော့ နောက်မှ အချိန်တစ်ခု ရွေးလိုက်ဖို့ ငါ အကြံပေးပါရစေ"
ကျောက်ရှီးက တိတ်ဆိတ်နေဆဲပင် ဖြစ်သော်လည်း ရှာယာ့ထံသို့ လှမ်းကြည့်နေသော သူမ၏ အကြည့်များထဲတွင် အေးစက်မှုများ ပြည့်နှက်နေခဲ့သည်။
သူတို့နှစ်ဦး၏ အကြည့်များက လေထုထဲ၌ ဝင်တိုက်မိသွားကြပြီး ပြင်းထန်သော မီးပွားများ လွင့်စင်ထွက်ပေါ်လာသည့်အလား ဖြစ်နေခဲ့၏။
သို့သော်လည်း နောက်ဆုံးတွင်တော့ သူတို့က ဤနေရာ၌ အမှန်တကယ် တိုက်ခိုက်ခြင်း မရှိခဲ့ကြပေ။
ကျောက်ရှီးက အမြင့်ပေါ်မှ ခုန်ချလိုက်ပြီး လျှောက်သွားလိုက်လေ၏။ သူမက ရှာယာ့အနားမှ ဖြတ်သွားချိန်၌ အေးစက်စွာ နှာမှုတ်လိုက်ပြီးနောက် ရဲချီယန်ထံသို့ တိုးတိတ်စွာ ပြောလိုက်သည်။
"ရဲချီယန်၊ ကျေးဇူးတင်ပါတယ်။ ဒီဧရိယာကို ဘယ်သူမှ လာမနှောင့်ယှက်စေရဘူးလို့ ငါ ကတိပေးတယ်"
"စကားမစပ်... အကန့်အသတ်ကျော်လွန် အမြုတေကို ငါ သွားရှာလိုက်ဦးမယ်။ နောက်တစ်ကြိမ် မင်း အကူအညီ လိုအပ်လာတဲ့အခါ ငါ့ကို ကူညီခွင့်ပေးဖို့ သတိရပါဦး။ အချိန်မရွေး နေရာမရွေး မင်းက ငါ့ရဲ့ အရေးပါတဲ့ မဟာမိတ်ပါပဲ"
သူမက မဟာမိတ် ဆိုသော စကားလုံးကို လေးလေးနက်နက် အလေးအနက်ထား ပြောဆိုသွားခဲ့လေ၏။
နောက်ဆုံးတွင်တော့ သူမက ရှာယာ့ကို မကျေမနပ်ဖြစ်နေသော အကြည့်တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ခေါင်းမော့ကာ ထွက်ခွာသွားလေတော့သည်။
"ဟွန့်... ကောင်မလေး သက်သက်ပါပဲ။ တကယ်လို့များ မင်း တစ်ခုခု လိုအပ်လာရင် ငါ့ဆီကိုသာ လာခဲ့လိုက်ပါ။ မဟာမိတ် အထိမ်းအမှတ်တံဆိပ်... ငါ့မှာ အဲ့ဒီပစ္စည်း မရှိဘူးဆိုပေမဲ့ ကိစ္စမရှိပါဘူးလေ။ နောက်မှ တခြားတစ်ခုခု ရှာပြီး မင်းကို ပေးပါ့မယ်"
ထိုသူနှစ်ဦးသည် တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားကြလေ၏။
ထို့နောက် ကျောက်ရှီး ပြောခဲ့သည့်အတိုင်းပင် ဤဧရိယာ၌ ရဲချီယန်ကို မည်သူကမျှ လာရောက် နှောင့်ယှက်ခြင်း မရှိတော့ချေ။
စစ်ပွဲအလွန် လုပ်ငန်းစဉ်များက မြို့တော်၏ ဌာနေပြည်သူများအတွက်သာ ဖြစ်ပေသည်။
ဤအချိန်ကို အသုံးပြု၍ လူများ၏ စိတ်ခံစားမှုများကို ပြေလျော့စေရန်နှင့် ဤဌာနေပြည်သူများအတွက် ယာယီ နေထိုင်စားသောက်ရေး အရင်းအမြစ်များကို ထောက်ပံ့ပေးခြင်းမှာ အကောင်းမွန်ဆုံးသော ရွေးချယ်မှုပင် ဖြစ်လေသည်။
သို့သော်လည်း...
"ပြောပါဦး ဘော့စ်... ခင်ဗျားမှာရော ကျွန်တော်နဲ့ ပြောစရာ ကိစ္စ ရှိနေလို့လား"
ထိုသူနှစ်ဦး ထွက်ခွာသွားပြီးနောက် ရဲချီယန်က နေရာတစ်နေရာဆီသို့ အကူအညီမဲ့စွာဖြင့် လှမ်းကြည့်လိုက်လေ၏။
ကျူရှင်းထူ။ အင်ပါယာအမိန့်တော် အဖွဲ့အစည်း၏ ဘော့စ်ပင်။
ဤအခိုက်အတန့်တွင် သူမက ကျောက်တုံးတစ်တုံး၏ နောက်ကွယ်၌ အပြုံးလေးတစ်ခုဖြင့် ပုန်းအောင်းနေခဲ့လေသည်။
"ခင်ဗျားက တမင်တကာ သက်သက် ကျွန်တော့်ကို သိသာစေခဲ့ပြီး အစ်မရှာယာနဲ့ ကျောက်ရှီးတို့ကိုတော့ မသိအောင် ဖုံးကွယ်ထားခဲ့တာပဲ... အဲ့ဒါက ကံကြမ္မာကတ်ပြားများလား"
ကျူရှင်းထူက မျက်တောင်တစ်ချက် ခတ်လိုက်ပြီး ခေါင်းညိတ်ပြလိုက်လေ၏။
"မဆိုးဘူး မဟုတ်လား။ ဟီးဟီး... ကံကြမ္မာ ကတ်ပြား အစီအစဉ်က တိုက်ခိုက်ရေးမှာ မသန်မာဘူးဆိုပေမဲ့ သူရဲ့ အသုံးဝင်မှုကတော့ ဒုတိယလိုက်မယ့်သူတောင် မရှိဘူး"
သူမက သူမ၏ လက်ထဲရှိ ကံကြမ္မာကတ်ပြား တစ်ကတ်ကို ဝှေ့ယမ်းပြလိုက်ပြီး သူမ၏ နေရာလွတ်အတွင်းသို့ ပေါ့ပေါ့ပါးပါးပင် ပြန်လည် သိမ်းဆည်းလိုက်လေ၏။
"ဒါနဲ့ ကိစ္စက ဘာများလဲ"
ကျောက်ရှီးနှင့် ရှာယာတို့ကဲ့သို့ စကားလာပြောရန် သက်သက်မျှဖြင့် ဤလူလိမ်မ ဘော့စ်က ထွက်လာလိမ့်မည်ဟု ရဲချီယန် လုံးဝ မထင်ထားခဲ့ပေ။
သူမထံတွင် မရိုးသားသော ရည်ရွယ်ချက်တစ်ခု သေချာပေါက် ရှိနေမည်သာ ဖြစ်လေသည်။
"စိတ်မပူပါနဲ့၊ ဒီတစ်ခါတော့ ငါ မင်းကို မလိမ်ပါဘူး"
"အဲ့ဒါက ခင်ဗျား ပုံမှန်ဆိုရင် လူတွေကို လိမ်လေ့ရှိတယ်ဆိုတဲ့ သဘောပဲလေ"
"အဲ့ဒီလို မဟုတ်ပါဘူး၊ ငါက လူတိုင်း ကောင်းဖို့အတွက် လုပ်ပေးနေတာပါ"
"ဟီးဟီး..."
ကျူရှင်းထူက လျှာလေးထုတ်ပြလိုက်ပြီး ရဲချီယန်၏ အနားသို့ အနည်းငယ် ပိုမို တိုးကပ်လာခဲ့လေ၏။
သူ့ထံမှ ခုနစ်မီတာခန့် အကွာအဝေးတွင် သူမက ရပ်တန့်လိုက်လေရာ သူမ၏ မျက်နှာထက်ရှိ အပြုံးလေးက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အလွန်အမင်း တည်ကြည်လေးနက်လှသော ထို လူလိမ်မ အခြေအနေ ဖြင့် အစားထိုး ဝင်ရောက်လာခဲ့လေသည်။
"ခုနလေးတင် ကံကြမ္မာက သယ်ဆောင်လာပေးတဲ့ အသစ်စက်စက် တီးတိုးသံတစ်ခုကို ငါ ကြားလိုက်ရတယ်"
"အဲ့ဒါက ကျွန်တော်နဲ့ ပတ်သက်နေလို့လား"
"ရထားမောင်းနှင်သူ အားလုံးနဲ့ ပတ်သက်နေတာပါ"
"ဒါဆို ဘာလို့ ကျွန်တော့်ကို လာပြောပြနေရတာလဲ"
"မင်းရဲ့ ရွေးချယ်မှုကို ငါ ကြားချင်လို့လေ"
ကျူရှင်းထူ၏ မျက်လုံးများထဲ၌ ဂလက်ဆီတစ်ခုက တောက်ပနေခဲ့၏။ သူမက ကောင်းကင်ယံရှိ ကြယ်တာရာများကို မော့ကြည့်လိုက်ပြီး တိုးတိတ်စွာ ပြောလိုက်သည်။
"ဒီကနေစပြီး လွင်တီးခေါင်ပြင်ရက် ဆယ်ရက် ကြာပြီးတဲ့နောက် လွင်တီးခေါင်ပြင် ကမ္ဘာကြီးက ရထားမောင်းနှင်သူ အသစ် တစ်သုတ်ကို ကြိုဆိုရလိမ့်မယ်။ ဒါပေမဲ့ ဒီလူသစ်တွေထဲမှာ ထူးခြားတဲ့ တည်ရှိမှုတချို့ ပါဝင်လာလိမ့်မယ်"
"သူတို့က လူသားတွေ ဖြစ်နိုင်သလို တခြားအရာတွေလည်း ဖြစ်နိုင်တယ်..."
"အစောဆုံး မှတ်တမ်းတွေ စတင်ကတည်းကဆိုရင် ဒီလိုမျိုးဖြစ်တာ ဒါ ပထမဆုံးအကြိမ်ပဲ"
"ရဲချီယန်၊ ငါတို့ ဘာလုပ်သင့်တယ်လို့ မင်း ထင်လဲ"
ကျူရှင်းထူက မေးမြန်းလိုက်လေ၏။
"စားမယ်၊ သောက်မယ်၊ ပြီးတော့ ကိုယ်လုပ်စရာရှိတာ လုပ်မယ်လေ။ လူဘယ်လောက်လာလာ ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ။ ခင်ဗျားက သိပ်ပြီး စိုးရိမ်လွန်းနေတာပဲ။ ထိပ်ပြောင်သွားဦးမယ် သတိထားဦး"
ရဲချီယန်၏ မျက်နှာထက်၌ မည်သည့် အတုအယောင် စိတ်ခံစားမှုမျိုးကိုမျှ ကျူရှင်းထူ မမြင်တွေ့လိုက်ရပေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာက သူ တကယ် တွေးနေသည့်အရာ အတိအကျပင် ဖြစ်သောကြောင့်တည်း။
"ဒါ့အပြင် ကျွန်တော့်ကိုပဲ လာပြောပြနေမယ့်အစား လူတိုင်းသိသွားအောင် ချက်ဘောက်စ်ထဲမှာသာ တင်လိုက်တာက ပိုကောင်းလိမ့်မယ်။ ခင်ဗျား လိုချင်တဲ့ အဖြေကိုများ ရလာနိုင်မလားလို့"
သူက ပင်ပန်းနွမ်းနယ်စွာဖြင့် သမ်းဝေလိုက်လေ၏။ သူ၏ဘေးနားရှိ လီဆက်နှင့် မျက်ရည်နီတို့က သူ့ကို ကျူရှင်းထူနှင့် တိတ်ဆိတ်စွာ ခြားနား ပိုင်းခြားပေးလိုက်ကြသည်။
"ဘော့စ်... အိပ်ပျော်တော့မယ့် သူတစ်ယောက်ကို အခက်တွေ့အောင် မလုပ်တာ ပိုကောင်းလိမ့်မယ်ဗျ။ ကျွန်တော် အရမ်း ပင်ပန်းနေပြီ..."
ရဲချီယန်၏ ပုံရိပ်က ရထားအတွင်းသို့ ဝင်ရောက်သွားလေတော့သည်။
ကျန်ရစ်နေခဲ့သော ကျူရှင်းထူသည် မည်သို့မျှ တွေးတော တုံ့ဆိုင်းနေခြင်း မရှိဘဲ သူမ၏ မူလသွင်ပြင်လက္ခဏာသို့ ပြန်လည်ရောက်ရှိသွားလေ၏။
သူမက သူမ၏ စနစ် အလင်းမျက်နှာပြင်ကို ဖွင့်လိုက်ပြီး အင်ပါယာအမိန့်တော် အဖွဲ့အစည်းမှ အဖွဲ့ဝင်များအတွက် သီးသန့်ဖြစ်သော ချက်ဘောက်စ်ထဲသို့ သတင်းစကားအသစ် တစ်ခုကို ပေးပို့လိုက်လေသည်။
【"@အဖွဲ့ဝင်အားလုံး - ဒီကနေစပြီး လွင်တီးခေါင်ပြင်ရက် ဆယ်ရက် ကြာပြီးတဲ့နောက် ရထားမောင်းနှင်သူ တစ်သန်းပါဝင်တဲ့ အသုတ်တစ်သုတ် လွင်တီးခေါင်ပြင်ထဲကို ဝင်ရောက်လာပါလိမ့်မယ်။ ဒါက လွင်တီးခေါင်ပြင်ထဲကို လူတွေ စောစီးစွာ ဝင်ရောက်လာတဲ့ ပထမဆုံးအကြိမ်ပါပဲ"】
ဤသတင်းစကားသည် အင်ပါယာအမိန့်တော် အဖွဲ့ဝင်တိုင်း၏ထံသို့ ရောက်ရှိသွားခဲ့လေ၏။
သေချာပေါက် သူတို့အထဲတွင် ရဲချီယန် ပါဝင်သလို ကျောက်လင်လည်း ပါဝင်ပေသည်။
"ကျေးဇူးတင်ပါတယ်... ငါ မင်းဆီက အဖြေကို ရသွားပါပြီ"