အခန်း (၄၉၇-၄၉၈)
Vol. 43 Ch. 497-498
အခန်း ၄၉၇
ဆော်လမွန် မြို့တော်၏ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်များက အရှိန်အဟုန်ပြင်းစွာဖြင့် လုပ်ဆောင်နေလျက်ရှိ၏။
ကျန်ရစ်နေသေးသော ရန်သူများသည် နေရာအနှံ့အပြား၌ ပုန်းအောင်းနေခဲ့ကြလေသည်။
အလွန်တရာ နည်းပါးလှသော သွေးစုပ်ဖုတ်ကောင် ရထားမောင်းနှင်သူ အရေအတွက် အနည်းငယ်မျှသာလျှင် သူတို့၏ ကိုယ်ပိုင်ရထားများကို အသုံးပြု၍ ဤနေရာမှနေ၍ လွတ်မြောက်သွားနိုင်ခဲ့ကြပေသည်။
"မြန်မြန်... မြန်မြန်လုပ်ကြစမ်း။ ကျစ်... ဒီကျိန်စာသင့် လူသားတွေက ငါတို့ကို တကယ်ပဲ အဆုံးထိ လိုက်ဖမ်းနေကြတာပဲ"
"ဒီဘက်ကို... မြန်မြန် ဝင်လာခဲ့။ အရင်ကတည်းက ဒီနေရာကို ငါ တိတ်တိတ်လေး လာစုံစမ်းထားပြီးပြီ။ စစ်ကြောရေးခုံရုံးက ဟိုအရူးတွေက ဒီအဆောက်အအုံနားကို လာကြမှာ မဟုတ်ဘူး။ သူတို့ ဒီနေရာကို ရောက်လာခဲ့ရင်တောင်မှ အဆောက်အအုံကို ပတ်ပြီးပဲ သွားကြလိမ့်မယ်"
"ဒီအဆောက်အအုံထဲမှာ ပြဿနာ တစ်ခုခုများ ရှိမနေနိုင်ဘူးလား"
"သေရတာထက်တော့ ကောင်းပါသေးတယ်ကွာ။ မြန်မြန်လုပ်၊ ငါတို့တွေ ခေါင်မိုးထက်ကို သွားကြမယ်။ အဲ့ဒီမှာ စောင့်ကြည့်ရေးစခန်း တစ်ခု လုပ်ထားပြီးရင် ဆယ်ရက်လောက်နေလို့ အခြေအနေ ငြိမ်သွားတဲ့အခါကျမှ ရထားတွဲ လဲလှယ်ရေးဌာနဘက်ကို တိတ်တိတ်လေးသွားပြီး ရထားတစ်စင်းကို လုယူပြီး ထွက်ပြေးကြတာပေါ့"
သူတို့၏ ရထားများ လုံးလုံးလျားလျား ပျက်စီးသွားခဲ့ပြီဖြစ်သော ပိန်ပိန်ပါးပါး တစ်ယောက်နှင့် ဝဝဖိုင့်ဖိုင့် တစ်ယောက်ဖြစ်သည့် သွေးစုပ်ဖုတ်ကောင် ရထားမောင်းနှင်သူ နှစ်ဦးသည် အမှောင်တိကျနေသော အဆောက်အအုံကြီးအတွင်းသို့ လျှောက်ဝင်သွားကြလေ၏။
ပိန်ပိန်ပါးပါး သွေးစုပ်ဖုတ်ကောင် ပြောခဲ့သည့်အတိုင်းပင် မည်သူကမျှ ဤနေရာသို့ လာရောက် စစ်ဆေးခြင်း မရှိခဲ့ချေ။
သူတို့ကို လိုက်လံရှာဖွေနေကြသော စစ်ကြောရေးခုံရုံးမှ သာမန် စစ်ကြောရေးမှူးများသည် ဤနေရာသို့ ရောက်ရှိလာချိန်တွင်ပင် အဆောက်အအုံ၏ အပြင်ဘက်၌ ရပ်တန့်သွားခဲ့ကြကာ လူတိုင်း၏ မျက်နှာထက်၌ တုံ့ဆိုင်းနေမှုများဖြင့် ပြည့်နှက်နေခဲ့လေသည်။
"အဲ့ဒီကောင်နှစ်ကောင်က သေချာပေါက် ဒီထဲကို ပြေးဝင်သွားတာပဲ။ ကျစ်... ဘယ်သူမှ ဒီအဆောက်အအုံကို မနှောင့်ယှက်ရဘူးလို့ တရားသူကြီးချုပ်က အမိန့်ပေးထားခဲ့တယ်လေ"
"တောက်... ဒီကောင်နှစ်ကောင်ကြောင့်နဲ့များ ငါတို့က တရားသူကြီးချုပ်ရဲ့ အနားယူနေမှုကို အနှောင့်အယှက် ပေးရတော့မှာလား"
"ထားလိုက်တော့... အထဲကို ဝင်ကြစို့။ အမိန့်ကို ဖီဆန်ရာရောက်ရင်တောင်မှ အဲ့ဒီကောင်နှစ်ကောင်ကို ငါတို့ ဆွဲထုတ်လာရမယ်"
"တော်ကြစမ်းပါ။ တရားသူကြီးချုပ်ရဲ့ အမိန့်ကို မဖီဆန်ကြနဲ့။ မင်းတို့က အထက်အမိန့်ကို ဖီဆန်ချင်နေကြတာလား"
"ဒါပေမဲ့"
"အမိန့်တစ်ခုက ဘယ်လောက်ပဲ ယုတ္တိမတန်ဘူးလို့ ထင်ရပါစေ အဲ့ဒါက အမိန့်ပါပဲ။ ထွက်ပေါက်တွေကို ဝိုင်းထားဖို့ လူအနည်းငယ်ကို လွှတ်လိုက်ပြီး ဒီနေရာရဲ့ လေပိုင်နက်ကို ချက်ချင်း ပိတ်ဆို့လိုက်ပါ။ အဲ့ဒီကောင်နှစ်ကောင် လွတ်မသွားနိုင်ပါဘူး"
နောက်ဆုံးတွင်တော့ သူတို့သည် အဆောက်အအုံအတွင်းသို့ ဝင်ရောက်လာခြင်း မရှိခဲ့ကြပေ။
အထပ်မြင့် အဆောက်အအုံအတွင်းရှိ ထိုသွေးစုပ်ဖုတ်ကောင် နှစ်ဦးကလည်း ဤအရာအားလုံးကို မြင်တွေ့လိုက်ကြရလေ၏။
"အစ်ကို... ဒီနေရာမှာ တကယ်ပဲ တစ်ခုခုများ ရှိနေတာလား။ သရဲများ ရှိနေနိုင်မလား"
"မင်းက အရူးလား။ ငါတို့ကိုယ်တိုင်က သရဲတွေပဲလေ... သွေးစုပ်ဖုတ်ကောင်တွေကွ။ ဘာကို ကြောက်နေရတာလဲ။ ကျစ်... ဘာကြီးပဲဖြစ်နေပါစေ၊ ငါတို့လမ်းကို လာပိတ်ရင် သေဖို့ပဲ။ မြန်မြန်သွားစမ်းပါ၊ ဒီနေရာမှာ သွေးအိတ်အဖြစ် သုံးဖို့ လူသေအလောင်း နှစ်လောင်း သုံးလောင်းလောက်များ ရှာတွေ့နိုင်မလားလို့"
သူတို့က အပေါ်ထပ်ဆီသို့ ဆက်လက် တက်သွားခဲ့ကြပြီး နောက်ဆုံးတွင်တော့ အဆောက်အအုံ၏ ခေါင်မိုးထက်ရှိ တံခါးပေါက်ဆီသို့ ရောက်ရှိသွားကြလေသည်။
ဝဝဖိုင့်ဖိုင့် သွေးစုပ်ဖုတ်ကောင်က တံခါးကို ခြေထောက်ဖြင့် ကန်ဖွင့်လိုက်၏။
သူတို့၏ မျက်စိရှေ့၌ မြင်တွေ့လိုက်ရသည်မှာ အဖြူရောင်စစ်စစ် ရထားကြီးတစ်စင်းပင် ဖြစ်လေတော့သည်။
"ချီးတဲ့မှပဲ... အစ်ကို။ ရထားကြီးဟ"
"ရထားလား။ ဟားဟားဟား... တကယ်ကြီး ရထားပဲကွ။ ပြီးတော့ တော်တော်လေးလည်း တိတ်ဆိတ်နေတာဆိုတော့ ဘယ်သူမှ စောင့်မနေဘူးဆိုတာ ငါ လောင်းရဲတယ်။ ငါတို့တော့... ဟင်... ဒီအနီရောင်အလင်းက ဘာကြီးလဲ"
ပိန်ပိန်ပါးပါးနှင့် ဝဝဖိုင့်ဖိုင့် သွေးစုပ်ဖုတ်ကောင် နှစ်ဦး၏ ခြေရင်း၌ အနီရောင် ပစ်မှတ် သတ်မှတ်ထားသော အလင်းကွင်းတစ်ခု ပေါ်ထွက်လာခဲ့လေ၏။
ကလစ်...
သေနတ်ပြောင်းဝဆီမှနေ၍ လေဆာအမြောက်၏ အလင်းတန်းတစ်ခု ပစ်ခတ် ထွက်ပေါ်လာခဲ့သည်။
ထိုသွေးစုပ်ဖုတ်ကောင် နှစ်ဦးသည် အော်ဟစ်သံ တစ်ချက်လေးမျှပင် မပြုလုပ်နိုင်လိုက်ဘဲ ပြာပုံအဖြစ်သို့ ပြောင်းလဲသွားကြလေတော့၏။
ရထား၏ အရှေ့ပိုင်း၌ မလှုပ်မယှက် တိတ်ဆိတ်စွာ ရပ်နေခဲ့သော အီဗ်က သူမ၏ လက်နက်ကို သိမ်းဆည်းလိုက်ပြီး တိတ်ဆိတ်စွာပင် ဆက်လက် နေထိုင်နေခဲ့လေသည်။
သို့သော်လည်း သေနတ်ပစ်ခတ်သံက နောက်ဆုံးတွင် ရထားတွဲအတွင်းသို့ ရောက်ရှိသွားသောကြောင့်ဖြစ်စေ သို့မဟုတ် ရထားတွဲအတွင်းရှိ ဇိမ်ခံ အိပ်မက် ကုတင်ထက်မှ လူငယ်လေးသည် လုံလောက်စွာ အိပ်စက်ပြီးသွားသောကြောင့်ဖြစ်စေ...
ရဲချီယန်က မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်လေတော့သည်။
【ကိုယ်ခံစွမ်းအား - ၂၂၀】 【စိတ်စွမ်းအား - ၃၀၀ (အမှန်နှင့် အတုအယောင်ကို မျက်မြင်တွေ့ရှိခြင်း) (အဆုံးသတ်၏ အရိပ်)】
"ဒီတစ်ခါ ငါ အိပ်ပျော်သွားတာ ဘယ်လောက်တောင် ကြာသွားလဲ"
ဘေးနား၌ စောင့်ဆိုင်းနေသော လီဆက်က ဘယ်ဘက်လက်မှ လက်နှစ်ချောင်းနှင့် ညာဘက်လက်မှ လက်နှစ်ချောင်းကို ထောင်ပြလိုက်လေ၏။
"နှစ်ရက်နဲ့ နှစ်ညပါ"
"အဲ့ဒီလောက်တောင် ကြာသွားတာလား။ ဒီတစ်ခါတော့ ငါ တကယ်ကို အတော်လေး ပင်ပန်းသွားခဲ့တာပဲ"
ရဲချီယန်က ပျင်းရိစွာဖြင့် အကြောဆန့်လိုက်လေသည်။
သူ၏ အသံက ယခင်က လုံးဝ တိတ်ဆိတ်နေခဲ့သော ရထားကြီးကို တစ်ဖန် ပြန်လည် အသက်ဝင်လာစေခဲ့၏။
ဝေါလီက ကုတင်ဘေးသို့ ပြေးလာပြီး ဗိုက်စင်သီး ဖျော်ရည်တစ်ခွက်ကို သူ့ထံသို့ ကမ်းပေးလိုက်လေသည်။
တစ်ငုံခန့် သောက်လိုက်ပြီးနောက် သူက များစွာ ပိုမို လန်းဆန်းတက်ကြွလာကြောင်း ခံစားလိုက်ရ၏။
မျက်နှာသစ်ကာ ဗိုက်ဖြည့်လိုက်ပြီးနောက်...
ရဲချီယန်က ရထားအတွင်းမှနေ၍ အပြင်သို့ ထွက်လာခဲ့လေသည်။
ကောင်းကင်ယံ၌ ဟိုဟိုဒီဒီ ပျံသန်းနေကြသော အမျိုးမျိုးသော စက်ကိရိယာများနှင့် အရပ်မျက်နှာ အသီးသီး၌ အမြန်ဆုံး အရှိန်အဟုန်ဖြင့် ပြန်လည်တည်ဆောက်နေသည့် ဆော်လမွန် မြို့တော်ကို ကြည့်ရှုရင်း သူက ပြုံးလိုက်လေ၏။
"အချိန်အကြာကြီး အိပ်စက်ပြီးသွားတော့ နောက်ဆုံးမှာ ငါ့ရဲ့ ဆုလာဘ်တွေကို စစ်ဆေးဖို့ အချိန်ရပြီပဲ"
ဤတစ်ကြိမ် သူ၏ ရရှိလာမည့် ပစ္စည်းများကို အတည်မပြုရသေးသော်ငြား အနည်းဆုံး ပစ္စည်းသုံးခုခန့်တော့ ရှိနေသင့်ကြောင်းကို သူ သိရှိထားခဲ့လေသည်။
သွေးစုပ်ဖုတ်ကောင် မဟုတ်သူများဘက်မှ တာဝန်ကို ပြီးမြောက်အောင်မြင်ခြင်းက တစ်ခု။
အမဲလိုက်ခြင်း လက်စွပ်ကွင်းကို သူ အသုံးပြုပြီးနောက် ပျောက်ကွယ်သွားခဲ့သော ဝိညာဉ်အသိထံမှရရှိသည့် နောက်ဆုံး လက်ဆောင်က ဒုတိယတစ်ခု။
နောက်ဆုံးအနေဖြင့် 【လေပြင်း】 ၏ စမ်းသပ်မှု ပြီးမြောက်အောင်မြင်ခြင်းက တတိယမြောက် ဆုလာဘ်ပင် ဖြစ်လေသည်။
ရဲချီယန်က သူ၏ စနစ်ကို ဖွင့်လိုက်၏။
တစ်ခဏအတွင်း၌ပင် သူ၏ မျက်စိရှေ့၌ အလင်းမျက်နှာပြင်များက တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့လေတော့သည်။
【ဒင်... ဒင်... ဒင်... သွေးစုပ်ဖုတ်ကောင် မဟုတ်သော အဖွဲ့အစည်းများ၏ တာဝန် ပြီးမြောက်အောင်မြင်ပါသည်】
【ရထားမောင်းနှင်သူ အမှတ်စဉ် - E-3-1102 · ရဲချီယန်】
【ဤတာဝန်အတွင်း သင်သည် များစွာသော စွမ်းဆောင်မှုများကို ပြုလုပ်ခဲ့ပါသည်】
【သင့် တာဝန် အဆင့်သတ်မှတ်ချက်မှာ EX+-+ ဖြစ်ပါသည်】
【အဆင့်သတ်မှတ်ခြင်း လုပ်ငန်းစဉ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်】
【သွေးစုပ်ဖုတ်ကောင် နတ်ဘုရား၏ ဒုတိယမြောက် နှလုံးသားကို ရှာဖွေတွေ့ရှိခဲ့ခြင်း၊ တတိယမြောက် နှလုံးသားကို ဖျက်ဆီးပစ်ခဲ့ခြင်း၊ သွေးစုပ်ဖုတ်ကောင် နတ်ဘုရား၏ နောက်ဆုံး ပင်မကိုယ်ထည်ကို ချေမှုန်းပစ်ခဲ့ခြင်းနှင့် အဆုံးအဖြတ် တိုက်ခိုက်မှုကို ပြုလုပ်ခဲ့ခြင်း】
【သွေးစုပ်ဖုတ်ကောင် မင်းသား အဲလ်ဖရက်ဒ်ကို သတ်ဖြတ်ခဲ့ခြင်း】
【အဆင့်မြင့် သွေးစုပ်ဖုတ်ကောင်များကို သတ်ဖြတ်ခဲ့ခြင်း...】
【မကောင်းဆိုးဝါးများကို သတ်ဖြတ်ခဲ့ခြင်း...】
【ဤအချက်များအပေါ် အခြေခံ၍ သင်ရရှိလာသော ဆုလာဘ်များမှာ...】
【ထာဝရ သွေး】
【ထို့ပြင် နတ်ဘုရား အမှတ်စဉ် — A-11 — သွေးစုပ်ဖုတ်ကောင် ကို သတ်ဖြတ်ရာတွင် သင်သည် ကြီးမားလှသော ပံ့ပိုးကူညီမှုကို ပြုလုပ်ခဲ့ပါသည်】
【ထို့ကြောင့် စနစ်က ပြန်လည် သိမ်းဆည်းရယူထားသော အတုအယောင် နတ်ဘုရား၏ စွမ်းအား တစ်စိတ်တစ်ပိုင်းကို သင့်အတွက် 【အမြုတေ · သွေး】 အဖြစ်သို့ ပြောင်းလဲပေးခဲ့ပြီး သင့် စာတိုက်ပုံးထဲသို့ ပေးပို့လိုက်ပါပြီ။ ကျေးဇူးပြု၍ စစ်ဆေးကြည့်ပါ】
"မဆိုးဘူး... မဆိုးဘူးပဲ။ တစ်ကြိမ်တည်းနဲ့ ဆုလာဘ် နှစ်ခုကို ရလိုက်တာ။ အဆင့် A နတ်ဘုရားရဲ့ အမြုတေက အမည်တောင်မှ ကွာခြားနေတာလား။ စိတ်ဝင်စားစရာပဲ"
ဘာပဲဖြစ်ဖြစ် အဆင်ပြေသွားတာပါပဲလေ။ ဆုလာဘ်များ အားလုံးက ယခုအခါ စာတိုက်ပုံးထဲသို့ ရောက်ရှိနေပြီ ဖြစ်၏။
ယခုမူ ဒုတိယတစ်ခုအတွက် အချိန်ကျရောက်လာခဲ့ချေပြီ။
စာတိုက်ပုံးကို ဖွင့်လိုက်ပြီးနောက် ရဲချီယန်၏ အကြည့်များက အတွင်းရှိ စနစ် အီးမေးလ် နှစ်စောင်ပေါ်သို့ ကျရောက်သွားလေသည်။
【အမဲလိုက်ခြင်း လက်စွပ်ကွင်း၏ လက်ဆောင်】
【တစ်ချိန်က သူသည် ကမ္ဘာ့အဆုံးသတ်အတွင်း၌ သူ၏ ကိုယ်ပိုင်ကမ္ဘာကို ကာကွယ်ရန် ကျရှုံးခဲ့ဖူးပါသည်】
【သင်က သူအတွက် ဤဆန္ဒကို ဖြည့်ဆည်းပေးခဲ့ပြီး သူသည်လည်း သူ၏ ကိုယ်ပိုင် ကယ်တင်ခံရခြင်းကို ရရှိသွားခဲ့ပြီ ဖြစ်ပါသည်】
【အတွင်းရှိ ကမ္ဘာ့ဝိညာဉ်မှာ ပျက်စီးဆုံးရှုံးသွားခဲ့ပြီ ဖြစ်ကာ ဤသည်မှာ သူက သင့်အတွက် ချန်ထားရစ်ခဲ့သောအရာ ဖြစ်သည်။ ထိုကမ္ဘာ၏ အတိတ်မှ ခြေရာများနှင့်... လက်ဆောင်တစ်ခု ဖြစ်ပါသည်】
【GT - ကမ္ဘာ့အဆုံးသတ် ပုံစံကြမ်း (မပြည့်စုံပါ) (၁/၁)】
【လိုအပ်ချက်များ - GT မှတ်ဉာဏ်သတ္တု × ၁၀၀၀၀၊ GT အထူး ကမ္ဘာ့အဆုံးသတ် အမြုတေ × ၁၊ GT အထူး ထာဝရ အစိတ်အပိုင်း × ၁၀၀၀၊ နတ်ဘုရား အမြုတေ × ၄】
【GT - ကမ္ဘာ့အဆုံးသတ်】
【ဤသည်မှာ မည်သည့်အခါကမျှ ထုတ်လုပ်နိုင်ခဲ့ခြင်း မရှိသော GT စက်ယန္တရား သုတေသနဌာနမှ နောက်ဆုံး စမ်းသပ် လက်ရာတစ်ခု ဖြစ်ပါသည်】
【GT စက်ယန္တရား သုတေသနဌာနက သူသည် အမဲလိုက်ခြင်း လက်စွပ်ကွင်းကို ကျော်လွန်ကာ ကမ္ဘာ့အဆုံးသတ်ကို အမဲလိုက်နိုင်ရုံသာမက ကမ္ဘာ့အဆုံးသတ်အပြင် အချို့သော အမည်မသိ တည်ရှိမှုများနှင့် ယှဉ်တွဲ နေထိုင်နိုင်ရန်အတွက် ကမ္ဘာကြီး၏ အပြင်ဘက်ရှိ လွင်တီးခေါင်ပြင်အတွင်းသို့ ဝင်ရောက်နိုင်လိမ့်မည်ဟု ယုံကြည်ထားခဲ့ကြပါသည်】
【သူသည် ကမ္ဘာ့အဆုံးသတ်အတွင်းရှိ နောဧသင်္ဘောကြီး ဖြစ်လာနိုင်ကောင်း ဖြစ်လာနိုင်မည်လော】
【GT စက်ယန္တရား သုတေသနဌာနမှ အမြင့်ဆုံးအဆင့် သုတေသီ၏ နောက်ဆုံးစကားများ - "သူမှာ ငါတို့ မသိနိုင်တဲ့ အချို့သော ကုန်ကြမ်းတွေနဲ့ စွမ်းအားတွေ လိုအပ်နေသေးတယ်..."】
【"ဒါက လုံးလုံးလျားလျားကို မူလပုံစံကြမ်း သက်သက်၊ သဘောတရားတစ်ခု သက်သက်မျှသာ ဖြစ်ပြီး ဘယ်လောက်ပဲ အကြမ်းပတမ်း အင်အားသုံးသုံး ငါတို့ ဘယ်လိုမှ ထုတ်လုပ်လို့ မရနိုင်တဲ့ 【ကမ္ဘာ့အဆုံးသတ် စက်ယန္တရား】 ပါပဲ"】
【"ဒီနောက်ဆုံး စွမ်းအားက ဘာလဲဆိုတာကို ငါတို့ ရှာမတွေ့နိုင်ခဲ့ဘူး"】
【"GT... မဟုတ်ဘူး၊ GT ဆိုတာက သူ့ရဲ့ ရှေ့ဆက်အဖြစ် အသုံးပြုခံရဖို့ မထိုက်တန်ဘူး"】
【မှတ်ချက်။ ။ GT ကမ္ဘာ့အဆုံးသတ် အမြုတေမှာ ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်ပါသည်။ ဤအမြုတေသည် တစ်ခုတည်းသော သီးသန့် အမြုတေ ဖြစ်ပါသည်】
【မှတ်ချက် ၂။ ။ ဤအမြုတေသည် အဆင့် ၁၂ ဘူတာရုံကမ္ဘာ - စက်ယန္တရား နိုင်ငံတော် ထဲတွင် ပျောက်ဆုံးနေပါသည်】
【မှတ်ချက် ၃။ ။ ဤပုံစံကြမ်းတွင် ထိုကမ္ဘာအတွက် ကိုဩဒိနိတ်များ ပါဝင်ပါသည်။ လက်ရှိ သင့်အဆင့်ဖြင့် ထိုကမ္ဘာအတွင်းသို့ ဝင်ရောက်၍ မရနိုင်ပါ။ မစမ်းသပ်ပါနှင့်】
【မှတ်ချက် ၄။ ။ ဤပုံစံကြမ်းကို အောင်မြင်စွာ ဖန်တီး၍ မရနိုင်သလို တစ်ကြိမ်တည်းသာ အသုံးပြုနိုင်ပါသည်】
အခန်း ၄၉၈ - 【ကမ္ဘာ့အဆုံးသတ်၏ ခရာ】
"GT လား"
"ဒီစီးရီးပဲ ပြန်ဖြစ်နေတာကိုး"
"တွေးကြည့်လိုက်တော့ အမဲလိုက်ခြင်း လက်စွပ်ကွင်းကိုလည်း ကမ္ဘာ့အဆုံးသတ်ကို ဆန့်ကျင်ဖို့အတွက် ဒီကမ္ဘာကပဲ ဖန်တီးခဲ့တာ။ ဒါပေမဲ့လည်း... ကျရှုံးသွားခဲ့တာလား။ မဟုတ်သေးဘူး"
ရဲချီယန်က ခေါင်းခါယမ်းလိုက်လေ၏။
"ကျရှုံးခဲ့တာ မဟုတ်ဘူး၊ အချိန်နည်းနည်း နောက်ကျသွားရုံလေးတင်"
"တကယ်လို့များ သူတို့သာ အမဲလိုက်ခြင်း လက်စွပ်ကွင်းကို စောစောစီးစီး ဖန်တီးနိုင်ခဲ့ရင် အဲ့ဒီကမ္ဘာကြီးက ရှင်သန်လွတ်မြောက်နိုင်ကောင်း လွတ်မြောက်နိုင်လိမ့်မယ်"
GT စီးရီး စက်ယန္တရားများနှင့် အမဲလိုက်ခြင်း လက်စွပ်ကွင်း...
ဤအရာများကို ဖန်တီးနိုင်စွမ်းရှိသော ကမ္ဘာကြီးသည် လုံလောက်အောင် အစွမ်းထက်နေခဲ့ကြောင်း ယုံမှားသံသယဖြစ်ဖွယ် မရှိသော်ငြား နောက်ဆုံးတွင်တော့ ကမ္ဘာ့အဆုံးသတ်ကို မကျော်လွန်နိုင်ခဲ့ပေ။
ထိုအနက်ရောင်အရိပ်ကြီး၏ ပုံရိပ်က ရဲချီယန်၏ စိတ်ထဲ၌ ရုတ်တရက် ပေါ်လာခဲ့လေ၏။
တကယ်လို့များ ထိုကောင် ဖန်တီးခဲ့တဲ့ ကမ္ဘာ့အဆုံးသတ်သာဆိုရင်... အမဲလိုက်ခြင်း လက်စွပ်ကွင်းက အဲ့ဒီအရာကို အမဲလိုက်ရာမှာ တကယ်ပဲ အောင်မြင်နိုင်ပါ့မလား။
"ဟူး... လောလောဆယ်တော့ ဖန်တီးလို့ မရသေးဘူးပေါ့။ စွမ်းအားလိုအပ်နေတဲ့ မူလပုံစံကြမ်း သက်သက်တဲ့လား။ ဒါဆိုရင်... အဆင့်မြင့် အသွင်ကူးပြောင်းလိုက်ရင်ရော ဘယ်လိုနေမလဲ"
ရဲချီယန်၏ အကြည့်များက သူ၏ဘေးနား၌ ပြုံးလျက် ရပ်နေသော လီဆက်ထံသို့ မသိလိုက်မသိဘာသာ ရောက်ရှိသွားလေ၏။
"သင့်တော်တဲ့ အချိန်တစ်ခု ရှာပြီး စမ်းကြည့်ရမယ်"
လက်ဆောင်များကို ကြည့်ရှုပြီးသွားချိန်တွင် နောက်ဆုံး အီးမေးလ်အတွက် အချိန်ကျရောက်လာခဲ့ချေပြီ။
【လေပြင်း ၏ စမ်းသပ်မှု】
စမ်းသပ်မှုဟု အမည်ရသော ကမ္ဘာ့အဆုံးသတ်တစ်ခု။ ကမ္ဘာ့အဆုံးသတ်ကို အမဲလိုက်သူ တစ်ဦးအနေဖြင့် ရဲချီယန်က သူ မည်သည့်အရာများ ရရှိနိုင်မည်ကို မျှော်လင့်စောင့်စားနေခဲ့လေသည်။
သူ ရရှိမည့်အရာသည် ကျောက်ရှီး ရရှိမည့်အရာနှင့် သိပ်ပြီး ကွာခြားလှမည် မဟုတ်ကြောင်းကို သူ ခန့်မှန်းမိ၏။
မည်သို့ပင်ဖြစ်စေ အမဲလိုက်ခြင်း လက်စွပ်ကွင်းက သူနှင့် ကျောက်ရှီးအကြား တစ်ဝက်စီ ခွဲဝေ ပေါင်းစပ်ခဲ့ခြင်း ဖြစ်လေသည်။
အီးမေးလ်ကို ဖွင့်လိုက်သည့် အခိုက်အတန့်လေး၌ပင် ရဲချီယန်၏ သူငယ်အိမ်များက ကျုံ့ဝင်သွားလေတော့သည်။
【ကမ္ဘာ့အဆုံးသတ်၏ ခရာ】
【သူ့ကို မှုတ်လိုက်ပါ၊ ကမ္ဘာကြီးကို လေပြင်းများ လွှမ်းခြုံသွားစေလိုက်ပါ။ သင့်အသက်ကို တန်ဖိုးအဖြစ် ပေးဆပ်ရပါမည်】
【မှတ်ချက်။ ။ ကမ္ဘာတိုင်းတွင် ကိုယ်ပိုင် လေပြင်းများ ရှိကြသော်လည်း ကမ္ဘာတိုင်းက ပျက်စီးဆုံးရှုံးရန် ကံကြမ္မာ ပါလာသည်ဟု မဆိုလိုပါ】
【ရွေးချယ်မှုက သင့်အပေါ်၌သာ မူတည်ပါသည်】
ရဲချီယန်က သူ၏ ကုတင်ခေါင်းရင်း၌ ချိတ်ဆွဲထားသော ဆီမီးအိမ်လေးကို တိတ်ဆိတ်စွာ စိုက်ကြည့်နေလိုက်လေ၏။
【ကမ္ဘာ့အဆုံးသတ်၏ မီးရှူးမီးပန်းများ】
"ဒါက... တကယ်ပဲ ဒီလိုအရာမျိုးလား။ နေဦး... ကျောက်ရှီးရဲ့ ဆုလာဘ်ကရော ဒါမျိုးပဲ ဖြစ်နေမလား"
ဤသည်မှာ ကမ္ဘာ့အဆုံးသတ်နှင့် သက်ဆိုင်သည့် သူရရှိသော ဒုတိယမြောက် ပစ္စည်းပင် ဖြစ်လေသည်။
ကမ္ဘာ့အဆုံးသတ်ကို မိမိ၏ အသက်ဖြင့် မှုတ်ခေါ်ရမည်တဲ့လား။
ဒါဆိုရင်... အကန့်အသတ်ကျော်လွန်သူ လို့ အမည်ရတဲ့ မော်ဂျူးထဲမှာ 【သေဆုံးခြင်းကို ငြင်းဆန်မှု】 ဆိုတဲ့ စွမ်းရည် ပါဝင်နေတာက ဒီလိုအကြောင်းပြချက်ကြောင့်များလား။
သေဆုံးခြင်းကို ငြင်းဆန်မှုနဲ့အတူ ကမ္ဘာ့အဆုံးသတ်ရဲ့ လေပြင်းကို မှုတ်ခေါ်ပြီး ကမ္ဘာ့အဆုံးသတ်ရဲ့ မီးတောက်ကို ထွန်းညှိလိုက်မယ်ဆိုရင်...
ဒါဆို အကန့်အသတ်ကျော်လွန်သူ တစ်ယောက်က ကမ္ဘာ့အဆုံးသတ်ကို ဆောင်ကြဉ်းပေးနိုင်တာလား။ သူတို့က အထွတ်အထိပ် ဖြစ်လာနိုင်တာလား။
ကမ္ဘာ့အဆုံးသတ်ကြောင့် သူတို့ မသေနိုင်ဘူးဆိုတဲ့ အကြောင်းပြချက် တစ်ခုတည်းနဲ့လား။
ပျင်းစရာကောင်းလိုက်တာ...
တကယ်လို့များ အဲ့ဒီလိုသာဆိုရင်...
တကယ့်ကို အကြွင်းမဲ့ ပျင်းစရာကောင်းတာပဲ။
"ဒီဇိုင်းကတော့ တော်တော်လေး လှတာပဲ။ လီဆက်၊ အဲ့ဒါကို ဟိုဆီမီးအိမ်ဘေးမှာ သွားချိတ်ထားလိုက်။ အလှဆင်ပစ္စည်းအဖြစ်ပဲ သဘောထားလိုက်တော့"
"အာ... ဟုတ်သားပဲ၊ အလှဆင်တာနဲ့ ပတ်သက်ပြီး ပြောရရင်"
ရဲချီယန်က လက်ဖျစ်တစ်ချက် တီးလိုက်ကာ သူ၏ သိုလှောင်ခန်း အတွင်းမှ ဆူးနွယ်များ ရစ်ပတ်ထားသော အနောက်တိုင်းစတိုင် ဓားတစ်လက်ကို ထုတ်ယူလိုက်လေ၏။
အဲလ်ဖရက်ဒ်၏ 【ဆူးငြောင့် အိပ်မက်】 ပင်။
လူသားတစ်ဦးဖြစ်သော သူ၏အတွက် အသုံးမဝင်သော်ငြား သူ့ကို ရောင်းချပစ်ရန်လည်း မလိုအပ်ပေ။
ရဲချီယန်က ကုန်သွယ်ရေး ပလက်ဖောင်း ပေါ်မှ သာမန် အကြည်ရောင် အလှဆင် မှန်ဘောင်တစ်ခုကို ဝယ်ယူလိုက်ပြီးနောက် စိတ်စွမ်းအား ၁ မှတ်သာ သုံးစွဲ၍ ထိုမှန်ဘောင်ကို အဆင့် ၂ သို့ အဆင့်မြှင့်တင်လိုက်လေသည်။
အပြင်ပန်းသဏ္ဌာန်မှာ သိပ်ပြီး ပြောင်းလဲမသွားသော်လည်း ထွင်းထုထားသော အလင်းတန်း ပုံစံလေးတစ်ခု ထပ်တိုးလာခြင်းသာ ဖြစ်၏။
"ဒါကိုလည်း ချိတ်ဆွဲထားလိုက်ကြရအောင်။ ဘာပဲဖြစ်ဖြစ် သူက ငါ့လက်နဲ့ကိုယ်တိုင် သတ်ဖြတ်ခဲ့တဲ့ ပထမဆုံး ထိပ်တန်းအဆင့် ရထားမောင်းနှင်သူပဲလေ"
ရဲချီယန်က တရားသူကြီး ကတ်ပြားကို ထုတ်ယူအသုံးပြုကာ သူ့ကို ထွက်ပြေး၍ မရအောင် တားဆီးခဲ့သော်ငြား သွေးစုပ်ဖုတ်ကောင် တစ်ကောင်ဖြစ်သော အဲလ်ဖရက်ဒ်သည် သေဆုံးခြင်းကို ရင်ဆိုင်ရာတွင် သူကိုးကွယ်သည့် နတ်ဘုရားထက်ပင် ပို၍ ရဲရင့်ပြတ်သားနေခဲ့ခြင်းမှာ အံ့သြဖွယ်ကောင်းလှပေသည်။
သို့သော် သွေးစုပ်ဖုတ်ကောင် မင်းသား အဲလ်ဖရက်ဒ်သည် ပြိုင်ဘက်တစ်ဦးအနေဖြင့် မှတ်သားထိုက်သူ ဖြစ်လေသည်။
ရဲချီယန်က ပြကွက်မှန်ဘောင်ထက်၌ ရေးသားလိုက်၏။
【သွေးစုပ်ဖုတ်ကောင် မင်းသား · အဲလ်ဖရက်ဒ်】
"ဒါကို ဒီနေရာမှာပဲ ထားလိုက်ပါ။ ဒီဘက်မှာ တခြားဘာမှ မထားနဲ့။ ဘာပဲဖြစ်ဖြစ် နေရာလွတ်က လုံလုံလောက်လောက် ရှိပါတယ်။ နောင်ကျရင် ဒီမှာ တခြားတစ်ခုခု ထပ်ချိတ်စရာ ရှိလာနိုင်သေးတယ်"
လီဆက်က ခပ်ဖွဖွ ဦးညွှတ်လိုက်ပြီး မှတ်သားထားလိုက်လေ၏။
ယခုအခါ နောက်ဆုံး အီးမေးလ် နှစ်စောင်ကို ဖတ်ရှုပြီးသွားပြီ ဖြစ်ရာ တာဝန် ဆုလာဘ်များမှရရှိသော နောက်ဆုံး ရိတ်သိမ်းမှုအတွက် အချိန်ကျရောက်လာခဲ့ချေပြီ။
【ထာဝရ သွေး】
【အကျိုးသက်ရောက်မှု ၁ - အသုံးပြုပြီးနောက် ကိုယ်ခံစွမ်းအား ကန့်သတ်ချက်ကို ၁၀၀ မှတ် အမြဲတမ်း တိုးမြှင့်ပေးမည်ဖြစ်ပြီး မိမိကိုယ်ကို ကုသနိုင်သည့် စွမ်းရည်ကိုလည်း ကြီးမားစွာ တိုးတက်စေပါသည်】
【အကျိုးသက်ရောက်မှု ၂ - ထာဝရ သွေး】
【မှတ်ချက်။ ။ ဤသည်မှာ သွေးစုပ်ဖုတ်ကောင်များ ပိုင်ဆိုင်ထားသင့်သော စွမ်းအားတစ်ခု ဖြစ်ပါသည်။ စနစ်က ရထားမောင်းနှင်သူအတွက် သူအတွင်းမှ သွေးစုပ်ဖုတ်ကောင်နှင့် ပတ်သက်သော သဘောတရား အားလုံးကို ဖယ်ရှားပေးထားပြီးဖြစ်ရာ ဤသွေးကို လူသားများ အသုံးပြုနိုင်ပြီ ဖြစ်ပါသည်】
"အမှတ် တစ်ရာတောင်လား။ တော်တော်လေး ရက်ရောတာပဲ"
ရဲချီယန်၏ မျက်နှာထက်၌ ဝမ်းမြောက်မှု အရိပ်အယောင်များ ချက်ချင်း ထွက်ပေါ်လာခဲ့လေ၏။
သူ၏ လက်ရှိ ကိုယ်ခံစွမ်းအား ကန့်သတ်ချက်မှာ ၂၁၂ မှတ် ဖြစ်သည်။ ယခု ၁၀၀ ထပ်ပေါင်းထည့်လိုက်ပါက ၃၁၂ မှတ် ဖြစ်သွားပေမည်။
ဆိုလိုတာက...
"ငါ့ရဲ့ ကိုယ်ခံစွမ်းအားက စိတ်စွမ်းအားကို ပြန်ပြီး ကျော်လွန်သွားတော့မှာလား"
ဤဆုလာဘ်သည် တကယ့်ကို အထူးကောင်းမွန်လှပေသည်။ သူ၏အတွက်မူ ကိုယ်ခံစွမ်းအား ကန့်သတ်ချက် ၁၀၀ မှတ် တိုးလာခြင်းသည် ချန်ပီယံ ကိုယ်ဟန် ကို အသုံးပြုရန် မလိုဘဲ လှည့်စား ကစားခြင်း ဖြင့် ပြောင်းလဲလိုက်သော စိတ်စွမ်းအားကို ၁၀၀ မှတ် တိုးလာစေခြင်းနှင့် တူညီနေလေသည်။
မိမိကိုယ်ကို ကုသနိုင်စွမ်း အကျိုးသက်ရောက်မှုလည်း ထပ်တိုးပါရှိသေးရာ သူ၏ ရှင်သန်နိုင်စွမ်းကို ပို၍ပင် အားကောင်းလာစေမည် ဖြစ်၏။
"မဆိုးဘူး... မဆိုးဘူးပဲ ဟီးဟီး။ ပြီးခဲ့တဲ့ရက်တွေက ငါ ကြိုးစားခဲ့ရတာတွေနဲ့ တန်ပါတယ်။ ဒါပေမဲ့ အဆုံးသတ်က ထာဝရ သွေး စွမ်းရည်ဆိုတာက ဘာကို ဆိုလိုတာလဲ"
ဖော်ပြချက် မပါရှိဘဲ အမည်သာ ရှိနေခြင်းက... အတော်လေး ထူးဆန်းနေခဲ့သည်။
"စနစ်၊ ထာဝရ သွေး ဆိုတာက ဘာလဲ"
【အခွင့်အာဏာ မလုံလောက်ပါ။ ထုတ်ဖော် ပြောဆို၍ မရနိုင်ပါ။ ကျေးဇူးပြု၍ ရထားအဆင့်ကို မြှင့်တင်ပါ】
"ကောင်းပါပြီ... ငါ့အဆင့်က နိမ့်နေတယ်ဆိုတာကို ငါ သိပါတယ်။ မင်းက အမြဲတမ်း သတိပေးနေဖို့ မလိုပါဘူး"
ရဲချီယန်က ပခုံးတွန့်လိုက်ပြီး သူ၏ အကြည့်များကို နောက်ဆုံး ဆုလာဘ်ထံသို့ လှည့်လိုက်လေ၏။
【အမြုတေ · သွေး】
【မည်သည့် စက်ယန္တရား သက်ရှိကိုမဆို တပ်ဆင်ပေးပြီးနောက် ထိုစက်ယန္တရား သက်ရှိ၏ ကိုယ်ခံစွမ်းအား ကန့်သတ်ချက် ၁၀၀ မှတ် တိုးလာပါမည်】
【၁ - ထိုစက်ယန္တရား သက်ရှိအတွက် သီးသန့်ဖြစ်သော သွေး အမျိုးအစား စက်ယန္တရား လက်နက်တစ်ခုကို စုစည်း ပုံဖော်ပေးပါမည်】
【၂ - 【သွေး】 သဘောတရားကို ပိုင်ဆိုင်ထားသော မည်သည့် တည်ရှိမှုကိုမဆို ထိခိုက်ပျက်စီးမှု ပေးလိုက်တိုင်း ထိုစက်ယန္တရား သက်ရှိအတွက် ကိုယ်ခံစွမ်းအား ပြန်လည်ကောင်းမွန်စေသည့် အကျိုးသက်ရောက်မှုတစ်ခု ရရှိစေပါမည်】
【၃ - ခန္ဓာကိုယ် အရွယ်အစားပေါ် မူတည်၍ ထိုစက်ယန္တရား သက်ရှိအား တိုက်ပွဲအတွင်း အများဆုံး ၁၀၀% အထိ အမြန်နှုန်းနှင့် ခွန်အား အပိုဆုများ ထောက်ပံ့ပေးပါမည်။ အရွယ်အစား ကြီးမားလေ အမြန်နှုန်း လျော့နည်းလေဖြစ်ပြီး အရွယ်အစား သေးငယ်လေ ခွန်အား လျော့နည်းလေ ဖြစ်ပါမည်】
【၄ - အကယ်၍ ထိုစက်ယန္တရား သက်ရှိသည် အကန့်အသတ်ကျော်လွန်သူ အမျိုးအစား မော်ဂျူးတစ်ခုကို ပိုင်ဆိုင်ထားပါက ဤအမြုတေသည် ထိုမော်ဂျူး၏ စုပ်ယူခြင်းကို ခံရမည်ဖြစ်ပြီး မူလ ယုတ္တိဗေဒ ပြောင်းလဲသွားပါမည်】
【မှတ်ချက်။ ။ သင့် လက်ရှိအခြေအနေအပေါ် အခြေခံ၍ ဤအမြုတေကို အသုံးပြုရန် အကြံပြုထားသော စက်ယန္တရား သက်ရှိများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် - 】
【အကန့်အသတ်ကျော်လွန်သော ကြယ်ပွင့် · အီဗ်】
【အမဲလိုက် စက်ယန္တရားနဂါး】
【အထွတ်အထိပ်သို့ ရောက်ရှိနေသော · လီဆက်】
【လုံးဝ အကြံမပြုသော အရာ - ချောက်နက် စက်ယန္တရားကြီး】
အကျိုးသက်ရောက်မှုများစွာ ပါရှိသည့်အပြင် စက်ယန္တရား သက်ရှိများအတွက် ကန့်သတ်ထားသော်ငြား ထာဝရ သွေး ကဲ့သို့ပင် ကိုယ်ခံစွမ်းအား ကန့်သတ်ချက်ကို ၁၀၀ မှတ်အထိ တိုးမြှင့်ပေးလေသည်။
ထို့ပြင် စနစ်က အကြံပြုချက်များနှင့် အကြံမပြုသော အရာများကိုပင် တိုက်ရိုက် ဖော်ပြပေးထားသေး၏။
အီဗ်နှင့် အမဲလိုက် စက်ယန္တရားနဂါး တို့နှင့် ပတ်သက်၍မူ ရဲချီယန် နားလည်ထားသည်။ တစ်ခုက အကန့်အသတ်ကျော်လွန်သော ကြယ်ပွင့် မော်ဂျူးကို ပိုင်ဆိုင်ထားပြီး အခြားတစ်ခုက အကန့်အသတ်ကျော်လွန်သော နဂါးအဖြစ်သို့ ရိုးရှင်းစွာ အသွင်ပြောင်းလဲနိုင်သောကြောင့်ပင်။
ရှင်းလင်းစွာပင် စနစ်၏ ဆုံးဖြတ်ချက်မှာ ထိုနှစ်ခုသည် အကန့်အသတ်ကျော်လွန်သူ အမျိုးအစား မော်ဂျူးများကို ပိုင်ဆိုင်ထားခြင်းကြောင့်သာ သူတို့ကို အကြံပြုထားခြင်း ဖြစ်လေသည်။
ဒါပေမဲ့... လီဆက်တဲ့လား။
ရဲချီယန်က သူနှင့် အကြည့်ချင်းဆုံနေသော ဘေးနားရှိ အိမ်စေမလေးကို လှမ်းကြည့်လိုက်လေ၏။
လီဆက်မှာရော အကန့်အသတ်ကျော်လွန်ခြင်းနှင့် ပတ်သက်သည့် တစ်စုံတစ်ရာ ရှိနေလို့လား။
"အထွတ်အထိပ်... ဒါများ ဖြစ်နေမလား"
ထို့နောက် ဤပြင်းထန်စွာ အကြံမပြုသော အရာ။
ထိုကောင်... ချောက်နက် စက်ယန္တရားကြီး... သူက နတ်ဘုရားများ၏ စွမ်းအားကို အသုံးပြုရခြင်းကို မုန်းတီးသည်မှာ သေချာလှသော်လည်း ပိုမိုကြီးမားသော အကြောင်းရင်းမှာ 【ချောက်နက်】 ဆိုသော စကားလုံး၌ တည်ရှိနေသည်ဟု ရဲချီယန် ခံစားမိလေသည်။
"လီဆက်"
ရဲချီယန်က အမြုတေကို ထုတ်ယူလိုက်ပြီးနောက် တစ်ခဏမျှ တုံ့ဆိုင်းသွားကာ သူ၏ စတုတ္ထမြောက် စွမ်းရည် ဖော်ပြချက်ကို လှမ်းကြည့်လိုက်လေ၏။
"ထားလိုက်ပါတော့၊ နောင်ကျရင် မင်းအတွက် ပိုကောင်းတဲ့ဟာကို ငါ ရှာပေးပါ့မယ်"
ဘာပဲဖြစ်ဖြစ် လီဆက်ထံတွင် အကန့်အသတ်ကျော်လွန်သူ မော်ဂျူး အစစ်အမှန် ရှိမနေခဲ့ပေ။ ထို့ကြောင့် ဤစတုတ္ထမြောက် အကျိုးသက်ရောက်မှုကို လှုံ့ဆော်နိုင်မည် မဟုတ်ချေ။
ထို့ပြင် ရိုးသားစွာပြောရလျှင် အမဲလိုက် စက်ယန္တရားနဂါးကလည်း ဤ ကိုယ်ခံစွမ်းအား ကန့်သတ်ချက် ၁၀၀ မှတ် တိုးလာမှုကို တကယ်တမ်း လိုအပ်နေခြင်း မရှိပေ။ အကန့်အသတ်ကျော်လွန် မုဒ် တွင်ဖြစ်စေ၊ အခြားသော မုဒ်များတွင်ဖြစ်စေ သူက ကြီးမားကျယ်ပြန့်သော မဟာဗျူဟာမြောက် တိုက်ခိုက်မှုများဘက်သို့သာ ပိုမို တိမ်းညွတ်နေလေသည်။
သူ၏ အရွယ်အစားကို ထည့်ပြောစရာပင် မလိုတော့ချေ။ သန့်စင်သော ခွန်အားတိုးမြှင့်မှုကိုမူ သူမအား ပိုမို အရှိန်တင်ပေးနိုင်ရန်အတွက် အီဗ် ကို ပေးလိုက်ခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
ဒီလိုမှတော့လည်း...
"ငါ အီဗ်ကို အဆင့်မမြှင့်ပေးရတာ တော်တော်လေးတောင် ကြာသွားခဲ့ပြီပဲ"