← Chapters

အခန်း (၄၉၉-၅၀၀)

Vol. 43 Ch. 499-500

အခန်း (၄၉၉-၅၀၀)

Vol. 43 Ch. 499-500

အခန်း ၄၉၉ - အင်ပါယာအမိန့်တော် အဖွဲ့အစည်း စုဝေးခြင်း

ဆော်လမွန် မြို့တော်၏ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်များ စတင်လာသည်နှင့်အမျှ ဆိုင်အချို့နှင့် စားသောက်ဆိုင်များလည်း ပြန်လည် ဖွင့်လှစ်လာကြလေ၏။

မြို့တော်အတွင်း ထုတ်ပြန်ထားသော သတင်းအချက်အလက်များမှတစ်ဆင့် ရဲချီယန်က အချက်တစ်ချက်ကို သိရှိလိုက်ရပေသည်။

နှောင့်ယှက်ခံခဲ့ရသော ဆော်လမွန် မြို့တော်၏ အချိန်စီးဆင်းမှုသည် သူ ဖြတ်သန်းကြုံတွေ့ခဲ့ဖူးသော အဆင့်မြင့် ပလက်ဖောင်းကမ္ဘာများနှင့် မတူညီဘဲ လွင်တီးခေါင်ပြင်ဘက်က ပို၍ နှေးကွေးနေခြင်းမျိုး မဟုတ်ခဲ့ချေ။

ဤတစ်ကြိမ်တွင်မူ လုံးဝ ပြောင်းပြန်ဖြစ်နေကာ ဆော်လမွန် မြို့တော်ဘက်က ပို၍ နှေးကွေးနေခဲ့ခြင်းပင်။

ထိုနှေးကွေးမှုကလည်း တဖြည်းဖြည်း တိုးမြှင့်လာသော သဘောသဘာဝ ရှိလေ၏။

စစ်ပွဲကြီးက စုစုပေါင်း သုံးရက်ခန့်သာ ကြာမြင့်ခဲ့သော်လည်း လွင်တီးခေါင်ပြင်၌မူ ဆယ်ရက်နီးပါးခန့် အချိန်ကုန်လွန်သွားခဲ့ချေပြီ။

အထူးသဖြင့် ဆော်လမွန် မြို့တော်အတွင်းသို့ ရဲချီယန် ဝင်ရောက်လာခဲ့သည့် နောက်ဆုံး နှစ်ရက်တာ ကာလအတွင်း အချိန်စီးဆင်းမှု အချိုးအစားမှာ လွင်တီးခေါင်ပြင်နှင့် နှိုင်းယှဉ်ပါက ငါးဆမှ တစ်ဆ အထိပင် ရောက်ရှိသွားခဲ့လေသည်။

အကယ်၍သာ ဤစစ်ပွဲကြီး ဆက်လက် ဖြစ်ပွားနေမည်ဆိုပါက စစ်ပွဲပြီးဆုံးသွားချိန်၌ လွင်တီးခေါင်ပြင်တွင် တစ်လခန့်ပင် ကြာမြင့်သွားနိုင်ကြောင်း တွေးကြည့်ရုံမျှဖြင့် သိနိုင်ပေသည်။

ဤအရာက ရဲချီယန်အတွက် အနာဂတ် ပလက်ဖောင်းကမ္ဘာများ၌ စွန့်စားရချိန်တွင် ထိုကဲ့သို့သော အချိန်စီးဆင်းမှုနှုန်းမျိုးကို ကြုံတွေ့လာနိုင်ကြောင်း သတိပေးချက်တစ်ခု ဖြစ်လာခဲ့လေ၏။

ဝါရင့် ရထားမောင်းနှင်သူများစွာ ရုတ်တရက် ပျောက်ကွယ်သွားတတ်ခြင်းမှာ အံ့သြစရာ မဟုတ်တော့ချေ။ သူတို့ထဲမှ အချို့သည် ပလက်ဖောင်းကမ္ဘာများထဲ၌ စွန့်စားခန်း ဖွင့်နေဆဲ ဖြစ်နိုင်ပေသည်။

ဆော်လမွန် မြို့တော်၏ အကောင်းစားဆုံးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို ပထမဆုံး အပြီးသတ်နိုင်ခဲ့သည့် စားသောက်ဆိုင်ကြီး အတွင်း၌။

ယခုအခါ ဤနေရာတွင် စစ်ပွဲ၏ အရိပ်အယောင်လေးမျှပင် ကျန်ရှိမနေတော့ချေ။ လွန်ခဲ့သည့် တစ်ရက် နှစ်ရက်ခန့်က ဗုံးကြဲခံရပြီး အပျက်အစီးပုံကြီး အဖြစ်သို့ ရောက်ရှိနေခဲ့သည်ဟု တွေးကြည့်၍ပင် မရနိုင်တော့ပေ။

သို့သော်လည်း တည်ဆောက်ရေး မော်ဂျူးများကို ပိုင်ဆိုင်ထားကြသော ထိုရထားမောင်းနှင်သူများ၏ လက်ထဲတွင် ခမ်းနားထည်ဝါသော ရဲတိုက်ကြီးသဖွယ် ဟိုတယ်တစ်လုံးကို တည်ဆောက်ရန်အတွက် တစ်ရက်မျှသာ အချိန်ယူလိုက်ရလေ၏။

【၀၀၀ - ဘုရင်၏ သီးသန့်ခန်း】

ရဲချီယန်က သူ၏ နေရာ၌ ထိုင်ရင်း စိတ်လှုပ်ရှားနေသော အမူအရာဖြင့် ဝိုင်ခွက်ကို ကိုင်ထားကာ သာမန် မိန်းမငယ်လေး တစ်ဦးနှင့် ဆင်တူနေသော ကျူရှင်းထူကို ကြည့်ရှုနေလိုက်သည်။

သူမက အင်ပါယာအမိန့်တော် အဖွဲ့အစည်းကို တည်ထောင်ခဲ့ပြီး အမျိုးမျိုးသော အန္တရာယ်များသည့် စစ်ဆင်ရေးများကြား၌ နေ့ရက်များကို ကုန်ဆုံးစေခဲ့သူ တစ်ဦးဖြစ်ကြောင်း ယုံကြည်ရန် ခက်ခဲလွန်းလှပေသည်။

"ဘာဖြစ်လို့လဲ။ ထူးဆန်းနေလို့လား"

ရှာယာက ရဲချီယန်၏ ဘေး၌ ဝင်ထိုင်လိုက်ကာ သူမ၏ ဝိုင်ခွက်ဖြင့် သူ၏ ခွက်ကို တက်ကြွစွာ လှမ်းတိုက်လိုက်လေ၏။

"မဟုတ်ပါဘူး၊ အတော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ခံစားမိလို့ပါ"

ရှာယာက သူမ၏ ခွက်ထဲမှ ဝိုင်များကို မော့သောက်လိုက်ပြီး အနည်းငယ် ပြုံးလိုက်လေသည်။

"လူတိုင်းက ဘာတွေပဲ လုပ်ခဲ့လုပ်ခဲ့... ကျူရှင်းထူ ကိုယ်တိုင်တောင်မှ ဒီအရာအားလုံးကို မလုပ်ခင်က သာမန် လူသားတစ်ယောက် သက်သက်ပါပဲ"

"လူသားတစ်ယောက် ဖြစ်တဲ့အတွက် ပျော်ရွှင်မှုကို ခံစားရမယ်၊ စိတ်ဓာတ်ကျတာတွေလည်း ရှိမယ်။ အမျိုးစုံသော စိတ်ခံစားချက်တွေ ရှိနေမှာပဲလေ"

"လူတိုင်းက အတူတူပါပဲ"

ရှာယာက ရဲချီယန်အတွက် ဝိုင် ငှဲ့ပေးလိုက်၏။

ရဲချီယန်ကလည်း ဤသီးသန့်ခန်းအတွင်းရှိ လူတိုင်းကို လှမ်းကြည့်လိုက်လေသည်။

ယခုအခါ ဆော်လမွန် မြို့တော်မှ အင်ပါယာအမိန့်တော် အဖွဲ့ဝင်များသည် ဤနေရာသို့ ရောက်ရှိနေကြချေပြီ။ ကျူရှင်းထူ ဆွဲခေါ်ကာ အရက်တိုက်ခြင်းကို ခံနေရသူမှာ ပါးပြင်များ ရဲတက်နေပြီး အသိသာကြီး မူးယစ်နေပြီဖြစ်သော ကျောက်လင်ပင် ဖြစ်လေ၏။

ထို့ပြင် ထာဝရ ညဉ့်ယံ မြို့တော်မှနေ၍ အလျင်စလို ပြေးလာခဲ့ကြသော အာချွမ်းနှင့် စတေစီယာတို့လည်း ရှိနေကြပေသည်။

ရဲချီယန် ထွက်ခွာသွားပြီးနောက် သူတို့က ထာဝရ ညဉ့်ယံ မြို့တော်တွင် ရုတ်ရုတ်သဲသဲ အကြီးအကျယ် ဖြစ်ပွားစေခဲ့လေသည်။ မြို့တော်ကြီးကို လုံးလုံးလျားလျား မဖျက်ဆီးပစ်ခဲ့ကြသော်ငြား အချိန်စီးဆင်းမှု ထိန်းညှိပြီးသွားသော ထာဝရ ညဉ့်ယံ မြို့တော်သည် သူတို့နှစ်ဦး၏ ရက်အနည်းငယ်ကြာ ဖျက်ဆီးမှုများကြောင့် အလွန်အမင်း ဆင်းရဲဒုက္ခ ရောက်သွားခဲ့ရချေပြီ။

ထိုမျှမကသေးဘဲ ယခုအခါ၌ အခန်းတံခါးအပြင်ဘက် စင်္ကြံလမ်းပေါ်တွင်မူ။

မွန်ရိုးဂျီနာက သူမ၏ အရှေ့ရှိ ငြင်းဆန်လိုစိတ်များနှင့် ကြောက်ရွံ့မှုများ အပြည့်ဖြစ်နေသော အမျိုးသားတစ်ဦးကို တည်ငြိမ်စွာ စိုက်ကြည့်နေခဲ့လေ၏။

【ကင်မလင်း ဂါလို - ကျိန်စာကတ်ပြား ပိုင်ရှင်】

ဤလူမှာလည်း မွန်ရိုးဂျီနာက တိုက်ခိုက်ရေး အင်အားစုအဖြစ် စုဆောင်းထားခြင်းခံရပြီး စွမ်းအားမရှိသော သာမန် ပြည်သူများကို ကာကွယ်ပေးရန်အတွက် ပထမအလွှာတွင် အချိန်ပြည့် တာဝန်ကျနေခဲ့သူ ဖြစ်ကြောင်း ပေါ်လွင်သွားလေသည်။

သူ၏ အမူအရာကို ကြည့်ရုံဖြင့် ရှင်းလင်းနေသည်မှာ သူ၏ 【ကံကြမ္မာကြွေး】 များကို ပြန်လည်ပေးဆပ်ရန်အတွက် အနည်းငယ် လိုအပ်နေသေးကြောင်းပင် ဖြစ်၏။

တံခါးပွင့်သွားကာ မွန်ရိုးဂျီနာ တစ်ယောက်တည်း အခန်းထဲသို့ လျှောက်ဝင်လာခဲ့လေသည်။

သူမက မျက်နှာဖုံးကို ချွတ်လိုက်ကာ ဤအခိုက်အတန့်တွင် သူမ၏ မျက်နှာကို ဖော်ပြလိုက်၏။

သူမက ရဲချီယန်ကို ပြုံးပြလိုက်ပြီး သူ၏ အခြားတစ်ဖက်၌ ဝင်ထိုင်လိုက်လေတော့သည်။

"တောင်းပန်ပါတယ်။ ကိစ္စသေးသေးလေး တစ်ခုကို ဖြေရှင်းနေရလို့ နည်းနည်း နောက်ကျသွားတယ်။ ပြီးတော့... တကယ်လို့ တစ်ယောက်ယောက်က ကံကြမ္မာကို အသုံးပြုပြီး ခိုးနားထောင်နေမယ်ဆိုရင်တော့ ချက်ချင်း သတ်ပစ်ရမှာကို ငါ ဝန်လေးနေမှာ မဟုတ်ဘူးနော်"

ကျူရှင်းထူက မျက်တောင်တစ်ချက် ခတ်လိုက်ပြီး တခစ်ခစ် ရယ်မောလိုက်လေ၏။

ကတ်ပြား အစီအစဉ် ပိုင်ရှင်များဆိုသည်မှာလည်း လူသားများသာ ဖြစ်ကြပေသည်။

လင်းယို့က အဖြူရောင် နဂါးငယ်လေး တစ်ကောင်ကို ပွေ့ချီထားရင်း အနီးနား၌ ဆေးလိပ်ကို အငမ်းမရ ဖွာနေသော ဖန်ဟော့ကို ရွံရှာဟန်ဖြင့် လက်ဝှေ့ယမ်း ပြနေခဲ့၏။

အာချွမ်းက ထောင့်တစ်နေရာတွင် ရှက်ရွံ့စွာဖြင့် ပုန်းအောင်းနေခဲ့ကာ သူ၏ ပခုံးထက်ရှိ တစ္ဆေဝိညာဉ်လေးကမူ အရက်ပြင်း တစ်ပုလင်းလုံးကို မော့သောက်လိုက်ရန် သူ့ကို အဆက်မပြတ် သွေးထိုးလှုံ့ဆော်နေခဲ့လေသည်။

စတေစီယာသည် သူမ၏ မှော်မိန်းကလေး ဘလော့ဂ်ကို အချက်အလက်များ အသစ်တင်နေခဲ့၏။ သူမ၏ အဆိုအရဆိုလျှင် သူမက 【အဲလစ်】 ကိုပင် ကျော်လွန်သွားမည့် နာမည်ကျော် မှော်မိန်းကလေး အိုင်ဒေါ စူပါစတားတစ်ဦး ဖြစ်ချင်နေခြင်းပင်။

အခြားသူများ၏ အမြင်တွင် အစွမ်းထက်ပြီး ထိတ်လန့် ကြောက်ရွံ့ဖွယ်ကောင်းလှသော အင်ပါယာအမိန့်တော် အဖွဲ့ဝင်များသည် မကောင်းဆိုးဝါးများ မဟုတ်ကြဘဲ လူသားများသာ ဖြစ်ကြလေ၏။

ခွက်ထဲရှိ ဝိုင်များက အပြည့်အမောက် ဖြစ်နေခဲ့သည်။

လူငယ်ဆိုသည်မှာ မူးယစ်သွားသည်အထိ သောက်သုံးသင့်ပေသည်။

ဤစုဝေးမှုကြီးက အချိန်အတော်ကြာမြင့်စွာ တည်ရှိနေခဲ့၏။

သူ့ကိုယ်သူ အရက်အတော်လေး သောက်နိုင်သည်ဟု မှတ်ယူထားသော ရဲချီယန်ပင်လျှင် ဤအခိုက်အတန့်၌ သူ၏ မျက်နှာထက်တွင် မူးယစ်နေသည့် အရိပ်အယောင်များ ပေါ်ထွက်နေခဲ့ချေပြီ။

သူက အေးမြသော လေပြင်းကို ရှူရှိုက်နိုင်ရန် သီးသန့်ခန်း၏ လသာဆောင်ဆီသို့ ထွက်လာခဲ့လေသည်။

ဤနေရာသည် မြေပြင်မှနေ၍ မီတာ ငါးရာအကွာ၌ တည်ရှိပြီး ဆော်လမွန် မြို့တော်၏ ဒုတိယအလွှာရှိ အရာအားလုံးကို အပြည့်အဝ စီးမိုး မြင်တွေ့နိုင်လေ၏။

အထပ်မြင့် အဆောက်အအုံများက စွမ်းရည် အမျိုးမျိုးမှတစ်ဆင့် မြေပြင်မှနေ၍ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ကြသည်။

ပျက်စီးနေသော လမ်းမများကို ကျောက်အုတ်များဖြင့် ပြန်လည် ခင်းကျင်းထားခဲ့၏။

ဤစစ်ပွဲကြောင့် ဆော်လမွန် မြို့တော်ကို အသစ်ပြန်လည် ပုံစံချ ပြင်ဆင်ခဲ့ရလေသည်။

စစ်ပွဲကြောင့် ဖျက်ဆီးခံခဲ့ရပြီး ထိုပျက်စီးမှုကြောင့်ပင် တစ်ဖန် ပြန်လည် မွေးဖွားလာခဲ့ခြင်း ဖြစ်၏။

"..."

အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် ယနေ့တွင် သူ၏ စိတ်အခြေအနေက အတော်လေး ကောင်းမွန်နေကြောင်းကို ရဲချီယန် ခံစားမိလေသည်။

"ရဲချီယန်... ဒါမှမဟုတ် မင်းကို အော်တိုစ်လို့ ခေါ်ရမလား"

သူ၏ အနောက်ဘက်မှနေ၍ သူ၏ အမည်ကို ခေါ်လိုက်သော အသံတစ်သံ ထွက်ပေါ်လာခဲ့၏။

ဆံပင်တိုတိုနှင့် ရင်စေ့အင်္ကျီကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက ပြုံးလျက် လျှောက်လာခဲ့လေသည်။

"ဝူယွမ်ရှန်း"

"ဟုတ်တယ်၊ ငါ့နာမည်က မှတ်ရသိပ်မခက်ဘူး ထင်ပါတယ်။ စကားမစပ်၊ သူငယ်ချင်း တောင်းဆိုမှုကို မင်းဆီကို ပို့ထားပြီးပြီ၊ ကျေးဇူးပြုပြီး လက်ခံပေးလိုက်ပါ။ နတ်ဆိုး ကတ်ပြားတွေနဲ့ ပတ်သက်ပြီးတော့ ငါ့ဆီမှာ ဘာသတင်းအချက်အလက်မှ မရှိဘူးဆိုပေမဲ့ တကယ်လို့များ အနာဂတ်မှာ ရာသီခွင် ကတ်ပြားတွေနဲ့ ကြုံလာခဲ့ရင် ငါ့ကို ပြောနိုင်ပါတယ်။ တန်ဖိုးညီမျှတဲ့ ဆုလာဘ်တွေနဲ့ ငါ ဝယ်ယူပါ့မယ်"

ခုနလေးတင် စုဝေးပွဲအတွင်း၌ ကျောက်ရှီးက ဝူယွမ်ရှန်း၏ အမည်ကို ရဲချီယန်အား မိတ်ဆက်ပေးခဲ့ပြီး ဖြစ်လေသည်။

သူငယ်ချင်း တောင်းဆိုမှုကိုလည်း ထိုအချိန်ကတည်းက ပို့ထားခဲ့သော်ငြား ရဲချီယန်က လက်ခံပေးရန် သတိမရသေးခြင်းသာ ဖြစ်၏။

"တောင်းပန်ပါတယ်၊ ခုနက ကျွန်တော် နည်းနည်း မူးနေလို့ပါ"

တောင်းဆိုမှုကို လက်ခံလိုက်လေရာ ရဲချီယန်၏ သူငယ်ချင်းစာရင်းထဲ၌ လူတစ်ယောက် ထပ်တိုးလာခဲ့လေတော့သည်။

"ဟင်း..."

ဝူယွမ်ရှန်းက ရဲချီယန်ကို အထက်အောက် စုန်ဆန် ကြည့်ရှုလိုက်ပြီး ခေါင်းညိတ်လိုက်လေ၏။

"ဒါနဲ့ ပြောရရင် မင်းဆီက ရနေတဲ့ အနံ့လေးက တကယ်တော့ အတော်လေး ကောင်းတာပဲ"

"အနံ့"

ရဲချီယန်က သူ့ကိုယ်သူ ပြန်နမ်းကြည့်လိုက်၏။ ပျံ့လွင့်နေသော အရက်နံ့မှလွဲ၍ အခြား မည်သည့်အနံ့မျှ ရှိမနေသင့်ချေ။

"မင်း အနံ့ခံလို့ ရမှာမဟုတ်ဘူး။ ဒါက ခွေးရဲ့ စွမ်းရည်လေ"

ဝူယွမ်ရှန်းက သူမ၏ လက်ချောင်း နှစ်ချောင်းကြားတွင် 【ခွေး】 ဟု ထွင်းထုထားသော ကတ်ပြား အစီအစဉ်တစ်ခုကို ကိုင်ထားခဲ့လေ၏။

"အရင်မျိုးဆက်က နတ်ဆိုး ကတ်ပြား ပိုင်ရှင်ကို ငါ သိခဲ့တယ်။ ကျစ်... ဘယ်လိုပြောရမလဲ၊ အဲ့ဒီကောင်ဆီက ရတဲ့ အနံ့က တကယ့်ကို စက်ဆုပ်စရာကောင်းလွန်းပြီး သူ့ရဲ့ မာနထောင်လွှားမှုက လူတွေကို သူ့ကို အပိုင်းပိုင်းခုတ်ထစ်ပြီး ခွေးကျွေးပစ်ချင်စိတ် ပေါက်လာစေတယ်"

"သူ သေသွားတာ ကောင်းပါတယ်လို့ပဲ ငါ ပြောနိုင်တယ်"

"ဒါပေမဲ့ မင်းကတော့ ကွာခြားတယ်။ မင်းက နတ်ဆိုး ကတ်ပြား ပိုင်ရှင်တစ်ယောက် ဖြစ်နေပေမဲ့ မင်းဆီမှာ 【မကောင်းမှု】 တွေနဲ့ ပြည့်နှက်နေတဲ့ အနံ့မျိုး မရှိဘူး။ အဲ့ဒီအစား မင်းရဲ့အနံ့က အရမ်းကို ကောင်းနေပြီး... အရမ်းကို..."

"ဆွဲဆောင်မှုရှိလွန်းနေတယ်"

ရဲချီယန်က တိတ်ဆိတ်စွာပင် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်လေ၏။

"စီနီယာ... အရင်မျိုးဆက်က နတ်ဆိုး ကတ်ပြား ပိုင်ရှင်အကြောင်းပဲ ပြောကြတာပေါ့"

အနံ့နှင့် ပတ်သက်သော ကိစ္စကို ဖုံးကွယ် ကျော်ဖြတ်နိုင်ရန်အတွက် သူက ခေါင်းစဉ်တစ်ခုကို ပေါ့ပေါ့ပါးပါး ရှာဖွေလိုက်လေသည်။

ဝူယွမ်ရှန်းက ငြင်းဆန်ခြင်း မရှိဘဲ လသာဆောင်၏ အစွန်းကို မှီလိုက်လေရာ သူမ၏ မျက်လုံးထောင့်အောက်ရှိ မျက်ရည်မှဲ့လေးသည် အထက်ဘက်ရှိ အတုအယောင် ကောင်းကင်ယံ၌ တစ်ဖန် ပြန်လည် ထွက်ပေါ်လာသော တောက်ပသည့် လမင်းကြီး၏ အလင်းရောင်အောက်တွင် လင်းလက်နေခဲ့လေ၏။

သူမက ခေါင်းမော့ကာ လမင်းကြီးကို စိုက်ကြည့်လိုက်သည်။

"ဘယ်လိုပြောရမလဲ။ အဲ့ဒီကောင်က ငါတို့လို ပြင်ပကလာတဲ့ ရထားမောင်းနှင်သူ တစ်ယောက် မဟုတ်ဘဲ မတော်တဆ နတ်ဆိုး ကတ်ပြားကို ရရှိသွားပြီး ပလက်ဖောင်းကမ္ဘာတစ်ခုကို အုပ်စိုးခဲ့သလို အဲ့ဒီကမ္ဘာထဲကို ဝင်ရောက်လာတဲ့ ရထားမောင်းနှင်သူတွေကို သတ်ဖြတ်ပြီးတော့ လွင်တီးခေါင်ပြင် အကြောင်းကို သိရှိသွားခဲ့တဲ့ နတ်ဆိုးတစ်ကောင်ပဲ"

အခန်း ၅၀၀

"နတ်ဆိုးလား"

"ဟုတ်တယ်၊ နတ်ဆိုးပဲ။ လူသား မဟုတ်ဘူး။ သွေးသန့်တဲ့ ဌာနေ နတ်ဆိုးအစစ်ပဲ"

"ဒါဆို သူက အင်ပါယာအမိန့်တော် အဖွဲ့အစည်းထဲကို ဝင်သွားတာလား"

"သူကတော့ ဝင်ချင်ခဲ့တာပေါ့။ ဒါပေမဲ့ အဲ့ဒီ ကျူရှင်းထူ ဆိုတဲ့ကောင်မက သူ့ကို ငြင်းပယ်ခဲ့တယ်လေ"

ဝူယွမ်ရှန်းက အကြောဆန့်လိုက်ကာ အာလူးကြော်ထုတ် တစ်ထုပ်ကို ထုတ်ယူဖွင့်ဖောက်လိုက်ပြီး ပါးစပ်ထဲသို့ အပြည့်ထိုးသိပ်ထည့်လိုက်လေ၏။

"ငါလည်း ပြန်သင့်ပြီ။ လုပ်ဖော်ကိုင်ဖက် ဒီလောက်များများနဲ့ တစ်ပြိုင်နက်တည်း မဆုံဖြစ်တာ အတော်လေး ကြာခဲ့ပြီဆိုတော့ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းသားပဲ"

"ခရီးလမ်း ချောမွေ့ပါစေ"

"ကျေးဇူးပါပဲ"

သူမက ထွက်ခွာရန် မတ်တပ်ရပ်လိုက်ပြီး သီးသန့်ခန်းအတွင်းရှိ အခြားသူများကို နှုတ်ဆက်ကာ တည့်မတ်စွာ ထွက်ခွာသွားလေတော့သည်။

ဝူယွမ်ရှန်း၏ ထွက်ခွာသွားမှုက ဤစုဝေးပွဲကြီး အဆုံးသတ်တော့မည့် အရိပ်အယောင်ပင် ဖြစ်ချေသည်။

ထိုတောင့်တင်းကြံ့ခိုင်သော အမျိုးသား ဖန်ဟော့မှာမူ အလွန်အမင်း မူးယစ်နေခဲ့ပြီဖြစ်ရာ နှာခေါင်းကို ပိတ်ဖမ်းထားရသော လင်းယို့က သူ့ကို ဟိုတယ်အခန်းဆီသို့ သယ်ဆောင်သွားရလေ၏။

အခြားသူများကလည်း တဖြည်းဖြည်း ထွက်ခွာသွားကြလေသည်။

စည်ကားသိုက်မြိုက်နေသော မြင်ကွင်းက တဖြည်းဖြည်း မှေးမှိန်သွားခဲ့ပြီဖြစ်ရာ ရဲချီယန်လည်း သူထွက်ခွာရမည့် အချိန်ကျရောက်ပြီဖြစ်ကြောင်း ခံစားလိုက်ရပေသည်။

ရှာယာနှင့် အခြားသူများကို နှုတ်ဆက်ပြီးနောက် မူးယစ်နေသော ကျောက်လင်ကို မွန်ရိုးဂျီနာက ခဏတာ အနားယူစေရန်အတွက် စစ်ကြောရေးခုံရုံးဆီသို့ ခေါ်ဆောင်သွားခဲ့လေ၏။ သူမ၏ ရထားကိုလည်း ထိုနေရာ၌ပင် ဆိုက်ကပ်ထားခဲ့ခြင်း ဖြစ်သည်။

"ရဲချီယန်"

ရှာယာက သူ့နာမည်ကို လှမ်းခေါ်လိုက်ကာ ဆုတောင်းစကား ဆိုလိုက်လေ၏။

"ခရီးလမ်းမှာ ဂရုစိုက်သွားပါဦး"

"ကျေးဇူးပါပဲဗျာ"

လရောင်လွှမ်းနေသော ညဉ့်ယံအောက်၌။

ရဲချီယန်က ယခုထက်တိုင် ချိတ်ပိတ်ထားဆဲဖြစ်သော အထပ်မြင့် အဆောက်အအုံ၏ ခေါင်မိုးထက်ဆီသို့ ပြန်လည်ရောက်ရှိလာခဲ့လေသည်။

လီဆက်နှင့် မျက်ရည်နီတို့သည် ရထားတံခါးဝ၌ ရပ်နေကာ သူအပြန်ကို စောင့်ဆိုင်းနေခဲ့ကြ၏။

တံခါးအတွင်းသို့ ဝင်ရောက်လိုက်ချိန်တွင် လူငယ်လေး၏ မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်ထွက်လာခဲ့လေသည်။

"အဆင်သင့်ဖြစ်ပြီဆိုရင် သွားကြစို့"

သူပိုင်ဆိုင်သော အရာအားလုံးက ရထားအတွင်းသို့ ပြန်လည်ရောက်ရှိသွားချေပြီ။ သူက တံခါးကို ဖြတ်သန်းဝင်ရောက်သွားကာ ရထား၏ အရှေ့ပိုင်းဆီသို့ ရောက်ရှိသွားလေ၏။

အထက်ကောင်းကင်ယံ၌ မြင့်မားစွာ ချိတ်ဆွဲထားသော တောက်ပသည့် လမင်းကြီးကို သူ စိုက်ကြည့်နေလိုက်သည်။

သူ၏ အရှေ့ရှိ စနစ် အလင်းမျက်နှာပြင်ထက်တွင် ထွက်ခွာမည့် ရွေးချယ်စရာကို နှိပ်လိုက်လေတော့သည်။

ပွတ်...

ကျယ်လောင်လှသော ရထားဥသြဆွဲသံကြီး ထွက်ပေါ်လာခဲ့၏။

အဆောက်အအုံ အောက်ဘက်ရှိ လူများသည် ဤအရပ်မျက်နှာဆီသို့ မသိလိုက်မသိဘာသာ အကြည့်များ ရောက်ရှိသွားကြလေသည်။

အနက်ရောင် သံလမ်းများက ရှေ့သို့ ဆန့်ထွက်သွားကာ လွင်တီးခေါင်ပြင်ဆီသို့ ဦးတည်သွားသော လေဟာနယ်လမ်းကြောင်းက ဤအခိုက်အတန့်၌ ပေါ်ထွက်လာခဲ့လေ၏။

"ထွက်ခွာမယ်"

အမိန့်ပေးလိုက်သည်နှင့် ရထားဘီးများက ရှေ့သို့ စတင် လိမ့်ဆင်းသွားလေတော့သည်။

ဆော်လမွန် မြို့တော်၊ ဤသည်မှာ သူ အများဆုံး လာရောက်လည်ပတ်ခဲ့ဖူးသော မြို့တော်ပင်။ အနာဂတ်တွင် ဤနေရာ၌ အခြားကိစ္စရပ်တစ်ခုခု ထပ်မံ ဖြစ်ပျက်လာမည်လားဆိုသည်ကို မည်သူက သိနိုင်ပါမည်နည်း။

"ဒီတစ်ခါတော့ ငါ့ကို မြို့တော် ဖျက်ဆီးသူ လို့ သတ်မှတ်လို့ မရနိုင်တော့ဘူး မဟုတ်လား"

လေဟာနယ်ကို ဖြတ်သန်းခရီးနှင်နေရင်း သူက တိုးတိတ်စွာ ရေရွတ်လိုက်လေ၏။

သူ့နည်းတူပင်။

ဤညဉ့်ယံ၌ ရထားတစ်စင်းပြီး တစ်စင်းသည် လွင်တီးခေါင်ပြင်ဆီသို့ ပြန်လည်ရောက်ရှိသွားကြကာ ရှေ့သို့ စတင် ချီတက်သွားခဲ့ကြလေသည်။

【စစ်ကြောရေးခုံရုံး】

သေဆုံးသွားခဲ့ကြသော စစ်ကြောရေးမှူးများ၏ ဆုတောင်းကျောက်ပြားများရှေ့တွင် ကျောက်ရှီးက ပန်းများ ချထားပေးလိုက်လေ၏။

"မှတ်ထားပါ၊ အင်ပါယာအမိန့်တော် အဖွဲ့အစည်းက လူတွေအားလုံးရဲ့ အလိုရှိဖမ်းဝရမ်း ဆုငွေတွေကို အမြင့်ဆုံးအထိ တိုးမြှင့်လိုက်ပါ။ ဒါပေမဲ့ သူတို့က ဆော်လမွန် မြို့တော်ကို ကယ်တင်ခဲ့တယ်ဆိုတဲ့ သတင်းကိုလည်း မြို့အနှံ့အပြားဆီ ပျံ့နှံ့သွားအောင် သေချာလုပ်ဆောင်ပါ"

"သူတို့ရဲ့ အလိုရှိဖမ်းဝရမ်းတွေအတွက် အကောင်းဆုံး ဓာတ်ပုံတွေကိုပဲ သုံးပြီး အစောင်ရေ တစ်ထောင်ပဲ ထုတ်ပြန်လိုက်"

စစ်ကြောရေးမှူးတစ်ဦး ကမ်းပေးလာသော ဓာတ်ပုံအပုံလိုက်ကို ကျောက်ရှီး လှမ်းယူလိုက်လေရာ သူမ၏ အကြည့်များက 【မာနတရား】 ၏ စွမ်းအားဖြင့် ဖုံးကွယ်ခံထားရသော ရဲချီယန်၏ ပုံရိပ်ထက်၌ တစ်ခဏမျှ ရပ်တန့်သွားခဲ့လေ၏။

"နောက်တစ်ဆင့်အနေနဲ့ ငါ ဒီကနေ ထွက်ခွာလို့ မရသေးဘူး။ ထာဝရ ညဉ့်ယံ မြို့တော်နဲ့ စာရင်းရှင်းရမယ့် အလှည့်ရောက်ပြီ"

စစ်ပွဲကြီး အဆုံးသတ်သွားခဲ့သော်ငြား အမှန်တကယ်တော့ ပြီးဆုံးသွားခဲ့ခြင်း မရှိသေးပေ။

ယခုအခါ ထာဝရ ညဉ့်ယံ မြို့တော်နှင့် စစ်ကြောရေးခုံရုံးကြားတွင် အသေအလဲ တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားနေချေပြီ။

ထာဝရ ညဉ့်ယံ မြို့တော်ကို လုံးလုံးလျားလျား ဖျက်ဆီးချေမှုန်းပစ်နိုင်မှသာလျှင် ကျောက်ရှီးက သူမ၏ ခရီးစဉ်ကို ဆက်လက် လျှောက်လှမ်းနိုင်မည် ဖြစ်လေသည်။

"အချိန်သိပ်ပြီး ကြာမှာ မဟုတ်ပါဘူး"

————

ကြယ်တစ်ထောင်မြို့တော်။

အမြင့်ဆုံး ကောင်စီ။ မြို့တော်ဝန် လုကျားယွင်၊ အိမ်ပြန်ချင်သူ။

လက်ရှိတွင် သူက ပုံရိပ်ယောင်များစွာဖြင့် ဖွဲ့စည်းထားသော အစည်းအဝေးခန်းမတစ်ခုအတွင်း၌ ထိုင်နေခဲ့လေ၏။ သူ၏ မျက်လုံးများထဲတွင် ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

"ကာစတိန်းက နောက်ဆုံးမှာ သေသွားခဲ့တာလား"

သူ့အပြင် အစည်းအဝေးခန်းမထဲတွင် ပုံရိပ်ယောင် အနည်းငယ်သာ ရှိနေခဲ့လေ၏။

ထိုသုံးဦးအနက် ထူထဲသော သားမွေးအင်္ကျီကို ဝတ်ဆင်ထားသည့် မြောက်ပိုင်းသား အမျိုးသားတစ်ဦးက ဩရှရှအသံဖြင့် ပြောလိုက်သည်။

"လုကျားယွင်၊ ပြီးခဲ့တဲ့ရက်ပိုင်းတွေတုန်းက ဆော်လမွန် မြို့တော်က တိုက်ပွဲ ရုပ်သံမှတ်တမ်းတွေကို ငါ ကြည့်ခဲ့ပြီးပြီ။ ဟိုအရပ်ပုပုနဲ့ ကျောက်ရှီးနဲ့ သူ့ရဲ့ စစ်ကြောရေးခုံရုံးက တကယ်ကို အစွမ်းထက်ကြတာ မှန်ပေမဲ့ ကာစတိန်း ကျရှုံးသွားရတဲ့ အဓိက အကြောင်းရင်းက အင်ပါယာအမိန့်တော် အဖွဲ့အစည်းက အရူးတွေကြောင့်ပဲ။ သူတို့ ဝင်ပါလာခဲ့တာကြောင့်သာ ကာစတိန်းက ဒီလောက်အထိ အကြီးအကျယ် ရှုံးနိမ့်သွားခဲ့ရတာ"

အစည်းအဝေးခန်းမ၏ အလယ်ဗဟို၌ ရုပ်သံမှတ်တမ်းတစ်ခု ပေါ်ထွက်လာခဲ့လေ၏။

ထိုရုပ်သံထဲတွင် မဟာမိတ် အထိမ်းအမှတ်တံဆိပ်မှတစ်ဆင့် လေဟာနယ်ကို ဖြတ်သန်းကာ ဆော်လမွန် မြို့တော်ဆီသို့ ရောက်ရှိလာခဲ့သော ရဲချီယန်၏ ရထားကြီးကို ပြသနေခဲ့သည်။

"အော်တိုစ် ဆိုတဲ့ ဒီလူ... နတ်ဆိုး ကတ်ပြား ပိုင်ရှင်တစ်ယောက်ပဲ။ သူနဲ့ ကျောက်ရှီးတို့က တူညီတဲ့ နဂါးကို ပိုင်ဆိုင်ထားကြတယ်။ သူတို့နှစ်ယောက် ပူးပေါင်းပြီး ကမ္ဘာ့အဆုံးသတ်ကိုတောင် တကယ် ခုခံနိုင်ခဲ့တယ်၊ မဟုတ်သေးဘူး၊ ကမ္ဘာ့အဆုံးသတ်ကိုတောင် အနိုင်ယူ ချေမှုန်းနိုင်ခဲ့ကြတာပဲ"

"လုကျားယွင်၊ ဒီကိစ္စရဲ့ အကျိုးဆက်တွေက ဘယ်လောက်တောင် ကြီးမားလဲဆိုတာ မင်း နားလည်ရဲ့လား"

"ဒီအော်တိုစ်နဲ့ ပတ်သက်ပြီး အရင်က ငါတို့ ဘာမှ မသိခဲ့ကြဘူး။ လက်ရှိမှာ သူက နတ်ဆိုး ကတ်ပြား ခုနစ်ကတ်ကိုပဲ ပိုင်ဆိုင်ထားသေးပေမဲ့ တကယ်လို့ ဆယ်ကတ် ဒါမှမဟုတ် အဲ့ဒီထက်ပိုပြီး ရရှိသွားခဲ့ရင်ကော။ အဲ့ဒါက နောက်ထပ် ရှာယာ တစ်ယောက် ထပ်ဖြစ်လာတော့မှာလေ၊ မင်း သဘောပေါက်ရဲ့လား"

လုကျားယွင်က ခေါင်းမော့လိုက်ကာ ရဲချီယန်၏ ပုံရိပ်ကို စိုက်ကြည့်ရင်း တိုးတိတ်စွာ ပြောလိုက်လေ၏။

"မင်း ဘာလုပ်ချင်လို့လဲ"

မြောက်ပိုင်းသားက ဩရှရှအသံဖြင့် ပြန်လည်ဖြေကြားလိုက်သည်။

"ဒီကိစ္စအတွက် ခေါင်းကိုက်ခံနေရမှာ ငါတို့ မဟုတ်ဘူး။ ဟိုနတ်ဘုရားတွေပဲ။ သူတို့ ဘာလုပ်ချင်လဲဆိုတာကို မင်း သွားမေးသင့်တယ်"

သူ၏ စကားသံ အဆုံးတွင် လုကျားယွင် အကြောင်းမပြန်နိုင်မီ မျက်ကွင်းညိုနေပြီး ဓာတ်ခွဲခန်းဝတ် ဂျာကင်အဖြူကို ဝတ်ဆင်ထားသော အခြား ပိန်ပိန်ပါးပါး ပုံရိပ်တစ်ခုက ရုတ်တရက် ဝင်ပြောလိုက်လေ၏။

"လုကျားယွင်၊ ဒီအစည်းအဝေးကို ငါ တက်တာ ဒါ နောက်ဆုံးအကြိမ်ပဲ။ စကားမစပ်... ဆွေးနွေးဖို့ မဟုတ်ဘဲ မင်းတို့ကို အသိပေးဖို့ သက်သက်ပဲ ငါ ဒီကိုလာခဲ့တာ။ မင်းတို့ဘာသာ ဆက်ဆွေးနွေးကြပါ၊ ငါ ထပ်ပြီး ဝင်မပါတော့ဘူး"

လူတစ်ယောက် ပျောက်ကွယ်သွားခဲ့ရာ အစည်းအဝေးထဲတွင် သုံးဦးသာ ကျန်ရှိတော့လေသည်။

"..."

မြောက်ပိုင်းသားက ကျယ်လောင်စွာ ရယ်မောလိုက်လေ၏။

"မြင်တယ်မလား။ ရှေ့ဆက် မသွားနိုင်တော့တဲ့ နောက်တစ်ယောက် ထပ်ပေါ်လာပြန်ပြီပဲ။ ဒါပေမဲ့လည်း မျှတပါတယ်လေ၊ နှစ်ပေါင်းများစွာ ကြာသွားခဲ့ပြီဆိုတော့ သူတို့အားလုံးမှာ ကိုယ်ပိုင် ဘဝတွေ ရှိနေကြပြီကိုး။ လွင်တီးခေါင်ပြင်ထဲမှာ အဆက်မပြတ် ရှေ့ဆက်လျှောက်လှမ်းနေရတာက အတိတ်ကို မေ့ပစ်ဖို့ အလွယ်ကူဆုံးပဲ"

သူ၏ ပုံရိပ်ကလည်း ပျောက်ကွယ်သွားခဲ့ကာ အစည်းအဝေးထဲရှိ ကျန်ရှိနေသေးသော နောက်ဆုံး ပုံရိပ်ယောင်တစ်ခုကလည်း အလင်းမျက်နှာပြင်ကို တိတ်ဆိတ်စွာ ပိတ်ပစ်လိုက်လေတော့သည်။

"ဂရေ့စ်၊ ငါတို့တွေ တကယ်ပဲ မအောင်မြင်နိုင်တော့ဘူးလား"

ဆော်လမွန် မြို့တော်၏ မြို့တော်ဝန် ဂရေ့စ်က လုကျားယွင်၏ အနောက်ဘက်တွင် ပေါ်ထွက်လာခဲ့လေ၏။

"ငါတို့ အောင်မြင်မှာပါ"

"...ဟုတ်တယ်... ငါတို့တွေ အောင်မြင်မှာပါ... သေချာပေါက် အောင်မြင်ရမယ်... ဒါပေမဲ့ ဒီအင်ပါယာအမိန့်တော် အဖွဲ့အစည်းက လူတွေက သိပ်ပြီး ဒုက္ခပေးလွန်းနေတယ်... သူတို့ကို အချိန်အတန်ကြာ ငြိမ်သက်သွားအောင် ငါ လုပ်ရမယ်။ အဘိုကာဒို ရဲ့ ခေါင်းဆောင်ကို ဆက်သွယ်လိုက်ပါ၊ သူနဲ့ ငါ အရောင်းအဝယ် တစ်ခု လုပ်ချင်တယ်"

————

လွင်တီးခေါင်ပြင်။

ဤနေရာသို့ ပြန်လည်ရောက်ရှိလာပြီးနောက် ရဲချီယန်က ရထားပြတင်းပေါက်ကို ဖွင့်လိုက်လေ၏။

နေသာသော အရုပ်လေးထက်၌ ဖော်ပြထားသည့် ယနေ့နှင့် မနက်ဖြန်အတွက် ရာသီဥတု အခြေအနေမှာ အသာမန်ဆုံးဖြစ်သော နေသာသည့် အခြေအနေပင် ဖြစ်လေသည်။

"ရာသီဥတုက သာယာနေတာပဲ။ ဟင်း... အဆင့်မြင့် အသွင်ကူးပြောင်းခြင်းကို ငါ စတင်လို့ ရပြီ"

သူရရှိထားသော ပစ္စည်းများထဲတွင် 【ထာဝရ သွေး】 နှင့် ထိုအထူး 【GT-ကမ္ဘာ့အဆုံးသတ် ပုံစံကြမ်း】 တို့ နှစ်ခုလုံးကို အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ပြုလုပ်နိုင်ပေသည်။

ဤ 【GT-ကမ္ဘာ့အဆုံးသတ်】 ကို ထုတ်လုပ်နိုင်ရန်အတွက် အဆင့် ၁၂ ဘူတာရုံကမ္ဘာအတွင်းသို့ ဝင်ရောက်ကာ သူ၏ သီးသန့် အမြုတေကို ရယူရန် လိုအပ်သည့်အပြင် သူသည် လုံးလုံးလျားလျား မူလပုံစံကြမ်း သက်သက်မျှသာ ဖြစ်ပြီး ထုတ်လုပ်ရာတွင် သေချာပေါက် ကျရှုံးသွားလိမ့်မည်ဟု စနစ်က တိုက်ရိုက် ဖော်ပြထားသော်ငြားလည်း...

သူက တစ်ကြိမ်ခန့် စမ်းသပ်ကြည့်နိုင်ကောင်း စမ်းသပ်ကြည့်နိုင်မည်ဟု ရဲချီယန် ခံစားမိလေ၏။

သေချာပေါက် သူ ပထမဆုံး အဆင့်မြင့် အသွင်ကူးပြောင်းချင်သည့် အရာမှာမူ 【ထာဝရ သွေး】 ပင် ဖြစ်လေသည်။ သူက သူ၏ ကိုယ်ခံစွမ်းအား ကန့်သတ်ချက်ကို ၁၀၀ မှတ်တိတိ တိုးမြှင့်ပေးနိုင်မည် မဟုတ်ပါလား။

သူက အလင်းမျက်နှာပြင်ကို ဖွင့်လိုက်ပြီး ဆုလာဘ်ကို ထုတ်ယူလိုက်လေ၏။

ထာဝရ သွေး သည် အမှန်တကယ်ပင် သူ၏ လက်ဖဝါးထက်၌ လွင့်မျောနေသော သွေးတစ်ပေါက် သက်သက်မျှသာ ဖြစ်ပေသည်။

သူမှာ ထူးခြားသည့်ပုံစံ မပေါ်သလို မည်သည့် ထူးထူးခြားခြား အနံ့အသက်မျှလည်း ရှိမနေခဲ့ချေ။

"ဒါဆိုရင်လည်း... စလိုက်ကြတာပေါ့"

【အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ——】

【ပါရမီ အသက်ဝင်သွားပါပြီ】

ရဲချီယန်၏ လက်ချောင်းထိပ်ဖျားရှိ ဤသွေးစက်လေးနှင့် မိုးပြာရောင် အလင်းတန်းတစ်ခု ပေါင်းစပ်သွားလေ၏။ အဆင့်မြင့် အသွင်ကူးပြောင်းခြင်း၏ စွမ်းအားက ဤသွေး၏ အရောင်အသွေးကို ပို၍ပင် တောက်ပသွားစေခဲ့သည်။

【ကိုယ်ခံစွမ်းအား - ၂၂၀ → ၃၂၀】 【စိတ်စွမ်းအား - ၃၀၀ → ၃၀၀】

【ထာဝရ သွေး】

【သင့် ကိုယ်ခံစွမ်းအား ပြန်လည်ပြည့်ဖြိုးမှု အမြန်နှုန်းမှာ ၁၀၀% တိုးလာပါသည်】

All Chapters