အခန်း (၄၉၃-၄၉၄)
Vol. 43 Ch. 493-494
အခန်း ၄၉၃
ဒုန်း... ဒုန်း... ဒုန်း... ဒုန်း... ဒုန်း... ဒုန်း...
ဆော်လမွန် မြို့တော်၌ လေပြင်းများ တိုက်ခတ်နေခဲ့လေ၏။
ကျောက်ရှီးက ထိုပစ္စည်းလေးထံမှ ထွက်ပေါ်လာသော တိုးညင်းသည့် မြည်ဟည်းသံကို ကြားလိုက်ရချိန်တွင် သူမ၏ အကြည့်များက 【မဟာမိတ် အထိမ်းအမှတ်တံဆိပ်】 ထံသို့ ကျရောက်သွားလေတော့သည်။
【ဘီ... ဘီ... ဘီ...】
အသံက တဖြည်းဖြည်းနှင့် ပိုမို စူးရှလာခဲ့၏။
ကျောက်ရှီး၏ အမဲလိုက် စက်ယန္တရားနဂါးကြီးသည် တစ်စုံတစ်ခုကို အာရုံခံမိသွားသည့်အလား ကောင်းကင်ယံ၌ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်လေသည်။
"ရဲ... ချီယန်"
အထိမ်းအမှတ်တံဆိပ်လေးက လေထဲသို့ လွင့်မျောသွားကာ ကောင်းကင်ယံအထက်ရှိ လေဟာနယ်ကို ရိုက်ချိုး ဖျက်ဆီးပစ်လိုက်လေ၏။
【မဟာမိတ် အထိမ်းအမှတ်တံဆိပ်】
【ဤအထိမ်းအမှတ်တံဆိပ်ဖြင့် သင်သည် မဟာမိတ်၏ ဘူတာရုံကမ္ဘာအတွင်းသို့ ဝင်ရောက်နိုင်ပါသည်】
【မဟာမိတ် - ရဲချီယန်】
【မကြာမီ ရောက်ရှိလာပါမည်】
ဂျွတ်... ခရက်...
နတ်ဘုရားများ၏ ချိတ်ပိတ်ခြင်းကို ခံထားရသော ဤဆော်လမွန် မြို့တော်ကြီးသည် ဤအခိုက်အတန့်လေး၌ပင် အသစ်စက်စက်ဖြစ်သော်လည်း ရင်းနှီးကျွမ်းဝင်နေသည့် ဧည့်သည်တစ်ဦးကို ကြိုဆိုလိုက်ရလေတော့သည်။
"ပွတ်..."
ကျယ်လောင်လှသော ရထားဥသြဆွဲသံကြီး ထွက်ပေါ်လာခဲ့၏။
ထိုအသံမှာ ရထားတိုင်းတွင် ရှိနေတတ်သော အသံမျိုးသာ ဖြစ်သော်ငြား လူတိုင်းက ဤအသံကို ရှင်းလင်းစွာ ကြားလိုက်ရလေသည်။
နတ်ဘုရားများ၊ လူသားများ၊ သွေးစုပ်ဖုတ်ကောင်များနှင့် မကောင်းဆိုးဝါးများ... 【လေပြင်း】 ပင်လျှင် ကြားလိုက်ရ၏။
သူတို့အားလုံးက အကြည့်များကို လှမ်းပို့လိုက်ကြသည်။
အမြင့်မြတ်ဆုံး သက်ရှိ ရှိနေခဲ့သော ကောင်းကင်ယံမှ စစ်မြေပြင်၏ အလယ်ဗဟိုဆီသို့၊ ထိုအစိတ်စိတ်အမွှာမွှာ ဖြစ်နေသော လေဟာနယ်ဆီသို့၊ ထိုဖြူစင်နေသော ရထားကြီးဆီသို့ သူတို့အားလုံး၏ အကြည့်များ ကျရောက်သွားကြလေ၏။
"ငါ အိပ်ရာထ နောက်ကျမသွားဘူး ထင်ပါရဲ့"
ရထား၏ ရှေ့ဆုံးပိုင်းမှ လူငယ်တစ်ဦး၏ အသံ ထွက်ပေါ်လာခဲ့သည်။
မီးတောက်များ။
【ကောင်းကင်ဘုံကို လုယူသော တောင်ပံများ】
သူ၏ ပုံရိပ်က ရထားခေါင်မိုးပေါ်၌ ထွက်ပေါ်လာခဲ့၏။
မရေမတွက်နိုင်သော အကြည့်ပိုင်ရှင်များက သူ့မည်သူမည်ဝါဖြစ်ကြောင်း သိရှိနိုင်ရန် ကိုယ်ပိုင် စုံစမ်းထောက်လှမ်းရေး နည်းလမ်းများကို အသုံးပြုလိုက်ကြလေသည်။
သို့သော်လည်း...
【နတ်ဆိုး ကတ်ပြား · မာနတရား】
【ပုန်ကန်မှု × မာနတရား】
အလွန်တရာ မာနထောင်လွှားလွန်းသော လူသားတစ်ဦးပင်။ ဤမာနတရားက မည်သူ့ကိုမျှ ဤလူငယ်၏ အသွင်အပြင်ကို အစစ်အမှန် မြင်တွေ့နိုင်စွမ်း မရှိစေခဲ့ချေ။
"အင်ပါယာအမိန့်တော် အဖွဲ့အစည်းက နတ်ဆိုး စက်ယန္တရား နဂါးလူသားလား။ အော်တိုစ်တဲ့လား"
"ဒီလိုအချိန်ကြီးမှာတောင် သူက ဆော်လမွန် မြို့တော်ထဲကို ဝင်လာသေးတာလား။ သူ ရူးနေပြီလား"
"နေဦး၊ အလျင်မလိုနဲ့။ အဲ့ဒါက မဟာမိတ် အထိမ်းအမှတ်တံဆိပ် ဖြစ်ရမယ်။ အဲ့ဒီကွဲအက်နေတဲ့ လေဟာနယ်ကို ချက်ချင်း ခွဲခြမ်းစိတ်ဖြာကြည့်လိုက်စမ်းပါ၊ တကယ်လို့များ..."
"သူက ငါတို့ကို လာကယ်တဲ့ သူရဲကောင်းများလား"
အချို့က တုန်လှုပ်သွားကြပြီး အချို့ကမူ စိတ်ရှုပ်ထွေးသွားကြ၏။ အချို့က ဆော်လမွန် မြို့တော်မှ ထွက်ခွာနိုင်မည့် မျှော်လင့်ချက်ကို မြင်တွေ့လိုက်ကြကာ အချို့ကလည်း ကယ်တင်ခံရမည့်အရေးကို တမ်းတနေခဲ့ကြလေသည်။
ကျောက်ရှီး၏ မျက်လုံးများက အဆက်မပြတ် တောက်ပနေခဲ့၏။ သူမက ရဲချီယန်၏ အသွင်အပြင်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်လေသည်။ အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် တိုက်ပွဲတွင် ဒဏ်ရာရရှိချိန်၌ပင် မတုန်လှုပ်တတ်သော သူမ၏ နှလုံးသားလေးမှာ ယခုအချိန်တွင်မူ ထိန်းချုပ်မရနိုင်လောက်အောင် လျင်မြန်စွာ ခုန်ပေါက်နေခဲ့ချေပြီ။
"ရဲ..."
"အဟမ်း... ဒါဆိုရင် ငါ ဖြေရှင်းပေးရမယ့်ကောင်က ဒီကောင်လား။ မဟုတ်သေးပါဘူး၊ ဟိုးဘက်က တစ်ကောင်ဖြစ်ရမယ်"
ရဲချီယန်၏ အကြည့်များက သွေးပင်လယ်ကြီးထဲရှိ သွေးနတ်ဘုရားထံသို့ ရောက်ရှိသွား၏။ သို့သော်လည်း ဤအရာက သူ့ကို ကျောက်ရှီး ခေါ်ယူလိုက်ရသည့် အကြောင်းရင်း လုံးဝမဟုတ်ကြောင်းကို သူ လျင်မြန်စွာ အတည်ပြုလိုက်လေသည်။
"ဟုတ်တယ် အော်တိုစ်၊ အဲ့ဒီတုန်းက ငါတို့ ဆွေးနွေးခဲ့ကြသလိုပဲ ငါ မင်းရဲ့ အကူအညီကို လိုအပ်နေတယ်"
ကျောက်ရှီးက ရဲချီယန်၏ ဆိုလိုရင်းကို နားလည်သဘောပေါက်သွားကာ သူမ၏ တောက်ပနေသော ရွှေရောင်မျက်လုံးများထဲ၌ အပြုံးရိပ်တစ်ခု ဖြတ်ပြေးသွားလေ၏။
【အင်ပါယာအမိန့်တော် အဖွဲ့အစည်း အလိုရှိရာဇဝတ်ကောင် · နတ်ဆိုး စက်ယန္တရား နဂါးလူသား · အော်တိုစ်】
ဤဝိသေသလက္ခဏာနှင့် မာနတရား၏ စွမ်းရည်တို့ ပေါင်းစပ်လိုက်ခြင်းက 【အစစ်အမှန်အမည်】 ကဲ့သို့သော ကျိန်စာများ၏ သက်ရောက်မှုကို သူ ခံရမည်မဟုတ်ကြောင်း သေချာစေလေသည်။ အထူးသဖြင့် ယခုကဲ့သို့ အချိန်မျိုးတွင် ဖြစ်ပေသည်။
ကျောက်ရှီးက သူမ၏ စစ်လှံရှည်ကို မြှောက်ကိုင်လိုက်ပြီး သာမန်မျက်စိဖြင့် မမြင်နိုင်သော အဝေးတစ်နေရာဆီသို့ ညွှန်ပြလိုက်လေ၏။ ထိုနေရာတွင် 【လေပြင်း】 သည် ရှာယာ၏ ရိုက်နှက်ခြင်းကို ခံနေရသည်။
"အမဲလိုက်ခြင်း လက်စွပ်ကွင်းက ကမ္ဘာ့အဆုံးသတ်ကို တားဆီးနိုင်ကောင်း တားဆီးနိုင်လိမ့်မယ်။ တကယ်အောင်မြင်နိုင်မလားဆိုတာတော့ ငါလည်း မသိဘူး။ ဒါပေမဲ့ တကယ်လို့သာ ကျရှုံးသွားခဲ့ရင်... ငါတို့..."
"ကျရှုံးမှာ မဟုတ်ပါဘူး"
ရဲချီယန်၏ လက်ချောင်းများက ကောင်းကင်ယံဆီသို့ ညွှန်ပြသွားကာ လေဟာနယ်ကို ဖြည်းညင်းစွာ ဆုပ်ကိုင်လိုက်လေ၏။
"ဒီကနေ့ ဆော်လမွန် မြို့တော်က ကံကောင်းသင့်တယ်"
"ဝုန်း..."
ကောင်းကင်ယံ အထက်ဆီမှ စက်ယန္တရား မောင်းနှင်သံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့လေသည်။
"အမဲလိုက် စက်ယန္တရားနဂါး၊ အကန့်အသတ်ကျော်လွန် မုဒ်"
【မော်ဂျူး · သုံးစွဲမှု အကြီးအကျယ် လျှော့ချခြင်း】
လေဟာနယ်ထဲမှနေ၍ အနက်ရောင်သန်းနေသော ရွှေရောင် အလင်းစက်လေးများ ပေါ်ထွက်လာခဲ့လေ၏။
【ကမ္ဘာ့အဆုံးသတ်】 ဆိုသည်မှာ 【အရာအားလုံး】 ပင် ဖြစ်သည်။
ကမ္ဘာ့အဆုံးသတ်ကို အသုံးပြု၍ အရာအားလုံးကို ဖျက်ဆီးပစ်ကာ အရာအားလုံးကို ရထားမောင်းနှင်သူများ အသုံးပြုနိုင်သော ရထားဒင်္ဂါးများအဖြစ်သို့ ပြောင်းလဲပစ်ခြင်း ဖြစ်၏။
သူ တစ်ချိန်က မျက်မြင်တွေ့ရှိခဲ့ဖူးသော ကမ္ဘာ့အဆုံးသတ်၏ ကမ္ဘာကြီးထဲတွင် ဤအကြောင်းကို ရဲချီယန် ကြိုတင် သိရှိထားခဲ့သည်မှာ ကြာမြင့်နေခဲ့ပြီ ဖြစ်လေသည်။
အနက်ရောင်သန်းနေသော ရွှေရောင် နဂါးကြီးတစ်ကောင်က ကောင်းကင်ယံ၌ ပျံသန်းဝဲပျံနေခဲ့၏။ သူနှင့် တစ်ထပ်တည်းတူညီသော နောက်ထပ် နဂါးတစ်ကောင်ကလည်း သူနှင့်အတူ ပဲ့တင်ထပ်နေလေသည်။
【အမဲလိုက်ခြင်း လက်စွပ်ကွင်း】
အမဲလိုက် စက်ယန္တရားနဂါး နှစ်ကောင်၏ အမြီးပိုင်းမှ လက်စွပ်ကွင်းများသည် တဖြည်းဖြည်း ကြီးမားကျယ်ပြန့်လာကာ နောက်ဆုံးတွင် သူတို့နှစ်ခုလုံးကို အလယ်ဗဟို၌ လုံးလုံးလျားလျား လွှမ်းခြုံသွားလေတော့သည်။
ထိုလက်စွပ်ကွင်းနှစ်ခု ထိတွေ့သွားသည့် အခိုက်အတန့်လေး၌ပင် သူတို့သည် ပိုမိုနက်ရှိုင်းသော အရောင်အသွေးဖြင့် 【အမဲလိုက်ခြင်း လက်စွပ်ကွင်း】 တစ်ခု၏ တစ်ဝက်စီအဖြစ်သို့ တစ်ပြိုင်နက်တည်း ပြောင်းလဲသွားကြ၏။ ထိုနှစ်ခုက စတင် ပေါင်းစပ်သွားကြလေသည်။
ချလင်...
ရဲချီယန်၏ ရထားတွဲအတွင်း၌ မျက်ရည်နီက 【ကမ္ဘာ့အဆုံးသတ်၏ မီးရှူးမီးပန်းများ】 ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့၏။
သူမက သူမ၏ဓားကို ဆွဲထုတ်လိုက်ပြီး ဆီမီးအိမ်၏ မှန်အိမ်ပေါ်သို့ ဖိကပ်လိုက်လေသည်။ ထိုအခါ ဆီမီးအိမ်၏ တုန်ခါနေမှုကလည်း ဓားနှင့်အတူ ရပ်တန့်သွားလေတော့၏။
ဆော်လမွန် မြို့တော်အတွင်း၌ ပထမအလွှာဖြစ်စေ၊ စတုတ္ထအလွှာဖြစ်စေ၊ အစစ်အမှန် ကောင်းကင်ယံဖြစ်စေ၊ အတုအယောင် ကောင်းကင်ယံဖြစ်စေ... လူတိုင်း၏ အမြင်အာရုံထဲတွင် ပေါင်းစပ်နေသော ဤအနက်ရောင်သန်းနေသည့် ရွှေရောင် လက်စွပ်ကွင်းကြီးကို မြင်တွေ့လိုက်ကြရလေသည်။
"မောင်လေးရဲ... ရှင် ပေါ်လာတိုင်း ပိုပိုပြီး အံ့သြစရာတွေ သယ်ဆောင်လာတတ်တာပဲ"
"ငါ့ရဲ့ ယဇ်ပူဇော်ခြင်းကို ဆက်လုပ်ဖို့ မလိုတော့ဘူးထင်တယ်"
မွန်ရိုးဂျီနာက သူမ၏ မျက်နှာဖုံးကို ချွတ်လိုက်လေရာ သူမ၏ မျက်နှာထက်၌ အပြုံးများဖြင့် ပြည့်နှက်နေခဲ့၏။
"ပြီးတော့... သူ့ကို ငါ နောက်ထပ် အချိန်အတန်ကြာ ဆပ်ရဦးမယ်ထင်တယ်"
【ယဇ်ပူဇော်ခြင်း ကတ်ပြား · ကံကြမ္မာကြွေး ဆပ်ခြင်း】
သူအပေါ်ရှိ သံကြိုးများက တစ်ဖန် ဆယ်ချောင်းအဖြစ်သို့ ပြောင်းလဲသွားပြန်လေ၏။
အမဲလိုက်ခြင်း လက်စွပ်ကွင်း၏ ပေါင်းစပ်မှု ပြီးစီးသွားချေပြီ။
ကမ္ဘာ့အဆုံးသတ်၏ လေပြင်းကလည်း ဤအခိုက်အတန့်တွင် သူ၏ အထွတ်အထိပ်သို့ ရောက်ရှိသွားလေသည်။
【လေပြင်း】 ၏ မျက်နှာထက်တွင် မယုံကြည်နိုင်သော အမူအရာတစ်ခု ပေါ်ထွက်လာခဲ့၏။
"အဲ့ဒါ ဘာကြီးလဲ"
"အဲ့ဒါက လူတွေကို ဒုက္ခတွင်းထဲကနေ ကယ်တင်ပေးမယ့် လူသားတစ်ဦးပဲ"
【လေပြင်း】 ၏ အရှေ့တွင် ရှာယာက သူမ၏ တိုက်ခိုက်မှုကို ရပ်တန့်လိုက်လေသည်။
သူမ၏ နှုတ်ခမ်းထောင့်စွန်းများက အနည်းငယ် ကော့တက်သွားကာ သူမက သကြားလုံးချောင်းတစ်ခုကို ထုတ်ယူပြီး ပါးစပ်ထဲသို့ ငုံလိုက်လေ၏။
"ဘာကြောင့်လဲဆိုတာ ငါ မသိပေမဲ့ မင်း နောက်ထပ် တစ်ခါလောက် ထပ်သေနိုင်သေးတယ်ဆိုတာကို ငါ ခံစားမိနေတယ်"
"ဒါ မဖြစ်နိုင်ဘူး။ ငါက 【လေပြင်း】 ရဲ့ အထွတ်အထိပ်ပဲ၊ လူသားတစ်ယောက်ရဲ့ လက်ချက်နဲ့ ငါက ဘယ်လိုလုပ် သေရမှာလဲ"
【လေပြင်း】 သည် အလွန်အမင်း ဒေါသထွက်သွား၏။ ဤဒေါသတရားအောက်၌ သူသည် ရှာယာ၏ ထိန်းချုပ်မှုမှ အမှန်တကယ်ပင် ရုန်းထွက်သွားနိုင်ခဲ့လေသည်။
ဒေါင်... ဒေါင်... ဒေါင်...
ခေါင်းလောင်းထိုးသံ သုံးချက် ထွက်ပေါ်လာခဲ့သည်။
ဆော်လမွန် မြို့တော်၏ ကမ္ဘာ့အဆုံးသတ်ကို သူက အချိန်မတိုင်မီ လှုံ့ဆော်လိုက်ခြင်းပင် ဖြစ်၏။
ဤကဲ့သို့ ပြုလုပ်ခြင်းက သူ၏ မူလဇာစ်မြစ် အမြောက်အမြားကို စားသုံးသွားမည် ဖြစ်သော်လည်း သူသည် ဒေါသတရားအပြင် သူမွေးဖွားလာကတည်းက တစ်ခါမှ မခံစားဖူးသော ကြောက်ရွံ့မှုတို့ကြောင့် မျက်ကန်းဖြစ်နေခဲ့ကာ ထိုအရာကို ဂရုမစိုက်နိုင်တော့ချေ။
ဆော်လမွန် မြို့တော်သည် သူ၏ နောက်ဆုံး အဆုံးသတ်ကို ကြိုဆိုလိုက်ရလေတော့သည်။
【အမဲလိုက်ခြင်း လက်စွပ်ကွင်း · အမဲလိုက် စက်ယန္တရားနဂါး · အမဲလိုက်ခြင်း】
【အကျိုးသက်ရောက်မှု - ကမ္ဘာ့အဆုံးသတ်ကို အမဲလိုက်ခြင်း】
ရဲချီယန်သည် သူရှိနေသော နေရာမှ ပျောက်ကွယ်သွားလေ၏။
သူ၏ ပုံရိပ်က အမဲလိုက်ခြင်း လက်စွပ်ကွင်း၏ အလယ်ဗဟို၌ ပေါ်ထွက်လာခဲ့သည်။
သို့တည်းမဟုတ်...
အမဲလိုက်ခြင်း လက်စွပ်ကွင်းကြီးက သူ၏ အနောက်ဘက်၌ ပေါ်ထွက်လာခြင်းလည်း ဖြစ်နိုင်ပေသည်။
ဝှစ်...
ရိုင်းစိုင်းကြမ်းတမ်းသော လေပြင်းများက သောင်းကျန်းနေခဲ့သော်လည်း သူ၏ ပတ်ဝန်းကျင်၌မူ ပုံမှန်မဟုတ်လောက်အောင် ငြိမ်းချမ်းနေခဲ့လေ၏။
【"အမဲလိုက်ခြင်း လက်စွပ်ကွင်း · အမဲလိုက် စက်ယန္တရားနဂါး · အမဲလိုက်ခြင်း"】
【"ကမ္ဘာ့အဆုံးသတ်ကို တိုက်ခိုက်ရန် သတ်မှတ်ထားသော ကမ္ဘာတစ်ခုမှ အသုံးပြုခဲ့သည့် အဆုံးစွန်သော လက်နက်"】
【"သို့သော် သူ့ကို ဖန်တီးခဲ့သည့်အချိန်မှာ ထိုကမ္ဘာကြီးကို ကယ်တင်နိုင်ရန် အချိန်မမီတော့ချေ"】
【"သူသည် နှစ်ပိုင်း ကွဲအက်သွားခဲ့သည်"】
【"ယခုအခါ သူသည် ဤကမ္ဘာလောကထဲသို့ တစ်ဖန် ပြန်လည် ရောက်ရှိလာခဲ့ပြီ"】
【"သင် သူ့ကို မည်သို့ အသုံးပြုမည်နည်း"】
【"လူသား"】
【"အရာအားလုံး ဖျက်ဆီးခံရမည့်အရေးကို ကြည့်နေမည်လား"】
【"သို့မဟုတ်... ကမ္ဘာ့အဆုံးသတ်ကို အမဲလိုက်မည်လား"】
【"ဆုံးဖြတ်ချက်က သင့်အပေါ်၌သာ မူတည်ပါသည်"】
အလင်းမျက်နှာပြင်က အမဲလိုက်ခြင်း လက်စွပ်ကွင်း၏ မိတ်ဆက်ကို ဖော်ပြနေခဲ့လေ၏။
သူ၏ ကိုယ်ပိုင်ကမ္ဘာကို ကယ်တင်ရန် ကျရှုံးခဲ့သော ပစ္စည်းတစ်ခုသည် ယခုအခါ ကမ္ဘာ့အဆုံးသတ်နှင့် နောက်တစ်ကြိမ် ထပ်မံ ရင်ဆိုင်နေရချေပြီ။
【ဆုတောင်းခြင်း】 【လိုအင်ဆန္ဒ】 【ဒေါသတရား】 【ပူဆွေးသောက】...
ရဲချီယန်သည် ဤအမဲလိုက်ခြင်း လက်စွပ်ကွင်းအတွင်းရှိ ပြင်းထန်သော စိတ်ခံစားမှုများကို ခံစားနေရလေ၏။
ဤသည်မှာ တစ်ချိန်က ကျရှုံးခဲ့ဖူးသော ပစ္စည်းတစ်ခု ဖြစ်သည်။
သူသည် သူ၏ ကိုယ်ပိုင် သီးသန့် ကယ်တင်ခံရမည့်အရေးကို ရှာဖွေနေခဲ့ခြင်း ဖြစ်ပေသည်။
"ဟူး..."
သူက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်၏။ ပြီးနောက် မျက်လုံးများကို ပြန်ဖွင့်လိုက်လေသည်။ ရဲချီယန်၏ နှုတ်ခမ်းထောင့်စွန်းများ၌ အပြုံးတစ်ခု ခိုတွယ်သွားချေပြီ။
"ဒီကိစ္စ ပြီးသွားရင် ငါ တကယ်ကို ရက်အနည်းငယ်လောက် သေချာ အနားယူဖို့ လိုနေပြီ"
ရွေးချယ်မှုလား။
ဆော်လမွန် မြို့တော်အတွင်းသို့ ဝင်ရောက်ရန် ရွေးချယ်လိုက်သည့် အခိုက်အတန့်ကတည်းက သူက ရွေးချယ်မှုကို ပြုလုပ်ပြီးသား ဖြစ်နေခဲ့ပြီ မဟုတ်ပါလား။
【မော်ဂျူး · အကန့်အသတ်ကျော်လွန်သူ】
အစိတ်စိတ်အမွှာမွှာ ဖြစ်နေသော အနက်ရောင်ပလ္လင်နှင့် ပြောင်းပြန်လှန်ထားသော လက်ဝါးကပ်တိုင်တို့က ကောင်းကင်ယံ၌ တွဲလောင်းကျနေခဲ့လေ၏။
အနက်ရောင် ကျီးကန်းများက အထက်ကောင်းကင်ယံ၌ ဝဲပျံနေကြသည်။ သူ အနိုင်ယူခဲ့ဖူးသော မရေမတွက်နိုင်သည့် မကောင်းဆိုးဝါးများသည် ငွေရောင်သန်းနေသော အဖြူရောင် စလိုင်းများမှတစ်ဆင့် သူတို့၏ အသွင်ပြောင်းလဲခြင်းကို အပြီးသတ်လိုက်ကြလေ၏။
နတ်ဆိုးများ၏ တီးတိုးသံများက လူများ၏ နားထဲသို့ ညှို့ယူဖမ်းစားနိုင်လောက်အောင် စွဲမက်ဖွယ်ကောင်းစွာ ဝင်ရောက်လာခဲ့သည်။
ရဲချီယန်က နတ်ဆိုးဘုရင်၏ ပလ္လင်ဆီသို့ လျှောက်သွားလိုက်လေရာ ဓားကိုင်ဆောင်ထားသော မျက်ရည်နီ မိန်းကလေးက သူ၏အတွက် ပြောင်းပြန်လှန်ထားသော လက်ဝါးကပ်တိုင်ထက်မှ သရဖူကို ဖြုတ်ယူပေးလိုက်လေ၏။
သူက သရဖူကို လက်ထဲတွင် ကိုင်ထားရင်း အားကို ဖြည်းညင်းစွာ သုံးလိုက်လေသည်။
သရဖူကြီး အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားလေတော့၏။
【နတ်ဆိုး အလင်းကွင်း】
နတ်ဆိုးများနှင့် သက်ဆိုင်သော တောက်ပသည့် အလင်းရောင်များက သူ၏ အနောက်ဘက်၌ အလင်းကွင်းတစ်ခုအဖြစ် စုစည်းသွားလေတော့သည်။
【မော်ဂျူး · အကန့်အသတ်ကျော်လွန်သူ】
သူက 【လေပြင်း】 ကို တိုက်ရိုက် ရင်ဆိုင်လိုက်လေ၏။
သို့သော် 【လေပြင်း】 ထံတွင် ထိုလွင်တီးခေါင်ပြင် မျိုးစိတ် အထွတ်အထိပ်၏ တည်ငြိမ်မှုမျိုး ရှိမနေတော့ချေ။
"လူသား... မင်း"
"ရှူး..."
ရဲချီယန်၏ ညာဘက် လက်ညှိုးလေးက သူ၏ နှုတ်ခမ်းထက်၌ တည်ရှိသွားလေ၏။
【ပုန်ကန်မှု × ဖြားယောင်းသွေးဆောင်ခြင်း】
"မင်းကို မေးခွန်းတစ်ခု မေးမယ်"
【လေပြင်း】 ၏ နှလုံးသားမဲ့နေသော ခန္ဓာကိုယ်ကြီးမှာ စတင် တုန်ယင်လာခဲ့လေသည်။
အဘယ်ကြောင့်ဆိုသော် သူက ဤသာမန် လူသားတစ်ဦး၏ မေးခွန်းကို အမှန်တကယ်ပင် မခုခံနိုင်ကြောင်း ရှာဖွေတွေ့ရှိသွားသောကြောင့်ပင်။
နောက်ထပ်မေးမည့် မေးခွန်းကို သူ ဖြေဆိုရမည်သာ ဖြစ်ပေသည်။
မေးခွန်းက ဘာလဲ။
သေချာပေါက် အဲ့ဒါက...
"မင်း သေမှာလား"
အခန်း ၄၉၄
ဒေါင်... ဒေါင်... ဒေါင်...
ခေါင်းလောင်းထိုးသံကြီးက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့လေ၏။
【လေပြင်း】 က ဤမေးခွန်းကို မဖြေဆိုချင်ခဲ့ပေ။
အကယ်၍ ဖြေဆိုလိုက်ပါက ဤလူသား၏ အနိုင်ယူ ချေမှုန်းခြင်းကို သေချာပေါက် ခံရမည်သာ ဖြစ်လေသည်။
သို့သော် လွင်တီးခေါင်ပြင် မျိုးစိတ်များ၏ အထွတ်အထိပ် ဖြစ်သော သူက လွင်တီးခေါင်ပြင်၏ လေပြင်းများကြား၌ ကစားစရာ သက်သက်မျှသာဖြစ်ပြီး ဝါးမျိုခံရရန်သာ ထိုက်တန်သော ပိုးကောင်မွှားကောင်များကဲ့သို့ လူသားများ၏ အနိုင်ယူခြင်းကို မည်သို့လုပ်၍ ခံနိုင်မည်နည်း။
သူက လုံးဝ မယုံကြည်နိုင်ခဲ့ချေ။
ယနေ့ ဤအခြေအနေသို့ ရောက်ရှိလာရန်နှင့် 【လေပြင်း】 ၏ အထွတ်အထိပ်ဖြစ်လာစေရန် သူသည် မရေမတွက်နိုင်သော နှစ်ကာလများစွာ စမ်းသပ်မှုများကို သည်းခံ ကျော်ဖြတ်ခဲ့ရခြင်း ဖြစ်၏။
သူက ဖျက်ဆီးခြင်းကို နှစ်သက်သလို ဖျက်ဆီးခြင်းကိုလည်း လိုလားတောင့်တနေခဲ့သည်။
ဤနေရာသည် ကမ္ဘာလောကအားလုံးကို ဖျက်ဆီးရန် သူအတွက် အစမှတ်ဖြစ်သင့်ပေသည်။
ကျရှုံးမှုကို သူ လုံးဝ လက်မခံနိုင်ခဲ့ချေ။
"ငါ... သေ... ရ... မယ်..."
စကားလုံးတိုင်းကို ပီပီသသ ရေရွတ်လိုက်ရင်း သူက ပြောဆိုလိုက်လေ၏။
သူက ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ဘဲ အဖြေကို ကျယ်လောင်စွာ ထုတ်ပြောလိုက်မိလေတော့သည်။
"လူသား... ငါ သေသွားရင်တောင် ဘာဖြစ်လဲ။ ကမ္ဘာ့အဆုံးသတ်က ရောက်လာနေပြီ၊ မင်း တားဆီးလို့ မရ..."
ဒေါင်...
【လေပြင်း】 ၏ စကားသံများက ရုတ်တရက် ရပ်တန့်သွားလေ၏။
သူ ဘာကို မြင်တွေ့လိုက်ရသနည်း။
မော်ကြည့်ရန် လိုအပ်သည့် လက်စွပ်ကွင်းကြီး တစ်ကွင်းကိုပင် ဖြစ်သည်။
အထွတ်အထိပ်ကို မြင်တွေ့နိုင်ရန်အတွက် ခေါင်းကို မော့ကြည့်ရလောက်အောင် ကြီးမားလှသော လက်စွပ်ကွင်းကြီး ဖြစ်၏။
သူက မသိလိုက်မသိဘာသာပင် ဤလက်စွပ်ကွင်းကြီး၏ လွှမ်းခြုံမှုကို ခံလိုက်ရပြီဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်သွားလေတော့သည်။
သူက ရုန်းထွက်ချင်ခဲ့သော်လည်း သူ့ကို အစဉ်အမြဲ စွမ်းအားများ ထောက်ပံ့ပေးနေခဲ့သော လွင်တီးခေါင်ပြင်မှ 【လေပြင်း】 နှင့် သူ၏ ဆက်သွယ်မှုမှာ ပြတ်တောက်သွားခဲ့ပြီ ဖြစ်ကြောင်းကိုသာ တွေ့ရှိလိုက်ရလေ၏။
"ဒါ မဖြစ်နိုင်ဘူး"
"ဘာမှ မဖြစ်နိုင်တာ မရှိဘူး"
ရထားမောင်းနှင်သူ ရဲချီယန်က ပြောလိုက်လေသည်။
သူက အက်ဖ်တစ်ဦးနှင့် ဆင်တူနေသော ဤ 【လေပြင်း】 ကို အထက်အောက် စုန်ဆန် ကြည့်ရှုလိုက်၏။
"တွေးကြည့်လိုက်တော့ မင်းက ငါသိတဲ့ လူတစ်ယောက်နဲ့ တော်တော်လေး တူနေတာပဲ။ မဟုတ်သေးပါဘူး၊ ဒါက အတုအယောင် သက်သက် ဖြစ်လောက်ပါတယ်လေ"
အမဲလိုက်ခြင်း လက်စွပ်ကွင်း၏ အလင်းရောင်က ပိုမို တောက်ပလာခဲ့လေ၏။
သူ အဆက်မပြတ် ပြန်လည်မွေးဖွားနိုင်သည့် စွမ်းရည်ကို ထိန်းသိမ်းပေးထားသော လွင်တီးခေါင်ပြင်၏ လေပြင်းမှာ လုံးလုံးလျားလျား ပြတ်တောက်သွားချေပြီ။
"ဒါဆိုရင်လည်း... နှုတ်ဆက်ပါတယ်"
ကျုံ့ဝင်သွားကာ ချေမွဖျက်ဆီးပစ်လိုက်လေ၏။
တစ်ခဏအတွင်း၌ပင်။
【လေပြင်း】 သည် ဗလာနတ္ထိအဖြစ်သို့ လုံးဝ ပျောက်ကွယ်သွားလေတော့သည်။
"..."
ဝှစ်...
လေပြင်းများ ရပ်တန့်သွားခဲ့၏။
ဆော်လမွန် မြို့တော်၏ ပျက်စီးယိုယွင်းခြင်းကလည်း ဤအခိုက်အတန့်၌ပင် အဆုံးသတ်သွားခဲ့လေသည်။
ကမ္ဘာ့အဆုံးသတ်၏ လေပြင်းကြီး ငြိမ်းသတ်ခံလိုက်ရချေပြီ။
【ဒင်... ဒေါင်...】
【ကမ္ဘာ့အဆုံးသတ်၏ လေပြင်း စမ်းသပ်မှုမှ ရှင်သန်နိုင်ခဲ့ကြသော ရထားမောင်းနှင်သူ အားလုံးကို ဂုဏ်ပြုပါသည်】
【လွင်တီးခေါင်ပြင်၏ လေပြင်းက စမ်းသပ်မှုအပြီးတွင် သင့်ထံသို့ ဆုလာဘ်များနှင့် ကောင်းချီးများ သယ်ဆောင်လာပေးပါသည်】
【ကျေးဇူးပြု၍ သင့် စနစ် စာတိုက်ပုံးကို စစ်ဆေးပါ】
ဒီလိုနဲ့ပဲ ပြီးဆုံးသွားပြီလား။
ဟုတ်ပေသည်၊ ပြီးဆုံးသွားခဲ့ချေပြီ။
ရထားမောင်းနှင်သူ ရဲချီယန်သည် သူ၏ စာတိုက်ပုံးကို စစ်ဆေးရန် အလျင်မလိုခဲ့ချေ။ ထိုအစား သူ၏ဘေးနားရှိ နှစ်ပိုင်းပြန်လည် ကွဲအက်သွားကာ အရောင်အဝါ မှေးမှိန်သွားသော အမဲလိုက်ခြင်း လက်စွပ်ကွင်းကိုသာ စိုက်ကြည့်နေခဲ့လေ၏။
【အမဲလိုက်ခြင်း လက်စွပ်ကွင်း】
【အတွင်း၌ ပါဝင်သော စွမ်းအားများ လုံးဝ ကုန်ခမ်းသွားပါပြီ】
【သူ ပြန်လည်ကောင်းမွန်လာစေရန် ရထားမောင်းနှင်သူက ဘူတာငါးခုကို ဖြတ်သန်း ခရီးနှင်ရန် လိုအပ်ပါသည်】
【မှတ်ချက်။ ။ အကယ်၍ သင်သည် သူ့ကို ပေါင်းစပ်လိုပါက ဤပစ္စည်းကို ဖန်တီးခဲ့သည့် ကမ္ဘာက သူအတွက် ထောက်ပံ့ပေးထားသော စွမ်းအားများကို ပြန်လည်ဖြည့်တင်းရန် ထိုဘူတာငါးခုကို ဖြတ်သန်းပြီးနောက် အကန့်အသတ်ကျော်လွန် အမြုတေတစ်ခုကို စားသုံးရန် လိုအပ်ပါသည်】
【မှတ်ချက် ၂။ ။ သူသည် ကယ်တင်ခြင်းကို ရရှိသွားပါပြီ။ ထိုကမ္ဘာမှ ဝိညာဉ်အသိသည် လုံးဝ ပျောက်ကွယ်သွားခဲ့ပြီး သင့်ထံသို့ နောက်ဆုံး လက်ဆောင်ကို ပေးပို့လိုက်ပါသည်】
【မှတ်ချက် ၃။ ။ လက်ဆောင်ကို သင့် စာတိုက်ပုံးသို့ ပေးပို့လိုက်ပါပြီ】
"ဟူး..."
ရထားမောင်းနှင်သူ ရဲချီယန်က သူ၏ မျက်ခုံးကြားကို ပင်ပန်းနွမ်းနယ်စွာဖြင့် ပွတ်သပ်လိုက်လေ၏။
ယခုအခါ သူ၏ စာတိုက်ပုံးထဲတွင် စနစ်မှ ပေးအပ်သော ဆုလာဘ်များသာမက အမဲလိုက်ခြင်း လက်စွပ်ကွင်းက ချန်ထားရစ်ခဲ့သော နောက်ဆုံး လက်ဆောင်လည်း ရှိနေပေသည်။
သူတို့က မည်သည့်အရာများ ဖြစ်မည်နည်းဟု သူ အတော်လေး စပ်စုချင်နေခဲ့သော်လည်း...
【ကိုယ်ခံစွမ်းအား - ၅၀ (အစစ်အမှန် ပင်ပန်းနွမ်းနယ်ခြင်း)】
အရမ်းကို ပင်ပန်းနေခဲ့ချေပြီ။
တိုက်ခိုက်မှု တစ်ကြိမ် ပြုလုပ်ရန်အတွက် အမဲလိုက်ခြင်း လက်စွပ်ကွင်းကို ထိန်းချုပ်လိုက်ရုံမျှဖြင့် သူ၏ ကိုယ်ခံစွမ်းအားက ဤအဆင့်အထိ ကျဆင်းသွားခဲ့ရလေသည်။
ထို့ပြင် ယခင်က ပြန်လည်ကောင်းမွန်လာသော ကိုယ်ခံစွမ်းအားများ အပြည့်အဝ မပြည့်သေးမီ သူက ကြီးမားလှသော တစ်ကြိမ်တည်း သုံးစွဲမှုကို ထပ်မံ ပြုလုပ်ခဲ့ခြင်းကြောင့် ဤအစစ်အမှန် ပင်ပန်းနွမ်းနယ်ခြင်း အခြေအနေ ဖြစ်ပေါ်လာရခြင်း ဖြစ်၏။
【လေပြင်း】 ပျောက်ကွယ်သွားခဲ့ပြီ။
ဤကိစ္စနှင့် ပတ်သက်၍ အထိတ်လန့်ဆုံး ဖြစ်သွားသော သက်ရှိ တစ်ဦးတည်းသာ ရှိလေသည်။
သူမှာ သွေးနတ်ဘုရားပင်။
ဂုဏ်သိက္ခာကြီးမားသော အဆင့် A နတ်ဘုရား တစ်ပါးဖြစ်သည့် သူပင် မတားဆီးနိုင်ခဲ့သော ကမ္ဘာ့အဆုံးသတ်ကို လက်စွပ်ကွင်းတစ်ကွင်း သယ်ဆောင်ကာ ရုတ်တရက် ပေါ်လာသော ထိုလူသားက မည်သည့်အတွက်ကြောင့် ပျောက်ကွယ်သွားအောင် လုပ်နိုင်ခဲ့သနည်းဆိုသည်ကို ဤအခိုက်အတန့်တွင် သူ လုံးဝ နားမလည်နိုင်ခဲ့ချေ။
သူက ဘာကြောင့် ဒီလိုမျိုး လုပ်နိုင်ခဲ့ရတာလဲ။ အဲ့ဒီ လက်စွပ်ကွင်းက ဘာကြီးလဲ။ သူကရော အခု ဘာဆက်လုပ်သင့်သလဲ။
ကမ္ဘာ့အဆုံးသတ်၏ လေပြင်း ပျောက်ကွယ်သွားခြင်းက ဆောင်ကြဉ်းလာသော ရလဒ်မှာ ထာဝရ ညဉ့်ယံ မြို့တော်ဘက်မှ လူများသည် ဆော်လမွန် မြို့တော်နှင့် အသေအလဲ တိုက်ခိုက်ရန် သူတို့၏ ကိုယ်ပိုင် အင်အားကိုသာ အားကိုးရတော့မည့် အခြေအနေပင် ဖြစ်လေသည်။
သို့သော် လေပြင်း မရှိတော့သဖြင့် ထိုလူသားများ၊ ထိုထိပ်တန်းအဆင့် ရထားမောင်းနှင်သူများသည် ထွက်ပြေးရန် သို့မဟုတ် ကမ္ဘာ့အဆုံးသတ်ကို တားဆီးရန်အတွက် အာရုံလွှဲခံနေရစရာ မလိုတော့ချေ။
ထာဝရ ညဉ့်ယံ မြို့တော်ဘက်မှ ရထားမောင်းနှင်သူ အများအပြားပင် ယခုအခါ သူတို့၏ ယုံကြည်မှုကို တဖြည်းဖြည်း ဆုံးရှုံးနေကြပြီ ဖြစ်၏။
ဤစစ်ပွဲတွင် လေပြင်း ရပ်တန့်သွားသည့် အခိုက်အတန့်လေး၌ပင် အနိုင်ရမည့်သူမှာ ကံကြမ္မာ သတ်မှတ်ပြီးသား ဖြစ်နေခဲ့ချေပြီ။
မွန်ရိုးဂျီနာက သတင်းအချက်အလက်များမှတစ်ဆင့် ပြုလုပ်ထားသော ပြင်ဆင်မှုများ၊ တရားသူကြီး တစ်ထောင်ကျော်၊ အင်ပါယာအမိန့်တော် အဖွဲ့အစည်းမှ လူများနှင့် ဆော်လမွန် မြို့တော် ကိုယ်တိုင်၏ အဓိက ဂိုဏ်းအသီးသီးအပြင် စစ်ပွဲတွင် ပါဝင်လာကြသော သာမန်ပြည်သူများနှင့်ဆိုလျှင်၊ သူ ရှုံးနိမ့်သွားလိမ့်မည်။ ထာဝရ ညဉ့်ယံ မြို့တော်လည်း ရှုံးနိမ့်သွားပေလိမ့်မည်။
ကျောက်ရှီး၏ မျက်လုံးများက အနည်းငယ် တောက်ပသွားကာ သူမ၏ အကြည့်များကို သွေးနတ်ဘုရားထံသို့ ပြန်လည် စူးစိုက်လိုက်လေ၏။
"ဟူး..."
သူမက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်။
ဆော်လမွန် မြို့တော်တွင် သူမ၏ ဆယ်နှစ်တာ နေထိုင်ခဲ့မှုကြောင့် ဖန်တီးဖြစ်ပေါ်လာခဲ့သော သူမ၏ နှလုံးသားထဲရှိ နောက်ဆုံး သံကြိုးခလောက်ကြီး လုံးဝ ပြတ်တောက်သွားကြောင်းကို ကျောက်ရှီး ခံစားလိုက်ရလေ၏။
သူမက လက်ဝါးကို ဖြန့်လိုက်လေရာ လက်ဝါးဆီမှ လိမ္မော်နှင့် အနီရောင်စပ် အလင်းတန်းများက သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးသို့ ပျံ့နှံ့သွားလေတော့သည်။
သူမ၏ အရောင်က နောက်တစ်ကြိမ် ပြောင်းလဲသွားပြန်၏။
နေမင်းကြီးကဲ့သို့ စူးရှတောက်ပသော အလင်းရောင်များက သွေးရောင်လွှမ်းနေသော ကောင်းကင်ယံကို လူစုခွဲ ဖယ်ရှားပစ်လိုက်လေသည်။
ကျောက်ရှီးသည် သူမ၏ နောက်ဆုံးအဆင့် အသွင်ပြောင်းလဲမှုကို အပြီးသတ်လိုက်လေ၏။
အလင်းရောင်များကြားထဲမှ ရွှေရောင်လွှမ်းသော တိုက်ပွဲဝင် သံချပ်ကာကို ဝတ်ဆင်ထားသည့် အရပ်ရှည်ရှည် အမျိုးသမီးတစ်ဦးက ကမ္ဘာလောကထဲသို့ ဆင်းသက်လာခဲ့သည်။
"ငါ့မှာ ဒီလိုစွမ်းရည်မျိုး ရှိသေးတယ်ဆိုတာကို ငါ မေ့လုနီးပါး ဖြစ်နေခဲ့ပြီပဲ။ ရဲ... မဟုတ်ဘူး... အော်တိုစ်၊ ငါ့ကို ပြန်သတိရအောင် လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
【ယာယီ အခြေအနေ - ကြီးမားသော တရားစီရင်ခြင်း】
【ကြီးမားသော တရားစီရင်ခြင်း၏ အလင်းရောင်အောက်တွင် မကောင်းဆိုးဝါး ဝိညာဉ်များအားလုံး ပုန်းအောင်းစရာ နေရာမရှိပါ】
လူသားများနှင့် သွေးစုပ်ဖုတ်ကောင်များကြားမှ နောက်ဆုံးစစ်ပွဲသည် ဤအလင်းရောင်ထဲတွင် စတင်သွားခဲ့ချေပြီ။
ရလဒ်နှင့် ပတ်သက်၍မူ နောက်ဆုံးတွင် သူတို့ အောင်ပွဲခံရလိမ့်မည်ဆိုတာကို လူတိုင်း နားလည်သဘောပေါက်ထားကြလေသည်။
ဆိုရိုးစကားရှိသည့်အတိုင်း လုပ်စရာရှိတာ လုပ်ပြီးသည်နှင့် အဝတ်အစားများကို ခါလိုက်ကာ ဂုဏ်ကျက်သရေနှင့် အောင်မြင်မှုများကို ဖုံးကွယ်၍ ထွက်ခွာသွားလေတော့သည်။
ရထားမောင်းနှင်သူ ရဲချီယန်သည် သူ၏ ရထားဆီသို့ ပြန်သွားကာ အလွန်တိတ်ဆိတ်စွာ နေထိုင်ရင်း ဤစစ်ပွဲ၏ အဆုံးသတ်ကို စောင့်ဆိုင်းရန်အတွက် အတော်လေး ဘေးကင်းသော နေရာတစ်ခုကို ရှာဖွေလိုက်လေ၏။
တစ်နည်းအားဖြင့် ပြောရလျှင် 【သွေးနတ်ဘုရားအား အဆုံးသတ်မည့်သူ】 တာဝန် အပြီးသတ် ပြီးမြောက်သွားမည့် အခိုက်အတန့်ကို စောင့်ဆိုင်းနေခဲ့ခြင်းပင် ဖြစ်သည်။ သူ၏ တာဝန် ပြီးမြောက်မှုနှုန်းကို အနည်းငယ် ပိုမို မြင့်မားလာစေရန်အတွက် ဖြစ်၏။
လောဘတကြီး စားသောက်ခြင်းကို အသွင်ပြောင်းခိုင်းကာ ဂေါ်ဘလင် တမန်တော်များနှင့် သူရဲကောင်းများအပြင် သိပ်မကြာသေးမီကမှ သူ စားသောက်ထားခဲ့သော ငရဲခွေးကိုပါ သူက စေလွှတ်လိုက်လေသည်။
သေချာပေါက် အစွမ်းထက် မကောင်းဆိုးဝါးအချို့ သေဆုံးသွားပြီးနောက် အရသာအရှိဆုံး အသားတုံးကို လုယူရန်အတွက် ထိုလောဘကြီးလွန်းသော ကျီးကန်းနတ်ဆိုး ကောင်စုတ်လေးကလည်း လောဘတကြီး စားသောက်ခြင်းနှင့်အတူ အပြင်သို့ ထွက်သွားခဲ့လေသည်။
သူ၏ဘေးနား၌ လီဆက်က ဤအခိုက်အတန့်တွင် ဖြစ်ပျက်နေသမျှ အရာအားလုံးကို သူမ၏ ကင်မရာဖြင့် အဆက်မပြတ် မှတ်တမ်းဓာတ်ပုံ ရိုက်ကူးနေခဲ့၏။
ဓာတ်ပုံတိုင်းထဲတွင် သူမ၏ သခင်ဖြစ်သူ၏ ပုံရိပ်က ရှိနေဆဲပင် ဖြစ်လေသည်။
ရင့်ကျက်သွားသော ကျောက်ရှီးနှင့် သွေးနတ်ဘုရားတို့ကြားမှ တိုက်ပွဲကို ကြည့်ရှုရင်း ရထားမောင်းနှင်သူ ရဲချီယန်က တိုးတိတ်စွာ ရေရွတ်လိုက်လေ၏။
"သူမက တရားသူကြီးချုပ် ဖြစ်လာနိုင်တာ အံ့သြစရာ မဟုတ်တော့ပါဘူး။ အသွင်ပြောင်းတာက အရပ်ပါ ရှည်လာစေနိုင်တာကိုး"
သူက နောက်ဆုံး တာဝန် တိုးတက်မှု အခြေအနေကို လှမ်းကြည့်လိုက်ကာ တခစ်ခစ် ရယ်မောလိုက်ပြီး လက်တစ်ဖက်ဖြင့် 【နေရာရွှေ့ပြောင်းအမှတ်အသား】 ကို ခပ်ဖွဖွ ပွတ်သပ်လိုက်လေသည်။
ဆော်လမွန် မြို့တော်၏ ကောင်းကင်ယံက အမြင့်တွင် ချိတ်ဆွဲထားသော တောက်ပသည့် လမင်းကြီးကို ကြိုဆိုလိုက်လေ၏။
အချိန် - 【၂၂: ၂၄: ၄၉】
【သွေးနတ်ဘုရားအား အဆုံးသတ်မည့်သူ - ၉၉%】
အမြင့်မြတ်ဆုံး သက်ရှိက ထွက်ခွာသွားခဲ့ပြီး လေပြင်းများလည်း ရပ်တန့်သွားခဲ့ချေပြီ။ ထာဝရ ညဉ့်ယံ မြို့တော်၏ စစ်တပ်ကြီးမှာ အထီးကျန်ဖြစ်ကာ အကူအညီမဲ့နေခဲ့လေ၏။
ထိပ်တန်းအဆင့် ရထားမောင်းနှင်သူ ပိုပိုများလာသူတို့သည် သူတို့၏ တိုက်ပွဲများကို အဆုံးသတ်ပြီးနောက် ကျောက်ရှီးနှင့် သွေးနတ်ဘုရားတို့ကြားမှ နောက်ဆုံး အဆုံးအဖြတ် တိုက်ပွဲကို ကြည့်ရှုရန် ဤစတုတ္ထအလွှာဆီသို့ ရောက်ရှိလာကြလေသည်။
ကောင်းကင်ခွဲ စစ်လှံရှည်က လေဟာနယ်ကို ဆုတ်ဖြဲပစ်လိုက်ချိန်တွင်။
အဆုံးအစမရှိသော သွေးပင်လယ်ကြီး၏ နောက်ဆုံးအစုအဝေးလေးသာ ကျန်ရှိတော့ချိန်၌။
သွေးနတ်ဘုရားသည် အဝေးတစ်နေရာ၌ တုန်ရီနေခဲ့ကာ ဖရိုဖရဲ ဖြစ်နေပုံရလေ၏။
"လူသား... မင်းက ဘာဖြစ်လို့ ဒီလောက်တောင် အစွမ်းထက်နေရတာလဲ။ ဘယ်လိုအကြောင်းပြချက်တွေကြောင့်လဲ။ လူသားတွေက ဒီလောက် အစွမ်းထက်တဲ့ ခွန်အားမျိုးကို ဘယ်လိုလုပ် ပိုင်ဆိုင်နိုင်မှာလဲ။ ရှင်းနေတာပဲ... နတ်ဘုရားဆိုတာ ငါပါကွ"
သူ၏ ခန္ဓာကိုယ်မှာ အပေါက်များဖြင့် ပြည့်နှက်နေခဲ့၏။ သူ၏ ကျန်ရှိနေသေးသော နှလုံးတစ်ဝက်၏ ခုန်နှုန်းမှာ ရေခဲမှတ်သို့ပင် ရောက်ရှိနေခဲ့ချေပြီ။
ကျောက်ရှီးက သူမ၏ စစ်လှံရှည်ကို ဝှေ့ယမ်းလိုက်ပြီး အေးစက်စက် ပြောလိုက်လေသည်။
"ဘာလို့လဲဆိုတော့ ငါတို့က နတ်ဘုရားတွေ မဟုတ်သလို ဘယ်သူ့ရဲ့ အထွတ်အထိပ်မှလည်း မဟုတ်လို့ပဲ"
သွေးနတ်ဘုရား၏ ခန္ဓာကိုယ်က ပိုမို၍ အတုအယောင် ဖြစ်လာခဲ့လေ၏။
သူက မသေချင်ခဲ့သလို သေရမည်ကိုလည်း အလွန်အမင်း ကြောက်ရွံ့နေခဲ့သည်။ သူထံတွင် နတ်ဘုရားတစ်ပါး၏ ဂုဏ်သိက္ခာ မရှိတော့သလို သွေးစုပ်ဖုတ်ကောင်တစ်ကောင်၏ ကြော့ရှင်းမှုလည်း ရှိမနေတော့ချေ။
ဤအခိုက်အတန့်တွင် သူက အမှန်တကယ်ပင် တွားသွားနေခဲ့ကာ သူ၏ အသံမှာလည်း တုန်ရီနေခဲ့လေ၏။
"ငါနဲ့ ထာဝရ ညဉ့်ယံ မြို့တော်က အညံ့ခံဖို့ ဆန္ဒရှိပါတယ်... လူသား... အဆင့် A နတ်ဘုရား တစ်ပါးက မင်းအတွက် ဘယ်လိုအကူအညီမျိုးတွေ ပေးနိုင်တယ်ဆိုတာကို မင်း နားလည်သင့်တယ်"
"တကယ်လို့ မင်း သဘောမတူဘူးဆိုရင် ငါ့ရဲ့ နတ်ဘုရား အမြုတေကို ဖောက်ခွဲပစ်လိုက်ရုံပဲ။ ကမ္ဘာ့အဆုံးသတ် မရှိရင်တောင် ဒီကမ္ဘာကြီးကို ငါနဲ့အတူ သင်္ဂြိုဟ်ခံရအောင် ငါ လုပ်နိုင်တယ်"
သူ တကယ်ရဲပါ့မလား။ သူ၏ နတ်ဘုရား အမြုတေကို ဖောက်ခွဲရဲပါ့မလား။
အကယ်၍ ရဲသည်ဆိုပါက ယခုအချိန်အထိ ဘာကြောင့် စောင့်ဆိုင်းနေမည်နည်း။ ရထားမောင်းနှင်သူ ရဲချီယန်၏ မျက်လုံးထဲတွင် သွေးစုပ်ဖုတ်ကောင်များ၏ နတ်ဘုရားမှာ အဲလ်ဖရက်ဒ် အမည်ရသော ထိုသွေးစုပ်ဖုတ်ကောင် မင်းသားလောက်ပင် လေးစားမှု ခံထိုက်ပုံ မရချေ။
"မင်း... ငါ မရဲဘူးလို့ တကယ် ထင်နေတာလား။ ငါက နတ်ဘုရား တစ်ပါးကွ။ ကြီးမြတ်လှတဲ့ သွေးစုပ်ဖုတ်ကောင် နတ်ဘုရားကွ။ ငါ... "
အဘယ်ကြောင့်ဆိုသော် ကျောက်ရှီး၏ စစ်လှံရှည်က သွေးစုပ်ဖုတ်ကောင် နတ်ဘုရား၏ နှလုံးသားကို ထိုးဖောက်တော့မည့် အခိုက်အတန့်လေး၌ပင်၊ ကောင်းကင်ယံဆီသို့ ပစ်တက်သွားသော အလင်းတန်းတစ်ခုက သွေးနတ်ဘုရားကို လွှမ်းခြုံသွားသောကြောင့်ပင် ဖြစ်လေ၏။
သူ၏ မျက်လုံးများထဲ၌ ဝမ်းမြောက်မှုများ ပေါ်ထွက်လာခဲ့သည်။
"အမြင့်မြတ်ဆုံး သက်ရှိက ငါ့ကို စွန့်ပစ်မသွားခဲ့ဘူးပဲ... နေဦး... မဟုတ်သေးဘူး။ ဒါက ဘာကြီးလဲ။ ဒါက..."
သူမှာ 【ဘုရားစူး ကတ်ပြား】 ပင် ဖြစ်လေ၏။
တစ်နေ့နှင့် တစ်ညတိတိ စောင့်ဆိုင်းနေခဲ့သော ရထားမောင်းနှင်သူ ရဲချီယန်က ဤအခွင့်အရေးကို နောက်ဆုံးတွင် စောင့်ဆိုင်းရရှိသွားပြီးနောက် အသုံးပြုလိုက်ခြင်း ဖြစ်ပေသည်... 【ပြည်နှင်ဒဏ်ပေးခြင်း】
နတ်ဆိုးများ၏ သခင်က တိုးတိတ်စွာ ရေရွတ်လိုက်လေ၏။
"ခရီးစဉ် ချောမွေ့ပါစေဗျာ"
【နတ်ဘုရား အမှတ်စဉ် — A-11 — သွေးစုပ်ဖုတ်ကောင်】
【သွေးနတ်ဘုရားအား အဆုံးသတ်မည့်သူ - ၁၀၀%】
【ရှုံးနိမ့်သူ - သွေးစုပ်ဖုတ်ကောင်】
【တာဝန် ပြီးမြောက်သွားချေပြီ】