ကောလဟာလ၊ များလှတဲ့ ကောလဟာလ
Vol. 109 Ch. 1493
ထိုပိန်ပါးပါးကျင့်ကြံသူ၏ ကျောက်ဖျာနှင့် သိပ်မဝေးသောနေရာတွင် သူနှင့် လုံးဝ ဆန့်ကျင်ဘက် ကျင့်ကြံသူတစ်ယောက် ရှိနေသည်။ ထိုကျင့်ကြံသူက အတော်လေးကြီးမားကာ ဘောလုံးတစ်လုံးအလား။ သူက ကြင်နာဟန် အပြုံး ပိုင်ဆိုင်ထားပြီး ခပ်ပြန့်ပြန့်ဦးထုပ်တစ်လုံးနှင့် ဝတ်ရုံကို ဝတ်ဆင်ထားသည်။
သူ့လက်ထဲတွင်လည်း ပေသီးခုံကို ကိုင်ထားလျက် ရှိ၏။ သူ ဝေ့ယမ်းလိုက်ရာ ၎င်းပေးသီးခုံထံမှ ကြွပ်ဆတ်ဆတ်အသံကို ဖန်တီးသည်။
“မထိုက်တန်ဘူး။ မတန်ဘူး…” ထိုကျင့်ကြံသူသည် ခေါင်းယမ်းလိုက်၏။ သူ၏မျက်နှာပေါ်ရှိ ဝဖီးသောအသားစိုင်များပါ လိုက်လှုပ်သည်။ သူသည် တစ်ခုခုကို ခပ်တိုးတိုး ရေရွတ်နေရင်း သူ့လက်ကို ဝေ့ယမ်းလိုက်ရာ မရေမတွက်နိုင်သောအတားအဆီးများ ထွက်ပေါ်လာကာ သူ့ထံ တိုးဝင်လာသော ကျင့်ကြံသူများပေါ်သို့ ကျရောက်သွားသည်။ ထိုအခါ ယင်းကျင့်ကြံသူများသည် တုန်ယင်လျက် အောက်ဘက်ရှိ မြူပင်လယ်အတွင်းသို့ ပြုတ်ကျကုန်သည်။
ကျောက်ဖျာနှစ်ဆယ့်ရှစ်ခု ကျန်သေးသော်လည်း ခုနစ်ခုသည် များစွာတိုက်ခိုက်ပြီးမှ လုယူ ရရှိခြင်း ဖြစ်သည်။ အခုလိုအခြေအနေအောက်တွင် အောင်အောင်မြင်မြင် လုယူနိုင်ခြင်းသည် ထိုသူများက သာမန်မဟုတ်ဟု ဆိုလိုနေ၏။
ထိုကျောက်ဖျာခုနစ်ခုပေါ်ရှိ လူများသည်လည်း ဝမ်လင်း၏အာရုံစိုက်မှုကို ရရှိသည်။ သူ့ကို အံ့အားသင့်သွားစေသည်က သူ့အား လာတိုက်ခိုက်သော စတုတ္ထကောင်းကင်ဘုံဒုက္ခအဆင့် အဘိုအိုးပါ ထိုလူခုနစ်ယောက်တွင် ပါဝင်နေခြင်းပင်။
ကျန်သည့်သူများ၏ ကျင့်ကြံမှုအဆင့်မှာလည်း အားမနည်းပေ။ သူတို့တစ်ယောက်ချင်းစီသည် ကလန်မတူကြပေ။ သူတို့ထံ၌ သတ်ဖြတ်လိုစိတ် ပြည့်နှက်လျက် သတ်ဖြတ်သူနတ်ဘုရားများအလား ထင်ရသည်။
သူတို့ထဲမှ တစ်ယောက်သည် ကျောက်ဖျာတစ်ခုကို လုယူသည်မှာ အလွယ်ဆုံး ဖြစ်နေ၏။ ထိုသူမှာ မျက်နှာပေါ်တွင် အဖုများ ရှိနေသော အစိမ်းရောင်ဝတ်စုံဖြင့် အဘွားအိုပင်။ သူမက ကြောက်မက်ဖွယ် ကောင်းပြီး လျှောက်လှမ်းလာနေရင်း သူမပတ်လည်ရှိ ကျင့်ကြံသူများသည် စိတ်ရှုပ်ထွေးဟန်များ ဖြစ်ကုန်၏။
သူမ မျက်စိကျခဲ့သော ကျောက်ဖျာပေါ်တွင် ကျင့်ကြံသူဆယ်ယောက်ကျော် တိုက်ခိုက်နေကြ၏။ သို့ပေမည့် ထိုအဘွားအို ချဉ်းကပ်လာသည်နှင့် ထိုသူတို့၏မျက်လုံးများတွင် စိတ်ရှုပ်ထွေးမှုတို့ ပြည့်နှက်လာကာ မထင်မှတ်စွာဖြင့် နောက်ဆုတ်သွားကြသည်။ ကျောက်ဖျာပေါ်ရှိ မူလ ရှိနေသောသူပင် ထွက်သွားကာ အနှီအဘွားအိုအား နေရာပေးလိုက်လေ၏။
မြူပင်လယ်သည် တုန်ဟည်းလျက် ပိုပိုများပြားသော မြူတိုင်လုံးများ ကောင်းကင်ထက်သို့ ထိုးတက်လာ၏။ တိုက်ခိုက်မှုအားလုံး ရပ်တန့်သွားသည့်ဟန် ပေါ်သည်။ ကျောက်ဖျာနှစ်ဆယ့်ရှစ်ခုသာ ကျန်ခဲ့ပြီး ကျန်သည့်ကျင့်ကြံသူအားလုံး သေဆုံးသွားကြတော့သည်။
အချိန်တိုတောင်းသော်လည်း ဤက အလွန်ရက်စက်သော မျိုးဖြုတ်ခြင်း ဖြစ်နေ၏။ ကျင့်ကြံသူရာချီတွင် ကိုးဆယ်ရာခိုင်နှုန်းကျော် သေဆုံးသွားခဲ့ပြီး နှစ်ဆယ့်ရှစ်ယောက်သာ ကျန်ခဲ့လေ၏။
ဝမ်လင်း၏အမူအရာသည် တည်ငြိမ်လို့နေသည်။ သူက ထိုင်၍ ကျင့်ကြံနေသည်။ သူက သူ စုပ်ယူခဲ့သော အသွေးအသားတို့ကို သူ့ကိုယ်သူ ပြန်ကုစားဖို့အတွက် အသုံးပြုသည်။ သူသည် သိမ်မွေ့ဆန်းကြယ်မီးကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း၊ သူ၏အစွမ်းထက်မန္တာန်များ၊ သူ၏ ရတနာမျိုးစုံကို မထုတ်ဖော်ခဲ့ပေ။ သူက သူ့နည်းလမ်းများစွာကို ထိန်ချန်ထားခဲ့ပေ၏။
ဤနေရာမှာ အန္တရာယ်ပြည့်နှက်နေပြီး အလွန် ထူးဆန်း၏။ သင်္ချိုင်းကိုယ်တိုင်ထံမှ အန္တရာယ်အပြင် အစွမ်းလျှိုထားသော ကျင့်ကြံသူများစွာလည်း ရှိနေသေး၏။ ထို့ကြောင့် သူက သူ့ခွန်အားကို အသက်ရောက်ဆုံးနည်းလမ်းဖြင့်သာ ထုတ်ဖော် ပြသခဲ့တာ ဖြစ်သည်။
ကျောက်ဖျာပေါ်ရှိ ကျင့်ကြံသူများသည် စိတ်သက်သာရာ ရကာ စတင် ကျင့်ကြံကြ၏။ သို့ပေမည့် မသိမသာအန္တရာယ်ကတော့ ရှိလို့နေဆဲသာ။ သူတို့အားလုံးသည် တစ်ယောက်နှင့်တစ်ယောက် သေချာ စူးစမ်းနေကြ၏။
အစောပိုင်း တိုက်ပွဲသည် တိုတောင်းလှသော်လည်း လူတိုင်းသည် တစ်ယောက်ကို တစ်ယောက် အာရုံစိုက်နေကြ၏။
ဝမ်လင်း တချို့လူများကို အာရုံစိုက်မိသလိုပင်။ ကျင့်ကြံသူတော်တော်များများကလည်း ဝမ်လင်းကို အာရုံစိုက်နေကြ၏။
ဝမ်လင်းသည် လူခြောက်ယောက်ကို ရှင်းရှင်းလင်းလင်း သတ်ပစ်ခဲ့ခြင်းက ပတ်ဝန်းကျင်ရှိ အာရုံကို ဖမ်းစားဖို့ရာ လုံလောက်နေခဲ့သည် မဟုတ်လား။ သူ့ဟိန်းအော်သံက သည်နေရာရှိ တခြားအသံများကို ဖိနှိပ်ပြီး ကောင်းကင်ဘုံဒုက္ခအဆင့်ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်ကို ပျက်စီးသွားစေခဲ့ပေသည်။ ထိုအဖြစ်က သူတို့အတွက် ဝမ်လင်းကို သတိထားရန် ဖြစ်လာသည်။
“ဒီလူရဲ့ တိုက်ပွဲမှာ များများစားစား အစွမ်း မထုတ်ဖော်ခဲ့ဘူး…” ပေတစ်သောင်းလောက်ငါးနှင့် ခရမ်းရောင်ဝတ်စုံဖြင့်လူသည် ဝမ်လင်းကို ကြည့်သည်။ သူ့မျက်နှာသည် သုန်မှုန်နေဆဲသာ။
“သူ့ဟိန်းအော်သံရဲ့ အစွမ်းဟာ တစ်စုံတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ပျက်စီးသွားစေနိုင်တယ်။ သူ့မန္တာန်တွေဟာ အသံနဲ ပတ်သတ်လောက်တယ်…”
ကျောက်ဖျာတစ်ခုကို အောင်မြင်စွာ လုယူနိုင်ခဲ့သော လူများထဲမှ တစ်ယောက်က ဝမ်လင်းကို သတ်ဖြတ်လိုစိတ်၊ ရန်လိုစိတ်ဖြင့် ကြည့်သည်။
“တခြားသူတွေဟာ သူ့ရဲ့ ရက်စက်မှုနဲ့ ဟိန်းသံကိုပဲ သတိပြုမိကြတယ်။ ဒါပေမဲ့ သူဟာ သွေးမြူကို ဝါးမြိုခဲ့တာကိုတော့ သတိမထားခဲ့ကြဘူး။ ဒီလိုမျိုး နတ်ဆိုးဆန်တဲ့နည်းလမ်းဟာ မကြာသေးခင်ကပဲ ရှေးဟောင်းကြယ်အဖွဲ့အစည်းမှာ လူပြောများခဲ့တာ ဖြစ်တယ်…” ခပ်ဝဝလူက ပြုံး၍ ဝမ်လင်းကို ကြည့်ကာ သူ့လက်ထဲရှိ ပေသီးခုံကို ကစားနေသည်။
“သူဟာ ငါ့ကို ကျိန်းသေပေါက် သတ်ချင်နေမှာ။ ငါ အကူအညီလိုတယ်…” ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်မှ မိန်းကလေးသည် ဖြူရောနေလျက် သူမ၏နှုတ်ခမ်းကို ကိုက်ထားသည်။ သူမ၏မျက်လုံးထဲရှိ ဝန်လေးမှုမှာလည်း ပိုအားကောင်းလာသည်။
“ငါ ဒီလိုလူမျိုးကို စော်ကားမိလို့ မရဘူး။ အစောပိုင်းတုန်းက သူက ငါ့ကို လွှတ်ပေးခဲ့တယ်။ ဒါ့ကြောင့် ငါ သူ့အပေါ် အကြွေးတင်နေတယ်…”
ဝမ်လင်း လွှတ်ပေးခဲ့သော အဘိုးအိုသည် ကြောက်လန့်မှုဖြင့် ခေါင်းငုံ့ထားသည်။ ဝမ်လင်းကို တိုက်ခိုက်ခဲ့စဉ် ကြုံခဲ့ရသော အဖြစ်ကို သူ့အနေဖြင့် တစ်သက်လုံး မေ့နိုင်တော့မည် မဟုတ်ပေ။
အဖြူရောင်ဝတ်စုံ၊ဆံပင်ရှည်နှင့် အမျိုးသမီးက သူမ၏အကြည့်ကို ပြန်ရုတ်သိမ်းကာ ဝမ်လင်းထံသို့ ကြည့်သည်။ သူမ၏အမူအရာသည် တည်ငြိမ်လို့နေ၏။ မည်သူကမျှ သူမ ဘာတွေးနေသည်ကို သိနိုင်လိမ့်မည် မဟုတ်ပါ။
လူတိုင်းသည် တစ်ယောက်နှင့်တစ်ယောက် ကြိတ်၍ လေ့လာနေလျက် တိုက်ပွဲမှ ဒဏ်ရာများကို ကုစားနေသည်။ ပတ်ဝန်းကျင်သည် တဖြည်းဖြည်း တည်ငြိမ်လာသည်။ မြူပင်လယ်သည်ပင် တည်ငြိမ်လာဟန် တူသည်။
အချိန်တိုအတွင်း ပြန်ကောင်းမွန်လာပြီးနောက် ကျင့်ကြံသူတစ်ယောက်သည် ထရပ်ကာ ကျောက်ဖျာတစ်ခုပေါ်ရှိ ဦးခေါင်းရှေ့မှ ရတနာတစ်ခုထံသို့ ဦးတည်သွားသည်။ ဝမ်လင်းသည် မျက်လုံးဖွင့်လိုက်၏။ သူ့ညာလက်ကို ဆန့်ထုတ်သည်။ ရှေးဟောင်းမိစ္ဆာဦးခေါင်းရှေ့ရှိ ပေသုံးဆယ်အလံက သူ့လက်ထဲသို့ ပျံသန်းဝင်လာသည်။ သူက ၎င်းကို လေ့လာကြည့်သည်။ ၎င်းမှာ ရှေးဟောင်းမိစ္ဆာတစ်ပါး၏ ရတနာတစ်ခု ဖြစ်၏။ သို့သော် ကြီးကျယ်ခြင်းတော့ မရှိပေ။
ဝမ်လင်းသည် ၎င်းကို သိမ်းဆည်းကာ ထရပ်လိုက်သည်။
သို့ရာတွင် ထိုအခိုက်အတန့်၌ ပြောင်းလဲမှုကြီးတစ်ခု ဖြစ်ပွားလာသည်။
ကျောက်ဖြာနှစ်ဆယ့်ရှစ်ခုသည် တုန်ဟည်းကာ မှိန်ဖျော့ဖျော့ ကောင်းကင်သည် တဖန် မြည်ဟိန်းလာ၏။ မိုးကြိုးများသည် နေရာအနှံ့လင်းလက်ကာ ထိုကောင်းကင်ကို ဆုတ်ဖြဲပစ်လိုသည့်အလား။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ အမူအရာသည် ပြောင်းလဲသွားကြစဉ် ကျောက်ဖျာနှစ်ဆယ့်ရှစ်ခုမှာ အရူးအမူး တုန်ခါလာသည်။
ကျောက်ဖျာများ တုန်ခါနေလျက် သူတို့အားလုံး မြန်ဆန်စွာ နစ်မြုပ်သွား၏။ ရုတ်တရက် ဆန်လွန်း၏။ ထို့ကြောင့် ကျင့်ကြံသူများသည် အချိန်မီ မတုန့်ပြန်လိုက်နိုင်ပေ။ ချက်ခြင်းပင် သူတို့သည် ပေတစ်သိန်းကျော်ထိ အောက်သို့ နစ်မြုပ်သွားသည်။
ကျောက်ဖျာများ ပြင်ပတွင် လေတိုးသံများ မြည်ဟိန်းလျက် ရှိနေ၏။ ဆုတ်ဖြဲအားတစ်ခုက ရုတ်တရက် ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာသည်။ အောက်သို့ မြန်ဆန်စွာ နစ်မြုပ်နေရင်း သူတို့၏ခန္ဓာကိုယ်ထဲရှိ သွေးများ လွတ်ထွက်သွားတော့မလား ဖြစ်နေ၏။
သို့ရာတွင် ထိုကျင့်ကြံသူများသည် ဦးဆုံးသတ်ဖြတ်မှုလှိုင်းတွင် ရှင်သန်နိုင်ခဲ့သူများ ဖြစ်ကြ၏။ ရုတ်တရက် ပြောင်းလဲမှု ဖြစ်လာသော်လည်း မည်သူကမျှ ထိတ်လန့်ပျာယာမခတ်သွားပေ။ သူတို့သည် နစ်မြုပ်နေစဉ် သူတို့ကိုယ်သူတို့ ကျောက်ဖျာပေါ်၌ အလိုက်သင့် ထိန်းလိုက်ကြ၏။
ကောင်းကင်သည် သူတို့နှင် ပိုပို ဝေးလာခဲ့သည်။ အပေါ်ရှိ ကျန်သည့် ကျောက်ဖျာများမှာလည်း သူတို့အမြင်တွင် အနက်ရောင်အစက်အပြောက်များ ဖြစ်လာချေ၏။
နစ်မြုပ်နေသော ကျောက်ဖျာနှစ်ဆယ့်ရှစ်ခုသည် မြူအတွင်းသို့ ခဏအတွင်း ဝင်ရောက်လာသည်။ မြူများသည် မြည်ဟိန်းလျက် ကျောက်ဖျာပတ်လည်တွင် တဝီဝီလှည့်လည်သည်။ ထို့နောက် သူတို့အားလုံးမှာ ၎င်းမြူအတွင်း နစ်မြုပ်သွားကြတော့သည်။
ဝမ်လင်းသည် သူ၏ကျောက်ဖျာပတ်လည်ရှိ မြူများကို တွေ့မြင်သည့်အခါ သူ့မျက်လုံးသည် အလေးအနက် ဖြစ်လာ၏။ သူက ကျောက်ဖျာမှာ ငရဲသို့ ဆင်းသက်နေသည်ဟု ခံစားမိသည်။ အဆုံးမရှိသည့်အလား။
အချိန်မည်မျှ ကြာသွားမှန်း မသိပြီးနောက် ဘန်းခနဲ ကျယ်လောင်စွာ ပေါက်ကွဲပြီး ကျောက်ဖျာ သက်ဆင်းမှုက ရပ်တန့်သွား၏။ ပတ်ဝန်းကျင်တွင် မြူများ ပြည့်နှက်လျက် ဘာကိုမှ မမြင်ရချေ။
ထိုအခိုက်အတန့်၌ အန္တရာယ်အာရုံတစ်ခုက ဝမ်လင်းစိတ်ထဲ ဝင်ရောက်လာ၏။ ရုတ်တရက် သူက လှည့်ကာ သူ့ညာလက်ကို ဝေ့ယမ်းလိုက်၏။ ကျယ်လောင်စွာ မည်ဟိန်းသွားကာ သူ့နောက်မှ မြူသည် ကန်ထွက်သွားပြီး ကွယ်ဝှက်နေသော သားရဲတစ်ကောင် လှစ်ဟပေါ်ထွက်လာသည်။ ထိုသားရဲသည် ပြည်ဖုများနှင့် ဖုံးလျှက် လူသားအသွင် ရှိသည်။ ၎င်း၏လက်များနှင့် ခြေသည်းလက်သည်းများသည် သေးသွယ်ချွန်မြမှု ရှိ၏။ ၎င်း၏ခန္ဓာကိုယ်မှာ ဝမ်လင်း၏ ရိုက်ချက်ကို ထိမှန်သွားပြီးနောက် မြူအတွင်း ပြန်ဆုတ်ကာ ချက်ခြင်း ပျောက်ကွယ်သွားလေသည်။
တစ်ချိန်တည်းမှာ သိပ်မဝေးသောနေရာမှ ခပ်အွတ်အွတ်အသံများကို ကြားရ၏။ အချို့အလစ်တိုက်ခိုက်မှုများသည် အောင်မြင်သွားတာ ထင်ရှားသည်။
ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်လာ၏။ သူက အနှီသားရဲကို သိရှိလိုက်သည်။
ထိုသားရဲ၏ ပုံစံအသွင်က ကွာခြားသော်လည်း နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၌ ရှေးဟောင်းနတ်ဘုရားဦးခေါင်းမှ ထွက်ပေါ်လာခဲ့သော ဆန်းကြယ်သည့်သက်ရှိလိုမျိုး ခံစားချက်ကို ဝမ်လင်းသည် ၎င်းထံမှ ရရှိနေသည်။
အေးစက်စက်နှာခေါင်းရှုံ့ကာ ဝမ်လင်းက သူ့လက်ကို ဝေ့ယမ်းပြီး လေပြင်းတစ်ခု သူ့ပတ်လည်တွင် ဝေ့တိုက်လျက် သူ့ပတ်လည်ရှိ မြူများကို နောက်လွင့်သွားစေသည်။ ကျင့်ကြံသူအားလုံးနီးပါးကလည်း သူတို့မန္တာန်များကို အသုံးပြုကာ မြူများကို နောက်လွင့်အောင် ပြုလုပ်လိုက်သည်သာ။ လျှပ်တပြတ်အတွင်း ကီလိုမီတာရာထောင်ချီအတွင်းရှိ မြူများသည် ကွယ်ပျောက်ကာ ပွင့်ဟသွား၏။
ကျောက်ဖျာနှစ်ဆယ့်ရှစ်ခုတွင် သုံးခု မရှိတော့ပေ။
ထိုကျင့်ကြံသူများထံမှ အေးစက်စက်အော်ရာတစ်ခု ထွက်ပေါ်ကာ သည်ဧရိယာတွင် ပြည့်နှက်လာ၏။ ပတ်ဝန်းကျင်ဧရိယာမှာ မြူများနှင့် ပြည့်သိပ်လျက် အပြင်ဘက်သို့ မြင်ရဖို့ မဖြစ်နိုင်ပေ။ သူတို့အားလုံးကို မြူများက ဝန်းရံထားသည်။
ပတ်ဝန်းကျင်မြူများအတွင်း အော်သံလှိုင်းများ ထွက်ပေါ်လာသည်။ ထူးဆန်းသောပုံရိပ်များသည် ထိုမြူများအတွင်းမှ ခုန်ထွက်လာကြကာ ဝမ်လင်းနှင့် လူတိုင်းရှေ့တွင် ပေါ်လာသည်။
လူသားအသွင်သားရဲများက မြူထဲ၌ ဘွားခနဲ ပေါ်လာကြ၏။ အကြည့်တစ်ချက်ဖြင့် ၎င်းတို့ အရေအတွက် မည်မျှ များသည်ကို မြင်ရဖို့ မဖြစ်နိုင်ပေ။ ဘေးပတ်ပတ်လည်သည် ထိုသားရဲများနှင့် ပြည့်နှက်နေလေ၏။
အစောပိုင်းက လူတိုင်းကို စိတ်ရှုပ်ထွေးအောင် ပြုလုပ်ခဲ့သော အဘွားအိုက ရှတတအသံဖြင့် ပြောလိုက်၏။ “ရောင်းရင်းကျင့်ကြံသူတို့…ငါတို့ ဘယ်ကလန်ကနေပဲ လာခဲ့လာခဲ့ အခုလို တွေ့ရတာ ငါတို့ရဲ့ ရေစက်ပဲ။ ဘယ်သူကမှ ဒီသက်ရှိတွေကို တိုက်ခိုက်တဲ့နေရာမှာ မလျှိုထားဖို့ ငါ မျှော်လင့်တယ်။ ဒီအဘွားအိုဟာ ရှေးမှတ်တမ်းတွေ ဖတ်ခဲ့ဖူးတော့ ငါ့အနေနဲ့ ဒီရှေးသင်္ချိုင်းနဲ့ ပတ်သတ်ပြီး အနည်းအကျဉ်း သိထားတယ်။ ငါတို့ဟာ အခုအပြင်ဘက်အစွန်းပိုင်းမှာ ရောက်နေပြီး ဒီစမ်းသပ်မှုကို ကျော်ဖြတ်နိုင်မှသာ သင်္ချိုင်းအတွင်းထဲကို ဝင်နိုင်မှာ ဖြစ်တယ်…”
သူမအသံ ပဲ့တင်ထပ်လာစဉ် လူသားအသွင်သားရဲများသည် အရူးအမူး အော်သံများပေးလျက် မြူများအတွင်းကနေ ထိုးထွက်ကာ ကျောက်ဖျာနှစ်ဆယ့်ရှစ်ခုပေါ်ရှိ ကျင့်ကြံသူနှစ်ဆယ့်ငါးယောက်ထံ တိုးဝင်လာတော့သည်။
ထိုမြင်ကွင်းသည် တုန်လှုပ်ဖွယ်ပင်။ ထိုသားရဲ အရေအတွက်မှာ ထောင်ချီလောက်၏။
ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်သွားသည်။ သူသည် ထိုသားရဲများ၏ ရန်လိုသောစိတ်ခံစားမှုများကို မြင်နေရသည်။ ထို့ကြောင့် သူက သိမ်မွေ့ဆန်းကြယ်မီးကို တောက်လောင်ပစ်နိုင်သည်။
သိမ်မွေ့ဆန်းကြယ်မီးကျင့်ကြံသူများသည် အတွင်းနယ်မြေနှင့် အပြင်နယ်မြေတို့တွင် အလွန်ဆန်းကြယ်သောတည်ရှိမှုများ ဖြစ်ကြ၏။ အရေမတွက်လည်း အလွန်နည်းပါးသည်။ သည်ပြင်ပနယ်မြေ(ဝါ) ရှေးဟောင်းကြယ်အဖွဲ့အစည်းတွင်လည်း သူတို့၏ကျော်ဇော်မှုမှာ ကြီးမားလှသည်။
အကြောင်းမှာ ထိုကျင့်ကြံသူများသည် နှစ်သောင်းချီအတွင်း မြင်ရခဲသောကြောင့် ဖြစ်၏။ သိမ်မွေ့ဆန်းကြယ်မီးကျင့်ကြံသူများနှင့် ပတ်သတ်သော ကောလဟာလများလည်း ရှိသည်။ လူများက ထိုကျင့်ကြံသူများသည် တတိယအဆင့်ကျင့်ကြံသူများလောက် အစွမ်းထက်ကြသည်ဟုလည်း တွေးထင်ကြ၏။
သိမ်မွေ့ဆန်းကြယ်မီး ကျင့်ကြံသူများ နှင့်ပတ်သတ်သော ကောလဟာလများသည် ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ ကျင့်ကြံသူများ၏စိတ်ထဲ၌ ပြည့်လျက် ရှိသည်။ သည်နေရာရှိ ကျင့်ကြံသူအားလုံးသည် အစွမ်းထက်ကြသည့်အတွက် သူတို့သည် ထိတ်လန့်စရာ ကောလဟာလများကို ကြားဖူးကြသူများပင်။
ပြောကြသည်က လက်တစ်ဖက်ဝေ့ယမ်းရုံနှင့် သိမ်မွေ့ဆန်းကြယ်မီးကျင့်ကြံသူတစ်ယောက်သည် လူထောင်ချီကို ပြာပုံဘဝ ရောက်အောင် လုပ်နိုင်သည် ဟူ၏။ သိမ်မွေ့ဆန်းကြယ်မီး ကျင့်ကြံသူတစ်ယောက်၏ အကြည့်က စိတ်ခံစားချက်ခုနစ်မျိုးကို တောက်လောင်စေနိုင်ပြီး မည်သူကမျှ မရှင်သန်နိုင်ဟုလည်း ဆိုပြန်သည်။ သိမ်မွေ့ဆန်းကြယ်မီး ကျင့်ကြံသူများသည် သူတို့၏ ရန်သူများအတွက် အိမ်မက်ဆိုးဖြစ်ကာ ရန်သူ၏ စိတ်ခံစားမှုများကို တောက်လောင်ပစ်နိုင်သည်ဟုလည်း ဆိုသည်။ အစရှိသဖြင့် ကောလဟာလ သတင်းစကားများသည် သိမ်မွေ့ဆန်းကြယ်မီး ကျင့်ကြံသူများနှင့် ပတ်သတ်၍ မျိုးစုံ ရှိကြသည်။ ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်မှ မိန်းကလေးမှ လွဲ၍ အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးသည်ပင် သူတို့ကြား၌ ဒဏ္ဌာရီလာ သိမ်မွေ့ဆန်းကြယ်မီးကျင့်ကြံသူတစ်ယောက် ရှိနေသည်ကို မသိကြပေ။ သိမ်မွေ့ဆန်းကြယ်မီးသည် အသုံးမပြုခင်တွင် မမြင်ရနိုင်ချေ။
***