← Chapters

အခန်း ၂၃၁

Vol. 24 Ch. 231

အခန်း ၂၃၁

Vol. 24 Ch. 231

အခန်း (၂၃၁) အဆင့်(၃)

အရှေ့ဆုံးမှ ပြေးထွက်သွားသော ချူဟန်သည် သူ့အနောက်ရှိ အခြားလူများ၏ စိတ်ထဲမှ အတွေးများကို ဂရုစိုက်မနေနိုင်တော့ပေ။ ယခုအချိန်တွင် သူသည် ဝမ်ချိုက်ကို ခေါ်သွားရန် အချိန်မရလိုက်ဘဲ ပြေးထွက်လာခဲ့သည်။ ထူချန်လုံ၏ လက်မောင်းပေါ်ရှိ ကူးစက်ခံထားရသော ဒဏ်ရာနှင့် လျန်ဟုန်ရှန်း အချိန်အတော်ကြာ ပြန်မလာသေးခြင်းတို့က ချူဟန်၏ ရင်ထဲတွင် ကြီးမားလှသော အန္တရာယ်အငွေ့အသက်များကို ရုတ်တရက် ခံစားလိုက်ရစေသည်။

ဤမြစ်ပေါ်တွင် ထူချန်လုံ မည်သို့ ကူးစက်ခံလိုက်ရသနည်း ဆိုသည်ကို အစောပိုင်းက သူ နားမလည်နိုင်အောင် ဖြစ်ခဲ့ရသည်။ ယခုလေးတင် သင်္ဘောခန်း ရုတ်တရက် တုန်ခါသွားသည့် အချိန်ရောက်မှသာ ချူဟန်သည် ကြောက်မက်ဖွယ်ကောင်းသော ကိစ္စတစ်ခုကို အလန့်တကြား သတိပြုမိသွားသည်။ ကမ္ဘာပျက်ကပ် စတင်ဖြစ်ပွားခဲ့သည်မှာ သုံးလကျော် ရှိနေပြီ ဖြစ်သည်။

အရင်ဘဝက သုံးလဟူသော အချိန်သည် ခေတ်တစ်ခု၏ အချိုးအကွေ့တစ်ခု ဖြစ်ခဲ့ပြီး အဆိုးရွားဆုံး ကိစ္စရပ်အားလုံး၏ အစပြုရာလည်း ဖြစ်သည်။ သုံးလမတိုင်မီက သာမန်လူများပင် အသက်ရှင်ရပ်တည်နိုင်ရန် အခွင့်အရေး အနည်းငယ် ရှိနေသေးသည်။ သို့ရာတွင် သုံးလပြည့်ပြီးနောက်ပိုင်း၌ ဆင့်ကဲပြောင်းလဲသူများမှလွဲ၍ မည်သူမျှ အပြင်ဘက်သို့ တစ်ကိုယ်တော် ထွက်ခွာနိုင်ခြင်း မရှိတော့ပေ။

ဒုန်း ဒုန်း ဒုန်း

ချူဟန်၏ ခြေသံများသည် အရင်ကလို တမင်တကာ ဖွဖွနင်းခြင်းမျိုး မရှိတော့ဘဲ မည်သည့်အရာကိုမျှ ဂရုမစိုက်တော့ဘဲ အမြန်ဆုံး အရှိန်ဖြင့် ပြေးလွှားသွားသည်။ လက်ရှိ သူ၏ စိုးရိမ်ပူပန်နေသော စိတ်အခြေအနေကို စကားလုံးများဖြင့်ပင် ဖော်ပြ၍ မရနိုင်တော့ပေ။

ရွှပ်…

အနက်ရောင် ရှူရာစစ်ပုဆိန်က သူ၏ လက်ထဲတွင် ရုတ်တရက် ပေါ်လာသည်။ မျက်မှောက်တွင်တော့ ကုန်းပတ်ပေါ်သို့ သွားရာ သံတံခါးကြီး ရှိနေသည်။ ရပ်တန့်၍ တံခါးဖွင့်နေရန် အချိန်မရှိတော့ပေ။ အရှိန်အဟုန် အပြင်းဆုံးအခြေအနေသို့ ရောက်ရှိနေသော ချူဟန်သည် ခြေထောက်ကို မြှောက်ကာ သံတံခါးဆီသို့ အားကုန်သုံး၍ ကန်ချလိုက်တော့သည်။

၀ုန်း….

ကျယ်လောင်သော အသံကြီးတစ်သံနှင့်အတူ သံတံခါးမှာ နောက်သို့ လွင့်ထွက်သွားပြီးနောက် အပြင်ဘက် ကုန်းပတ်ပေါ်သို့ ပြင်းထန်စွာ ကျသွားသည်။ သံတံခါး၏ အလယ်ဗဟိုတွင်တော့ ခြေရာပုံစံ အချိုင့်ကြီးတစ်ခု အထင်းသား ကျန်ရစ်နေသည်။

နောက်တစ်စက္ကန့်တွင် ချူဟန်သည် ကုန်းပတ်ပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အေးစက်နေသော မျက်နှာထက်တွင် တင်းမာမှုများ အထင်းသားပေါ်လွင်နေပြီး ရှူရာစစ်ပုဆိန်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။ သတ်ဖြတ်ခြင်းအငွေ့အသက်များ ပါဝင်နေသော ပုဆိန်သွားသည် တိုက်ခတ်နေသော လေပြင်းများကြားတွင် ကြက်သီးမွေးညင်းထဖွယ် ကောင်းလောက်အောင် အေးစက်သော အလင်းရောင်တစ်ခုကို ထုတ်လွှတ်နေသည်။

ကုန်းပတ်ပေါ်ရှိ မြင်ကွင်းမှာ အလွန်တရာ အကျည်းတန် ရုပ်ဆိုးလှပေသည်။ ဇွန်ဘီအဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်သော ထူချန်လုံ၏ ခေါင်းမှာ ကွဲကြေကာ ကြမ်းပြင်ပေါ်တွင် လိမ့်ကျနေပြီး လုံးလုံးလျားလျား မည်းနက်မသွားသေးသော သွေးများမှာလည်း နေရာအနှံ့ ပေပွနေသည်။ ထိုအလောင်း၏ ဘေးတွင်တော့ အခြားအလောင်းတစ်လောင်း ရှိနေသေးသည်။

၎င်းမှာ လျန်ဟုန်ရှန်း ဖြစ်သည်။

ယခုအချိန်တွင် လျန်ဟုန်ရှန်း၏ ခန္ဓာကိုယ်၌ မူလပုံပန်းသဏ္ဌာန် တစ်စက်မျှပင် မကျန်ရှိတော့ပေ။ အကယ်၍ ချူဟန်သာ သူဝတ်ဆင်ထားသော အဝတ်အစားများကို မမှတ်မိခဲ့ပါက ထိုအရာသည် လူသေအလောင်းတစ်ခု ဖြစ်ကြောင်းကိုပင် ခွဲခြားနိုင်မည် မဟုတ်ပေ။ ကုန်းပတ်ပေါ်တွင် ထိုအလောင်းနှစ်လောင်းမှလွဲ၍ အခြား မည်သူမျှ မရှိတော့ပေ။

ဒုန်း… ဒုန်း… ဒုန်း…

ကျောဘက်မှ လောတကြီး ပြေးလာသော ခြေသံများ ထွက်ပေါ်လာပြီး မကြာမီမှာပင် လီယီ သည် ဒုတိယမြောက် လူအဖြစ် ကုန်းပတ်ပေါ်သို့ ရောက်ရှိလာသည်။ အပြေးအလွှား ရောက်လာသော လီယီသည် မျက်မှောက်ရှိ မြင်ကွင်းကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားတော့သည်။ သေဆုံးနေသော အလောင်းနှစ်လောင်းနှင့် ပုံပန်းပျက်ကာ လွင့်ထွက်သွားသော သံတံခါးကြီးကို မြင်လိုက်ရသောကြောင့် ဖြစ်သည်။

သေဆုံးနေသော အလောင်းကိစ္စကို ဘေးဖယ်ထားလိုက်လျှင်ပင် ဤအရာအားလုံးကို ချူဟန် လုပ်ခဲ့သည်ဟု ဆိုရန် မဖြစ်နိုင်ပေ။ သို့သော် ထိုသံတံခါးကြီးကရော။

လီယီ၏ မျက်ဝန်းများတွင် အံ့သြထိတ်လန့်မှုများ အထင်းသား ပေါ်လွင်နေသည်။ ၎င်းသည် သံဖြင့် ပြုလုပ်ထားသော တံခါးကြီးဖြစ်သည်။ ထို့အပြင် ကုန်းပတ်သို့ သွားရာ အလွန်ခိုင်ခံ့လှသော တံခါးလည်း ဖြစ်သည်။ ထိုအပေါ်မှ ခြေရာပုံစံ အချိုင့်ကြီးတစ်ခု ဖြစ်ပေါ်နေသည်ကို လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေသည်။ ပြေးလာစဉ် လမ်းတစ်လျှောက်၌ ပြင်းထန်သော ပေါက်ကွဲသံကြီးကို ကြားခဲ့ရသော်လည်း ဤနေရာတွင် ရှိနေသော ချူဟန်မှလွဲ၍ မည်သူကမျှ ထိုကဲ့သို့ လုပ်ဆောင်နိုင်စွမ်း ရှိမည်မဟုတ်ပေ။

ချူဟန်သည် ဤသံတံခါးကြီးကို တစ်ချက်တည်း ကန်ထုတ်လိုက်နိုင်ရုံသာမက ဤမျှ ကြီးမားသော အချိုင့်ကြီး ဖြစ်သွားအောင် လုပ်နိုင်ခဲ့သည်လား။

အဆင့်(၂) ဆင့်ကဲပြောင်းလဲသူများသည် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုမျိုး ဖြစ်ကြောင်းကို လီယီ ပထမဆုံးအကြိမ် သိရှိလိုက်ရသည်။ ယခင်က အဆင့်(၁) စွမ်းအားအဆင့်သတ်မှတ်ချက်၌ ထိပ်ဆုံးမှ ရပ်တည်ခဲ့သော ချူဟန်သည် မည်မျှအထိ အစွမ်းထက်နေသနည်း။ သံတံခါးကို ထိုမျှအထိ ပျက်စီးသွားအောင် ကန်ထုတ်နိုင်ခြင်းမှာ သာမန်လူတစ်ယောက်၏ ခွန်အားမျိုး လုံးဝ မဟုတ်တော့ဘဲ မိစ္ဆာတစ်ကောင်၏ ခွန်အားမျိုး ဖြစ်နေပေပြီ။

လီယီ ပြေးတက်လာသော အခိုက်အတန့်တွင် ချူဟန်၏ စိတ်ထဲ၌ ပို၍ သတိထားမိသွားသည်။ အပိုစကားများ ရှင်းပြနေရန် အချိန်မရတော့သဖြင့် သူသည် လက်ထဲရှိ ရှူရာပုဆိန်ဖြင့် ကျောဘက်သို့ အလျင်အမြန် ခုတ်ပိုင်းချလိုက်သည်။

ချွင်….

နားကွဲမတတ် ပွတ်တိုက်သံကြီး တစ်ခုက ချက်ချင်း ထွက်ပေါ်လာပြီး မျက်စိကျိန်းမတတ် လျှပ်စစ်မီးပွားများက လီယီ၏ မျက်စိရှေ့တွင် ရုတ်တရက် ပေါ်ထွက်လာသည်။ သူ၏ ပါးပြင်နှင့် ဆယ်စင်တီမီတာမျှသာ ကွာဝေးတော့သည်။ ထို့နောက် ချက်ချင်းဆိုသလို လီယီသည် မျက်လုံးများကို ပြူးကျယ်သွားကာ မျက်စိရှေ့ရှိ မြင်ကွင်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။

ဇွန်ဘီဟု ခေါ်ဆိုရန်ပင် မဖြစ်နိုင်လောက်အောင် ရုပ်ဆိုးအကျည်းတန်လှသော သက်ရှိတစ်ကောင်က သူ့အား အနီးကပ် စိုက်ကြည့်နေလေသည်။ မျက်လုံးအဖြူရောင်များတွင် သူငယ်အိမ် မရှိသော်လည်း အခြား ဇွန်ဘီများတွင် မရှိတတ်သော ခံစားချက်ဖြစ်သည့် ရက်စက်ကြမ်းကြုတ်ခြင်းနှင့် သတ်ဖြတ်လိုသော ဆန္ဒများကို လီယီ ရှင်းလင်းစွာ ခံစားလိုက်ရသည်။ နှုတ်ခမ်းအပြင်သို့ ထွက်နေသော သွားဖုံးများမှာ ပီရန်ဟာ (အသားစားငါး) များကဲ့သို့ မညီမညာ ဖြစ်နေပြီး ပါးစပ်ထောင့်စွန်းမှာလည်း နားရွက်အခြေအထိ ဟက်တက်ကွဲနေသည်။

ဒါက... ဇွန်ဘီ ဟုတ်ရဲ့လား။

လီယီသည် သူ၏ ဆုံးဖြတ်ချက်ကိုပင် သံသယ ဝင်သွားမိသည်။ အပြင်ပန်းသဏ္ဌာန်မှာ ဇွန်ဘီနှင့် တူသော်လည်း ဇွန်ဘီများထံမှ ခံစားချက်ကို ရရှိနိုင်စရာ အကြောင်းမရှိပေ။ ၎င်းတို့သည် တွေးတောနိုင်စွမ်း မရှိသော လမ်းလျှောက်နေသည့် လူသေကောင်များ မဟုတ်ပါလား။

တွေးတောနေရန် အချိန် လုံးဝ မရှိတော့ပေ။

ချွင်….

နားကွဲမတတ် ကျယ်လောင်သော ပွတ်တိုက်သံကြီး တစ်ခု ထပ်မံ ထွက်ပေါ်လာပြန်သည်။

ထိုဇွန်ဘီ၏ ထက်မြက်လှသော လက်သည်းများက လီယီ၏ မျက်နှာဆီသို့ ဝင်ရောက်လာသော်လည်း ပါးပြင်နှင့် လက်သည်းကြားရှိ ကွက်လပ်လေးအတွင်းသို့ ချူဟန်၏ အနက်ရောင် ပုဆိန်ကြီး ဝင်ရောက်လာခဲ့သည်။ အေးစက်သော အလင်းရောင်များ ထွက်ပေါ်နေသည့် ဇွန်ဘီ၏ ချွန်ထက်သော လက်သည်းနှစ်ချောင်းကို ပြီးပြည့်စုံစွာ ကာကွယ်တားဆီးလိုက်ခြင်း ဖြစ်သည်။

ယခုအချိန်တွင် ချူဟန်သည် အဆင့်(၂) ဆင့်ကဲပြောင်းလဲသူ ဖြစ်သည်။ တိကျမှု အဆင့်(၂)၊ အမြန်နှုန်း အဆင့်(၂) ဖြစ်သော်လည်း သူ၏ခွန်အားက အဆင့်(၁) တွင်သာ ရှိနေသေးသည်။ အဆင့်(၂) ကိုယ်ခန္ဓာစွမ်းရည်၏ ထောက်ပံ့မှု ရှိနေပါသော်လည်း၊ ယခုအချိန်တွင် သူသည် အတော်လေး အားယူနေရသည်ဟု ခံစားနေရပြီး အားသက်ရောက်မှု များလွန်းသောကြောင့် လက်မောင်းများက တဆတ်ဆတ် တုန်ယင်နေသည်။

ထိုဇွန်ဘီသည် ချူဟန်ကို ပစ်မှတ်ထားလိုက်ပြီ ဖြစ်သည်။ နှစ်ဖက်စလုံး အကြိတ်အနယ် ဖြစ်နေပြီး ချူဟန်ဘက်က အရေးနိမ့်နေသည်။

"နောက်ဆုတ်"

ချူဟန်က အော်ဟစ်လိုက်သည်။ သူ၏ နဖူးထက်မှ ချွေးပေါက်များစွာ စီးကျနေလေပြီ။ ယခု ရင်ဆိုင်နေရသော ရန်သူမှာ သာမန်မဟုတ်ကြောင်း သိသာထင်ရှားလှသည်။

လီယီသည် ခေါင်းမာသူ သို့မဟုတ် ဆုံးဖြတ်ချက်မပြတ်သားသူ တစ်ဦး မဟုတ်ပေ။ သူ၏ရှေ့ရှိ ဇွန်ဘီကို မြင်လိုက်ရသည့် အခိုက်အတန့်မှာပင် အခြေအနေများ ဆိုးရွားနေပြီဖြစ်ကြောင်း သူ သိလိုက်သည်။ ၎င်းမှာ အဆင့်(၃) ဇွန်ဘီတစ်ကောင် ဖြစ်ရန် အလွန်ပင် သေချာနေသည်။

ချူဟန်၏ သွားကြိတ်ကာ အော်ဟစ်လိုက်သော အသံကို ကြားလိုက်ရချိန်တွင် လီယီသည် တွေးတောမနေတော့ဘဲ ချက်ချင်း နောက်လှည့်ကာ ထွက်ပြေးတော့သည်။ တစ်ချိန်တည်းမှာပင် နောက်မှ လိုက်လာကြသော အဖွဲ့သားများ အခြေအနေကို မသိဘဲ ထွက်လာမည်ကို စိုးရိမ်သဖြင့် အခန်းဆီသို့ သွားရာလမ်းတွင် ပိတ်ရပ်နေလိုက်သည်။

ချူဟန်ကို မကူညီချင်၍ မဟုတ်သလို ကြောက်ရွံ့နေ၍လည်း မဟုတ်ပေ။ ခုနက ဇွန်ဘီ၏ တိုက်ခိုက်မှုကို သူ လုံးဝ သတိမထားမိခဲ့ဘဲ ချူဟန်ကသာ အသက်စွန့်ကာ ကာကွယ်ပေးခဲ့သောကြောင့် သူ အသက်ရှင်ခွင့် ရခဲ့ခြင်းဖြစ်သည်။ အကယ်၍ သူသာ ကုန်းပတ်ပေါ်တွင် ဆက်နေမည်ဆိုပါက ချူဟန်အတွက် ဝန်ထုပ်ဝန်ပိုးသာ ဖြစ်စေမည်ကို လီယီ ကောင်းစွာ သိထားသည်။ သူ၏ အစွမ်းအစမဲ့မှုကြောင့် မာနများ ကျိုးပဲ့သွားရသော်လည်း ဤအရာမှာ လက်ခံရမည့် အမှန်တရားပင် ဖြစ်သည်။ ယခု ဤသင်္ဘောပေါ်တွင် ထိုဇွန်ဘီ၏ လှုပ်ရှားမှုကို ဖမ်းယူနိုင်ပြီး ချက်ချင်း တုံ့ပြန်နိုင်သူမှာ ချူဟန် တစ်ဦးတည်းသာ ရှိသည်။ သူသာ မရှိခဲ့ပါက လီယီသည်လည်း လျန်ဟုန်ရှန်းကဲ့သို့ အသားတုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားလောက်ပြီ ဖြစ်သည်။

လီယီက မဆိုင်းမတွ နောက်လှည့်ထွက်သွားသည်ကို ကြည့်ရင်း၊ စိုးရိမ်ထိတ်လန့်ကာ တုန်ယင်နေသော်လည်း လျှောက်လမ်းအတွင်း၌ ခိုင်မာစွာ ပိတ်ရပ်ထားသည်ကို မြင်လိုက်ရသောအခါ၊ ချူဟန်သည် မှားယွင်းထိခိုက်မိမည်ကို စိုးရိမ်နေသည့် ခံစားချက်များကို နောက်ဆုံးတွင် ဖယ်ရှားလိုက်နိုင်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ကာ လက်မောင်းနှစ်ဖက်ဆီသို့ အပြင်းထန်ဆုံး ခွန်အားများကို စုစည်းလိုက်သည်။

ယခုအချိန်တွင် သူသည် မည်သည့်အရာကိုမျှ ဂရုမစိုက်တော့ပေ။ အဆင့်(၃) ဇွန်ဘီက ကြောက်မက်ဖွယ်ကောင်းသော်လည်း သူကလည်း ကြောက်ရွံ့မှုမရှိပေ။

တိုက်ပွဲ…

လက်မောင်းထဲရှိ ခွန်အားများကို အမြင့်ဆုံးအထိ ပေါက်ကွဲထွက်စေလိုက်ပြီး၊ လက်ထဲရှိ ရှူရာပုဆိန်ကို တစ်ချက် လှည့်ပတ်လိုက်ရာ လေထဲတွင် အလွန်ပြင်းထန်လှသော အနက်ရောင် လေပွေတစ်ခု ပေါ်ပေါက်လာသည်။ အဆင့်(၂) ရှူရာပုဆိန်သည် ဤအခိုက်အတန့်တွင် ချူဟန်နှင့် စိတ်ချင်း ဆက်သွယ်သွားသည်။ အမည်မသိ အရာဝတ္ထုတစ်ခု သို့မဟုတ် အာရုံခံစားမှု တစ်ခုက ချူဟန်နှင့် ရှူလော်ပုဆိန်ကြားတွင် ဖြစ်ပေါ်လာပြီး၊ ဤအခိုက်အတန့်တွင် ချူဟန်အား သူ၏ လက်ထဲရှိ ဤပုဆိန်နှင့် တစ်သားတည်း ဖြစ်သွားသကဲ့သို့ ခံစားရစေသည်။

ပစ်မှတ်ပျောက်သွားသော တတိယအဆင့် ဇွန်ဘီကြီးမှာ ကြီးမားလှသော အားတစ်ခုကြောင့် အသံကျယ်ကြီးနှင့်အတူ နောက်သို့ လွင့်ထွက်သွားသည်။ တစ်ချိန်တည်းမှာပင် ချူဟန်သည် ချက်ချင်း အရှိန်မြှင့်တင်လိုက်ကာ ခြေထောက်နှစ်ဖက်ဖြင့် အရှေ့သို့ ရုတ်တရက် ခုန်ထွက်လိုက်ပြီး ခြေတစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။

အားပါးတရ ခြေတစ်ချက် ကန်ထည့်လိုက်သည်!

ချူဟန်သည် ဇွန်ဘီ၏ ဝမ်းဗိုက်တည့်တည့်ဆီသို့ ကန်ထည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် ချူဟန်သည် ချက်ချင်း ဘယ်ဘက်ခြေထောက်ကို အရှေ့သို့ တစ်လှမ်း လှမ်းလိုက်ကာ အရှိန်ကို ထပ်မံ မြှင့်တင်လိုက်ပြီး၊ လက်ထဲရှိ ရှူရာပုဆိန်ကို ဒုတိယအကြိမ် ခုတ်ပိုင်းလိုက်လေသည်။

ရွှပ်…

All Chapters