← Chapters

အခန်း ၂၃၂

Vol. 24 Ch. 232

အခန်း ၂၃၂

Vol. 24 Ch. 232

အခန်း (၂၃၂) ပြင်းထန်သော တိုက်ပွဲ

လေဟာပြင်ကို ခုတ်ပိုင်းသွားသော ပုဆိန်သွားဆီမှ ထက်ရှသော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။ ၎င်း၏ ခုတ်ချက်ပုံရိပ်ယောင်များနောက်မှ လိုက်ပါလာသော အနက်ရောင်အလင်းတန်းမှာ မျက်စိကျိန်းမတတ် စူးရှတောက်ပလွန်းသည်။

ချူးဟန်သည် ကြောက်ရွံ့ခြင်းအလျဉ်းမရှိဘဲ ရှေ့သို့ တိုးဝင်ကာ သူ၏ရှေ့မှ အဆင့်(၃) ဇွန်ဘီအပေါ်သို့ ပုဆိန်ဖြင့် အားကုန်လွှဲကာ ခုတ်ချလိုက်လေတော့သည်။

ဘုန်း...

အနက်ရောင်အလင်းတန်းက တောက်ပစွာ ထွက်ပေါ်လာပြီး၊ အေးစက်ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။

လူသွားလမ်းအဝင်ပေါက်၌ အသက်အောင့်ထားသော လီယီမှာ လေဆာဖြင့် အထိုးခံလိုက်ရသကဲ့သို့ မျက်လုံးထဲတွင် စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။ သူ၏ တွေဝေမှုမှာ တစ်ခဏသာ ဖြစ်သည်။ ချက်ချင်းဆိုသလိုပင် သူ၏ စိတ်ထဲတွင် လွန်ကဲသော အံ့အားသင့်မှုများ ကြီးစိုးသွားတော့သည်။

အဆင့်(၁) ဆင့်ကဲပြောင်းလဲသူ ဖြစ်သော လီယီအနေဖြင့် ထိုအရာက မည်သည့်အရာဖြစ်ကြောင်းကို နားမလည်နိုင်ပေ။ သို့သော် ချူဟန်၏ တစ်ကိုယ်လုံးမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ်ကောင်းလောက်သည့် ပြင်းထန်သော စွမ်းအင်လှိုင်းများနှင့် ဧရာမ အနက်ရောင် ပုဆိန်ကြီးထံမှ ထွက်ပေါ်လာသော သတ်ဖြတ်ခြင်းအရှိန်အဝါတို့ကို ရှင်းလင်းစွာ ခံစားသိရှိနေခဲ့သည်။

‘ဒါက တကယ်ပဲ ချူးဟန် ဟုတ်ရဲ့လား... ဒါက သူ့ရဲ့ စစ်မှန်တဲ့ တိုက်ခိုက်ရေးပုံစံပဲလား... '

လီယီ၏ ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်ယင်နေသည်။ ၎င်းသည် ခွန်အားကြီးမားသူ၏ရှေ့တွင် မထိန်းချုပ်နိုင်ဘဲ အလိုအလျောက် ဖြစ်ပေါ်လာသော တုန်လှုပ်မှုပင် ဖြစ်သည်။ ချူဟန်က ဤမျှအထိ အင်အားကြီးမားနေလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

ဒုန်း...

ကြီးမားသော တိုက်မိသည့်အရှိန်က ကုန်းပတ်ပေါ်တွင် ပဲ့တင်ထပ်သွားသည်။ ချူဟန်နှင့် အဆင့်(၃) ဇွန်ဘီတို့သည် မျက်နှာချင်းဆိုင် ထိပ်တိုက် ရင်ဆိုင်လိုက်ကြခြင်း ‌‌ဖြစ်သည်။ အဆင့်(၃) ဇွန်ဘီက ရက်စက်ကြမ်းကြုတ်စွာ ဟိန်းဟောက်လိုက်ပြီး ချူဟန်မှာ သွားကိုတင်းတင်းကြိတ်ကာ ထိုကြီးမားလှသော ဖိအားကို အံတုနေရလေသည်။

ချွင်း...

ပြင်းထန်သော မီးပွားများ လွင့်စင်ထွက်လာပြီး ရှူရာပုဆိန်နှင့် ဇွန်ဘီ၏ ချွန်ထက်လှသော လက်သည်းတို့ အားပြိုင်နေကြသည်။ နှစ်ဦးသား၏ ခွန်အားမှာ လုံးဝကို ရင်ဘောင်တန်းနိုင်သည့် အနေအထားတွင် ရှိနေသည်။ တစ်ဦးကိုတစ်ဦး အလျှော့မပေးဘဲ အင်အားချင်း ယှဉ်ပြိုင်နေကြခြင်း ဖြစ်သည်။

ဒုန်း... ဒုန်း... ဒုန်း...

ထိုအချိန်၌ လူသွားလမ်းအတွင်းမှ လောတကြီး ပြေးလာသော ခြေသံများ ထွက်ပေါ်လာသည်။ ကျန်ကွမ်းယွမ်၊ ကျိုးချွန်းလဲ့၊ ဝမ်ရှစ်ရှုံးနှင့် ဝေ့အန်း တို့ လေးယောက် ပြေးလာကြခြင်း ဖြစ်သည်။ သူတို့ အားလုံး ကုန်းပတ်ပေါ်သို့ ပြေးတက်ရန် ကြံရွယ်လိုက်သော်လည်း လမ်းအဝတွင် ပိတ်ရပ်နေသော လီယီ၏ အတင်းအကျပ် တားဆီးခြင်းကို ခံလိုက်ရသည်။

"အခြေအနေကို ပိုဆိုးအောင်သွားမလုပ်နဲ့"

လီယီက တည်ကြည်လေးနက်သော လေသံဖြင့် ပထမဆုံးအကြိမ် ပြောလိုက်ခြင်း ဖြစ်သည်။

ကူးစက်ခံထားရသည်ဟု အထင်လွဲခံရချိန်နှင့် အားလုံး၏ ရန်သူသဖွယ် ဆက်ဆံခြင်း ခံရချိန်များတွင်ပင် လီယီသည် အမြဲတမ်း တည်ငြိမ်သောအမူအရာဖြင့် မည်သည့်အရာကိုမျှ ဂရုမစိုက်ဟန် ပြသခဲ့သည်။ သို့သော် ယခုအချိန်တွင်တော့ သူသည် ပုံမှန်မဟုတ်လောက်အောင် တင်းမာနေပြီး သူ၏ အသံမှာ တိုးသော်လည်း သိသာစွာ တုန်ယင်နေလေသည်။

"ဘာဖြစ်လို့လဲ"

အမြဲတမ်း တည်ငြိမ်လေ့ရှိသော ဝမ်ရှစ်ရှုံးက အလျင်အမြန် မေးလိုက်သည်။

လီယီက လမ်းအနည်းငယ် ဖယ်ပေးလိုက်သော်လည်း သူ၏ ခန္ဓာကိုယ်တစ်ဝက်ဖြင့် လူအုပ်ကြီး၏ လမ်းကြောင်းကို ပိတ်ဆို့ထားဆဲဖြစ်ကာ ပြန်ဖြေလိုက်သည်။

"ကိုယ့်ဘာသာပဲ ကြည့်ကြ"

သူ၏ စကားကြောင့် အပြင်ဘက်သို့ လှမ်းကြည့်လိုက်ကြသောအခါ နောက်တစ်စက္ကန့်၌ပင် သူတို့အားလုံး အသက်ရှူမှားသွားပြီး ခန္ဓာကိုယ်များ တောင့်တင်းသွားကြတော့သည်။ လူသွားလမ်းအတွင်းရှိ ဆူညံနေမှုများမှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားပြီး တိတ်ဆိတ်သွားလေသည်။ တစ်ယောက်နှင့်တစ်ယောက်ကြားရှိ ပြင်းထန်သော နှလုံးခုန်သံများကိုသာ ကြားနေရတော့သည်။ ကြောက်ရွံ့မှုကြောင့် သူတို့၏ အသက်ရှူသံများပင် သတိထား၍ ရှူနေရသကဲ့သို့ ဖြစ်သွားသည်။

မျက်စိရှေ့ရှိ သွေးထွက်သံယိုနှင့် အကြမ်းဖက်မှု မြင်ကွင်းက သူတို့၏ မျက်လုံးများနှင့် ဦးနှောက်အာရုံကြောများကို အဆက်မပြတ် နှိုးဆွနေပြီး၊ အားလုံး၏ စိတ်ထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများက ချက်ချင်းဆိုသလို အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။

ကျန်ကွမ်းယွမ်နှင့် ကျိုးချွန်းလဲ့တို့သည် တံတွေးများကို မျိုချလိုက်ကြပြီး ကုန်းပတ်၏ အလယ်ဗဟိုကို မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် စိုက်ကြည့်နေမိကြသည်။ ချူဟန် ရင်ဆိုင်နေရသော ထိုဇွန်ဘီ။ အရပ်အမောင်းမှာ နှစ်မီတာခွဲကျော်လောက်ရှိပြီး ဘီလူးကြီးတစ်ကောင်သဖွယ် ထည်ဝါစွာ ရပ်တည်နေသည်။ ချွန်ထက်သော လက်သည်းများက အေးစက်သော အလင်းရောင်များ တောက်ပနေကာ လက်သည်း ဟူသော အဓိပ္ပာယ်သတ်မှတ်ချက်ထက် များစွာကျော်လွန်သွားကာ မျိုးဗီဇဖောက်ပြန်မှုလမ်းကြောင်းဆီသို့ ဆင့်ကဲပြောင်းလဲနေပြီဖြစ်သည်။ သူတို့ကို ပို၍ တုန်လှုပ်သွားစေသည်မှာ ရုပ်ဆိုးအကျည်းတန်လှသော မေးရိုးကြီးပင် ဖြစ်သည်။ ကြောက်မက်ဖွယ်ကောင်းလှသော ၎င်း၏ သွားကြီးများကို မြင်လိုက်ရုံဖြင့် အသက်လုပြေးချင်စိတ် ပေါက်သွားစေသည်။ ဧရာမ မေးရိုးကြီးများ အဖွင့်အပိတ်လုပ်လိုက်တိုင်း သံမဏိကိုပင် ကိုက်ဖြတ်နိုင်စွမ်းရှိသည့်အလား တဂျွတ်ဂျွတ် မည်သည့် နားကွဲမတတ် အသံကြီးများ ထွက်ပေါ်နေလေသည်။

ဝမ်ရှစ်ရှုံးက အသံထွက်ကာ အော်ဟစ်မိတော့မလိုပင်၊ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ဇွန်ဘီမျိုး ဘယ်လိုလုပ် ရှိနေနိုင်မည်နည်း။

တစ်ဦးတည်းသော မိန်းကလေးဖြစ်သည့် ဝေ့အန်းမှာ ထိုနေရာမှာတင် ကြောက်လန့်ပြီး ခြေထောက်များ ပျော့ခွေသွားကာ ခန္ဓာကိုယ်ပင် မတ်မတ်မရပ်နိုင်တော့ချေ။ ကံကောင်းထောက်မစွာဖြင့် လီယီက အချိန်မီ လှမ်းထိန်းပေးလိုက်သောကြောင့်သာ မလဲကျသွားခြင်း ဖြစ်သည်။

သူတို့၏ ရင်ထဲတွင် အကြောက်တရားနှင့် စိတ်ပျက်အားငယ်မှုတို့မှာ အမြင့်ဆုံးအမှတ်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူတို့၏ အကြည့်သည် အနည်းငယ် ရွေ့လျားသွားပြီး တုချန်လုံ၏ ဇွန်ဘီအလောင်းဘေးရှိ အသားပြုတ်ကျနေသည့်ပုံစံဖြစ်နေသော အသားတုံးကြီးကို မြင်လိုက်ရသောအခါ သူတို့၏ စိတ်ခံစားမှုများ ပြိုလဲသွားတော့သည်။ အသားတုံးများတွင် ကပ်ငြိနေသော အဝတ်စများမှာ... သူတို့ ရင်းနှီးနေသော လျန်ဟုန်ရှန်း၏ အဝတ်အစားများပင် ဖြစ်နေသည်။

လျန်ဟုန်ရှန်း သေဆုံးသွားခဲ့ပြီ။ မူလပုံပန်းသဏ္ဌာန် မကျန်တော့လောက်အောင် သွေးသားများ ရောထွေးနေသော အသားတုံးကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။ လူ၏ အရိုးနှင့် အသားများကို ကြိတ်စက်ထဲ ထည့်ကြိတ်လိုက်သကဲ့သို့ ကြေမွသွားစေနိုင်သည့် ခွန်အားမျိုး ဖြစ်သည်။ ယခု ချူဟန် တိုက်ခိုက်နေသော ထိုဇွန်ဘီကြီးသည် မည်မျှအထိ မျှော်လင့်ချက်မဲ့စေသော မိစ္ဆာကြီးဖြစ်ကြောင်းကို သူတို့ မလွှဲမရှောင်သာ လက်ခံလိုက်ရတော့သည်။

လူအုပ်ကြီးမှာ ကြောက်လန့်တကြားဖြင့် ဘာလုပ်ရမှန်း မသိဖြစ်နေစဉ်မှာပင်၊ ချူဟန်နှင့် ထို အဆင့် (၃) ဇွန်ဘီတို့သည် ခွန်အား အားပြိုင်မှုမှသည် အမြန်နှုန်း ယှဉ်ပြိုင်မှုသို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ထိုသို့ဖြစ်လာခြင်းမှာ ချူဟန်က တမင်တကာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်စွမ်းရည်မှာ အဆင့်(၂) ဆင့်ကဲပြောင်းလဲသူ အဆင့်တွင်သာ ရှိပြီး အဆင့်(၁) ခွန်အားစွမ်းရည်ကိုသာ ပိုင်ဆိုင်ထားသည်။ သူ၏ရှေ့မှ အဆင့်(၃) ဇွန်ဘီကို ရင်ဆိုင်ရန် လုံလောက်မှု မရှိပေ။

အဆင့်(၃) ဇွန်ဘီသည် အဆင့်(၂) နှင့် လုံးဝ ကွဲပြားခြားနားသော အဆင့်အတန်းတစ်ခုတွင် ရှိနေသည်။ ခန္ဓာကိုယ် အရွယ်အစားမှာ သိသိသာသာ ကြီးမားလာရုံသာမက ခွန်အားနှင့် အမြန်နှုန်းမှာလည်း အဆမတန် တိုးလာကာ ခုခံနိုင်စွမ်းမှာလည်း သာမန်ထက် လွန်ကဲနေလေသည်။ ခုနက ချူဟန်၏ ကန်ချက်သည်လည်း ၎င်း၏ လှုပ်ရှားမှုကို တစ်ခဏမျှ ရပ်တန့်သွားစေရုံသာ ရှိပြီး ထိရောက်သော ဒဏ်ရာမျိုး မပေးနိုင်ခဲ့ပေ။ မကောင်းဆိုးဝါးများကို သုတ်သင်နိုင်သော ရှူရာပုဆိန် ကို ကိုင်ဆောင်ထားသော်ငြား ထက်မြက်လှသော လက်သည်းများနှင့် အစွယ်များရှိသည့် ထိုမိစ္ဆာကြီးအား မျက်နှာချင်းဆိုင် ထိပ်တိုက် တိုက်ခိုက်ခြင်းမှာ အလွန်တရာ အန္တရာယ်များလှသည်။

ရှူရာပုဆိန်ကြီးမှာ အဆင့်(၂)၌သာ ရှိနေသေးသည်။ ပုဆိန်မှ ထုတ်လွှတ်နိုင်သော အစွမ်းအစနှင့် ချူဟန် ထုတ်ယူသုံးစွဲနိုင်သည့် စွမ်းအားများမှာလည်း ကန့်သတ်ချက် ရှိနေသည်။ သို့သော် မျက်မှောက်ရှိ ရန်သူမှာ အဆင့်(၃) ဖြစ်သည်။ သာမန် အဆင့်(၃) ဆင့်ကဲပြောင်းလဲသူတစ်ဦးအနေဖြင့် အဆင့်(၃) ဇွန်ဘီကို တစ်ယောက်ချင်း ရင်ဆိုင်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ အနည်းဆုံး အဆင့်(၃) ဆင့်ကဲပြောင်းလဲသူ နှစ်ဦး သို့မဟုတ် သုံးဦးခန့် ပူးပေါင်းလုပ်ဆောင်မှသာ ရနိုင်မည်ဖြစ်သည်။

ရွှပ်...

ချူးဟန်သည် လက်ကိုတစ်ချက်ရမ်းလိုက်ပြီး ရုတ်တရက် အလွန်မြန်ဆန်စွာ လှုပ်ရှားလိုက်သည်။ ရှူရာပုဆိန်ကြီးကို လှည့်လိုက်ရာမှ ထွက်ပေါ်လာသည့် အနက်ရောင်အလင်းတန်းသည် အဆင့်(၃) ဇွန်ဘီ၏ မျက်လုံးများဆီသို့ တည့်တည့်ချိန်ရွယ်သွားသည်။

ရွှမ်း...

အဆင့်(၃) ဇွန်ဘီ၏ တုံ့ပြန်မှုမှာ လုံးဝ နှေးကွေးခြင်း မရှိပေ။ ၎င်းသည် ရှူရာပုဆိန်ကြီးကို တားဆီးရန် ပါးစပ်ကြီးကို ဟလိုက်သည်။ တစ်ချိန်တည်းမှာပင် အရိုးဖြူများသဖွယ် ဖြစ်နေသော လက်မောင်းနှစ်ဖက်ကို ဆန့်တန်းကာ ချူဟန်၏ လည်ပင်းဆီသို့ ထက်မြက်သော လက်သည်းများဖြင့် ထိုးစိုက်လိုက်သည်။ နံရံများကိုပင် ပိုင်းဖြတ်နိုင်လောက်အောင် ထက်မြက်လှသည့် ထိုလက်သည်းများသည် ဓားသွားများပမာ ဖြစ်နေပြီး နောက်တစ်စက္ကန့်မှာပင် ချူဟန် သွေးများ ပန်းထွက်လာတော့မည့်အလား ထင်မှတ်နေရသည်။

လူသွားလမ်းမှနေ၍ စောင့်ကြည့်နေကြသော လီယီနှင့် အခြားသူများမှာ ခေတ္တမျှ အသက်ရှူရပ်သွားကြသည်။ အလွန်အမင်း စိုးရိမ်ပူပန်နေမှုကြောင့် သူတို့အနေဖြင့် တစ်ခုခုဝင်လုပ်ချင်စိတ် ဖြစ်မိသော်လည်း၊ အကြောက်လွန်ကာ ဘာလုပ်ရမှန်းမသိအောင် ဖြစ်နေကြသည်။

ထိုအခိုက်အတန့်တွင် ချူးဟန်၏ မျက်လုံးများအတွင်း၌ စူးရှသောအလင်းတစ်ချက် လက်သွားသည်။ သူသည် မထင်မှတ်ထားဘဲ ဘေးဘက်သို့ တစ်လှမ်းရွှေ့လိုက်ကာ၊ တိုက်ခိုက်လာမည်ကို ကြိုတင်သိမြင်နေသည့်အလား သူ၏ခေါင်းကို စောင်းရှောင်လိုက်လေသည်။

ရွှစ်...

လေဟာပြင်ကို ခွဲခြမ်းသွားသော လေဖိအားက သူ၏ နားဘေးမှ ဖြတ်သန်းသွားသည်။ ဇွန်ဘီ၏ လက်သည်းများသည် ချူဟန်၏ ပါးပြင်နှင့် မီလီမီတာ အနည်းငယ်မျှ အကွာအဝေးမှ ရှပ်တိုက်သွားခြင်း ဖြစ်သည်။ သို့ရာတွင် ချူဟန်သည် တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်ရုံမျှ သက်သက်မဟုတ်ပေ။ ဇွန်ဘီ၏မေးရိုးအစွယ်များက ရှူရာပုဆိန်ကို ခုခံရန် ပြင်လိုက်သော ထိုအချိန်တွင် ချူဟန်၏ သူ၏ မျက်ဝန်းထဲ၌ စူးရှသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားခဲ့သည်။

သူ စောင့်ဆိုင်းနေခဲ့သည်မှာ ဤအခိုက်အတန့်ပင် ဖြစ်သည်။

ရွှစ်...

ရှူရာပုဆိန်ကြီးသည် မည်သည့်အရိပ်အယောင်မျှမပြဘဲ ရုတ်တရက် လမ်းကြောင်းပြောင်းသွားကာ၊ ၎င်း၏ ထောင့်ချိုးမှာ မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားလေသည်။ ပုံရိပ်ယောင်ကိုပင် သဲကွဲစွာ မမြင်လိုက်ရဘဲ ရုတ်တရက် ပေါ်လာသကဲ့သို့ ဖြစ်သွားကာ၊ ချက်ချင်းပင် ထို အဆင့် (၃) ဇွန်ဘီ၏ လည်ပင်းဆီသို့ အလျားလိုက် ပိုင်းချလိုက်လေတော့သည်။

ဗြစ်...

စေးကပ်နေသော အနက်ရောင် သွေးများက ပန်းထွက်လာပြီး ကုန်းပတ်တစ်လျှောက်လုံး ပြန့်ကျဲသွားတော့သည်။

သို့သော် ချူးဟန် သတိမလျှော့ခဲ့ပေ။ ဤတိုက်ကွက်တွင် လှည့်ကွက်တစ်ခုကို အသုံးပြုခဲ့ရကြောင်း သူ ကောင်းကောင်းသိနေသည်။ အဆင့်(၃) ဇွန်ဘီများသည် အဆင့်(၂) ဇွန်ဘီများထက် ခံစားချက်များ ပိုမိုရှိလာကာ စဉ်းစားတွေးခေါ်မှုများ စတင်ဖြစ်ပေါ်နေပြီဖြစ်ပြီး တိုက်ခိုက်နိုင်စွမ်းမှာလည်း ကြောက်မက်ဖွယ်ကောင်းလှသော်လည်း၊ သူတို့က ငတုံးများသာ ဖြစ်နေဆဲဖြစ်သည်။ လူသားများနှင့် ယှဉ်လိုက်ပါက သူတို့၏ ဉာဏ်ရည်ဉာဏ်သွေးမှာ နိမ့်ကျလှသည်။

"ဂါး..."

အဆင့်(၃) ဇွန်ဘီကြီးသည် မြေကြီးတုန်ဟည်းသွားလောက်အောင် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး နောက်တစ်စက္ကန့်တွင် ငါးမီတာခန့် နောက်ဆုတ်သွားလေသည်။ ချူဟန် ခုတ်ပိုင်းခံလိုက်ရသော လည်ပင်းကို လက်တစ်ဖက်ဖြင့် ဖိထားရင်း သားရဲတစ်ကောင်က သားကောင်ကို ခြိမ်းခြောက်နေသကဲ့သို့ ဧရာမ မေးရိုးကြီးကို ဖွင့်ကာ ရက်စက်ကြမ်းကြုတ်စွာ ဟိန်းဟောက်နေလေသည်။

ဤတိုက်ကွက်က သွေးထွက်စေသည့် အတိုင်းအတာတစ်ခုအထိသာ ထိခိုက်စေနိုင်ခဲ့သည်။ ချူဟန်က ထိုအချက်ကို မည်သူ့ထက်မဆို ပို၍ နားလည်ထားသည်။ ဤအချက်ကို ချူးဟန် ကောင်းကောင်းသိထားရာ၊ အစောပိုင်းတိုက်ကွက် အောင်မြင်သွားသည်နှင့် သူ၏ နောက်ထပ်လှုပ်ရှားမှုမှာ အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ ချက်ချင်း ဆက်တိုက် ထွက်ပေါ်လာလေသည်။

ထိုဇွန်ဘီ နောက်သို့ ဆုတ်ခွာသွားသည့် တစ်ခဏအတွင်းမှာပင်၊ ချူဟန်က ရုတ်တရက် ခြေတစ်လှမ်း လှမ်းလိုက်ပြီး လက်မောင်းနှစ်ဖက်ကို မြှောက်ကာ၊ ရှူရပုဆိန်ကို လှည့်ပတ်၍ လွှဲယမ်းလိုက်သည်။

All Chapters