← Chapters

အခန်း ၂၃၃

Vol. 24 Ch. 233

အခန်း ၂၃၃

Vol. 24 Ch. 233

အခန်း (၂၃၃) ဈေးဆစ်ခြင်း

ရွှပ်...

အမည်းရောင် အလင်းတန်းတစ်ခု လက်ခနဲ တောက်ပသွားသည်။ နောက်တစ်စက္ကန့်တွင်...

ဗြစ်...

မည်းနက်သောသွေးများက ထပ်မံ ပန်းထွက်လာပြန်သည်။

"ဂါး..."

အဆင့်(၃) ဇွန်ဘီ၏ လည်ချောင်းထဲမှ အလွန်ပြင်းထန်သော ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဇွန်ဘီ၏ နားရွက်ထဲမှ သွေးမည်းများ ပန်းထွက်လာသည်။ ဤတစ်ကြိမ်တွင် ဒဏ်ရာက မသေးငယ်လှပေ။ ထက်မြက်သော ရှူရာစစ်ပုဆိန်သည် ၎င်း၏ခေါင်းကို နှစ်ခြမ်းကွဲလုမတတ် ခုတ်ပိုင်းလိုက်ခြင်းဖြစ်သည်။ သို့သော်လည်း ချူဟန်၏ ခွန်အားက လုံလောက်မှု မရှိခဲ့ပေ။ နားရွက်အနီးရှိ ဒဏ်ရာသည် ဦးနှောက်နှင့် အလွန်နီးကပ်နေသည့်အတွက် အကယ်၍သာ ထိုအချိန်တွင် သူ၏ ခွန်အားစွမ်းရည်သည် ဒုတိယအဆင့် ဖြစ်နေခဲ့မည်ဆိုလျှင် ထိုရုတ်တရက် ခုတ်ပိုင်းလိုက်မှုက တတိယအဆင့်ဇွန်ဘီကို ချက်ချင်း သေဆုံးသွားစေနိုင်မည် ဖြစ်သည်။

နည်းနည်းလေး လိုသွားတာ၊ နှမြောစရာပဲ။

သို့သော်လည်း သူ၏ ဒုတိယအကြိမ် လှည့်စားတိုက်ခိုက်မှုက အသိဉာဏ်မဲ့သော ဤမိစ္ဆာကြီးကို လုံလောက်သော နာကျင်မှုများ ခံစားသွားရစေသည်။ ရန်သူကို သေစေလောက်သော တိုက်ခိုက်မှု ပြုလုပ်နိုင်ရန်အတွက် အကျိုးရှိမည့် အချက်အလက်မှန်သမျှကို အသုံးချခြင်းဆိုသည်မှာ ချူဟန်က ဆယ်နှစ်တာ ကာလအတွင်း သင်ယူနိုင်ခဲ့သော အရေးကြီးဆုံးအရာ ဖြစ်သည်။

ရက်စက်နိုင်မှသာ အသက်ရှင်နိုင်မည် ဖြစ်သည်။

ခုနက ခုတ်ချက်လိုမျိုးပင်၊ လူအများစုသည် ပြိုင်ဘက်၏ အရေပြားကို ပထမဆုံးအကြိမ် ခုတ်ပိုင်းမိပြီးနောက် စိတ်ပိုင်းဆိုင်ရာ ခေတ္တရပ်တန့်သွားမှုနှင့် လှုပ်ရှားမှု ခဏတာ ရပ်ဆိုင်းသွားမှုတို့ မလွှဲမသွေ ဖြစ်ပေါ်တတ်ကြသည်။ သို့သော် ချူဟန်ကတော့ ထိုသို့ မဟုတ်ခဲ့ပေ။ ရန်သူကို အခွင့်အရေးရခိုက် အဆက်မပြတ် ဖိအားပေး တိုက်ခိုက်ခြင်းက သူ၏ အလိုအလျောက် တုံ့ပြန်မှုပင် ဖြစ်သည်။ ရပ်တန့်နေချိန်တွင် မည်သည့် မမျှော်လင့်ထားသော အရာများ ဖြစ်လာမည်ကို မည်သူမျှ မသိနိုင်ပေ။ ထိုသို့ ခေတ္တရပ်တန့်နေသည့် အချိန်အတွင်း မည်သည့် မမျှော်လင့်ထားသော အရာများ ဖြစ်လာနိုင်သည်ကို မည်သူမျှ မသိနိုင်ပေ။ ပထမအကြိမ်တွင် ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ပြီဖြစ်ရာ ဒုတိယအကြိမ်လည်း လုပ်နိုင်ပေမည်။ အထူးသဖြင့် ၎င်းတို့၏ နာကျင်မှုများ မြင့်တက်လာနေချိန်တွင် နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်လိုက်ပါက ထိခိုက်ဒဏ်ရာရမှုသည် သေချာပေါက် နှစ်ဆ ပိုသွားမည်ဖြစ်သည်။

ဤအရာသည် အတိတ်ဘဝ၌ ဆယ်နှစ်တာ ကာလ၏ ရလဒ်ဖြစ်သည်။ ယခုအချိန်တွင် အဆင့်အမြင့်ဆုံးသော ဆင့်ကဲပြောင်းလဲသူများပင် သူ၏ ဤမျှ မြန်ဆန်လှသော အလိုအလျောက် တုံ့ပြန်မှုနှင့် တိုက်ပွဲအတွေ့အကြုံမျိုး ရှိမည်မဟုတ်ကြောင်းကို ချူဟန် အခိုင်အမာ ပြောရဲသည်။ ဆယ်နှစ်တာ နာကျင်ရသော အတွေ့အကြုံများသည် ဤဘဝတွင် သူ၏ အကြီးမားဆုံးသော အဖိုးတန်ရတနာ ဖြစ်လာလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့မိပေ။

ဝင်ပေါက်ကနေ ကြည့်နေတဲ့ လူတိုင်း အံ့သြမှင်သက်သွားကြတယ်။ ရုတ်တရက် ပြောင်းပြန်ဖြစ်သွားသော တိုက်ပွဲအခြေအနေကြောင့် သူတို့၏ အတွေးများမှာ လုံးဝ ရပ်တန့်သွားကြတော့သည်။ တစ်စက္ကန့်မတိုင်မီက ထိုဧရာမ ဇွန်ဘီကြီးသည် အလွန်တရာ ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်နေခဲ့သော်လည်း နောက်တစ်စက္ကန့်တွင်မူ ခံစစ်နှင့် တိုက်စစ် လုံးဝ ပြောင်းပြန် ဖြစ်သွားခဲ့လေပြီ။

ချူဟန်သည် တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခဲ့ရုံသာမက အမြန်ဆုံးအရှိန်ဖြင့် တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေးကို ဖမ်းဆုပ်နိုင်ခဲ့ပြီး ဆက်တိုက် ပြင်းထန်စွာ ထိခိုက်စေခဲ့သည်။

၎င်းမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။

၎င်းက အဆင့် (၃) ဇွန်ဘီ ဖြစ်သည်။ ယခုအချိန်အထိ လူသားများ တွေ့ကြုံဖူးသမျှ အင်အားအကြီးမားဆုံးသော ရန်သူဖြစ်သည်။ သို့သော်လည်း တန်ပြန်တိုက်ခိုက်ပြီး သတ်ဖြတ်ခြင်း ဆိုသည့် လုပ်ရပ်မှာ ချူဟန်၏ တိုက်ပွဲအတွင်း အခြေခံအကျဆုံး အသိစိတ်နှင့် အလေ့အကျင့်တစ်ခုပမာ ဖြစ်နေလေသည်။

လီယီမှာ ထပ်မံ၍ အံ့အားသင့် တုန်လှုပ်သွားရပြန်သည်။ သူသည် အဆင့် (၂) ဆင့်ကဲပြောင်းလဲသူများ၏ တိုက်ပွဲကို မမြင်ဖူးသူတော့ မဟုတ်ပေ။ ထိုခွန်အားကြီးမားသူများ၏ ကမ္ဘာမြေကိုပင် တုန်လှုပ်စေလောက်အောင် အပြန်အလှန် တိုက်ခိုက်ကြသည့် မြင်ကွင်းများကိုလည်း မတွေ့မြင်ဖူးခြင်း မဟုတ်ပေ။ သို့သော် ချူဟန်နှင့် အဆင့် (၃) ဇွန်ဘီတို့၏ တိုက်ပွဲက ဤမျှအထိ ဆက်တိုက်ဆိုသလို အံ့ဩဖွယ်ကောင်းနေလိမ့်မည်ဟု သူ တစ်ခါမှ မတွေးထင်ထားခဲ့ပေ။ အလွန်အမင်း ခွန်အားပေါက်ကွဲမှုများမရှိသလို ဖော်ပြ၍ရနိုင်သော တောက်ပသည့် အလှဆင်မှုများလည်း မရှိပေ။ ချူဟန်၏ တိုက်ခိုက်မှုက လျင်မြန်ပြီး တိုက်ရိုက်ကျသည်။ အပိုအလိုမရှိ အဆုံးစွန်ထိ ရိုးရှင်းလွန်းလှသည်။ လှုပ်ရှားမှုတစ်ခုလုံးက ရေစီးကြောင်းများစီးဆင်းနေသကဲ့သို့ တစ်ဆက်တည်းဖြစ်နေပြီး စဉ်းစားနေရန်ပင် မလိုအပ်သလို ထူးချွန်ပြောင်မြောက်လွန်းလှသဖြင့် လူများကို စိတ်လှုပ်ရှားကာ သွေးဆူလာစေသည်။

လူအုပ်ကြီးက အသံကျယ်ကျယ်ဖြင့် အောင်ပွဲခံ အော်ဟစ်ရန် ပြင်လိုက်ချိန်မှာပင်၊ ချူဟန်က ရုတ်တရက် အနောက်သို့ အလျင်အမြန် ဆုတ်ခွာသွားခဲ့သည်။ အလွန်တရာ ပြင်းထန်သော အန္တရာယ်တစ်ခုကို သူ ခံစားလိုက်ရပြီ ဖြစ်သည်။

အဆင့် (၃) ဇွန်ဘီဆိုသည်မှာ အဆင့် (၃) ဇွန်ဘီသာ ဖြစ်သည်။ လူသားများနှင့် ယှဉ်နိုင်သော တွေးခေါ်နိုင်စွမ်း မရှိလျှင်တောင်မှ၊ အင်အားကြီးမားသော တိုက်ခိုက်နိုင်စွမ်း ရှိနေသည်။ ရှေ့ရှိ အဆင့် (၃) ဇွန်ဘီက နှစ်ကြိမ်တိုင်တိုင် ဒဏ်ရာရရှိပြီးနောက်တွင် အမျက်ဒေါသ ထွက်နေပြီ ဖြစ်သည်။ အစောပိုင်းက ၎င်းတွင် ကလေးငယ်တစ်ယောက်ကဲ့သို့ ဆော့ကစားချင်သော စိတ်ခံစားချက် ရှိနေခဲ့သည်ဆိုပါလျှင်၊ ယခုအချိန်တွင်တော့ ၎င်း၏ စိတ်ထဲ၌ သတ်ဖြတ်လိုစိတ်များက အပြည့်အဝ နေရာယူသွားပြီ ဖြစ်သည်။

"ဂါး..."

ကျယ်လောင်သော ဟိန်းဟောက်သံကြီးနှင့်အတူ အဆင့်(၃) ဇွန်ဘီက ဘာကိုမှ ဂရုမစိုက်တော့ဘဲ အစွမ်းကုန် ရှေ့သို့ပြေးဝင် တိုက်ခိုက်တော့သည်။

အန္တရာယ်ကို ကြိုတင် ခံစားသိရှိခဲ့သော ချူဟန်မှာ မူလနေရာမှ ခပ်ဝေးဝေးသို့ ထွက်ခွာသွားခဲ့ပြီ ဖြစ်သောကြောင့် တစ်ဖက်ရန်သူ၏ တိုက်ခိုက်မှုမှာ လေထဲသို့သာ အလွတ် ခုန်အုပ်လိုက်ရသကဲ့သို့ ဖြစ်သွားစေသည်။

ဤလှုပ်ရှားမှုက လူအုပ်ကြီးကို ထပ်မံ၍ အံ့ဩချီးကျူးသွားစေပြန်သည်။ အကယ်၍ ဤအဆင့်(၃) ဇွန်ဘီနှင့် တိုက်ခိုက်ရသူများက သူတို့သာဆိုလျှင် အန္တရာယ်ကို ပထမဆုံးအချိန်တွင် သတိထားမိပြီး ရှောင်တိမ်းနိုင်ရန် မဆိုထားနှင့်၊ စဉ်းစားရန်နှင့် တုံ့ပြန်ရန် အချိန်တောင် ရလိုက်မည်မဟုတ်ဘဲ ဇွန်ဘီ၏ သွေးစွန်းနေသော ပါးစပ်ပေါက်ကြီးထဲတွင် ကျွတ်ကျွတ်အသံမြည်အောင် ဝါးစားခံလိုက်ရမည်မှာ သေချာသည်။

နောက်တစ်ခဏတွင် အဆင့် (၃) ဇွန်ဘီ၏ ပုံရိပ်က လျှပ်တစ်ပြက် ဖြတ်ပြေးသွားပြီး ချူဟန်ဆီသို့ ထပ်မံ၍ ဦးတည်တိုက်ခိုက်လာသည်။ အလွတ် ခုန်အုပ်မိသွားသည့်အတွက် ရှက်ရွံ့ ဒေါသထွက်ခြင်းမျိုး ဤအဆင့်(၃) ဇွန်ဘီတွင် မရှိပေ။ ၎င်းသိသည်မှာ ၎င်းကို သွေးထွက် ဒဏ်ရာရအောင် လုပ်ခဲ့သည့် မျက်စိရှေ့မှ လူသားကို သတ်ဖြတ်ပစ်ရန်သာ ဖြစ်သည်။

ဝုန်း...

အဆင့် (၃) ဇွန်ဘီ ပေါက်ကွဲထွက်လာသော အမြန်နှုန်းနှင့် ခွန်အားက ချူဟန်နှင့် ထိပ်တိုက် ရင်ဆိုင်မိသွားသည်။ လက်ထဲရှိ ရှူရာပုဆိန်ပင် လွင့်ထွက်သွားလုနီးပါး ဖြစ်သွားသည်။ ချူဟန် သွားကိုကြိတ်ကာ အာရုံကြောများကို အစွမ်းကုန် တင်းကျပ်ထားလိုက်သည်။ အဆင့် (၂) ခန္ဓာကိုယ်စွမ်းရည် ဆင့်ကဲပြောင်းလဲမှု အပြင် အဆင့် (၁) ခွန်အားပါရမီ ထောက်ပံ့မှု ရှိနေသော်လည်း ဤမိစ္ဆာကောင်နှင့် မျက်နှာချင်းဆိုင် ထိပ်တိုက် ရင်ဆိုင်ရန်မှာ မဖြစ်နိုင်ပေ။

ဘိုင်း... ဘိုင်း... ဘိုင်း...

ပြင်းထန်သော တိုက်ခိုက်သံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ ထိုဆက်တိုက် တိုက်ခိုက်မှု အမြန်နှုန်းမှာ အလွန် ကြောက်မက်ဖွယ်ကောင်းပြီး ထိခိုက်သံများကြားရှိ အချိန်ကာလမှာလည်း ကြက်သီးထဖွယ် ကောင်းလောက်အောင် တိုတောင်းလွန်းလှသည်။

အဆင့် (၃) ဇွန်ဘီက တစ်လှမ်းပြီးတစ်လှမ်း ဖိအားပေး တိုးကပ်လာကာ၊ တိုက်ခိုက်မှုတိုင်းက တစ်ကြိမ်ထက်တစ်ကြိမ် ပို၍ ရက်စက်ကြမ်းကြုတ်လာသည်။ ချူဟန်၏ လက်မောင်းနှစ်ဖက်မှာ စတင်၍ အနည်းငယ် အားအင်ကုန်ခမ်းလာပြီ ဖြစ်သည်။ လက်ထဲမှ ရှူရာပုဆိန်ဖြင့် ကာကွယ်လိုက်တိုင်း ခံစားရသော ခွန်အားများက သူ၏ လက်ဖဝါးများကို ထုံကျင်သွားစေသည်။

ချူဟန်မှာ ဤဇွန်ဘီ၏ ဖိအားပေးမှုကြောင့် ချွေးသံတရွဲရွဲဖြင့် တစ်လှမ်းပြီးတစ်လှမ်း နောက်ဆုတ်နေရသည်ကို မြင်လိုက်ရသောအခါ၊ လမ်းကြားအဝတွင် ရပ်နေသူအားလုံး စိုးရိမ်ပူပန်သော အကြည့်များဖြင့် ကြည့်လိုက်မိကြသည်။ စိုးရိမ်ပူပန်မှုများက အဆမတန် တိုးပွားလာသည်။ ခုနက ချူဟန်နှင့် ဤဇွန်ဘီတို့၏ တိုက်ပွဲကို ကြည့်ခြင်းအားဖြင့်၊ မိမိတို့သည် ဤဇွန်ဘီ၏ ရှေ့တွင် ပုရွက်ဆိတ်များလောက်သာ ရှိပြီး တစ်ကြိမ်လေးပင် ကာကွယ်နိုင်မည် မဟုတ်ကြောင်း သူတို့ သိမြင်နိုင်နေပြီ ဖြစ်သည်။ ချူဟန်က တစ်ဖက်လူကို နှစ်ကြိမ်တိုင်တိုင် ထိခိုက်နစ်နာအောင် လုပ်နိုင်ခဲ့သည် မှန်သော်လည်း၊ ယခုအချိန်တွင် ချူဟန်မှာ တုံ့ပြန်တိုက်ခိုက်ရန် ပင်ပန်းနွမ်းနယ်နေပြီဖြစ်ကြောင်း အလွန် သိသာနေသည်။ ဒီအတိုင်း ဆက်သွားနေမည်ဆိုလျှင် အနှေးနှင့်အမြန် သူ အားအင်ကုန်ခမ်းသွားမည် ဖြစ်ပြီး၊ ထိုအချိန်ရောက်လျှင်တော့...

လူအုပ်ကြီးက ဆက်မတွေးရဲတော့ပေ။ သို့သော်လည်း ယခုအချိန်တွင် သူတို့၌ မည်သည့်နည်းလမ်းမှ မရှိသဖြင့်၊ ပြာယာခတ်ကာ မျက်လုံးပြူး၍ ကြည့်နေရုံမှအပ အခြားမရှိတော့ပေ။

ချူဟန် ကိုယ်တိုင်လည်း အခက်တွေ့နေသည်။ တစ်ကြိမ်ပြီးတစ်ကြိမ် ဝင်တိုက်ကာကွယ်ရမှုများက သူ၏ အရိုးများကိုပင် အနည်းငယ် နာကျင်စပြုလာစေသည်။ နှစ်ဖက်စလုံး အကြိတ်အနယ် ဖြစ်နေပြီး၊ အဆင့် (၃) ဇွန်ဘီက ပို၍ ကြမ်းကြုတ်လာသည့် အချိန်တွင်…

'နောက်ထပ် အမှတ် ၁၀ မှတ်လောက်ဆိုရင် မင်းရဲ့ ခွန်အားစွမ်းရည်ကို အဆင့် (၂) အထိ မြှင့်လို့ရပြီကွ'

ဝမ်ချိုက်၏ အသံက ချူဟန်၏ ဦးနှောက်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။

‘ငါတို့ သင်္ဘောပေါ်မတက်ခင်တုန်းက နင်က ငါ့ကို အတင်းကားမောင်းခိုင်းခဲ့တယ်… နင်ကိုယ်တိုင်သာ မောင်းခဲ့မယ်ဆိုရင် အခုဆို အဆင့်တက်သွားလောက်ပြီ… နင်ကိုယ်တိုင် မသတ်ဘဲ ကားနဲ့ ဇွန်ဘီတွေကို တိုက်သတ်ရင်တောင် ပွိုင့်တွေ ရနေပြီလေ….နောင်တရနေပြီမလား… ရန်သူက အဆင့် (၃) ကွ… အခုလောက် ရင်ဆိုင်နိုင်နေတာကိုက အထင်ကြီးစရာဆိုပေမဲ့ အနိုင်ရဖို့ကတော့ ခက်ပါလိမ့်မယ်…. ငါက အစတည်းက နင်ကို…’

‘ပြောစရာရှိတာ မြန်မြန်ပြောစမ်း’

ချူဟန် စိတ်ထဲမှ အော်ဟစ်လိုက်ပြီး ဤယုန်ကို ခြေမွပစ်ချင်စိတ် ပေါက်သွားသည်။ မျက်မှောက်ရှိ ဇွန်ဘီ၏ အသေအလဲ ရိုက်နှက်မှုကို ခံရတော့မည့် အခြေအနေကို သူ မမြင်ဘူးလား။

'အေးပါကွာ'

ဝမ်ချိုက် က နောက်ပြောင်ချင်သော အမူအရာကို အလျင်အမြန် ရုပ်သိမ်းလိုက်သည်။

'ငါ နင့်ကို ၁၀ မှတ် ချေးပေးမယ်…. လောလောဆယ် ခွန်အားကို အဆင့် (၂) ထိ တင်လိုက်ပြီး အဲဒီဇွန်ဘီကို အမှုန့်ကြိတ်ပစ်လိုက်…. ပြီးရင်တော့ ငါ့ကို အမှတ် ၂၀ ပြန်ဆပ်ရမယ်… ဘယ်လိုလဲ'

ဝမ်ချိုက် အနေဖြင့် အတိုးကြီးစားသော ငွေချေးသူတစ်ဦး ဖြစ်သော်လည်း သူကိုယ်သူ အလွန် ကရုဏာကြီးမားကာ သဘောထား ပြည့်ဝသူဟု ထင်မှတ်နေလေသည်။ ချူဟန် ခေတ္တမျှ ဆွံ့အသွားသည်။ ဤကောင်တွင် ထိုသို့သော လုပ်ဆောင်ချက်မျိုး ရှိနေသေးသည်ပေါ့လေ။

အံ့အားသင့်မှုက တစ်ခဏသာ ဖြစ်သည်။ ချူဟန် မျက်လုံးထဲတွင် ကောက်ကျစ်သော အရိပ်အယောင်တစ်ခု လင်းလက်သွားသည်။

'အမှတ် ၂၀ ပြန်ဆပ်ဖို့တော့ မဖြစ်နိုင်ဘူး… ငါ မင်းကို ငါးကင် အကောင် ၂၀ ကင်ကျွေးမယ်'

‘ချီးပဲ…. နင်က တကယ် ကပ်စေးနှဲတာပဲ…. အကောင် နှစ်ဆယ်တည်းလား’

ဝမ်ချိုက်မှာ တိုက်ရိုက်ပင် ဒေါသပေါက်ကွဲသွားတော့သည်။ သို့သော် နောက်တစ်စက္ကန့်တွင် ၎င်းက ရုတ်တရက် ထုတ်ပြောလိုက်သည်။

‘ဘယ်လိုပဲဖြစ်ဖြစ် အကောင် ၄၀ လောက်တော့ ဖြစ်သင့်တယ်မလား’

"အကောင် ၂၀ ပဲ"

ချူဟန်က အလျှော့မပေးပေ။

"အကောင် ၃၀"

ဝမ်ချိုက်က အနည်းငယ် အလျှော့ပေးလိုက်သည်။

"အကောင် ၂၀ ပဲ"

ချူဟန်က ပြတ်သားစွာ ပြောချလိုက်တော့သည်။

"ခွေးမသား"

ဝမ်ချိုက်က ပါးစပ်မှလွတ်ကာ ကျိန်ဆဲလိုက်ပြီး၊ ချက်ချင်းပင် သဘောတူတယ် ဟု ဆက်ပြောလိုက်သည်။

All Chapters