အခန်း ၂၃၅
Vol. 24 Ch. 235
အခန်း (၂၃၅) ရှုံးနိမ့်သူက သူ့ခြေအောက်တွင် အနင်းခံရဖို့သာ ထိုက်တန်သည်
နောက်ဆုံးတွင် အဆင့်(၂)သို့ တက်လှမ်းသွားပြီဖြစ်သော ချူဟန်၏ ခွန်အားစွမ်းရည်နှင့် ကောင်းကင်ကိုအံတုနိုင်သော မိစ္ဆာနှိမ်နင်းရေးလက်နက် ရှူရာပုဆိန်တို့ ပေါင်းစပ်သွားသည့်အခါ၊ သူသည် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကာ တစ်ချက်တည်းဖြင့် ပွဲချင်းပြီး သတ်ဖြတ်လိုက်နိုင်လေသည်။
လျှောက်လမ်းဝင်ပေါက်တွင် ရပ်နေကြသူအားလုံး မှင်သက်သွားကြသည်။ ဤသို့ ထိတ်လန့်အံ့ဩရမှုက ဖော်ပြ၍မရနိုင်လောက်အောင်ပင် ကြီးမားလှပေသည်။ မျက်စိရှေ့ရှိ မြင်ကွင်းက တကယ်ကို ရင်ခုန်လှုပ်ရှားဖွယ် ကောင်းလွန်းလှပြီး အလှည့်အပြောင်းက အလွန်မြန်ဆန်လွန်းလှသောကြောင့် လူကို လုံးဝ တုံ့ပြန်ချိန် မရလိုက်စေပေ။
အဆင့် (၃) ဆင့်ကဲပြောင်းလဲသူ အားလုံးကို ထိတ်လန့်တုန်လှုပ်စေသည့် ထိုဇွန်ဘီကို ချူဟန်က တစ်ယောက်တည်းဖြင့် အပြတ်ရှင်းပစ်လိုက်ပြီ ဖြစ်သည်။ သူ၏ ကိုင်တွယ်ပုံမှာ အမှိုက်စသရိုက် မကျန်အောင် ပြတ်သားလွန်းလှပြီး ဇွန်ဘီမှာလည်း အသက်ပျောက်သွားခဲ့ပြီ ဖြစ်သည်။
မည်းနက်သော သွေးများ ဒလဟော စီးထွက်လာကာ သင်္ဘော၏ ကုန်းပတ်ကြီးတစ်ခုလုံးကို ခဏချင်းမှာပင် မည်းမှောင်သွားစေသည်။
တတိယအဆင့် ဇွန်ဘီ၏ ဘီလူးကြီးတစ်ကောင်ကဲ့သို့ ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် မည်သည့် ဂုဏ်သိက္ခာမျှမရှိဘဲ ပုဆိန်ချက်ကြောင့် ခေါင်းကွဲကာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ ထိုဇွန်ဘီ၏ ဘေးတွင် ရပ်နေသော ချူဟန်၏ ခန္ဓာကိုယ်မှာမူ ဇွန်ဘီနှင့် ယှဉ်လိုက်ပါက ကြီးမားလှသည်တော့ မဟုတ်ပေ။ သို့သော်လည်း ထူးဆန်းစွာပင် လွှမ်းမိုးနိုင်စွမ်းရှိသော တည်ရှိမှုမျိုးကို ထုတ်လွှတ်နေလေသည်။
သန်မာထောပနာပြုစရာ မရှိသော သူ၏ ကျောပြင်ကို မတ်မတ်ဆန့်ထားကာ ခန့်ညားသည်ဟု မဆိုနိုင်သော်လည်း ခိုင်မာပြတ်သားသော မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ ပေါ်မနေပေ။ အောင်ပွဲရပြီးနောက် ဖြစ်ပေါ်တတ်သည့် ပိုမိုဆန်းကြယ်သော ဝမ်းမြောက်မှု သို့မဟုတ် စိတ်လှုပ်ရှားမှုတို့ လုံးဝ မရှိဘဲ စိတ်အတွင်းပိုင်းမှာမူ လှိုင်းတစ်ချက်မျှ မလှုပ်ဘဲ ငြိမ်သက်နေသည့် ရေပြင်ပမာ အေးဆေးတည်ငြိမ်နေခဲ့သည်
လက်ထဲတွင် အနက်ရောင် ပုဆိန်ကြီးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ချူဟန်၏ စိတ်ခံစားချက်နှင့် မျက်နှာအမူအရာတို့က တည်ငြိမ်အေးဆေးနေသော်လည်း ထို ညာဘက်ခြေထောက်က ဤဇွန်ဘီ၏ ရင်ဘတ်ပေါ်တွင် နင်းထားကာ သူ၏ စိတ်နှလုံး နက်ရှိုင်းသော နေရာမှ မည်သူမျှ မယှဉ်ပြိုင်နိုင်သော ဘုရင်တစ်ပါး၏ ဟန်ပန်ကို ပြသနေသည်။
စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်ခြင်းက သူ၏ စိတ်နေသဘောထားဖြစ်ပြီး၊ အပြုအမူများ၏ ထင်ပေါ်မှုက သူ၏ ဂုဏ်သိက္ခာပင် ဖြစ်သည်။
တစ်ယောက်က လဲကျနေပြီး၊ တစ်ယောက်က မတ်တပ်ရပ်နေသည်။
တစ်ယောက်က သေဆုံးသွားပြီး၊ တစ်ယောက်က အနိုင်ရရှိသွားသည်။
ရှုံးနိမ့်သူက သူ၏ ခြေအောက်တွင် အနင်းခံရဖို့သာ ထိုက်တန်သည်ဟု စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ယုံကြည်မှုအပြည့်နှင့် မောက်မာဝင့်ကြွားနေသည်။
ဤအချိန်တွင် အချိန်များ ရပ်တန့်သွားသကဲ့သို့ ဇိမ်ခံသင်္ဘောပေါ်တွင် မည်သူမျှ စကားမပြောကြပေ။ လူအားလုံးက မျက်စိရှေ့ရှိ ဤမြင်ကွင်းကြောင့် မှင်သက်တုန်လှုပ်သွားကြပြီး အချိန်အတန်ကြာသည်အထိ အသံတိတ်ဆိတ်နေကြသည်။
လျှောက်လမ်းကြားထဲတွင် မျက်လုံးများကို တင်းကျပ်စွာ မှိတ်ထားသော ဝေ့အန်းက အချိန်အတန်ကြာသည်အထိ လှုပ်ရှားမှု မရှိသည်ကို သတိထားမိလိုက်သောအခါ၊ မျက်လုံးနှစ်လုံးကို တိတ်တဆိတ် အနည်းငယ် ဖွင့်ကြည့်လိုက်သည်။ ဤသို့ ဖွင့်ကြည့်လိုက်သည်နှင့် သူမ၏ မျက်လုံးနှစ်လုံးမှာ ချက်ချင်း ပြူးကျယ်သွားပြီး၊ အံ့အားသင့်မှုကြောင့် အသံထွက်မလာစေရန် ပါးစပ်ကို အလျင်အမြန် ပိတ်ထားလိုက်ရကာ၊ မျက်ဝန်းထဲရှိ အမူအရာမှာ လုံးဝကို မယုံကြည်နိုင်မှုများ ဖြစ်နေသည်။
'အဆင့် (၃) ဇွန်ဘီကြီး သေသွားပြီ... '
သူမက မျက်လုံးကို တစ်ချက်မှိတ်ပြီး တစ်ချက်ဖွင့်လိုက်ရုံသာ ရှိသေးသော်လည်း၊ တိုက်ပွဲအခြေအနေက လုံးဝ ပြောင်းပြန်ဖြစ်သွားခဲ့သည်။ ချူဟန်က အနိုင်ရရှိသွားခဲ့ပြီး၊ ဤမျှ လျင်မြန်စွာနှင့် လူကို ဘာလုပ်ရမှန်းမသိဖြစ်သွားစေလောက်အောင် အနိုင်ရရှိသွားခဲ့သည်။ သူ ဘယ်လိုများ လုပ်လိုက်တာလဲ။
ဆက်လက်၍ ဝေ့အန်းသည် သတိဝင်လာကာ ကုန်းပတ်ပေါ်၌ ငြိမ်သက်စွာ ရပ်နေသော ထိုပုံရိပ်ကို ငေးမောကြည့်နေမိသည်။ ရုပ်ရည်ချောမောလှပသူမဟုတ်သလို အရပ်အမောင်း မြင့်မားသူလည်း မဟုတ်ပေ။ သို့သော်လည်း ထိုပုံရိပ်ထံမှ မျက်လုံးကို လုံးဝ လွှဲဖယ်၍ မရနိုင်ခဲ့ပေ။
ကျိုးချွန်းလဲ့နှင့် ကျန်ကွမ်းယွမ်တို့မှာ လုံးဝ မှင်သက်နေသော အခြေအနေတွင် ရှိနေကြသည်။ မျက်လုံးမှိတ်ထားသဖြင့် စိတ်လှုပ်ရှားဖွယ် မြင်ကွင်းကို လက်လွတ်သွားခဲ့သော ဝေ့အန်းနှင့်မတူဘဲ၊ သူတို့နှစ်ယောက်က ချူဟန်၏ ရှုံးနိမ့်နေရာမှ အနိုင်ရရှိသွားသည့် လုပ်ငန်းစဉ်တစ်ခုလုံးကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရသည်။ သို့သော် အမြန်နှုန်းက လွန်စွာမြန်ဆန်လွန်းပြီး အလှည့်အပြောင်းကလည်း လူကို မျှော်လင့်မထားလောက်အောင် ဖြစ်စေခဲ့သောကြောင့်၊ ချူဟန်နှင့် အသက်အရွယ်တူဖြစ်သော ဤလူငယ်နှစ်ယောက်မှာ ဦးနှောက်က အလိုက်သင့် မတွေးတောနိုင်တော့ပေ။ မြင်တော့မြင်လိုက်သော်လည်း၊ ချူဟန် ဘယ်လိုလုပ်လိုက်သည်ကို ရှင်းရှင်းလင်းလင်း မမြင်လိုက်ရပေ။
ထို့အပြင် လုပ်ငန်းစဉ်တစ်ခုလုံးတွင် သူတို့နှစ်ယောက်က ကူညီရန်မဆိုထားနှင့်၊ အနှောင့်အယှက် မဖြစ်ခဲ့လျှင်ပင် ကျေးဇူးတင်ရမည် ဖြစ်သည်။ လုပ်ငန်းစဉ်တစ်ခုလုံးတွင် လျှောက်လမ်းကြားထဲ၌သာ နေကာ ကြည့်နေနိုင်ခဲ့ပြီး အတိအကျ အခြေအနေကိုပင် ရှင်းရှင်းလင်းလင်း မသိခဲ့ပေ။ တူညီသော အသက်နှစ်ဆယ်၊ တူညီသော သာမန်တက္ကသိုလ်ကျောင်းသားများ ဖြစ်ကြပါလျက်နှင့် ချူဟန်က ဘာကြောင့်များ ဒီလောက်အထိ လွှမ်းမိုးနိုင်စွမ်း ရှိပြီး ရင်သပ်ရှုမောဖွယ် ကောင်းနေရတာလဲ။
ထိုရပ်တည်နေပုံ၊ ထိုဟန်ပန်နှင့် ထိုအရောင်အဝါတို့က... ‘သောက်ရမ်း မိုက်တာပဲကွာ’
ဤအချိန်တွင် ကျိုးချွန်းလဲ့နှင့် ကျန်ကွမ်းယွမ်တို့၏ ချူဟန်အပေါ် လေးစားအားကျမှုမှာ သေချာပေါက် အမြင့်ဆုံးသို့ ရောက်ရှိသွားခဲ့သည်။ ယဲ့မော့၏ မြေအောက်စံအိမ်တွင် နေကာ ကြိုးစားပမ်းစား လေ့လာသင်ယူနေသော ကတုံးပြောင် ဟယ်ဆန်းနှင့် မတိမ်းမယိမ်းပင် ဖြစ်ကာ၊ ချူဟန်ကို စံပြအဖြစ် တိုက်ရိုက် သတ်မှတ်လိုက်ကြတော့သည်။
ယခင် ခေတ်၏ ဆေးပညာလောကတွင် ဩဇာရှိသော နေရာတစ်ခုကို ရယူထားခဲ့ဖူးသည့် ဝမ်ရှစ်ရွှန်းမှာ ပို၍ပင် ဆွံ့အမှင်သက်နေခဲ့သည်။ အံ့အားသင့်မှုများကို နှုတ်မှပင် ဖွင့်ဟမပြောပြနိုင်တော့ဘဲ ထိတ်လန့်တုန်လှုပ်မှုကို ပြန်လည်ငြိမ်သက်အောင် မလုပ်နိုင်တော့ပေ။ ချူဟန်ဟူသော ဤလူငယ်လေးက သူ့အား ပေးစွမ်းလာသည့် ထိတ်လန့်မှုများက တစ်ကြိမ်ထက်တစ်ကြိမ် ပိုမို ပြင်းထန်လာခဲ့သည်။ ထက်မြက်သော လေ့လာစောင့်ကြည့်နိုင်စွမ်းနှင့် တိကျသော ဆုံးဖြတ်နိုင်စွမ်းတို့မှသည်၊ လူကို မယုံကြည်နိုင်လောက်အောင် ကြွယ်ဝလှသော ကမ္ဘာပျက်ကပ် ရှင်သန်ရေး အတွေ့အကြုံများ၊ ယခုအခါတွင် လူကို ဦးညွှတ်သွားစေလောက်အောင် အင်အားကြီးမားလှသည့် တိုက်ခိုက်နိုင်စွမ်းအထိ ဖြစ်သည်။
သူက တစ်စုံတစ်ယောက်ကို လေးစားအားကျခဲလှသည်။ အထူးသဖြင့် လူငယ်များကို ပို၍ပင် လေးစားခဲသည်။ အဘယ်ကြောင့်ဆိုသော် ဝမ်ရှစ်ရှုံးက စိတ်ထားကြင်နာသော ဆရာဝန်ကောင်းတစ်ယောက် ဖြစ်သော်လည်း၊ အတိတ်က သူ၏ ရာထူးအဆင့်အတန်းမှာ မြင့်မားလွန်းလှသည်။ သူ၏အမြင်တွင် လူငယ်အများစုမှာ မိဘအရိပ်အောက်တွင် နေထိုင်ကြီးပြင်းလာကြသူများဖြစ်သောကြောင့် စရိုက်မှာ ကြွားဝါတတ်ပြီး မိုးဘယ်လောက်မြင့်၍ မြေဘယ်လောက်ထူသည်ကို မသိကြပေ။ အောင်မြင်မှု အနည်းငယ် ရရှိလိုက်သည်နှင့် တစ်ကမ္ဘာလုံးကို သိစေချင်ကြသည်။
သို့သော် ယခုအချိန်တွင် သူက ချူဟန်ကို လေးစားအားကျနေကြောင်း လုံးဝ ဖုံးကွယ်မထားပေ။ ချူဟန်သည် သင်္ဘောပေါ် စတက်ချိန်မှစ၍ ပြုလုပ်ခဲ့သမျှ ပြုမူဆောင်ရွက်ချက်များမှာ သူ့ကို အမြဲတမ်း အံ့ဩစေခဲ့ပြီး လေးစားစေခဲ့သော်လည်း အစမှ အဆုံးအထိ လျှို့ဝှက်စွာ နေထိုင်ခဲ့ကာ ကိစ္စများ မဖြစ်မနေ ပေါက်ကွဲမလာမချင်း မိမိကိုယ်ကို ထုတ်ဖော်ပြသလေ့ မရှိပေ။ ရင်ထဲတွင် ခြင်္သေ့တစ်ကောင် ရှိနေသော်လည်း တည်ငြိမ်စွာ နေထိုင်နိုင်ခဲ့သည်။
ချူဟန်ဆိုသော နာမည်သည် ဝမ်ရှစ်ရှုံး၏ ရင်ထဲတွင် အလွန်တရာ ကြီးမားသော နေရာကို ယူဆောင်သွားခဲ့ပြီ ဖြစ်သည်။
လီယီက အရှေ့ဆုံးတွင် ရပ်နေပြီး လူအားလုံးထဲတွင် အရှင်းလင်းဆုံး မြင်ရသူလည်း ဖြစ်သည်။ သို့သော် သူက အဆင့် (၁) ဆင့်ကဲပြောင်းလဲသူ ဖြစ်နေလျှင်တောင်မှ၊ ခုနက ချူဟန် တန်ပြန်တိုက်ခိုက်လိုက်သည့် တစ်ခဏအတွင်းရှိ လမ်းကြောင်းကို ဖမ်းဆုပ်နိုင်ခြင်း မရှိခဲ့ပေ။ ပုံရိပ်ယောင်တစ်ခု ရုတ်တရက် ဖြတ်ပြေးသွားသည်ကိုသာ ခံစားလိုက်ရပြီး၊ ထို့နောက်တွင် လက်မြှောက်ကာ ပုဆိန်ခုတ်ချလိုက်ပြီး ခေါင်းဖြတ်လိုက်ခြင်းပင် ဖြစ်သည်။
လီယီမှာ အစောဆုံးက ချူဟန်အပေါ် ကျေးဇူးတင်ရှိမှုမှသည်၊ ချူဟန်က ထိုနာမည်ကြီးပုဂ္ဂိုလ်ဖြစ်ကြောင်း သိလိုက်ရပြီးနောက် အံ့အားသင့်မှု၊ ထို့နောက် ချူဟန်က အဆင့် (၃) ဇွန်ဘီ၏ လက်ထဲမှ သူ့ကို ကယ်တင်ပေးလိုက်ချိန်တွင် ကျေးဇူးဆပ်ချင်စိတ်၊ ယခု ချူဟန်၏ အားကောင်းသော တန်ပြန်တိုက်ခိုက်နိုင်စွမ်းကို မြင်တွေ့လိုက်ရချိန်တွင်၊ လီယီမှာ ဤအချိန်လေးတွင်မှ ချူဟန်အပေါ် လေးစားမြတ်နိုးစိတ်များက ရင်ဘတ်ထဲမှ အမှန်တကယ် ပေါ်ထွက်လာခဲ့တော့သည်။
အဆင့် (၁) တိုက်ခိုက်ရေးစွမ်းရည် အဆင့်သတ်မှတ်ချက်စာရင်း၏ ပထမနေရာဟူသော နာမည်က လီယီကို တော်ရုံမျှသာ တော်သည်ဟု ခံစားရစေသော်လည်း ယခုအခါ ချူဟန်၏ တိုက်ပွဲကို ကိုယ်တိုင် မြင်တွေ့ပြီးနောက်တွင် လီယီသည် တော်သည်ဆိုသော စကားလုံးနှစ်လုံးဖြင့် ချူဟန်ကို ဖော်ပြခြင်းမှာ စော်ကားခြင်း ဖြစ်သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
လူအားလုံးက ချူဟန်၏ အောင်ပွဲကြောင့် အလွန်အမင်း စိတ်လှုပ်ရှားကာ အံ့ဩလေးစားနေကြချိန်တွင်၊ ရုတ်တရက်...
၀ုန်း...
သင်္ဘောကိုယ်ထည် အတွင်းပိုင်းမှ ထူးဆန်းသော အသံကြီးတစ်သံ ရုတ်တရက် ထွက်ပေါ်လာပြီး၊ မကြာမီမှာပင် လူအုပ်ကြီးက သင်္ဘောကိုယ်ထည် ယိမ်းယိုင်သွားသည်ကို ခံစားလိုက်ရကာ၊ အမြန်နှုန်းကလည်း ရုတ်တရက် နှေးကွေးသွားခဲ့သည်။
"ဘာဖြစ်တာလဲ"
ဝမ်ရှစ်ရှုံးက အလွန်အံ့အားသင့်သွားသည်။
"အဆင့် (၃) ဇွန်ဘီက သေသွားပြီ မဟုတ်ဘူးလား"
ကျိုးချွန်းလဲ့မှာလည်း ချက်ချင်း စိုးရိမ်တကြီး ဖြစ်သွားသည်။ "သင်္ဘောပေါ်မှာ တခြား ဇွန်ဘီတွေ ရှိနေသေးတာလား"
"အသံက သင်္ဘောခန်း အထဲပိုင်းကနေ လာတာနဲ့ တူတယ်"
ကျန်ကွမ်းယွမ်က အသံလာရာကို ချက်ချင်း ဆုံးဖြတ်လိုက်သည်။
စိုးရိမ်ပူပန်ဖွယ် လေထုက တစ်ဟုန်ထိုး ထပ်မံ ထွက်ပေါ်လာပြန်သည်။ သင်္ဘောအခန်းတွင်းသို့ ဇွန်ဘီတွေများ ခိုးဝင်သွားတာလား။
"ဒုက္ခပဲ"
ဝေ့အန်းက ရုတ်တရက် အော်ဟစ်လိုက်သည်။
"ယင်ရှောင်ချင်းက အထဲမှာ ရှိနေသေးတယ်"
"မြန်မြန်သွားရအောင်"
လီယီက ဦးဆောင်၍ ခေါင်းလှည့်ကာ အတွင်းဘက်သို့ ပြေးဝင်သွားသည်။ သို့သော် သူ့ထက် ပိုမြန်သူ တစ်ယောက် ရှိနေသည်။
ဝှစ်...
အနက်ရောင် ပုံရိပ်တစ်ခုက လူအနည်းငယ်၏ ကြားမှ မျက်စိတစ်မှိတ်အတွင်း ဖြတ်ပြေးသွားသည်။ ထိုလူများ သတိပြန်မဝင်လာခင်မှာပင်၊ ချူဟန်က လမ်းကြိုလမ်းကြား၏ အဆုံးသို့ ပြေးသွားခဲ့ပြီဖြစ်ပြီး၊ မကြာမီမှာပင် အရိပ်အယောင်မျှ မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့သည်။
"ဒီအမြန်နှုန်းက..."
လီယီမှာ ဆွံ့အသွားခဲ့ရသည်။ ခုနက ချူဟန်က သူ့ဘေးမှ ဖြတ်ပြေးသွားချိန်တွင်၊ ပြင်းထန်သော လေပြင်းတစ်ချက် မျက်နှာကို လာရိုက်သကဲ့သို့ နာကျင်မှုကိုပင် ခံစားလိုက်ရသည်။
တိုက်ပွဲ ပြီးဆုံးခါစ ချူဟန်မှာ အဆင့် (၃) ဇွန်ဘီ၏ အမှတ်ကို စစ်ဆေးရန်သာ အချိန်ရလိုက်သည်။
အဆင့် (၁) ဇွန်ဘီအတွက် ၁ မှတ်၊
အဆင့် (၂) ဇွန်ဘီကို သတ်ဖြတ်ခြင်းအတွက် ၂ မှတ် ဖြစ်ပြီး၊ အဆင့် (၂) အမြုတေမှာ(စွမ်းအင်ကျောက်) ၅ မှတ် တန်ကြေးရှိသည်။
အဆင့် (၃) ဇွန်ဘီကို သတ်ဖြတ်ခြင်းအတွက် ၅ မှတ်ဖြစ်ပြီး၊ အမှတ် ၅ မှတ်မှာ အဆင့် (၃) ဇွန်ဘီ၏ အင်အားကြီးမားမှုနှင့် လုံးဝ မထိုက်တန်သော်လည်း၊ အဆင့် (၃) အမြုတေမှာ ၁၀ မှတ် အပြည့် တန်ကြေးရှိသည်။
ပေါင်းလိုက်လျှင် ၁၅ မှတ်ဖြစ်သောကြောင့် သင့်တော်သည်ဟု ဆိုနိုင်သည်။
အဆင့် (၃) ဇွန်ဘီ အမြုတေကို သိမ်းထားရန် ဝမ်ချိုက်အား မှာကြားပြီးနောက် ချူဟန်က လျှောက်လမ်းဝင်ပေါက်စီသို့ ပြေးသွားခဲ့သည်။ သူ အမောမဖြေနိုင်သေးခင်မှာပဲ နောက်ထပ် မတော်တဆမှုတစ်ခု ထပ်ဖြစ်လာပြန်တယ်။ သူနဲ့ ဒီသင်္ဘောကပဲ ကန့်လန့်တိုက်ဖို့ ကံပါလာတာများလား။