အခန်း ၂၃၆
Vol. 24 Ch. 236
အခန်း (၂၃၆) တစ်ကောင်မှ အလွတ်ပေးမည်မဟုတ်
ချူဟန်၏ အရှိန်မှာ အလွန် မြန်ဆန်လွန်းလှသည်။ လျှောက်လမ်းကို ဖြတ်ပြေးသွားပြီးနောက် မကြာမီမှာပင် နောက်ထပ် ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြန်သည်။
အသံထွက်ပေါ်လာရာ နေရာမှာ မြေအောက်တစ်ထပ်မှ ဖြစ်သည်။ ချူဟန် ချက်ချင်း လမ်းကြောင်းပြောင်းလိုက်ပြီး လှေကားပေါ်မှ ပြေးဆင်းသွားတော့သည်။ သူ၏ ရင်ထဲတွင် စိုးရိမ်ပူပန်မှုများက ပြည့်နှက်နေသည်။
'ဒီသင်္ဘောထဲကို ဇွန်ဘီတွေ ဘယ်အချိန်ကတည်းက ဝင်လာတာလဲ...'
နောက်ကျောဘက်မှ လီယီ တို့အဖွဲ့ကလည်း အလောတကြီး လိုက်ပါလာကြသည်။ ယနေ့ တစ်ရက်တည်းတွင် ဖြစ်ရပ်များစွာ ဆက်တိုက် ဖြစ်ပေါ်ခဲ့သဖြင့် သူတို့၏ ခံနိုင်ရည်မှာ ကန့်သတ်ချက်ကို ကျော်လွန်နေပြီ ဖြစ်သည်။ အထူးသဖြင့် အစကတည်းက ဤသင်္ဘောပေါ်တွင် နေထိုင်ခဲ့သော ကျန်ကွမ်းယွမ် ၏ ပင်ပန်းနွမ်းနယ်မှုမှာ အမြင့်ဆုံးသို့ ရောက်ရှိနေလေပြီ။ လွန်ခဲ့သည့် တစ်လတာကာလအတွင်း သင်္ဘောပေါ်တွင် အလွန် ငြိမ်းချမ်းနေခဲ့သော်လည်း ယခု ရက်ပိုင်းအတွင်း အဘယ်ကြောင့် ဤမျှများပြားသော အန္တရာယ်များ ဆက်တိုက် ကျရောက်လာရသနည်း။
မြေအောက်တစ်ထပ်သို့ ရောက်ရှိသွားသော ချူဟန်သည် တစ်စက္ကန့်မျှပင် ရပ်တန့်မနေဘဲ ကျယ်လောင်သော အသံများ ထွက်ပေါ်နေသည့် နေရာဆီသို့ တိုက်ရိုက် ပြေးဝင်သွားလိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင် အေးစက်သော အလင်းရောင်များ ဖြတ်ပြေးသွားသည်။ အသံထွက်ပေါ်လာရာ နေရာ... ထိုနေရာမှာ ခရီးသည်တင်သင်္ဘော၏ အင်ဂျင်ခန်း ဖြစ်နေသောကြောင့် ဖြစ်သည်။
'ဒီ ခွေးသူတောင်းစား ဇွန်ဘီတွေ... ဘာလို့ ဒီလိုနေရာမျိုးကိုမှ ဝင်လာရတာလဲ...'
အကယ်၍ အင်ဂျင်စက်ပိုင်းဆိုင်ရာများကို ဖျက်ဆီးပစ်လိုက်ပါက သင်္ဘောမှာ ကမ်းကပ်နိုင်တော့မည် မဟုတ်ပေ။
ဝှစ်…
အင်ဂျင်ခန်းထဲသို့ အရှိန်ပြင်းပြင်းဖြင့် ပြေးဝင်သွားလိုက်သည်။ ချူဟန်သည် လက်ထဲရှိ ရှူရာပုဆိန်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး ဇွန်ဘီ၏ ခေါင်းကို ချိန်ရွယ်ကာ ဒေါသတကြီး ခုတ်ချရန် ပြင်လိုက်သည်။
သို့သော် ထိုနေရာသို့ ခြေချလိုက်သည့် စက္ကန့်ပိုင်းမှာပင်...
အနက်ရောင် ပုဆိန်ကြီးကို ဝင့်ရွယ်ထားသော ချူဟန်၏ လှုပ်ရှားမှုများမှာ ရုတ်တရက် ရပ်တန့်သွားတော့သည်။ သူ၏ မျက်ဝန်းအစုံတွင် အံ့အားသင့်မှုများ အထင်းသား ပေါ်လွင်နေသည်။
ဒုန်း... ဒုန်း... ဒုန်း...
နားကွဲမတတ် ဆူညံသော အသံကြီးများ ထပ်မံ ထွက်ပေါ်လာပြန်သည်။ သို့သော် အင်ဂျင်ကို ဖျက်ဆီးနေသူမှာ ဇွန်ဘီ မဟုတ်သလို အမည်မသိ ရန်သူလည်း မဟုတ်ပေ။ စောစောကတည်းက အရိပ်အယောင်မျှပင် မတွေ့ရတော့သော ယင်ရှောင်ချင်း သာ ဖြစ်နေတော့သည်။
ယခုအချိန်တွင် ယင်ရှောင်ချင်းမှာ အသိစိတ် လွတ်နေသော သားရဲတစ်ကောင်ပမာ ဖြစ်နေသည်။ မီးသတ်ပုဆိန်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး သင်္ဘော၏ အင်ဂျင်ဆီသို့ ရူးသွပ်နေသူတစ်ယောက်အလား အဆက်မပြတ် ခုတ်နေလေသည်။
ထို သာမန်မဟုတ်သော အင်အားကြောင့် ပုဆိန်ချက် တစ်ချက်စီတိုင်းတွင် ကြောက်မက်ဖွယ် ဖျက်ဆီးသံများ ထွက်ပေါ်နေသည်။ သူမ၏ မျက်နှာမှာ အစွန်းရောက်သည်အထိ ရှုံ့မဲ့နေပြီး သွေးထွက်မတတ် နှုတ်ခမ်းကို တင်းတင်း ကိုက်ထားလေသည်။
စကားပြောရန် ဆွံ့အသွားသော ချူဟန်သည် ဝင့်ရွယ်ထားသည့် ရှူရာပုဆိန်ကို ဖြည်းညင်းစွာ ပြန်ချလိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်ကာ ထိုနေရာတွင်ပင် တိတ်ဆိတ်စွာ ရပ်နေလိုက်သည်။
သူမ မည်သည့်အတွက်ကြောင့် ဤမျှ ရူးသွပ်နေရသည်ကို သူ အလွန် ကောင်းစွာ နားလည်ထားသည်။ ချစ်သူသက်တမ်း ၈နှစ်ရှိပြီဖြစ်သော ချစ်သူနှင့်အတူ ဤကမ္ဘာပျက်ကပ်ကြီးထဲတွင် သုံးလတိုင်တိုင် တစ်ခဏမျှ မခွဲမခွာဘဲ အချင်းချင်း ဖေးမကူညီလာခဲ့ကြသည်။ ရေတွက်၍မရနိုင်သော အခက်အခဲပေါင်းများစွာကို အတူတကွ ဖြတ်ကျော်လာခဲ့ကြမည်မှာ အသေအချာပင် ဖြစ်သည်။ ထူချန်လုံ သည် ယင်ရှောင်ချင်း အတွက် စိတ်ဓာတ်ခွန်အားများ မှီခိုရာ နောက်ဆုံး ခံတပ်ကြီး ဖြစ်ခဲ့သည်။
သို့သော် ထို ထူချန်လုံ မှာ ရုတ်တရက် ဇွန်ဘီတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။ အလွန် ကြီးမားလှသော မျှော်လင့်ချက်မဲ့မှုကြီးက သူမ၏ ရင်ထဲတွင် တင်းမာနေသော နောက်ဆုံး မျှော်လင့်ချက် ကြိုးမျှင်လေးကို အလွယ်တကူပင် ဖြတ်တောက်လိုက်ခြင်း ဖြစ်ပေလိမ့်မည်။
သူမ ရူးသွပ်သွားခြင်းလည်း ဖြစ်နိုင်ပေသည်။ သို့မဟုတ် ရူးသွပ်သွားခြင်း မဟုတ်ဘဲ လက်တွေ့ဘဝကို ဆက်လက် မရင်ဆိုင်လိုတော့ခြင်းလည်း ဖြစ်နိုင်ပေသည်။
ဖျပ်…ဖျပ်…
နောက်ကျောဘက်မှ ခြေသံများ နီးကပ်လာသည်။ လီယီ တို့အဖွဲ့ လိုက်မီလာခြင်း ဖြစ်သည်။ သူတို့သည် မျက်စိရှေ့ရှိ မြင်ကွင်းကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် ချူဟန် နည်းတူ အံ့အားသင့်ကာ ရပ်တန့်သွားကြသည်။ သို့သော် နောက်တစ်စက္ကန့်တွင်တော့ သူတို့သည် ချူဟန်နှင့် လုံးဝ ကွဲပြားသော လှုပ်ရှားမှုကို ပြုလုပ်တော့သည်။
ကျိုးချွန်းလဲ့ က ရှေ့ဆုံးမှ ပြေးထွက်သွားပြီး သူမကို တားဆီးလိုက်သည်။
"ယင်ရှောင်ချင်း... နင် ရူးနေပြီလား"
"အခုချက်ချင်း ရပ်လိုက်စမ်း"
ဝမ်ရှစ်ရှုံး ကလည်း နောက်မှ လိုက်ပါလာပြီး ယင်ရှောင်ချင်း ဆုပ်ကိုင်ထားသော မီးသတ်ပုဆိန်ကို အတင်းအဓမ္မ လုယူလိုက်သည်။
ထို့နောက် ကျိုးချွန်းလဲ့ နှင့် ကျန်ကွမ်းယွမ် တို့ နှစ်ယောက်က တစ်ပြိုင်နက်တည်း ဝင်ရောက်လာကာ ရုန်းကန်နေသော မိန်းကလေးကို ချုပ်ကိုင်လိုက်ကြသည်။ မည်သို့ပင်ဖြစ်စေ ယင်ရှောင်ချင်း မှာ အထူးလေ့ကျင့်မှုများ ခံယူထားခြင်းမရှိသော သာမန်အရပ်သား တစ်ယောက်သာ ဖြစ်သည်။ အရွယ်ရောက်ပြီးသော အမျိုးသားနှစ်ယောက်က သူမကို သိပ်အားစိုက်စရာမလိုဘဲ အလွယ်တကူ ထိန်းချုပ်နိုင်ခဲ့သည်။
"လွှတ်စမ်း"
ယင်ရှောင်ချင်း က ရူးသွပ်နေသူတစ်ယောက်အလား အော်ဟစ်လိုက်သည်။ ရှုပ်ပွနေသော ဆံပင်များဖြင့် သူမ၏ ပုံစံမှာ ဒေါသထွက်နေသော ခြင်္သေ့မတစ်ကောင်နှင့်ပင် တူနေတော့သည်။
"လွှတ်ပေးလို့ ပြောနေတယ်လေ..."
"နင် ဘာလုပ်နေလဲဆိုတာ သိရဲ့လား"
ဝမ်ရှစ်ရှုံး က တင်းမာသော အသံဖြင့် အော်ငေါက်လိုက်သည်။
"ဒီသင်္ဘောကို နစ်မြှုပ်ပစ်ချင်နေတာလား… ငါတို့အားလုံး သေကုန်လိမ့်မယ်ကွ"
"သေမယ်..."
ယင်ရှောင်ချင်း ချက်ချင်းပင် ရုန်းကန်နေမှုကို ရပ်တန့်လိုက်သည်။
ထို့နောက် အေးစက်စက် မျက်ဝန်းများဖြင့် ပတ်ဝန်းကျင်ရှိ အမျိုးသားများကို စိုက်ကြည့်လိုက်သည်။ သူမ၏ လေသံမှာ အရာအားလုံးကို စွန့်လွှတ်လိုက်ပြီဖြစ်သော ရူးသွပ်မှုများဖြင့် ပြည့်နှက်နေသည်။
"ဟုတ်တယ်... ရှင်တို့အားလုံး သေလိုက်ကြ… ဘာပဲဖြစ်ဖြစ် ချန်လုံ က လူမှ မဟုတ်တော့တာ… ငါလည်း ဆက်အသက်ရှင်နေလို့ ဘာထူးမှာလဲ… အဲဒီတော့ အားလုံး အတူတူ သေလိုက်ကြတာပေါ့… သူက ဘာလို့ ဇွန်ဘီ ဖြစ်သွားရတာလဲ… ဘာဖြစ်လို့လဲ… ငါ့ကို ဖြေကြလေ..."
"ရှောင်ချင်း ရယ်..."
ဆက်လက် ကြည့်မနေရက်တော့သော ဝေ့အန်း က ကြေကွဲဖွယ် အသံဖြင့် ဖျောင်းဖျလိုက်သည်။
"ငါတို့လည်း ဝမ်းနည်းရပါတယ်… ဒါပေမဲ့... ဒီလို အဆုံးသတ်မျိုးကို ဘယ်သူမှ မလိုလားခဲ့ပါဘူး..."
"မလိမ်နဲ့"
ယင်ရှောင်ချင်း က ဝေ့အန်း ၏ စကားကို ကြမ်းတမ်းစွာ ဖြတ်ပြောလိုက်ပြီး ကျောချမ်းဖွယ်ကောင်းသော အေးစက်စက် အကြည့်များဖြင့် ချူဟန် ထံသို့ ကြည့်လိုက်သည်။
"ရှင့်ကြောင့်... ရှင်သာ အဲဒီလို မပြောခဲ့ရင် သူ ဇွန်ဘီ ဖြစ်သွားစရာ အကြောင်းမရှိဘူး… တကယ် ကူးစက်ခံထားရတာ လီယီ ဖြစ်ရမှာ... ရှင် အကြံအစည်ဆင်လိုက်တာမလား… မိစ္ဆာကောင်..."
ယင်ရှောင်ချင်း ၏ စကားကြောင့် ထိုနေရာရှိ လူအားလုံး အံ့အားသင့် တုန်လှုပ်သွားကြသည်။ ဤမိန်းကလေးမှာ တာဝန်အားလုံးကို ချူဟန် အပေါ်သို့ ပုံချရန် ကြိုးစားနေခြင်း ဖြစ်သည်။ ပေါက်ကွဲထွက်ပေါက်မရှိသော မျှော်လင့်ချက်မဲ့မှုနှင့် ဒေါသများအတွက် ချူဟန် သည် အသင့်တော်ဆုံး ပစ်မှတ် ဖြစ်သွားခဲ့ချေပြီ။
"ယင်ရှောင်ချင်း"
ဝေ့အန်း က ရုတ်တရက် တင်းမာသော အကြည့်ဖြင့် သူမကို ကြည့်လိုက်သည်။
"ချူဟန် ဘာအမှားမှ မလုပ်ခဲ့ဘူး… ထူချန်လုံ အဲဒီလို ဖြစ်သွားတာ သူ့ကြောင့် လုံးဝ မဟုတ်ဘူး… နည်းနည်းလောက် စိတ်အေးအေးထားစမ်းပါ"
အမြဲတမ်း တည်ငြိမ်ပြီး စကားနည်းလေ့ရှိသော သူမ၏ ရင်ထဲတွင် ဒေါသများ ပေါက်ကွဲထွက်လာခဲ့သည်။ သင်္ဘောပေါ် ရောက်ကတည်းက ပထမဆုံးအကြိမ် ပြသလိုက်သော ခက်ထန်သည့် အမူအရာမှာ အခြားသူအတွက် မဟုတ်ဘဲ ချူဟန် ကို ကာကွယ်ပေးရန်အတွက်သာ ဖြစ်သည်။
ချူဟန် အနည်းငယ် အံ့အားသင့်သွားသည့်နှယ် ဝေ့အန်း ထံသို့ အကြည့်ရောက်သွားသော်လည်း မည်သည့်စကားမျှ ဝင်မပြောဘဲ တိတ်ဆိတ်စွာသာ စောင့်ကြည့်နေလိုက်သည်။
ပတ်ဝန်းကျင်ရှိ လူများက ယင်ရှောင်ချင်း ကို အပြစ်တင်ကာ တားဆီးရန် ကြိုးစားနေကြသော်လည်း ချူဟန်က မည်သည့် လှုပ်ရှားမှုမျှ မပြုလုပ်ခဲ့ပေ။ ယင်ရှောင်ချင်း ထံမှ မည်မျှပင် အဆိပ်ပြင်းသော စကားလုံးများဖြင့် စော်ကားခံရပါစေ တိတ်ဆိတ်စွာပင် လက်ခံနေလေသည်။
ထို တည်ငြိမ်ပြတ်သားသော အမူအရာရှေ့တွင် အခြားသူများလည်း အလိုအလျောက် နှုတ်ဆိတ်သွားကြတော့သည်။
သတိထားမိချိန်တွင် အခန်းအတွင်း၌ ယင်ရှောင်ချင်း ၏ ရူးသွပ်မှုများ အပြည့်ပါဝင်နေသော ဆဲရေးတိုင်းထွာသံများသာ ပဲ့တင်ထပ်နေတော့သည်။ ငါးမိနစ်တိတိ အသံဝင်သွားသည်အထိ အော်ဟစ်ပြီးနောက် နောက်ဆုံးတွင်တော့ ထိုမိန်းကလေးမှာ စကားပြောခြင်းကို ရပ်တန့်လိုက်သည်။ အသေအလဲ ရုန်းကန်နေမှုများလည်း ရပ်တန့်သွားပြီး စုတ်ပြတ်သတ်နေသော ပုံစံဖြင့် စိတ်ကျန်းမာရေး ချို့ယွင်းနေသော အရူးတစ်ယောက်ပမာ အရုပ်ကြိုးပြတ် ခွေကျသွားတော့သည်။
"လွှတ်ပေးလိုက်ပါ"
ချူဟန် က တည်ငြိမ်သော အသံဖြင့် ဖြည်းညင်းစွာ ပြောလိုက်သည်။ ယင်ရှောင်ချင်း ကို ချုပ်ကိုင်ထားသော ကျိုးချွန်းလဲ့ နှင့် ကျန်ကွမ်းယွမ် တို့ကို ညွှန်ကြားလိုက်ခြင်း ဖြစ်သည်။
လူငယ်နှစ်ယောက်မှာ တွေဝေသွားသော်လည်း လက်ကို လွှတ်ပေးလိုက်ကြသည်။ ချူဟန် ၏ စွမ်းရည်အရ ယင်ရှောင်ချင်း အနေဖြင့် မျက်စိရှေ့တွင် မည်သို့ပင် ကြံစည်ပါစေ အလွယ်တကူ ထိန်းချုပ်နိုင်မည်ကို သူတို့ သိထားသောကြောင့် ဖြစ်သည်။ သို့သော်လည်း စိတ်ချရစေရန်အတွက် သူတို့နှစ်ဦးမှာ သတိမလွတ်စေဘဲ မိန်းကလေး၏ ဘေးတွင် ဆက်လက် ရပ်နေကြသည်။
"ငါတို့... သိခဲ့ကြတာ ၈နှစ်တောင် ရှိနေပြီလေ..."
ယင်ရှောင်ချင်း သည် ကြမ်းပြင်ပေါ်တွင် ခွေကျနေရင်း မျက်ဝန်းအစုံမှ မျက်ရည်များ အဆက်မပြတ် စီးကျလာတော့သည်။ ရင်ကွဲမတတ် နာကျင်ကြေကွဲဖွယ် ငိုကြွေးသံများ ထွက်ပေါ်လာသည်။
"မကြာခင်... မကြာခင် ငါတို့ လက်ထပ်တော့မှာလေ... အီး... ဟီး... ဟီး..."
ဒုန်း... ဒုန်း... ဒုန်း...
သူမသည် လက်ဖမိုးများ သွေးချင်းချင်းနီသွားသည်ကိုပင် ဂရုမစိုက်နိုင်ဘဲ ကြမ်းပြင်ကို လက်သီးဖြင့် အဆက်မပြတ် ထုရိုက်နေလေသည်။
"ဘာလို့လဲ... ဘာဖြစ်လို့လဲ..."
ထို သနားစရာကောင်းသော မြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသဖြင့် အမျိုးသားများ၏ ရင်ထဲတွင်လည်း အလွန် နက်ရှိုင်းသော ဝမ်းနည်းကြေကွဲမှုများ ဖြစ်ပေါ်လာတော့သည်။ ရူးသွပ်နေသော မိန်းကလေးထံသို့ ကြည့်နေသည့် အကြည့်များတွင် သိသာထင်ရှားသော သနားကြင်နာမှုများ ရောယှက်နေသည်။
တစ်ချိန်တည်းမှာပင် သူတို့သည် ချူဟန် အပေါ်၌ တစ်စုံတစ်ရာသော ရိုသေလေးစားမှုများလည်း ဖြစ်ပေါ်လာကြသည်။ မည်သည့်အမှားမျှ မရှိဘဲ မိန်းကလေးတစ်ယောက်၏ အဆိုးရွားဆုံး ဆဲရေးတိုင်းထွာမှုများကို ဆက်တိုက် ခံနေရသော်လည်း ဤလူငယ်လေးမှာ မျက်နှာအမူအရာ အနည်းငယ်မျှပင် မပြောင်းလဲခဲ့ပေ။
ချူဟန် သည် သနားကြင်နာမှုများကို ပေးနေခြင်းမျိုး မဟုတ်ပေ။
စိတ်ပိုင်းဆိုင်ရာ ပြိုလဲနေသော ယင်ရှောင်ချင်း ခံစားနေရသည့် အသက်ရှင်ရန် မျှော်လင့်ချက် ကင်းမဲ့သွားခြင်း ကို အလွန် အကျိုးသင့်အကြောင်းသင့် ကျကျ နားလည်ပေးထားခြင်းသာ ဖြစ်သည်။ ဤ တရားမျှတမှုမရှိသော ကမ္ဘာကြီးအပေါ် မုန်းတီးမှုများကို မည်သည့်နေရာတွင် ပုံချရမှန်းမသိ ဖြစ်နေသော သူမအတွက် ထူချန်လုံ ၏ ကူးစက်ခံရမှုကို အစောဆုံး ထောက်ပြခဲ့သော သူသည် အမုန်းဆုံး ပစ်မှတ် ဖြစ်လာခြင်းမှာ သဘာဝကျလှသည်။ ယခုလက်ရှိ ယင်ရှောင်ချင်း ကို အကြောင်းပြချက်များ သွားပြောနေ၍လည်း နားလည်နိုင်မည် မဟုတ်ပေ။
လေးလံသော တိတ်ဆိတ်မှုကြီးက လွှမ်းမိုးသွားသည်။ မည်သူမျှ စကားမပြောကြပေ။ မဟုတ်သေး... မည်သို့ ပြောရမှန်း မသိကြခြင်းသာ ဖြစ်သည်။ ယင်ရှောင်ချင်း ၏ ကြေကွဲဖွယ် ငိုကြွေးသံများသာ မှောင်မိုက်နေသော အင်ဂျင်ခန်းအတွင်း ပဲ့တင်ထပ်နေတော့သည်။
အားလုံး ရပ်တန့်နေကြပြီး မည်သို့ လုပ်ရမည်ကို တွေဝေနေချိန်မှာပင်... ရုတ်တရက် ချူဟန် စကားစပြောလိုက်သည်။
"နင် မုန်းနေတာ တကယ်ပဲ ငါ့ကိုလား… ဒါမှမဟုတ်... ထူချန်လုံ ကို လုပ်ခဲ့တဲ့ ဇွန်ဘီကိုလား"
ဖျတ်ခနဲ...
ယင်ရှောင်ချင်း ၏ ငိုကြွေးသံများ ရပ်တန့်သွားသည်။ သူငယ်အိမ်များမှာ ချက်ချင်း ကျုံ့ဝင်သွားကာ စကားတစ်ခွန်းမှပင် ထွက်မလာတော့ပေ။
"အကယ်၍ ငါ့ကို မုန်းတယ်ဆိုရင်..."
ချူဟန် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။
"နင် အစွမ်းရှိလာပြီး ငါ့ကို သတ်ပြီး ဒေါသဖြေမယ့်နေ့ကို ငါ စောင့်နေပေးမယ်… ဒါပေမဲ့... အဲဒီလို ဖြစ်လာဖို့ အခွင့်အရေးကတော့ အလွန်နည်းပါးတယ်"
"ဒါပေမဲ့ မုန်းတီးရမယ့် ပစ်မှတ်က ဇွန်ဘီ ဖြစ်နေမယ်... ဒီ ကမ္ဘာပျက်ကပ်ကြီး ဖြစ်နေမယ်ဆိုရင်တော့..."
ချူဟန်၏ အသံမှာ ရုတ်တရက် မြင့်တက်သွားသည်။ မိုးကြိုးပစ်ချလိုက်သည့်အလား အသံကြီးက ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများနှင့်အတူ ထွက်ပေါ်လာသည်။
"အဲဒါဆိုရင် စွမ်းအားကြီးအောင် လုပ်လိုက်…... အဲဒီ သောက်ရမ်းမုန်းဖို့ကောင်းတဲ့ မိစ္ဆာကောင်တွေကို လိုက်ရှာပြီး နင့်လက်နဲ့တင် တစ်ကောင်မကျန် သတ်ပစ်လိုက်စမ်း… အဲဒီကောင်တွေရဲ့ ခေါင်းတွေကို အသားတုံးတွေဖြစ်သွားတဲ့အထိ ရိုက်ခွဲပစ်လိုက်… တစ်ကောင်လေးတောင်မှ အလွတ်မပေးနဲ့"