အခန်း ၂၃၇
Vol. 24 Ch. 237
အခန်း (၂၃၇) ကုန်းပေါ်တက်ခြင်း
ဤစကားများကို ကြားလိုက်ရသောအခါ ယင်းရှောင်ချင်သည် ပြင်းထန်စွာ တုန်ယင်သွားပြီး၊ သူမ၏ လက်သည်းများ အသားထဲ စူးဝင်သွားသည်အထိ လက်သီးကို တင်းကြပ်စွာ ဆုပ်ထားလိုက်သည်။
အခန်းအတွင်း၌ တစ်ဖန် တိတ်ဆိတ်သွားပြန်သည်။ ကြောင်အနေသော အမျိုးသားများနှင့် ခေါင်းငုံ့ကာ နှုတ်ဆိတ်နေသော ယင်ရှောင်ချင်း တို့သာ ကျန်ရစ်ပြီး အချိန်အတန်ကြာသည်အထိ မည်သူမျှ စကားမပြောရဲကြချေ။
ဝမ်ရှစ်ရှုံးတို့အဖွဲ့၏ မျက်နှာထက်တွင် အံ့အားသင့်မှုနှင့် ချီးကျူးလေးစားမှုတို့ ရောယှက်နေသည်။ ချူဟန် ဒေါသထွက်ပြီး ယင်ရှောင်ချင်းကို သတ်ပစ်လိုက်မည်လား သို့မဟုတ် လုံးဝ လျစ်လျူရှုထားမည်လားဟု သူတို့မှာ စိုးရိမ်တကြီး တွေးထိတ်နေခဲ့ကြသောကြောင့် ဖြစ်သည်။
သို့သော် သူတို့၏ ထင်မှတ်ထားမှုများနှင့် ဆန့်ကျင်ဘက်ဖြစ်စွာပင် ထိုလူငယ်လေးသည် စကားပြောဆိုခဲ့ပြီး သူမကို မျှော်လင့်ချက် တစ်ခု ပေးစွမ်းလိုက်သည်။ ထိုမျှမကသေးဘဲ စကားလုံး အနည်းငယ်ဖြင့်ပင် သူမ၏ နက်ရှိုင်းလှသော အမုန်းတရားများကို ဇွန်ဘီများထံသို့ တိကျစွာ ဦးတည်သွားစေခဲ့လေသည်။
ရုတ်တရက် ချူဟန်က ထပ်မံ၍ စကားဆိုလိုက်သည်။
"အင်ဂျင်ကို ကြိုက်သလို ဖျက်ဆီးလို့ရတယ်… ဘာပဲဖြစ်ဖြစ် အပိုတစ်ခု ရှိသေးတယ်"
ယင်ရှောင်ချင်းမှာ တွန့်ခနဲ တုန်လှုပ်သွားပြီး မယုံကြည်နိုင်သည့်အလား မျက်လုံးများကို ပြူးကျယ်သွားတော့သည်။ ထို့နောက် ရုတ်တရက် တစ်ကိုယ်လုံး အားအင်ကုန်ခမ်းသွားသကဲ့သို့ နံရံကို မှီချလိုက်ပြီး ငိုနေသလား၊ ရယ်နေသလား မကွဲပြားသော လေသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။
"အပိုတစ်ခု ရှိနေတာကိုး... ဒါကြောင့်မို့လို့ ရှင် ဒီလောက်တောင် တည်ငြိမ်နေခဲ့တာပဲ… အရာအားလုံးက ရှင့်ရဲ့ တွက်ချက်မှုတွေအတိုင်းချည်းပဲ... ကျွန်မကတော့ ရယ်စရာကောင်းတဲ့ လူပြက်တစ်ယောက်လို ဖြစ်နေတာပေါ့"
ဝမ်ရှစ်ရှုံးတို့ အဖွဲ့မှာလည်း အလွန်တရာ အံ့အားသင့်သွားကြသည်။ ထို့နောက် ချက်ချင်းပင် ချူဟန်နှင့် ပတ်သက်၍ ဘာပြောရမှန်း မသိအောင် ဆွံ့အသွားကြတော့သည်။
'အပိုအင်ဂျင် ရှိတယ်ဆိုရင်လည်း ကျေးဇူးပြုပြီး စောစောလေး ပြောပါလားကွ… စောစောကဆိုရင် ငါတို့တွေ အရမ်းကို စိုးရိမ်ထိတ်လန့်နေခဲ့ရတာ'
ကျန်ကွမ်းယွမ်ဆိုလျှင် ချူဟန်အား လေးစားအားကျမှုကိုပင် ကျော်လွန်ကာ ကြောင်အနေတော့သည်။ ဤသင်္ဘောပေါ်တွင် တစ်လတိုင်တိုင် နေထိုင်ခဲ့သော မိမိအနေဖြင့် ဤကိစ္စကို သိထားခြင်းမှာ သဘာဝကျသော်လည်း သင်္ဘောပေါ်ရောက်သည်မှာ နှစ်ရက်သာ ရှိသေးသော ချူဟန်သည် ဤသင်္ဘော၏ ဖွဲ့စည်းပုံကို ပြီးပြည့်စုံစွာ နားလည်ထားလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။
"နင် ဘာအတွက် အသက်ရှင်နေတာလဲ… လူသားတွေရဲ့ ရန်သူက ဘယ်သူလဲ ဆိုတာကို နင့်ဘာသာနင် အရင် ရှင်းရှင်းလင်းလင်း စဉ်းစားလိုက်ဦး"
ချူဟန်က ထိုသို့ပြောလိုက်ပြီး ကျောခိုင်းထွက်ခွာသွားတော့သည်။
ယင်ရှောင်ချင်းက ခေါင်းကို ရုတ်တရက် မော့လိုက်သည်။ သူမ၏ မျက်ဝန်းထဲတွင် ကိန်းအောင်းနေသော အမှောင်ထုဖုံးလွှမ်းနေသည့် အမုန်းတရားများမှာ ရုတ်တရက် အသွင်ပြောင်းသွားပြီး မည်သူနှင့်မျှ မယှဉ်သာသော ကြောက်မက်ဖွယ် ဇွဲလုံ့လနှင့် တိုက်ခိုက်လိုစိတ်များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
နှိုင်းယှဉ်၍မရနိုင်သော တိုက်ခိုက်ရေးစွမ်းရည်များကို ပိုင်ဆိုင်ထားသည့် ချူဟန်မှာ အသက်နှစ်ဆယ်ဝန်းကျင်သာ ရှိသေးသော လူငယ်တစ်ဦးမျှသာ ဖြစ်သည်။ ဤမျှလောက် ခိုင်မာပြတ်သားသော စိတ်ဓာတ်ကို ပိုင်ဆိုင်ထားလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။
တိုတောင်းလှသော စကားလုံး အနည်းငယ်ဆီမှပင် သူ၏ ရင်ထဲ၌ ကိန်းအောင်းနေသော ကြီးမားလှသည့် ရည်မှန်းချက်များနှင့် မည်သူမျှ မယှဉ်သာသော ကြံ့ခိုင်သည့် ယုံကြည်ချက်များကို လူတိုင်း ရှင်းလင်းစွာ ခံစားသိရှိလိုက်ကြသည်။
အထူးသဖြင့် မိသားစုကို ဆုံးရှုံးခဲ့ရပြီး ဇာတိမြေမှ စွန့်ခွာလာခဲ့ရသော ဝမ်ရှစ်ရှုံးနှင့် လီယီတို့မှာ ဤအချိန်တွင် တစ်စုံတစ်ခုကို မဖြစ်မနေ အောင်မြင်အောင် လုပ်ဆောင်ချင်စိတ်များ ပြင်းပြစွာ ဖြစ်ပေါ်လာတော့သည်။
ချူဟန် ပြောသည့်အတိုင်းပင် ဖြစ်သည်။ ရန်သူက မည်သူပင်ဖြစ်စေကာမူ သတ်ပစ်လိုက်ရုံသာ ဖြစ်သည်။ တိကျသေချာသော ရည်မှန်းချက်ကို ရှာဖွေပြီး မည်သို့ပင်ဖြစ်စေ အသက်ရှင်ကျန်ရစ်အောင် နေထိုင်သွားမည်ဟု ဆုံးဖြတ်လိုက်ကြသည်။
ဤ ကြီးမားကျယ်ပြန့်ခြင်း မရှိသော လူစီးသင်္ဘောလေးအတွင်း၌ လူအများ၏ ရင်ထဲတွင် မျှော်လင့်ချက် ရောင်ခြည်လေး ရုတ်တရက် လင်းလက်လာခဲ့လေပြီ။
နောက်တစ်နေ့။ နွေးထွေးသာယာသော နေရောင်ခြည်အောက်တွင် အပျော်စီးသင်္ဘောလေးသည် မြစ်ပြင်ပေါ်၌ ဖြည်းညင်းစွာ ခုတ်မောင်းနေလေသည်။
ကုန်းပတ်ပေါ်တွင် စောစောကတည်းက ပြောင်လက်နေအောင် သန့်ရှင်းရေး လုပ်ထားပြီး ဖြစ်သည်။ မီးဖိုချောင်ထဲတွင် နံနက်စောစောကတည်းက ဂျင်တစ်ကောင်ပမာ တဝီဝီ လည်ပတ်ကာ အလုပ်များနေသော လူရိပ်တစ်ခု ရှိနေလေသည်။
အရောင်အဆင်း၊ အနံ့အရသာတို့ဖြင့် ပြည့်စုံလွန်းလှသော ဟင်းလျာများမှာ စားပွဲပေါ်တွင် တစ်ခွက်ပြီးတစ်ခွက် တန်းစီနေပြီး အားလုံး ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေသည်။
"ယင်ရှောင်ချင်း..."
မီးဖိုချောင်ထဲသို့ ပထမဆုံး ရောက်လာသော ကျိုးချွန်းလဲ့သည် မျက်စိရှေ့တွင် ခင်းကျင်းထားသော ဟင်းလျာများကို မြင်လိုက်ရသဖြင့် အံ့သြဝမ်းသာစွာ အော်ဟစ်လိုက်သည်။
"အရမ်းမိုက်တာပဲ… ငါးဟင်း ပွဲတော်ကြီးပါလား"
"တကယ်ကြီးလား… ယင်ရှောင်ချင်း….နင် ဟင်းချက်တတ်တယ်ပေါ့ "
ကျန်ကွမ်းယွမ်မှာ ကျိုးချွန်းလဲ့ထက်ပင် ပို၍ အံ့အားသင့်နေသည်။ ကြမ်းတမ်းသော ယောက်ျားကြီးများချည်းသာ သင်္ဘောပေါ်တွင် နေထိုင်ခဲ့ကြရသဖြင့် သူတို့ ချက်ပြုတ်သော ထမင်းဟင်းများမှာ ဖယောင်းတိုင်ကို ဝါးစားနေရသည့်အလား အရသာ ကင်းမဲ့လွန်းလှသည်။
အထူးသဖြင့် မနေ့က ချူဟန် ချက်ခဲ့သော ဟင်းလျာများဆိုလျှင်... ပြန်တွေးကြည့်ရုံဖြင့်ပင် အတော်ကို ဆိုးရွားလွန်းလှသည်။
ယနေ့ ယင်ရှောင်ချင်း၏ ဝတ်စားဆင်ယင်မှုမှာ သပ်ရပ်နေသည်။ သူမ တစ်ကိုယ်လုံးမှာ ဖြူဖျော့ဖျော့ ဖြစ်နေဆဲဖြစ်သော်လည်း မျက်ဝန်းများထဲတွင်တော့ တောက်ပသော အလင်းရောင် တစ်ချို့ကို သဲ့သဲ့လေး တွေ့မြင်နေရသည်။
သူမက နဖူးပေါ်မှ ချွေးများကို ညင်သာစွာ သုတ်လိုက်ပြီး ပြုံး၍ ပြောလိုက်သည်။
"အရင်က လက်ထပ်ပြီးရင် အိမ်မှာ ကလေးထိန်းရင်း အိမ်ထောင်ရှင်မကောင်း တစ်ယောက် ဖြစ်ဖို့ ရည်ရွယ်ထားတာလေ၊ အဲဒါကြောင့် နည်းနည်းပါးပါး သင်ထားတာပါ"
"အို... အင်း..."
ကျန်ကွမ်းယွမ်နှင့် ကျိုးချွန်းလဲ့တို့မှာ အနည်းငယ် အနေခက်သွားစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။ မည်သို့ ပြန်ပြောရမည်ကို မသိတော့ဘဲ သူမ၏ ဝမ်းနည်းဖွယ် အတိတ်မှတ်ဉာဏ်များကို ပြန်လည် နိုးဆွပေးလိုက်သလို ဖြစ်သွားမည်ကို စိုးရိမ်နေကြသည်။
"ဝါး... အစ်မရှောင်ချင်း… ဒါတွေအကုန်လုံး အစ်မ တစ်ယောက်တည်း ချက်ထားတာလား"
တတိယမြောက် ဝင်ရောက်လာသူမှာ ဝေ့အန်း ဖြစ်သည်။ ဤ ငယ်ရွယ်သော မိန်းကလေးမှာ တစ်ရက်တည်းနှင့်ပင် နဂိုမူလ တက်ကြွရွှင်လန်းမှုများ ပြန်လည် ရရှိလာပြီး ပျော်မြူးနေတော့သည်။
ယင်ရှောင်ချင်းသည် ကြင်နာစွာ ပြုံးပြလိုက်ပြီး အားလုံးကို ထိုင်ခုံတွင် ထိုင်ရန် တိုက်တွန်းလိုက်သည်။ ထိုအချိန်တွင် ဝမ်ရှစ်ရှုံးနှင့် လီယီတို့လည်း အတူတကွ ရောက်ရှိလာကြသည်။ ချူဟန်ကို ဖယ်လိုက်ပါက သင်္ဘောပေါ်တွင် အတည်ငြိမ်ဆုံး လူနှစ်ဦး ဖြစ်သည်။
အသိစိတ် ပြန်လည် ဝင်ရောက်လာပြီး ရှေ့ဆက် အသက်ရှင်ရန် ကြိုးစားနေသော ယင်ရှောင်ချင်း၏ ပုံစံကို ကြည့်ကာ သူတို့နှစ်ဦးမှာ မနေ့က ချူဟန် ပြောခဲ့သော စကားလုံးများ၏ စွမ်းအားကို တစ်ဖန် ပြန်လည် ချီးကျူးလေးစားမိသွားကြသည်။
တစ်ချိန်တည်းမှာပင် သူတို့အတွက် အလွန် အံ့သြစရာ ကောင်းနေခဲ့သည်။ ချူဟန်သည် အသက်နှစ်ဆယ်သာ ရှိသေးပြီး ယင်ရှောင်ချင်းထက်ပင် အသက် နှစ်အနည်းငယ်ငယ်သေးသည်။ မည်သို့လုပ်၍ ထိုမျှလောက် ကြံ့ခိုင်ပြီး ရင့်ကျက်သော စိတ်ဓာတ်ကို ပိုင်ဆိုင်နိုင်ရသနည်း။
ထမင်းစားပွဲတွင် ထိုင်ကာ အငမ်းမရ စားသောက်နေကြသော ကျိုးချွန်းလဲ့နှင့် ကျန်ကွမ်းယွမ်တို့ကို ကြည့်လိုက်သည်။ ဤကောင်များလည်း အသက်နှစ်ဆယ် အရွယ်များပင် ဖြစ်သည်။ ဤသို့ နှိုင်းယှဉ်ကြည့်လိုက်သောအခါ ချူဟန်၏ ထူးခြားမှုမှာ ပိုမို ပေါ်လွင်နေတော့သည်။
"မြန်မြန် ထိုင်ကြလေ"
ယင်ရှောင်ချင်းက အလျင်အမြန် ဝမ်ရှစ်ရှုံးနှင့် လီယီတို့အတွက် ပန်းကန်များ ထုတ်ပေးလိုက်သည်။ သူမ၏ ရင်ထဲတွင်လည်း နက်ရှိုင်းသော ခံစားချက်များက လှိုင်းထနေလေသည်။
မီးဖိုချောင် အဝင်ပေါက်သို့ ရောက်နေသော ချူဟန်သည် အထဲသို့ မဝင်မီလေးတွင်ပင် ယင်ရှောင်ချင်း၏ အသံကို ကြားလိုက်ရသည်။ အထဲသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် စားပွဲအပြည့် ခင်းကျင်းထားသော ဟင်းလျာများက မျက်စိထဲသို့ ဝင်ရောက်လာသည်။ ပါဝင်ပစ္စည်းများအားလုံးမှာ ငါးများချည်းသာ ဖြစ်သော်လည်း အရသာမတူညီသော ဟင်းလျာ ၁၈ မျိုးအထိ ချက်ပြုတ်ထားသည်မှာ အလွန် အံ့မခန်းပင် ဖြစ်သည်။
"ချူဟန်..."
သူ့ကို အခြားသူများထက် အရင်ဆုံး သတိထားမိလိုက်သူမှာ ယင်ရှောင်ချင်း ဖြစ်ပြီး အလိုအလျောက် တိုးညင်းသော အသံဖြင့် နာမည်ကို ခေါ်လိုက်သည်။
ဟင်းများကို အလုအယက် ခူးစားနေကြသော ကျိုးချွန်းလဲ့နှင့် ကျန်ကွမ်းယွမ်တို့၏ လှုပ်ရှားမှုများ ရပ်တန့်သွားသည်။ ပါးစပ်ထဲရှိ ထမင်းများကိုပင် မျိုမချနိုင်တော့ဘဲ ချူဟန်နှင့် ယင်ရှောင်ချင်းတို့ထံသို့ တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။
တင်းမာနေသော လေထုမှာ ရုတ်တရက် အမြင့်ဆုံးသို့ ရောက်ရှိသွားတော့သည်။ ကျေးဇူးပြုပြီး အခုချိန်မှာ ပြဿနာ မရှာကြပါနဲ့ကွာ။ ရန်ဖြစ်ချင်ရင်တောင်မှ အနည်းဆုံးတော့ ဗိုက်ဝအောင် စားပြီးမှ ဖြစ်ကြပါလား။
ဝမ်ရှစ်ရှုံး၊ လီယီနှင့် ဝေ့အန်း တို့ သုံးဦးမှာလည်း စိတ်လှုပ်ရှားသွားကြသည်။ မည်သို့ပင်ဖြစ်စေ မနေ့က ယင်ရှောင်ချင်းမှာ ချူဟန်ကို သတ်ပစ်ချင်လောက်အောင် မုန်းတီးနေခဲ့သည် မဟုတ်ပါလား။ လက်ရှိ ချူဟန်၏ အစွမ်းနှင့် အဆင့်အတန်းကို စဉ်းစားကြည့်ပါက ထိုကဲ့သို့သော ဆက်ဆံမှုကို ငြိမ်ခံနေမည် မဟုတ်ပေ။
သို့သော် သူတို့၏ တွေးထင်ထားမှုများနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ယင်ရှောင်ချင်းက အပြုံးလေးတစ်ခုဖြင့် ပြောလိုက်သည်။
"ဒီနေ့ကစပြီး ဒီသင်္ဘောပေါ်က စားရေးသောက်ရေးကို ကျွန်မ တာဝန်ယူမယ်"
"ဝိုး... အစ်မရှောင်ချင်းက အရမ်း မိုက်တာပဲ"
ကျိုးချွန်းလဲ့က ရှေ့ဆုံးမှ အပျော်လွန်ကာ အော်ဟစ်လိုက်သည်။
မနေ့ကအထိ အသက်ရှင်လိုစိတ် လုံးဝ ကင်းမဲ့နေခဲ့သော ယင်ရှောင်ချင်း၏ ယနေ့ မျက်ဝန်းထဲတွင် ကိန်းအောင်းနေသော တောက်ပမှုကို ကြည့်ကာ ချူဟန်က မျက်နှာအမူအရာ မပြောင်းလဲဘဲ တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆိုရင်တော့ မင်းကိုပဲ ဒုက္ခပေးရတော့မယ်... စားဖိုမှူးကြီး ယင်"
ယင်ရှောင်ချင်းမှာ ကြောင်အသွားတော့သည်။ ချူဟန်၏ ထူးခြားလွန်းလှသော စရိုက်ကို သူမ ကောင်းစွာ တုံ့ပြန်နိုင်စွမ်း မရှိခဲ့ပေ။ ကျိုးချွန်းလဲ့နှင့် ကျန်ကွမ်းယွမ်တို့က ချက်ချင်းဆိုသလို ချူဟန်အား မျက်စောင်းထိုးလိုက်ကြသည်။
'ဟေ့လူ... ယင်ရှောင်ချင်းက အဲဒီလောက်ထိ ပြောနေတာတောင် ခင်ဗျားက အဲဒီလို ပြန်ပြောရလား'
"အဟမ်း..."
အခြေအနေကို ထိန်းသိမ်းရန် ဝမ်ရှစ်ရှုံးက ချောင်းဟန့်လိုက်သည်။
"ကဲကဲ... မြန်မြန်စားကြစို့"
တစ်ဖက်တွင် အဆိုးရွားဆုံး နာကျင်မှုကို ခံစားနေရသူမှာ ဝမ်ချိုက် ပင် ဖြစ်သည်။ အလွန် အရသာရှိသော ငါးဟင်းများကို စားရသည်မှာ မှန်သော်လည်း မတရားစွာဖြင့် အရေးကြီးလှသော အမှတ် ၁၀ မှတ်ကို ဆုံးရှုံးလိုက်ရလေပြီ။ ယနေ့ ငါးဟင်းများကို ကြိုက်သလောက် စားခွင့်ရသည် ဆိုသော်လည်း ချက်ပြုတ်သူမှာ ချူဟန် မဟုတ်ပေ။
နောက်ဆုံးတွင်တော့ အရှုံးပေါ်သွားသူမှာ သူတစ်ယောက်တည်းသာ ဖြစ်ပြီး အကောင်းဆုံး အရာအားလုံးကို ချူဟန် ယူသွားသလို ခံစားနေရတော့သည်။
ထို့နောက် နှစ်ရက်တာကာလမှာလည်း မည်သည့် ကိစ္စမျှ မဖြစ်ပေါ်ဘဲ အေးချမ်းစွာ ကုန်လွန်သွားခဲ့သည်။ ချူဟန်သည် ဝမ်ချိုက်ထံမှ အဆင့်(၃) ဇွန်ဘီ၏ အမြုတေကို စုပ်ယူနိုင်စွမ်းမှာ ၆၀ ရာခိုင်နှုန်း ရှိကြောင်းကို မေးမြန်းသိရှိခဲ့ရသည်။ သို့သော် အမှတ် ၁၀ မှတ် နှင့် နှိုင်းယှဉ်ပါက အရေးမပါသော သတင်းအချက်အလက်တစ်ခုသာ ဖြစ်သည်။
တဖြည်းဖြည်း နီးကပ်လာသော တစ်ဖက်ကမ်းခြေကို ကြည့်ရင်း ချူဟန်၏ ရင်ထဲတွင် စိုးရိမ်ပူပန်မှုနှင့် စိတ်လှုပ်ရှားမှုတို့မှာ တစ်စတစ်စ နက်ရှိုင်းလာတော့သည်။
အန်းလော်မြို့…
စစ်တပ်၏ စွန့်ပစ်ခြင်းကို ခံလိုက်ရပြီး ပြိုလဲသွားပြီဖြစ်သော ဤမြို့လေးတွင် မိဘနှစ်ပါးစလုံး ဘေးကင်းလုံခြုံစွာ အသက်ရှင်နေပါသေးရဲ့လား။
"အစ်ကိုချူဟန်... ကမ်းကပ်တော့မယ်"
ကျန်ကွမ်းယွမ်က လှမ်းပြောလိုက်သည်။ သူလည်း ချူဟန်၏ ရည်ရွယ်ချက်ကို သိထားပြီး ဖြစ်သည်။ ရင်ထဲမှ အမှန်အတိုင်း ပြောရလျှင် တားဆီးချင်သော်လည်း နောက်ဆုံးတွင်တော့ သူ့ကို ထောက်ခံရန်သာ ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
"ငါ မင်းနဲ့အတူ လိုက်ခဲ့ရမလား"
လီယီက မေးလိုက်သည်။
"မလိုပါဘူး… သင်္ဘောပေါ်မှာ နေချင်တဲ့လူတွေ နေခဲ့လို့ရတယ်… မြစ်ထဲမှာ ငါးအုပ်တွေ ရှိနေတာမလို့ အန္တရာယ်များပေမဲ့ ကမ်းစပ်မှာ နေရင်တော့ ပိုကောင်းတယ်…မြစ်ကမ်းဘေးမှာ သွားလာနေတဲ့ ဇွန်ဘီတွေလည်း နည်းတယ်လေ"
ချူဟန်က အလွန် တည်ငြိမ်သော အသံဖြင့် ပြန်ဖြေလိုက်သည်။
"အကယ်၍ နောက်ထပ် နှစ်လနေလို့မှ ငါ ပြန်မလာဘူးဆိုရင် မင်းတို့ ငါ့ကို ဆက်မစောင့်ကြနဲ့တော့"