အခန်း ၂၃၈
Vol. 24 Ch. 238
အခန်း (၂၃၈) ငါ့မိဘတွေရော
ချူဟန်၏ စကားမှာ အလွန် ရှင်းလင်းပြတ်သားလှသည်။ နှစ်လကြာပြီးနောက် မိဘများကို ခေါ်ဆောင်ကာ သူ ပြန်လာမည်။ သို့မဟုတ် ရှာမတွေ့ဘဲ သေဆုံးသွားမည်။ ဤကမ္ဘာပျက်ကပ်ကြီးထဲတွင် သေဆုံးခြင်းဆိုသည်မှာ အလွန် ရိုးရှင်းသော ကိစ္စတစ်ခုဖြစ်ပြီး နောက်တစ်စက္ကန့်၌ မည်သည့်အရာ ဖြစ်လာမည်ကို မည်သူမျှ မသိနိုင်ပေ။
အားလုံးမှာ ပြန်ပြောစရာ စကားမရှိတော့ဘဲ တိတ်ဆိတ်နေလိုက်ကြသည်။ ငယ်ရွယ်သော မိန်းကလေး ဝေ့အန်း သည် တစ်စုံတစ်ခုကို ပြောရန် ပါးစပ်ဟလိုက်သော်လည်း ချက်ချင်းပင် ပြန်လည် နှုတ်ဆိတ်သွားတော့သည်။
သင်္ဘော ကမ်းကပ်သွားသည်နှင့်တစ်ပြိုင်နက် ချူဟန်သည် အချိန်ဆွဲမနေဘဲ ခုန်ဆင်းသွားရာ မျက်စိတစ်မှိတ်အတွင်းမှာပင် လူအများ၏ အမြင်အာရုံထဲမှ ပျောက်ကွယ်သွားတော့သည်။
သူ့ကို မည်သူမှ မမြင်နိုင်ကြောင်း သေချာသွားသောအခါ သူသည် သိုလှောင်ခန်းထဲမှ ဂျစ်ကား ကို ထုတ်ယူလိုက်သည်။ ထို့နောက် ကားပေါ်သို့ ခုန်တက်ကာ အမြင့်ဆုံးအရှိန်ဖြင့် ထွက်ခွာသွားလေသည်။
မြစ်ကို ဖြတ်ကျော်လာခဲ့ပြီ ဖြစ်သော်လည်း အန်းလော်မြို့သို့ ရောက်ရန် အတော်လေး ဝေးကွာနေသေးသည်။ ချူဟန်၏ ရင်ထဲတွင် စိုးရိမ်ပူပန်မှုများ တစ်စတစ်စ ကြီးထွားလာနေသည်။
"ဝေ့အန်း... နင် ဘယ်သွားမလို့လဲ"
ချူဟန် ထွက်ခွာသွားပြီး မကြာမီမှာပင် အထုပ်အပိုးများ ပြင်ဆင်ကာ သင်္ဘောပေါ်မှ ဆင်းရန် ပြင်နေသော ဝေ့အန်းကို ကြည့်၍ ဝမ်ရှစ်ရှုံး က အံ့ဩတကြီး အော်မေးလိုက်သည်။
"ဒီနှစ်ရက်အတွင်း ကျွန်မကို စောင့်ရှောက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"
ဝေ့အန်း က တည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်။
"ဒါပေမဲ့ ကျွန်မ... ကျွန်မရဲ့ ချစ်သူကို သွားရှာချင်တယ်… ကမ္ဘာပျက်ကပ်ကြီး မတိုင်ခင်က သူလည်း အန်းလော့မြို့မှာ ရှိနေခဲ့တာ"
ဝေ့အန်း၏ စကားကြောင့် အားလုံး အံ့အားသင့်သွားကြသည်။ ထိုအထဲတွင် ကျိုးချွန်းလဲ့ မှာ လုံးဝ စိတ်ပျက်အားငယ်သွားသော ပုံစံ ပေါက်သွားသည်။
"နင့်မှာ ရည်းစား ရှိနေတာလား..."
"အင်း"
ဝေ့အန်း၏ မျက်ဝန်းထဲတွင် ဖုံးကွယ်၍မရနိုင်သော စိုးရိမ်ပူပန်မှုများ လှုပ်ခတ်နေသည်။ သူ အသက်ရှင်သေးရဲ့လား ဆိုတာကိုတောင် သူမ သေချာ မသိပေ။ အစကတော့ ချူဟန်နှင့် အတူတူ လိုက်သွားရန် စဉ်းစားခဲ့သော်လည်း ဝန်ထုပ်ဝန်ပိုး ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် နောက်ဆုံးတွင် တစ်ယောက်တည်း ခရီးထွက်ရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
"ငါလည်း အတူတူ လိုက်ခဲ့မယ်"
ရုတ်တရက် လီယီ က ရှေ့သို့ ထွက်လာသည်။ သူသည် ဝေ့အန်း၏ ကျောပိုးအိတ်ကို အတင်းအဓမ္မ လုယူကာ မိမိကျောပေါ်တွင် လွယ်လိုက်ပြီးနောက် အံ့ဩနေကြသော လုပ်ဖော်ကိုင်ဖက်များကို ကြည့်ကာ ပြတ်သားစွာ ပြောလိုက်သည်။
"နှစ်လပဲ… ချူဟန်နဲ့ အတူ ပြန်လာခဲ့မယ်…. အကယ်၍ ငါတို့ ပြန်မလာခဲ့ရင်တော့...မင်းတို့ ဆက်မစောင့်ကြနဲ့တော့"
"သွားစို့"
လီယီ သည် စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ဝေ့အန်းကို စဉ်းစားချိန်ပင် မပေးတော့ဘဲ ထွက်ခွာသွားတော့သည်။
"လမ်းခရီးမှာ စားဖို့သောက်ဖို့ နင် တာဝန်ယူ… တိုက်ခိုက်ရေးအပိုင်းကိုတော့ ငါ တာဝန်ယူမယ်"
ဝေးကွာသွားသော လူနှစ်ဦး၏ ကျောပြင်ကို ကြည့်ရင်း ကျိုးချွန်းလဲ့ ကြောင်အသွားသည်။ ထို့နောက် နောက်ဆုံးတွင်တော့ မကျေမနပ်ဖြင့် အော်ဟစ်လိုက်သည်။
"ချီးကောင် လီယီ… ငါ့ နေရာတွေကို ဝင်လုသွားပြီ"
"တော်စမ်းပါကွာ"
ကျန်ကွမ်းယွမ် က သူ့ကို မျက်စောင်းထိုးကြည့်လိုက်သည်။
"မင်းသာ လိုက်သွားရင် ဝေ့အန်းက မင်းကို ပြန်ကာကွယ်ပေးရလိမ့်မယ်"
"ဒါလည်း ဟုတ်တာပဲ"
တစ်ဖက်တွင် ဂျစ်ကားကို မောင်းနှင်နေသော ချူဟန်သည် ဝေ့အန်းနှင့် လီယီတို့၏ ဆုံးဖြတ်ချက်ကို လုံးဝ မသိရှိဘဲ အင်ဂျင်အရှိန်ကို အမြင့်ဆုံးတင်ကာ ရှေ့သို့သာ တဟုန်ထိုး မောင်းနှင်နေလေသည်။
အန်းလော်မြို့သို့ သွားရာ လမ်းခရီးမှာ လုံးဝ ဖြောင့်ဖြူးခြင်း မရှိပေ။ တောင်တက်တောင်ဆင်းလမ်းများက ကွေ့ကောက်နေပြီး ပတ်ဝန်းကျင်မှ ရက်စက်ကြမ်းကြုတ်သော တောရိုင်းတိရစ္ဆာန်များ ရံဖန်ရံခါ ခုန်ထွက်လာကာ လမ်းပိတ်ဆို့တတ်ကြသည်။
"ချူဟန်... အနီးအနားမှာ သီးခြားကမ္ဘာဆုံချက် တစ်ခုကို ငါ အာရုံခံမိတယ်"
ရုတ်တရက် ဝမ်ချိုက် ၏ အသံ ထွက်ပေါ်လာသည်။
“အကွာအဝေးက သိပ်မဝေးပေမဲ့ လမ်းက ကြမ်းတယ်… လမ်းလျှောက်သွားမှပဲ ရလိမ့်မယ်”
ချူဟန် သည် ဝမ်ချိုက် ညွှန်ပြသော နေရာကို တစ်ချက်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သွားသည်။
“အဆင့်(၂)ဝင်ပေါက် စမ်းသပ်မှုနေရာထဲမှာ ရှိနေတာ သေချာလို့လား”
"သေချာတာပေါ့"
ဝမ်ချိုက် က စိတ်ပျက်လက်ပျက် မျက်ဖြူလန်ပြလိုက်သည်။ "ဒီကိစ္စမျိုးကို ငါက မှားစရာလား"
“ဒါဆိုလည်း သွားကြည့်ကြတာပေါ့”
ချူဟန် ကားကို ရပ်လိုက်ပြီး သိုလှောင်ခန်းထဲသို့ သိမ်းဆည်းလိုက်သည်။ ထို့နောက် လမ်းဘေးမှနေ၍ ခြုံပုတ်များထဲသို့ တိုက်ရိုက် ဖြတ်ဝင်သွားတော့သည်။
ဝမ်ချိုက် ညွှန်ပြသော နေရာတွင် ရွာလေးတစ်ရွာ ရှိနေသည်။ အန်းလော်မြို့၏ ပတ်ဝန်းကျင်တွင် ကျယ်ပြန့်စွာ တည်ရှိနေသော ကျေးလက်ဒေသတစ်ခုပင် ဖြစ်သည်။
ကျေးလက်ဒေသများတွင် လူဦးရေ နည်းပါးသောကြောင့် ဇွန်ဘီအရေအတွက်မှာလည်း နှိုင်းယှဉ်ကြည့်လျှင် အတော်လေး နည်းပါးသည်။ ကမ္ဘာပျက်ကပ်ကြီး စတင်ဖြစ်ပွားပြီးပြီးချင်း မြို့ပြများမှ အလျင်အမြန် ထွက်ပြေးလွတ်မြောက်လာကြပြီး ဤကဲ့သို့ လူသူကင်းမဲ့သော ရွာလေးများနှင့် တောရိုင်းများတွင် ခိုလှုံကြသူ အများအပြား ရှိခဲ့သည်။
ပုံမှန်အားဖြင့် သူတို့သည် အစွမ်းထက်သော ဆင့်ကဲပြောင်းလဲသူများ၏ အကာအကွယ်ကို ရယူခြင်း သို့မဟုတ် အဖွဲ့အစည်းများ ဖွဲ့စည်းခြင်းတို့ဖြင့် လူမျိုးစုလေးများကဲ့သို့ သေးငယ်သော အခြေချစခန်းများကို တည်ဆောက်တတ်ကြသည်။ ထိုစခန်းများအတွင်းရှိ လူအများစုမှာ သာမန်အရပ်သားများ ဖြစ်ကြပြီး မိမိ၏ မိဘများမှာလည်း ထိုလူများအထဲတွင် ရှိနေနိုင်ချေ ရှိပေသည်။
မျှော်လင့်ချက် အနည်းငယ်လေး ရှိနေမည်ဆိုလျှင်တောင် ချူဟန် အနေဖြင့် လုံးဝ လက်လွှတ်ခံမည် မဟုတ်ပေ။ လမ်းမရှိသော မြက်ခင်းပြင်များကို ဖြတ်သန်းသွားရသည့် ခရီးစဉ်မှာ အလွန် ခက်ခဲကြမ်းတမ်းလှသည်။
လမ်းတစ်ဝက် ခြုံပုတ်များထဲမှ တိုက်ရိုက် ဖြတ်သန်းသွားရသော လမ်းခရီးမှာ သွားရန် အလွန်ခက်ခဲလှသည်။ မြေပြင်အနှံ့ ဆူးချုံများ ရှိနေပြီး ရူးသွပ်နေသော တိရစ္ဆာန် အမျိုးမျိုးလည်း ရှိနေသည်။ ယခုအချိန် ကမ္ဘာပျက်ကပ် ဖြစ်ပွားပြီး ၃ လအကြာတွင် ခြင်နှင့် ပိုးမွှားများပင်လျှင် ယခင်ကထက် အဆပေါင်းများစွာ ကြီးမားနေကြပြီး တစ်ပေါက် အကိုက်ခံရုံဖြင့် အလွန် ကြီးမားစွာ ရောင်ရမ်းသွားနိုင်သည်။
သို့သော် ဤမျှလောက် ကြမ်းတမ်းသော ခရီးကြမ်းဖြစ်နေစေကာမူ ချူဟန်သည် ပျံသန်းနေသည့်အလား အလွန်မြန်ဆန်သော အရှိန်ဖြင့် ပြေးလွှားသွားလေသည်။
ပုံမှန်အားဖြင့် အဆင့်(၂) ဆင့်ကဲပြောင်းလဲသူတစ်ဦးအတွက် နေ့တစ်ဝက်ခန့် အချိန်ယူရမည့် ခရီးအကွာအဝေးကို သူက အတင်းအဓမ္မ အားစိုက်ကာ နှစ်နာရီအတွင်း ရောက်ရှိအောင် အချိန်တိုချုံ့ပစ်လိုက်သည်။
နောက်ဆုံးတွင်တော့ သူသည် ယွီကျားရွာ ဟုခေါ်သော ရွာအဝင်ဝသို့ ရောက်ရှိသွားတော့သည်။
အပြင်ဘက် လမ်းများမှာ ရွှံ့ဗွက်များ ထူထပ်နေပြီး ရွှံ့များထဲတွင် အတားအဆီး အမျိုးမျိုးကို မြှုပ်နှံထားသည်။ ရှေ့ဘက်ရှိ လမ်းများကိုလည်း မြင့်မားစွာ တည်ဆောက်ထားသော ခြံစည်းရိုးများဖြင့် အထပ်ထပ် ပိတ်ဆို့ထားလေသည်။
ဒီနေရာတွင် လူအတော်များများ နေထိုင်နေကြကြောင်း အလွန် သိသာထင်ရှားလှသည်။ ချူဟန်သည် မြေပြင်တွင် ထောင်ထားသော ဓားသွားများကို သတိထား၍ ရှောင်ရှားရင်း တစ်လှမ်းချင်း အနီးသို့ ချဉ်းကပ်သွားချိန်မှာပင်...
ရုတ်တရက် ဝေးကွာသော နောက်ကျောဘက်ဆီမှ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။
"ချူဟန်လား"
ထိုအသံသည် ချူဟန်၏ နာမည်ကို ခေါ်လိုက်ခြင်းဖြစ်ပြီး အလွန်တရာ အံ့အားသင့်သွားသော လေသံများ ရောယှက်နေသည်။
"ချူဟန်... ဟုတ်တယ်မလား"
ချူဟန် အလျင်အမြန် လှည့်ကြည့်လိုက်ပြီး မျက်လုံးများ ပြူးကျယ်သွားတော့သည်။
နောက်ကျောဘက်မှ လျှောက်လာသူမှာ ခြေအောက်ရှိ အတားအဆီးများကို အလွန် ကျွမ်းကျင်စွာ ရှောင်ရှားလာနိုင်သော အမျိုးသားတစ်ဦး ဖြစ်သည်။ အလွန်အမင်း ပိန်ချုံးနေပြီး အသားအရေမှာလည်း မည်းညစ်နေသည်။ ကမ္ဘာပျက်ကပ်ကြီးထဲရှိ ကြမ်းတမ်းသော အလုပ်ကြမ်းများနှင့် ဆာလောင်မွတ်သိပ်မှုများကြောင့် ဖြစ်ပေလိမ့်မည်။
စုတ်ပြတ်သတ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် ဒုက္ခသည်တစ်ဦးကဲ့သို့သော ပုံစံကြောင့် သူသည် မည်သူဖြစ်ကြောင်းကို ချူဟန် ချက်ချင်း ခွဲခြားမသိနိုင်ခဲ့ပေ။
အမျိုးသား၏ ဘေးတွင် ပို၍ စုတ်ပြတ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားသူ နှစ်ဦးလည်း လိုက်ပါလာသည်။ တစ်ချက် ကြည့်လိုက်ရုံဖြင့် ယောက်ျား၊ မိန်းမ ခွဲခြားရန်ပင် ခက်ခဲလှသည်။ ထိုလူနှစ်ဦးမှာ ရှေ့မှ အမျိုးသားလောက် အတားအဆီးများကို ကျွမ်းကျင်ပုံမရဘဲ ခလုတ်တိုက်ကာ လျှောက်လာကြသည်။
"ချူဟန်... ငါ့ကို မမှတ်မိတော့ဘူးလား"
အမျိုးသားမှာ စိတ်လှုပ်ရှားစွာဖြင့် အနီးသို့ လျှောက်လာပြီး ချူဟန်ကို အပေါ်မှအောက်သို့ စူးစိုက်ကြည့်နေလေသည်။ ကြည့်လေလေ သူ၏ မျက်ဝန်းထဲတွင် ဝမ်းသာပျော်ရွှင်မှု အရိပ်အယောင်များ ပိုမို နက်ရှိုင်းလာလေလေ ဖြစ်သည်။
"ငါက မင်းရဲ့ အိမ်နီးချင်း ကျိုးချူလေ… မင်း ငယ်ငယ်တုန်းက ငါ မင်းကို တိရစ္ဆာန်ရုံတောင် ခေါ်သွားဖူးသေးတယ်… မင်း ကျောင်းပြေးလို့ မင်းရဲ့ မိဘတွေ မင်းကို ရိုက်တဲ့အခါတိုင်း ငါ့အိမ်ကို ပြေးပုန်းခဲ့တာလေ…မှတ်မိသေးလား"
"အာ..."
ချူဟန် အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ သူ၏ မျက်ဝန်းထဲတွင် ဖော်ပြ၍မရနိုင်သော စိတ်လှုပ်ရှားမှုများ လင်းလက်သွားသည်။
"ဦးလေးကျိုး... ခင်ဗျား ဖြစ်နေတာကိုး"
"အေးလေကွာ"
ကျိုးချူ သည် လက်ကို ပွတ်သပ်လိုက်ပြီး ချူဟန်၏ သန့်ရှင်းသပ်ရပ်သော အဝတ်အစားများကို ကြည့်ရင်း မျက်လုံးများ အရောင်လက်သွားသည်။
"ချူဟန်... မင်းက... ဆင့်ကဲပြောင်းလဲသူ ဖြစ်နေပြီလား"
"ဟုတ်တယ်ဗျ"
ချူဟန်က အမြဲတမ်း စကားအများကြီး မပြောတတ်ဘဲ အဓိကအကြောင်းအရာကိုသာ တိုက်ရိုက် ပြောလိုက်သည်။
"ဦးလေးကျိုး... ကျွန်တော့် မိဘတွေရော ဘယ်လိုနေလဲ"
ကျိုးချူက အလျင်အမြန် ချူဟန်ကို ရှေ့သို့ လမ်းပြခေါ်ဆောင်သွားတော့သည်။
"ဒီဘက် လိုက်ခဲ့"
ရင်ခုန်သံများ ပြင်းထန်စွာ မြန်ဆန်လာသည်။ ချူဟန်မှာ စိတ်လှုပ်ရှားလွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်လုမတတ် ဖြစ်သွားသည်။
ဆယ်နှစ်...
သူ မိဘနှစ်ပါးနှင့် မျက်နှာချင်း မဆုံခဲ့ရသည်မှာ ဆယ်နှစ်တိုင်တိုင် ရှိခဲ့ပြီ ဖြစ်သည်။
ယခု ကျိုးချူ က အားလုံး ဤနေရာတွင် နေထိုင်ကြသည်ဟု ပြောခဲ့သည်။ မိဘများ အသက်ရှင်နေဆဲ ဖြစ်သည်။
"ခဏလေး စောင့်ပါဦး… မလိုက်နိုင်တော့ဘူး"
ရုတ်တရက် အနောက်မှ လိုက်လာသော လူနှစ်ဦးက အော်ပြောလိုက်သည်။ သူတို့၏ လေသံမှာ အလွန် ရင်းနှီးဖော်ရွေဟန် မရှိလှပေ။
"ငါတို့က ဒီနေရာကို ပထမဆုံးအကြိမ် ရောက်ဖူးတာလေ… လမ်းကလည်း ကြမ်းတာကို... ဘာလို့ အဲဒီလောက် အလောတကြီး လုပ်နေရတာလဲ"
"အာ... ဆောရီး... ဆောရီး"
ကျိုးချူ အလျင်အမြန် လမ်းလျှောက်နှုန်းကို လျှော့ချလိုက်သည်။
"အိမ်နီးချင်း ကလေးနဲ့ တွေ့လိုက်ရလို့ နည်းနည်း စိတ်လှုပ်ရှားသွားတာပါ"
"ဦးလေးကျိုး... ကျွန်တော် အရင် သွားနှင့်မယ်နော်"
ချူဟန် အနေဖြင့် ကျောဘက်ရှိ နှေးကွေးသော လူနှစ်ဦးကို စောင့်ဆိုင်းရန် အချိန်မရှိပေ။ တွေဝေမနေဘဲ ရှေ့သို့ အမြန် လျှောက်သွားလိုက်သည်။
"ဟေး... နေပါဦးကွ"
ကျိုးချူ က နောက်မှ ကျယ်လောင်စွာ အော်ဟစ်လိုက်သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ချူဟန်သည် ဆယ်မီတာကျော် အကွာသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ၏ အရှိန်မှာ လျော့ကျသွားမည့် အရိပ်အယောင် လုံးဝ မရှိပေ။ ရွာအဝင်ဝမှာ အရင်က တောတောင်ထဲတွင် ချူဟန် မြင်တွေ့ခဲ့ရသော အသေးစား အခြေချစခန်းတစ်ခုနှင့် အလွန် ဆင်တူနေသည်။
တုတ်ခိုင်သော သစ်လုံးကြီးများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် ခြံစည်းရိုးမှာ အလွန် မြင့်မားပြီး ထူထဲလှသည်။ ဒီနေရာတွင် လူဦးရေ အတော်များများ ရှိနေပုံရသည်။ ဤမျှလောက် ကြီးမားသော ခံစစ်နံရံကြီးကို လူဆယ်ဂဏန်းလောက်ဖြင့် တည်ဆောက်နိုင်မည် မဟုတ်ပေ။
အလွန်လျင်မြန်သော အရှိန်ဖြင့် သစ်လုံးတံခါးကြီးရှေ့သို့ ရောက်ရှိသွားသော ချူဟန်သည် အပြင်ဘက် ပတ်ဝန်းကျင်၌ ရပ်တန့်လိုက်ပြီး အသက်ပြင်းပြင်း တစ်ချက်ရှူကာ လှိုင်းထနေသော စိတ်ခံစားမှုများကို ငြိမ်သက်သွားစေလိုက်သည်။
ပုံမှန်အားဖြင့် ဤကဲ့သို့သော အခြေချစခန်းများတွင် သီးသန့် စည်းမျဉ်းစည်းကမ်းများ ရှိတတ်သည်။ ကျိုးချူ ခေါ်လာခဲ့သော လူနှစ်ဦးလိုမျိုး ကျိုးချူ ကဲ့သို့ မိတ်ဆက်ပေးမည့်သူ မရှိပါက သူစိမ်းများကို အလွယ်တကူ အထဲသို့ ဝင်ခွင့်မပြုတတ်ကြပေ။
မည်သို့ပင်ဆိုစေ ကမ္ဘာပျက်ကပ်ထဲတွင် လူအများစုမှာ အစားအသောက် ဝဝလင်လင် မစားရကြပေ။