အခန်း ၂၃၉
Vol. 24 Ch. 239
အခန်း (၂၃၉) အကျဉ်းချထားခြင်း
"ဘယ်သူလဲ"
တကယ်ပဲ ချူဟန်က ဤမြင့်မားသော ခြံစည်းရိုးအပြင်ဘက်သို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် အထဲမှ လူတစ်ယောက်က သူ့ဆီသို့ အော်ပြောလိုက်ပြီး အသံထဲတွင် သိသာထင်ရှားသော သတိထားမှုများ ပါဝင်နေသည်။
"ခေါ်လာပေးတဲ့သူ ရှိလား"
"ရှိပါတယ်… ကျွန်တော့်နာမည်က ချူဟန်ပါ"
ချူဟန်က ကျယ်လောင်စွာ ပြန်ဖြေလိုက်သည်။
"ကျွန်တော့်ရဲ့ မိဘတွေက အထဲမှာ ရှိနေပါတယ်"
"ငါက မင်းကို ခေါ်လာပေးတဲ့သူ ရှိလားလို့ မေးတာ၊ မင်းမှာ ဆွေမျိုးရှိလားလို့ မေးတာမဟုတ်ဘူး…ဒီနေရာက ဒုက္ခသည်စခန်း မဟုတ်ဘူးကွ"
အထဲမှလူက အလွန် ရိုင်းစိုင်းလှသည်။
"ကျိုးချူ ညွှန်ပေးလိုက်တာပါ… သူ အနောက်ကနေ ချက်ချင်း လိုက်လာပါလိမ့်မယ်"
ချူဟန်က သူ၏ ရင်ထဲမှ ပြင်းထန်သော စိတ်လှုပ်ရှားမှုကို မျိုသိပ်ရင်း ပြန်ဖြေလိုက်သည်။
"ကျိုးချူ ဟုတ်လား"
အထဲမှ အခြားလူတစ်ယောက်၏ အသံ ထွက်ပေါ်လာပြီး မကြာမီမှာပင် ထပ်ပြောလိုက်သည်။
"ခေါင်းဆောင်က သူ့ကို အသက်ရှင်ကျန်ရစ်သူတွေ သွားရှာခိုင်းထားတာတော့ ဟုတ်တယ်…. ဒီလူ ဖြစ်လောက်တယ်၊ သူ့ကို အထဲပေးဝင်လိုက်"
ဂျီ...
မြင့်မားသော သစ်လုံး ခြံစည်းရိုးကြီးက ဖြည်းညင်းစွာ ပွင့်သွားပြီး ချူဟန်က အထဲမှ မြင်ကွင်းကို ချက်ချင်း မြင်လိုက်ရသည်။ ဤနေရာက ရွာ၏ အိမ်များနှင့် သစ်လုံးများကို ပေါင်းစပ်ထားသော အခြေစိုက်စခန်းတစ်ခုဟု ဆိုနိုင်သည်။ အိမ်များ၊ လယ်ကွင်းများ ရှိပြီး အိမ်တစ်လုံးနှင့် တစ်လုံးကြားတွင် အပြင်ဘက်မှ အန္တရာယ်များကို ကာကွယ်ရန် ခြံစည်းရိုးများ ကာရံထားသည်။ သို့သော် အမိုးများပေါ်တွင်တော့ ကာကွယ်မှုများ မရှိပေ။ ဤသို့ လုပ်ထားရခြင်းတွင် အကြောင်းရင်း နှစ်ခုသာ ရှိနိုင်သည်။ တစ်ခုမှာ ဤနေရာရှိ အန္တရာယ်က အထဲမှ လူများကို ပိုမိုသော ကာကွယ်ရေး အစီအမံများ လုပ်ဆောင်ရန် လုံလောက်မှု မရှိခြင်းဖြစ်ပြီး နောက်တစ်ခုမှာ ဤနေရာတွင် အလွန် စွမ်းအားကြီးမားသော လူတစ်ယောက်က ထိန်းချုပ်ထားပြီး အန္တရာယ်ကြုံလာလျှင် ချက်ချင်း ဖြေရှင်းနိုင်စွမ်း ရှိခြင်းကြောင့် ဖြစ်သည်။
"နာမည် ဘယ်လိုခေါ်လဲ၊ စာရင်းသွင်းလိုက်ဦး"
ကျိုးချူထက် အဝတ်အစား ပိုသန့်ရှင်းသော လူရွယ်တစ်ယောက် အထဲမှ ထွက်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှာ တောင့်တင်းခိုင်မာပြီး တိုက်ခိုက်ရေးစွမ်းရည် မနည်းလှကြောင်း သိသာနေသည်။ သူက ချူဟန်ကို အထက်အောက် တစ်ချက်ကြည့်လိုက်ပြီး ချူဟန်၏ သန့်ရှင်းသပ်ရပ်သော အဝတ်အစားများကို အနည်းငယ် အံ့အားသင့်သွားပြီးနောက် ချူဟန်ဆီသို့ စာအုပ်တစ်အုပ် ကမ်းပေးလိုက်သည်။
"ကမ္ဘာကြီး ပျက်စီးသွားလို့ ကိုယ့်နာမည်ကိုယ် ဘယ်လိုရေးရမလဲဆိုတာတောင် မေ့သွားတာတော့ မဟုတ်ပါဘူးနော်…ရေးလိုက်"
ဤသို့သော သိသာထင်ရှားသည့် လှောင်ပြောင်မှုများ ပါဝင်သော စကားလုံးများကို ချူဟန်က လုံးဝ ဂရုမစိုက်ဘဲ သူ၏ နာမည်ကို တိုက်ရိုက် ရေးချလိုက်ကာ စီစဉ်ပေးမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။ အမှန်တော့ သူက အထဲသို့ တိုက်ရိုက် ပြေးဝင်သွားပြီး တစ်အိမ်တက်ဆင်း မိဘများကို ရှာဖွေချင်နေသော်လည်း ဤနေရာက အတိုင်းအတာတစ်ခုအထိ ကြီးမားသော အသက်ရှင်ကျန်ရစ်သူများ အခြေစိုက်စခန်းတစ်ခု ဖြစ်သည်။ အကယ်၍ သူသာ တိုက်ရိုက် ဝင်ရောက်မွှေနှောက်လိုက်ပါက ဤနေရာကို ဖရိုဖရဲ ဖြစ်သွားစေမည်ဖြစ်ပြီး ဤလူများ ပြောသော ခေါင်းဆောင်ဆိုသူက သူ့ကို တိုက်ရိုက် လာရောက်ရန်ရှာလိမ့်မည်ဟု ခန့်မှန်းရသည်။
"ချူဟန် ဟုတ်လား"
စာအုပ်ကို ကြည့်လိုက်သော လူငယ်မှာ တစ်ခဏမျှ အံ့အားသင့်သွားသော်လည်း ချက်ချင်းပင် ဗိုက်နှိပ်ကာ အော်ဟစ်ရယ်မောတော့သည်။
"ကျစ်... ဒီလူက ချူဟန်တဲ့ကွ… ကျန်းဝမ်ချန်း... မင်း မြန်မြန် လာကြည့်စမ်း"
ကျန်းဝမ်ချန်းဟု အမည်ရသော ကင်းစောင့်နေသည့် လူကလည်း ထွက်လာခဲ့ပြီး ယခင်က တောင့်တင်းသော လူထက် အများကြီး ပိုဝနေသည်။ သူက စာအုပ်ကို အလျင်အမြန် လှမ်းကြည့်လိုက်ပြီးနောက် အစောပိုင်းက တောင့်တင်းသော လူငယ်လိုပင် ဟားတိုက်ရယ်မောလာတော့ရာ ရယ်လွန်းသဖြင့် မျက်ရည်များပင် ထွက်ကျလာလုနီးပါး ဖြစ်နေသည်။
"လန့်သွားတာပဲကွာ... တိုက်ခိုက်ရေးအဆင့်သတ်မှတ်ချက် ထဲက ချူဟန်များလားလို့… ဖူကျားလျန်... မင်းက အပိုတွေ လုပ်လွန်းတယ်"
"ငါလည်း အစက လန့်သွားတာပဲ… နာမည်တူနေလိမ့်မယ်လို့ ဘယ်ထင်မှာလဲ"
ဖူကျားလျန် ဟု အမည်ရသော လူငယ်သည် တိတ်ဆိတ်နေသော ချူဟန်ကို လှောင်ပြောင်သည့်အလား ငုံ့ကြည့်လိုက်သည်။
"ဟေ့ ညီလေး... တမင်သက်သက်များ ဒီနာမည် ပေးထားတာတော့ မဟုတ်ပါဘူးနော်"
"ထားလိုက်ပါတော့ကွာ…. လူသစ်လေး ရောက်ခါစဆိုတော့ သိပ်လည်း အနိုင်မကျင့်ပါနဲ့… လောလောဆယ် သူ့အတွက် နေရာချထားပေးလိုက်ဦး"
ကျန်းဝမ်ချန်းက ပြုံးပြီး တားဆီးလိုက်ကာ ချူဟန်ကို အဓိပ္ပာယ် မပေါ်လွင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
"သူ ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ"
"ထားလိုက်ပါ ကောင်းပြီလေ"
ဖူကျားလျန်က ချူဟန်ကို
အေးစက်စွာ လှောင်ပြောင်ကြည့်လိုက်ပြီးနောက် မာနထောင်လွှားစွာဖြင့် လှည့်ထွက်သွားတော့သည်။
"ငါ့နောက် လိုက်ခဲ့"
ချူဟန်က ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး အသံမထွက်ဘဲ လိုက်သွားခဲ့သည်။
ဝမ်ချိုက်ကတော့ ဒေါသထွက်လွန်းသဖြင့် ချူဟန်၏ အိတ်ကပ်ထဲမှနေ၍ စိတ်ဖြင့် ချူဟန်ကို အဆက်မပြတ် ပြောနေတော့သည်။
"ချီးပဲ... နင်အဲဒီကောင်တွေကို ဆွဲထိုးလိုက်စမ်းပါ… ဆွဲထိုးလိုက်ပါဆို"
'ဆက်ဆံရေးကတော့ တော်တော်ဆိုးတာပဲ… ဒါပေမဲ့ သူတို့က ငါ့မိဘတွေအပေါ် ကျေးဇူးရှိခဲ့တာမျိုးလည်း ဖြစ်နိုင်တယ်…ဒါပေမဲ့ ငါ့မိဘတွေအပေါ် ဆက်ဆံတာ မကောင်းခဲ့ဘူးဆိုရင်တော့ တစ်မျိုးပေါ့'
ချူဟန်က စိတ်ချင်းဆက်သွယ်၍ တိုတောင်းစွာ ပြောလိုက်သောအခါ ဝမ်ချိုက် လည်း ချက်ချင်း နှုတ်ဆိတ်သွားတော့သည်။
ချူဟန်အတွက် မိဘများက မည်မျှ အရေးကြီးကြောင်းကို ဝမ်ချိုက် အသိဆုံး ဖြစ်သည်။ ထိုအချိန်က ချူဟန်က ဝမ်ချိုက်ကို ဦးလေး၊ အဒေါ်ဟု မခေါ်ရဘဲ သခင်ကြီး၊ သခင်မဟု ခေါ်ရန် အတင်းအကျပ် ခိုင်းစေခဲ့ချိန်ကတည်းက ဝမ်ချိုက်မှာ ချူဟန်ကို လုံးဝ စကားမပြောချင်တော့အောင် ဖြစ်ခဲ့ရသည်။ ဒီလောက်ထိတောင် အစွန်းရောက်ဖို့ လိုလို့လား။
ဖူကျားလျန်နှင့်အတူ လိုက်သွားရင်း ချူဟန်က ဤအခြေစိုက်စခန်းငယ်ကို အကြမ်းဖျင်း အကဲခတ်ကြည့်လိုက်ရာ သူ ထင်ထားသလိုပင် ဖြစ်နေသည်။ နေထိုင်သူ အရေအတွက်မှာ လူ တစ်ထောင်မပြည့်လောက်ပေ။ သူတို့က မူလကတည်းက ရှိနေသော အိမ်များတွင် ပြန့်ကျဲနေထိုင်ကြပြီး အနီးအနားတွင် အာလူးကဲ့သို့သော စိုက်ပျိုးရေးသီးနှံများကို စိုက်ပျိုးထားသည့် ကြီးမားသော လယ်ကွင်းတစ်ခု ရှိသည်။ အာလူးများမှာ အလွန် ကြီးမားကြသည်။ အာလူးသည် ကမ္ဘာပျက်ကပ်အတွင်း လူသားများ၏ အဓိက အစားအစာ ဖြစ်သည်။ မျိုးဗီဇ ပြောင်းလဲသွားပြီးနောက်တွင် ၎င်းတို့က လျင်မြန်စွာ ရင့်မှည့်ကြပြီး အရွယ်အစားလည်း ကြီးမားကြသည်။ တစ်မျိုးတည်းသာ ဖြစ်သော်လည်း ဗိုက်ဝစေနိုင်သည်။ ဤအခြေစိုက်စခန်းငယ်လေးတွင် ဤမြေကွက်လေး တစ်ကွက်တည်းသာ ရှိသော်လည်း ၎င်းက လူတစ်ထောင်တိတိ၏ အဓိက အစားအစာ အရင်းအမြစ် ဖြစ်နေသည်။
ဒါက သာမန် အသက်ရှင်ကျန်ရစ်သူတွေအတွက်သာ ဖြစ်သည်။ ဆင့်ကဲပြောင်းလဲသူများ သို့မဟုတ် အခြေစိုက်စခန်းမှ အရာရှိကြီးများ စားသုံးသော အစားအစာများမှာ သေချာပေါက် ဤအရာများ မဟုတ်နိုင်ပေ။
ဖူကျားလျန်က တစ်လမ်းလုံး လျှောက်သွားရာ ခြေလှမ်းများမှာ အလွန် မြန်ဆန်ပြီး လူသစ်ကို ဂရုစိုက်မည့် အရိပ်အယောင် လုံးဝ မရှိပေ။ သူက ချူဟန်ကို အနက်ရှိုင်းဆုံး နေရာရှိ အိမ်တစ်လုံးဆီသို့ တိုက်ရိုက် ခေါ်သွားခဲ့သည်။ သူက အေးစက်သော အပြုံးဖြင့် လှည့်ကြည့်လိုက်ပြီး ချူဟန် မောကြီးပန်းကြီး ဖြစ်ကာ နောက်ကနေ လိုက်လာသည်ကို စောင့်ကြည့်ပြီးနောက် လှောင်ပြောင်ရန် ရည်ရွယ်ထားသော်လည်း လှည့်လိုက်သည်နှင့် တစ်ပြိုင်နက် သူ အံ့အားသင့်သွားတော့သည်။
ချူဟန်က သူ၏ အနောက်တွင် ရပ်နေပြီး အနည်းငယ်မျှ မောဟိုက်နေခြင်း သို့မဟုတ် ခြေလှမ်းများကို မမီခြင်းမျိုး မရှိပေ။ စတင်ထွက်ခွာစဉ်ကတည်းက ထားရှိခဲ့သော နှစ်မီတာ မပြည့်တပြည့် ယဉ်ကျေးသော အကွာအဝေးကို ထိန်းသိမ်းထားပြီး တစ်စင်တီမီတာမျှပင် မကွာခြားပေ။ ထို့အပြင် အစမှအဆုံးတိုင်အောင် ချူဟန်၏ ခြေသံကို သူ လုံးဝ မကြားခဲ့ရပေ။
သရဲတစ္ဆေ များလား။
ဖူကျားလျန်၏ မျက်နှာတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီး သူ၏ အနောက်တွင် တိတ်ဆိတ်စွာ ရပ်နေသော ချူဟန်ကို မယုံကြည်နိုင်စွာ ကြည့်နေတော့သည်။
"ကျွန်တော် ဒီမှာ နေရမှာလား"
ဖူကျားလျန် စကားမပြောသည်ကို မြင်သောအခါ ချူဟန်က သူ့ကို သတိပေးလိုက်သည်။
"အာ... အေး... ဟုတ်တယ်"
ဖူကျားလျန်၏ ကြောင်အနေသော ပုံစံမှာ အနည်းငယ် ရယ်စရာကောင်းသော်လည်း မကြာမီမှာပင် သူက ရှက်ရမ်းရမ်းကာ ချူဟန်ကို ဒေါသတကြီး မျက်စောင်းထိုးကြည့်လိုက်ပြီး တံခါးကို ခေါက်လိုက်သည်။
ဂျီ...
သစ်သားတံခါး အနည်းငယ် ပွင့်သွားပြီး မျက်နှာဖြူဖပ်ဖြူရော်နှင့် အလွန် ပိန်ချုံးနေသော လူလတ်ပိုင်း အမျိုးသားတစ်ဦး ထွက်လာသည်။ သူက အေးစက်စက် အကြည့်များဖြင့် ချူဟန်တို့ကို ကြည့်လိုက်သည်။
ချူဟန်ကို ခေါ်လာသော လူ၏ မျက်ဝန်းများတွင် မည်သည့် အံ့အားသင့်မှုနှင့် အပို စိတ်ခံစားမှုမှ မရှိဘဲ ချူဟန်ကိုသာ လက်ညှိုးထိုးပြကာ အေးစက်သော အသံဖြင့် ပြောလိုက်သည်။
"ကျိုးချူ ခေါ်လာတာ"
ထို ဖြူဖျော့ဖျော့ လူက ချူဟန်ကို တစ်ချက်ကြည့်လိုက်ပြီး အထက်အောက် အားနာဟန်မရှိဘဲ အကဲခတ်ကြည့်ရှုပြီးနောက် တံခါးကို ဖွင့်လိုက်သည်။
"ဝင်ခဲ့"
"ငြိမ်ငြိမ်နေနော်… ဘယ်မ လျှောက်မသွားနဲ့"
ဖူကျားလျန်က ချူဟန်ကို သတိပေးလိုက်ပြီး လှည့်ထွက်သွားတော့သည်။
ချူဟန်က မျက်မှောင်ကြုတ်လိုက်သည်။ အိမ်ထဲတွင် မှိုနံ့တစ်မျိုးက အလွန် နံစော်နေသည်။ အခြေအနေ အတိအကျကို မသိရသော်လည်း သူက ဤနေရာကို သိပ်မနှစ်သက်လှပေ။
"ဝင်လေ"
ထို ဖြူဖျော့ဖျော့ လူလတ်ပိုင်းက အေးစက်စွာ အော်လိုက်သည်။
"မြန်မြန်လုပ်"
ချူဟန် ခေါင်းညိတ်လိုက်ပြီး အထဲသို့ ဝင်သွားသည်။ အိမ်ထဲတွင် အလွန် မှောင်မိုက်နေပြီး ပစ္စည်းများကို မဝေမခွဲနိုင်အောင်သာ မြင်ရသည်။ အလွန် ရိုးရှင်းသော နေရာတစ်ခု ဖြစ်ပြီး ပစ္စည်းများ အလွန် နည်းပါးသော်လည်း အနံ့အသက်ကတော့ အလွန် ဆိုးရွားလှသည်။ ဤနေရာတွင် နေထိုင်သူများက နှစ်ပေါင်းများစွာ လေဝင်လေထွက် မရှိခဲ့သည့်အလားပင်။
"မင်းက အစွန်ဆုံး အခန်းမှာနေ"
ဖြူဖျော့ဖျော့ လူက ဂိုဒေါင်ဟုသာ ခေါ်ဆိုနိုင်သော ထောင့်တစ်နေရာရှိ အခန်းငယ်လေးကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
ချူဟန်က ခေါင်းညိတ်ပြပြီး ဝင်သွားလိုက်သည်။ ဤအခန်းငယ်လေးမှာ ၅ စတုရန်းမီတာပင် မပြည့်ပေ။ ကုတင်မရှိ၊ မည်သည့် ပစ္စည်းမှ မရှိဘဲ အခန်းတစ်ခန်းသက်သက်သာ ဖြစ်ပြီး ပြတင်းပေါက်လည်း မရှိပေ။
ဂျလောက်…
ချူဟန် အထဲရောက်သည်နှင့် တစ်ပြိုင်နက် အပြင်ဘက်မှ ထို ဖြူဖျော့ဖျော့ လူက ရုတ်တရက် တံခါးကို ပိတ်လိုက်ပြီးနောက် ချောက်ခနဲ သော့ခတ်လိုက်တော့သည်။
'ဒါ... ဘာသဘောလဲ'
ဝမ်ချိုက် အံ့အားသင့်သွားသည်။
"ဟာ"
ချူဟန်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းရောင် တစ်ချက် ဖြတ်ပြေးသွားပြီး သူ၏ ရင်ထဲတွင် ရက်စက်ကြမ်းကြုတ်မှုတစ်ခု ဖြစ်ပေါ်လာသည်။
'ဟေ့... တစ်ခုခု ပြောဦးလေ။ မကောင်းတဲ့ နိမိတ်တစ်ခု ခံစားနေရတယ်'
ဝမ်ချိုက်က ချူဟန်၏ အိတ်ကပ်ထဲမှနေ၍ ခေါင်းပြူထွက်လာသည်။
ချူဟန်က ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး မျက်လုံးများကို မှိတ်ထားလိုက်သည်။
"အခုတော့ နားမယ်… ညကျရင် တိုက်ပွဲကြီး တိုက်ရလိမ့်မယ်"