← Chapters

အခန်း ၂၄၀

Vol. 24 Ch. 240

အခန်း ၂၄၀

Vol. 24 Ch. 240

အခန်း (၂၄၀) ကြောက်မက်ဖွယ် မြင်ကွင်း

ထိုအချိန်တွင် ကျိုးချူ သည် စောစောက လူနှစ်ဦးကို ခေါ်ဆောင်ကာ စခန်း၏ အဝင်ဝသို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့လေပြီ။

မောဟိုက်နေသော လူသုံးဦး၏ ခြေထောက်များမှာ ယခုချက်ချင်းပင် ကြွက်တက်တော့မည့်အလား တုန်ယင်နေသည်။ လမ်းတစ်လျှောက်တွင် မရေမတွက်နိုင်သော ထောင်ချောက်များနှင့် ဓားသွားများ တပ်ဆင်ထားသဖြင့် ခြေတစ်လှမ်း မှားလိုက်သည်နှင့် ကြီးမားသော ဒဏ်ရာရရှိရန် သေချာနေသော ခက်ခဲကြမ်းတမ်းလှသည့် လမ်းခရီးပင် ဖြစ်သည်။

"ပြန်ရောက်ပြီလား"

ချူဟန်ကို ခေါ်ဆောင်သွားသော ဖူကျားလျန် မှာ ပြန်မရောက်သေးပေ။ ကျိုးချူ ကို လှမ်းနှုတ်ဆက်လိုက်သူမှာ စောစောက ချူဟန်ကို လှောင်ပြောင်ခဲ့သော နောက်ထပ် အမျိုးသားတစ်ဦးဖြစ်သည့် ကျန်းဝမ်ချန်း ပင် ဖြစ်သည်။

သူသည် ကျိုးချူ ၏ နောက်ကျောဘက်ရှိ လူနှစ်ဦးကို ကြည့်ကာ မျက်မှောင်ကြုတ်သွားပြီး သိသာထင်ရှားသော မကျေနပ်မှုနှင့် ရွံရှာမှုတို့ ရောယှက်နေသော လေသံဖြင့် မေးလိုက်သည်။

"ဘာဖြစ်လို့ ဒုက္ခသည် နှစ်ယောက်ကို ခေါ်လာရတာလဲ"

စခန်းထဲတွင် ဒုက္ခသည်များ ပြည့်လျှံနေပြီ ဖြစ်သည်။ လုံးဝ အသုံးမကျသော ဝန်ထုပ်ဝန်ပိုးများကို ဒီထက်ပို၍ တိုးလာစေပါက အားလုံးကို ကျွေးမွေးနိုင်ရန် ရိက္ခာများ ရှိနေမည် မဟုတ်ပေ။

ကျန်းဝမ်ချန်း ၏ လေသံကြောင့် ကျိုးချူ၏ ရင်ထဲတွင် စိုးရိမ်ပူပန်လာခဲ့သည်။ မျက်စိရှေ့ရှိ အမျိုးသားမှာ ဆင့်ကဲပြောင်းလဲသူ တစ်ဦး ဖြစ်ပြီး မိမိကဲ့သို့သော သာမန်အရပ်သားတစ်ဦးအနေဖြင့် အာခံနိုင်သော အဆင့်အတန်းမျိုး မဟုတ်ချေ။ ကျိုးချူ အလျင်အမြန် ဖားယားယား ပြုံးပြလိုက်ရာ ဝါကြန့်ကြန့် သွားများ ပေါ်လာသည်။

"အဟဲဟဲ... တကယ်တော့ နောက်ပိုင်းမှာ အသက်ရှင်ကျန်ရစ်သူတွေကို ရှာတွေ့ဖို့ဆိုတာ တော်တော်လေး ခက်ခဲလာလို့ပါ… လူနှစ်ယောက် ရှာတွေ့တာပဲ ကံကောင်းနေပါပြီ….အဲဒီလိုမှ မဟုတ်ရင် ကျွန်တော်က ဇွန်ဘီတွေကို ခေါ်လာရမှာလား"

"ထားပါတော့"

ကျန်းဝမ်ချန်းက စိတ်ရှုပ်စွာဖြင့် လက်ယမ်းလိုက်ပြီး ကျိုးချူနှင့် ဆက်လက်စကားပြောရန် ပျင်းရိနေကာ အပြင်းအထန် နှင်ထုတ်ချင်သည့် လေသံဖြင့် ပြောလိုက်သည်။

"အဲဒီကောင်တွေကို မင်းဘာသာမင်း အဆင်ပြေသလို နေရာချထားပေးလိုက်…တစ်နေရာရာမှာ အလုပ်လုပ်ခိုင်း… အလကားတော့ မကျွေးနိုင်ဘူး"

"ဟုတ်ကဲ့ပါ... နားလည်ပါပြီ"

ကျိုးချူ သည် အဆက်မပြတ် ခေါင်းညိတ်ပြလိုက်သော်လည်း ရုတ်တရက် စိုးရိမ်တကြီးနှင့် သတိထားကာ မေးလိုက်သည်။

"ခင်ဗျားတို့ ဒီဘက်ကို လူငယ်တစ်ယောက် လာတာ တွေ့မိသေးလား"

ထိုကိစ္စကို ပြန်တွေးမိလိုက်တိုင်း ကျိုးချူ ၏ ရင်ထဲတွင် ဒေါသများ ပေါက်ကွဲလာသည်။ ချူဟန် သည် မိမိကို ထားရစ်ခဲ့ကာ တစ်ယောက်တည်း ထွက်သွားခဲ့ခြင်း ဖြစ်သည်။ လမ်းတစ်လျှောက်လုံး အရိပ်အယောင်မျှပင် မတွေ့ရသဖြင့် ဘေးကင်းစွာ ရောက်ရှိသွားသလား သို့မဟုတ် လမ်းတစ်ဝက်တွင် ထောင်ချောက်မိပြီး သေဆုံးသွားပြီလား ဆိုသည်ကိုပင် မသိရပေ။

"ချူဟန် ဆိုတဲ့ ကောင်လား"

မထင်မှတ်ထားစွာပင် ကျန်းဝမ်ချန်း ၏ ပါးစပ်မှ ချူဟန် ၏ နာမည်က အလွယ်တကူ ထွက်ပေါ်လာသည်။ ကျိုးချူ မျက်လုံးများ အရောင်လက်သွားပြီး ဆက်တိုက် ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ပါတယ်… ဟုတ်ပါတယ်...ကျွန်တော့်ရဲ့ အရင်က အိမ်နီးချင်းရဲ့…."

"အဲဒီလူက မဆိုးပါဘူး… ဒီဘက်မှာ သီးသန့် နေရာချထားပေးလိုက်ပြီ"

ကျန်းဝမ်ချန်း က အထက်စီးဆန်သော လေသံဖြင့် ကျိုးချူ ၏ စကားကို ဖြတ်ပြောလိုက်ပြီး ကျေးဇူးပြုနေသည့်အလား ဆက်ပြောလိုက်သည်။

"ခင်ဗျားကို ကောင်းကောင်း ဆုချဖို့ ခေါင်းဆောင်ကို ကျွန်တော် ပြောပေးမယ်… နောက်ဆုံးတော့ ဒုက္ခသည်မဟုတ်တဲ့ အသုံးဝင်မယ့်သူ တစ်ယောက်ကို ခေါ်လာနိုင်ခဲ့ပြီလေ"

"ဗျာ"

ချူဟန် အား နေရာချထားပေးလိုက်ပြီဖြစ်ကြောင်း ကြားလိုက်ရသဖြင့် ကျိုးချူ အလျင်အမြန် ပြောလိုက်သည်။

"ဟိုလေ... ကျွန်တော့်ကို သူနဲ့ ပေးတွေ့လို့ ရမလား"

"မရဘူး"

ကျန်းဝမ်ချန်း က ချက်ချင်းပင် ငြင်းဆန်လိုက်သည်။ သူ၏ မျက်ဝန်းထဲတွင် အေးစက်စက် အလင်းရောင်များ ကိန်းအောင်းသွားပြီး တိုးညင်းသော လေသံဖြင့် ခြိမ်းခြောက်လိုက်သည်။

"ခေါင်းဆောင် ရဲ့ ဆုံးဖြတ်ချက်ကို ဝင်စွက်ဖက်ချင်နေတာလား"

"မ... မဟုတ်ရပါဘူးဗျာ… လုံးဝ မဟုတ်ပါဘူး"

ကျိုးချူ အလျင်အမြန် ပါးစပ်ပိတ်သွားသော်လည်း သူ၏ မျက်နှာပေါ်တွင် သိသာထင်ရှားသော မကျေနပ်မှုများ ကျန်ရစ်နေသည်။ နောက်ကျောဘက်တွင် ရပ်နေသော လူနှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ မျက်ဝန်းထဲတွင် မကျေနပ်မှု အရိပ်အယောင်များ ပေါ်လွင်နေသည်။

အခြေချစခန်းထဲသို့ တူညီစွာ ဝင်ရောက်လာသော လူသစ်များ ဖြစ်ပါလျက် အဘယ်ကြောင့် ချူဟန် ဆိုသော လူငယ်လေး တစ်ယောက်တည်းကသာ ခေါင်းဆောင် ၏ မျက်စိကျခြင်းကို ခံရပြီး အထူး ဆက်ဆံခံရသနည်း။ မိမိတို့မှာ ဖြစ်သလိုသာ ဆက်ဆံခံရသည်။ ဝတ်ဆင်ထားသော အဝတ်အစားများက ချူဟန် ထက် ညစ်ပတ်နေရုံဖြင့် ဤမျှလောက်အထိ ခွဲခြားဆက်ဆံခံရရန် အကြောင်းပြချက် ရှိပါသလား။ သေချာသည်မှာ ထိုကဲ့သို့သော မကျေနပ်မှုများကို နှုတ်မှ ထုတ်ပြောရန် သတ္တိမျိုး ထိုနှစ်ဦးထံတွင် ရှိမနေခဲ့ပေ။

ညအမှောင်ထု ကြီးစိုးလာချိန်….

အခြေချစခန်းငယ်လေး၏ အနက်ရှိုင်းဆုံးနေရာရှိ အိမ်တစ်လုံးအတွင်း၌ ချူဟန် သည် ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်သည်။

ဘေးနားတွင် ဝမ်ချိုက် သည် ကြမ်းပြင်ပေါ်၌ ထိုင်ကာ ငါးတစ်ကောင်ကို စားသောက်နေလေသည်။ ယင်းမှာ ယင်ရှောင်ချင်း က လမ်းကြုံစားရန် ထည့်ပေးလိုက်သော ငါးများဖြစ်ပြီး စုစုပေါင်း ဆယ်ကောင်ကျော် ရှိသော်လည်း တစ်ရက်ပင် မပြည့်သေးမီ အများစုမှာ ဝမ်ချိုက် ၏ ဗိုက်ထဲသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

"နိုးပြီလား"

ဝမ်ချိုက် က ကြမ်းပြင်ပေါ်သို့ ငါးရိုးများကို ထွေးထုတ်ရင်း ပလုတ်ပလောင်းဖြင့် မေးလိုက်သည်။

“ဒီနေရာက တကယ်ကို တစ်ခုခု မှားနေတာ သေချာတယ်နော်… ဘာလို့ အဲဒီလောက်တောင် တည်ငြိမ်နေရတာလဲ… မိဘတွေကို လိုက်ရှာမှာ မဟုတ်ဘူးလား”

ချူဟန် သည် ဝမ်ချိုက် ကို တစ်ချက်ကြည့်လိုက်ပြီး တိုးညင်းသော လေသံဖြင့် ပြန်ဖြေလိုက်သည်။

“ညရောက်ရင် ခိုးထွက်ပြီး လိုက်ရှာမယ်… ငါ့ကို ပိတ်လှောင်ထားတယ်ဆိုကတည်းက သူတို့တွေ ငါ့ကို ဆင့်ကဲပြောင်းလဲသူမှန်း ရိပ်မိသွားလို့ပဲ ဖြစ်ရမယ်”

“ဟမ်”

ဝမ်ချိုက် က ခေါင်းစောင်းလိုက်သည်။

“ဒါပေမဲ့... အဝင်ဝတံခါးမှာတုန်းက...”

"ဆက်မစားနဲ့တော့…အလုပ်လုပ်ရမယ့် အချိန်ရောက်ပြီ"

ချူဟန် သည် ဝမ်ချိုက် ၏ မေးခွန်းကို ပြန်မဖြေတော့ဘဲ သူ၏ နားရွက်ကို ဆွဲမလိုက်ကာ မိမိ၏ အိတ်ကပ်ထဲသို့ ထိုးထည့်လိုက်သည်။

မျက်စိရှေ့ရှိ သစ်သားတံခါးကို ကြည့်ကာ ချူဟန် အနည်းငယ် ခေါင်းစောင်းလိုက်သည်။ ထို့နောက် ညာဘက် လက်ဖျံမှ ဓားမြှောင်တစ်လက်ကို ဆွဲထုတ်လိုက်ပြီး တံခါးဟနေသော နေရာသို့ ဓားသွားကို တိတ်ဆိတ်စွာ ထိုးသွင်းကာ လက်ကောက်ဝတ်ကို လှည့်၍ ညင်သာစွာ ပင့်တင်လိုက်သည်။

ဂလောက်...

သံသော့ခလောက်မှာ အလွယ်တကူ ကျိုးပဲ့သွားတော့သည်။

မျက်ဝန်းထဲတွင် စူးရှသော အလင်းရောင်များ ဖြတ်ပြေးသွားရင်း ချူဟန် သည် ဓားမြှောင်ကို ဓားအိမ်ထဲသို့ ပြန်လည် ထည့်သွင်းလိုက်သည်။ ယဲ့မော့ ဆိုသော ထိုအဘိုးကြီးအပေါ် ရင်ထဲတွင် အနည်းငယ်မျှ ချီးကျူးမိသွားသည်။ ဤဓားမြှောင်သည် အမှောင်ထုထဲတွင် ရောနှောကာ လျှို့ဝှက်လှုပ်ရှားရန်အတွက် အလွန် သင့်တော်သော လက်နက်တစ်ခု ဖြစ်သည်။ ၎င်း၏ ထက်မြက်မှုမှာ ရှူရာပုဆိန် ပြီးလျှင် ဒုတိယလိုက်ပေသည်။

အသံမမြည်စေဘဲ တံခါးကိုဖွင့်ကာ အပြင်ဘက်သို့ ထွက်လာခဲ့သည်။ အပြင်ဘက်တွင် လူသူအရိပ်အယောင် တစ်ဦးတစ်ယောက်မျှ မရှိဘဲ တိတ်ဆိတ်ငြိမ်သက်နေသည်။ ချူဟန် ၏ အိတ်ကပ်ထဲသို့ ရောက်နေသော ဝမ်ချိုက် မှာ စိုးရိမ်ထိတ်လန့်မှုကြောင့် ဂဏာမငြိမ် ဖြစ်နေလေသည်။ စိုးရိမ်လာပါက စကားများတတ်ခြင်းသည် သူ၏ အကျင့်တစ်ခု ဖြစ်သည်။

'ဘယ်သူမှ မရှိတဲ့ပုံပဲ… ဘယ်လိုဖြစ်နေတာလဲ... ခုနက ဖြူဖပ်ဖြူရော်နဲ့ မျက်နှာမကောင်းတဲ့ ဘဲကြီးကော ဘယ်ရောက်သွားတာလဲ'

ဘဲကြီး ဟုတ်လား…

ထို ခေါ်ဝေါ်သုံးနှုန်းမှုကြောင့် ချူဟန် ရင်ထဲတွင် အေးစက်စွာ ရယ်မောလိုက်မိသည်။ ဝမ်ချိုက် ၏ စကားကို ပြန်မဖြေပေ။ ကြောက်ရွံ့မှုကို လျော့ပါးစေရန် ကြိုးစားနေခြင်းသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိထားသောကြောင့် ဖြစ်သည်။

အိမ်ထဲကို တစ်ပတ်လှည့်ပတ် ကြည့်ရှုပြီးနောက် ချူဟန် သည် မိမိနေထိုင်ခဲ့သော အခန်း၏ ဘေးရှိ တံခါးရှေ့တွင် ရပ်လိုက်သည်။ ဤအခန်းကိုလည်း သော့ခတ်ထားလေသည်။ စောစောက နည်းလမ်းအတိုင်း သော့ကို ဖျက်ဆီးလိုက်ပြီး တံခါးကို အနည်းငယ် ဖွင့်လိုက်သော အခိုက်အတန့်တွင်... ပြင်းထန်သော အပုပ်နံ့ကြီးက နှာခေါင်းထဲသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာတော့သည်။

ဝမ်ချိုက် အလျင်အမြန် လက်နှစ်ဖက်ဖြင့် နှာခေါင်းကို အုပ်လိုက်သည်။ အစာအိမ်ထဲမှ အချဉ်ရည်များ ဆန်တက်လာပြီး ပြင်းထန်စွာ အန်ချင်စိတ်များ ဖြစ်ပေါ်လာတော့သည်။ စောစောက အများအပြား စားသောက်ခဲ့သော ငါးများအတွက် ယခုအချိန်လောက် နောင်တရခဲ့ဖူးခြင်း မရှိခဲ့ပေ။ အခန်းထဲရှိ မြင်ကွင်းကို မြင်လိုက်ရသော အခိုက်အတန့်တွင် ချူဟန် ၏ သူငယ်အိမ်များမှာ ကျုံ့ဝင်သွားတော့သည်။

အခန်းထဲတွင် လူတစ်ဦး ကြမ်းပြင်ပေါ်၌ လဲလျောင်းနေပြီး သူ၏ မျက်လုံးများမှာ ကြောင်တောင်တောင် ဖြစ်နေသည်။ စားသောက်ခြင်းနှင့် အလေးအပေါ့သွားခြင်း အားလုံးကို ဤအခန်းထဲတွင် ပြီးပြတ်စေဟန်ရှိပြီး ၎င်းကပင် ကြောက်မက်ဖွယ် အနံ့ဆိုးများ၏ အဓိက အကြောင်းရင်း ဖြစ်နေသည်။ သို့သော် အားလုံးထက် မျက်စိဖမ်းစားနေသည်မှာ ထိုသူ၏ ခြေထောက်တစ်ဖက် ဖြတ်တောက်ခံထားရခြင်းပင် ဖြစ်သည်။

ချူဟန် တံခါးဖွင့်လိုက်သော်လည်း လုံးဝ တုံ့ပြန်မှု မပြဘဲ မျက်နှာကြက်ကိုသာ စူးစိုက်ကြည့်နေလေသည်။ အပုပ်နံ့များသာ အခန်းအပြည့် ဖုံးလွှမ်းနေသည်။

'တကယ်ကြီးလားဟ...'

ဝမ်ချိုက် အသက်ရှူမှားသွားတော့သည်။

'ဒါ... ဒါက...'

အံ့အားသင့်မှုနှင့် ကြောက်ရွံ့မှုတို့က ဝမ်ချိုက် ၏ ရင်ထဲတွင် ပြည့်နှက်သွားသည်။

ချူဟန် ကဲ့သို့ မည်မျှပင် ဆိုးရွားသော မြင်ကွင်းမျိုးနှင့် ရင်ဆိုင်ရပါစေ မျက်နှာအမူအရာ အနည်းငယ်မျှ မပြောင်းလဲသော ကြံ့ခိုင်သည့် စိတ်ဓာတ်မျိုး ဝမ်ချိုက် ထံတွင် မရှိပေ။ မျက်စိရှေ့ရှိ အလွန်တရာ ရက်စက်ကြမ်းကြုတ်လွန်းသော မြင်ကွင်းကြောင့် ဝမ်ချိုက် မှာ လုံးဝ စကားပြောရန် ဆွံ့အသွားတော့သည်။

တံခါးကို ပြန်ပိတ်လိုက်သည်။ ချူဟန် သည် ထိုသူကို ကယ်တင်ရန် မကြိုးစားသလို မည်သို့ဖြစ်ခဲ့သည်ကိုလည်း မေးမြန်းရန် မကြိုးစားခဲ့ပေ။ စကားပြောလိုက်လျှင်တောင် အကြောင်းပြန်မည် မဟုတ်ပေ။ တစ်ဖက်လူ၏ စိတ်ပိုင်းဆိုင်ရာမှာ လုံးဝ ပြိုလဲပျက်စီးနေပြီ ဖြစ်သည်။

ထိုအခန်းမှ ထွက်ခွာလာပြီးနောက် ချူဟန် သည် တတိယမြောက် တံခါးကို ဖွင့်လိုက်သည်။ ဤအခန်းမှာ မှောင်မိုက်နေသော အိမ်ကြီး၏ နောက်ဆုံးအခန်း ဖြစ်သည်။ အတွင်းပိုင်းရှိ အခြေအနေမှာ စောစောက အခန်းနှင့် သိပ်မကွာလှပေ။ ကျဉ်းမြောင်းသော အခန်းလေးထဲတွင် နှာခေါင်းကို စူးရှသွားစေသော အပုပ်နံ့များ ပြည့်နှက်နေပြီး ကြမ်းပြင်ပေါ်၌ မျက်နှာကြက်ကို ငေးမောကြည့်နေသော လူတစ်ယောက် လဲလျောင်းနေလေသည်။ ကွာခြားချက် တစ်ခုတည်းမှာ ဤအခန်းထဲမှ လူမှာ လက်တစ်ဖက် ဆုံးရှုံးထားခြင်း ဖြစ်သည်။

ဝမ်ချိုက် မှာ ကြောက်လန့်လွန်းသဖြင့် တစ်ကိုယ်လုံးရှိ အမွေးများပင် ထောင်မတ်သွားတော့သည်။

'ချူဟန်... ဒါ... ဒါ ဘာတွေလဲကွာ'

အခန်းနှစ်ခန်း၏ ကြောက်မက်ဖွယ် မြင်ကွင်းများကြောင့် ဝမ်ချိုက် မှာ ကြောက်ရွံ့တုန်လှုပ်နေတော့သည်။ အသက်ရှင်ကျန်ရစ်သူ အခြေချစခန်းအတွင်း၌ ဤကဲ့သို့ ရူးသွပ်နေသော ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်နေမည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။ မည်ကဲ့သို့သော အကြောင်းပြချက်များ ရှိနေပါစေ လူသားတစ်ဦးကို ဤမျှလောက် ရက်စက်စွာ နာကျင်အောင် ပြုလုပ်နိုင်ပါသလား။

ရုတ်တရက် ဝမ်ချိုက် အသိဝင်လာသည်။ ချူဟန် သည် ဤနေရာသို့ ရောက်ရောက်ချင်း လူရှာရန် အချိန်ပင် မပေးဘဲ ဤအိမ်သို့ ဖမ်းဆီးခေါ်ဆောင်လာခြင်း ခံခဲ့ရကာ အခန်းငယ်လေးထဲတွင် အကျဉ်းချခံခဲ့ရသည်။ ဤလူများက ချူဟန်ကိုလည်း ဤသို့ လုပ်ချင်နေကြတာများလား။

ဒါပေမဲ့... ဘာအတွက်ကြောင့်လဲ။

ဝမ်ချိုက် မည်မျှပင် ခေါင်းစားခံ၍ တွေးတောနေပါစေ အဖြေရှာမရခဲ့ပေ။ ထိုအချိန်တွင် ချူဟန် အမြဲတမ်း ပြောလေ့ရှိသော စကားတစ်ခွန်းက ရုတ်တရက် ခေါင်းထဲသို့ ဝင်ရောက်လာတော့သည်။

'ဇွန်ဘီတွေထက် လူသားတွေက ပိုကြောက်စရာကောင်းတယ်'

တံခါးကို ထပ်မံ ပိတ်လိုက်သော ချူဟန် ၏ မျက်ဝန်းများမှာ အေးစက်နေလေပြီ။ ဤနေရာတွင် ဆက်လက် အချိန်ဖြုန်းနေရန် အကြောင်းပြချက် မရှိတော့ပေ။ ပင်မတံခါးကြီးကို ဖွင့်ကာ ချူဟန် သည် ညအမှောင်ထုထဲသို့ အသံတိတ် ရောနှော ပျောက်ကွယ်သွားတော့သည်။

အမှောင်ထုထဲတွင် အမည်းရောင် အရိပ်တစ်ခု ဖြတ်သန်းသွားလေသည်။ တိတ်ဆိတ်ငြိမ်သက်နေသော စခန်းအတွင်း မည်သည့် အသံမျှ မထွက်ပေါ်စေဘဲ မိမိ၏ ခြေသံကို လုံးဝ ဖျောက်ကာ ရှေ့သို့ ဆက်သွားလေသည်။ အိမ်တစ်လုံးချင်းစီကို လိုက်လံ စစ်ဆေးကြည့်သော်လည်း သိသာထင်ရှားသော လှုပ်ရှားမှုများ လုံးဝ မပြုလုပ်သလို စွမ်းအင်လှိုင်းများကိုလည်း ထုတ်ဖော်ခြင်း မရှိပေ။ အိမ်ရှေ့တွင် ရပ်လိုက်တိုင်း ငြိမ်သက်စွာ နားစွင့်နေလိုက်သည်။

ပထမဆုံးအနေဖြင့် ထို ကျိုးချူ ကို အရင် ရှာဖွေရမည် ဖြစ်သည်။

All Chapters